Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

cartoon

 

နိုင်ငံရေး မသူတော်တွေ ငွေ၊ အာဏာ၊ ပါဝါ၊ ယန္တရား အကုန်သုံး လမ်းဆုံး ပန်းတိုင်မှတ် အသားကုန်ညစ်ပတ် နေတဲ့ပွဲမှာ နဲနဲဝင်ပါ၊  ရင်ခုန်ချင်နေရှာတဲ့ မိတ်ဆွေတချို့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို လေ့လာ နားထောင်နေရင်းက ကျွန်တော် -  ဘုတ်သားစံရ ကို ပြေးပြေးမြင်နေမိပါတယ်။

            ဘုတ်သားစံရ ဆိုတာ ရွှေဘိုနယ်က။ သူ့ဘ၀နဲ့ သူ၊ သူ့ဖွင့်ဆိုချက်နဲ့ သူ ဘုတ်သားစံရ လည်း လွတ်မြောက်မှုကို ရင်ခုန်ချင်သူ တယောက်ပေါ့။ ထောင်ဆိုတော့ ငါတို့နဲ့ ဝေးတယ် မဆိုင်လှဘူး လို့လည်း မထင်လိုက်ကြပါနဲ့။ နေရင်းထိုင်ရင်းလည်း ရောက်တတ်တယ် အရပ်ကတို့ရေ။

တိပိဋကတ်ဆရာတော် ဦးသုမင်္ဂလ၊ အင်းစိန်ရွာမ စာသင်တိုက်ကြီးက စာချပါတိမောက် ဆရာတော်ကြီးဦးတိလောက တို့လို ဆရာတော်ကြီးတွေတောင် ထောင်ကျတဲ့ ခေတ်ဆိုးကြီးထဲမှာ၊ တချို့လိုလည်း ရေတွင်းထဲက ဖားတွေလို ရောင့်ရဲမှုနဲ့ အသားကျမနေ၊ တချို့လို ဘ၀တိုတို ရှာကြံ ပျော်သလိုလည်း မနေဘဲ နဲနဲ လှမ်းကြည့်၊ တန်းညှိ၊ လွတ်လပ်မှု တကယ်ရှိနေတဲ့ နိုင်ငံတကာစံကို သိပြီဟေ့ဆိုရင်တော့ ဒီနေ့ ချုပ်ချယ်ခံနေရတဲ့ မြန်မာနိုင်ငံသားတိုင်း ကိုယ့်တိုင်းပြည်မှာ ကိုယ်ထောင်ကျနေတာလိုလို ခံစားမိလာမှာ အမှန်ပါဗျာ ။

            “နိုင်ငံတော်” ဆိုတာ ဒီနေ့ခေတ် ထောင်တွေထဲမှာ မိုးလင်းတာနဲ့ ကြားရမယ်။  ထောင်သားတိုင်း ရင်ခုန် ရေပန်းစားလာတဲ့ ထောင်လောကရဲ့ အသုံးတခုပေါ့။ ရာဇ၀တ်မှုနဲ့ အကျဉ်း ကျနေတဲ့ ထောင်သားတွေက အမြတ်တနိုး မွေးစားလိုက်ရင်း (၈၈) နောက်ပိုင်း ထောင်အဘိဓါန်မှာ ခေတ်စားလာတဲ့ ထောင်စကားတလုံး။ စစ်အစိုးရက သူ့လက်ထက် အကျဉ်းသားတွေကို မကြာခဏ အစုလိုက်အပြုံလိုက် လွှတ်ပေးလေ့ရှိတယ်။ သူ့ရည်ရွယ်ချက်က တခါတခါလည်း နိုင်ငံတကာ မျက်စိ လည်အောင်၊ တခါတခါလည်း ဖိအားလျော့အောင်၊ တခါတခါ အပေးအယူလုပ်လို့ရတဲ့ နိုင်ငံရေးအမှုသည်တွေကို လွှတ်ရအောင်၊ တခါတခါလည်း သူကိုယ်တိုင် ပြန်အရေးယူ အပြစ်ချထားတဲ့ သူ့လူတွေကိုမှ ပြန်လွှတ်ပေးဘို့ လိုလာတဲ့အခါ အများအမြင်မှာ ကြည့်ကောင်းအောင်၊ ကြုံသလို အမှုဆင်ခဲ့၊ တွေ့ကရာပုဒ်မတပ်ခဲ့၊ ပေါက်လွှတ်ပဲစား ဥပဒေနဲ့ မတရားနှစ်ကြီး ပြစ်ဒဏ်ပေးထားခဲ့တာတွေကို ခလေးတွေ ဒန်အိုး၊ ဒန်ခွက် အဟောင်း ပဲလှော်နဲ့ လွယ်လွယ်လေး လဲသလိုမျိုး ရုတ်တရက် လျှော့ပေါ့လိုက်ပြီး နိုင်ငံတော်စေတနာဆိုတဲ့ ချိုချဉ်လေးနဲ့ လွှတ်ငြိမ်းသက်သာခွင့် ပေးသည်ပေါ့။ အဲဒါကို နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင်လို့သုံးတယ်။ ထောင်သားတွေက နဲနဲဝေးတော့ ခေါ်ရခက်ကြ၊ မခေါ်တတ်တော့ အလွယ် နိုင်ငံတော် လို့ မွေးစားလိုက်ကြတယ်။ နိုင်ငံတော်ဆိုတဲ့ ထောင်ဝေါဟာရ ထောင်တိုင်းပြည်ရဲ့ ထောင်တွေထဲ ခေတ်စားလာတာကိုကလည်း ထောင်ရာဇ၀င်မှာ မဆန်းလှဘူး ပေါ့ဗျာ။ နိုင်ငံတော်စကားလုံးနဲ့ လုပ်စားနေရတဲ့ တိုက်ဆိုင်သူတချို့လည်း နာတတ်ခဲ့ရင် နာသေးမယ်ဆိုရင် နာကောင်း နာနေမှာပေါ့။

နိုင်ငံတော်ကို မိန်းမဆောင်က မိန်းမတွေလည်း စပါးလုံးကောက်ရင်း ၀ဲကုတ်ရင်း။ ယောက်ျားဆောင်က ယောက်ျားတွေလည်း မိလ္လာချရင်း ရေကန် ရေညှိဖတ် ခွာရင်း မမောတမ်း ပြောကြရ၊ မငြီးတမ်းမျှော်ကြရ။ နိုင်ငံတော်လာပြီဟေ့ ဆိုရင်တော့ ထောင်ကမ္ဘာကြီးတခုလုံး မီးကုန်ယမ်းကုန် ပျော်ကြပြီပေါ့။ ငါ့နံမည် ပါမလား။ ခေါ်လိုက်မလား ရင်ခုန်ကြ။ နားစွင့်ကြ။ လွတ်လပ်ရေး ချက်ချင်းရမှာကိုး။

            ဘုတ် … ဆိုတဲ့ ဝေါဟာရကတော့ ထောင်မှာ အလုပ်တွေနဲ့ ပတ်သက်ပြီး ခေါ်တာ။ ဆင်ဆာဘုတ်။ ဒါရိုက်တာဘုတ်။ ဘုတ်ထိုင်တယ် ဆိုတာတွေတော့ ခင်ဗျားတို့ ကြားဖူးလို့ နားဝေးမယ် မထင်ဘူး။ ထောင်မှာ ထမင်းဘုတ်ဆိုရင် အကျဉ်းသားတွေကို ထမင်းကျွေး ထမင်းဝေ၊ လက်သမားဘုတ်ဆိုရင် ထောင်ကလိုတဲ့ ပရိဘောဂ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ခိုင်းတာ။ ပန်းရံဘုတ်ဆို ပန်းရံကိုင်။ လယ်ဘုတ်ဆို လယ်ထဲဆင်း။ တောင်ယာဘုတ်ဆို တောင်ယာ သွားစိုက်။ စက်ချုပ်ဘုတ်ဆို စက်သွားချုပ်။ ၀က်ဘုတ်ဆို ၀က်စာကျွေး။ မိလ္လာဘုတ်ဆို မိလ္လာချပေါ့ဗျာ။ ထောင်က ဘယ်သူ့ကိုမှ အလကား မထားဘူး။ တခုခု ခိုင်းထားတာချည်းဘဲ။ အသက် (၇၀-၈၀) အဖိုးကြီးတွေလည်း အနည်းဆုံး မြက်နုတ် အမှိုက်ကောက်၊ ရေကန် ရေညှိချွတ်တော့ လုပ်ရမယ်။

            ကျုပ်ပြောမှာက ထင်းဘုတ်အကြောင်းနဲ့ ထင်းဘုတ်ထဲက ဘုတ်သားစံရ အကြောင်း။ သူလည်း လွတ်လပ်ချင်တယ်။ အခြေအနေအရ နှစ်ကြီး ကျနေပေမယ့် သူ လွတ်လွတ်လပ်လပ် နေချင်တယ်။

သူ့မိသားစုနဲ့ တွေ့ချင်တယ်။ သူ့ အိမ်သူကို ထိကပါး ယိကပါးလုပ်လို့သာ ရန်ဖြစ်ရာက ဒေါသအလျောက် ဓားခုတ်ပွဲကနေ လူသတ်မှုဖြစ် နှစ်ကြီးကျ။ ဒါပေမယ့် နေ့တိုင်း အိမ် လွမ်းတယ်။ သူ့ အိမ်ကို သူသတိရ။ ပြန်ချင်တယ်။ ဒီတော့ နိုင်ငံတော်ကို နေ့တိုင်းမျှော်။ နိုင်ငံတော်လာမှ သူ့ဘ၀က ငြိမ်းချမ်းရေးရ။ ချက်ချင်း အိမ်ပြန်ခွင့် ရမှာကိုး။

          ထင်းဘုတ်  ဆိုတာ နေ့တဓူဝ ရွှေဘိုထောင်က အကျဉ်းသားဦးရေ ထောင်ဂဏန်းလောက်ကို ထမင်းကြွေးဘို့ ချက်ရပြုတ်ရတဲ့ စားဖိုကြီးအတွက် ထင်းရှာပေးရတာ။ မနက်ထောင်ဖွင့်တာနဲ့ ထင်းဘုတ်၊ လယ်ဘုတ်၊ အပြင်တောင်ယာဘုတ် ဆိုတာတွေက ထောင်နံရံလေးဘက် အပြင်ကို ထွက်ခွင့်ရကြ။ အပြင်လောကကို ပြန်ထိတွေ့ရတယ်။ အဲဒါကို မက်ကြတာ။ ဘယ်သူမှ ဒီနံရံတွေကို တနေကုန် ကြည့်မနေချင်ဘူး။ နံရံလေးဖက်ကြားမှာ သီးခြားထား၊ အပြင်လောကကြီးနဲ့ အဆက်ဖြတ်ခံ နေရတာကို မနေချင်ကြဘူး။ ဒီတော့ အခွင့်အရေးတခုလို အပြင်ထွက်ခွင့်ရအောင် ထောင်ကို နည်းမျိုစုံနဲ့ အကျိုးပြုရ။ လာဘ်ထိုးကြရတယ်။

                                               ♣♣♣♣♣♣♣♣

တရက်မှာတော့ ကျုပ်နေတဲ့ တိုက်ထဲကို သန့်ရှင်းရေးသမားလေး ဖိုးငွေ ခေါ်လာလို့ ထော့နဲ့ထော့နဲ့ လူငယ်တယောက် ပါလာတယ်။

ဘဆိုင်းရေ သူက မောင်စံရတဲ့။ ထင်းဘုတ်က။ မနေ့က ထင်းဖြတ်ရင်း ခြေထောက် ထင်းတုံး ဖိမိထားလို့ ဘာဆေးလေးများ သောက်ဘို့

ရှိမလဲလို့ ”

“ဟုတ်လား မှန်း ပြစမ်းပါအုံး”

ကျုပ်လည်း သေချာကြည့်လိုက်တော့ သူ့ ညာဖက်ခြေခုံက ညိုပြီး  တော်တော် ယောင်နေတယ်။ အလေးအပင် တခုခုနဲ့ ဖိမိလိုက်လို့ ခြေခုံရိုးတချို့ကြေတာ အက်တာတွေလည်း ဖြစ်နေနိုင်တာပေါ့။ အပြင်မှာဆို ဓာတ်မှန်ရိုက်ဘို့ အသေအချာလိုပေါ့။ ထောင်မှာကျ သူ့အထာ သူ့အထွာ။ အပြင်အစိုးရ ဆေးရုံသွားပြဘို့ ပထမဆုံးလိုမှာ ကားနဲ့ဓာတ်ဆီ။ ဘယ်သူငှားပြီး ဘယ်သူက ဓါတ်ဆီဘိုး ထုတ်ပေးမလဲ။ ဒီထောင်မှာ အဲဒီအတွက် ဘက်ဂျက်မရှိတာ ကြာပြီ။ နောက်ဆေးရုံရောက်ရင် ဓာတ်မှန်ဖလင်ဘိုးနဲ့ ဆေးဘိုးဝါးခ၊ လိုက်ပို့တဲ့ ဆေးမှူးအတွက် လက်ဘက်ရည်ဘိုးဆိုတာတွေ ပါသေး။ သာမန် အကျဉ်းသား တယောက်က ဘယ်ကလာ ထောင်ထဲမှာ ငွေကြေးများများ ရှိနိုင်မလဲ။

“တော်တော်ကိုက်နေလား”

“ဟုတ် ……………  ညက တော်တော်ကိုက်တယ်…...အဘ”

ဒီလိုနဲ့ မောင်စံရကို ကိုယ့်ရှိတဲ့ သောက်ဆေး၊ လိမ်းဆေးလေးပေး၊ ….. လက်ပူတိုက် သင်တန်းဆင်း ထောင်ဆေးမှူးဆိုတာကိုလည်း စံရခြေထောက်ကို အနဲဆုံး တလ အနားပေးသင့်ကြောင်း၊ သူ့သံခြေကျင်းကိုလည်း ချွတ်ထားဘို့လိုကြောင်း၊ ဒဏ်ရာပျောက်မှ ပြန်တပ်ဘို့ ချော့ချော့မော့မော့ ပြောပေးရ။ မောင်စံရလည်း လမ်းများများ မလျှောက်ဘဲ နားဘို့မှာရ။ ဒီလိုနဲ့ သိကျွမ်းရင်းနှီးသွား။ မောင်စံရဘ၀နဲ့ သူ့ထင်းဘုတ်အကြောင်း စပ်စုဖြစ်တယ်။

“ကျွန်တော်တို့ ထင်းဘုတ်မှာ ဘုတ်ကိုင် ဘုတ်သားအားလုံး (၈) ယောက်ရှိသယ် အဘ။ မနက် ထောင်ဖွင့် ဘုတ်ထုတ်တာနဲ့ ထောင်ပြင်ထွက်၊ ဘုတ်ကြပ်ဝန်ထမ်း ခေါ်ရာလိုက်ကြသာပေါ့။ တနေကုန် မြို့ထဲအနှံ့ ရပ်ကွက်တကာ လျှောက်သွားရသာ။ ပျော်စရာ အဘရေ။ ကျုပ်လေ အထဲမှာ တနေ့၊ တနေ့ နံရံတွေ ကြည့်ပြီး စိတ်ကျပ်သယ်။ မွန်းသယ်၊ အဘတို့လိုများ တနေကုန် ဒီတိုက်ဝင်းလေးထဲ အောင်းနေရရင် ကျွန်တော်တော့ ရူးမလားမသိဘူး ”

“ဒီခြေကျင်းတွေနဲ့ လျှောက်သွားနေရတာ အနေမခက်ဘူးလား။ သူများတွေမြင်မှာရော။ မစုိးရိမ္ဘူးလား ”

        “အစတော့ရွာက အသိတွေ တိုးမှာ စိုးသား။ ကြာတော့လည်း ရိုးသွားသာပါ့ အဘရာ။  ကိုယ်က စဉ့်ကူး ဟိုးဘက် ရှောက်ပင်ရိုး၊ လက်ပံလှ တောခြေကဆိုတော့ ကိုယ်သိတဲ့လူလည်း ဒီနယ်ဘက် တယောက်မှ မရှိပါဘူး ”

“၀န်ထမ်းဆရာ သွားလေရာရပ်ကွက်တွေထဲ လှည့်၊ ထင်းပင်ရှာပေါ့။ အများဆုံးက အိမ်ကြို၊ အိမ်ကြား ညပ်နေတဲ့ အပင်မျိုးတွေကို အဓိက ရတတ်တယ်။ အိမ်ရှင်ကို ၀င်မေး၊ ခုတ်မလား၊ ခုတ်ပေးမယ်ပေါ့။ သစ်ပင်က အိုပြီ၊ အိမ်ပေါ်လဲကျရင် အန္တရာယ်ဖြစ်နိုင်တယ်တို့ ဘာတို့ ပြောရတာပါ့။ အိမ်ရှင်တွေက သူတို့ဖါသာဆိုရင် မခုတ်ရဲကြဘူး။ မခုတ်တတ်ဘူး။ ကျုပ်တို့ကျ အဖွဲ့တောင့်သယ်လေ။ ဈေးကတော့ ထင်းဖြစ်ရင် သူတ၀က် ကိုယ်တ၀က် ယူတာများတယ်။ အိမ်ရှင်တွေ ငွေလိုနေတဲ့ အချိန်နဲ့ သစ်ပင်ကလည်း သိတ်ကြီးပြီး မလွတ်မကင်း အန္တရာယ်ဖြစ်နိုင်တယ်ထင်ရင် ခုတ်ပေးရတာ များသယ်။ အပင်ကို တဖြတ်စီ လွှတိုက်တာတို့၊ ကြိုးချည်ပြီး လိုတဲ့နေရာကို လူအားနဲ့ ချတာတို့က အတွေ့အကြုံ လိုသယ်။ ပုံမတော် အိမ်ပေါ်ကျပြီး အိမ်ရှင်နဲ့ စကားများရမယ်။ လျော်ရမယ်။ သစ်ကို ပုံတော်သလောက် ဖြတ်ပြီး ဆိုင်းထားတဲ့ ကြိုးတွေကို လူအားနဲ့ လိုချင်တဲ့ဘက်လျှော့၊ ဖြေးဖြေးချင်း ချရတာ။ စိတ်ရှည်မှ။

ထင်းမှာ မန်ကျည်းကောင်းတယ်။ ထင်းလည်းကောင်း။ တက်ရလည်း အန္တရာယ်နဲသယ်။ ကုက္ကိုက ဆတ်သယ်။ သတိထားတက်၊ ကိုင်းတွေကပဲ့ လွယ်ကျိုးလွယ်။ ဒါပေမယ့် ပေါက်ခြမ်းလုပ်ရင်တော့ သူကလွှတ်လွယ်။

ဝန်ထမ်းက လျှောက်ကြည့်ထား၊ ဈေးတည့်တဲ့ အပင်တွေကိုမှတ်၊ ဘယ်ရက်ပိုင်းလောက် ပြန်လာခုတ်မယ် ပြောထားခဲ့ပေါ့။ တချို့အိမ်ရှင်တွေက တကြိမ်နဲ့ ဈေးမတဲ့ပေမယ့် နောက်မှ စိတ်လည်ပြီး ခုတ်ခွင့်ပေးတာတွေလည်း ရှိသယ်။

ဘုတ်ကိုင် ဘိုးတော်ကြီးက တန့်ဆည်ဘက်က။ ဒီဘိုးတော်လည်း ဒီဘုတ်ကိုင်နေရာရဘို့ ပိုက်ဆပ် တော်တော်ကုန်တယ်။ ထောင်ပိုင်ကြီးတော့ ဘယ်လောက်ပေးရလဲ မသိဘူး။ ကျွန်တော်တို့ လုပ်ငန်းက လွှတွေ၊ စို့တွေ၊ တူတွေ၊ ကြိုးတွေဆိုသာအားလုံး သူက စိုက်ဝယ်ရတာချည်းဘဲ။ ထောင်က ဘာမှ ထုတ်မပေးနိုင်ဘူးလေ”

“သြော် ဟုတ်လား….”

စံရက ကိုယ်ဘေးမှာ လူရှင်းနေရင် တချို့ကိစ္စတွေကို အရင်းအတိုင်း ဖေါက်သည်ချတတ်တယ်။

ခြေကျင်းနဲ့ဆိုတော့ မခက်ဘူးလား၊ ခြေကျင်းချွတ်ခိုင်းလို့ မရဘူးလား။ ထောင်က မယုံဘူးလား။ မင်းကကော ခြေကျင်းမရှိရင် ထွက်ပြေးမှာလား။ ဒီအတုပ်အနှောင်တွေနဲ့ သစ်ပင်တက်တာ ဘယ်လိုတက်လဲ။ အန္တရာယ်များလိုက်တာကွာ ”

သူဘယ်လိုဖြေမလဲနားထောင်၊      ကိုယ်ကလည်း မေးချင်တာတွေမေး။

“ဘယ်ပြေးမှာလဲ။ ဒီယာ၊ ဒီလယ်၊ ဒီသားမယား ပစ်ပြီး ၀ါးရမ်းပြေးဘ၀ ဘယ်အဖြစ်ခံမှာလဲ။ ဒါပေမယ့် ထောင်က ဘယ်ယုံမလဲ။ ထောင်က ဘယ်သူမှ မယုံဘူး။ ဘယ်သူမှ ခြေကျင်း ဖြုတ်မပေးဘူး။ ဒါကြီးနဲ့က အန္တရာယ်တော့ များသာပါ့၊ များလည်း စွန့်ရမှာဘဲ၊ … ဘဆိုင်းရေ။ ကိုယ်က လွတ်လပ်ချင်တာကိုး။ နောက် ငယ်ငယ်ကတည်းက ကျွန်တော်က အပင်တက် ၀ါသနာပါသယ်၊ ကျွမ်းသယ်။ စိတ်ထဲမှာသစ်ပင်ပေါ် ရောက်သွားရင် တမျိုးဘဲ၊ ကြည့်ရသာ အပျင်းပြေသယ်၊ မြင်ကွင်းကျယ် …. အဘရ။ အရသာ။ ကိုယ့်အိမ်သူရှိတဲ့ အရပ်လည်း လှမ်းမျှော်လို့ရသာပါ့။ … ဟဲ ….. ဟဲ ”

သူက ရယ်ကျဲကျဲပြောတယ်။

“အကြော်သည်တွေ၊ ပဲကြော်ကြော်တဲ့ လူတွေက ကျွန်တော်တို့ ပင်တိုင် ဖောက်သည်တွေလေ။ သူတို့ကလည်း ဒီထင်းလေးရှိမှ အလုပ်ဖြစ်သာ။ ဒါ ဘုတ်ကြပ်ဝန်ထမ်း အောက်ဆိုဒ် ၀င်ငွေပေါ့။ ၀န်ထမ်းက သူတို့နဲ့ နဲနဲညှိပြီး ကိုင်းဖျား ကိုင်းနားလေးတွေ ပယ်တယ်ဆိုပြီး ရောင်းသာပါ့။ ထောင်ပိုင် သိလို့တော့ ဘယ်ကောင်းမလဲ။ ကျွန်တော်တို့က အကြော်သည်တွေဆီ အကြော်မှာ၊ ယူလာတဲ့ အကြော်လေးတွေကို မက်သာ။ အလကား စားရသယ်လေ။ ထောင်ဟင်း၊ ထောင်ထမင်းက ဘဆိုင်းလည်း သိသား။ ဘယ်စားဖြစ်လို့လဲ။ နောက် အိမ်သူလိုက်လာရင် ကြာကြာလေး အဲဒီမှာ တွေ့လို့ရသယ်။  ၀န်ထမ်းကို ညနေတလုံးဖိုးပေးမယ် ပြောလိုက်။ တနေကုန်ပြောစမ်း ”

“ဟိုဟိုဒီဒီ လျှောက်သွားခွင့်ကော ပေးလား။ လျှောက်လည်လို့ရလား ”

“ဒါတော့မရဘူး …. ဘဆိုင်း၊ သတ်မှတ်ထားတဲ့ အလုပ်နေရာကနေ တခြားဝေးဝေး သွားခွင့်မပေးဘူး။ ထောင်ဝင် ထောင်ထွက်မှာလည်း ခြေကျင်းတွေကို အမြဲစစ်တယ်။ မသကာင်္ရင် ရပစ်ပြန်ရိုက်တတ်တယ်”

ခြေကျင်းဝတ်ကို သံကွင်းစွပ် အသေခတ်ချိန်မှာ အဆက်နေရာက အပေါက်တဲ့တဲ့ နေရာထဲကို စို့သံမှိုပျော့ တချောင်းထည့်။ ပေပေါ်တင် တူမကြီးနဲ့ထု ပြားပစ်တာကို ရပစ်ရိုက်တယ်လို့ ခေါ်ကြတယ်။ အဲဒီလို ခတ်ထားတဲ့ သံခြေကျဉ်းတခုကို စီမံထားတဲ့ ကိရိယာတန်ဆာပလာ မပါဘဲ ပြန်ဖြုတ်ဘို့ မလွယ်ပါ။ ပြားထားတဲ့ ရပစ်သံစို့ပေါ်ကို နောက်သံစို့ အမာစားတခုနဲ့ ပေပေါ်တင် (၁၀) ပေါင်တူလောက်နဲ့ ထုမှ ကျွတ်တယ်။ ခြေထောက်ကို အတော်အနာခံ ချွတ်ရတယ်။ တူထုတဲ့လူ တော်တော်ကျွမ်းမှ အနာသက်သာတယ်။ ဒီသံစို့ကျွတ်သွားပြီဆိုမှ ခြေကျင်းဝတ်က သံကွင်းကို ပြန်ဖြဲထုတ်လို့ရမယ်။  

“အရင်တခါ နိုင်ငံတော်လာတုန်းက ကျွန်တော်မပါလိုက်ဘူး၊ တချို့နှစ်ကြီး ချဲဆရာတွေကျ ကံကောင်းလိုက်တာ၊ ရောက်သာ ဘာကြာလိုက်လဲ၊ လွတ်သွားကြသယ်၊ နောက်ထပ်နိုင်ငံတော်ကလဲ မလာသေးဘူးလား …. ဘဆိုင်းရာ။ အဆောင်မှာတော့ လူတိုင်းက ဒါဘဲမျှော်နေကြသာ …. ဘဆိုင်းရ၊ ဘဆိုင်းတို့က ခန့်မှန်းတတ်ပါသယ်။ သိရင်ပြောပါဦး၊ အိမ်ပြန်ချင်လှပြီဗျ ”

“မျှော်တိုင်းလည်း လာတာမှ မဟုတ်တာကွာ၊ လာတော့လည်း နိုင်ငံတော်က …. “နိုင်ငံတော်ဘွာတေးတို့၊” “နိုင်ငံတော်အတုတို့” ဆိုတာတွေရှိသေး၊ ဒါမျိုးနဲ့ တိုးနေမှ ဟုတ်ပေ့ ”

“ဟာ …. ဘဆိုင်းကလဲ နောက်နေပြန်ပြီ၊ ခုမှ ပိုရှုပ်တယ်၊ ဘာပြောသာလဲဗျ “နိုင်ငံတော်ဘွာတေး” .. ဆိုတာ ”

ကျွန်တော်သည် မောင်စံရ ကို ပျင်းပျင်းနဲ့ ကလိချင် စချင်နေခဲ့သည်။

“ပြီးခဲ့တဲ့ နိုင်ငံတော်လာတုန်းက ဘဆိုင်း နံမည်လည်း ပါတယ်။ အဲဒီမနက် ထောင်ပိုင်ကြီးက တိုက်ကို အစောကြီးပေါက်လာပြီး ဦးဆိုင်း ခင်ဗျားအ၀တ်အစားတွေ သိမ်းထားတော့ ခင်ဗျားကို ဒီနေ့လွှတ်မယ် စာရင်းရထားပြီလို့ ပြောသွားတယ်။ တနေကုန် သူများ နာမည်တွေခေါ်၊ လွှတ်ပေးနေလိုက်တာ မင်းသိတာဘဲ၊ လွတ်နီးတွေ၊ ခိုးဆိုးခါးတွေ၊ ချဲဆရာကြီးတွေ အကုန် ပါသွားတယ်။  ညနေ ထောင်ပိတ်တော့ … ဘဆိုင်းက ကျန်ခဲ့ရော ”

“တကယ်လား အဘရာ စိတ်မကောင်းလိုက်သာဗျာ။ ကျွန်တော်ဆို ရူးသွားမယ် ထင်တယ် ”

“အဲဒီတုန်းက တတိုက်လုံးက ဘဆိုင်းလွတ်တော့မယ်ဆိုလို့ သူတို့ အိမ်တွေကို မှာစရာရှိတာတွေမှာကြ။ အဘပစ္စည်းတွေကိုလည်း တယောက်တမျိုး လာယူသွားလိုက်ကြတာ ကိုယ့်မှာ ညကျတော့ ခြုံစရာစောင်တောင် မကျန်ဘူး။ အားလုံးက ချစ်စနိုးနဲ့ ပြန်မပေးကြဘူးလေ။ အဘလည်း အိမ်ကလာမှ ပြန်ဝယ်ခိုင်းရတော့တယ်။ ထောင်ပိုင်ကြီးလည်း ဘဆိုင်းကို တော်တော် အားနာသွားတယ်။ နောက်မှ ဘဆိုင်းနာမည်ကို အထက်က စိတ်ပြောင်းပြီး ဖျက်ပစ်တာလို့သိရတယ်။  

အဲသာကို နိုင်ငံတော်ဘွာတေးလို့ ခေါ်သာကွဲ့ ကောင်လေးရ”

ကျုပ်က မောင်စံရကို အညာလေနဲ့ နောက်တောက်တောက် လေးရှုင်းပြတော့ မောင်စံရ စိတ်ညစ်သွားတယ်။ ကျုပ်လည်း အင်းစိန်က ကြုံဖူးတဲ့ “နိုင်ငံတော်အတုဆိုတာကို ဆက်ရှင်းပြတယ်။

“အင်းစိန်မှာ ကေအင်ယူ ရဲဘော်(၂၀)လောက် နှစ်ရှည်ကျနေတာ (၁၈) နှစ်လောက်ရှိတော့ ဗူးဝခေါ်သွား၊ လွှတ်မယ်လုပ်ပြီးမှ တိုက်ပြန်ခေါ်လာ၊ နောက်ထပ် (၄-၅) နှစ်ထပ်ချုပ်ထားတယ်။ တောထဲက ကေအင်ယူက လက်နက်မချလို့ အထက်က မလွှတ်နဲ့ဆိုလို့တဲ့။ အထဲက လူတွေကို မဲတာပေါ့။ ဦးဝင်းတင်ဆိုတဲ့ အဖိုးကြီးများ လွှတ်မယ်ဆိုပြီး ထောင်ဗူးဝအထိ ခေါ်ခေါ်သွား၊ ပြီးမှ ပြန်ပြန်တိုက်ထဲ ထည့်တာတွေ အကြိမ်ကြိမ်။ 

အဲသာကိုကျတော့ နိုင်ငံတော်အတုလို့ ခေါ်သယ်ကွယ့် မောင်စံရရဲ့

ဒီလိုနဲ့ အဲဒီနေ့က ဘုတ်သားလေး စံရလည်း နိုင်ငံတော်အကြောင်း ဆက်မမေးရဲတော့ဘဲ ပြန်တယ်။ သူ့အနာ ပျောက်တဲ့အထိစောင့်၊ တလကျော်လောက်ကျ စိတ်လိုလက်ရ ခြေကျင်းပြန်ရိုက်။ ထောင်ပြင်ကို ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်သွားပါတယ်။ ဒါပေမယ့် ၀န်ထမ်းတွေ လစ်ရင်၊ ဒါမှမဟုတ် သူပိုင်တဲ့ ၀န်ထမ်းက ကိုယ့်တိုက်မှာ တာဝန်ကျနေချိန်ဆိုရင်တော့ မကြာခဏ တိုက်ဝင်းထဲ ပြေးဝင်လာတတ်။ အကြော်လေးတွေ တခုတ်တရ လာပေးတတ်။ နိုင်ငံတော်သတင်း ဘာထူးလဲ မေးရတာလဲသူ့ခမျာ အမောပေါ့။

            “မင်းမလဲ ခြေကျင်းကြီး တချွင်ချွင်နဲ့ကွာ၊ …. ဘဆိုင်းတို့လို  ဒီဝင်းထဲ လာမနေချင်ဘူးလား စိတ်လွတ် ကိုယ်လွတ်ကလေး”   

ကျွန်တော်နောက်ကြည့်တယ်။

“မနောက်ပါနဲ့ ဘဆိုင်းရာ။ ခြေကျင်းလေးနဲ့ အပြင်ထွက်ရတာ အရသာ အဘရဲ့”

ခုချိန်ဆိုရင်တော့ မောင်စံရတယောက် လွတ်ရက်စေ့ပြီး တကယ်လွတ်ကောင်းပြီထင်ပါရဲ့။ ဒီနေ့ (၂၀၀၈) ဖွဲ့စည်းပုံကို လက်ခံပါတယ်၊ ရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာပါမယ်ဆိုတဲ့ ကတိလက်မှတ်နဲ့ ချည်တုတ်တာခံပြီးမှ တိုင်းပြည်အတွက် တကယ် ကြိုးစားဆောင်ရွက်ခွင့်ရတဲ့ ပုဂ္ဂိုလ်တချို့  မြင်တော့ ကိုစံရကို ဘာကြောင့်မှန်းမသိ၊ သတိရတယ်။ (၂၀၀၈) ဖွဲ့စည်းပုံကလည်း ထောင်နံရံကြီးတွေလို လူတွေကို လှောင်ပိတ်ဘို့ လုပ်ထားတာ။ ထောင်မှာ အုတ်ရိုးနား မရိုးမသား ကပ်တယ်ထင်တာနဲ့ ကင်းစင်က ပစ်ချခွင့် ရှိသလို (၂၀၀၈) ကိုလည်း ထိကပါး၊ ရိကပါး လုပ်ရင် တွေ့မတဲ့။ တနေကုန် မောင်စံရ အသက်စွန့် သစ်ပင်တက် ထောင်အကျိုးအတွက် ဘာတွေလုပ်ခဲ့လုပ်ခဲ့၊ နေကုန်ရင်တော့ ပြန်ဝင်လာခဲ့စမ်း။ ခုလဲဘာလုပ်လုပ် အချိန်တန်တော့ (၂၀၀၈) အုတ်ရိုးကို ကျော်လို့မရဘူး။  ရွေးကောက်ပွဲ ဥပဒေတွေဆိုတာကျပြန်တော့ မောင်စံရ ခြေကျဉ်းကို ရိုက်ပေးလိုက်တဲ့ ရပစ်တွေလို ခိုင်ပြန်ရော။ အနာမခံဘဲ ပြန်ဖြုတ်လို့ မရဘူး။ ရပစ်ခိုင်၊ မခိုင်ကလည်း အမြဲအစစ်ခံရမယ်။ ထင်းဘုတ်သားတွေရဲ့ သွားလာခွင့်တွေကို ဘောင်ကန့်ထားသလို မဲဆွယ်မဲလည် ကိစ္စနတွေကလည်း ကန့်ထားလိုက်တာ ဘောင်ကျဉ်းမှကျဉ်း။ ဘောင်မကျော်နဲ့။ အရွေးခံမယ့်လူကို အသနားခံစာ ရေးခိုင်းလို ရေးခိုင်း။ နေပြည်တော်ကို လာထားစမ်း။ ပြောချင်တာလေးတွေ တပတ်ကြိုခွင့်ပြုမိန့် တင်ထားစမ်း။ ထုတ်ချင်တဲ့စာလေးတွေ ပုံမနှိပ်ခင် အရင်ပြထားစမ်းတဲ့။

ထောင်မှာက စည်းဖေါက်ရင် နောက်နေ့ ဘုတ်သားဘ၀ ပြုတ်ပြီ၊ အပြင်ထွက်ခွင့် ပိတ်ပြီ။ ရွေးကောက်ပွဲ ၀င်မယ့် လူတွေလည်း ဒီလိုဘဲ။ တားမြစ်ထားတာတွေ ဘာမှမကျော်နဲ့ ဖြုတ်ပြီဘဲ။ လွှတ်တော်ထဲ ၀င်ကြဲမယ်ဆိုတဲ့ စိတ်ကူးတွေကတော့ မောင်စံရ သံခြေကျဉ်းနဲ့ သစ်ပင်ပေါ်တက်ပြီးမှ ရွာဘက် လှမ်းမျှော်ရသလောက်ဘဲ ဖြစ်မှာပါ။ ရွာကို တကယ်ဘယ်ရောက်မလဲ။ တချို့ပုဂ္ဂိုလ်တွေရဲ့ ရင်ထဲ အတွေးစိတ်ကူးတွေမှာ ကိုစံရ လွှဆွဲနေတုန်း သစ်ပိုင်းကို ဘယ်ရောက်အောင် ဘယ်လိုချမယ် ဘာနဲ့ လွတ်အောင်ချမယ်ဆိုတဲ့ စိတ်ကူးမျိုးလို တကယ်ရှိမှာပါ။ စိတ်ကူးတဲ့အတိုင်း ရောက်ပါ့မလား။ အမတ်ကိုယ်စားလှယ်လောင်း တင်ကတည်းက တချို့ပယ်ခံနေရတယ်၊ မယုံဘူးလေ။ လူတွေ သူ့ကို ထောက်ခံလိုက်မှာလား။ သူဝင်ရင် နိုင်သွားမလား စိုးရိမ်လို့ တမင်ပယ်တာပေါ့။ ဒါလဲ ထောင်မှာ ဘုတ်သား ရွေးသလိုပါဘဲ။ ထောင်က တကယ် အပြင်မထုတ်ရဲတဲ့ လူတွေမှ အပုံကြီး။ နယ်လှည့်တရား ဟောခွင့်၊ နိုင်ငံတော် တီဗီကနေ (၁၅) မိနစ်လောက် မျက်နှာပြခွင့်၊ စကားပြောခွင့်တွေကတော့ ကိုစံရတို့ရတဲ့ အကြော်စုံတွေနဲ့ တူနေတယ်။ လျှော့ပေါ့၊ ရှောင်ပတ်ရေးထားရတဲ့ ပါတီမဲဆွယ်တရားလေးတွေကိုတောင် အကြီးအကျယ်စစ်နေ၊ ပယ်ချနေတာတွေကတော့ ကိုစံရတို့ နေ့စဉ်ထောင်ကို အ၀င်၊အထွက်လုပ်တိုင်း ခြေထောက်ကို အသေရိုက်ထားတဲ့ သံခြေကျင်းတွေ ခိုင်၊မခိုင်စစ်တာနဲ့ တူတူနေသေးတော့။

(နိုင်ငံတော်ကို ပူးပေါင်း၊ တသက်လုံး အကျိုးပြုလာခဲ့ပြီး အသက် (၇၀) တန်းရောက်ခါမှ ထောင်ကျရ။ တခါ နိုင်ငံတော် လာဘို့ကို နေ့စဉ် မျှော်ခဲ့ရှာကြတဲ့ ရွှေဘိုနယ်က …… ဘိုးကင်း၊ ဘိုးထိန်မောင်၊ ဘိုးအောင်ရ … ဆိုတဲ့ တိုက်ထဲမှာ ရေစက်ဆုံခဲ့ရသော ကျေးရွာသူကြီး (၃) ယောက်သို့   ချစ်စနိုး အမှတ်တရ)

 

                                                                                ခွန်ဆိုင်း  (၂၅.၀၉.၂၀၁၀)