Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


ပန်းချီပေါ်ဦးသက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

ဗိန်းဗောင်းတိုက်သံကို ကြားလိုက်ရလျှင် ကျွန်ုပ်၏ ကိုယ်တွင် စွဲကပ်နေသည့် လက်ဝှေ့ဝါသနာပိုးသည် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လက်ဝှေ့မထိုးတတ်လင့်ကစား အရိုးအခြင်များ တောင့်တင်းလာ၏။ အသွေးအသားများ ဆူဝေလာ၏။ အနီ၊ အပြာခြယ် ကြိုးဝိုင်းထောင့်တို့တွင် နေရာယူထားသည့် ရိုးရာလက်ဝှေ့ကျော်တို့၏ ထီမထင်သော  မျက်နှာတို့ကို မြင်ယောင်မိသည်။ ယင်းတို့၏ လက်ပမ်းပေါက်ခတ်သံ တဖြောင်းဖြောင်းကို ကြားယောင်မိသည်။ ထို့ကြောင့် လုပ်လက်စအမှုကိစ္စတို့ကို ချောင်ထိုးထားခဲ့ပြီး ကြိုးဝိုင်းရှိရာဆီ အရောက်သွားခဲ့မိသည်မှာ အခါခါပင် ဖြစ်၏။ 

ဆိုင်းသံ ကျယ်ကျယ်လောင်လောင်၊ နှဲသံ စူးစူးဝါးဝါး၊ လက်ဝှေ့မှာ ဘုရင်၊ ယှဉ်ချင်လျှင် ထွက်ခဲ့၊ ပုဝါမကူ ရေမရှုကြေး၊ ကြိုက်ရာကိုရွေးဟဲ့ ကြောက်ရှုံး ကွဲရှုံး သက်လုံရှုံး၊ ရေကုန်ရေခန်း မကျန်၊ တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ထွက်ခဲ့စမ်း အစချီသည့် လက်ဝှေ့ကျော်တို့၏ ကြုံးဝါးသံကို ကြားလိုက်ရလျှင် လက်သီးလက်မောင်းတန်း၍ အာခေါင်ခြစ်ကာ အော်ဟစ်အားပေးမိသည်။

(၂)


ကျွန်ုပ်သည် ရာမညတိုင်းရှိ အပေါင်၊ ကျိုက်ထိုစသည့်မြို့ရွာတို့တွင် ကြီးပြင်းခဲ့သူဖြစ်ခြင်းကြောင့် ကိုယ်တွင်း၌ လက်ဝှေ့ပိုး စွဲကပ်နေသည်မှာ မဆန်းချေ။ အောက်ပြည်အောက်ရွာ သထုံခရိုင် အပေါင်၊ ဇင်းကျိုက်၊ ကော့ဘိန်း၊ ကော့ထင်း အစရှိသည့်ဒေသတို့သည်ကား လက်ဝှေ့ပွဲများ ထွန်းကားရာ အရပ်ဒေသများ မဟုတ်လော။ ထိုအရပ်ဒေသတို့တွင် လက်ဝှေ့ပွဲများကို တလင်းသိမ်းချိန်ရောက်သည့်နှင့် တပြိုက်နက် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ဘုန်းကြီးပျံ၊ ရှင်ပြု၊ ဘုရားပွဲ စသည့် ဘာသာရေးဆိုင်ရာ ပွဲတော်တို့တွင် လက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပသည်မှာ အစဉ်အလာပင် ဖြစ်၏။

စင်စစ် မြန်မာရိုးရာလက်ဝှေ့သည် တိုင်းရင်းသား လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်သော ကစားနည်းမဟုတ်ဘဲ၊ တိုင်းရင်းသားတိုင်း ဘုံအဖြစ် ပိုင်ဆိုင်သည့် ရိုးရာအမွေအနှစ် လက်နက်မဲ့ကိုယ်ခံပညာရပ်သာလျှင် ဖြစ်ချေသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ရှိခဲ့စဉ်က ရိုးရာလက်ဝှေ့သည် ထီးသုံးနန်းသုံး ကစားနည်းတစ်ခုအဖြစ် နေရာယူနိုင်ခဲ့သော်လည်း၊ ထီးကျိုးစည်ပေါက်ခဲ့ရပြီးနောက်တွင် မှေးမှိန်တိမ်ကော ခဲ့ရလေ၏။

ပင်းယခေတ်တွင် ထင်ရှားခဲ့သည့် သာသနာပိုင် အောင်စည်းခုံ သံဃရာဇာသည်  (အောင်စည်းခုံ သိင်္ခရာဇာ ဟုလည်း အဆိုရှိသည်။) ပြိုင်ဘက်ကင်းသည့် မြန်မာ့ လက်ဝှေ့ကျော်တစ်ဆူပင် ဖြစ်၏။ ပင်းယခေတ်တွင်သာမက အင်ဝခေတ်ရောက်သည်အထိ ကျော်စောထင်ရှားခဲ့သည့် မြန်မာ့လက်ဝှေ့ကျော် တစ်ဦးပင် ဖြစ်သည်။

အင်းဝမင်းခေါင်လက်ထက်တွင် အုန်းဘောင်စော်ဘွား (သီပေါစော်ဘွား) က လက်ဝှေ့အသတ်ကောင်းသော ရှမ်းကြီးတစ်ယောက်ကို အင်းဝသို့ ခေါ်လာပြီးလျှင် လက်ဝှေ့ယှဉ်ပြိုင် မော်ကွန်းတင်ကြအံ့ဟု မြန်မာမင်းအား ၀ံ့စားလာသည်။

ထိုစဉ်အခါက စစ်ကိုင်း၊ အင်းဝအရပ်တစ်ခွင်တွင် အုန်းဘောင်စော်ဘွား၏ လက်ဝှေ့ကျော်ရှမ်းကြီးအား ယှဉ်ပြိုင်သတ်ဝံ့သူ မပေါ်ခဲ့ချေ။ အ၀သားတို့ အရှက်ရလုဆဲတွင် အင်းဝမင်းခေါင်သည် မှူးမတ်အပေါင်းတို့နှင့် စည်းဝေးပြီး လက်ဝှေ့ကျော်ဟောင်း အောင်စည်းခုံ သံဃရာဇာကို စုံစမ်းရှာဖွေစေသည်။ မှူးမတ်အပေါင်းတို့က အောင်စည်းခုံ သံဃရာဇာသည် အိုမင်းလှပြီဖြစ်သဖြင့် အုန်းဘောင်စော်ဘွား၏ လက်ဝှေ့ကျော်ရှမ်းကြီးနှင့် ယှဉ်ပြိုင်ထိုးသတ်စေရန် မသင့်လျော်ကြောင်း လျှောက်တင်ကြ၏။ သို့သော်လည်း အင်းဝမင်းခေါင်းသည် ရှေ့တော်သွင်းရန်ကိုသာ မိန့်တော်မူသည် ဟူ၏။

အောင်စည်းခုံသံဃရာဇာကို မင်းချင်းတို့ ရှာဖွေတွေ့ပြီးသော် အင်းဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုအခါ သံဃရာဇာသည် မင်းပရိသတ်တို့အလယ်တွင် ဤသို့ဆိုလေသည်။ ငါသည် အထက်မင်းများ လက်ထက်တော်အခါက ပျိုရွယ်စဉ်ဖြစ်၍ လက်ဝှေ့ကို ကျော်စောရုံမျှသာ သတ်သည်။ ယခုကား ငါ၏ အသက် ၆၉ နှစ် ရှိလေပြီ။ ဤပွဲတွင် ပြိုင်ဘက်အား သေအောင်သတ်မည်ဟု ကြိမ်းဝါးလိုက်လေ၏။

ထိုအခါ မင်းနှင့်ပရိသတ်တို့က အသက်သေအောင် ထိုးသတ်ခြင်း မပြုပါလင့်၊ တော်ရုံတန်ရုံမျှသာ ထိုးသတ်ပါဟု တောင်းပန်ကြလေ၏။ ထို့နောက် စကားကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်တံခါးအရှေ့ ငါးတာခြားသည့် ကုန်း၌ လက်ဝှေ့ပွဲ ကျင်းပလေသည်။ လက်ဝှေ့ပွဲတွင် မင်းနှင့်တကွ မင်းညီမင်းသား စော်ဘွား စုံညီစွာ ရှုစားအားပေးကြသည်။

သံဃရာဇာနှင့် ရှမ်းကြီးတို့သည် လက်ဝှေ့မထိုးသတ်မီတွင် ကခုန်သီဆိုကြသည်။ လက်ဝှေ့ပွဲစသည်နှင့် တပြိုက်နက် သံဃရာဇာသည် ရှမ်းကြီးအား ခတ်သယောင်ပြုပြီး ခြောက်ကာလှန့်ကာ ညာလက်သီးဖြင့် ပြင်းစွာထိုးနှက်လိုက်လေရာ ထိချက်ပြင်းသောကြောင့် ရှမ်းကြီး၏မျက်နှာသည် အနောက်သို့ လည်ထွက်သွားလေ၏။

အုန်းပေါင်စော်ဘွားက သေသော်ပင် အမြင်ကောင်းသေးသည်။ ယခုသော် အမြင်မကောင်းပါတကားဟု ၀မ်းနည်းပက်လက် စကားဆိုရရှာသည်။ ထိုအခါ သံဃရာဇာသည် ရှမ်းကြီးအား ဘယ်လက်သီးတစ်လုံးဖြင့် ထပ်မံထိုးသတ်လိုက်လေရာ ၎င်းင်း၏မျက်နှာမှာ ရှေ့တွင် နေမြဲနေပြန်လေသည်။

ထိုအခြင်းအရာကို မြင်တွေ့ရသော မင်းပရိသတ်အပေါင်းက အံ့ဖွယ်သရဲ ရှိလှပေသည်ဟု ဆိုကြပြီးလျှင် သံဃရာဇာအား မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ်နှင့် ငွေတစ်ပိဿာ ဆုလာဘ်ပေး၍ ချီးမြှင့်ကြသည်ဟု မြန်မာ့သမိုင်းတွင် အဆိုရှိခဲ့ဖူးသည်။

ထိုမျှသာမကသေး ယခုအခါပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် လေးဆယ့်ငါးကျပ်တန်တွင် တံဆိပ်ခတ်နှိပ်ကာ မော်ကွန်းတင်အပ်သည့် ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးသည်လည်း လက်ဝှေ့ကျော်တစ်ဦးပင်ဖြစ်ပြီး ပထမကမာ်္ဘစစ်အတွင်း မက်ဆိုပိုတေးမီယား စစ်မြေပြင်၌် အသားမည်း နီဂရိုးစစ်သားတစ်ဦးကို မတရားအနိုင်ယူကာ ညှဉ်းဆဲသည့် မျက်နှာဖြူတပ်ကြပ်တစ်ဦးအား မြန်မာ့ရိုးရာ လက်ဝှေ့အတတ်ပညာကို ကျင်လည်စွာ အသုံးပြုပြီး ပညာပေးခဲ့ဖူးသေးသည်။

(၃)

အမနာပဆိုသူများက မြန်မာ့လက်ဝှေ့သည် အားကစားနည်းမဟုတ်၊ ကြမ်းတမ်းသည့် စီးချင်းထိုးပွဲ လူသတ်ပွဲဟု ပေါ့ပေါ့တန်တန် မှတ်ချက် ချတတ်သည်။ ယောက်ျားတိုင်းသည် အတိုင်းအတာအလျောက် ခွန်အား သတ်္တိနှင့် ပြည့်စုံကြမည်မှန်သော်လည်း စည်းဝိုင်းအလယ်တွင် တစ်ဦးချင်းရင်ဆိုင်ပြီး ယှဉ်ပြိုင်ကာ လက်ဝှေ့ထိုးသတ်ဝံ့သော သတ်္တိသည် လူတိုင်း မရှိနိုင်ပေ။ ပမာဆောင်ရသော် လူနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာတွင် ဒေါသအလျောက် ထိုးရဲသတ်ရဲ ရှိကြပေမည်။ သို့သော် ထိုသူနှစ်ယောက်အား ဒေါသပြေပျောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ထိုးသတ်စေပါက မထိုးသတ်ဝံ့ဘဲ ရှိကောင်း ရှိပေမည်။ ထို့ထက် စည်းကမ်းစနစ်ကျနစွာဖြင့် ထိုးသတ်ရသော လက်ဝှေ့ပွဲဆိုလျှင် ဝေးစွာပင် ရှောင်ရှားကြပေလိမ့်မည်။ လက်ဝှေ့ထိုးသတ်ခြင်းကား ထိုသို့ မဟုတ်မူပဲ သတိ္တဗျတ်္တိကို အခြေပြုပြီး ယောက်ျားတို့၏ စွမ်းရည်ကို ယှဉ်ပြိုင်သည့် အားကစားနည်း တစ်ရပ်သာလျှင် ဖြစ်သည်။

(၄)

ကျိုက်ထိုနယ်၊ ကင်မွန်းစခန်းကျေးရွာသည် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုန်းတန်ခိုးအာနုဘော်ကို အမှီပြုခြင်းကြောင့် လွန်စွာမှ စည်ကားသည့် ကျေးရွာကြီးတစ်ရွာဖြစ်၏။ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများ စခန်းချ နေနားရာဖြစ်ခြင်းကြောင့် အထူးပင် ထင်ရှားသည်။ 

ထိုကင်မွန်းစခန်းကျေးရွာတွင် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကြက်ပျံမကျ စည်ကားလှသည့် ကင်မွန်းစခန်း ကရင်နှစ်သစ်ကူး အာဝါဒေးပွဲမှာ ပဲခူး၊ သထုံ၊ ကျိုက်ထိုနယ် တစ်ဝိုက်တွင် အစည်ကားဆုံးသော ပွဲတော်တစ်ခုပင် ဖြစ်၏။

ထိုကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် လက်ဝှေ့ပွဲကို ထည့်သွင်းကျင်းပသည်မှာ အစဉ်အလာပင်ဖြစ်သည်။ ရေး၊ မုတ္တမ၊ အစင်၊ ပဲခူး စသောဒေသများမှ မွန်၊ ကရင်၊ ပသျှူးလက်ဝှေ့ကျော်များသာမက သာစည်၊ တွံတေး၊ ညောင်တုန်းနယ် ကြက်တူရွေးသောင် စသည့်ဒေသများမှ ရိုးရာလက်ဝှေ့သမားများပါ လာရောက် ဆင်နွဲသည့် လက်ဝှေ့ပွဲပင် ဖြစ်၏။

(၅)

ဘုရားပွဲတော်ကာလဖြစ်သောကြောင့် ကင်မွန်းစခန်းရွာတွင် လူသူစည်းကားလှသည်။ ပွဲခင်းအတွင်း ဗိန်းဗောင်းသံ ညံလေပြီ။ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် လက်ဝှေ့ကျော်တို့သည် ပွဲခင်းအတွင်း ဟိုသည်လျှောက်၍ ယှဉ်ပြိုင်ထိုးသတ်ဘက်ကို ရှာကြကုန်၏။ တက်သစ်စ လက်ဝှေ့သမားငယ်တို့သည်လည်း မိမိတို့၏အစွမ်းကို ပြသနိုင်ရန်အတွက် အသားကုန်ပြင်ဆင် အားမွေးကာ နေကြကုန်၏။

ယနေ့ညတွင် ယှဉ်ပြိုင်ထိုးသတ်ကြမည့် လက်ဝှေ့ကျော်များမှာ ပသျှူးပြန်ဝင်းနိုင်စိန်ဟု အမည်ရသည့် အစင်ရွာသားလက်ဝှေ့သမားနှင့် တွံတေး တောကြီးတန်းရွာသား စောသဲသဲတို့ပင် ဖြစ်သည်။ လက်ဝှေ့ကျော်နှစ်ဦးလုံးသည် ရိုးရာလက်ဝှေ့လောကတွင် အတန်အသင့် ထင်ရှားကြသူများပင် ဖြစ်၏။ ပသျှူးပြန်သည် ရေအပြည့်ဖြည့်ထားသည့် တိုင်ကီကို ခြေဖြင့်ကျောက်လျှင် တိုင်ကီ ဗိုင်းဗိုင်းလဲသည်ဟု ပြောစမှတ်တွင်အောင် ခြေခတ်သန်လှသူ တစ်ဦးဖြစ်သည်။ စောသဲသဲမှာမူ တက်သစ်စ လက်ဝှေ့ကျော်တစ်ဦးပင် ဖြစ်၏။ တက်သစ်စဆိုသော်ငြား ရှုံးပွဲမရှိဖူးသေး။ နိုင်ပွဲများသာ ဆက်တိုက်နွဲလာခဲ့သူ ဖြစ်သည်။ စောသဲသဲ၏ ပတ်တံတောင်သည် ထုံးမန်းရေမန်း ကြိုက်ရာကိုဆောင်၊ ထိလျှင်ကွဲ ဗိုင်းဗိုင်းလဲကာ မှောက်ရမည့် ပတ်တံတောင်၊ မိုးကြိုးသွားအလား ပြင်းထန်လှသည့် တံတောင်ပင် ဖြစ်၏။

(၆)

ရိုးရာလက်ဝှေ့ပွဲတို့၏ အစဉ်အလာအရ ပွဲကြီးများ မကျင်းပမီတွင် ကြားပွဲများ ထည့်သွင်း ကျင်းပ ရသည်။ ယခုလည်း ကြားပွဲများ ကျင်းပရန် လူစစ်ဆေးပြီး အဆိုင်းတွဲပေးနေသည်ကို တွေ့ရ၏။ ကြားပွဲများတွင် ၀င်ရောက်ဆင်နွဲကြမည့်သူများမှာ များသောအားဖြင့် ဆယ်ကျော်သက်များသာ ဖြစ်သည်။ ရန်ငြိုးရန်စကြောင့် မဟုတ်ဘဲ ၀ါသနာကို အရင်းခံ၍ ထိုးသတ်ကြမည့် လက်ဝှေ့ဝါသနာအိုးကလေးများပင် ဖြစ်ကြသည်။ လက်ဝှေ့သမိုင်းတွင် ကျော်ကြားခဲ့သည် သမန်းကျား၊ ဘနှစ် ကဲ့သို့သော လက်ဝှေ့ကျော်တို့သည်လည်း ဤကဲ့သို့သော ကြားပွဲများတွင် ၀င်ရောက်ဆင်နွဲရင်း၊ ပညာဆည်းပူရင်းနှင့် တဖြည်းဖြည်း အောင်မြင် ထင်ရှားလာပြီး လက်ဝှေ့သမိုင်းတွင် မှတ်တိုင် စိုက်နိုင်ခဲ့ကြသူများ ဖြစ်၏။ ယခု ကြားပွဲများတွင် ၀င်ရောက်ထိုးသတ်ကြသည့် လူငယ်များအနက်မှ သမန်းကျား၊ ဘနှစ်တို့ကဲ့သို့ ထင်ရှားကျော်ကြားသောများ မပေါ်ပေါက်ဟု အဘယ်သူဆိုဝံ့အံ့နည်း။

ယနေ့ညတွင် ကြိုးဝိုင်းဒိုင် အဖြစ် တာဝန်ယူဆောင်ရွက်မည့်သူများမှာ ထားဝယ်ဝင်းနိုင်နှင့် ကျိုက်ထိုသားဦးဂဠုန်တို့ ဖြစ်သည်။ ထားဝယ်ဝင်းနိုင်သည် သက်လတ်ပိုင်းကို ကျော်လွန်ခဲ့ပြီး သက်ကြီးပိုင်းသို့ ချဉ်းပြီဖြစ်၍ ၎င်း၏ ဆူဖြိုးလှသည့် ၀မ်းဗိုက်သည် ဖွားမြင်ခါနီး ကိုယ်ဝန်ဆောင်မိန်းမ၏ ၀မ်းကြာတိုက်နှင့် အလားသဏ္ဌာန် တူလှသည်။ သို့ဖြစ်လျှင် လျင်မြန် ဖျတ်လတ်ခြင်းနှင့် ကင်းပြီးလောဟု ဆိုဖွယ်ရာ ရှိသည်။ သို့သော် ထားဝယ်ဝင်းနိုင်သည် လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ကြိုးတန်းများအောက် ခေါင်းလျှိုဝင်ခြင်း မပြုဘဲ၊ ကြိုးသုံးတန်းလုံးကို ပေါ့ပါးစွာ ခုန်ပျံကျော်လွှားပြီး ၀င်ရောက်သွားသည်မှာ လွန်စွာ ကြည့်ကောင်းလှသည်။ လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ဖက်ရွက်ကလေးတစ်ရွက် ကျလာသည့်နှယ်။ ဖက်ရွက်ဟု ဆိုသော်လည်း မိုးဦးကာလ၌ အထူးရှင်သန်ကြီးပြင်သည့် ပိန်းကြာဖက်ကြီးသာ ဖြစ်ချေသည်။ ဦးဂဠုန်ကား ကွမ်းတမြုံ့မြုံလုပ်ရင်း ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်လာသည်။ ရိုးရာလက်ဝှေ့သမားကြီးပီပီ ပွဲခင်းကျင်းမှု နေရာကျနမှု ရှိမရှိကို စစ်ဆေးသည်။ ဆိုင်းဝိုင်းတွင် လူစုံတက်စုံ ရှိမရှိကို ကြည့်ရှုသည်။

ရိုးရာလက်ဝှေ့ပွဲ ကျင်းပရာတွင် ဆိုင်းဝိုင်းကို နေရာချထားမှုသည် လွန်စွာမှပင် အရေးကြီးလှသည့် အချက်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆိုင်းဝိုင်းနေရာ အထားမှားလျှင် အနာတရဖြစ်တတ်၊ လူသေတတ်သည်ဟု ယူဆသောကြောင့်ပင်တည်း။ များသောအားဖြင့် ဆိုင်းဝိုင်းကို တောင်အရပ်တွင် နေရာချထားလေ့ရှိသည်။ တောင်အရပ်တွင် မသင့်ပါမှ အရှေ့အရပ်တွင် နေရာချသည်။ အနောက်အရပ်၊ မြောက်အရပ်တို့တွင် နေရာချရိုး ထုံးစံမရှိချေ။ ထိုမျှသာမကသေး ကြိုးဝိုင်းဒိုင်တို့၏ နေရာယူမှုသည်လည်း ဆိုင်းဝိုင်း နေရာချထားမှုနည်းတူ များစွာ အရေးပါသည်။ ၀ိုင်းဒိုင်တို့သည် နဂါးလှည့် နတ်နေ လွတ်အောင် နေရာယူရသည်။ နဂါးလှည့် နတ်နေ မသင့်လျှင် လက်ဝှေ့ကျော်တို့ အနာတရ ဖြစ်တတ်သည်ဟု အစွဲအလမ်း ရှိသေးသည်။

(၇)

စတော်တိုက်သံကို ကြားရလေပြီ။

ရွှေပွဲလာ ပရိသတ်ကြီး ခင်ဗျာ .. ကနေ့ညမှာ အသည်းကောင်းလို့ ပွဲတောင်းကြသူတွေ မနည်းလှပါဘူး။ ပုဝါမကူ ရေမရှု စတမ်း၊ ရေကုန်ရေခန်း ထိုးသတ်ဖို့ ကျွန်တော်များ ဒိုင်လူကြီးများ ထံမှောက် လာရောက်ပြီး စာရင်းပေးသွင်း ကြတဲ့သူပေါင်း လက်ဝှေ့ဝါသနာရှင်ပေါင်း အယောက်နှစ်ဆယ်ကျော်ရှိပါတယ် ခင်ဗျ။

ဒီတော့ ကနေ့ညမှာ မိဘပြည်သူုများအနေနဲ့ လက်ဝှေ့ဝါသနာရှင်တို့ရဲ့ အံ့မခန်း အစွမ်းအစကို တ၀ကြီး ရှုစားရမှာ ဖြစ်ပါတယ်ခင်ဗျ။ ကြားပွဲဆိုပေမယ့် တအားခဲပြီး ထိုးသတ်ကြမှာမို့ အချိန်မဖြုန်းဘဲ တစ်အိမ်လုံး၊ အချိန်မကြာအောင် ထဘီမခါဘဲ အသည်းကောင်းသူများထိုးသတ်မယ့်ပွဲစဉ်ကို လာရောက် ချီးမြှင့်ရှုစားကြဖို့ တိုက်တွန်းအပ်ပါတယ် ခင်ဗျာ။ နောက်ကျရင်တော့ အပေါက်ဝကနေ လှည့်ပြန်ရမှာ ထုံးစံပါပဲ ခင်ဗျ ဟူသည့်ု ကြေညာဆော်သြသံကို ကြားလိုက်ရ၏။

ထိုဆော်သြသံကို ကြားရပြီးနောက် ပရိသတ်တို့သည် လက်ဝှေ့ရုံအတွင်းသို့ တရိပ်ရိပ်တက်လာသည့် ဒီရေလှိုင်းလုံးကြီးများအလား စုရုံးရောက်ရှိလာကြသည်။

ကြိုးဝိုင်ဒိုင်တို့ ဘုရားကန်တော့ခန်းဆင်၊ သမားစဉ်ဝါစဉ် တောင်းပန်၊ ပါးပုတ်တမ်းကစားပြီးနောက် ပွဲစလေ၏။ ဦးစွာ ဒိုင်လူကြီးများက ကြားပွဲတွင် ၀င်ရောက်နွဲကြမည့် တက်သစ်စ လက်ဝှေ့သမားတို့၏ အမည်များကို ဖတ်ကြားသည်။ ထို့နောက် ကြားပွဲတွင် ၀င်ရောက်ဆင်နွဲမည့် အဆိုင်းကို ဖိတ်ခေါ်လိုက်လေ၏။ ကြားပွဲတွင် ၀င်ရောက်နွဲမည့် လက်ဝှေ့ပဂေးတို့ ကြိုးဝိုင်းအတွင်းသို့ ကြွရောက်လာလေပြီ။ နှစ်ဦးလုံးမှာ ပုဆိုးဂွင်းသိုင်းဖြုတ်ခါစ အရွယ်မျှသာလျှင် ဖြစ်၏။

ဦးဂဠုန်သည် လက်ဝှေ့ကျော်နှပ်ချေးပေတလူးတို့ကို အရေးတယူပြုကာ ကြိုးဝိုင်း အနီထောင့်၊ အပြာထောင့် နေရာသတ်မှတ်ပေးသည်။ ဒဏ်ရာဟောင်းရှိမရှိကို ကြည့်ရှုသည်။ ယင်းတို့၏ လက်သည်းများကို စစ်ဆေးသည်။ လက်သည်းရှည်သည်ဟု ထင်လျှင် ညှပ်သည်။ ဆံပင်ရှည်ဟု ထင်လျှင် ဆံစတို့ကို ကပ်ကျေးဖြင့် ကိုက်ဖြတ်သည်။ ကြိုးဝိုင်းစည်းမျဉ်းတို့ကို ပြောကြားပြီးနောက် ဦးဂဠုန်သည် လက်ဝှေ့သမားငယ်နှစ်ဦးတို့နှင့် ပရိသတ်ကို မိတ်ဆက်ပေးလေ၏။

နှစ်ဦးလုံး ကျိုက်ထိုနယ်သားများ ဖြစ်ကြ၏။ တစ်ဦးမှာ ပျဉ်းမစခန်းရွာမှဖြစ်ပြီး တိုးပွား ဟု အမည်ရသည်။ ကျန်တစ်ဦးမှာမူ ဖက္ကလိပ်ကျေးရွာသား ဖြစ်ပြီး၊ မောင်ကျော်မင်း ဟူ၏။ ဦးဂဠုန်သည် မောင်ကျော်မင်းဟူသည့် အမည်သည် ကြိုးဝိုင်းအမည်အဖြစ် ခေါ်တွင်ရန် မသင့်ဟု ယူဆသောကြောင့် က ခ ဂ ဃ င ဟု အစချီပြီးလျှင် အကြင် မောင်ကျော်မင်းအား ကျားကြီးဟု အမည်သညာ ခေါ်တွင်စေသည်။ သို့ဖြင့် မောင်ကျော်မင်းသည် လူဘ၀မှ ကျားဘ၀သို့ အရှင်လတ်လတ် ဘ၀ပြောင်းရတော့သည်။

ရွှေပွဲလာ ပရိသတ်ကြီး ခင်ဗျာ အခုကြားပွဲမှာ ၀င်ရောက်ထိုးသတ်မယ့် လက်ဝှေ့ဝါသနာရှင် နှစ်ဦးကတော့ ပျဉ်းမစခန်းရွာသားကလေး တိုးပွားနဲ့ ဖက္ကလိပ်ကျေးရွာက တက်သစ်စ လက်ဝှေ့သမား ကျားကြီးတို့ ဖြစ်ပါတယ် ခင်ဗျာ။ အခုကြားပွဲမှာ တိုးပွားကပဲ ထိုးအားကောင်းကောင်းနဲ့ အနိုင်ပိုင်းလေမလား၊ ဒါမှမဟုတ် ဖက္ကလိပ်သား ကျားကြီးကပဲ တအားတီး လေမလားဆိုတာကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ် ခင်ဗျ။ တိုးပွားနဲ့ ကျားကြီး .. ကျားကြီးနဲ့ တိုးပွား .. အသည်းကောင်းသူတွေ ထိုးသတ်ကြမှာမို့ မျက်တောင်မခတ်စတမ်း အားပေးရှုစားတော်မူကြပါဦး ခင်ဗျာ။ အသည်းကောင်းလို့ ပွဲတောင်းတဲ့ တိုးပွားနဲ့ ကျားကြီး၊ ကျားကြီးနဲ့ တိုးပွား။ အက်ကိုးတင်ထားသော ကျောက်စက်၏ တန်ခိုးကြောင့် ကျားကြီးနဲ့ တိုးပွား ဟူသော အဆုံးသတ် စကားသံသည် ပွား ပွား ပွား ပွား ပွား ဟု ရိုက်ခြုန်းမြည်ဟီးပြီးလျှင် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနေသော ကင်မွန်းစခန်းတစ်ရွာလုံးကို လွှမ်းခြုံလိုက်လေ၏။

တိုးပွားနှင့် ကျားကြီး နှစ်ဦးလုံးသည် လက်ဝှေ့ပွဲနွဲကြမည့်သူများဖြစ်လင့်ကစား သောင်းသောင်းဖြဖြ အားပေးနေကြသော ပရိသတ်အရှိန်၊ ခမ်းနားလှသည့် ကြိုးဝိုင်းကြီးဟူသည့် အရှိန်၊ မီးရောင်ရှိန် စသည့် အရှိန်တို့ကြောင့် ကြောက်ဒူးတုန်သလိုလို ဖြစ်နေကြဟန်တူသည်။ တွန့်ဆုတ် တွန့်ဆုတ် လုပ်ကာ နေကြသည်။ ဆိုင်းဝိုင်းမှ ဗိန်းဗောင်းတိုက်သံသည် ယင်းတို့၏ ကြောက်စိတ်တို့ကို ပယ်ရှားလိုက်လေ၏။ လင်းကွင်းသံသည် ယင်းတို့၏ စိတ်ကို တက်ကြွစေသည်။ နှဲသံသည် အနီအပြာခြယ်သထားသည့် ကြိုးဝိုင်းအလယ်တွင် သင်တို့၏ ယောက်ျားအစွမ်းကို ပြလော့ဟု တိုက်တွန်းနေသည့် အလား။

ထိုး ဟူသည့် ထားဝယ်ဝင်းနိုင်၏ ဒိုင်လွှတ်သံအဆုံးတွင် လက်ဝှေ့သမားနှစ်ဦးလုံး ခေါင်းတခါခါ၊ ခြေဆန့်ချည် လက်ဆန့်ချည်ပြုပြီး ထိုးသတ်ရန် ပြင်ဆင်ကြသည်။ မီးရောင်အောက်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကျားချောင်းချောင်းပြီး ထိုးသတ်ကွက် ရှာကြသည်။ ကျားကြီးသည် တိုးပွားထက် ဒေါင်အနည်းငယ်ပို၍ ကောင်း၏။ သို့သော် တိုးပွားသည် အလုံးအဖန် တောင့်တင်းကျစ်လစ်သောကြောင့် ထိုကွာခြားချက်မှာ မပြောပလောက်ပေ။ တိုးပွားသည် ကျွဲပေါက်နှင့် အလားသဏ္ဍာန်တူပြီး၊ ကျားကြီးမှာမူ ကျားကြီးဟူသော အမည်နှင့် လိုက်ဖက်အောင် ကျားကျားလျားလျား ရှိလှပါပေသည်။

အပြန်အလှန် ထိုးကွက်ရှာနေကြရာမှ တိုးပွားသည် ဘယ်ခြေကို ရုတ်ခြည်ကြွပြီး ခတ်မယောင်ပြု၏။ ကျားကြီးကလည်း လျှင်မြန်စွာ နေရာပြောင်း၍ ဘယ်ခြေကို ညာဒူးဖြင့် ကာရန်     ပြင်၏။ ထိုအခိုက် တိုးပွားသည် ဘယ်ခြေဖြင့် မကျောက်တော့ဘဲ ညာဖြောင့်လက်သီးတစ်လုံးကို လျှင်စွာ လွှတ်၏။ တိုးပွား၏ ညာဖြောင့်လက်သီးကို ကျားကြီး မရှောင်နိုင်ဖြစ်လေရကား လက်သီးနှင့် မျက်နှာ မိတ်ဆက်သံ ဖြောက်ခနဲ ကြားလိုက်ရသည်။ မျက်နှာနှင့် လက်သီး သစ္စာနှံသော်ငြား ချက်ကောင်းကို ထိမိဟန်မတူချေ။ ကျားကြီးသည် ကိုယ်ကိုယို့၍ အနောက်သို့ အသာတိမ်း၏။ တိုးပွားသည် ဘယ်ညာပေါက်လက်သီးများဖြင့် တရစပ် ထိုးသတ်သည်။

ကျားကြီးကလည်း ပူးကပ်ထိုးသတ်လာသော် တိုးပွားကို လူချင်းခွာ၍ ရှောင်တိမ်းပြီးလျှင်၊ မိုးသီးမိုးပေါက်အလား ကျရောက်လာသည့် ဘယ်ညာထိုးချက်များကို ကာကွယ်လေသည်။ လူချင်းပူးကပ်ရာမှ ခွာ၍ထွက်ရာတွင် ၀ိုက်လက်သီး ကျွဲခတ်ခြေဖျားရိုက်နည်းဖြင့် တန်ပြန်ထိုးသတ်လိုက်သည်။ ချက်ကောင်းကို ထိမိဟန် တူသည်။ တိုးပွား ချာခနဲ ဖြစ်သွား၏။ ဆက်မလိုက်နိုင်တော့ပေ။ ထိုအခိုက် ဟိုး ဟူသည့် ဦးဂဠုန်၏ ဖျဉ်သံကိုကြားရသည်။ လက်ဝှေ့သမားနှစ်ဦးလုံးကို ပြန်လည် ရင်ဆိုင်စေသည်။ လွှတ်မယ် ထိုး ဟူသည့် အသံအဆုံး၌ လက်ဝှေ့သမားနှစ်ဦးသည် ပူးတုံ့ ခွာတုံ့ပြုကာ ထိုးသတ်ကြလေ၏။ လက်ဝှေ့သမားငယ်တို့သည် ငယ်ပင်ငယ်သော်ငြားလည်း သေသပ်ကျနစွာ ထိုးသတ်တတ်သည်။ ယင်းတို့သည် မြန်မာ့ရိုးရာ လက်ဝှေ့ထိုးနည်း သတ်ကွက်များကို ကောင်းစွာ လေ့ကျင့်ထားသူများ ဖြစ်ကြောင်း သိမြင်နိုင်သည်။ ဤသို့ ထိုးသတ်ကြရင်းနှင့်ပင် ပထမအချီ အပြီးသတ်ခြင်းသို့ ရောက်လေ၏။

(၈)

အပေါင်းအဖော်တို့သည် ယင်းတို့၏ သူငယ်ချင်းတို့ကြောင့် များစွာ ဂုဏ်ယူနေကြဟန် တူသည်။ ယင်းတို့၏ ငယ်ပေါင်း နှပ်ချေးပေတလူး လက်ဝှေ့ပဂေးကြီးများကို သံပုရာသီး ပေးသူပေး၏။ ရေခဲကပ်သူ ကပ်၏။ ယိုးဒယားပြည်ဖြစ် မွှေးပွတဘက်ကြီးများဖြင့် ယပ်ခတ်ပေးသူလည်း ရှိ၏။ ထိုအခိုက် အမယ်အိုကြီးတစ်ယောက်သည် ရောက်ရက်ခတ်နေကြသော လူစုကြားသို့ တိုးဝင်လာပြီးလျှင် ဖက္ကလိပ်ရွာသားကျားကြီးနေရာယူရာ ကြိုးဝိုင်းအပြာထောင့်သို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ စပ်စုလိုသောစိတ်ကြောင့် ကျွန်ုပ်သည် ထိုင်ရာမှ ထ၍ ကြိုးဝိုင်းအနားသို့ အသာကပ်သွားမိသည်။

ထိုအမယ်ကြီးသည် ကြိုးဝိုင်းထောင့်သို့ ရောက်လျှင် ဟင် ကြည့်စမ်း ကြည့်စမ်း မအေအိုကြီးကို လိမ်တဲ့ သားမိုက် ငါ့ကို ပြောတော့ ကြိုးဝိုင်းအနားကို ယောင်လို့တောင် မသွားပါဘူးဆို ဟင် ငါ့မျက်ရည်ကျတာကို နင် တော်တော်မြင်ချင်နေလား ဟဲ့ ကျော်မင်း ဟဲ့ ဖြေစမ်း ဟု ဆူပူုကြိမ်းမောင်းကာ ကျားကြီး၏ အရှိုက်ကို စကားလက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုမျှမကသေး အမယ်အိုကြီးသည် နင့် ဖအေခြေရာကိုနင်းပြီး ငါ့ မျက်ရည်ကျအောင် လုပ်မလို့လား ဟု တစ်ခွန်းတောသည်။ ကျားကြီးတစ်ဖြစ်လဲ ကျော်မင်းသည် အမေအိုကြီး၏ ရှေ့မှောက်တွင် ကျားအဖြစ်မှ ရွေ့လျောပြီး အိမ်မွေးကြောင်ကြီးပမာ ဖြစ်သွားလေသည်။ ပြင်းစွာထိုးနှက်လိုက်သည့် စကားသံတို့ကြောင့် ကြောင်ကျားကြီး ငိုင်ခနဲ ဖြစ်သွားသည်။ ဆွံ့အသူအလား စကားတစ်ခွန်းမျှပင် မဆိုနိုင်။

အမယ်အိုကြီး၏ ဒေါသသည် အကူလူ၊ ၀ိုင်းထောက် အစရှိသည့် သူငယ်အပေါင်းအပေါ်သို့ ဆက်လက်ဖြန့်ကျက်ပြန်သည်။ နင်တို့တတွေကလည်း တစ်ကျိတ်တည်း တစ်ကြံတည်းပဲ။ ငါ့ မျက်နှာကိုမှ မထောက်ထားကြဘူး။ အမေအိုကြီးကို မသနားကြဘူး။ ကိုယ့်သူငယ်ချင်းကို တားမယ် ဆီးမယ် မရှိဘူး။ သေလမ်းရောက်အောင် မြှောက်ပင့်ပေးကြတယ်ဟု မြည်တွန်တောက်တီးပြန်သည်။

(၉)

ထိုအခိုက် ကဲ အစန်းရယ် ပြောမနေပါနဲ့ကွာ။ ကလေးကလည်း ၀ါသနာ တယ်ကြီးတာကို မင်း အသိသားနဲ့ဟု လေပြည်ထိုးသံကို ကြားလိုက်ရ၏။ အလို စောသာထူး။ သြော် စောသာထူးလည်း အဘိုးအိုပေါက်စ ဘ၀ကို ရောက်ချေပြီပဲ။ လက်စသတ်တော့ ကျားကြီးဆိုတာ ကိုသာထူးရဲ့ သား ဖြစ်နေပါကလားကရို့။

စောသာထူးသည်ကား ကျိုက်ထိုနယ် ဖက္ကလိပ်ကျေးရွာမှ ရိုးရာလက်ဝှေ့ကျော်ဟောင်း တစ်ဦးဖြစ်၏။ ပျိုရွယ်စဉ်ကာလက အထူးပင် ကျော်ကြားခဲ့ဖူးသူ၊ အောက်ခရိုင်တ၀ိုက်တွင် အောင်လံစိုက်ခဲ့သူ လက်ဝှေ့ကျော် တစ်ဦးပါပေ။ အလံလုပွဲပေါင်းများစွာ ဆင်နွဲခဲ့သူ ဖြစ်၏။ ကျော်ကြားစဉ်အခါက သထုံ ရွှေစာရံဘုရားပွဲ လက်ဝှေ့ရုံတော်ကြီး၏ ရုံစောင့်လက်ဝှေ့ကျော်အဖြစ် နှစ်အလီလီ ကြာညောင်းသည့်တိုင်အောင် လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။

ရုံစောင့်ဟူသည်ကား လက်ဝှေ့ရုံကို စောင့်ကြည့်ရသူ မဟုတ်ချေ။ ရိုးရာလက်ဝှေ့စနစ်တွင် ထိုဘွဲ့နာမသည် လွန်စွာထူးချွန်၍ ပထမအလံဆွတ်ခူးရရှိသူတို့သာ ရရှိနိုင်သော ဘွဲ့နာမပင် ဖြစ်သည်။ ရုံစောင့်ဘွဲ့သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ ရှေးအခါက ဒေသတစ်ခု၊ ပွဲတော်တစ်ရပ်တွင် များသောအားဖြင့် လက်ဝှေ့ပွဲကို တစ်နှစ်တစ်ကြိမ် ထည့်သွင်းကြသည်။ ထိုလက်ဝှေ့ပွဲတွင် ပထမ အောင်လံကို ဆွတ်ယူနိုင်သူတို့အား ရုံစောင့်ဘွဲ့ကို ချီးမြင့်သည်။ ရုံစောင့်ဘွဲ့ရသူသည် နောက်နှစ် လက်ဝှေ့ပွဲကျင်းပချိန်တွင် လက်ဝှေ့ရုံရှိရာသို့ ရောက်အောင်လာပြီး ယှဉ်ပြိုင်ထိုးသတ်လိုသူတို့အား ခုခံထိုးသတ်ရသည်။ အောင်လံကို ဆက်လက် ဆွတ်ခူးနိုင်ပါက ရုံစောင့်ဘွဲ့ကို ဆက်လက် ခံယူနိုင်ပြီး၊ ရှုံးနိမ့်လျှင် သို့မဟုတ် လက်ဝှေ့ပွဲသို့ လာရောက်ယှဉ်ပြိုင် ထိုးသတ်ခြင်း မပြုလျှင် ထိုရုံစောင့်ဘွဲ့ကို အခြားသော လက်ဝှေ့ကျော်တို့အား လွဲပြောင်းပေးအပ်ရသည်။

စောသာထူး ပျိုရွယ်စဉ်က ဆိုခဲ့ဖူးသော အောက်ခရိုင်တစ်ဝိုက်မှာ ကျောက်တိုင်စိုက်မယ့် စောသာထူး၊ ပွဲတွေ့မရှောင်၊ ကွမ်းမန်း မစား၊ ထုံးမန်း မမျို၊ ရေမန်း မသောက်၊ ပီးဆေးလည်း မဆောင်ဘူး၊ နိုင်ငံတ၀ှမ်း လက်ဝှေ့စွမ်းပြခဲ့သူမို့ လူစွမ်းကောင်းမှန်ရင် တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ကဲ ၀ိုင်းထဲကို ၀င်ခဲ့စမ်း၊ အောင်ဘာလေမဲမနှိုက် ကြိုက်ရာလူတက်ခဲ့ချေ အောင်လံချိုးပြီး ခါးထိုးပြန်မယ် ဟူသည့် လက်ဝှေ့ကြိမ်းသည် ကျွန်ုပ်တို့ ကလေးတစ်သိုက်၏ ပါးစပ်ဖျားတွင် အထူးပင် ရေပန်းစား ခဲ့ဖူးသေးသည်။ အောင်လံချိုးပြီး ခါးထိုးပြန်မယ် ဟူသော စကားအတိုင်း စောသာထူး၏ နိုင်ပွဲများတွင် ဆွတ်ခူးရရှိသည့် အောင်လံကို တစ်ဝက်ချိုးပြီး ခါးတွင်ထိုးကာ လက်ဝှေ့ရေးပြနေပုံများကို မြင်ယောင်မိသည်။

စောသာထူး၏ လက်ဝှေ့ရေးပြဟန်သည် လက်ဝှေ့ထိုးသတ်ဟန်နှင့် မတူ၊ ကရင်ဒုံးကဟန်အတိုင်း ကပြကာ လက်ဝှေ့ရေးပြသခြင်း ဖြစ်ပြီး ယင်းလက်ဝှေ့ရေးပြဟန်ကို များစွာသော ပရိသတ်တို့ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြရသည်။ ထိုကဲ့သို့ ကျော်ကြားခဲ့သော လက်ဝှေ့ကျော်ကြီးသည် အိမ်ထောင်ရက်သားကျပြီးနောက် ကြိုးဝိုင်းကို ကျောခိုင်းသွားခဲ့လေတော့၏။

သို့သော် လူမှာ အမျိုး၊ ကြက်မှာ အရိုး ဟူသည့် စကားအတိုင်း စောသာထူး၏ သားသည် ကျားကြီးဟူသော အမည်ဖြင့် ကြိုးဝိုင်းထက်သို့ တက်လာလေပြီ။ သို့သော် မိခင်ဖြစ်သူသည် သားငယ် လက်ဝှေ့ယှဉ်ပြိုင်သည်ကို နှစ်မြိုဟန် မတူ။ စောသာထူးကမူ သားငယ်၏ ၀ါသနာကို တားဆီးလိုပုံ မရ။ သို့ဖြင့် လက်ဝှေ့သမားငယ်၊ မိခင်နှင့် ဖခင်တို့ ဗျာများနေကြခိုက်တွင် ထားဝယ်ဝင်းနိုင်၏ အကူလူ ဆင်းမယ်။ ၀ိုင်းထောက် ဆင်းမယ်။ ဒုတိယအချီပြန်စမှာမို့ လက်ဝှေ့သမားများ အသီးသီး နေရာယူပေးကြပါ ဟု အောင်မြင်ခံ့ညာစွာ သတိပေးလိုက်သံကို ကြားလိုက်ရသည်။ အတော်ပင် ရုန်းရင်းဆံခတ် ဖြစ်သွားသည်။ မိခင်ဖြစ်သူက လက်ဝှေ့သမား သားငယ်ကို ကြိုးဝိုင်းပြင်မှ ဆွဲထားသည်။ စောသာထူးက ချစ်ဇနီးကို တားဆီးသည်။ လက်ဝှေ့သမားငယ်သည် ထိုင်ရာမှ ထ၍ မရဘဲ ကုန်းကုန်းကွကွဖြင့် အတော်ပင် နေရာမကျ ဖြစ်နေလေ၏။

အစန်းရယ် ဒီတစ်ပွဲတော့ ထိုးခွင့်ပေးလိုက်ပါကွယ်။ နောက်ပွဲတွေ မထိုးရင် ပြီးတာပဲ မလား။ အစ်ကို ကလေးကို ကြည့်ပြောပါ့မယ် ဟု အဘိုးအိုစောသာထူးက တိုးလျှိုးသည်။ ထိုတောင်းပန်သံကို ကြားလျှင် အကြင်အစန်း ဟူသော အမယ်အိုကြီးသည် လင်တော်မောင်ကို နှုတ်လှံထိုးအံ့သောငှာ နောက်သို့လှည့်၏။ ထို့နောက် ရှင် လျှာအရိုး မရှိတိုင်း လျှောက်ပြော မနေနဲ့။ နောင်လည်း မထိုးရဘူး။ အခုလည်း မထိုးရဘူး။ ကျုပ်သားလေး အနာတရ ဖြစ်မှာ ကျုပ် မကြည့်ရက်ဘူး။ ကျုပ်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာ။ ရှင့်လို ပစ်ပစ်ခါခါ မပြောနိုင်ဘူး ဟု ဆိုလိုက်လေ၏။ ယင်းသို့ဆိုခိုက်ဝယ် သားငယ်၏ ခါးဝတ်ကို ဆွဲကိုင်ထားသော အမယ်အို၏ လက်သည် ပြေလျော့သွားလေ၏။ ကျားကြီးသည် ထိုအချက်ကို အခွင့်ကောင်းယူ၍ အမေရယ် ဒီတစ်ပွဲတည်းထိုးမှာပါဗျာ နောက်မထိုးရင် ပြီးတာပဲမလား ဟုဆိုပြီးလျှင် အမေအို၏ လက်တွင်းမှ လွတ်အောင်ရုန်း၍ ကြိုးဝိုင်းအလယ်တွင် နေရာယူလိုက်လေသတည်း။ 


(၁၀)

ကြိုးဝိုင်းအတွင်း၌ တိုးပွားနှင့် ကျားကြီးတို့၏ လက်ဝှေ့ပွဲ၊ ကြိုးဝိုင်းပြင်ပ၌ အမေအိုနှင့် လက်ဝှေ့သမားအိုကြီးတို့၏ လက်ဝှေ့ပွဲ၊ ပေါင်းလက်ဝှေ့ပွဲ နှစ်ပွဲ အသီးသီး ကျင်းပလေ၏။ ရွှေပွဲလာ ပရိသတ်တို့ကား တပြိုင်တည်း ကျင်းပသည့် လက်ဝှေ့ပွဲနှစ်ပွဲကို တ၀ကြီး ရှုစားကြရသည်။

ဒုတိယအချီ လွှတ်သည်နှင့် တပြိုက်နက် တိုးပွားသည် ဘယ်ညာလက်သီးတို့ကို မိုးသီးမိုးပေါက်များအလား တရစပ် လွှတ်၏။ ကျားကြီးကလည်း ရှောင်၏။ တိမ်း၏။ ရံဖန်ရံခန်တွင် တိုးပွား၏ ဟာကွက်ကို ရှာပြီး ချက်ကောင်းသိပ်သည်။ လူချင်းပူးကပ်မိလျှင် တိုးပွားသည် ကျားကြီး၏ လည်ကုပ်ကို တံတောင်ဆစ်ကွေးတွင် ပူးညှပ်ချုပ်ကိုင်ပြီး၊ အောက်နှိမ့်ဆွဲချကာ ရင်ညွန့်၊ ရင်အုံ၊ မျက်ခွက်၊ မေးစေ့၊ လည်စေ့၊ ဗိုက်အရှိုက်တို့ကို ဒူးဖြင့် ပင့်၍ ပင့်၍ တိုက်သည်။ ကျားကြီးကလည်း တိုးပွား၏ မြောက်တက်လာသော ဒူးအစုံကို တံတောင်ဖြင့် တွတ်သည်။ ပေါင်ကြောသားတို့ကို ထောင်းသည်။

ထိုအခိုက်အတန့်အတွင်း၌ ကြိုးဝိုင်းပြင်ပရှိ လက်ဝှေ့ဝိုင်းသည် များစွာသော ပရိသတ်တို့၏ သြဘာပေးခြင်းကို ခံယူနေလေ၏။ အမယ်အိုသည် သားဇောကြောင့် အိမ်ဦးနတ်စောသားထူး၏ ဆံပင်ကိုဆွဲသည်။ စောသာထူးက မရှောင်။ အဆွဲခံသည်။ အမယ်အိုသည် စောသာထူး၏ ဆံပင်ကို ဆွဲကာမျှနှင့် မကျေနပ်သေး။ မျက်စိကို နှိုက်သည်။ စောသာထူးသည် အမယ်အို၏ လက်အစုံကို ညင်သာစွာ ချုပ်ကိုင်လိုက်သည်။ ထိုအခါ အမယ်အိုသည် ဟင် ယောက်ျားရင့်မာကြီး ဖြစ်ရက်နဲ့ ငါ့လက်ကို ချုပ်ထားတယ်။ လွှတ် အခုလွှတ်။ ငါ့ အသားကို မထိနဲ့ ဟု ဟစ်၏။ စောသာထူးလည်း မည်သို့မျှ မဆိုနိုင်။ အမယ်အို၏ စကားကို နာခံပြီးလျှင် ချုပ်ကိုင်ထားသောလက်တို့ကို လွှတ်လိုက်သည်။ ပြီးလျှင် ကိုယ်ကို နောက်သို့ ယို့ပြီး ငြိမ်သက်စွာ နေလေ၏။ သို့ရာတွင် သားဇောကပ်နေသည့် ကျားရဲမကဲ့သို့ ဒေါသမာန်ဟုန် ပြင်းထန်နေသည့် အမယ်အိုသည် ထပ်မံ သတ်ပုတ်အံ့သောငှာ အိမ်ဦးနတ်ကြီး၏ အပါးသို့ ချဉ်းကပ်လာပြန်သည်။ 

ပရိသတ်တို့ကား ကြိုးဝိုင်းအတွင်းမှ လက်ဝှေ့ပွဲကို မရှုစားနိုင်ဘဲ ကြိုးဝိုင်းပြင်ပမှ လက်ဝှေ့ပွဲကိုသာ အထူး အားပေးကြကုန်၏။ ပရိသတ်မဆိုထားဘိ။ ကြိုးဝိုင်းဒိုင်လုပ်သူ ဦးဂဠုန်နှင့် ထားဝယ်ဝင်းနိုင်တို့ပင်လျှင် ကြိုးဝိုင်းအတွင်းမှ လက်ဝှေ့ပွဲကို တော်စွလျော်စွလုပ်ပြီးလျှင် စောသာထူးနှင့် အမယ်အိုတို့၏ လက်ဝှေ့ပွဲကို ပြုံးဖြီးဖြီး မျက်နှာထားဖြင့် အားပေးကြလေ၏။ 

စောသာထူးသည် ၀ိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြောင့် ရှက်ရွံ့မိသလိုလို ဖြစ်လာ၏။ ထို့ကြောင့် အနားသို့ ချဉ်းကပ်လာသော အမယ်အိုကို ၎င်းင်း၏ သန်မာလှစွာသော လက်မောင်းကြီးဖြင့် ညင်သာစွာ ထွေးပွေ့ချုပ်နှောင်လိုက်လေ၏။ ပရိသတ်အားလုံး အထူးပင် ပွဲကျသွားလေ၏။

အမယ်အိုကြီးသည် ၎င်းအား ရစ်ပတ်ထားသည့် စောသာထူး၏ လက်မောင်းအစုံကို ပယ်ရှားရန် ပြုသေးသည်။ သို့သော် စောသာထူးဟူသည့် လက်ဝှေ့ကျော်သည် အကြင်အမယ်အို၏ ကြံလှီသောခန္ဓာကိုယ်ကို သန်မာလှစွာသော လက်တို့ဖြင့် ချုပ်နှောင်ယုံမျှသာမက၊ အစန်းရယ် .. အစန်းကလည်းကွာ ဟူသော တိုးတိုးဖွဖွ ရေရွတ်သံတို့ဖြင့်ပါ အမယ်အိုကြီး၏ စိတ်နှလုံးကိုလည်း ရစ်ပတ်ဖွဲ့နှောင်လိုက်သည်။ အမယ်အို မလှုပ်နိုင်တော့ချေ။ စောသာထူး၏ ရင်အုပ်ကျယ်ကြီးအတွင်းတွင် နေရထိုင်ရခက်ဟန်၊ အသက်ရှုရကျပ်လာဟန် တူသည်။ အမယ်အို ရှုံးချေပြီလော။ ထို့သို့ မဟုတ်ရပါ။ မေတ္တာရှိန်ကြောင့် အမယ်အို မာန်ကို ဖြေလျှော့ခြင်းသာ ဖြစ်၏။ အမယ်အိုကား ရှက်၍ မဆုံးတော့ပြီ။ သို့ဖြစ်၍ ရှက်ရမ်းရမ်းပြီးလျှင် လွှတ် .. အခု လွှတ် ဟူသော စကားကို တဖန်တလဲလဲ ရေရွတ်ပြီးလျှင် လက်ဝှေ့ကျော်ကြီး၏ ရင်အုပ်ကျယ်ကြီးကို သေးငယ်လှစွာသော လက်သီးဆုပ်တို့ဖြင့် တရစပ် ထုနှက်လေသည်။ ပရိသတ်ကြီးသည် တရွှီရွှီ တဖြောင်းဖြောင်းသော သြဘာသံတို့ဖြင့် အမယ်အိုနှင့် စောသာထူးတို့ကို ကောင်းချီးပေးလိုက်ကြ၏။

ထို့နောက် ပရိသတ်ကြီးသည် မတိုင်ပင်ရပါပဲ စောသာထူး စောသာထူး ဟု သံပြိုင်ဟစ်ကြွေးပြီး စောသာထူး၏ အောင်ပွဲကို ကောင်းချီးပေး၏။ စောသာထူးက စပ်ဖြဲဖြဲလုပ်ကာ နေလေ၏။ အမယ်အိုကား ရှက်လွန်းလှသောကြောင့် စောသာထူး၏ ရင်ခွင်အတွင်း မျက်နှာအပ်ကာ နေလေသတည်း။

ကျွန်ုပ် ကလေးအရွယ်တွင် သထုံမြို့ ရွှေစာရံဘုရားပွဲ၌ စောသာထူး အောင်လံချိုးစဉ်က စောသာထူး ဟူသော အမည်ကို နှစ်ချိုက်စွာ ကြွေးကြော် အားပေးခဲ့ဖူးပါသည်။ သို့သော် အရသာကား များစွာ ခြားနားလှသည်။ ယခု အော်ဟစ်အားပေးရသည်မှာ ခံတွင်းအရသာ ပိုမိုရှိလှပါပေသည်ဟု ထင်မြင်မိသည်။

(၁၁)

ထို့သို့ ပရိသတ်ကြီး ရောက်ရက်ခတ်နေကြခိုက်တွင် ဒုတိယအချီ ပြီးဆုံးလေ၏။ စောသာထူးတို့ လင်မယား၏ လက်ဝှေ့ပွဲကို အားပေးနေရသောကြောင့် ကြိုးဝိုင်းအတွင်းမှ လက်ဝှေ့သမားငယ်တို့ မည်သို့ မည်ပုံ ထိုးသတ်ကြသည်ကို ကောင်းစွာ မသိလိုက်ချေ။ တိုးပွားသည် လွန်စွာမောဟိုက်သောကြောင့် ကြိုးဝိုင်းအနီထောင့်တွင် ခြေပစ်လက်ပစ်ထိုင်ချပြီး အနားယူနေသည်ကို တွေ့ရသည်။ သူ၏ ရင်အုပ်မှာလည်း ဖာဖိုကြီးပမာနှယ် မြင့်ချည်၊ သက်ချည် ဖြစ်နေလေကို မြင်ရ၏။ ထိုမျှသာမက မျက်ခုံးစပ်တွင်လည်း ကျားကြီး၏ လက်ရာ ဇမ်္ဗူသပြေသီးကြီး နေရာယူထားသည်ကို တွေ့ရသည်။

ကျားကြီးမှာလည်း တိုးပွားနည်းတူပင်။ မောဟိုက်လွန်းလှသဖြင့် ခြေပစ်လက်ပစ်ထိုင်ကာ အသက်ဝအောင် ရှုနေလေ၏။ အသက်ရှုသံသည် ကျောက်မီးသွေးစက်ခေါင်း ရထားအိုဟောင်းကြီး၏ မြည်သံအလား။ ကျားကြီးသည် တိုးပွား ဒူးပျံကျွေးသည်ကို ၀လင်အောင် စားသုံးခဲ့ဟန်တူသည်။ သူငယ်ဖော်များသည် ရေခဲကပ်သူကပ်။ ယပ်ခတ်သူခတ်ဖြင့် အတော်ပင် အလုပ်များသွား ကြလေ၏။

ထိုအချင်းအရာကို မြင်သော် စောသာထူးသည် ပယ်မယား အမယ်အိုကို လက်တစ်ဖက်ဖြင့်ဆွဲ၍ သားငယ်ထံပါးသို့ ချဉ်းကပ်လာလေသည်။ အမယ်အိုသည် ဒဏ်ရာဒဏ်ချက်တို့ဖြင့် ဖူးယောင်နေသော သားငယ်၏ မျက်နှာကို ညှိုးငယ်စွာဖြင့် ကြည့်ရှုသည်။ အမယ်အို၏ မျက်ဝန်းအတွင်းမှ မျက်ရည်ပူတို့သည် ပြည့်လျှံလာပြီး မြေပြင်သို့ သက်ဆင်းလေ၏။ သို့သော် အမယ်အိုသည် မျက်ရည်စတို့ကို အင်္ကျီလက်အနာစဖြင့် ကပျာကသီသုတ်သည်။ အမယ်အိုသည် လက်ဝှေ့သမားမယားပီပီ ဤသို့သော အချက်တွင် မည်သို့မည်ပုံ ပြုစုဆောင်ရွက်ရမည်ကို ကောင်းစွာသိသည်။

အမယ်အိုသည် ခါးဝတ်ထဘီကို ဖြေလျော့ပြီး ထဘီအထက်ဆင်ကို ဆွဲဆုတ်လိုက်သည်။ ထို့နောက် အထက်ဆင်စကို ကြိုးကျစ်နေသည်ကိုလည်း တွေ့ရ၏။ လက်စသတ်တော့ ထဘီအထက်ဆင်ကို သားငယ်အတွက် လက်ဖွဲ့လုပ်ပေးမလို့ပါကလား။ (စကားချပ် မြန်မာ့ရိုးရာ လက်ဝှေ့သမားတို့သည် မီးနေသည်၊ ကိုယ်မသန့်သည့် မိန်းမငယ် စသူတို့ ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်လျှင် အနာတရ ပြင်းစွာ ဖြစ်တတ်သည်ဟု အစွဲရှိပြီး ကြိုးဝိုင်းအတွင်းသို့သော်လည်းကောင်၊ ဆိုင်းဝိုင်းအတွင်းသို့သော်လည်းကောင်း အ၀င်ခံလေ့မရှိချေ။ သို့သော် မာတာမိခင်၏ ခါးဝတ်အထက်ဆင်ကိုမူ နားတွင် ပန်ဆင်၍သော်လည်းကောင်း၊ လက်တွင်ဖွဲ့ချည်၍သော်လည်းကောင်း ဆောင်လေ့ဆောင်ထရှိသည်။ ယခုအခါတွင်မူ ထိုအလေ့များ ပျောက်ကွယ်လေပြီ။)

စောသာထူးသည် သားငယ်ကို ရေအေးဖြင့် ဦးခေါင်းထက်မှ တသွင်သွင် သွန်းဖျန်းပေး၏။ ထို့သို့ သားငယ်ကို ပြုစုပေးနေရင်းမှပင် တိုးပွားရှိရာ ကြိုးဝိုင်းထောင်သို့ကြည့်ရင်း မင်း လက်သံတော်တော်ပြောင်တာပဲကွ။ ဘယ်သူ့သားတုန်း။ သက်လုံကောင်းအောင် လေ့ကျင့်ထားနိုင်မှ လက်ဝှေ့သမားကောင်း ဖြစ်မယ်ကွ ဟု စကားလက်ဆောင်ပါးသည်။ တိုးပွားက ဟုတ်ကဲ့ အဘ ကျွန်တော်က ပျဉ်းမစခန်းက ဖိုးကြည်ရဲ့ သားပါဟု စကားတုံ့ပြန်ပြီး စောသာဂေး၏ သြ၀ါဒကို ခံယူသည်။ စောသာထူးက သြော် မင်းက ဖိုးကြည် သားကိုး။ အေးကွယ် မင့်ဖအေကို သတိရကြောင်း ပြောလိုက်ပါကွာ။ မင်းဖအေက ခြေခတ် အင်မတန်သန်တဲ့ကောင်ကွ ဟု တရင်းတနှီး ဆိုပြန်သည်။ လွန်စွာ ကြည်နူးဖွယ် ကောင်းသည့် မြင်ကွင်းပင် ဖြစ်သည်။ ထို့ကြောင့် ပရိသတ်ကြီးသည် ယင်းတို့အား တခဲနက် ကောင်းချီသြဘာ ပေးလိုက်ကြ၏။ ကင်မွန်းစခန်း တောင်ခြေမှ သြဘာသံသည် ကျိုက်ထီးရိုးတောင်တန်းတစ်ခွင်လုံးသို့ ပဲ့တင် ထပ်သွားလေ၏။

(၁၂)

ကြားပွဲတို့၏ ထုံးစံအရ သုံးချီမျှသာ ကျင်းပကြရမည် ဖြစ်သည်။ သုံးချီသုံးလားအတွင်း အနိုင်အရှုံးပေါ်သည်မှာ လွန်စွာရှား၏။ သရေပွဲအဖြစ်ဖြင့် အဆုံးသတ်ရသည်မှာ ကြားပွဲတို့၏ အစဉ်အလာလိုလိုပင် ဖြစ်တော့သည်။ သို့သော်လည်း လက်ဝှေ့သမားငယ်တို့သည် ကြားပွဲများတွင် နာမည်ရရေးအတွက် အစွမ်းကုန် ကြမ်းကြမ်းရမ်းရမ်း ထိုးသတ်ခြင်းကြောင့် ကြားပွဲတို့သည် ပွဲကြီးများကဲ့သို့ပင် ကြည့်ကောင်းလေသည်။

တတိယအချီ စတင်လေပြီ။ လက်ဝှေ့သမားငယ်နှစ်ဦးသည် ဒိုင်လွှတ်လျှင် လွှတ်ချင်း တစ်ဦးနှင့် တစ်ဦး သည်းကြီးမည်းကြီး ထိုးသတ်ကြလေ၏။ ပူးတုံ့ ခွာတုံ့ ပြုကာ ထိုးသတ်ကြသည်။ ကျားကြီးက ခြေတစ်ဖက်ကို မြှောက်ပြီး ကျားခုန် ခုန်အုပ်ကာ တိုးပွားကို ဘယ်ညာပေါက်လက်သီးများဖြင့် တရစပ် ထိုးချ၏။ တိုးပွားကလည်း ကျရောက်လာသော လက်သီးမိုးပေါက်များကို တံတောင် လက်ဖျံစသည်တို့ဖြင့် ပယ်ရှားသည်။ လူချင်းပူးကပ် ဖမ်းချုပ်ပြီး ကိုင်ပေါက်ရန် ကြိုးပမ်း၏။ ကျားကြီးက အချုပ်မခံ။ တိုးပွား၏ လက်အတွင်းမှာ ငါးရှဥ့်အလား လူးလွန့်ရုန်းထွက်လာပြီးလျှင် တိုးပွား၏ ကျောက်ကုန်းကို တံတောင်ဖြင့် ထောင်း၏။ တိုးပွားသည် ကျွဲပေါက်အလား သန်စွမ်းပြီး ခံနိုင်ရည် ရှိသူဖြစ်၍ ကျားကြီး တံတောင်ဖြင့် ထောင်းသည်ကို မမှုချေ။ ကျားကြီးကို ချုပ်ကိုင်ပြီး ဖွပ်ချ၊ လှဲချရန် ကိုသာ ထပ်မဲအားထုတ်၏။ နှစ်ဦးလုံး လုံးလားထွေးလား ဖြစ်သွားကြ၏။ ပရိသတ်တို့ ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြသည်။ ဒိုင်လူကြီးများက လူခွဲပေးလိုက်သည်။

ဆိုင်းဝိုင်းမှ ဗိန်းဗောင်းသံသည် လက်ဝှေ့သတ်နေသူတို့ကို အားတက်စေယုံမျှသာမက အားပေးနေကြသူတို့၏ စိတ်ကိုလည်း တက်ကြွစေသည်။ အပြောကောင်းသော လက်ဝှေ့ပွဲကြေညာသူက ရင်ဆိုင်အတွေ့မှာ ဖင်ထိုင်မေ့အောင် ထိုးသတ်ကြမယ့်သူနှစ်ဦးပါခင်ဗျ။ တိုးပွားရဲ့ ထိုးအားကတော့ မိုးကြိုးသွားအလားပြင်းထန်ပြီး၊ လျှပ်စီးအလား မြန်ဆန်လှပါတယ်။ မျက်ခွက်လက်သီးထိခတ်မိရင်တော့ ကျွန်တော်များ ဆေးလိပ်သောက်တဲ့ မီးခြစ်ကျောက်ကလေး ဘယ်လို အရောင်လက်လာတယ်ဆိုတာကိုသာ မြင်ယောင်ကြည့်လိုက်ပါခင်ဗျ။ ဒီလိုပဲ ကျားကြီးကလည်း ထိုးနည်းထိုးကွက်တွေကို ကျေညက်ခဲ့သူ ဖြစ်တော့ တိုးပွားရဲ့ မိုးသီးမိုးပေါက်အလား ကျဆင်းလာတဲ့ လက်သီးချက်တွေဟာ ပိန်းကြာဖက်မှာ ရေမတင်သလို့ ကွယ်ပျောက်ရပါတယ် ခင်ဗျ။ တစ်ခါတစ်ခါ ကျားကြီး တအားတီးလိုက်ရင် တိုးပွားရဲ့ ထိုးအားတွေ ယုတ်လျော့သွားရပါတယ်။  ဒီပွဲမှာတော့ လက်ဝှေ့ကျော်နှစ်ဦးဟာ ရင်နှစ်ခြမ်း ဗျန်းဗျန်းကွဲပါစေ။ ကပ်နဲ့ ထမ်းပြီး ရုံပြင်ထုတ်ရပါစေ။ အနိုင်အရှုံးပေါ်အောင် ရင်ဆိုင် ယှဉ်ပြိုင်ထိုးသတ်ကြပါမယ်လို့ စာချုပ်ချုပ်ဆိုပြီး ထိုးသတ်ကြတာ ဖြစ်ပါတယ် ခင်ဗျ။ အသည်းမာသူတွေ နွှဲကြမှာမို့  ကဲ ရွာစားရယ် .. မတိမ်းမစောင်း ဗိန်းဗောင်း တိုက်လိုက်စမ်း ဟူ၍ ဆိုသည်။ အကြောင်းအရာတို့ မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ ကာရန်နဘေညှပ်ပြီး ပရိသတ် သဘောခွေ့ရလေအောင် ကြေညာတတ်သူပင် ဖြစ်ခြင်းကြောင့် ပရိသတ် အထူးပင် ပွဲကျလေတော့သည်။ 

လက်ဝှေ့သမားငယ်နှစ်ဦးသည် ဒိုင်လူကြီးမျာ လွှတ်လိုက်သော် ပူးတုံ့ ခွာတုံ့ပြုကာ ထိုးသတ်ကြပြန်သည်။ ကျားကြီးသည် တိုးပွားအား ခုန်အုပ်လိုက်သည်။ ဤသည်မှာ ကျားကြီး၏ ကြီးစွာသော အမှားပင် ဖြစ်သည်။ တိုးပွားသည် ကျွဲပေါက်ပမာ သန်စွမ်းပြီး၊ ချုပ်ကိုင်ပေါက်ခြင်း၌ ကျင်လည်သူ ဖြစ်ခြင်းကြောင့် ကျားကြီး၏ နည်းပရိယာယ်သည် တက်တက်စင်အောင် လွဲသွားတော့လေ၏။ ကျွဲပေါက်၏ ပင့်ဒူးနှင့် ကျားကြီး၏ အရှိုက် ထိခတ်သံ အုန်းခနဲ ကြားလိုက်ရ၏။ ကျောမြေ မကျသေးမီတွင် ထပ်မံထိုးနှက်လိုက်ပြန်သော တိုးပွား၏ ပင့်လက်သီးသည် ကျားကြီး၏ မျက်နှာကို ပြင်းစွာ ထိခတ်လေ၏။ ကျားကြီး အထိနာလေပြီ။ သုံးချီကြားပွဲသာဖြစ်ခြင်းကြောင့် အနားတောင်းခွင့် မရှိချေ။ ဆက်လက်မယှဉ်ပြိုင်နိုင်ပါက ရှုံးမည်သာ ဖြစ်သည်။ ကျားကြီးသည် လဲရာမှ အားယူ၍ ထပြီးလျှင် နှုတ်ခမ်းမှ ကျဆင်းလာသည့် သွေးတို့ကို လက်ခုံဖြင့်သုတ်၍ ပြန်လည်ထိုးသတ်ရန် နေရာယူ၏။ ဖြစ်ပါ့ဦးမလား ဟု ဦးဂဠုန်က စိုးရိမ်တကြီး မေး၏။ ကျားကြီးသည် စကားပင် မဆိုနိုင်သော်ငြား ခေါင်းငြိမ့်ပြပြီး ဆက်လက် ထိုးသတ်ပါမည့် အကြောင်းကို အသိပေး၏။

(၁၃)

စောသာထူးနှင့် အမယ်အိုသည် ၎င်းင်းတို့သား၏ ဖြစ်အင်ကို မြင်သော် ရင်တုန် ပန်းတုန် ဖြစ်သွားကြလေ၏။ အမယ်အိုသည် ရှိုက်၍  ရှိုက်၍ ငိုသည်။ စောသာထူးသည် မယား၏ လက်ကိုဆွဲရင်း ကြိုးဝိုင်းအနီးသို့ ချဉ်းကပ် လာလေ၏။ သားငယ်၏ ထိုးသတ်နည်း နေရာမကျသည်ကို ထောက်ပြပေးလိုသော်လည်း ကြိုးဝိုင်းအတွင်း ထိုးသတ်နေသူများအား ဘေးမှ မထောက်ပြရ ဟူသည့် ကြိုးဝိုင်းစည်းမျဉ်းကြောင့် ကြိုးဝိုင်းခုံအနီးတွင် အသာရပ်၍ ကြည့်နေရလေ၏။ စောသာထူး၏ ဘ၀တစ်လျှောက်တွင် လက်ဝှေ့ပွဲပေါင်းမြောက်မြားစွာ နွဲခဲ့ဖူးသော်လည်း စိုးစဉ်းမျှ ရင်မတုန်ခဲ့ဖူးချေ။ သို့ရာတွင် ယခု သားငယ်ထိုးသတ်နေသည့် လက်ဝှေ့ပွဲကြောင့် စောသာထူး ဆောက်တည်ရာ မရတော့ချေ။ သုံးမိနစ်တာ ကာလသည် ရှည်ကြာသည့် အချိန်ကာလ မဟုတ်သော်လည်း စောသာထူးအတွက်မူ အလင်းပေါင်း သုံးသန်းထက်ပင် ပို၍ ကြာရှည်သည်ဟု ထင်ရလေ၏။

ဒိုင်လူကြီးများ လွှတ်လိုက်သော် တိုးပွားသည် ယိုင်တိုင်တိုင်ဖြစ်နေသည့် ကျားကြီးအား ရုတ်ခြည်ပူးကပ်ပြီး ဘယ်ညာလက်သီးတွဲတို့ဖြင့် တရစပ် ထိုးနှက်သည်။ ကျားကြီးသည် တိုးပွား၏ လက်သီးမိုးကို ကာကွယ်ရန် ကြိုးစား၏။ သို့သော် မဟန်တော့ချေ။ ထို့ကြောင့် ကြိုးဝိုင်းအတွင်း လှည့်ပတ် ရှောင်တိမ်းပြီး ချက်ကောင်းကို ထိုးသတ်နိုင်ရန် အခါကို စောင့်လင့်သည်။ တိုးပွားသည် မချင့်မရဲ ဖြစ်လာဟန် တူသည်။ ညာခြေကို ရုတ်ခြည်းမြှောက်ပြီးလျှင် ကျားကြီး၏ နံတိုကို ပြင်းစွာ ကန်ကျောက်လိုက်သည်။ ကျားကြီးသည် တိုးပွား၏ ညာခြေမြောက်တက်လာသည်ကို မြင်သည်။ ထိုညာခြေကို ကာရန် ပြင်သည်။ သို့သော် နောက်ကျ သွားလေပြီ။ တိုးပွား၏ ညာခြေသည် ကျားကြီး၏ နံစောင်းကို တည့်မတ်စွာ ထိခတ်မိသည်။ ဗိုင်းခနဲဟူသော အသံနှင့် အတူ ကျားကြီး မှောက်လျက် လဲကျသွားသည်။ ပရိသတ်အားလုံး ကြက်သေသေ သွားကြသည်။

ထားဝယ်ဝင်းနိုင်၏ အမှတ်စဉ်ရေသံ တိပ် နှိပ် သုံး လေး ငါး ခြောက် ခွန်နိပ် သို့ရောက်လျှင် ကျားကြီးသည် လဲကျနေရာမှ လူးလဲပြီး ထ၏။ ထသော်လည်း ယိုင်တိယိုင်တိုင် ဖြစ်နေသောကြောင့် ကြိုးတန်းကို ဆွဲကိုင်ထားရသည်။ ကောင်လေး မင်းနားသင့်ပြီ ဟု ဦးဂဠုန်က ဆို၏။ ကျားကြီးသည် ခေါင်းကိုရမ်း၍ လက်တစ်ဖက်မြှောက်ပြကာ ဆက်လက်ထိုးသတ်မည်ဟု အချက်ပြလိုက်သည်။ ပရိသတ်အားလုံး အံ့အားသင့်သွားကြသည်။ ဇွဲကောင်းလှသည့် ကျားကြီးကို ပရိသတ်ကြီးက သောင်းသောင်းဖြဖြ သြဘာပေးလိုက်ကြ၏။

(၁၄)

သုံးမိနစ်ပြည့်ရန် တစ်မိနစ်ကျော်ကျော်လိုသေးသည်။ အချိန်ကား ကုန်လွန်ခဲလှသည်။

ကျားကြီးအတွက် ဤပွဲသည် ပွဲဦးထွက်ပင် ဖြစ်၏။ ထို့ကြောင့် အရှုံးခံ၍ မဖြစ်။ ပွဲဦးထွက် မကောင်းခဲ့သော် ဟူသော အတွေးသည် နုနယ်လှစွာသော အကြင်လက်ဝှေ့သမားငယ်၏ ရင်ကို ဗလောင်ဆူစေသည်။ ထို့ကြောင်ပင် ကျားကြီးသည် မဟန်တော့သော်လည်း အားကိုခဲ၍ ဆက်လက်နွှဲရန် လုံ့လပြု၏။

ဒိုင်များလွှတ်လိုက်သည်နှင့် တပြိုက်နက် တိုးပွားသည် ကျားကြီးကို ဆင့်၍ ဆင့်၍ ထိုးနှက်သည်။ ဘယ်ခြေ ညာခြေတို့ဖြင့် ဗိုင်းဗိုင်းလဲရလေအောင် ကန်ကျောက်သည်။ ကျားကြီးသည် ရှောင်းရင် တိမ်းရင်း ဖြောင့်လက်သီးတစ်လုံးဖြင့် ဇွတ်တိုးဝင်လာသည့် တိုးပွား၏မေးစေ့ကို ထောက်လိုက်၏။ ပရိသတ်အားလုံး ဟေးခနဲ အော်ဟစ်အားပေး ကြလေ၏။ အသားစီးရနေရမှ ဤသို့ ထိုးနှက်ခံလိုက်ရသောကြောင့် တိုးပွားသည် မွှ့န်ထူသွားလေ၏။ ထို့ကြောင့် တိုးပွားသည် သူ၏ မဟာဗျူဟာဖြစ်သည့် ချုပ်ကိုင်ဖွပ်ချနည်းကို အသုံးပြုပြီး အနိုင်ပိုင်းရန် အားထုတ်လေ၏။ ကျားကြီးကလည်း အချုပ်မခံ။ တိုးပွား အနားကပ်လာသည်နှင့် ရှောင်တိမ်းလေ၏။ တိုးပွား မခံချိမခံသာ ဖြစ်လာသည်။ ထို့ကြောင့် ဗျူဟာပြောင်းပြီး ထိုးသတ်ကွက်ရှာသည်။ ပူးကပ်ချုပ်ကိုင်ကာ သတ်ပုတ်သည့် ဗျူဟာကိုသုံးနေရာမှ အဝေးမှ အသာစီးဖြင့် ချက်ကောင်းတွယ်သည့် တိုက်စစ်ကို ပြောင်းသည်။ တိုးပွားသည် ကျားကြီး၏ ဒူးခေါက်ခွက်တို့ကို ခြေဖြင့် တဖန်တလဲလဲ ကျောက်၏။ အလဲသိပ်နိုင်ရန် ကြိုးစား၏။ ကျားကြီး၏ ခြေလှမ်းတို့ လေးလံစပြုပြီ ဖြစ်သောကြောင့် တိုးပွား၏ ခြေကန်ချက်များကို မကာကွယ်နိုင်တော့ချေ။ ထိုအခိုက်အတွင်းတွင် တိုးပွားသည် ကျားကြီး၏ မျက်နှာဆီသို့ လက်သီးမိုးကို ရွာစေ၏။ ထိချက်မှန်၊ ပြင်းအားထန်သည်ကြောင့် ကျားကြီး၏ မျက်နှာတစ်ပြင်လုံး စုတ်ပြတ်ကွဲပြဲဖူးယောင်လာပြီး မျက်စိပိတ်တော့ မတတ်ပင်။ တော်တော့ ကျားကြီး၊ တော်လိုက်ကြပါတော့ ဟု ပရိသတ်ကြီးက တခဲနက် အော်ဟစ်ပြောဆိုကြသည်။

ကျားကြီးသည် သေခါမှ မာန်လျော့မည်ဟူသော ဇွဲဖြင့် လက်ကျန်အင်အားကို ဆောင်ပြီး တန်ပြန်ထိုးသတ်ရန် ကြိုးစားသည်။ ပရိသတ်အားလုံး တုန်လှုပ်သွားကြသည်။ ကြားပွဲပင်ဆိုသော်ငြား ဤမျှလောက်ဇွဲကောင်းသူတို့ ယှဉ်ပြိုင်ကြသည့် ကြားပွဲမျိုး တွေ့ရခြင်း အတော်ပင်ရှားလေ၏။ သုံးမိနစ်ပြည့်ရန် စက္ကန့်လေးဆယ်ကျော် ကျန်သေးသည်။ ထိုစက္ကန့်လေးဆယ်ကို ကျားကြီး ကြံ့ကြံ့ခံနိုင်ပါမည်လော။

ထိုအခိုက်တွင် တိုးပွားသည် ဘယ်ညာလက်သီးတွဲတို့ဖြင့် တရစပ်ထိုးသတ်ရာမှ ပြိုင်ပွဲ အဆုံးသတ်ရန် ညာခြေကိုမြှောက်လိုက်သည်။ ခြေကန်ချက်သည် ကျားကြီး၏ နံဘေးကို တည့်မတ်စွာ ကျရောက်လာသည်။ ကျားကြီး ချာခနဲ ယိုင်ထွက်သွားလေ၏။ သို့သော် လဲမကျသွားစေရန် ကြိုးစားပြီးလျှင် နောက်သို့ တိမ်းလေ၏။ တိုးပွားကလည်း ဘယ်ညာဝိုက်လက်သီး၊ ပင့်လက်သီးတို့ဖြင့် ကျားကြီးအား ထပ်မံထိုးသတ်ပြန်သည်။ ကျားကြီး အရေးမလှတော့ပြီ။ ဖွဲအိတ် သဲအိတ်ကြီး ပမာနှယ် တိုးပွား၏ ပြင်းထန်လျင်မြန်လှသည့် လက်သီးချက်တို့ကို ခံရင်းဖြင့်သာ ကြိုးဝိုင်း အတွင်းလှည့်ပတ် ရှောင်တိမ်း နေရလေတော့သည်။ တိုးပွားသည် ချက်ကောင်နေရာဖြစ်သော မေးရိုးကို ဘယ်ညာပင့်လက်သီးတို့ဖြင့် ထပ်ချည်တလဲလဲ ထိုးသတ်လေ၏။ ကျားကြီးသည် မရှုမလှ ခံနေရသော်လည်း ရံဖန်ရံခါတွင် ချက်ကောင်းကိုရှာ၍ တိုးပွားကို တန်ပြန်တိုက်စစ်ဆင်သည်။ ထိချက်မှန်သည် ဖြစ်သော်လည်း အားမပါလှသောကြောင့် များစွာ အရာမရောက်ချေ။

ပွဲကို ရပ်လိုက်တော့ ဟု ပရိသတ်တို့က ဆူပူအော်ဟစ်ကြသည်။ သို့သော် လက်ဝှေ့သမားငယ်တို့ကား ပွဲကို ရပ်လိုကြဟန် မတူချေ။ ဒိုင်လူကြီးများပင်လျှင် ဝေခွဲမရ ဖြစ်နေကြဟန် တူသည်။ စောသာထူးနှင့် အမယ်အိုတို့သည် ကြိုးဝိုင်းအစပ်နားတွင် ထိုင်ချည်ထချည်နှင့် ဆောက်တည်ရာမရ ဖြစ်နေလေ၏။

လက်ဝှေ့သမားနှစ်ဦးလုံးလည်း ဟောဟဲဆိုက်နေကြလေပြီ။ သို့သော် ရှိသမျှ အားလက်ကျန်ကို ခြစ်ခြုတ်ပြီး ဆက်လက် ထိုးသတ်ကြ၏။

(၁၅)

ထိုအခိုက်တွင် ပုဝါတစ်စသည် ကြိုးဝိုင်းအလယ်သို့ ဈာန်လျှောကျသည့် ရသေ့အလား ကျဆင်းလာလေ၏။  ပရိသတ်အားလုံး ဟာခနဲ ဖြစ်သွားကြသည်။ ကြိုးဝိုင်းအတွင်းသို့ ပုဝါပစ်တင်လိုက်ခြင်းသည် အရှုံးပေးပါပြီ။ ပွဲကို ရပ်လိုက်ပါတော့ ဟု ဆိုခြင်းပင် မဟုတ်လော။

ပရိသတ်အားလုံး အုန်းအုန်းကြွက်ကြွက် ဖြစ်သွားကြသည်။ ပွဲကပြီးတော့မှာ ဆယ်စကန့်လောက်ပဲ ကျန်တော့တယ်။ ဘယ့်နှယ် ကိုယ်တိုင် လက်ဝှေ့သမားလုပ်ပြီး ဒီလောက်တောင်မှ အကဲမခတ်တတ်ဘူးလား။ ကလေးတွေ သူ့ဖာသာ ဆက်ထိုးနေရင် သရေပွဲကျမှာကျိန်းသေတယ်။ ဒါကို ပုဝါပစ်တင်ရတယ်လို့။ ကွာ အရေးမပါလိုက်တာ ဟု ဆူပူမြည်တွန်ကြသည်။

ကြိုးဝိုင်းဒိုင်များသည် ဆူဆူပူပူလုပ်နေကြသည့် ပရိသတ်ကို ဖျောင်းဖျပြောဆိုရင်း လက်ဝှေ့ပွဲ အနိုင်အရှုံးကို ကြေညာပေးလိုက်လေ၏။ အနိုင်ရသူ တိုးပွားသည်လည်း အထိနာ ထားသောကြောင့် လက်ဝှေ့ရေးကိုသော်မှ ကောင်းစွာမပြနိုင်။ လက်ခမောင်း တစ်ချက်နှစ်ချက် တော်စွလျော်စွ ခတ်ပြီးလျှင် စင်ပေါ်မှ ငိုက်စိုက် ငိုက်စိုက်ဖြင့် ဆင်းသွားလေ၏။

အမယ်အိုကြီးသည် ရှုံးနိမ့်သူသားငယ်ကို လက်ကမ်းပေး၏။ သားရယ် မင့်မျက်နှာနုနုကလေးမှာ မြင်မကောင်း ရှုမကောင်းအောင် ဖြစ်ရပြီပေါ့ ဟု တစ်ခွန်းဆိုသည်။ အိမ်ရောက်မှ အမေ ကျပ်ပူထိုးပေးပါမယ်ဟု ဖြေသိမ့်သည်။ စောသာထူးသည် အမယ်အိုကြီး၏ နောက်နားတွင် အပြစ်ရှိသူတစ်ဦးကဲ့သို့ ခပ်ယို့ယို့ ရပ်နေလေ၏။ ၎င်းင်း၏ အကြည့်တို့သည် သားငယ်အား တောင်းပန် တိုးလျှိုးနေသည့် အလား။ ကျားကြီး၏ အပေါင်းအဖော် သူငယ်တစ်သိုက်သည်လည်း ညှိုးငယ်သော မျက်နှာထားဖြင့် လူလားခတ်ကာ ဗျာများနေကြလေ၏။ 

ကျားကြီးသည် စည်းဝိုင်းကြိုးတန်းအောက်မှ ခေါင်းငုံ့လျှိုထွက်လာပြီးလျှင် အမယ်အိုကြီး ကမ်းလင့်သောလက်ကို ဆုပ်ကိုင်အားပြုပြီး စင်အောက်သို့ ဆင်းသည်။ ထိချက်ဒဏ်ရာ ပြင်းထန်သောကြောင့် ကောင်းစွာ မရပ်နိုင်။ ယိုင်တိုင်တိုင် ဖြစ်နေလေ၏။ စောသာထူးက အနောက်နားမှာ ကဗျာကသီပြေးထွက်လာပြီးလျှင် သားငယ်၏ အတ်္တဘောကြီးကို ညင်သာစွာ ပွေ့ချီလိုက်၏။ လက်ဝှေ့သမားငယ်သည် ဖခင်လက်ဝှေ့သမားကြီးကို စိန်းစိန်းကြည့်သည်။ စကားကြွယ်လှသည့် လက်ဝှေ့သမားငယ်က နောက်ပွဲတွေကျရင် အဖေ အခုလိုမျိုး မလုပ်နဲ့နော် ဟု တစ်ခွန်းဆိုလိုက်သည်။ လက်ဝှေ့သမားဟောင်း အဖအိုသည် သားငယ်ကို ပြုံး၍ ကြည့်သည်။ ဤသည်ကို အမယ်အိုကြီးတွေ့လျှင် သားအဖနှစ်ဦးလုံးကို ချစ်စနိုးကြည့်ကာ မျက်စောင်းထိုးလိုက်လေ၏။ ပြောမရတဲ့ လူတွေ ဟု ရေရွတ်လိုက်ပြန်သည်။ အကြောင်းမူကား သားငယ်ဆိုလိုက်သည့် နောက်ပွဲတွေကျရင် အဖေ အခုလိုမျိုး မလုပ်နဲ့ ဟူသော စကားသည် နောက်နောင်တွင် လက်ဝှေ့ ထပ်မံ ထိုးသတ်ဦးမည်။ ထိုအခါတွင် မိမိ စိတ်တိုင်းကျ ထိုးသတ်ခွင့်ကို ပေးရမည်ဟု အကျပ်ကိုင်ထားသည့် အနက်အဓိပ်္ပာယ်ဆောင်နေသည်ကို အမယ်အို သိသောကြောင့်ပင်တည်း။
 
 
နေလင်းအောင်