Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

(၁)

 

ဒေါင့်ကြီးကျေးရွာတွင် လှေပြိုင်ပွဲ၊ ပန်းပြေးပွဲ အစရှိသည့် တောဓလေ့ရိုးရာ ကစားခုန်စားပြိုင်ပွဲများ မကျင်းပဖြစ်တော့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တိတိပပဆိုရလျှင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့လေပြီ။ လှေပြိုင်ပွဲ၊ ပန်းပြေးပွဲများ ကျင်းပကြမည် ဟူသောအသံများကို ရွာဦးကျောင်းဆရာတော် ဦးတေဇ၀န္တ ပျံလွန်တော်မူသောအခါတွင်မှ  တဖန်ပြန်လည်ကြားရခြင်း ဖြစ်၏။

ဒေါင့်ကြီးကျေးရွာသည် မြစ်ဝကျွန်းပေါ်ဒေသကျေးရွာဖြစ်သည်အလျောက် မြေဆီသြဇာကြွယ်ဝသည်။ စပါးအထွက်ကောင်းသည်။ စပါးအထွက်ကောင်း၊ စပါးဈေးကောင်းသော်လည်း ရွာသူရွာသားတို့ စားဝတ်နေရေး မပြေလည်ရှာကြပေ။ လူမွေးလူရောင် မပြောင်ရှာ။ တစ်မိုးတွင်းလုံး ရွှံ့ထဲရေထဲတွင် ကျွဲ၊နွားတို့နှင့် နင်လားငါလား ရုန်းကန်လှုပ်ရှားကြရသော်လည်း ယင်းတို့၏ ဘ၀များမှာ ထူးခြား ပြောင်လက်လာခြင်း အလျဉ်းမရှိပေ။ တစ်နှစ်ကြာသော်လည်း ဒုံရင်း၊ နှစ်နှစ်ကြာသော်လည်း ဒုံရင်း၊ သုံးနှစ်ကြာသော်လည်း ဒုံရင်း၊ နွေမိုးဆောင်းရာသီစက်ဝန်းတို့ အဖန်ဖန်ပြောင်းလဲ၍ နှစ်အလီလီပြောင်းခဲ့သော်လည်း ဒုံရင်းမှ ဒုံရင်း အတိုင်းပင်။ ၄င်းတို့သည် ထူးမခြားနားဇာတ်ကိုခင်း၍ အသူတစ်စောက်နက်လှသည့် ဆင်းရဲတွင်းတွင် ပျော်ပျော်ပါးပါး နေကြ သေကြကုန်၏။

လှေပွဲ

ဒေါင့်ကြီးသားမဟာဒုက်တို့ အဘယ်မှာ လူမွေးလူရောင် ပြောင်ရှာနိုင်အံ့နည်း။ စပါးပေးဖြင့် ယူထားသည့်အကြွေးများ နှိပ်စက်သောကြောင့် ဖြစ်သည်။ နဖူးကချွေး ခြေမကျအောင် ကုန်းရုန်းလုပ်ကိုင်ပြီး ရှာဖွေထားရသည် စပါးနှံတို့သည် တလင်းသိမ်းချိန်ရောက်လျှင် မြေရှင်ကြွေးရှင်တို့ လက်ဝယ်သို့ ရောက်ရသည်ချည်းသာ ဖြစ်၏။

တလင်းသိမ်းပြီးလျှင် ၀မ်းစာစပါး မကျန်။ သို့စေမူ ရွာသူရွာသားတို့သည် ၀မ်းစာစပါး မရှိခြင်းကြောင့် ပူပန်ခြင်း စိုးစဉ်းမျှ မရှိကြပေ။ တောသူတောင်သားများပီပီ သမုဒ္ဒရာဝမ်းတစ်ထွာအရေးကို ကောင်းစွာ ဖြေရှင်းတတ်သည်။ တလင်းသိမ်းပြီးချိန်ရောက်လတ်သော် ဓနိခုတ်၍ ၀မ်းရေးတိုက်ပွဲကို ဆင်နွှဲသည်။ ဓနိကုန်ချိန်ရောက်လျှင် ရေပိုးရေမွှားရှာ၍ ဖြေရှင်းသည်။ သူ့အရပ်နှင့်သူ့ဇာတ် ၀က်ဝက်ကွဲခဲ့သည်ချည်းသာ ဖြစ်၏။

ရေပိုးရေမွှားရှာရသည်မှာလည်း လွန်စွာ လွယ်ကူလှ၏။ အပြည့်အသိပ်၊ ငါးနှင့်လိပ်၊ ကွန်စိပ် ချကာငင် ဆိုသည့်အတိုင်း ကွန်တစ်ချက်ပစ်လိုက်လျှင်၊ ပိုက်တစ်ဖုံဖော်လိုက်လျှင် ဆန်တစ်ပြည်ရသည်ချည်းသာ ဖြစ်သည်။ ဆန်တစ်ပြည်ရှိလျှင် ယင်းတို့အတွက် အတော်အတန်ပြည့်စုံပြီ ဖြစ်သည်။ “ယင်းတို့သည် မရှိလို့ .. လုပ်စားတာ .. ဖြေးဖြေးပေါ့ ဟူသည်ကို လက်ကိုင်ထား၍ အေးအေးလူလူ နေတတ်ကြသည်။ “အချိန်တန်ရင် .. နွားပိန်ကန်လိမ့်မပေါ့ ဟူသော စကားကို ရေလဲ သုံးကြသည်။

ရွာသူရွာသားတို့သည် ဥတုသုံးလီလုံး အလုပ်နှင့်လက်ပြတ်ရသည် မရှိအောင် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ကြရသော်လည်း လောကဓံကို ထီ မထင်ကြပေ။ အပြစ်မြင်သူများက “ဒေါင့်ကြီးသားဆိုရင် သောက်ပျင်း၊ သောက်ဖျင်းတွေချည်းပဲ။ ဒီလောက် ဆင်းရဲနေတာတောင် အပြုံးမပျက်ဘူး။ ဆင်းရဲတာကို ဆင်းရဲမှန်း မသိကြဘူး ဟု မညှာမတာ ဆိုကြသည်။ သို့သော် ဒေါင့်ကြီးသားများကား မဖြုံ။ လောကေ၊ လောက၌၊ အနန်္ဒိတော၊ အကဲ့ရဲခံရခြင်း ကင်းသောသူ၊ နတ်္တိ မရှိ ဟူသည့် စကားရှိသည် မဟုတ်လော။

တရံတခါတွင်မူ ဒေါင့်ကြီးသားတို့သည် “ဖင်ထဲရွှံ့တစ်ပိဿာဝင်မှ ထမင်းစားရမယ့် ဘ၀ကိုရောက်ရတာ ကံမကောင်းလို့ပေါ့ကွာ၊ ဘာများတတ်နိုင်ဦးမှာလဲ ဟူသည့် အားလျော့စကားကို ဆိုကြသည်။ ကံကို ယိုးမယ်ဖွဲ့ကြသည်။ သို့သော် လက်လုပ်လက်စားများပီပီ လက်တွေ့ကျသည်ကိုသာ တွေးကြသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဘ၀တွင် နက်ဖြန်ကိုကျော်ပြီး သန်ဘက်ခါအကြောင်း တွေးတောခြင်းသည် အချည်းနှီးသာ ဖြစ်၏။ ဤသည်ကို ဘဘောပေါက်နားလည်ခြင်းကြောင့်ထင့် ဒေါင့်ကြီးသူ၊ ဒေါင့်ကြီးသားတို့သည် “ဆန်အိုးထဲတွင် ဆန်ရှိရေး .. ဒို့အရေး ဟူ၍သာ နှလုံးသွင်းဆင်ခြင်ကြသည်။

 

(၂)

 

ဦးတေဇွန်ကား အသားညိုစိမ့်စိမ့် ထောင်ထောင်မောင်းမောင်းနှင့် အညာသားကိုယ်တော် ဖြစ်သည်။ ရဟန်းပျိုဘ၀ မန္တလေးဘုရားကြီးတိုက်တွင် စာဝါလိုက်နေချိန်၌ အောက်ပြည်အောက်ရွာမှ လာရောက်တောင်းပန်ကြသည့် ဒါယကာ၊ ဒါယကာမများအား အစဉ်သနားသည်ကို အကြောင်းပြုပြီး၊ ဒေါင့်ကြီးကျေးရွာ ရွာဦးကျောင်းတွင် အခြေချကာ သီတင်းသုံး နေထိုင်တော်မူခဲ့ခြင်း ဖြစ်သည်။ ဒေါင့်ကြီးရွာတွင် ဆွေမျိုးသားချင်းဟူ၍ အလျဉ်း မရှိ။ ထို့အတူ အထက်အညာဆီတွင်လည်း ဆွေမျိုးသားချင်း များစွာ ရှိပုံ မရချေ။ ဦးတေဇွန်သည် ၀ိနည်းကျင့်ဝတ်တို့ကို အထူးလိုက်နာ စောင့်စည်သည့် မထေရ်ကြီးဖြစ်သည်။ ဒေါင့်ကြီးရွာ၊ လဲပြောက်ရွာ ရွာရိုးရွာစဉ်တစ်ခွင်တွင်မူ စာတတ်ပေတတ် အကျော်အမော် ဆတော်တစ်ပါးပင် ဖြစ်၏။

ရွာသူရွာသားအပေါင်းတို့အား နှစ်ပေါင်းလေးဆယ်ခန့်ကြာအောင် သံသရာလွတ်မြောက်ရေး တရားရေအေး တိုက်ကျွေးခဲ့သည့် ဦးတေဇွန်မထေရ်ကြီးသည် ယခုအခါတွင်မူ (၃၁) ဘုံသားတို့ မလွန်ဆန်နိုင်သည့် အနိစ္စသဘောကို ဒေါင့်ကြီးသားတို့ မျက်ဝါးထင်ထင် မြင်စေအံ့သောငှာ သူ၏ခန္ဓာအားရင်း၍ အထင်အလင်းပြခဲ့လေပြီ။ ဆရာတော် ပြသော်ငြား ရွာသားများ မမြင်။ သူတို့မြင်သည်မှာ ဦးတေဇွန်ကိုယ်တော်မြတ်၏ ကြွင်းကျန်သော ဥတုဇရုပ်ကလာပ်တော်ကြီးသာ ဖြစ်၏။

လူ့ဘုံခန်းဝါ မသာပွဲများတွင်မူ အမွေလုခြင်း၊ ငိုယိုတမ်းတခြင်းများ ကြီးစိုးသောကြောင့် များစွာ ပျော်စရာ မကောင်းချေ။ စိတ်ရှုပ်စရာသာ အတိ ဖြစ်သည်။ ငိုယိုမြည်တမ်းသံတို့ ကင်းသည့် ဘုန်းကြီးပျံသည်ကား လူမသာပွဲများနှင့် များစွာ ခြားနားသည်။ အများသူငါ လူတကာတို့ ပျော်လိုက ပျော်နိုင်သည်။ သံဝေဂယူလိုက ယူနိုင်သည်။ ရယ်လိုက ရယ်နိုင်သည်။ ငိုလိုက ငိုနိုင်သည်။ မည်သူ့တစ်ဦးတစ်ယောက်၏ မျက်နှာကိုမျှ ထောက်ထားညှာတာရန် မလိုချေ။

 

(၃)

 

ဒေါင်ကြီးရွာသည် အတန်ငယ် ဆင်းရဲသော ရွာဖြစ်ခြင်းကြောင့် ဧယင် မကျူးနိုင်၊ တက်ခုတ်ယိမ်း မကနိုင်၊ ဇာတ် မသွင်းနိုင်။ အငြိမ့် မငှားနိုင်။ သို့သော်လည်း ရွာသူရွာသားတို့သည် ဦးတေဇွန်ဘုန်းကြီးပျံကို စည်စည်ကားကား ဖြစ်စေချင်ကြသည်။ မြင်ချင်ကြသည်။ ဆရာတော်ဘုရား နတ်ပြည်လားသည်ကို ပျော်ပျော်ပါးပါး နှုတ်ဆက်လိုကြသည်။ ဘုန်းကြီးပျံတွင် ရှိစုမဲ့စု ၀တ်ကောင်းစားလှကလေးများကို ဂုဏ်တုဂုဏ်ပြိုင် ထုတ်ဝတ်လိုကြသည်။ အလှူ့ထမင်းကို ၀က်သားဟင်းနှင့် ပျော်ပျော်ပါးပါး စားချင်ကြသည်။ လှူချင်တန်းချင်ကြသည်။ ထိုမျှသာမက အလှူဒါန၏ အဖို့ဘာဂကို နတ်လူအပေါင်းတို့အား အမျှပေးဝေငှလိုကြသေးသည်။

သို့ဖြင့် ရွာသူရွာသားအပေါင်းတို့သည် ဘုန်းကြီးပျံကျင်းပရေးအတွက် စုရုံးတိုင်ပင်ကြ၏။ ရွာလူကြီးဦးတလုပ်အား အမှူးထားပြီး ဘုန်းကြီးပျံကျင်းပရေးကော်မတီကို ဖွဲ့စည်းကြသည်။ ကျောင်းဆရာ ကိုချစ်ဝေ၊ ဦးတင်အောင်၊ ဦးလေးသန်း စသည့် ရပ်မိရပ်ဖများကိုလည်း အမှုဆောင်အဖြစ် တင်မြှောက်ကြပြီး ဆယ်အိမ်ခေါင်းငကောက်ကိုမူ ဦးတလုပ်၏ထောက်ခံချက်ဖြင့် ဘဏ္ဍာထိန်းအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြသည်။  

ဦးတလုပ်သည် မြန်မာ့ရွှေရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ရွာလူကြီးအဖြစ်ကို ရခဲ့သူဖြစ်ခြင်းကြောင့် တိုးတက်သောအမြင်ရှိသူ တစ်ဦးပင် ဖြစ်သည်။ ရွှေရှယ်လစ်သဘောတရားများကိုလည်း ကောင်းစွာ တီးခေါက်မိသူ ဖြစ်သည်။ ကော်မတီဖွဲ့စည်းခြင်း၊ အစည်းအဝေးကျင်းပခြင်းစသည့် အဌာရသများကို အထူးတတ်ပွန်၏။

ယင်းနောက် ဦးတလုပ်သည် ဆယ်အိမ်ခေါင်းများ၊ ရပ်မိရပ်ဖများဖြင့် ဘုန်းကြီးပျံကျင်းပရေးအတွက် လိုအပ်သည်များကို ညှိနှိုင်း တိုင်ပင် ဆွေးနွေး လေ၏။ ဘုန်းကြီးပျံကို ဆယ့်လေးရက်ထားမည်။ လောင်တိုက်ကို ရိုးရိုးတန်းတန်းသာ လုပ်မည်။ လဲပြောက်၊ ပြင်ရွာ၊ လပွတလုပ်တစ်ကျောမှ မထေရ်ကြီးများကို ပင့်ဆောင်ပြီး ၀က်သားဟင်းဖြင့် ဆွမ်းလုပ်ကျွေးမည်။ စည်စည်ကားကား ရှိစေရန် ဗွီဒီယို မိုးလင်းပေါက် ပြမည်။ ထို့အပြင် လှေပြိုင်ပွဲ၊ ပန်းပြေးပွဲများကိုပါ ထည့်သွင်းမည်။ ဘုန်းကြီးပျံ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တစ်အိမ်ထောင်လျှင် ငွေနှစ်ရာကျပ်နှုန်း ထည့်ဝင်ရမည် အစရှိသည့် ဆုံးဖြတ်ချက်များကို ရွာသူရွာသားတို့၏ လက်ခုပ်သြဘာသံများဖြင့် သောင်းသောင်းဖြဖြ အတည်ပြုလိုက်ကြ၏။

ထို့နောက်တွင် ဦးတလုပ်သည် ဘုန်းကြီးပျံလောင်တိုက် တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး ကော်မတီ၊ ဟင်းကြွေးဟင်းရံ ရှာဖွေရေး ကော်မတီ၊ ရန်ပုံငွေ ရှာဖွေရေး ကော်မတီ၊ ဘုန်းကြီး ပင့်ဆောင်ရေး ကော်မတီ၊ အသံချဲ့စက်၊ မီးစက်နှင့် စက်သုံးဆီရရှိရေး ကော်မတီ၊ လုံခြုံရေး ကော်မတီ အစရှိသည့် ကော်မတီပေါင်း မြောက်များစွာကို ဖွဲစည်းလိုက်လေ၏။ သန္ဓေကော်မတီဝင်များအား ဆိုင်ရာအာဏာနှင့်တကွ တာဝန်ဝတ္တရားများကို အပ်နှင်းသည်။ “လိုအပ်တာကို ကြည့်ပြီးတော့ စီစဉ်ချေ။ ကြည့်ခိုင်းဗျာ။ ကလန်ကဆန် လုပ်တဲ့ကောင်နဲ့တွေ့ရင် ကျုပ်ကိုပြော။ နားရင်းပါးရင်း လာတီးပေးမယ် ဟူသည့် လမ်းညွှန်သြ၀ါဒကိုလည်း မြွက်ကြားလေ၏။ 

သန္ဓေကော်မတီဝင်များကလည်း အဆင့်ဆင့်သော ဆပ်ကော်မတီများကို ထပ်မံဖွဲ့စည်းကြပြန်သည်။ အထူးထူးသောအာဏာနှင့် အသွယ်သွယ်သောတာဝန်ဝတ္တရားများကို ထပ်ဆင့်ခွဲဝေအပ်နှင်းကြပြန်သည်။ ဆပ်ကော်မတီများတွင် အထက်ပိုင်း၊ အောက်ပိုင်း နှစ်ပိုင်းခွဲပြီး ထပ်ဆင့်ဆပ်ကော်မတီများကို ထပ်မံဖွဲ့စည်းကြပြန်သည်။ သို့နှင့် မည်သူက မည်သည့်ကော်မတီတွင် ပါဝင်နေသည်ကို အမှုဆောင်များ မဆိုထားဘိ၊ ကော်မတီဝင်များ ကိုယ်တိုင်ပင်လျှင် မသိကြချေ။ ဘုန်းကြီးပျံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌကြီး ဦးတလုပ်ကိုယ်တိုင်ပင်လျှင် မသိ။ မသိသော်လည်း ကိစ္စမရှိပေ။ ဦးတလုပ် ခိုင်းစရာရှိလျှင် လက်စွဲကျော် ဆယ်အိမ်ခေါင်းငကောက်ကို ပြောလိုက်ယုံသာ ဖြစ်၏။ လူကြီးကိုယ်တိုင် နေရာတိုင်းတွင် ၀င်ပါရန် မလို။ ငကောက် ဖာသာ မိုက်ကိုင်ပြီး ဆိုင်ရာကော်မတီကို ကုန်းအော်လိမ့်မည်။ အော်လံမှ ငကောက်၏ အသံကိုကြားလျှင် ဆိုင်ရာကော်မတီဝင်များက သက်ဆိုင်ရာ ဆပ်ကော်မတီများကို အော်ပြောလိမ့်မည်။ ဆပ်ကော်မတီများကလည်း ထပ်ဆင့်ကော်မတီများကို တဖန် အော်ဟစ် အကြောင်းကြား လိမ့်မည်။ ဆွမ်းခံထွက်ချိန်လောက်က ငကောက် ကုန်းအော်လိုက်လျှင် ဆွမ်းခံပြန်ချိန်တွင် ဦးတလုပ်ရှေ့တော်မှောက်ဝယ် ကော်မတီဝင်များ အစုံအညီ ရောက်နေကြသည်ချည်းသာ ဖြစ်၏။ အညာသူ၊ အညာသားတို့၏ လေသံဖြင့် ဆိုရလျှင် “ဦးတလုပ် ပိုင်ချက် တော် ဟု ဆိုရပေလိမ့်မည်။

ထို့နောက် ဦးတလုပ်အမှူးပြုသော ဘုန်းကြီးပျံလောင်တိုက် တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး ကော်မတီသည် ပုသိမ်မှ ဆေးထိုးဆရာကိုပင့်ပြီး ဦးတေဇွန်၏ ဥတုဇရုပ်ကလာပ်တော်ကြီးကို မပုပ်မသိုးစေရန် ဆေးထိုးသည်။ ရင်ခွဲ၍ အူအသည်း နှုတ်သည်။ သို့မှသာ အလောင်း မပုပ်မသိုးဘဲ ကြာကြာခံမည် မဟုတ်လော။ ကျောက်ဖရုံသီးသုံးလုံးကို အလောင်းသေတ္တာအောက်တွင် ထားသည်။ ပြီးလျှင် ကျောင်းအစပ် လယ်ထဲ၌ လောင်တိုက်ချပြီး ရုပ်ကလာပ်တော်ကြီးကို သီတင်းသုံးစေသည်။

ဧယင်ကျူးမည့်သူ မရှိသောကြောင့် ဆရာတော်ဘုရား၏ ရုပ်အလောင်းတော်ကြီးအား တာဝတိံသို့ နတ်သိကြားတို့ ပင့်ဆောင်ယူမည့်ရန်ကို ပူရန် မလိုချေ။ လောင်တိုက်တွင် မွမ်းမံထားသည့် ပန်းစက္ကူ၊ မုလေးပွားများကို ဆွဲလားရမ်းလားလုပ်ကာ လက်ဆော့သည့် သူငယ်အချို့သာ ရှိသည်။ သို့သော် “ဒီ ... သောက်ကမြင်းမသားလေးတွေ .. ဟာလေ ဟူသော အသံကြားလိုက်ရခြင်းကိုထောက်သော် ကပ်္ပိယကြီးဦးထွန်းချိန်သည် ဦးတေဇွန်၏ ရုပ်ကလာပ်တော်ကြီးအား အာသာဝတီနွယ်နီ နတ်ပန်းမာလာကို စောင့်ကြပ်သည့် ကုမ္ဘဏ်နတ်ဘီလူးနှယ် ကောင်းစွာစောင့်ရှောက်နေသည်ကို  အထင်အရှား သိမြင်နိုင်၏။

ထို့ကြောင့် ဦးတလုပ်သည် ငကောက်နှင့် တိုင်ပင်ပြီး  ဦးထွန်းချိန်အား လောင်တိုက်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်လေ၏။ ဆေးလိပ်ထုပ်၊ကွမ်းအစ်စသည့် အဆောင်အယောင်များနှင့်တကွ ကျွဲချိုလေးခွတစ်လက်၊ လောက်စာလုံးတစ်အိတ်ကိုလည်း ပူးတွဲအပ်နှင်းသည်။  “ဘကြီးထွန်းချိန်ရေ .. လက်ကမြင်းကြောထတဲ့ကောင်ဆိုရင် .. ဆော်သာ .. ဆော်လိုက်ဗျာ။ မျက်လုံး၊ မျက်ဆံ မမှန်ရင် ပြီးတာပဲ။ ဖြစ်သမျှ ကျွန်တော် ရှင်းပါ့မယ် ဟု အာမဘန္တေ ခံသည်။ ယင်းတို့နှစ်ဦးကား ရန်ပုံငွေရရှိရေး၊ ဘုန်းကြီးပျံပွဲ ခြိမ့်ခြိမ့်သဲရေး၊ လှေသဘင်ပွဲ ဖြစ်မြောက်ရေး အစရှိသည့် မြောက်မြားစွာသော အရေးတို့ကြောင့် မအားလပ်ကြတော့ပြီ။ ရပ်ရေးရွာရေးမို့ ရပ်မိရပ်ဖပီပီ အစွမ်းကုန် လှုပ်ရှားမှ တော်ရုံကျပေမည် မဟုတ်လော။

 

(၄)

 

လှေပြိုင်ပွဲများ ဒေါင့်ကြီးရွာတွင် မကျင်းပဖြစ်ခဲ့တော့သည်မှာ နှစ်ကာလအတန်ငယ် ကြာမြင့်ပြီ ဖြစ်သောကြောင့် မျိုးဆက်သစ်ဟု ခေါ်ဆိုအပ်သော နှောင်းလူငယ်တို့သည် လှေပြိုင်ပွဲတွင် ကျင့်သုံးအပ်သည့် စည်းကမ်းကလနားတို့ကို မသိကြတော့ချေ။ မျိုးဆက်သစ်တို့ မဆိုထားဘိ၊ လူလတ်ပိုင်းတို့ပင် အမေ့မေ့ အလျော့လျော့ ဖြစ်နေကြပြီ ဖြစ်၏။ 

သို့သော်လည်း လူငယ်၊ လူရွယ်အပေါင်းတို့သည် ပြိုင်ပွဲတည်းဟူသော အသံကိုကြားလျှင် လှုပ်လှုပ်ရွရွ ဖြစ်လာကြ၏။ မိမိတို့၏ စွမ်းပကားကို ပြသလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာကြ၏။ လူငယ်များသာ မက၊ လူကြီးပိုင်း မရောက်တရောက်တို့ကလည်း ခြေလှုပ်လက်လှုပ် ဖြစ်လာကြသည်။ အချို့သော လူငယ်တို့ကမူ လှေပြိုင်ပွဲကို အကောင်းမမြင်။ လှေသဘင် ဆင်ယင်ကျင်းပ ရကောင်းမှန်း မသိ။ “မယောင်ရာ ဆီလူး ဟု ဆိုကြသည်။ “နေရင်းထိုင်ရင်း .. အလုပ်မရှိ လစိသန်းရှာလို့ကွာ  .. ထမင်းကြမ်းကို ယပ်ခတ်ပြီး မစားနိုင်ကြဘူး။ အေးအေးလူလူ .. မနေနိုင်ကြဘူး ဟု ငြူစူကြသည်။

သို့စေမူ လှေသဘင်ပွဲ ဆင်နွှဲလိုကြသည့် လူငယ်လူရွယ်တို့သည် သုံးယောက်တစ်ဖွဲ့၊ ငါးယောက်တစ်ဖွဲ့ စသဖြင့် စုစည်းပြီး လှေလှော်သင်းများကို စိတ်ရှိတိုင်း ဖွဲ့စည်းကြ၏။ မြန်မာ့ဓလေ့အား စွမ်းနိုင်သလောက် စောင့်ရှောက်ကြသည်မှာ ချီးကျူးစရာပင် ဖြစ်သည်။ 

တောသားတောသူ မိလက္ခူတို့ဖြင့် ဖွဲ့စည်းအပ်သည့် လှေလှော်သင်းများဖြစ်ခြင်းကြောင့် လှေသင်းတို့၏ အမည်များမှာ တောနာမည်များသာ ဖြစ်သည်။ မြို့ဆန်ဆန် နန့်တန့်တန့် ပျံတံတံ နာမည်များ မဟုတ်ချေ။ တောအရပ်ဒေသနှင့် လွန်စွာပနံရသည်။ လှေသားတို့သည် ယင်းတို့၏လှေများကို ဗေဒါပျံ၊ ပစ်တိုင်းထောင်၊ အဏ္ဏ၀ါဘုရင် ဗိုလ်အောင်ဒင်၊ စိန်ဒုံးပျံ၊ ငွေဝင်းသန်း၊ တောသားလေး၊ ရေယာဉ်ပျံ စသည့် စိတ်ကူးတည့်ရာ အမည်များခေါ်တွင်စေသည်။ ဖိုက်တာ၊ မော်တာဂျက် စသော ဘိုဆန်ဆန် အမည်မှည့်ထားသည့် လှေများကိုလည်း တွေ့ရသေးသည်။

ရှေးအရင် မြန်မာ့လှေသဘင်ပွဲထုံးဓလေ့အရ အဖျင်းဆုံးလှေသင်းတွင်ပင်လျှင် လှေသားအယောက် အစိတ်ခန့် ရှိကြသည်။ မြန်မာ့ရိုးရာလှေသဘင်ပွဲတော်တွင် အသုံးပြုသည့် ပြိုင်လှေမှာ ကျွန်းသားလောင်းလှေ ဖြစ်သည်။ လှေဦးတွင် ရွှေပိန်းချဇော်ရုပ်၊ ဟင်္သာရုပ် စသည့်လှေဦးတင်ရုပ်များဖြင့် တန်ဆာဆင်သည်။ လှော်တက်ကို ဆေးနီခြယ်သပြီး ယိုးဒယားကနုတ်ဖြင့် မွမ်းမံခြယ်သသည်။ ထိုလောင်းလှေ၊ လှော်တက်တို့သည် ကာလကြာညောင်းပြီ ဖြစ်သောကြောင့် သင်္ခါရ သဘောကို ဆောင်သွားလေပြီ။ ထိုလောင်း၊တက်တို့ကို နှောင်းလူတို့ မမြင်ဖူးကြတော့ပြီ။ ဈေးကောင်းရသည့် လှေဦးတင်ရုပ်တို့သည် ဇာတိရပ်ရွာကို စွန့်ခွာပြီး ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များရှိရာ မြို့ကြီးပြကြီးများတွင် ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ကြလေပြီ။  မြို့သား လုပ်ကြလေပြီ။ မြို့စိတ် ၀င်ကြလေပြီ။ 

ရှေးစနစ်နည်းနာတို့သည်ကား ရှေးအတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်၏။ နှစ်ဆယ့်တစ်ရာစုဒေါင့်ကြီးသားပီပီ ကာလဒေသနှင့်ဆီလျော်သည့် နည်းနာဥပဒေတို့ကို ပြောင်းလဲပြင်ဆင်ကာမှ တော်ရာကျပေမည်။ နှစ်ဆယ့်တစ်ရာစုဒေါင့်ကြီးသားတို့တွင် ကျွန်းသားလှေလောင်း မရှိငြား၊ တောင်ပိန္နဲသား၊ သစ်ကျောက်သားတို့ဖြင့် စပ်ထားသည့် ငါးမြွေထိုးဦးချွန်း၊ ကမ်းနီလက်၊ ပန်းတနော်လက်၊ အညာလက် အစရှိသည့် ခေတ်ပြိုင်လှေများ ရှိသည်။ ထိုလှေများဖြင့်ပင် လှေသဘင်ကို ခြိမ့်ခြိမ့်သဲအောင် ဆင်ယင်ကြ ကျင်းပမည်သာ ဖြစ်သည်။

လှေသားလက်သစ်တို့သည် လှေသင်းများဖွဲ့ပင်ဖွဲသော်ငြား လှေသဘင်ပွဲတို့တွင် ကျင့်သုံးအပ်သည့် စည်းမျဉ်ကလနားများကို ကောင်းစွာ နားမလည်ကြချေ။ ထို့ကြောင့် အချို့သော လှေသားအသစ်ကျပ်ချွတ်တို့သည် ဘိုးလေးတင်အေး၊ ဘကြီးကိုရွှေ စသည့် ၀ါရင့်၊ သမ္ဘာရင့် လှေသားဟောင်းကြီးတို့ထံပါးသို့ ချဉ်းကပ်ပြီး လှေတော်သားတို့ တတ်မြောက်အပ်သည့် အဌာရသတို့ကို ဆည်းပူရန် ပြင်ဆင်ကြကုန်၏။ သို့သော် “ဒေါင့်ကြီးသားကွ .. မွေးကတည်းက လှော်တက်ကိုင်ပြီး မွေးလာတာ။ လှေလှော်ရင်း ကြီးလာတာ။ တောက်တီးတောက်တဲ့ လှေလှော်တာများ သင်စရာ ဘာလို လိမ့်မတုံး။ ဒီ အဘိုးကြီးတွေကို ဆရာတင်ရင် နားပူတာပဲ အဖတ်တင်မယ် ဟူသည့် အသံများကိုလည်း ကြားရသေးသည်။ 

ဘိုးလေးတို့ လူသိုက်ကား မတီးလျှင် မမြည်၊ တီးလျှင်ကား ကျယ်လောင်စွာ မြည်ဟီးတတ်သည့် စည်ကြီးများ ပမာနှယ်။ မျိုးဆက်သစ်လှေသားတို့၏ တောင်းပန်တိုးလျှိုးသံကို ကြားလျှင်ကြားချင်း စိပ်ပုတီးကို လက်မှချပြီး ငေါက်ခနဲထ၏။  ပုဆိုးကို ခပ်တိုတို ပြင်ဝတ်သည်။ ချောင်ထိုးထားသည့် ရုပ်သေးလက်ခေါ် လှေပြိုင်ပွဲအနိုင်အရှုံးဆုံးဖြတ်သည့် ကိရိယာကို ကပျာကရာ ဖုန်သုတ်ပြီး အပ်ချည်ဘီးလုံးကို ကပျာကသီယူသည်။ မြ နေအောင် သွေးထားသည့် ဓါးမတိုကို ဓါးအိမ်တွင် ချပ်ပြီး ခါးတွင် ကပ်သည်။ ခမောက်တစ်လုံးကို ကမန်းကတန်း ဆွဲယူပြီး ပုဆိုးတစ်ထည် ပုခုံးပေါ်တင်၊ လှော်တက်ကို လက်တွင်စွဲ၍ ကမ်းနားသို့ ဆင်းကာ လှေတော်သား မျိုးဆက်သစ်သူငယ်တို့ကို ထရိန်နင် ပေးလေတော့၏။ 

ဘိုးလေးတို့ လူသိုက်သည် မျိုးဆက်သစ်တို့အား “ငါတို့ခေတ်တုန်းကဆိုရင် ငါးတက်လောက်နဲ့ လှေထောင်တယ်ဆိုတာ မရှိဘူး။ ကြားတောင် မကြားဖူးဘူး။ ခုနစ်တက်ဆိုတာတောင် စာဖွဲ့တာမဟုတ်ဘူးကွ။ အဖျင်းဆုံး လှေမှာတောင် ကိုးတက် ရှိတယ်။ ပြီးတော့ လှေလှော်ကျင့်ပြီးဆိုရင်လည်း မိုးလင်းမိုးချုပ် ရေကုန်ရေခန်း ကျင့်ရတာ။ လှော်ရတာ၊ ခတ်ရတာ။ မင်းတို့ခေတ်နဲ့များ ကွာပါ့ကွာ။ မင်းတို့ကောင်တွေကတော့ နှစ်ချီနှစ်လား အသွားအပြန် ဟိုဘက်နဲ့ဒီဘက် လှော်ရခတ်ရတာနဲ့တောင် ဟောဟဲဆိုက်နေပြီ။ ပင်ပန်းလှပြီ ထင်နေကြတယ်။ ပျော့လိုက်ကြတဲ့ ငပျော့တွေ။ ခေတ်ကာလသားများဟာ တော်တော်ကလေးကို ပျော့ကုန်ကြပြီ။ ပျော့တယ်သာ ဆိုပေမယ့် မဟုတ်တဲ့နေရာမှာတော့ အင်မတန် ထူုးချွန်ကြတယ်။ ပျော့ပျော့ကလေးနဲ့ နံတယ်ဆိုတာ မင့်တို့လို အစားတွေကွ ဟု အခြောက်တိုက် ပြစ်တင်ဝေဖန်သည်။ ယင်းတို့၏ အတိတ်လှေတော်သားဘ၀ ရွှေထီးဆောင်းခဲ့ရသည်ကို ဋီကာချဲ့သည်။ “ငါတို့ခေတ်တုန်းကဆိုရင် လံတာသုံးရာအသွားအပြန်ကို မရပ်မနား ငါးချီငါးလားကျအောင် လှော်ရ၊ ကျင့်ရတာ။ တရစပ် ကျုံးလှော်ရတာ။ ဒါတောင် အမော တစ်ချက်ကလေးမှ မဖောက်ဘူး အစချီ အပ်ကြောင်းထပ်နေသည့် ဓါတ်ပြားဟောင်းကြီးကို ဖွင့်ပြန်သည်။ ထို့နောက်တွင် “တက်ကို သည်လိုရုပ်ရတယ်၊ မျက်စိက တောင်ကြည့် မြောက်ကြည့် လုပ်မနေနဲ့၊ ရှေ့တည့်တည့်ကိုပဲ ကြည့်။ အသက်ကို ၀အောင် ရှု ဟူ၍ သွန်သင်ညွှန်ကြားပြီး ထရိန်နင် စတင်လေ၏။

မည်သို့ပင်ဆိုစေကာမူ ဘိုးလေးတင်အေးတို့၏ ခေတ်သည်ကား နောက်တွင် ကျန်ခဲ့လေပြီ။ ယခုခေတ်ကာလသည် မျိုးဆက်သစ်တို့၏ ခေတ်သာလျှင် ဖြစ်၏။ မျိုးဆက်သစ်တို့မည်သည် ခေတ်ဟောင်းကို ပြန်လည် ရော်ရမ်း တမ်းတခြင်း မပြုအပ်။ မျိုးဆက်သစ်တို့သည် လမ်းရိုးဟောင်းကို ဆင့်ကာထွင်ပြီးလျှင်၊ လူသစ်၊ စိတ်သစ်၊ နည်းနာသစ်တို့ဖြင့် လူ့ဘောင်သစ်၊ ပန်းတိုင်သစ်ဆီသို့ ချီရမည် ဟူသည့် စကားပင် ထွန်းကားဖူးခဲ့သည် မဟုတ်လော။ သို့ကြောင့်ပင် အကျွန်ုပ်တို့၏ မြန်မာပြည်တွင် လူ့ဘောင်သစ်၊ ခေတ်သစ်၊ စာပေသစ်၊ ကဗျာသစ်၊ နည်းဗျူဟာအသစ် စသော အသစ်ရနံ့မွှန်းထုံအပ်သည့် အသစ်၊ အသစ်တည်းဟူသော အရာများကို ထပ်ချည်တလဲလဲ ကြားရခြင်းဖြစ်တန်ရာသည်။ ယင်း အသစ်အသစ်ဖြစ်သော အရာတို့သည် မျိုးဆက် တစ်ခါတစ်ခါသစ်တိုင်း အဟောင်းအမြင်းဘ၀သို့ ရောက်ရသည်ချည်းသာလျှင် ဖြစ်၏။ နှလုံးသွင်းတတ်လျှင် အနိစ္စဟူသည်ကို အတိုင်းသားမြင်နိုင်မည် ဖြစ်သည်။

ဘိုးလေးတို့လူသိုက်၏ သွန်သင်လမ်းပြမှုတို့ကြောင့် ဒေါင့်ကြီးချောင်းရိုးတလျှောက်တွင် ယို့ .. ယီးလေး .. ယီးလေ .. ယိုသံ လွှမ်းလေသတည်း။

 

(၅)

 

အလကားရသည့်မြစ်ပြင်တွင် ကိုယ့်လှေ၊ကိုယ့်တက်ဖြင့် ဆင်နွှဲမည့်လှေသဘင်ပွဲဟု ဆိုငြား၊ တစ်အိမ်ထောင်ငါးဆယ်ကျပ်နှုန်းဖြင့် လှေသဘင်ပွဲဖြစ်မြောက်ရေးရန်ပုံငွေ ထပ်မံကောက်ခံသည်မှာ ယုတိ္တမတန်ဟု အချို့က တီးတိုးတီးတိုးသဖန်းပိုးလုပ်ကြ၏။ ဦးတလုပ်ကမူ ဆုတော်ငွေ ချီးမြင့်ရန် အလို့ငှာ ကောက်ခံရခြင်းဖြစ်သည် ဟု ဆင်ခြေပေးသည်။ ငကောက်ကမူ လှေအသင်းတို့အား လိုအပ်သလို ထောက်ပံ့နိုင်ရန်အတွက်ဟု အကြောင်းပြသည်။

တစ်အိမ်ကို ငါးဆယ်။ အိမ်ခြေနှစ်ရာကျော်ဆိုရင် ငွေတစ်သောင်းကျော်။ ပထမဆုအတွက်က သုံးထောင်၊ ဒုတိယဆုက နှစ်ထောင်၊ တတိယဆုက တစ်ထောင်။ ဒီလိုဆိုရင် လေးထောင်တောင် ပိုသေးပဲ။ ပိုတဲ့ လေးထောင်ကို .. ဘာလုပ်ကြမတုန်း ဟု ရှပ်အင်္ကျီဆရာ ကိုဇော်ထူးက အတွန့်တပ်သည်။

ယင်းသို့ အတွန့်တပ်ခြင်းအား ဦးတလုပ် လားလားမျှ မကြိုက်။ ဒေါင့်ကြီးရွာတွင် တလုပ်ဟေ့ ဟု ကြိမ်းလိုက်လျှင် တုပ်တုပ်လှုပ်ရဲသူ ဟူ၍ မရှိသေး။ ဟေတု တက်ဝံ့သူ မပေါ်သေး။ “ဒီ လက်တောက်လောက်ရှိသေးတဲ့ အကောင်။ ခွေးပစ်တုတ်လောက်ရှိသေးတဲ့ ကောင်ကများ .. ရာရာစစ .. လူပါးဝလို့ .. အတွန့်လာတပ်နေရသေးတယ် .. လာလာချည်သေး ဟူ၍ တွေးသည်။ သို့သော် ရှပ်ဆရာဇော်ထူး၏ စကားကို တုံ့ပြန်ချေပရန်မှာ မလွယ်ကူလှပေ။ ထိုကြောင့် “ဟေ့ကောင် .. သောက်စကား မများနဲ့။ ထည့်ဆိုရင် ထည့်လိုက်။ ပိုတဲ့ ပိုက်ဆံကို လိုအပ်တဲ့နေရာမှာ သုံးမယ် .. ကဏ္ဋကောစ မလုပ်နဲ့။ ပါးပိတ်ရိုက်လို့ သွားချေး ယိုးဒယားက သွားဦးမယ် ဟုဆို၍ အတွန့်တပ်သံကို ပယ်ရှားလိုက်သည်။

သို့ဖြင့် ဒေါင့်ကြီးတစ်ရွာလုံးသည် ဦးတလုပ်၏ သင့်မြတ်ကောင်းမွန်လှသည့် အကြောင်းပြချက်ကို အောင့်သီးအောက်သက်ဖြင့် လက်ခံလိုက်ကြရသည်။ လှေသဘင်ပွဲတော်ဖြစ်မြောက်ရေးရန်ပုံငွေ ကို ဆောင့်ကြီးအောင့်ကြီး ထည့်ဝင်လိုက်ကြရသည်။

 

(၆)

 

ဆယ့်လေးရက်ဟူသော အချိန်သည် အလွန်တိုတောင်းလှသည့် ကာလသာ ဖြစ်၏။ သို့သော် ထိုဆယ့်လေးရက်တည်းဟူသော ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းချင်းရာတို့သည် ဒေါင့်ကြီးသူ ဒေါင့်ကြီးသားများအတွက် တစ်သက်စာဖူလုံသည်။ တစ်သက်လုံး ပြော၍ မဆုံးနိုင်။

ထို ဆယ့်လေးရက်တာ ကာလအတွင်းတွင် ရယ်စရာများနှင့်လည်း ကြုံခဲ့ရသည်။ မောစရာများနှင့်လည်း ဆုံခဲ့ရသည်။ လွမ်းစရာများနှင့်လည်း တွေ့ခဲ့ရသည်။ မျက်မှောင်ကြုံ့စရာများနှင့်လည်း ကြုံခဲ့ရသည်။ ငိုစရာများနှင့်လည်း တွေခဲ့ကြရသည်။

ထို ဆယ့်လေးရက်တာ ကာလအတွင်းတွင် ဘယ်လှေက ကောင်တွေက လက်စောင်း တော်တော်ထက်တယ်။ ဘယ်လှေက ကောင်တွေကတော့ ဘယ်လို ကျိတ်ကြံနေတယ်။ ဘယ်လှေက ကောင်တွေကတော့ ဘယ်သို့ ဘယ်ပုံ ဟူသော အသံများကို ဖောဖောသီသီ ကြားရသည်။

လှေသားတို့မှာ မြစ်ဝကျွန်းပေါ်သားများပီပီ လှေလှော်ရာတွင် လက်ရည်ထက်ကြသည် ချည်းသာ ဖြစ်၏။ ရေ၌ ကျင်လည်ကြသူ ချည်းသာ ဖြစ်၏။ မည်သူမည်မျှစွမ်းသည်ကိုကား လှေသဘင်ပွဲတွင်မှ အပ်ချမတ်ချပြောနိုင်မြင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း လောကတံထွာ လူသားတို့၏သဘာဝအရ မသိရမမြင်ရသေးသည်ကိုမှ သိလိုမြင်လို ကြသည်။ ခန့်မှန်းလိုကြသည်။ ရမ်းဆလိုကြသည်။

လှေသဘင်ပွဲနွှဲကြမည့် လှေများအနက် ဘိုးလေးတင်အေး ဦးစီးသည့် တိုင်းကျော်၊ ဘကြီးကိုရွှေ ဦးစီးသည့် တောသားလေးတို့မှာ အကျော်ဇေယျ ဖြစ်သည်။ ဆယ်အိမ်ခေါင်း ငကောက် ကြီးကြပ်သည့် ဖိုက်တာ မှာလည်း မခေလှ။ သူ့လယ်မှ ဒေါင်ဒေါင်မြည်၊ ဒိတ်ဒိတ်ကျဲ သူရင်းငှားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့နှင့် အထူးထူးသောလှေတို့သည် မိုးလင်းသည်နှင့် တပြိုက်နက် ယို့ ယီးလေး ယီးလေး ယို ပြီးလျှင် ဒေါင့်ကြီးချောင်းရိုး တစ်လျှောက် အုန်းအုန်းထအောင် လှေလှော်ကျင့်ကြ၏။ ဆွမ်းစားတုံးမောင်ခေါက်ခါမှ တအောင့်တဖြုတ်နားကြသည်။

 

(၇)

 

ဒေါင့်ကြီးချောင်းသည် များစွာကျယ်ပြန့်သော ချောင်းမဟုတ်ချေ။ မြောက်မြားလှစွာသောလှေတို့ အပြိုင်အဆိုင်လေ့ကျင့်လှော်ခတ်ရန် မဖြစ်နိုင်ပေ။ အတန်ငယ်ကျဉ်းမြောင်းလှသည်ဟု ဆိုသော်ဆိုနိုင်၏။ ထိုကြောင့် လှေသားတို့သည် ချောင်းရေပြင်ကို သူ့ထက်ငါ လုယက်အပိုင်စီးရန် ကြံကြလေ၏။ လှေရေးကျင့်ရန် ချောင်းရေပြင်လုရင်း တိုင်းကျော်နှင့် ဖိုက်တာတို့ တစ်ပွဲတစ်လမ်း အကဲစမ်းကြလေ၏။ လှေနှစ်စင်းလုံးမှာလည်း အထိမခံ၊ ဆတ်ဆတ်ကျဲ၊ အာဇာနည်တို့ဖြင့် ဖွဲ့စည်းထားသည် မဟုတ်လော။

လှေစီးချင်းတိုက်ပွဲကို စတင်သူမှာ ဖိုက်တာလှေမှ လှေဦးစီးတစ်ဖြစ်လဲ လယ်ကူလီခေါင်း ဖိုးလုံး ပင်ဖြစ်၏။

လှေနှစ်စင်းယှဉ်မိစဉ်တွင် ဖိုးလုံးသည် ရွာသားတို့ဓလေ့အတိုင်း ပုဆိုးကို အသာလှစ်ပြလိုက်ခြင်းဖြင့် စစ်ပွဲကို အစပျိုးလိုက်လေ၏။ စီးချင်းတိုက်ပွဲကို လှုပ်နှိုးပြီး အသက်သွင်းလိုက်သည်။

ဖိုးလုံးထိပါးစော်ကားသည်ကို တိုင်းကျော်လှေသားတို့မြင်၏။ ထို့ကြောင့် မခံမရပ်နိုင်ဖြစ်ကြလေပြီ။ တက်ကိုရုတ်ခြည်သိမ်း၍ တိုက်ပွဲဝင်ရန် အသင့်ပြင်သည်။ လှေကို ဂ ငယ်ကွေ့ ပြန့်ကွေ့ပြီး စစ်ချီရန် ပြင်သည်။ တိုက်စစ်ဆင်အံ့သောငှာ ဖိုက်တာနောက်သို့ တက်သုတ်ရိုက်ပြီး အသော့နှင်သည်။ ဤသည်ကို ဖိုးလုံး မြင်၏။ မြင်လျှင်မြင်ချင်း၊ သူ၏ လှေတော်သားတို့ကို မျက်ရိပ်ပြလိုက်သည်။ ထို့နောက် ခံစစ် ဆင်အံ့သောငှာ လှော်တက်များကို အဆင်သင့် ချိန်ရွယ်ပြင်ဆင်စေသည်။

လှေနှစ်စီး ရင်ဘောင်တန်းမိလျှင် တိုင်းကျော်လှေသားတို့သည် တက်ကို ဆတ်ခနဲ ရုတ်လိုက်ကြသည်။ ထို့နောက် နွားလားဥဿဘ တွန်ကျူးသကဲ့သို့ အော်ဟစ်ခြိမ်းခြောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် တိုက်ခိုက်ခြင်းတည်းဟူသော ဥဿဘဗျူဟာကို ခင်းကျင်းပြီး မအေ၊ နှမ အစချီ၍ မိုးမွှန်အောင် ဆဲရေးတိုင်းထွာကြသည်။ လှော်တက်တို့ဖြင့် ဖိုက်တာလှေသားများကို တက်ညီလက်ညီ ရိုက်နှက်ကြ၏။

ဖိုက်တာလှေသားတို့သည်လည်း ပျားအုံကဲ့သို့ တစ်ဝန်းတစ်စုတည်းခံခြင်းတည်းဟူသော မဓုဝတ္တနဗျူဟာဖြင့် တန်ပြန် စစ်ခံသည်။ နံရိုးနှင့် လှော်တက် မိတ်ဆက်သံ တဘုန်းဘုန်းများကို ကြားရ၏။ “နားရင်းကို ရိုက်ဟ။ အုပ်ဆက်ကို ဆော်ထည့်လိုက်။ ချကွာ .. အသေသာ ဆော်လိုက် ဟူသည့် စစ်ရဲသံကို ကြားရသည်။ လဲသူလဲ၊ ပြိုသူပြို၊ ရေထဲကျသူကျဖြင့် အတော်ပင် ကြည့်ကောင်းသော ပွဲဖြစ်သည်။

ရေထဲကျသော်ငြား ရေတွင်ငါး၊လိပ်၊မကန်းတို့နီးပါး ကျင်လည်ကြသူမျာပီပီ ရေထဲ၌ပင် လုံးလားထွေးလားလုပ်ကာ သတ်ကြပုတ်ကြပြန်သည်။ ချောင်းရေတက်ကာစဖြစ်သဖြင့် ချောင်းရေမှာ ရင်စို့သာသာတွင်သာ ရှိသည်။ လက်တွင် လှော်တက်ရှိသေးသူများက လှော်တက်ဖြင့် တိုက်ပွဲဝင်သည်။ လှော်တက်မရှိသောသူများကား ဆံပင်ဆွဲသူဆွဲ၊ မျက်လုံးနှိုက်သူုနှိုက်ဖြင့် ဆက်လက်၍ တိုက်ပွဲဝင်ကြသည်။ ထို့သိုဖြစ်သည်မှာ မကြာဟု ဆိုသော်လည်း အတန်ငယ်ကြာသွားသည်။

 

(၈)

 

 မအေရိုးတွေ အကုန်လုံး ကမ်းပေါ်တက်ခဲ့ကြစမ်း ဟူသည့် ဦးတလုပ်၏ အောင်မြင်ခန့်ညားသည့် ဟန့် သံကို မကြားလိုက်ရပါက နှစ်ဘက်လုံး စစ်ဆုတ်ရန် ကြိုးစားမည် မဟုတ်။ နှစ်ဘက်လုံး အထိနာကြမည်သာ။ သေသည်အထိ မိုက်မိုက်ကန်းကန်း တိုက်ပွဲဝင်ကြမည့်သူများ၏ ရန်ပွဲမဟုတ်လော။

ကမ်းသို့ရောက်ကြသော်လည်း “လာခဲ့စမ်းပါ .. လာခဲ့စမ်းပါ .. အကြောင်းသိချင်ရင် ဒီနားကို ကပ်လာခဲ့ချေ။ မျက်ခွက် ပြုတ်သွားမယ် အစချီသော သတ်္တိပြခန်းများဖွင့်ပြီး၊ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် မြေလှန် ဆဲကြပြန်သည်။ စစ်အေးတိုက်ပွဲကို ဆက်လက်နွှဲကြပြန်သည်။

ဦးတလုပ်က  “တိတ်စမ်း .. ခုချက်ချင်း မင့်တို့ ပါးစပ်တွေကို ပိတ်စမ်း၊ အခု ပိတ်ဆိုရင် ပိတ်လိုက်၊ ၀မ်းလျားမှောက်ထားကြစမ်း ဟု ထပ်မံ ညွှန်ကြားသည်။ လှေတော်သားတို့သည် လတာပြင်ကို မြကမ္ဗလာအလား သဘောထားပြီး အလျားပျပ်ပျပ် ရင်ဖြင့်အပ်၍ သုမေဓာ ရှင်ရသေ့ဇာတ်ကို ခင်းကြလေ၏။ ဟေ့ရောင် .. ငကောက် .. လိပ်ကျောက်မြီး သွားယူချေ ဟူသည့် ဦးတလုပ်၏ ခက်ထန်သည့် အသံကို ထပ်မံကြားရသောအခါမှ လှေလှော်သားတို့သည် မိမိတို့ လိပ်ကျောက်မြီး စွပ်ပြုတ်သောက်ရတော့မှာပါကလား ဟု သတိထားမိကြသည်။ မတတ်နိုင် ရိုက်လည်း ခံရုံပေါ့။ ဒေါင့်ကြီးရွာတွင် ဥပဒေဟူသည်မှာ ဦးတလုပ်၏ နှုတ်ထွက်စကားပင် ဖြစ်ချေ၏။

ဦးတလုပ်သည် လိပ်ကျောက်မြီးကို လက်ဝယ်ကိုင်ပြီးသော်လည်း မရိုက်သေး။ လိပ်ကျောက်မြီးကို ဆ သည်။ တရွှမ်းရွှမ်းမြည်အောင် လေတွင် ၀င့်လိုက်သေးသည်။ လိပ်ကျောက်မြီးသံ တရွှမ်းရွှမ်းကို ကြားရသည့်အခါ လှေသားတို့၏ရင်ထဲတွင် အေးခနဲ၊ အေးခနဲ ဖြစ်သွားကြသည်။ မတတ်နိုင် ၀က်ကုန်း ကုန်းပြီး ခံလိုက်ရုံပ။

ဦးတလုပ်က “မင်းတို့ အပြစ်ကို မင်းတို့ သိကြသလား ဟု ထပ်မံ လျှာရှည်ပြန်သည်။ လှေတော်သားတို့ကား မဖြေ။ မဖြေခြင်းမှာ ကလန်ကဆန် လုပ်လိုခြင်းကြောင့် မဟုတ်ပေ။ ဖြေလည်း မထူး၊ မဖြေလည်း မထူး၊ အရိုက်ခံရမည်ကို အတပ်သိသောကြောင့်ပင်တည်း။ ရိုက်ချင်လည်း မြန်မြန်ရိုက်။ မြန်မြန်ရိုက်၊ မြန်မြန်နာ၊ မြန်မြန်ပြီးသည် မဟုတ်လော။ အရေးထဲ အကြောင်းထဲ အချိန်ဆွဲရန်ကော သူကြီးအာဏာ ပြရန်ကော ဟုသာ တွေးကြသည်။

ဦးတလုပ်၏ ကြည်လင်သော စိတ်အစဉ်သည် ဆိုးသွမ်းညစ်ထေးသည့် ကျေးတောသား လှေသမားတို့ကြောင့် တိမ်ညိုပုံ့ပုံ့ မိုးဃ်အုံ့အုံ့ ဖြစ်လေပြီ။ ဦးတလုပ်၏ ဒေါသစိတ်သည် ညိုရာမှ မည်း၍လာပြီး မှောင်ပင်မှောင်လေပြီ။ “မင်းတို့ အပြစ်ကို မင်းတို့ သိကြသလား .. ဟင် .. မင်းတို့ အပြစ်ကို မင်းတို့ သိကြသလားလို့ မင်းတို့ကို ငါမေးနေတယ်လေ။ ထုံပေပေ မလုပ်နဲ့ ပေတေတေ ကပ်တတ်တတ် မလုပ်နဲ့ .. ဖြေ .. ခုချက်ချင်း ဖြေစမ်း အာခေါင်ခြစ်အော်သည်။ “သိပါတယ် ဦးရီး ဟူသည့် ညောင်နာနာ အသံများ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။ ဤမျှနှင့် ဦးတလုပ် မကျေနပ်နိုင်သေး။ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်စီရင်ရုံမျှနှင့် တရားဥပဒေ၏ အနှစ်သာရမှာ မပြည့်စုံ၊ မည်သို့သော အကြောင်းတို့ကြောင့် ဤမည်သော ပြစ်ဒဏ်ကို စီရင်ဆုံးဖြတ် ချမှတ်ရသည်ကိုပါ ရှင်းလင်းလိုသေးသည်။ လျှာအင်မတန်ရှည်သည့် ဦးတလုပ်ပင် ဖြစ်ချေတကား။

သိပြီဆိုတော့ကာ မင်းတို့ကို ဘာလုပ်ရမလဲ ဟု မေးပြန်၏။ အပြစ်ကျူးလွန်မိခြင်း၊ ကိုယ့်အပြစ်ကို ကိုယ်သိမြင်ခြင်း စသည်တို့ကြောင့် ခု ချက်ချင်း လွှတ်ပေးပါ ဟု ဆိုဝံ့သူ မရှိ။ အသနားခံစာလွှာတင်သော်လည်း အကြောင်းထူးမည် မဟုတ်ချေ။ မျက်နှာချိုသွေး၍ လည်းမရ။ အတော်ပင် ခက်သည့် ဦးတလုပ် ပါကလား။ လှေတော်သားအားလုံးသည် လိပ်ကျောက်မြီးကို  မြင်ကတည်းက ဦးတလုပ် ဘီလူးစီးနေပြီကို သိပြီးသား၊ ဘာလုပ်မည်ကို နားလည်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် “ရိုက်ပါ ဦးရီး ဟူု၍သာ တညီတညာတည်း အသံပြုကြသည်။ 

အေး ဟူသည့် စကားသံ၏ အဆုံးတွင် လိပ်ကျောက်မြီးကြီးသည် လှေတော်သားတို့၏ သပိတ်ရောင်ထနေသည့်  ကျောပြင်ကြီးများပေါ်တွင် ကူးချည်သန်းချည် ပြုလေတော့၏။ လှေလှော်သားတို့ကား ယောက်ျားဘသားပီပီ အော်လိုသော်လည်း မအော်ဝံ့။ စုတ်မသတ်ဝံ့။ အော်သံကြားရသည့် အရပ်တွင် ကြိမ်စကြာအစွမ်း ပိုမိုပြင်းထန်တတ်သည်ကို သိသောကြောင့်ပင်။

နှစ်ဖက်သောလှေတော်သားပေါင်း နှစ်ကျိပ်ကျော်ကျော် ရှိသည်ဖြစ်လေရာ အရိုက်ခံမည့် လူတန်းကြီးမှာ တမျှော်တခေါ်ပင် ဖြစ်သည်။ ဦးတလုပ်သည် အဘိုးရာဇာကြံစားသည့်ထုံးကို နှလုံးမူပြီး အထက်မှအကြေသို့ စုန်၍ ရိုက်သည်။ တဖန် သီဟပတေ့ ကြံစားသည့်ကို အမှတ်ရပြီးလျှင် အကြေအရပ်မှ အထက်အရပ်သို့ ဆန်၍လည်း ရိုက်သည်။ ၀ဲမှယာ ယာမှဝဲ သို့ ကူးခြည်သန်းချည် ပြုရင်း ရိုက်သည်။ စုန်ချည်ဆန်ချည် ကူးရင်းသန်းရင်း ရိုက်ရင်းနှက်ရင်း ဦးတလုပ် အမောဆို့လေတော့၏။ အမောဆို့ခါမှ အရိုက်ရပ်သည်။ ထိုအခါမှ လှေတော်သားတို့ အသက်ဝအောင် ရှုရသည်။

မင့်တို့ မျက်ခွက်တွေကို ငါမကြည့်ချင်ဘူး။ သွား .. ခု  ချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း ဟူသော အသံကို ကြားရသော် လှေတော်သားတို့သည် ကျောင်းလွှတ်ချိန်တွင် မြူးတူးခုန်ပေါက်ပြီး အိမ်ပြန်ကြသည့် သူငယ်တို့နှယ် အလျားမှောက်နေရာမှ ရုတ်ခနဲထပြီး ကသောကမျော ပြေးကြလေတော့သည်။ ကသောကမျောပြေးကြသည် ဆိုသော်လည်း ကြိမ်စကြာဒဏ်ကြောင့် မရွှင်မပြုံး ကိုယ်လက်ချုံးသောကြောင့် စိတ်ထင်တိုင်း မပြေးနိုင်။ ထော့နင့်ထော့ကျိုး သုတ်ခြေတင်ကြခြင်းသာလျှင် ဖြစ်သည်။    

နောက်တစ်နေ့နံနက်တွင် ဒေါင့်ကြီးချောင်းရေပြင်တွင် ငကောက်၏ ဖိုက်တာလှေတော်သားများသာ လှေရေးကျင့်နေကြသည်ကို မြင်ရခြင်းကြောင့် တိုင်းကျော်လှေသားတို့ အရေးမလှတော့ပြီကို အထင်းသား သိနိုင်လေသည်။ မလိုလားအပ်သည့် ပြဿနာများ ထပ်မံ မပေါ်ပေါက်စေရန်အတွက် ဒေါင့်ကြီးချောင်းအတွင်းတွင် ငကောက်၏ လှေတော်သားများသာ လှေရေးကျင့်ရမည်ဖြစ်ပြီး ကျန်လှေတို့မှာ ချောင်းအပြင်ထွက်၍ လွတ်လပ်စွာ လေ့ကျင့်နိုင်သည် ဟူသော ဦးတလုပ်၏ အမိန့်ကိုလည်း သိုးသိုးသဲ့သဲ့ ကြားလိုက်ရ၏။ ထို့ကြောင့် တိုင်းကျော်လှေသားတို့မှာ မျက်စောင်းတခဲခဲနှင့် ချောင်းပြင်ထွက်ပြီး လေ့ကျင့်ရရှာသည်။

 

(၉)

 

ထိုဆယ့်လေးရက် ကာလအတွင်းတွင် ဒေါင့်ကြီးရွာ၌ ဘုန်းကြီးပျံကို အကြောင်းပြုသည့် လောင်းကစားဒိုင်များ အလျှိုအလျှို ပေါ်ပေါက်လာ၏။ ဦးစီးဦးဆောင်ပြုသူမှာကား အောင်ကျော်ဦး ဖြစ်၏။

အောင်ကျော်ဦးကား ဦးတလုပ်၏ ချစ်လှစွာသော တူတော်မောင် ဖြစ်သည်။ ဦးတလုပ်၏ အသည်းကျော် ဖြစ်၏။ ချစ်လှစွာသော တူတော်မောင် မျက်ရှုလည်း ဟူ၏။ အကြောင်းမူကား ဦးတလုပ်သည် ရာအိမ်မှူးပင်ဖြစ်သော်ငြား သတ္တဘာဂဖူးစာရေးနတ်၏ စောင်မကြည့်ရှုခြင်းကို မခံရလေသောကြောင့် ပါရမီဖြည့်ဖက်ကြင်သက်နှံတည်းဟူသော ရတနာနှင့် လွဲခဲ့ရသည်။ ထို့ကြောင့် သားလှရတနာတည်းဟူသောဆုနှင့် မပြည့်စုံခဲ့ပေ။ သို့သော် ဦးတလုပ်သည် သတ္တဘာဂနတ်ကို ရန်မလုပ်။ သူ၏ ချစ်ခြင်း မေတ္တာမိုးကို တူ၊တူမများတည်းဟူသော လယ်မြေပေါ်သို့သာ ရွာသွန်းဖြိုးစေ၏။ မြောက်မြားလှစွာသော တူ၊တူမများအနက် အောင်ကျော်ဦးကို ဦးတလုပ် အချစ်ဆုံး ဖြစ်သည်။ အောင်ကျော်ဦး မျက်နှာညိုလျှင် ဦးတလုပ် မနေသာ မထိုင်သာ ဖြစ်ရသည်။ အောင်ကျော်ဦးကလည်း သူ့ဘထွေးအကြောင်း ကောင်းကောင်းကြီး သိသည်။ ထို့ကြောင့် လိုသည်ထက်ပို၍ ရောင့်တက်မြဲဖြစ်သည်။

ယခုလည်း အောင်ကျော်ဦး လုပ်ပုံကို ကြည့်ဦး။ ကြာကန်က ဖဲသမားတစ်သိုက်ကို ခေါ်ချလာသည်။ ဘုန်းကြီးပျံတွင် ရှမ်းကိုးမီးဝိုင်း ထောင်ပြီး အကောက် ကောက်သည်။ ဖဲဝိုင်းတွင် လက်သည်လုပ်သူမှာ အောင်ကျော်ဦး။ ထိုမျှနှင့် မကသေး လှေလှော်ပြိုင်ပွဲအတွက်လည်း အလျော်အစား ဒိုင်ဖွင့်လိုက်သေးသည်။

ဘယ်လှေက ကြေးဘယ်လောက် ဖွင့်မယ်။ ဘယ်လှေက ဘယ်လှေကို ဘယ်နှလေး အကျော။ ဘယ်လှေက ဘယ်လှေကို ဘယ်နှချီ ဘယ်နှလားမှာ ဖြတ်မတက်ရင် ခေါင်းဖြတ်ခံမယ် ဟူသည့် အောင်ကျော်ဦး၏ အသံတစာစာသည် ဘုန်းကြီးပျံကျင်းပရာ ပွဲခင်းတစ်ခုလုံးကို ဖုံးလွှမ်းတော့သည်။

ဦးတလုပ်သည် သူ့တူတော်မောင် မဟုတ်တမ်းတရားများ ပြုနေသည်ကို ကြားသည်။ သိသည်။ မြင်သည်။ သို့သော်လည်း တူတော်မောင်ကို လေသံမာမာဖြင့် ဟဲ့ ဟု တစ်ခွန်းမျှ မဆိုဝံ့။ မျက်နှာ အညိုမခံဝံ့။ မသိကျိုးကျွန်ပြု၍သာ နေသည်။ ဦးတလုပ်ပင် မဟန့်ဝံ့သော အကြင်အောင်ကျော်ဦးအား အဘယ်သူ ဆိုဝံ့အံ့နည်း။ သို့နှင့် အောင်ကျော်ဦးသည် ဘုန်းကြီးပျံတွင် သောက်ကာစားကာ ပျော်ကာပါးကာ ထင်တိုင်းကျဲ၍ နေလေတော့၏။

ထိုသို့ လှေလှော်ကျင့်သူကျင့်၊ လောင်းကြေးထပ်သူထပ်ရင်းနှင့်ပင် သီတင်းနှစ်ပတ် လည်လေသတည်း။ လှေသဘင်ပွဲကျင်းပမည့် နံနက်သို့ရောက်သော် ဒေါင့်ကြီးရွာသူရွာသားများသာမက၊ ရွှေနန်းကုန်း၊ ထန်းပင်ကွင်း၊ ဘ၀င်းစု အစရှိသော ရွာနီးချုပ်စပ်ကျေးရွာများမှ သူများပင် ဒေါင့်ကြီးလှေသဘင်ကို လာရောက်အားပေးချီးမြှင့်ကြသည်ဖြစ်ရာ ကမ်းလုံးညွတ်သော ဟူ၏။