Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
Cartoon of Ka' Lar Lay

 

(၁)

မြန်မာလူမျိုးတို့၏ ထုံးဓလေ့ အစဉ်အလာအရ မျက်မှောက်ကာလတွင် လူအဖြစ်ကိုရသည့် လူသားတို့၏ ပျမ်းမျှသက်တမ်းကို ၇၅ နှစ်တမ်းဟု သတ်မှတ်၏။ ထို ၇၅ နှစ်တာ ကာလကို သုံးပိုင်း အညီအမျှ ခွဲခြမ်း စိတ်ပိုင်းပြီးလျှင် ပထမ ၂၅ နှစ်တာ ကာလကို ပညာသင်ကြားရမည့် အရွယ်အပိုင်းအခြား၊ ဒုတိယ ၂၅ နှစ်တာ ကာလကို ဥစ္စာစီးပွားရှာဖွေရမည့် အရွယ်အပိုင်းအခြား၊ တတိယ ၂၅ နှစ်တာ ကာလကို တရားဘာဝနာပွားများရမည့် အရွယ်အပိုင်းအခြားဟု ရှေးသူဟောင်းတို့က သွန်သင်ညွှန်ပြလေ့ရှိသည်။ သို့ရာတွင် ပြောင်းလဲလာသည့် ခေတ်ကာလရေစီးကြောင့် ထိုသတ်မှတ်ချက်တို့သည်လည်း အထိုက်အလျောက် ပြောင်းလဲခဲ့လေ၏။

 

ပြောင်းလဲခြင်းကို ရှောင်ပုန်း၍ မရပေ။ ပြောင်းလဲခြင်းသည် အချိန်တန်လျှင် အတားအဆီးများကို ရိုက်ချိုးပြီး ထိုးဖောက် ၀င်ရောက်လာသည်သာ ဖြစ်၏။ ပြောင်းလဲလာသည့် ခေတ်ရေစီးကို မျက်ချည်မပြတ် အကဲခတ်သုံးသပ်ပြီး မွန်မြတ်သည့် အလေ့ကောင်းများကို ထုတ်နုတ်သုံးစွဲကာ၊ မိမိတို့၏ ရေမြေသဘာဝ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အချက်များကို ပယ်ရှားသုတ်သင်ပြီးလျှင် ရှိရင်းစွဲယဉ်ကျေးမှုကို ထပ်ဆင့်မြင်မားအောင်ပြု၍ တင့်တယ်စေသည်မှာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသည့် လူမျိုးတို့၏ အလေ့ပင်ဖြစ်၏။

 

သို့သော် အကျွန်ုပ် ဆိုလိုရင်းကား ယဉ်ကျေးမှုအကြောင်း မဟုတ်သကဲ့သို့ ပြောင်းလဲခြင်း အကြောင်းလည်း မဟုတ်ပေ။ မြစ်ဝကျွန်းပေါ်ဒေသ တောမကျ မြို့မကျ စကောစက မြို့ကလေး တစ်မြို့တွင် ကျွန်ုပ် ခေတ္တ ခိုအောင်းစဉ်အခါက ဆုံခဲ့ဖူးသည့် သူငယ်တစ်ဦး၏ အကြောင်းသာ ဖြစ်၏။

 

(၂)

တစ်ခါသော် ကျွန်ုပ်သည် အထက်ပုဂ်္ဂိုလ်ကြီးတစ်ဦးကို နှုတ်လှန်ထိုးမိသောကြောင့် မင်းပြစ်သင့်ခဲ့ရလေ၏။ ထိုအထက်လူကြီးသည် တရားခံမောင်ကြပ်ခိုးကို ရာထူးမှချထားစေဟူသော အမိန့်ကို ဒေါသကြီးစွာဖြင့် ထုတ်ပြန်လေ၏။ ထိုအထက်ပုဂ်္ဂိုလ်ကြီးသည် ကျွန်ုပ်ကို ရာထူးမှချထားခြင်းတည်းဟူသော ကြိမ်ဖြင့် ကျောတစ်ထောင်၊ ရင်တစ်ထောင် ခတ်ယုံမျှနှင့် ကျေနပ်တော် မမူသေး၊ ကျွန်ုပ်၏ ကရ၀ိတ်ငှက်၏ အသံနှင့် တူလှစွာသော အသံကိုမကြားလို၊ သော်တာ လမင်းကြီးနှင့် တူလှစွာသော မျက်ခွက်ကြီးကို မရှုလိုသည်ဖြစ်လေရကား  မြိုင်ရပ်သို့နှင်စေဟူသည့် နယ်ပြောင်းအမိန့်ကိုလည်း တပါတည်း ထုတ်ပြန်လိုက်လေ၏။ သို့ဖြင့် ကျွန်ုပ်သည် အောက်ပြေအောက်ရွာ မြစ်ဝကျွန်းပေါ်ဒေသ၏ မဲဇာဟု ခေါ်ဆိုထိုက်သည့် တောမြို့ကလေးတစ်မြို့သို့ ရောက်ခဲ့ရလေတော့သည်။ ထိုတောမြို့ကလေသည် တခါသော် အတော်ပင် စည်ကားခဲ့ဖူးသည်ဟု မြို့ခံတို့က ဆိုကြ၏။ သို့သော်လည်း ကျွန်ုပ် ရောက်ရှိချိန်တွင်မူ မြို့ကလေးမှာ ကျီးနှင့်ဖုတ်ဖုတ် ဆိုဘိသကဲ့သို့ ဖြစ်နေရှာလေပြီ။

 

ကျွန်ုပ်သည် နှုတ်ရေးနှုတ်ရာတွင် မချေငံယုံမျှသာမက လက်ဝဲသုန္ဒရအမတ်ကြီးကဲ့သို့ မျက်ဖြေလင်္ကာ စပ်ဆိုတတ်သောသူလည်း မဟုတ်လေရကား အိမ်နိမ့်ကာလများကို ထိုတောမြို့ကလေးတွင် ပျော်သလို နေထိုင်ရင်း အကျိုးမဲ့စွာ ဖြုန်းတီးခဲ့ရလေ၏။

 

ကျွန်ုပ်သည် ရာထူးချခံရသူတို့၏ အလေ့အတိုင်း ရုံးဆင်းရုံးတက် လက်မှတ်ရေးထိုးခြင်း၊ လစာထုတ်ရက်များတွင် ဟန်ရေးပြခြင်း စသည့် ပြုဖွယ်ကိစ္စတို့ကိုသာ စွမ်းစွမ်းတမံ ဆောင်ရွက်ပြီးလျှင် ကျန်ရှိသော အချိန်များကို တောမြို့ကလေး၏ ပန်းကမ္ဘာဟု အမည်ရသည့် လက်ဘက်ရည်ဆိုင်ကလေးတစ်ဆိုင်တွင် တစ်နေကုန် တစ်နေခန်း ကျောက်ချထိုင်ကာ ကြုံရာသူတို့နှင့် အလေနတော စကားစမြည် ပြောဆိုရင်း ကုန်လွန်စေရ၏။

 

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တောမြို့ကလေး၏ လက်ဘက်ရည်ဆိုင်သည် ရန်ကုန်၊ မန္တလေးစသော မြို့ကြီးပြကြီးတို့မှ ကာဖီဆိုင်တို့ကဲ့သို့ ခမ်းနားခြင်း အလျှဉ်း မရှိချေ။ အမိုးမှာ ဓနိ၊ အကာမှာ ၀ါးထရံဖြစ်၍ အောက်ပြည်အောက်ရွာ မုတ်သုန်မိုးလေတို့၏ လက်သရမ်းမှုကြောင့် မြေနှင့်ထိစပ်နေသည့် ၀ါးထရံတို့မှာ ဆွေးမြည့်နေ၏။ ထို့ကြောင့် လေ၀င်လေထွက်ကောင်းသည်ဟု ဆိုသော် ဆိုရကောင်းသည်။ သို့သော် ထိုတောလက်ဘက်ရည်ဆိုင်ကလေးတွင် မြို့ကြီးပြကြီးတို့မှ ကာဖီဆိုင်များထက် သာသည့် အချက်တစ်ခု ရှိ၏။ ယင်းကား အတော်ပင်ကြီးမားသည့် ညောင်စောင်းများကို ထိုင်စရာနေရာအဖြစ် စီမံထားခြင်းဖြစ်၏။ ထစ်ခနဲဆိုလျှင် လက်ပါတတ်သည့် ကာလသားတို့၏ ပယောဂကြောင့် ဆိုင်ရှင်သည် ခွေးခြေပုတို့ ထိုင်စရာအဖြစ် မစီမံဝံ့ချေ။ ခွေးခြေပုတောဝါကြောင့် စခန်းရောက်ရ၊ သက်သေလိုက်ရသည့် အဖြစ်မျိုး ကြုံရဖန်များသည့်အခါ ဆိုင်ရှင်သည် ခွေးခြေပုတို့ကို စာသင်ကျောင်းတွင် အသုံးပြုရန်အတွက် ထက်သန်သော စေတနာဖြင့် လှူဒါန်းလိုက်ပြီး ညောင်စောင်းကိုသာ ထိုင်စရာအဖြစ် စီမံထားလေ၏။

 

ထိုညောင်စောင်းတို့တွင် ကာလသားတို့ မောင်းချဓားဦးဖြင့် ထွင်းကာ အက္ခရာတင်ထားသည့် အသည်းကွဲမှတ်တမ်းများ ရှိ၏။ ထိုအသည်းကွဲမှတ်တမ်းတို့ကား ရသစုံလင်သည့် ၀တ္တုကောင်းကြီးများကဲ့သို့ပင်။ အေးအေးမြင့် သောက်ကမြင်းမ ငါ့ကို ပြန်မကြိုက်ဘူး အစရှိသည့် ဖရုဿဝါစာဖုံးလွှမ်းနေသည့် အချစ်မှတ်တမ်းတို့ကို ဖတ်ရှုရသော် ကျွန်ုပ်သည် မည်သူမည်ဝါမှန်း မသိရသော ကာလသားနောက် ရောယောင်လိုက်ပြီးလျှင် အေးအေးမြင့်တည်းဟူသော အမုန်းဘုရင်မကြီးကို ဒေါသပွားမိ၏။ တဖန် အသည်းပုံအတွင်း ရေးထိုးထားသည့် ကျော်ထွန်း + စုစုမာ ထာရ၀ ဟူသည့် သတ်ပုံယွင်းမှားနေသော အချစ်မော်ကွန်းတို့ကို ဖတ်ရှုရလျှင်မူ ရယ်ရွှင်ပီတိဖြစ်ရလေသည်။ စင်စစ် အချစ်မှတ်တမ်းဟူသည်ကား ပျော်ရွှင်ခြင်း၊ နာကျည်းမုန်းတီးခြင်းတို့ဖြင့်သာ ပြွမ်းတီးနေသည့်အရာ မဟုတ်လော။

 

မိုးဦးကျကာလတွင် ပန်းကမ္ဘာလက်ဘက်ရက်ဆိုင်ရှိ ညောင်စောင်းကြီးများပေါ်တွင် လဲလျောင်းပြီး  တစိမ့်စိမ့် ရွာသွန်းနေသည့် မိုးစက်တို့ကို အကြောင်းမဲ့ ငေးကြည့်ကာ ကျောက်ပန်းတောင်းချက်နို့ဆီဖြင့် ဖျော်ထားသည့် လက်ဘက်ရည် ချိုရဲရဲကြီးကို တကျိုက် သောက်လိုက်၊ ခြူးနဂါး ဆေးပေါ့လိပ်ကို ရဲခနဲ နေအောင် ဖွာရှိုက်ရသည်မှာ အတော်ပင် အရသာထူး၏။ နံနက်ခင်းအချိန်တွင် နေကြာပန်း ကက်ဆက်ကြီးမှ ထွက်ပေါ်လာသည့် တေးသံရှင် စိုးပိုင်၏ ဆိုပါလေ လူအများ လိုက်ပြီးရွတ်ကြ ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဟူသည့် တေးသွားကို ညည်းဆိုရင်း ဂေါတမမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုနိုင်သည်။ တဖန် လေးဖြူ၏ သေခြင်းရဲ့တံခါးများ ရှေ့မှာ သေခြင်းရဲ့ တံခါးများ ဟူသည် တေးသံကို ကြားသော် မရဏံ သေခြင်းတရားသည် မေ ငါ့အား ဓုဝံ မြဲ၏။ မရဿတိ မချွတ်ဧကံတည်း ဟူသည်ကို ကယောင်ကတမ်း ဆင်ခြင်ပြီးလျှင် မရဏနုဿတိ ကမ္မဌာန်း စီးဖြန်းနိုင်သည်။ ဖျောက်တိဖျောက်တောက် ရွာချနေသည့် မိုးသံကို နားဆင်ရင်း ဖြစ်ချင်ရာများ မဖြစ်ရဘဲ မဖြစ်လိုသည်တို့သာ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေသည့် လောကဓါတ်အ၀ှန်းကို အပြစ်ဖို့ရသည်မှာလည်း ကျွန်ုပ်၏ နိစ္စဓူဝအမှုပင် ဖြစ်လေ၏။

 

လက်ဘက်ရည်ဆိုင်ပိုင်ရှင်မှာ ဦးလေးကိုစိန် ဖြစ်၏။ အသက်ကြီးရင့်သူ မဟုတ်သော်လည်း သူ့မယားက သူ့ကို ဦးလေးကြီးဟု ခေါ်ဆိုသည်ကို အကြောင်းပြု၍ အခြားသူများကပါ ရောယောင်ပြီး ဦးလေးကိုစိန်ဟု ခေါ်ဆိုကြသည် ဟူသတတ်။ ဦးလေးကိုစိန့်ကတော်ဦးစီး၍ ဖွင့်ထားသည့် လက်ဘက်ရည်ဆိုင်တွင် ဦးလေးကိုစိန်သည် အဖျော်ဆရာ၊ သူပင် ငွေကိုင်၊ သူပင် စားပွဲထိုးဖြစ်၏။ ဆီချေးလက်သေးသစ် တက်နေသည့် ညစ်ထေးထေး စွပ်ကျယ်လက်ပြတ်၊ အကွက်မပေါ်တော့ပြီဖြစ်သော ချည်လုံချည်ကြမ်း၊ ကတုံးဆံတောက်တို့နံ့နံ့၊ နှုတ်ခမ်းထောင့်တွင် ဆေးပေါ့လိပ်တိုကို မချွတ်စတမ်း ခဲထားတတ်သည့် အသားညို့စိမ့်စိမ့် မြေလတ်သားကြီးသည် ကျောက်ဖြူကိုလည်း မနမ်းနှင့် အောက်သူကိုလည်း မစမ်းနှင့် ဟူသည့် စကားကို နာယူခဲ့ဟန် မတူချေ။ ထို့ကြောင့် အောက်သူနှင့် အကြောင်းပါပြီး အောက်ရွာသူမယားအလှ သနပ်ခါး ခြေအဆုံးခေါင်းအဆုံး လိမ်းနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားရလေ၏။ ဦးလေးကိုစိန့် လေသံအတိုင်းဆိုရလျှင် ငါတူရီး မောင်ကြပ်ခိုးရယ် ငါ့လခွေးတည်းမှပဲ အောက်သူကို ယူမိတာ မလွယ်ရေးချ မလွယ်ပဲကွ။ ယူပြီးတဲ့ နေ့ကစပြီးတော့ သျှောင်မီးထွန်းပြီး စီးပွားရှာရတာ ဒီနေ့အထိပဲ ဟူ၏။

 

(၃)

တစ်ခုသော နံနက်ခင်းတွင် ကျွန်ုပ်သည် ပန်းကမ္ဘာလက်ဘက်ရည်ဆိုင်သို့ ပြုမြဲကိစ္စတို့ကို ဆောင်ရွက်ရန် ရောက်ခဲ့သည်။ ညောင်စောင်းထက်တွင် နေရာယူပြီးသကာလ ဦးလေးကိုစိန်ရေ ထုံးစံအတိုင်းပဲ ဗျို့ ဟု အော်ဒါပေးလိုက်သည်။ ထုံးစံအတိုင်းပဲဟူသည်မှာ ထမင်းဆီဆမ်းနှင့် ငါးရံ့ခြောက်ဖုတ်၊ လက်ဘက်ရည်ချို တိုင်ကီတစ်ခွက်နှင့် ခြူးနဂါးဆေးပေါ့လိပ်နှစ်လိပ်ကို ဆိုလိုခြင်းသာ ဖြစ်သည်။ ထို့နောက် နံနက်စောစောကာလတွင် အောင်အတိတ်၊ အောင်နိမိတ်ကို စောင့်စားရင်း နေကြာပန်းကက်ဆက်ကြီးမှ ထွက်ပေါ်လာသည့် မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင်ရှိသည် ဟူသည့် အောင်ခြင်းရှစ်ပါးသီချင်းကို မာရ်နတ်မင်းမှာ အကြွေးတစ်ထောင်ရှိသည်။ သူ့ကိုယ်မှာပင် လူမွှေးမပြောင်တော့ပြီ ဟု ဖျက်ကာ ဆိုညည်းရင်း စည်းဝါးလိုက်နေမိ၏။

 

ထိုအခိုက် ဦးလေး လက်ဘက်ရည်ရပြီ ဟူသည့် အသံကို ရုတ်ခြည် ကြားလိုက်ရလေ၏။ ထိုမြို့ကလေးတွင် ကျွန်ုပ်ကို ဦးလေးဟု ခေါ်သူ ခပ်ရှားရှားပင် ဖြစ်၏။ လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တို့အနက် ကျွန်ုပ်ထက် အသက်အရွယ်ကြီးရင့်သူတို့က မောင်ကြပ်ခိုးကလေးဟု ခေါ်ဝေါ်ကြ၏။ ငယ်သူတို့က ကိုကြပ်ခိုးကြီးဟု ခေါ်ဆိုကြသည်။ ဦးလေးကိုစိန်ကမူ ငါ့တူရီး မောင်ကြပ်ခိုးဟု တရင်းတနှီး ဆိုတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် အဘယ်သူက စိတ်ပျို၍ ကိုယ်နုသည့် ငါ့အား ဦးလေးဟု ခေါ်ဆိုသနည်းဟု စူးစမ်းဆင်ခြင်လတ်သော် ဒနီ်္တတည်းဟူသော လက္ခဏာကို အထင်အရှား ပြရာဖြစ်သည့် ၀ါကျင့်ကျင့် ရှေ့သွားနှစ်ချောင်းကို ဦးစွာမြင်ရ၏။ ထို့နောက် ၀ါကျင့်ကျင့် ရှေ့သွားနှစ်ချောင်းတို့တည်ရာ မူလအရပ်ဌာနကို တဖန် စူးစမ်းပြန်သော် ကြည်လင်သော အပြုံးမျက်နှာပိုင်ရှင် ခုနစ်နှစ်၊ ရှစ်နှစ်သားအရွယ် သူငယ်ကလေးတစ်ဦးကို မြင်ရလေသည်။ ထိုသူငယ်ကလေးသည် မောင်ကြပ်ခိုးကို မိတ်ဖွဲ့အံ့သောငှာ ပြုံးပြ၏။ သူ၏ အပြုံးသည် အသက်အရွယ်ရောက်၍ ကောက်ကျစ်တတ်ပြီဖြစ်သော လူကြီးလူရွယ်တို့၏ သကာရည်ဆမ်းအပြုံးနှင့် မတူချေ။ မိန်းမပျိုတို့ကို မြင်သော် ကာလသားတို့ ပြုံးပြသည့် ဂေါ်အပြုံးနှင့်လည်း ခြားနားသည်။ အတော်ထူးသည့် အပြုံးပင် ဖြစ်၏။

 

ထို့နောက် ကျွန်ုပ်သည် လက်ဘက်ရည်သောက်ရင်း ဦးလေးကိုစိန်ကို ထိုသူငယ်ကလေးအကြောင်း မေးမြန်းရ၏။ ဦးလေးကိုစိန်ပြောပြသည့် ထိုသူငယ်ကလေးအကြောင်း ဇာတ်လမ်းပမာ အိပ်ချင်စရာမှာ နားထောင်ချင်စရာ မကောင်းလှချေ။ ကျွန်ုပ်တို့ ကြားဖူးနေကျ၊ ဖတ်ဖူးနေကျ သရုပ်မှန်ဝတ္တုဇာတ်လမ်းမျိုးသာ ဖြစ်သည်။ တနယ်တခြားမှ ကုန်ကားစပယ်ရာ အရက်သမားတစ်ဦးနှင့် ကားဂိတ်ထမင်းဆိုင်တွင် ထမင်းဟင်းချက်သည့် အစေအပါး သူငယ်မကလေးတစ်ဦးတို့ သင့်မြတ်ကြရာတွင် သန်းထိုက်အောင် ဟူသော သတို့သားကို ရေကြီးသောနှစ်၌ ဖွားမြင်သည်။ ထိုသူငယ် သုံးလေးငါးနှစ်သား အရွယ်သို့ရောက်သော် အဖ စပယ်ရာသည် ကုန်ကားပေါ်မှ လိမ့်ကျပြီး သေလေ၏။ ထို့နောက် ကျန်ရစ်သူ အမိငယ်သည် ကားဂိတ်တွင် ကွမ်းယာရောင်းရကောင်းနိုး၊ နောက်လင်ယူရကောင်းနိုးဖြစ်နေသည့်အခိုက်တွင် ဦးလေးကိုစိန်သည် လက်ဘက်ရည်ဆိုင်၌ ကူဖော်လောင်ဖက် လက်တိုလက်တောင်း အဖော်ပြုရန် ထိုသူငယ်ကလေးကို သူ၏မိခင်ထံမှ တစ်လလျှင် အသပြာလေးရာနှုန်းဖြင့် ခြောက်လစာပေးပြီး ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟူသတတ်။

 

ထိုနေ့နံနက် လက်ဘက်ရည်ဝိုင်းတွင် ထိုသူငယ်ကလေးအကြောင်း ဗာရာဏသီချဲ့သည်နှင့်ပင် အချိန်ကုန်လေ၏။ လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်များအနက် သူတစ်ဖက်သားကို ကျီစယ်နောက်ပြောင်ရာ၌ ဧတဒဂ်ရသူ တောခေါင်းကိုဝင်းအောင်က အောင်မယ် ဒီကောင်လေးရဲ့ ရုပ်ရည်ကတော့ သနားကမားကလေးပဲဗျ။ ဒါပေမယ့် ရှေ့သွားကလေးနှစ်ချောင်း ဖျက်နေတာက တော်တော်ဆိုးနေတယ်။ ရှေ့သွားကလေးနှစ်ချောင်းက ကဲလားလို အပြင်ကို ငေါထွက်နေတော့ အောက်သွားတွေကို မိုးစိုမှာ မစိုးရိမ်ရတော့ဘူးပေါ့ ဟု ပြက်တီးပြက်ချော် စကားဆို၏။ သွားခေါသူတို့ကို ကဲလားဟူ၍သော်လည်းကောင်း၊ ဥသျှစ်သီးစားဟူ၍သော်လည်းကောင်း၊ ပေါက်ခေါဟူ၍သော်လည်းကောင်း နှိမ့်ချခေါ်ဝေါ်သည့် အလေ့မှာ ထိုအရပ်တွင် နေသူတို့၏ မကောင်းသော အလေ့ပင် ဖြစ်သည်။ သူတစ်ပါး၏ အားနည်းချက်ကို နှိမ့်ချခေါ်ဝေါ်ရာ၌ အတော်ပင် ထူးချွန်လှသည့် လူသော့သွမ်းများပင် ဖြစ်၏။ သူငယ်ကလေးကို ကဲလားလေးဟု ကိုဝင်းအောင်က ကင်ပွန်းတပ်လိုက်သည်ကို ကျွန်ုပ် စိုးစဉ်းမျှ မကြိုက်ချေ။ သို့သော်လည်း လက်ဘက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်တစ်ဦးနှင့် ခွန်းကြီးခွန်းငယ် အချင်းမများလိုသောကြောင့် ရေငုံနှုတ်ပိတ်လုပ်ကာ နေလိုက်၏။ သူငယ်ကလေးကမူ သူ့ကို ကဲလားလေးဟု ကင်ပွန်းတပ်လိုက်သည်ကို ကြိုက်သည်ဟုလည်းမဆို၊ မကြိုက်ဟုလည်း မပြော၊  မျက်လုံးအပြူးသား၊ သွားအခေါသားနှင့် ကျွန်ုပ်တို့ လက်ဘက်ရည်ဝိုင်းအနားတွင် ယောင်ချာချာလုပ်ကာ နေလေ၏။

 

ထိုနံနက်ခင်းမှာပင် ပန်းကမ္ဘာ လက်ဘက်ရည်ဆိုင်သို့ ကဲလားလေး၏ ဖွားဖက်တော် စကားလုံးတစ်လုံးလည်း ရောက်ရှိလာ၏။ ယင်းကား အခြားမဟုတ်။ ကလေးလုပ်သားပြဿနာ ဟူသော စကားပင် ဖြစ်သတည်း။ ထိုစကားသည် များစွာ ဆန်းကြယ်သော စကား မဟုတ်ချေ။ သို့သော်လည်း ဗဟုသုတအရာ၌ အတော်ပင် နုံချာသောထ မြို့ခံတို့အတွက်မူ အတော်ပင် ထူးသော စကားပင် ဖြစ်၏။ ထိုစကားကို ကျွန်ုပ် စတင်သုံးစွဲလိုက်သည့်အခါ ဗာလဏသီမြို့သားတို့သည် ကျွန်ုပ်ကို ရယ်သွမ်းသွေးကြကုန်၏။ ကိုကြပ်ခိုးကတော့ အဆန်းတွေ လုပ်ချလိုက်ပြန်ပြီ။ ကလေးလုပ်သားပြဿနာဆိုပဲ ကြား မကြားဖူးပေါင်ဗျာ ဟု ဆိုကြလေ၏။ ကျုပ်တို့လည်း ငယ်ငယ်တုန်းက မိဘတွေကို ကူညီပြီး ကျွဲကျောင်း၊ နွားကျောင်းလုပ်ခဲ့ရတာပါပဲ။ ဒါဆို ကျုပ်တို့ ကလေးလုပ်သားဖြစ်ခဲ့တာပေါ့ ကွန့်သူက ကွန့်၏။ အလုပ်မလုပ်ရင် ထမင်း မစားရဘူး ဆိုတဲ့ စကားရှိသေးတာပဲ မှုတ်လား ကိုကြပ်ခိုးရယ် ဟူသော ဘ၀ပေး ဖီလိုဆိုဖီများဖြင့်လည်း နှိပ်စက်၏။ ကလေးတွေ အလုပ်လုပ်တာ မမြင်လိုဘူးဆိုတော့ ကိုကြပ်ခိုးကြီးက ကဲလားလေးကို မွေးစားလိုက်ပါလား ဟု ခနဲ့သူကလည်း မရှား။ အတော် ဂွကျသည့် မြို့သားများပင်။ သို့ဖြင့် ကျွန်ုပ်သည် ကလေးလုပ်သားပြဿနာဘက်မှ အလေနတော အကြောင်းအရာများဆီသို့ စကားလမ်းကြောင်း လွှဲပြောင်း ပြောဆိုပြီး ထိုလက်ဘက်ရည်ဝိုင်းမှ အောင်မြင်စွာ ဆုတ်ခွာခဲ့ရလေ၏။

 

လောကကို လုပ်အားဖြင့် အလှဆင်အံ့ ဟူသော စကားကို လိုရာဆွဲပြီး တွေးကြည့်လျှင် ကဲလာလေးသည် စားပွဲထိုးလုပ်ရင်း လောကကို အလှဆင်နေခြင်းပင် ဖြစ်သည်ဟူ၍ပင် ယူဆကောင်း ယူဆနိုင်သည်။ သို့သော် လောကကို အလှဆင်သူ အကြင်ကဲလား၏ ဘ၀ လှပခြင်း ရှိမရှိကိုမူ ကျွန်ုပ် မတွေးဝံ့ချေ။ ထိုမြို့သားများကား လုပ်အားတန်ဖိုးကို လွန်စွာ ချစ်မြတ်နိုးတတ်သောသူများပင် ဖြစ်ချေ၏ တကား။

 

(၄)

နောက်တစ်နေ့နံနက်တွင်လည်း ကျွန်ုပ်သည် ပြုမြဲတာဝန်များကို ထမ်းဆောင်ရန် လက်ဘက်ရည်ဆိုင်သို့ ချဉ်းခဲ့ရလေ၏။ ကဲလားသည် ကျွန်ုပ်ကို မြင်သော် ၀ါကျင့်ကျင့်သွားနှစ်ချောင်းကို ထင်ရှားအောင်ပြုပြီး ဦးကြပ်ခိုးကြီး စောလှချေလားဗျ ဟု ဆိုကာ ပြုံး၍ နှုတ်ဆက်၏။ ထိုအပြုံးသည် လွန်စွာ သန့်စင်သည့် အပြုံးပင် ဖြစ်၏။ ထိုအပြုံးချိုသည် ဦးလေးကိုစိန့်လက်ရာ လက်ဘက်ရည် ချိုချိုကြီးထက် ပို၍ ချိုမြိန်သည်ဟုပင် ကျွန်ုပ် ယူဆမိသည်။

 

နောက်တစ်ပတ်နှစ်ပတ်ခန့်ကြာသော် ကဲလားလေးသည် လက်တိုလက်တောင်းအဆင့်မှ ရာထူးတက်ကာ လက်ဘက်ရည်အဖျော်သင်အဖြစ်သို့ ရောက်ရှိသွားလေ၏။ ဦးလေးကိုစိန်ရယ် ဦးလေးပျင်းတိုင်း ကလေးကို မတန်မရာတွေ မခိုင်းပါနဲ့ဟု ကျွန်ုပ်ဆိုမိသည့်အခါ ဦးလေးကိုစိန်က ဟာကွာ ငါ့တူရီး မောင်ကြပ်ခိုးကလည်း တယ်ခက်ပါကလား။ ဦးလေးက ကဲလားလေးကို ခိုင်းတယ်ဆိုတာ သင်ပေးနေတာကွ။ ပညာသင်ပေါ့ကွာ။ ပညာရှိမှ သူ့ရှေ့ရေး စိတ်အေးရမှာ မဟုတ်လားကွ ဟု ပြန်လည်ချေပသည်။ ထိုအခါ ကျွန်ုပ်သည် ဦးလေးကိုစိန်၏ စကားကို မည်သို့မျှ မချေပတတ်တော့ချေ။ နှုတ်မှုပညာကိုသော်လည်းကောင်း၊ လက်မှုပညာကိုသော်လည်းကောင်း ငယ်သည်ဟု မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးကြောင်း ဖြစ်ပါသလျှင်ကတည်း ဟူသော နီတိစကားပင် ရှိသေးသည် မဟုတ်လော။ ထိုသို့ဖြစ်လျှင် ဦးလေးကိုစိန်ဆိုလိုသည့် ပညာဟူသည်မှာလည်း ဟုတ်တုတ်တုတ်ပင် ဖြစ်ချေ၏။

 

ကဲလားကလည်း ၎င်း၏ ပညာတော်သင်ဘ၀ကို နှစ်ခြိုက်ကျေနပ်နေဟန်တူသည်။ လက်ဘက်ရည်အိုး မီးမပြတ်ရလေအောင် လုံ့လပြု၏။ လက်ဘက်ရည်ဖျော်ရင်း မြောက်မြားလှစွာသော စားပွဲဝိုင်းတို့အကြား လူးလာခေါက်တုံ့ပြုကာ စားပွဲထိုးလုပ်သေးသည်။

 

ကဲလားကလေးကာ လုပ်သားကောင်းကြီး တစ်ဦးပင် ဖြစ်၏။ ကျွန်ုပ်တို့ မြန်မာပြည်တွင် ရွှေရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့စဉ်အခါက ကဲလားလေးသာ ရှိခဲ့ပါမူ ကျွန်ုပ်တို့ မျှော်မှန်းခဲ့သည့် ရွှေရှယ်လစ် လူ့ဘောင်သစ်ကြီးကို တည်ထောင်နိုင်ခဲ့မည်မှာ မြေကြီးလက်ခတ် မလွဲပင်တည်း။

 

(၅)

လပိုင်းအတွင်းမှာပင် ကဲလားလေးသည် အဖျော်ဆရာ၊ စားပွဲထိုးတို့ တတ်မြောက်အပ်သည့် အဌာရသများကို ကုန်စင်အောင် သိစပ်မြင်နှံ့သွားသည်ကို အံ့ဖွယ်သရဲ တွေ့ရလေ၏။ ထို့ကြောင့် ဦးလေးကိုစိန်သည် ငွေကိုင်အဖြစ်နှင့် အသုံးတော်ခံပြီး ဆိုင်တစ်ဆိုင်လုံး၏ ခပ်သိမ်းသော ၀တ္တရားများကို ကဲလားလေးလက်သို့ အပြီးတိုင် အပ်နှင်းလိုက်လေ၏။ တနည်းအားဖြင့် ဦးလေးကိုစိန် အငြိမ်းစားယူလေပြီဟု ဆိုလျှင် သင့်နိုးအံ့သည်။ သို့သော်လည်း လုံးဝ အငြိမ်းစားယူလိုက်ခြင်း မဟုတ်ချေ။  ရံဖန်ရံခါတွင် ကဲလားလေးက လက်ဘက်ရည်အိုး မီးမပြတ်စေရေးအတွက် မီးသွေးများစွာ အသုံးပြုသည်ကို ဟန့်တားတန်က ဟန့်တားရ၏။ ရံဖန်ရံခါတွင် ကဲလားလေးက ကာလသားတို့ကို လောကွတ်ပြု၍ ဆေးလိပ်ခိုးပေးသည်ကို မြင်လျှင် မာန်ရမဲရသေး၏။

 

ပန်းကမ္ဘာတွင် လာရောက် မွေ့လျော်ကြသော ကာလသားများစွာတို့တွင် ကိုယ်စိတ်နှလုံး တော်တည့် ကောင်းမွန်သူတို့လည်း ရှိ၏။ ထို့အတူ မကောင်းသူတို့လည်း ရှိကုန်၏။ ကောင်းသူထက် မကောင်းသူ ပိုများသည်မှာ လောကဓမ္မတာပင် ဖြစ်သည်။ အလို ဆိုးသွမ်းသူကာလသားတို့က ကဲလားလေးကို ရံဖန်ရံခါတွင် အကြောင်းမဲ့ ခေါင်းကို ခေါက်၏။ ရိုက်မောင်းပုတ်မောင် ပြု၏။ ဦးလေးကိုစိန်ကလည်း မိတ်မပျက်ရေးကို အလေးမူသောကြောင့် ထိထိရောက်ရောက် ဟန့်တားခြင်း မပြုချေ။

 

တစ်နေ့သ၌ ဦးလေးကိုစိန် နေ့လယ်နေ့ခင်း တစ်ရေးတစ်မော စက်တော်ခေါ်ခိုက်တွင် ကာလသားဆိုးတို့သည် ကဲလားလေးက လက်ဘက်ရည်ခွက် မှားချမိသည်ကို ယိုးမယ်ဖွဲ့ပြီးလျှင် ယင်းတို့၏ စိတ်ယုတ်မာတို့ကို ဖြေဖျောက်ရန်အတွက် ကဲလားလေးကို ၀ိုင်းချုပ်ပြီးလျှင် ဆေးလိပ်မီးနှင့် ထိုးကြလေ၏။ ကဲလားလေး၏ ငိုသံကို အိမ်ရှေ့ခုနစ်အိမ်၊ အိမ်နောက်ခုနစ်အိမ်မှ ကြားရခါမှ ဦးလေးကိုစိန် စက်တော်ခေါ်ရာမှ လန့်နိုးလေ၏။ ဦးလေးကိုစိန် ငေါက်ခါမှ ထိုကာလသားဆိုးတို့က ကဲလားလေးကို လွှတ်လိုက်၏။

 

ထိုအချင်းအရာ အကုန်အစင်ကို ကျွန်ုပ်တို့ သိပြီးချိန်တွင် နေပင် အတော်စောင်းနေလေပြီ။ ကဲလားလေးကား ငိုကောင်းဆဲပင် ဖြစ်၏။ သူ၏ လက်ဖျံ၊ လက်ခုံတို့တွင် မီးလောင်ဖုများ မနည်းလှ။ မသကာ အချက်နှစ်ဆယ်ခန့်ပင် ရှိလိမ့်မည်။ ဦးလေးကိုစိန်ကား ဒေါသထွက်၍ မဆုံးတော့ပြီ။ ကဲလားလေးကို အနိုင်ကျင့်သည့် ကာလသားများကို သတ်မည် ဖြတ်မည် တကဲကဲ လုပ်နေသဖြင့် ကျွန်ုပ်တို့ ၀ိုင်းဆွဲထားရ၏။

 

ဆေးလိပ်မီးဒဏ်ကြောင့် ကဲလားလေး နှစ်ရက်သုံးရက်ကြာသည့်တိုင်အောင် အိပ်ရာမှ မထနိုင်။ ကဲလားလေးကို ဦးလေးကိုစိန် ကိုယ်ဖိရင်ဖိ ပြုစုနေသည်ကို မြင်ခါမှ ဦးလေးကိုစိန်သည် မေတ္တာတရား ခေါင်းပါးသောသူ မဟုတ်မှန်း ကျွန်ုပ် အတန်ငယ် ရိပ်စားမိလေ၏။

 

သို့နှင်ပင် ကဲလားလေး နာလန်ထူစပြုလာ၏။ နာလန်ထူသော် ကဲလားသည် အနားမနေ။ ပြုဖွယ်ကိစ္စ အ၀၀တို့ကို ပြုမြဲအတိုင်း ပြု၏။ မီးလောင်ဒဏ်ရာတို့လည်း သက်သာစပြုလာလေပြီ။ သို့သော်လည်း အကုန်အစင် မပျောက်ကင်းသေး။ ကဲလားလေး၏ လက်ခုံ လက်ဖျံတို့တွင် အမာရွတ်များစွာ ကျန်ခဲ့လေ၏။ ထိုရက်ပိုင်းအတွင်း ဦးလေးကိုစိန်ကို ကဲလားလေးက အင်္ကျီလက်ရှည် ပူဆာသည်ကို ကျွန်ုပ်တို့ ကြားရ၏။ သူ့ခမျာလည်း ရှက်ရှာပေလိမ့်မည်။ ဦးလေးကိုစိန်ကလည်း ကဲလားလေး၏ အလိုကို ဖြည့်ဆည်းပေး၏။ တောခေါင်းကိုဝင်းအောင်က ကဲလားလေး၏ အမာရွတ်များကို ကြိတ်မှန်ရွက်ဖြင့် ပွတ်သပ်ကာ ဖြေဖျောက်ပေး၏။ ကြိတ်မှန်ရွက်အစွမ်းကြောင့် ကဲလားလေး၏ လက်ခုံမှ အမာရွတ်တို့ ပြေပျောက်စပြုလာသော်လည်း သူငယ်ကလေး၏ နှလုံးအိမ်မှ အမာရွတ်တို့ကား မည်သည့်အခါတွင်မှ ပြေပျောက်နိုင်လိမ့်မည် မဟုတ်ဟု ကျွန်ုပ်တွေးမိသည်။

 

(၆)

ထိုနောက်ပိုင်းတွင် ကဲလားလေး၏ အပြုအမူတို့ အေးခဲ မာကျောလာသည်ကို ကျွန်ုပ်တို့ သတိထားမိသည်။ ကဲလားလေးတွင် အပြုံး အရယ် နည်းပါးလာ၏။ သို့သော်လည်း နံနက်ခင်းတိုင်း ကျွန်ုပ်ကို ပြုံး၍ နှုတ်ဆက်စမြဲပင်။

 

ထိုနှစ်သည် ကြွက်ပေါသောနှစ်ဖြစ်သည်ဟု မြို့ခံတို့က ဆိုစမှတ်ပြုကြ၏။ များစွာသော ကြွက်တို့သည် ၀င်းမှည့်စပြုပြီဖြစ်သည် စပါးခင်းများကို ဖျက်ဆီးကြကုန်၏။ လယ်ကြွက်တို့ ခေတ်ကောင်းသည်ကို အိမ်ကြွက်တို့ မည်သို့ မည်ပုံ သိရှိသွားသည်ကို ကျွန်ုပ် ကောင်းစွာ နားမလည်ချေ။ သို့သော်လည်း အိမ်ကြွက်တို့ တစ်စခန်းထသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ကြွက်ထောင်ချောက် ထောင်သူ ထောင်ကြ၏။ ကြွက်သတ်ဆေး ချသူ ချကြ၏။ ဖတ်ရခက်အောင် ရေးခြစ်ထားသော ကြွက်ပြေးသည်ဟူသည့် စမ အက္ခရာကို အိမ်ရှေ့တွင် ရေးသူလည်း မရှား။ စိတ်ကူးတည့်ရာ ကောင်းနိုးရာရာ ကြွက်နှိမ်နှင်းနည်းများကို ပြုကြ၏။ ကြွက်ရန်ကြောင့် ကြောင်မွေးသူ အတော်ပင် ပေါသောကြောင့် ကြောင်ဈေးကွက်ဟူသော ဈေးကွက်စီးပွားရေးသစ်ပင်လျှင် ပေါ်ထွန်းခဲ့သေး၏။

 

တစ်ခုသောနံနက်၌ ကျွန်ုပ်သည် ပန်းကမ္ဘာသို့ ရောက်မြဲအတိုင်း ရောက်ခဲ့လေသည်။ ထုံးစံအတိုင်းပဲ ဟေ့ ဟု မှာပြီးနောက် ဆိုပါလေ လူအများ လိုက်ပြီး ရွတ်ကြ  ဗုဒ္ဓသရဏံ ဂစ္ဆာမိ ဟူသည့် စိုးပိုင်၏ အဆိုအမိန့်ကို နှလုံးသွင်းနေခိုက် ကျွီ . ကျလွီ .. ကျစ် ကျစ်  ဟူသည့် မြည်သံကို ကြားလိုက်ရ၏။ ဟဲ့ နောက်ဖေးမှာ ဘာတွေ ဖြစ်နေတာတုန်း ဟု ဆိုလိုက်သော် ကဲလားသည် ကြွက်ထောင်ချောက်တစ်ခုကို ကိုင်ကာ စပ်ဖြဲဖြဲ မျက်နှာထားဖြင့် ဆိုင်နောက်မှ ထွက်လာလေ၏။ ခဏနေဦး ဦးကြပ်ခိုးကြီး ဒီကောင့်ကို ကျွန်တော်ရှင်းမလို့ဗျ။ မှတ်လောက် သားလောက်အောင် လုပ်ပစ်ရမယ် ဟု ဆို၏။ သူ့လက်ထဲတွင် မွဲစုတ်စုတ် ကြွက်တစ်ကောင်။ ထောင်ချောက်ဒဏ်ကြောင့် ခါးရိုးကျိုးနေလေပြီ။ မသေမရှင်ဖြစ်ကာ လူးလွန့်နေ၏။ ကဲလားသည် ထိုသည်ကို မြင်လျှင် သဘောကျစွာ ပြုံးလိုက်လေ၏။ ထို့နောက် ထောင်ချောက်အတွင်းမှ ကြွက်ကို ဆတ်ခနဲ ဖြုတ်ယူပြီး ကိုင်ပေါက်လိုက်လေ၏။ ဟေ့ကောင်လေး မလုပ်နဲ့ ငရဲငအုံတွေ ကြီးကုန်ပါ့မယ် ဟူသော ကျွန်ုပ်၏ ဟန့်တားသံ အဆုံး၌ ကဲလားလေးသည် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည့် ကြွက်၏ ခြေနှစ်ချောင်းကို စုံကိုင်ကာ ဆွဲဖြဲလိုက်လေ၏။ ဟာ ဦးကြပ်ခိုးကလည်း ငရဲကြီးလည်း ကြီးဗျာ။ ဒီကောင့်ကို ကျွန်တော် သတ်မှ ဖြစ်မယ် ဟု ဆိုရင်း နှစ်ခြိုက်စွာ ပြုံးလိုက်လေသတည်း။

 

(၇)

ပန်းကမ္ဘာသို့ ကဲလားလေး ရောက်ပြီးသည့် နောက်ပိုင်းတွင် ဦးလေးကိုစိန်တို့ စီးပွားရေး အခြေအနေ တိုးတက်လာ၏။ ဆိုင်ထရံများကိုပင် အသစ်လဲလှယ်လိုက်သည်။။ တိုးချဲ့လိုက်သော ဆိုင်နှင့် လိုက်ဖက်ညီစေရန် ၀မ်းတမ်းတီဗွီတစ်လုံးနှင့် တစ်ပတ်ရစ် ဗွီစီဒီစက်တစ်လုံးကို ၀ယ်ယူဖြည့်တင်းလိုက်လေ၏။ နေကြာပန်းကက်ဆက်ကြီးကိုမူ ဘီဘီစီ နားထောင်ရန် အတွက်သာ သုံးတော့သည်။ ထို့ကြောင့် စိုးပိုင်လည်း နံနက်ချိန်ခါ တေးသံသာ အစီအစဉ်မှ ထာဝရ အနားရ သွားလေ၏။ စိုးပိုင်နေရာတွင် ဦးလေးကိုစိန့်အကြိုက် ပိုးအိစံ ရောက်လာ၏။ ထို့ပြင် စားသုံးသူတို့၏ ပြောင်းလဲလာသည့် လိုအင်ဆန်္ဒများကို ဖြည့်ဆည်းပေးမည့် အကြော်ဆရာတစ်ဦးလည်း ရောက်လာလေ၏။ အကြော်ဆရာကား မြို့ကြီးပြကြီးများရှိ လက်ဘက်ရည်ဆိုင်တို့တွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ခြင်းကြောင့် အတော်ပင် လူရည်လည်သည်။ စကားပြော လည်ပတ်၏။ ဂျပိုးကို လိပ်ဖြစ်အောင်၊ ထွန်တုံးကို ဘီးစိပ်ဖြစ်အောင် ပြောနိုင်သူပင် ဖြစ်သည်။

 

အကြော်ဆရာ ရောက်လာပြီးနောက် ကဲလာလေး၏ နေ့စဉ် ၀တ္တရားတို့တွင် ဂျုံနှဲခြင်း၊ ဆီအိုး မီးထိုးခြင်းဟူသော အချက်များ တိုးလာ၏။ ကဲလားလေး၏ ဖင်ပေါ့ခြင်းတည်းဟူသော အရည်အချင်းထူးကို အကြောင်းပြုပြီးသကာလ အကြော်ဆရာသည် ကဲလားလေးကို လက်ထောက်အကြော်ဆရာအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်လေ၏။ ကဲလားလေးလည်း ပညာရ၊ ကျွန်တော်လည်း လှည့်သာပဲ့သာရှိသွားတာပေါ့ဗျာ ဟူသော အကြော်ဆရာ၏ လေသံကို ကြားရသည့်အခါ ကျွန်ုပ်သည် ဦးလေးကိုစိန်ဆိုခဲ့ဖူးသော ပညာရတာပေါ့ ဟူသည့် စကားကို သတိရမိသည်။  ဦးလေးကိုစိန်နှင့် အကြော်ဆရာတို့၏ သွန်သင်ညွှန်ပြမှုတို့ကြောင့် ကဲလားလေးတွင် ပညာရပ်များ တိုးပွားခဲ့သည်ဖြစ်လေရကား ကဲလားလေးသည် ပညာတုံးပညာခဲ အစစ်ကြီးအဖြစ်သို့ နေ့ချင်းညချင်း ကူးပြောင်းသွားလေ၏ ဆိုသော် မှားမည် မထင်။

 

အကြော်ဆရာသည် ရှစ်စပ်ကျ ဂျင်ဂျင်လည်သူတစ်ဦးဖြစ်သောကြောင့် ကဲလားလေးကို အသက်မွေးမှုပညာများကို သင်ကြားပို့ချပေးယုံမျှနှင့် တင်းတိမ်ရောင့်ရဲဟန် မတူသေး။ ယင်း၏ သာဝက ကဲလားလေးကို ကာလသားတို့ သိမြင်အပ်သည့် အဌာရသများကိုလည်း သင်ကြားပို့ချလိုသေးသည်။ ထို့ကြောင့် အကြော်ဆရာသည် ကာလသားကြိုက်ဇာတ်ကားများကို ကြိုးစားပန်းစား ရှာဖွေပြီးလျှင် ကဲလားလေးကို ညနက်ပိုင်း လူခြေတိတ်ချိန်တို့တွင် ကြည့်ရှုလေ့လာစေ၏။ အကြော်ဆရာ၏ ည၀ါပို့ချမှုများကို မည်သူမျှ မရိပ်စားမိခဲ့ကြချေ။ သို့သော်လည်း မှုခင်းဇာတ်ထုပ်တို့၏ အဆုံးသတ် ရာဇ၀တ်ဘေးမှ ပြေးမလွတ်နိုင် ဟူသော စကားအတိုင်း ဖြစ်ခဲ့လေသည်။

 

တစ်ညသ၌ အကြော်ဆရာသည် ယင်း၏ သင်ထောက်ကူပစ္စည်း လေဆာဓာတ်ပြားကို ဗွီစီဒီစက်မှ ပြန်လည်ထုတ်ယူရန် မေ့လျော့သွားခဲ့၏။ နံနက်ခင်း ရောင်နီဦးတွင် ပိုးအိစံဓာတ်ပြား ဖွင့်ကာ မင်္ဂလာယူလေ့ရှိသော ဦးလေးကိုစိန်သည် ထုံးစံအတိုင်း ဗွီစီဒီစက်ကို ခလုပ်နှိပ် လိုက်သော် မျက်နှာဖြူစုံတွဲ မဖွယ်မရာပြုနေသည်နှင့် ကြုံရလေ၏။ ထိုအခိုက်တွင် ပဲပြုတ်သည်လည်း ပန်းကမာသို့ ပဲပြုတ်ပို့ရန် အချိန်မီ  ပေါက်ချလာလေ၏။ ဦးလေးကိုစိန်၊ ပဲပြုတ်သည်အဒေါ်ကြီးနှင့် မျက်နှာဖြူစုံတွဲတို့ ပက်ပင်းတိုး လေ၏။ ထိုနေ့နံနက် ဆွမ်းခံထွက်ချိန် မတိုင်မီတွင် ဦးလေးကိုစိန်တစ်ယောက်ရယ် ကျက်သရေမရှိတဲ့ဟာတွေကို မနက်စောစောစီစီး ထကြည့်နေတယ်တော့ ဟူသော ပဲပြုတ်သည်၏ မောင်းခတ်သံသည် လွန်စွာ မကျယ်ပြန့်သော မြို့ကလေးကို ဖုံးလွှမ်းချောက်ချားလေသတည်း။

 

ထိုသတင်းကြောင် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြ၏။ မကြီးမငယ်နဲ့ ရွပိုးထိုးတယ် ဟူသော အသံများကို ကြွက်စီကြွက်စီ ကြားရ၏။ ထိုအသံများကို ကြားရသော် ဦးလေးကိုစိန့်ကတော်၏ ဒေါသသည် ဒီရေလှိုင်းလုံးကြီးများသဖွယ် တရိပ်ရိပ် တလိပ်လိပ် တက်လာပြီးလျှင် ငယ်ထိပ်သို့ ဆောင့်၏။ ငယ်ထိပ်ထက်မှ လျှံကျလာသော ဒေါသလှိုင်းတံပိုးကြီးသည် လက်ဖ၀ါးပြင်ထက်သို့ စီးကျသွားလေ၏။ ထို့နောက် ကိုစိန့်ကတော် ထဘီစွန်တောင်ဆွဲပြီး ဦးလေးကိုစိန်ရှိရာ အရပ်သို့ ဒုန်းစိုင်း ရောက်လာခြင်း၏ အဆုံး၌ သူ့လက်ဖ၀ါးထက်မှ ဆူဝေနေသည့် ဒေါသတို့သည် ဦးလေးကိုစိန်၏ ပါးပြင်ထက်သို့ ပြင်းစွာ သက်ဆင်းလေသတည်း။

 

ဦးလေးကိုစိန်ကလည်း သူ မဟုတ်ရပါကြောင်း ငြင်းသေးသည်။ သို့သော်လည်း လက်ပူးလက်ကြပ်မိသည်ကို ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် အံတကြိတ်ကြိတ် တောက်တခေါက်ခေါက်လုပ်ကာ ပါးပြင်ကို ပွတ်သပ်ယုယပြီး နေရတော့သည်။ အခဲမကျေသည့် ဦးလေးကိုစိန်က အကြော်ဆရာကို ကြိမ်းမောင်း၏။ အကြော်ဆရာက ကဲလားလေးကို လွှဲချသည်။ ကဲလားလေးက ထိုဇာတ်ထုပ်ကို ကြည့်ချင်သည်ဟု ပူဆာသောကြောင့် ပြသရခြင်းဖြစ်သည်ဟု ဆို၏။ ထို့နောက် ဦးလေးကိုစိန်နှင့် အကြော်ဆရာတို့ မဟာမိတ်ဖွဲ့ကာ ကဲလားလေးကို ကြိမ်းမောင်းကြပြန်သည်။

 

(၈)

သို့နှင်ပင် တလင်းသိမ်းချိန် ရေရှားချိန်တို့ ကုန်လွန်ခဲ့ပြီး စိန်ပန်းပွင့်ချိန် ဗွက်ထချိန်သို့ ပြန်လည်ရောက်ရှိခဲ့လေသည်။ ထိုမြို့ကလေးမှ လွတ်မည့် ကျွတ်မည့် ဇာတာ ကျွန်ုပ်အတွက် မပေါ်သေး။ ထို့ကြောင့် ရဲရဲနီသော စိန်ပန်းတို့ကိုကြည့်ကာ အနီရောင်လောကကို အပြစ်ဖို့ရလေသည်။ စိန်ပန်းပွင့်ချိန်တွင် ကဲလားလေး၏ အမူအရာတို့ တစ်မျိုးပြောင်းလဲလာသည်။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တို့တွင် ကဲလားလေး၏ လေချွန်သံကို ကြားရ၏။ စုတ်ထိုးသံကို ကြားရ၏။

 

တစ်ခုသော ညနေခင်း ကျောင်းဆင်းချိန်၌ ဒေါသကြီးဟန်တူသော အမျိုးသမီးကြီးတစ်ဦးသည် ပန်းကမာ လက်ဘက်ရည်ဆိုင်ရှေ့တွင် ခါးထောက်ရပ်ပြီး သယ် ပြော မပြောလိုက်ချင်ဘူး .. လူကြည့်တော့ လက်တစ်ဆစ်လောက်ပဲ ရှိသေးတယ်။ သောက်ကျင့်က အရွယ်နဲ့ မလိုက်ဘူး။ ရာရာစစ ... ရုပ်ကိုကတည်းက မွဲတိမွဲခြောက်နဲ့ ကျွန်စုပ်တဲ့ သရက်စေ့လိုမျိုး အကောင်က ငါ့ သမီးကို   လက်လိုက်ဆွဲရတယ်လို့ လာလာချည်သေး ..  မအေပေး .. ခွေးမျိုး .. ၀က်မျိုး .. ကလေက၀မျိုး .. ဟဲ့ အုတ်ကြားမြက်ပေါက်မျိုးရဲ့ စသော ဆဲရေးနည်းများကို တခမ်းတနား ရေရွတ်ပြီး ဘီလူးဆိုင်းတီးနေသည်ကို ကြားခါမှ ကဲလားလေး အူမြူးရသည့် အကြောင်းရင်းကို ကျွန်ုပ် သိလိုက်ရလေ၏။

 

ထိုအမျိုးသမီးကြီးအား အဆဲအရာတွင် ဧတဒဂ်ဘွဲ့ ချီးမြှင့်ခြင်းငှာ ထိုက်တန်သည်ဟု ကျွန်ုပ်ယူဆသည်။ အတော်ပင် အဆဲသန်သည့် အာဂ အမျိုးသမီးကြီးပါပေ။ ကဲလားလေးကား မျက်နှာမကောင်းလှ။ သူ့အပြစ်နှင့်သူဖြစ်ခြင်းကြောင့် ချောင်ကပ်ပြီး မှိုင်နေလေ၏။ ခွေးနှစ်ကောင်ကိုက်သည်ကိုပင် ၀ိုင်းအုံကြည့်ရှုလေ့ရှိသည့် တောမြို့ဓလေ့အတိုင်း ထိုဆဲပွဲကြီးကို တစေ့တစောင်း လာရောက် ကြည့်ရှုသူ ချီးမြှင့်သူ အတော်ပင် များ၏။ အဆဲဘုရင် ဧကရီရှင်မကြီးကား မိုးစုပ်စုပ်ချုပ်ခါမှ အိမ်ပြန်သွားလေသည်။ ထိုအရေးတော်ပုံ ပေါ်ပေါက်ရခြင်းတွင် အကြော်ဆရာ၏ ပယောဂ မကင်းကြောင်း ကျွန်ုပ် အတပ်သိသည်။ ဂေါဏေန ဂေါဏော၊ သာမဏေန သာမဏောပင် မဟုတ်လော။

 

(၉)

နောက်တစ်နေ့နံနက်ခင်း ပန်းကမ္ဘာသို့ ကျွန်ုပ်ရောက်သော် တွေ့မြင်နေကျ ကဲလားလေး၏ အပြုံးချိုချိုနုနုကလေးအစား အကြော်ဆရာ၏ စိုးရိမ်ကြောင့်ကြမှုများ ဖုံးလွှမ်းနေသည့် အဆီပြန်မျက်နှာကိုသာ တွေ့ရ၏။ ကိုကြပ်ခိုးကြီးရေ ကဲလားလေးတော့ ညနက်ပိုင်းကတည်းကတည်းက ပျောက်နေတာ အခုထက်ထိပေါ်မတွေ့သေးဘူး။ သူ့မအေအိမ်ကို သွားပြီးတော့ မေးကြည့်ပြီးပြီ။ ရောက်မလာဘူးတဲ့ဗျ။ ဒီကောင်လေး ဘယ်လျှောက်သွားနေသလဲ မသိတော့ဘူးဗျာ။ အခုချိန်ထိကို ပေါ်မလာသေးဘူး။ ဦးလေးကိုစိန့်ကို ပြောမှ ဖြစ်တော့မယ် ဟူသည့် အကြော်ဆရာ၏ ဆိုမြည်သံကို ကြားရ၏။

 

နံနက်ခင်း ရှစ်နာရီထိုးသော်လည်း ကဲလားလေး ပေါ်မလာသေး။ ပျောက်ခြင်းမလှ ပျောက်နေ၏။ ကိုးနာရီ ဆယ်နာရီခန့်ရှိသော် ကျွန်ုပ်တို့ လူသိုက်လည်း ဦးလေးကိုစိန့်နောက် ရောယောင်လိုက်၍ ကဲလားလေးကို ရှာဖွေရလေသည်။ တောခေါင်းကိုဝင်းအောင်က ကဲလားလေးတစ်ယောက်တော့ အဆဲခံရတာနဲ့ ရှက်ပြီးတော့ ချောင်းထဲဆင်းပြီး သေးသလား မသိဘူး ဟု စိုးရိမ်မကင်း ဆိုလေ၏။ သူ ထိုသို့ ဆိုလျှင် ကျွန်ုပ်တို့လည်း ချောင်းစပ်သို့ဆင်း၍ ကဲလားလေး၏ အမည်ကို တကြော်ကြော် ဟစ်ခေါ်ကာ ရှာရပြန်သည်။ ကြွက်သတ်ဆေးသောက်ပြီးတော့ သေသလား မသိဘူးဟု ကိုဝင်းက ဆိုပြန်သော် ရေတွင်းရေကန်တို့အနားတွင် ရှာရပြန်၏။ ကိုဝင်းအောင်ကား ပါးစပ် အငြိမ်မနေ ဖြစ်တန်သည်များကို တစ်ခုပြီး တစ်ခု တရစပ် ဆို၏။ သူပြောလေတိုင်း ကျွန်ုပ်တို့လူသိုက်လည်း ဟုတ်လိမ့်နိုး ဟုတ်လိမ့်နိုးဖြင့် ရှာပုံတော်ဖွင့်ရသည်မှာ မွန်းတည့်ခဲ့လေ၏။ မွန်းတိမ်းသော်လည်း ကဲလားလေးကို ရှာမတွေ့သေး။ သို့ဖြင့်ပင် အသားမဲမဲ သွားခေါခေါ သူငယ်ကလေးတစ်ယောက်သည် တောမြို့ကလေးမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး ကဲလားလေး ဟူသော အမည်မှာလည်း စုန်းစုန်းမြုပ်သွားလေ၏။

 

(၁၀)

ကဲလားလေး ပျောက်ဆုံးပြီးနောက် လအနည်းငယ်ကြာသော် ကျွန်ုပ်သည် စပ်ဆုပ် ရွံရှာဖွယ်ကောင်းသည့် အလုပ်ဌာနကို စွန့်ခွာ၍ မိဘရပ်ထံသို့ ပြန်ကာ လယ်ယာချောင်းမြောင်း လုပ်ကိုင် စားသောက်ခဲ့လေသည်။ တင်းကုတ် ထရံရှိ ကဲလားများဆီသို့ မိုးစက်မိုးပေါက်တို့ ကျရောက်သည့်အခါ၊ ကဲလားတို့ကို ထောက်ကန်ထားသည့် ၀ါးလုံးများကို ဖြုတ်သိမ်းရသည့် အခါမျိုး၌ မည်သည့်ဘုံဘ၀သို့ ရောက်သွားမှန်း မသိရသည့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ကဲလားလေးဟူသော သူငယ်ကလေးကို အထူးပင် လွမ်းဆွတ်မိသည်။ မိတ်ဟောင်းဆွေဟောင်းတို့ကိုလည်း တသမိသည်။ ထိုမျှသာမက နေခဲ့ဖူးသည့် တောမြို့ကလေးကိုလည်း ရော်ရမ်းမိလေသည်။ နွေမိုးဆောင်းရာသီစက်ဝိုင်း တစ်ကျော့ နှစ်ကျော့ ပြောင်းလဲပြီးနောက်တွင် ကျွန်ုပ်သည် စာရေးကလေး မောင်ကြပ်ခိုးအဖြစ်မှ လယ်သမားကြီး ဦးကြပ်ခိုးအဖြစ်သို့ ရောက်ခဲ့လေ၏။

 

တစ်ခုသော ဆောင်းနှောင်းနွေဦး စပါးသိမ်းပြီးစအချိန်တွင် ကျွန်ုပ်သည် မိဘများကို လက်တွန်းထွန်စက်ဝယ်မည်ဟု လိမ်ညာအကြောင်းပြ၍ ပိုက်ဆံတောင်းပြီးလျှင် ရန်ကုန်မြို့သို့ အလည်အပတ် လှမ်းခဲ့လေ၏။

 

ရန်ကုန်မြို့သို့ ရောက်လျှင် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်ရသည်မှာ မဟာရန်ကုန် ရွှေမြို့တော်ရောက် ကျေးတောသား တစ်ယောက်၏ ပြုရိုး ထုံးစံတည့်။ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမြော်မာန်လျှော့ ကန်တော့ပြီးနောက် ဓါတ်လှေကားစီးရသည်မှာ အလွန်ပင် အရသာ ရှိလှပါပေ၏။ မိခင်ကြီး မှာကြားလိုက်သည့် ဆွမ်းတော်လင်ပန်း၊ သောက်တော်ရေခွက်၊ ပိတောက်သား စိပ်ပုတီး၊ ကြေးစည်၊ ရှင်သီဝလိဆင်းတုတော် အစရှိသည့် ပရိဘောဂများကို ဘုရားစောင်းတန်းမှ ၀ယ်ယူပြီးနောက်တွင် ကျွန်ုပ်သည် အထုပ်အပိုးများဖြင့် ကိုးယို့ကားရား ဖြစ်သွားလေ၏။

 

(၁၁)

ထိုအခိုက် ဟာ ဦးကြပ်ခိုးကြီး ပစ္စည်းတွေ မနိုင်မနင်းနဲ့ ကျွန်တော် ဘာကူသယ်ပေးရမလဲ ဟူသည့် အသံကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံကို ကျတ်မိသလိုလိုပင်။ ထို့ကြောင့် အသံကြားရာ အရပ်သို့ မျက်နှာမူလိုက်သော် လူငယ်ကလေးတစ်ဦးကို တွေ့၏။ ရပါတယ် မောင်ရဲ့ ဒါနဲ့ မင်းက ဘယ်သူတုန်းဟု ကျွန်ုပ် မေးလိုက်သော် လူငယ်ကလေးက ဟာ ဦးကြပ်ခိုးကြီးကလည်းဗျာ သေသေချာချာကြည့်ပါဦး ဟု ဆိုရင်း  ပြုံးလိုက်လေ၏။

 

နံနက်ခင်း နေရောင်ခြည်သည် ထိုလူငယ်ကလေး၏ မျက်နှာထက်ဆီသို့ စူးရှစွာ ကျရောက်နေလေ၏။ တောက်ပသော နေရောင်ခြည်သည် အကြင်လူငယ်၏ အာခံတွင်းမှ သွားများဆီသို့ ကျရောက်လေသော် နေရောင်ကာ ရှေ့သွားနှစ်ချောင်းသည် နေမင်းကို အံတုရန်အလို့ငှာ ပြိုးပြိုးပြက်ပြက် အရောင်ထွက်သည့် ပဘဿရရောင်ခြည်ကို တခဲနက် လွှတ်၏။ ကဲလားလေးဟု ကျွန်ုပ် ပလုပ်ပြည့် ပလောင်းပြည့် ရေရွတ်မိသည်။ နေခင်းကြောင်တောင် ကဲလားလေး တစ္ဆေခြောက်ခြင်း ပင်လော။ သို့သော်လည်း လူငယ်ကလေးက ဟုတ်တယ် ဦးကြပ်ခိုး ကျွန်တော် ကဲလားလေးလေဗျာ ဟု ဆိုလိုက်လေ၏။ ကဲလားလေး မသေသေး။

 

ကဲလားလေး အပြောအတိုင်း အတိတ်ကိုလှန်သော် သူသည် ဆဲသံလွှမ်းသော အသည်းကွဲ ညနေချမ်း၏ နှိပ်စက်မှုကြောင့် ဦးလေးကိုစိန်နှင့် ပန်းကမ္ဘာလက်ဘက်ရည်ဆိုင်ကို ညတွင်းချင်း စွန့်ခွာခဲ့ပြီး သူ့ဖခင်၏ သူငယ်ချင်းတစ်ဦး မောင်းနှင်သည့် ကုန်ကားတွင် စပယ်ရာလုပ်ကာ တောမြို့ကလေးနှင့် ဝေးရာ ရှမ်းပြည်သို့ ပြေးထွက်ခဲ့လေ၏။ ရှမ်းပြည်တွင် ကြာကြာမနေနိုင်။ ထို့ကြောင့် ကုန်ကားတစ်စီးမှ နောက်တစ်စီး ကူးပြောင်းစီးပြီး နောက်ဆုံးတွင် တောမြို့ကလေးသို့ ပြန်ရောက်ခဲ့ရပြန်သည်။

 

သူ ထွက်ခွာခဲ့သည့် သုံးလေးနှစ်တာ ကာလအတွင်း တောမြို့ကလေး၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ တောမြို့ကလေး၏ စီးပွားရေးအခြေအနေ မကောင်းသောကြောင့် ဦးလေးကိုစိန်၏ လက်ဘက်ရည်ဆိုင်လည်း ပိတ်လိုက်ရလေပြီ။ ကဲလားလေး၏ တစ်ခုလပ် အရွယ်ကောင်း မိခင်သည် တစ်ပင်လဲပြီးနောက် တစ်ပင်ပြီးတစ်ပင်ထူရာမှ မအေတူဖအေကွဲ ညီငယ်ညီမငယ်များ တစ်ယောက်ပြီး တစ်ယောက် ရခဲ့သည်။ မည်သည့် လင်နှင့်မှ ကြာရှည် ပေါင်းရကိန်း ရှိဟန် မတူသော မိခင်နှင့် ညီငယ်ညီမငယ်များကို လုပ်ကျွေး ပြုစုရန်တည်းဟူသော ဧရာမတာဝန်ကြီးသည် ကဲလားလေး၏ အသားမာတက်နေသည့် ပုခုံးသားပျိုထက်ဆီသို့ အသံမပြုဘဲ ခုန်ချလာလေ၏။

 

အတိုချုဉ်း၍ဆိုရသော် ကဲလားလေးသည် တောမြို့ကလေးတွင် လုပ်ကိုင် စားသောက်ရသည်မှာ အဆင်မပြေလွန်းသောကြောင့် ရန်ကုန်သို့တက်၍ ရရာအလုပ်ရှာရသည်။ ယခုအခါတွင် ဘီယာဆိုင်၌ စားပွဲထိုးလုပ်နေသည် ဟူ၏။ ကဲလားလေးကား သူ၏ သက်တမ်းတလျှောက်လုံးတွင် လောကဓံရှစ်ပါးအနက်မှ လေးပါးသော လောကဓံဆိုးများနှင့်သာ ကြုံရသူ ဖြစ်သော်လည်း သူ၏ အားမာန်ကို မလျှော့။ စိတ်ဓာတ်ကို မချ။ ဦးကြပ်ခိုးကြီးရယ် အခုလောလောဆယ်တော့ ပညာသင်အဖြစ်နဲ့ လုပ်နေရတာပေါ့ဗျာ။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပေါ့ဗျာ ဟူ၍ဆိုပြီးနောက် ကျွန်ုပ်ကို နှုတ်ဆက်ပြုံးပြပြီး အလုပ်ခွင်ရှိရာသို့ ထွက်ခွာသွားလေ၏။

 

(၁၂)

ကဲလားလေး၏ ပညာသင်ယူခြင်း မည်သည့်အခါတွင်မှ ပြီးဆုံးမည်ကို ကျွန်ုပ် မတွေးတတ်ပါ။ မည်သို့ပင် ဆိုစေကာမူ ကဲလားလေးသည်ကား ပညာရှင်များ တညီတညွတ်တည်း ဆိုမြွက်ကြကုန်သော ပြောင်းလဲလာသည့် ဂလိုဘယ်လိုက်ဇေးရှင်း ယဉ်ကျေးမှု၏ လိုအပ်ချက်အရ ပေါ်ထွက်လာသည့် စဉ်ဆက်မပြတ် ပညာသင်ယူမှု (Continuous Learning) ၊ ဘ၀တစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ဆိုသည်တို့ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်သူတစ်ဦးပင် ဖြစ်ချေသတည်း။

 

မောင်ကြပ်ခိုး (၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ)