Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
 
 mum
 
 
(၁)

ဧရာဝတီသင်္ဘောအိုကြီးသည် မကြာမီတွင် ခရီးဆုံးမြို့ကလေးသို့ ဆိုက်ကပ်တော့မည် ဖြစ်သောကြောင့် လေးတွဲ့သော ဥသြသံကို ပြု၏။ ဥသြဆွဲသံကို ကြားရသော် ခရီးသွား ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တို့သည် ပဒူအုံကို တုတ်ဖြင့်ထိုးလိုက်သည့်အလား လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေ၏။ ဟဲ့ ကလေးတွေ အိပ်မနေနဲ့လေ။ ထတော့ ထတော့။ မြို့ကပ်ခါနီးပြီ။ ပစ္စည်းတွေ မေ့ကျန်နေဦးမယ်။ အထုပ်တွေ သိမ်းကြစို့။ ဟဲ့ ဘယ်သူရေ ဘယ်ဝါရေ ... အစရှိသော အသံတို့ကြောင့် သဘောင်္တစ်စင်းလုံး ကုလားသိုက် ကျားဝင်ကိုက်သည့်အလား အရပ်ပျက်သွားလေ၏။

ရန်အောင်မင်္ဂလာ ဆန်စက်ကို လွန်သော် မြို့ကလေးကို ခပ်ရေးရေး မြင်ရလေပြီ။ မြောက်မြားလှစွာသော ဆန်စက်၊ ဆားစက်တို့၏ မီးခိုးခေါင်းတိုင်တို့ အခိုးတလူလူ လွှင့်ထုတ်နေသည်ကိုလည်း တွေ့ရ၏။ ဆန်စက်တန်းကို ကျော်သော် မြို့ဦးလွမ်းစေတီကို ကြည်ညိုဖွယ်ရာ မြင်တွေ့ရလေ၏။ မည်သူက မည်သည့် အကြောင်းကြောင့် ထိုလွမ်းစေတီကို တည်ထား ကိုးကွယ်ရစ်ခဲ့သည်ကို မည်သူမျှ ရေရေရာရာ မပြောနိုင်။ အချို့သောသူတို့က ဤမည်သော မင်းသမီးကလေးသည် ဤမည်သော စစ်ထွက်သွားသူ မင်းသားကလေးအား လွမ်းဆွတ်တသပြီး ရင်ကွဲနာကျကာ သေဆုံးခဲ့သည်ကို နှောင်းလူတို့ သံဝေဂယူစိမ့်ခြင်းငှာ၊ အမှတ်ရစိမ့်ခြင်းငှာ ကျန်ရစ်သူ မင်းသားကလေးက တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟူသော ဒဏ္ဍာရီပုံပြင်ဖြင့် ပြောဆိုကြသည်ကို ကြားဖူးပါ၏။ ထိုပုံပြင် အမှန်ဖြစ်လျှင် ထိုမင်းသားကလေးနှင့် မင်းသမီးကလေးတို့မှာ မွန်လူမျိုးများ ဖြစ်တန်ရာ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့ကလေးကား မွန်လူမျိုးတို့နေထိုင်ခဲ့ဖူးသည့် အရပ်ဒေသဖြစ်သောကြောင့်ပင်တည်း။ ထို လွမ်းပုံပြင်သည် သမိုင်း အထောက်အထား အကိုးအကားတို့နှင့် ညီညွတ်သင့်မြတ်ခြင်း ရှိ မရှိ ကျွန်ုပ် ကောင်းစွာ မသိချေ။ သို့သော် ကျွန်ုပ် အတပ်သိသည်မှာ ထိုလွမ်းစေတီကိုမြင်လျှင် ခပ်သိမ်းသောသူတို့သည် လက်အုပ်ကြာငုံဖြင့် ဖူးမြော်မာန်လျှော့ ရသည်သာ ဖြစ်၏။

မြို့အ၀င် ဓနိတောတန်း၊ လမုတောစပ် အနီးသို့ ဧရာဝတီ သင်္ဘောအိုကြီး ချဉ်းနင်း ရောက်ရှိလေပြီ။ ညနေစောင်း နေရောင်ကြောင့်  အိမ်မိုးသွပ်တို့ တဖွေးဖွေးလက်နေသည်ကို လှမ်းတွေ့ရ၏။ အိမ်မိုးသွပ်တို့သည် ညနေစောင်း နေရောင်အောက်ဝယ် ရွှေသောအဆင်းကို ဆောင်၏။ ထိုရွှေသောအရောင်တို့သည် ရေပြင်ကျယ်ကို တဖန် ထင်ဟပ်လေသောကြောင့် ရွေးမြစ်ပြင်ကျယ်သည် ရွှေသားအတိပြီးသော ရွှေပင်လယ်ကြီးပမာ ဖြစ်နေလေတော့၏။

ထိုရွှေပင်လယ်ကြီး၏ အနားသတ်ကုန်းမြေမို့မို့အရပ်သည်ကား ကျွန်ုပ်၏ မွေးရပ်မြေပင် ဖြစ်၏။

မွေးရပ်မြေသို့ တစ်နှစ်တစ်ဝါကြာသော်မှ တစ်ခေါက် ပြန်မရောက်နိုင်ခဲ့သည်မှာ ဘယ်နှနှစ်၊ ဘယ်နှဝါ ရှိပြီကို မရေတွက်နိုင်တော့ပြီ။

(၂)

အုတ်ကျိုးတစ်ထပ်၊ သဲတစ်ထပ် ခင်းအပ်သည့် မညီမညာ လမ်းအိုဟောင်းကလေးအတိုင်း အတန်ငယ် လျှောက်ခဲ့ပြီးနောက် အိမ်အနီးသို့ ရောက်လေ၏။ မဒမတိုင် ခြံစည်းရိုးတို့တွင် နွယ်မြက်တို့ ရစ်ပတ်ဖွဲ့နေလေ၏။ တောက်တဲ့လက်ဝါးပင်တို့သည်  ခြံစည်းရိုးတိုင်တို့ကို အတော် အမှီသဟဲပြုကာ မိုးယံသို့ ထိုးတက်ရန် ပြင်နေသည်ကို တွေ့ရ၏။ အချို့သော မဒမတိုင်တို့မှာ ဆွေးမြည့်နေလေပြီ။ အချို့ကား မြေတွင် ဖရိုဖရဲ ပုံရက်သား လဲကျနေလေ၏။ အိမ်ခေါင်းရင်းဘက် ဇီဇ၀ါချုံ၊ တောစံပယ်ရုံတို့ ရှိရာဘက်မှ ဖြတ်သန်းတိုက်ခတ်လာသော လေပြေသွဲ့သည် ကျွန်ုပ်၏ ပူလောင်သည့် ရင်ကို အေးမြစေ၏။ အိမ်သို့ ပြန်ရောက်ပြီတည်း။  

ထိုမဒမခြံစည်းရိုးတန်း၏ အနောက်ဘက်တွင် ရေနံသုတ်ထားသည့် အိမ်အိုမည်းမည်း တစ်ဆောင် ထီးထီးကြီး တည်နေ၏။ ထို အိမ်မည်းအိုကြီးသည် ကျွန်ုပ်တို့ မိသားစု နေနားကွန်းခိုရာ အေးမြဆာယာ အရိပ်အာဝါသ ဖြစ်၏။ ထို အိမ်မည်းအိုကြီး၏ ပရ၀ုဏ်အတွင်း ရောက်လျှင် ကျွန်ုပ်၏ စိတ်နှလုံးသည် အထူးပင် အေးချမ်းသွားလေ၏။ ထို အိမ်မည်းအိုကြီးတွင် ကျွန်ုပ်၏ မိခင်အိုကြီးသည် ကျွန်ုပ်အား စောင့်လင့်နေမည်ကို တွေးမိ၏။

ဒုကူလနှင့် ပါရိကာ ရသေ့မောင်နှံတို့သည် မျက်မမြင်များဖြစ်သော်ငြားလည်း ပီဠိယက္ခမင်းကြီး၏ ကြမ်းတမ်းသည့် ခြေသံကို ကြားခါမျှနှင့် ယင်းတို့၏ သား သုဝဏ္ဏသာမ မဟုတ်မှန်းကို ခွဲခြားနိုင်သည်ဟု သုဝဏ္ဏသာမဇာတ်တော်တွင် ဖတ်ဖူးသည်။ ထိုစကားသည် အလွန်မှန်သော စကားပင် ဖြစ်၏။ ကျွန်ုပ်၏ အမိသည် မျက်စိများ ဝေသီနေပြီ ဖြစ်သော်ငြားလည်း ကျွန်ုပ်၏ ခြေသံ တဒုန်းဒုန်းကို ကြားခါမျှနှင့် ကျွန်ုပ် ပြန်လာပြီဖြစ်မှန်း အတပ်သိလေ၏။ ထို့ကြောင့်ပင် စည်းမရှိ၊ ကမ်းမရှိ ခြေမဆေးဘဲနဲ့ အိမ်ပေါ်သို့ တဒိုင်းဒိုင်း ပြေးတက်ရသလား ဟု ဆီးကြို ကြိမ်းမောင်း၏။ နင်ဟာ အသက်သာ ကြီးလာတယ်။ မကောင်းတဲ့ အချိုးတွေကို အခုထိ မပြင်နိုင်သေးဘူး ဟု ထပ်ဆင့် ထောမနာပြု၏။ ထို့နောက် အမသည် ကျွန်ုပ်၏ အထုပ်အပိုးတို့ကို ဆီးယူပြီး သင့်ရာ နေရာတွင် ချထားလေတော့၏။ အမ မည်သို့ပင် ဆိုမြည်စေကာမူ အမ၏ ဆိုမြည်သံသည် ကျွန်ုပ်အတွက် သုတိသာယာ နာပျော်ဖွယ်ရာ ဖြစ်ချေ၏။

(၃)

ကျွန်ုပ်၏အာရုံတွင် ဦးဆုံးမှတ်မိဖူးသော အမ၏ ရုပ်သွင်ကို ပြန်ပြောင်း တွေးတောကြည့်လျှင် အတော်ပင် ရယ်စရာ ကောင်း၏။

ကျွန်ုပ်ငယ်စဉ်က အမ သည် ရန်လုံ ဟု အမည်တွင်သော အင်းခွေးတစ်ကောင် မွေးခဲ့ဖူး၏။ ရန်လုံသည် ကျွန်ုပ်ထက်ပင် အသက်ကြီးသေးသည်။ ကျွန်ုပ်မှတ်မိတတ်သော အရွယ်၌ အတော်ပင် အိုမင်းနေလေပြီ ဖြစ်၏။

ကျောင်းဆရာမဖြစ်သော အမသည် ကျောင်းသားများကိုသာမက သူ၏ အင်းခွေးကြီးကိုလည်း လိမ္မာရေးခြား ရှိစေရန် သွန်သင်သေးသည်။ အမ ၏ သွန်သင်မှုကြောင့် ထိုအင်းခွေးကြီးသည် သတင်းစာ ယူတတ်သည်။ အမ ကျောင်းဆင်းလျှင် အမကို ဆီးကြိုတတ်သည်။ ထိုမျှနှင့် အမသည် ကျေနပ်တော်မူပုံ မရ။ ကျောင်းဆင်းချိန်တွင် အင်းခွေးအိုကြီးကို ကျောင်းဆရာမသုံး တန်ဆာပလာများဖြစ်သည့် ဆွဲခြင်း၊ ခေါက်ထီး စသည်တို့ကို ကိုက်ချီယူဆောင်စေသည်။ ထိုခွေးအိုကြီးကလည်း သူ့သခင်မ ပြောသမျှကို မြေ၀ယ်မကျ နားထောင်၏။

ကြိမ်ဆွဲခြင်းနှင့်ခေါက်ထီးကို ပါးစပ်တွင် ကိုက်ချီလာသော အင်းခွေးကြီးတစ်ကောင်၊ ထိုခွေးလိမ္မာကြီးအား စာသင်ကျောင်း၌ တစ်နေ့တာ တွေ့ကြုံခဲ့ရသမျှကို တတွတ်တွတ် ပြောဆိုရင်း အိမ်ပြန်လာသည့် ကျွဲကော်ကိုင်းမျက်မှန်နှင့် ကျောင်းဆရာမတစ်ဦး။ အတော်ပင် ကို့ရို့ကားယားနိုင်သော မြင်ကွင်း ဖြစ်၏။ ထိုရယ်စရာကောင်းသည့် မြင်ကွင်းကို ပြန်လည်တွေးတောမိလျှင် အမ ကျောင်းမှ ပြန်လာချိန်အား မျှော်ငေးခဲ့ရခြင်းကို လွမ်းဆွတ်မိ၏။

အမ အိုလေပြီ။ သူ၏ ပါးရေနားရေတို့ တွန့်လိပ်ယုံမျှသာမက ထိုအသားစိုင်ပျော့တို့သည် တွဲလဲကျကာ နေလေပြီ။ သို့သော် အမကား အကျွန်ုပ် လိမ္မာရေးခြား မရှိသည်ကို မြင်လျှင် ဆူပူ ကြိမ်းမောင်း ဆုံးမရန် မအိုသေး။ ထိုမျှသာမက ကျွန်ုပ်အား ပြုစုယုယရန်လည်း မအိုသေးပေ။

(၄)

တောင်စဉ်ရေမရ အတွေးတို့ကို အရပ်ဆယ့်ခြောက်မျက်နှာသို့ ဖြန့်ကျက်မိသည်မှာ အတန်ငယ်ကြာမြင့်သွား၏။ ဟဲ့ ရေမိုးချိုး၊ ပြီးရင် ထမင်းစားမယ် ဟူသော အမ၏ အသံကို ကြားခါမှ ကိုယ်လက်သန့်စင်ရန် သတိရမိသည်။  

ဤနေရာတွင် စပ်လျဉ်းသဖြင့် ကျွန်ုပ်တို့တောမြို့ကလေး၏ အစဉ်အလာတစ်ရပ်ဟု ခေါ်ဆိုထိုက်သည့် ရေချိုးခြင်း အနုပညာအကြောင်းကို ဆိုချင်သေးသည်။ ရေချိုးခြင်းအနုပညာဟု ဆိုလိုက်သဖြင့် ရယ်သွမ်းသွေးခြင်း မပြုကြကုန်လင့်။ ကျွန်ုပ်တို့ မြို့ကလေးတွင် နေသူတို့၏ ရေချိုးဟန်ကား အများနှင့် မတူ တမူ ထူးခြားလေ၏။

ပင်လယ်ကမ်းစပ် ရေချိုမထွက်သည့် ရေငန်အရပ်တွင် ရေချိုးခြင်းသည်ကား စနစ်တကျ ဆောင်ရွက်ရသည့် အမှုတစ်ရပ်ပင် ဖြစ်သည်။ ကျွန်ုပ်တို့မြို့တွင် ရေတွင်းတူးလျှင် ၄ တောင် အနက်ရောက်လျှင် ရေထွက်သည်ချည်းသာ ဖြစ်၏။ ထိုရေသည် ကြည်လင်လှပါပေ၏။ အေးမြလှပါပေ၏။ သို့သော်လည်း ရေထွက်ရာ ရေကြောသည် ပင်လယ်နှင့် စပ်ဆက်နေခြင်း၊ ပင်လယ် ပို့ချခဲ့သည့် သဲနုန်းမြေတို့တွင် ဆားဓာတ်ပြွမ်းတီးနေခြင်း စသည်တို့ကြောင့် ထိုကြည်လင်အေးမြသည့် တွင်းရေကို သောက်ရန်သော်လည်းကောင်း၊ သုံးရန်သော်လည်းကောင်း မဖြစ်နိုင်ချေ။ နွေနှင့်ဆောင်းကာလတို့တွင် သောက်သုံးရန်အတွက် မိုးရေကို ရာဝင်အိုးကြီးများဖြင့် သိုမှီးထားရသည်။ အ၀တ်လျှော်ရန်၊ ထမင်းချက်ရန်အတွက်မူ ကန်ရေကိုသာ အားထား ရသည်။

ဤသည်ကို အချို့သော ပ၀တ်္တိသားတို့က ဤအရပ်သည် ရေရှားသည့် အရပ်ပင် ဟု မလိုတမာ ဆိုမြည်ကြ၏။ ထိုသို့ဆိုလျှင် မှားချိမ့်မည်။ ရေဟူသည်ကို ရေချို၊ ရေငန် ခွဲခြားပြီးမှ သုံးသပ် ဝေဖန်ရာ၏။ ရေချိုရှားသည်ဟုသာ ဆိုရာ၏။ ဤကား ကျွန်ုပ်၏ အလိုတည်း။

ရေချိုရှားပါးခြင်းကြောင့် မြို့သူမြို့သားတို့သည် ရေကို စနစ်တကျ သုံးစွဲကြသည်။ ရေချိုးလျှင် ဦးစွာ တွင်းရေဖြင့် ကိုယ်လက်တို့ကို သန့်စင်ရသည်။ တွင်းရေသည် ရေစေးဖြစ်သောကြောင့် ဆပ်ပြာတိုက်ရန် မဖြစ်နိုင်။ မျက်နှာကို သန့်စင်ဆေးကြောရန် မသင့်ချေ။ ဆပ်ပြာတိုက်လိုလျှင်၊ မျက်နှာသစ်လိုလျှင် ရာဝင်အိုးကြီးများတွင် သိုလှောင်ထားသည့် ကန်ရေကို သုံးရမည် ဖြစ်၏။ ပြီးလျှင် တွင်းရေဖြင့် ချေးညှော် အညစ်အကြေး ဆပ်ပြာအမြုပ်တို့ကို ဆေးကြောနိုင်သည်။ ခန္ဓာကိုယ်ကို အေးမြအောင် ပြုနိုင်သည်။ အဆုံးသတ်တွင်မှ ကန်ရေဖြင့် ခန္ဓာကိုယ်ကို တဖန် ဆေးကြောသန့်စင်ရပြန်၏။ ဤကဲ့သို့သော ရေချိုးနည်း အတတ်ပညာကို ကျွန်ုပ်တို့ မြို့သူမြို့သားတို့သာလျှင် အထူး တတ်ပွန်သည်။ အခြားဒေသတွင် နေသူတို့ မတတ်မြောက်ကြပေ။

ယခုကာလတွင် အနောက်တိုင်းအရပ်တို့၌ ရေကို စနစ်တကျသုံးစွဲတတ်သူတို့အား ကမ္ဘာကြီးကို ကယ်တင်သူများ ဟု အမွှန်းတင် ခေါ်ဝေါ်သမုတ်ကာ ဆုတံဆိပ်များ ချီးမြင့်ကြသည်ဟု ကြားဖူးသည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ မြို့သူမြို့သားများကို ရွှေတံဆိပ်ဆုကြီးများ တံခွန်စိုက် ဒိုင်းဆုကြီးများ အပ်နှင်းရန် လွန်စွာ သင့်လျော်ပေလိမ့်မည်။

(၅)

ကျွန်ုပ် ရေချိုးပြီးသောအချိန်နှင့် အမ ထမင်းပွဲ ပြင်ပြီးသော အချိန်မှာ ကွက်တိပင် ဖြစ်၏။ ဗိုက်ဆာနေသည့် အကျွန်ုပ်နှင့် အမ၏ ထမင်းပွဲတို့မှာ တိုင်းရက်သည့် ကပ္ပလာ မိုးရွာသည်နှင့် အဆင်သင့် ဆိုသည့်အတိုင်းပင်။ ငါးခူ ငါးပိကောင်ကြော်၊ ပဲဟင်း၊ ငါးပုပ်ပြား ဆီဆမ်း၊ ဘုတ်ထောင်ရိုးကြော် .. အလို ငါးပိချက်နှင့် ရေနွေးဖြောထားသည့် ကနဖော့၊ ဍရင်ကောက်ညွန်ကလေးများပင် တို့စရာအဖြစ် ပါလိုက်သေးသည်။ အတော်ပင် ထည်ဝါသည့် ထမင်းပွဲကြီးပင်။

ထမင်းစားပြီးလတ်သော် အမ နှင့် ကျွန်ုပ်တို့ သားအမိနှစ်ဦး အိမ်ရှေ့ခန်းရှိ ညောင်စောင်းတွင် ထိုင်ကာ ထမင်းလုံးစီကြ၏။ ရောက်တတ်ရာရာ ပြောကြဆိုကြရင်း ကျွန်ုပ်သည် အိမ်ထရံကို ဦးတည်ချက် မရှိပါဘဲနှင့် ကြည့်ရှုမိသည်။

ရေနံဝနေပြီဖြစ်သော မည်းညစ်ညစ် အိမ်နံရံတစ်နေရာတွင် ဖြူရော်ရော် ကွက်လပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ ရေနံသုတ်လျှင် အိမ်တွင်း၊ အိမ်ပြင်၊ အိမ်အောက် မကျန်အောင် သုတ်ရသည်မှာ ထုံးစံပင် ဖြစ်၏။ သို့စင်လျက် အိမ်နံရံထက်တွင် ဖြူရော်ရော် ကွက်လပ်တစ်ခုကို မြင်ရခြင်းသည် အတော်ပင် ထူး၏။ ထို့ကြောင့် အမ ဟို ထရံက အကွက်က ရေနံမလောက်လို့ ချန်ခဲ့တာလားဗျ ဟု အမအား မေးမိ၏။ အမသည် ကျွန်ုပ်၏ အမေးကို မည်သို့မျှ မဖြေသေး။ ကျွန်ုပ်အား ပြုံး၍သာ ကြည့်သည်။ အတန်ကြာမှ သေသေချာချကြည့်ပါဦး။ သားရဲ့။ အမ အဲဒီနေရာကို တမင်္ဂလာ ချန်ထားခဲ့တာကွဲ့ ဟု ဆိုလိုက်၏။

အမ ၏ စကားကြောင့် ကျွန်ုပ် အံ့အားသင့်ရသည်။ ပသို့ကြောင့် အမ ဤသို့ ပြုသနည်းဟုလည်း တွေးမိသည်။ ထို့နောက်တွင်မှ အမ က မင်း မမှတ်မိတော့ဘူးလား၊ မင်းတို့ ငယ်ငယ်တုန်းက မင်းတို့ကို အမ အရပ်တိုင်းပေးရင် မင်းတို့ အဲဒီနံရမှာ ကပ်ပြီးတော့ အရပ် အတိုင်းခံရတာလေကွယ် ဟု ဆိုလေသည်။ ထိုအခါမှ ကျွန်ုသည် ထိုအိမ်နံရံရှိ ဖြူရော်ရော် ကွက်လပ်နေရာမှ မြေဖြူအမှတ်အသား ရောင်စုံတို့ကို မြင်တော့သည်။ ထို့နောက် ကျွန်ုပ်ငယ်စဉ်က အမ အရပ် တိုင်းတာပေးခြင်းကို ပြန်ပြောင်း အောက်မေ့မိလေသည်။

အရပ်ပုသော အမ သည် ကျွန်ုပ်တို့ မောင်နှမတို့အား အရပ်ရှည်သောသူများ ဖြစ်စေချင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ မောင်နှမတစ်သိုက် ငယ်စဉ်က ရိန်းဘားကွင်း ဆွဲခိုင်းသည်။ ရေကူးခိုင်းသည်။ ထို့ပြင် ကျွန်ုပ်တို့ မောင်နှမတစ်သိုက် အထူး လေ့ကျင့်ရသော အရပ်ရှည်နည်း လေ့ကျင့်ခန်းတစ်ခု ရှိသေးသည်။ ယင်းကား အခြားမဟုတ်။ ကစားစရာပစ္စည်းများကို ကျွန်ုပ်တို့ကလေးများ လက်လှမ်းမမီသည့် နေရာတို့တွင် တင်ထားခြင်းသာလျှင် ဖြစ်၏။ သူ၏ ရင်သွေးငယ်တို့သည် အမြင့်နေရာတို့မှ ကစားစရာပစ္စည်းများကို ခြေဖျားထောက်ကာ၊ လက်ဆန့်တန်းကာ လှမ်းယူခြင်းဖြင့် ယင်းတို့၏ အရိုးအခြင်များ ဆန့်ထွက် ရှည်လျားလာမည် ဟူသော သီအိုရီကို အမ စွဲမြဲစွာ ယုံကြည်၏။ အမ ၏ အရပ်ရှည်နည်း နိဿရည်းတို့ ကောင်းစွာ အလုပ်မဖြစ်ခဲ့ချေ။ မည်သို့ပင် အမ အားထုတ်ခဲ့စေကာမူ ကျွန်ုပ်၏ အရပ်ကား များစွာ ရှည်လျားလာခြင်း မရှိခဲ့ပေ။ ပြင်သစ်ဧကရာဇ် နပိုလီယံ ဘိုနာပတ်နှင့် လုံးတူဒေါက်တူမျှသာ ရှိ၏။

ထိုသို့သော အရပ်ရှည်နည်းတို့ကို ကျွန်ုပ်တို့ မောင်နှမတစ်သိုက် နေ့စဉ် လေ့ကျင့်ရသည်။ အမသည် တစ်လကုန်လျှင် တစ်ခါ ကျွန်ုပ်တို့အား အိမ်နံရံတွင် ကျောကပ်စေပြီးလျှင် အရပ်တိုင်းတာပေးတတ်၏။ အရပ်အမြင့်ကို တိုင်းတာမှတ်သားရန် အသုံးပြုသော ကိရိယာတို့မှာ မြေဖြူခဲနှင့် ကိုက်တံတစ်ချောင်းမျှသာ ဖြစ်၏။ အိမ်ထရံတွင် ကျွန်ုပ်တို့ မောင်နှမတစ်သိုက် ကျောကပ်မိလျှင် အမ သည် ကိုက်တံကို ယူပြီး ကျွန်ုပ်တို့၏ ခေါင်းပေါ်သို့တင်သည်။ ထို့နောက် မြေဖြူဖြင့် နေ့စွဲ၊ အရပ်အမြင့်၊ အရပ်ပိုင်ရှင်၏ အမည်အတိုကောက် စသည်တို့ကို နံရံတွင် ရေးခြစ်လိုက်လေ၏။ ထို့နောက်တွင် မည်သူက အရပ် မည်မျှ ပို၍ရှည်လာသည်။ မည်သူက ယခင်လအတိုင်း ဒုံရင်းသာ ဖြစ်သည် စသဖြင့် အဆုံးအဖြတ် ပြုတတ်သည်။

ထိုအချိန်အခါမျိုး၌ တစ်အိမ်လုံးတွင် ကျွန်ုပ်တို့ မောင်နှမတစ်သိုက်၏ အရပ်အနိမ့်အမြင့် ငြင်းခုန်သံ၊ အနိုင်လုသံတို့ ပွက်လောရိုက်လေ၏။

ရံဖန်ရံခါတွင် ကျွန်ုပ်နှင့် နှမအလတ်တို့က အမ အား အမက မမကြီးကိုကျတော့ မျက်နှာလိုက်ပြီး အရပ်ပိုတိုင်းပေးတယ်၊ သားတို့ သမီးတို့ကိုကျတော့ လျှော့တိုင်းတယ် ဟု စောဒကတက်ကြသေးသည်။ ထိုသို့ ကျွန်ုပ်တို့ဆိုလျှင် အမ သဘောကျ မဆုံးတော့ပြီ။ အူလှိုက်သည်းလှိုက် ရယ်မောလေ၏။ ပြီးလျှင် တောက်တီးတောက်တဲ့ကွယ်။ မဟုတ်ရပါဘူး ဟုသာ စကားနည်း ရန်စဲ ဆိုတတ်၏။

ရံဖန်ရံခါတွင် ကျွန်ုပ်တို့ မောင်နှမတစ်သိုက်သည် မြေဖြူအရောင်လုရင်း ဂုဏ်တုဂုဏ်ပြိုင် အငြင်းအခုန် ပြုတတ်ကြသေးသည်။ အမ သည် ကျောင်းတွင် ပထ၀ီဘာသာရပ် သင်ကြားသူဖြစ်သဖြင့် သူ့ထံတွင် ဖြူနီဝါပြာ မြေဖြူခဲများ စုံလင်စွာ ရှိသည်။ အမ၏ ကွန်ပါဘူးထဲမှ မိမိတို့ ကြိုက်နှစ်သက်ရာ ရောင်စုံမြေဖြူခဲကို လက်ဦးမှုရယူကာ လက်ဝါးကြီးအုပ်ကြသည်မှာလည်း ကျွန်ုပ်တို့ မောင်နှမတစ်သိုက်၏ လစဉ်ပြုလေ့ရှိသည့် ဧရာမ အရေးတော်ပုံကြီးပင် ဖြစ်သတည်း။

သို့ဖြင့် အိမ်နံရံထက်တွင် မြေဖြူအရောင်စုံခဲ့လေ၏။ အတိုင်းအတာ အမှတ်အသားတို့လည်း ထူထပ်ခဲ့လေ၏။ ထို့အတူ ကျွန်ုပ်တို့ မောင်နှမတစ်သိုက်လည်း အတောင်အလက် စုံခဲ့လေ၏။

အတောင်အလက်စုံသော် အသိုက်မြုံကို စွန့်ခွာကြသည်မှာ ထုံးစံလိုလိုပင် ဖြစ်၏။ ထို့နောက် သိုက်မြုံဟောင်းဆီမှ ဝေးရာသို့ ပျံသန်းရင်း လေဆန်နှင့် ကြုံခဲ့ရသည်။ လေဟုန်ကိုလည်း စီးခဲ့ရသည်။ လေပြင်းနှင့် ဆုံလျှင်လည်း သင့်ရာအရပ်တို့၌ ခရီးတစ်ထောက် ရပ်နားခဲ့ကြရပြန်၏။ အတောင်ကို အားပြုပြီး တစိုက်မတ်မတ် ခရီးဆက်လက်နှင်ရင်း ယင်း အတောင်အလက်တို့ ဖြစ်တည်ရာ အမ ၏ ရင်ခွင်နှင့် သိုက်မြုံဟောင်းဆီကို ဦးလှည့်ပျံသန်းရန်ကိုသော်မှ မေ့လျော့ခဲ့ကြလေ၏။

(၆)

ခရီးကား မည်မျှ ရှည်လျားဦးမည်ကို ကျွန်ုပ် မသိ။ မည်သို့ ကြုံရဆုံရဦးမည်ကိုလည်း မပြောနိုင်။ မရေရာလှစွာသော လူ့ဘ၀ခရီးကား ရှည်လျားလှပါဘိတောင်း။

အမသည်လည်း ကျွန်ုပ်ကဲ့သို့ပင် အရပ်တိုင်းတာခြင်း အကြောင်းကို တွေးတောနေဟန် တူသည်။ အတန်ကြာမှ ငါ့ သားသမီးတွေလည်း အတော်ကြီးပြီးပဲ ကောက်ခါငင်ကာ ဆိုလိုက်လေ၏။ ထို့နောက် ငါ့မလဲ အရပ်ရှည်နည်းတွေ အမျိုးစုံအောင် လုပ်ပေးလိုက်ရတာသာ အဖတ်တင်တယ်၊ မင်းတို့ကတော့ ဘာမျှ ပိုထူးမလာဘူး ဟု ဆိုပြီးလျှင် အူလှိုက်သည်းလှိုက် ရယ်လေ၏။ အမ  ရယ်သည်ကိုမြင်လျှင် ကျွန်ုပ်လည်း ဘာရယ်ကြောင့် မဆိုတတ်။ ရောယောင်ပြီး ရယ်မိလေ၏။ ပြီးမှ အမကို အမ ရေ နောင်နှစ် ရေနံသုတ်ရင် ဒီကွက်လပ်ကလေးကို ချန်ထားပေးပါဗျာ ဟု ဆိုလိုက်မိလေ၏။

ထို အိမ်နံရံမှ ရောင်စုံမြေဖြူအမှတ်အသားတို့သည် ကျွန်ုပ် ရှင်သန်ကြီးပြင်းခဲ့ပုံကိုသာ ဖော်ပြနေသည် မဟုတ်ချေ။ မိသားစုဘ၀ အခိုက်အတန့်ကာလအတွင်း တွေ့ကြုံရင်ဆိုင် ပျော်ရွှင်ဝမ်းနည်းခဲ့ရသည်တို့ကို မှတ်တမ်းတင်ရာလည်း ဖြစ်ချေ၏။ ကျွန်ုပ်သည် သင်္ခါရတည်းဟူသည့် သဘောကို အရိပ်အမြွက်မျှ နားလည်သော်ငြားလည်း ပုထုဇဉ် လူသားတစ်ဦးပီပီ ကျွန်ုပ်တို့ မိသားစုနေအိမ် နံရံထက်မှ မြေဖြူဆေးသားတို့ မပြယ်လွင့်စေချင်။ ထို့ပြင် အမ၏ အူလှိုက်သည်းလှိုက် ရယ်မော သဘောကျသံတို့ကိုလည်း မပျောက်ပျက်စေချင်ပါ။ ထို့အတူ ကျွန်ုပ်အား အမ ဆိုမြည်သံတို့ကိုလည်း မဆိတ်သုဉ်းစေချင်ပါ။ ဤသည်ကား တဏှာ မပြတ်နိုင်ကြသူတို့၏ အလေ့သာ ဖြစ်ပါလိမ့်မည်။ 

နေလင်းအောင်