Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index


(၁၅)

“သောက်ကျိုးတော့ နည်းကုန်ပြီ” ဟု ကိုခင်ညိုတွေးမိ၏။ ညည်းမိ၏။ မယားလုပ်သူကလည်း “ဒီအသုံးမကျတဲ့ စက်ကို အရူးထပြီး ၀ယ်တာ နည်းတောင် နည်းသေးတယ်” ဟူသော အားပေးစကားကို ဆို၏။ “မစားရ မသောက်ရဘဲနဲ့ ငွေ နှစ်သိန်းခွဲ ဆုံးပြီ” ဟုလည်း ကောင်းချီးပေးသည်။ ကိုခင်ညိုသည် ဒေါသစိတ်ကြောင့် ငယ်ကပင် ချစ်ကျွမ်းဝင်ခဲ့ရသည့် ချစ်ဇနီးအား “ဒီ .. မသာမဟာလေ .. သောက်စကားချည့် များနေတယ်” ဟု ငေါက်မိသည်။ ယဉ်ကျေးလှသည့် မယားအလိမ္မာတုံးကလည်း ဆတ်ဆတ်ထိမခံ “ရှင်က ဒီစကားကို ပြောရဲတယ်ပေါ့လေ။ ရှင် သောက်သုံးမကျလို့ ဒီ စက်အစုတ်ကြီးကို နှစ်သိန်းခွဲ ပေးပြီး ၀ယ်ခဲ့တာ။ ရှင့် အပြစ်ကို ရှင်ပြန်ကြည့်ဦး။ ငွေနှစ်သိန်းခွဲကို  ရေထဲ ပစ်ချရင်တောင်မှ ပလုံမြည်ဦးမယ် .. အခုတော့ ရှင့်စက် အစုတ်အပြတ်ကြောင့် အိမ်ပေါ်ကို ဖွတ်တက်နေပြီ .. ဖွတ်တက်နေပြီ” ဟု ကတ်ကတ်လန်အောင် နှုတ်လှန်ထိုး၏။ “ရှင် သောက်သုံးမကျလို့” ဟူသည့် စွပ်စွဲသံအား ကိုခင်ညို ဥပေက်္ခာ ပြုနိုင်သော်လည်း၊ စက်အစုတ်ကြီး ဟူသည့် စကားကြောင့် ခံပြင်း မိသည်။ ထိုစကားသည် ကိုခင်ညို့အသည်းဆိုင်ကို ဓားဖြင့်မွှမ်းပြီး ဆားသိပ်ဘိသကဲ့သို့ပင်။ “ငါ့စက်က .. စုတ်ပေမယ့် .. နင့်လို သောက်စကားတော့ .. မများတတ်ဘူး” ဟု ငေါက်ဆတ်ဆတ်ဆိုပြီးလျှင် တရုတ်နီမကို ယူကျုံးမရသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းငိုက်စိုက်ချ၍ နေရတော့သည်။

ကိုခင်ညိုသည် ဝေဒနာသည် တရုတ်နီမကို အတန်ကြာအောင် ကြည့်၍ စက်ကသိုဏ်းရှု နေသေးသည်။ ထို့နောက်တွင်မူ “မြောင်းမြက စက်ဆရာကောင်းကောင်းနဲ့ ပြကြည့်ရရင်တော့ ပြန်ကောင်းနိုင်ပါသေးတယ်” ဟူသည့် မျှော်လင့်ချက်ကို စွဲကိုင်ပြီး မြောင်းမြသို့ ကြုံရာသဘောင်္ဖြင့် လိုက်ကာ စက်ဆရာပင့် ထွက်လေတော့သည်။

(၁၆)

ကိုခင်ညိုပင့်ဆောင်လာသော စက်ဆရာမှာ ရခိုင်လူမျိုး ဖြစ်၏။ အသားနီစပ်စပ်၊ အရပ်ပုပြတ်ပြတ်နှင့် ကွမ်းသွေ တပျစ်ပျစ် ထွေးတတ်သူ ဖြစ်၏။ ပြင်ရွာ၊ စကာများ၊ ပို့ခရိုင် ရွာတစ်ကျောတွင်မူ အကျော်အမော် စက်ဆရာ တစ်ဆူပင် ဖြစ်၏။ ချောင်းဆိုးနေသောစက်၊ အသံဝင်နေသောစက် အစရှိသည့် စက်အစုတ်အပြတ်တို့သည် ရခိုင်ဆရာ၏ ခြေသံကြားခါမျှနှင့် ငေါက်ခနဲ ထနိုးသည်ဟု အများက ဆိုစမှတ်ပြုကြ၏။ ထိုစကားများကြောင့် ကိုခင်ညိုမှာ အားတက်မိသည်။ “ဆရာနဲ့တွေ့ရင်တော့ ငါ့စက်ကလေး ပြန်ကောင်းတန်ပါသေးရဲ့” ဟု တွေးမိသည်။

ရခိုင်ဆရာသည် ကိုခင်ညို၏စက်ကို မြင်လျှင် မြင်ချင်း “ခင်ဗျားစက်ကလည်းဗျာ” ဟု တစ်ခွန်းဆိုသည်။ ထို့နောက် ကွမ်းတံတွေးကို ပျစ်ခနဲ မြည်အောင် ထွေးထုတ်လိုက်ပြီးလျှင် “ဘယ်လောက်ပေးခဲ့ရလဲဗျ” ဟု ဆက်လက် မေးပြန်၏။ “နှစ်သိန်းခွဲပါ ဆရာ” ဟု ကိုခင်ညိုက ရိုရိုကျိုးကျိုးဖြေသည်။ ရခိုင်ဆရာကား “အင်း” ဟူသည့် စကားသံကိုသာ ပျင်းရိပျင်းတွဲဆိုပြီး ကွမ်းတံတွေးကို တဖန်ထွေးပြန်၏။ ထို့နောက်တွင် စက်ဆရာသည် မည်သူ့ကိုမျှ စကားမဆိုတော့ဘဲ တရုတ်နီမကို စမ်းသပ် စစ်ဆေးလေသည်။ ကွမ်းတစ်ယာမက သုံးလေးငါးယာပင် ညက်လောက်ပြီးဖြစ်သော အချိန်ထိအောင် ရခိုင်ဆရာသည် စက်ကို စမ်းသပ်နေဆဲ ဖြစ်သည်။ ရောဂါရှာနေဆဲပင် ဖြစ်သည်။ ကိုခင်ညိုကား ဂွယူပေးရကောင်းနိုး၊ ၀က်အူလှည့်ယူပေးရကောင်းနိုး၊ ရေခပ်တိုက်ရကောင်နိုး၊ ကွမ်းအစ်ချရကောင်းနိုးဖြင့် အလုပ်များနေလေ၏။

အချိန်အတော်ကြာကာမှ စက်ဆရာသည် စမ်းသပ်ခြင်း အမှုကို ရပ်လိုက်သည်။ ထို့နောက် ကွမ်းတံတွေးကို ပျစ်ခနဲ မြည်အောင် တွေးထုတ်လိုက်ပြီးလျှင် “ခင်ဗျားစက်ကို ပိဿချိန်နဲ့သာ ရောင်းလိုက်ပေတော့။ ဒါမှမဟုတ်ရင် ရေထဲသာ ၀ဲလိုက်ပေတော့” ဟူသော စကားကို ရက်ရက်စက်စက် ဆိုလေသည်။ စက်ဆရာ၏ စကားကြောင့် ကိုခင်ညို ဖျင်းခနဲ ဖြစ်သွားသည်။ သို့သော် စိတ်ကို ချုပ်တီး၍ “ပြန်ကောင်းနိုင်စရာ အကြောင်းမရှိတော့ဘူးလား ဆရာရယ်” ဟု တိုးလျှိုးသည်။ ရခိုင်ဆရာကား ကိုခင်ညို့ အမေးကို နှုတ်တုံ့ပြန်ခြင်းပင် မပြု၊ ခေါင်းကိုသာ တွင်တွင်ရမ်းသည်။ ထို့နောက် ကွမ်းတံတွေးကို ပျစ်ခနဲ မြည်အောင် ထွေးထုတ်ပြန်ပြီးသော် သူ၏ လက်နက်ကိရိယာတို့ကို သိမ်းဆည်းပြီး မြောင်းမြသို့ ပြန်ချသွားလေ၏။

ကိုယ်တွင်း၌ ဖြစ်ပွားလောင်မြိုက်သော မီးဆယ့်တစ်ပါးအနက် ဥပါယာသဟူသည့် မီးအရှိန်ကြောင့် ကိုခင်ညိုသည် ခေတ္တခဏကြာအောင် ဆို့တက် မိန်းမောသွားလေသတည်း။

(၁၇)

ချစ်လှစွာသော မယားဖြစ်သူ၏ “ရှင့်စက် အကြောင်းကို အခု သိပြီမလား။ ဖွတ်ထွက်တော့မှ တောင်ပို့မှန်း သိတော့တယ်” ဟု အစချီသည့် မြည်တွန်တောက်တီးသံသည် ကိုခင်ညိုအား ပြင်းစွာနှိပ်စက်သည်။  ချောင်းစပ်ဆီမှ “ပလုံ” ဟူသည့် လမုသီးမှည့်ကြွေသံ ကို ကြားလျှင် ကိုခင်ညိုသည် “ရေထဲသာ ၀ဲလိုက်ပေတော့” ဟူသည့် စက်ဆရာ၏ စကားသံကို မဆီမဆိုင် ကြားယောင်မိသည်။ ထို့နောက် ကိုခင်ညိုသည် တရုတ်နီမကြောင့် ဖြစ်ပွားရသည့် သောကပရိဒေ၀တို့ကို ခ၀ါချရန်အလို့ငှာ ဘုံဆိုင်သို့ လေးတွဲ့သော ခြေလှမ်းဖြင့် လှမ်းထွက်လာခဲ့တော့သည်။

ကိုခင်ညိုသည် “မရောက်စဖူး အရောက်ထူးလှချည်လားဗျ” ဟူသည့် ဆိုင်ရှင်၏ ပဋိသန္ဓာရစကားကို မည်သို့မျှ တုံ့ပြန်ခြင်း မပြု၊ “မန်ကျည်းတစ်ပိုင်းနဲ့ ပဲခြမ်းကြာ် မြန်မြန်ချ” ဟု ငေါက်ဆတ်ဆတ်ဆိုသည်။ ချောင်ကျကျ စားပွဲဝိုင်းတွင် မှောင်ရိပ်ခိုကာ အရက်သောက်ရင်း တရုတ်နီမ ကမ္မဌာန်းကို ဆက်လက် စီးဖြန်းလေသည်။ ကိုခင်ညိုသည် ဖြစ်တတ် ပျက်တတ်သည့် သဘောကို ကောင်းစွာ ဆင်ခြင်မိသူ ဖြစ်သော်လည်း၊ တရုတ်နီမ၏ ဖြစ်အင်ကို တွေးမိသည့် အခါ မည်သို့မှ မဖြေနိုင်ရှာ။ သို့ဖြင့် ချောင်ကုပ်ပြီး  တရုတ်နီမ ကမ္မဌာန်းကို နာနာ စီးဖြန်း နေလေတော့၏။

(၁၈)

ထိုအခိုက်တွင် ငှက်ရိုးသည် နောက်လိုက်နောက်ပါများ ခြံရံပြီး ဆိုင်တွင်းသို့ ကြွမြန်းလာလေ၏။ လွန်စွာမှပင် တိုက်ဆိုင်လှသည်ဟု ဆိုရပေမည်။ ငှက်ရိုး၏ အမူအရာမှာ ဆောင့်ကြွားကြွားနိုင်လှ၏။ လမ်းလျှောက်ပုံမှာ မြင်ပြင်ကတ်စရာ ကောင်းလှသည်။ စုတ်ချွန်းချွန်းမျက်နှာမှာ ဆွဲထိုးချင်စရာပင်။

ငှက်ရိုးကား ကိုခင်ညို ချောင်ကပ်ပြီး လင်းတမှိုင်မှိုင်နေသည်ကို အဝေးမှပင် လှမ်းမြင်သည်။ ကိုခင်ညို၏ ဖြစ်အင်ကိုလည်း ကြားသည်။ ငှက်ရိုးသည် ကိုခင်ညို လင်းတမှိုင် မှိုင်နေသည်ကို မြင်လျှင် ကချင်သလိုလို ခုန်ချင်သလိုလို ဖြစ်မိသည်။ ငှက်ရိုး၏ ညစ်ထေးထေးမျက်နှာတွင် ပီတိကြောင့် ညိုညစ်ညစ် အပြုံးရိပ်လွှမ်းလေပြီ။ စင်စစ် ထိုအပြုံးမှာ အဘိဇ္ဈာ ဖုံးလွှမ်းသော စပ်ဖြဲဖြဲ အပြုံးမျှသာ ဖြစ်သည်။ “ဒီတစ်ချီတော့ ခင်ညိုဆိုတဲ့အကောင် ဖင်ထိုင်လျက် ကျပြီ” ဟု တွေးသည်။ ထို့နောက် ကိုခင်ညိုအား ပြုံးထေ့ထေ့ကြည့်ပြီး “ကိုဖိုးလုံးရေ .. ၀ရမ်တစ်လုံးရယ် .. ဘဲဥကြော်ရယ် . ကျွန်တော်တို့ ၀ိုင်းကို ချဗျာ” ဟု အော်ဒါပေးလေ၏။
သောကမွှန်နေသော ကိုခင်ညိုသည် ငှက်ရိုးနှင့် အပေါင်းအပါများ ဆိုင်တွင်းသို့ ၀င်လာသည်ကို မြင်လျှင် “ဒီမအေရိုးက ဆိုင်ထဲကို ဘာလာလုပ်ရတာတုန်း” ဟု မဆီမဆိုင် တွေးမိသည်။ အကုသိုလ်ပွားမိသည်။ သို့သော် အရက်လက်ကျန်ကိုသာ ငှဲ့သောက်ပြီးလျှင် ခပ်မဆိတ်နေလေ၏။ သည်မျှအထိ ကိုခင်ညို၏ ဒေါသမြွေဆိုးသည် ပခြုပ်အတွင်းမှာသာ အခွေလိုက် ဖွဲ့ခွေရင်း တရုတ်နီမ ကမ္မဌာန်းကို စီးဖြန်းနေဆဲမျှသာ ရှိနေလေသေး၏။

(၁၉)

ငှက်ရိုးကား ကိုခင်ညို ချောင်ကုပ်ပြီး လင်းတမှိုင် မှိုင်နေသည်ကို မြင်ယုံမျှဖြင့်ပင် မတင်းတိမ်နိုင်သေး။ မရောင့်ရဲနိုင်သေး။ ကလိလိုသေးသည်။ ရိလိုသေးသည်။ ရွဲ့လိုသေးသည်။ ခနဲ့လိုသေးသည်။ ငှက်ရိုးသည် ခနဲ့တဲ့တဲ့ အမူအရာဖြင့် ကိုခင်ညိုအား “ဟေ့ရောင် .. ခင်ညို .. မင့်ဆယ့်သုံးကောင် ဘယ်လိုနေတုန်း” ဟု ဆိုပြီး ပခြုပ်ဖုံးကို ထိုးလှန်လိုက်သည်။ ပခြုပ်အတွင်းမှ မြွေဆိုးသည် ငေါက်ကနဲ ထွက်ပြူလာပြီးလျှင် ကြီးစွာသော ပါးပြင်းကိုပြုလေသည်။

“မင့် သောက်ပူ ဘယ်နှစ်ပြားဖိုး ပါတုန်းကွ” ဟူသော ကိုခင်ညို၏ စကားအဆုံး၌ ခွေးခြေတစ်လုံးကို ရိပ်ခနဲ မြင်တွေ့လိုက်ရသည်။ ဆိုင်ထဲတွင် ၀ရုန်းသုန်းကား ခတ်သွား၏။ ပြေးသူ ပြေး၏။ ရှောင်သူ ရှောင်၏။ လဲသူ လဲ၏။ အော်သူ အော်၏။ ဖျန်သူ ဖျန်၏။ ဆွဲသူ ဆွဲ၏။ ကိုခင်ညိုသည် ငှက်ရိုးကို ခွေးခြေဖြင့် ဆင့်ကာ ဆင့်ကာ ရိုက်သည်။ ငှက်ရိုး၏ မဏိတော်မှ လောဟိတ ရောင်ခြည် ကွန့်မြူးလေပြီ။ “လွန်မယ်နော် .. လွန်ကုန်ကြမယ် .. ကိုခင်ညို .. လွန်မယ် .. လွန်မယ်” ဟု ကုန်းအော်သံကို ကြားရသည်။ သို့သော် ကိုခင်ညို့မျက်စိထဲတွင် မည်သူ့ကိုမျှ မမြင်နိုင်တော့။ မည်သူ့ စကားကိုမျှ မကြားနိုင်တော့။ မည်သည်ကိုမျှ နားမ၀င်နိုင်တော့။

“တော်ကြတော့ တော်ကြတော့ .. မောင်ခင်ညိုကို ၀ိုင်းချုပ်ထားကြစမ်း” ဟူသော ဘကြီးတင်အေး၏ စကားသံအဆုံးတွင် ငှက်ရိုးသည် ခုံကြိုခုံကြားတွင် ပုံလျက်သား လဲနေလေတော့၏။ ကိုခင်ညိုကား ဒေါသအရှိန် မပြေသေး။ အသားဆတ်ဆတ် တုန်နေဆဲ။ ဆွဲလားရမ်းလား လုပ်သူများကို ရုန်းခြည်ကန်ခြည် ပြုဆဲပင်။ လက်ထဲတွင် ခွေးခြေကျိုးကို ကိုင်စွဲထားဆဲပင်။ 

“နှာနှပ်စမ်း။ သွေးထွက်တာ တော်တော်များများတယ်။ နှာနှပ်ကြစမ်း။ သကြားယူစမ်း” .. ဟူသော ရှေးဦးသူနာပြု ဘကြီးတင်အေး၏ အမိန့်ပေးသံကို ကြားရသည်။ “မဖြစ်ဘူး .. မဖြစ်ဘူး .. ဟိုဘက်ကမ်း ကူးပြီး ဆေးရုံပို့မှ ဖြစ်မယ်” ဟူသော အသံကိုလည်း ထပ်ဆင့်ကြားရသည်။ ထို့နောက် ဘကြီးတင်အေး အမှူးပြုသည့် အရက်သမားတစ်သိုက်သည် ငှက်ပျောတုံး၊ လက်ပံတုန်းကြီးသဖွယ် စင်းစင်းကြီးလဲနေရှာသော ငှက်ရိုးကို ပဲ့ထောင်ဖြင့်တင်ပြီး၊ တိုက်နယ်ဆေးရုံရှိရာ တစ်ဖက်ကမ်းဆီသို့ အပြင်းနှင် ကြလေသည်။

(၂၀)

မိုးသောက်သော် ငှက်ရိုးတစ်ယောက်ဆုံးရှာပြီ ဟူသော သတင်းကိုကြားရသည်။ ငှက်ရိုး အလောင်းကို ထည့် လိပ်ထားသော သပေါ့ဖျာလိပ်ကို ရွာအပြင် ဖုန်းဆိုးကုန်းတွင် တွေ့ရသည်။ ရွာဓလေ့အရ “အစိမ်းသေ ရွာမ၀င်စကောင်း” ဟူ၏။ ထို့ကြောင့် ငှက်ရိုး၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ရွာတွင်းသို့ ဆောင်ယူခွင့်မရချေ။ ငှက်ရိုး၏ ရုပ်ကလာပ်တော်ကြီးမှာ ရွာအပြင်တွင် ဖြုတ်၊ယင်တို့ ခြံရံပြီး သပေါ့ဖျာလိပ်ကြီးထဲတွင် ဆန့်ဆန့်ကြီး စံမြန်း နေရရှာသည်။

ငှက်ရိုး၏ မယားသည် “အရပ်ကတို့ရဲ့ .. ကျွန်မယောကျာ်း .. သူတော်ကောင်းကြီးကို .. မအေပေး .. ခင်ညိုက ရိုက်သတ်လိုက်တယ်” ဟု ဟစ်၍ ဟစ်၍ ငိုရှာသည်။ ငိုရင်း တက်သွားသောကြောင့် နှာနှပ်ကြရသေးသည်။ တက်ရာမှ ပြန်၍ သတိရလာသော် “ကျွန်မယောက်ျား .. သူတော်ကောင်းကြီးကို .. မအေပေး .. ခင်ညိုက” ဟု အစချီသည့် ငိုချင်းကို တဖန်ဟစ်ပြန်သည်။ တဖန် တက်သွားပြန်သည်။ တဖန် နှာနှပ်ကြပြန်သည်။ သို့ဖြင့်ပင် ငှက်ရိုးကတော်၏ ငိုချင်းသံသည် အသံဆွံ့အသွားသော သဲဖြူကုန်းရွာကလေးကို ဖုံးချည်လွှမ်းချည်ပြုကာ လွမ်းအောင်ဖန်လေတော့သတည်း။

(၂၁)

ဆွမ်းခံထွက်ချိန်ရောက်သော် ရဲများ ပေါက်ချလာကြ၏။ ကိုခင်ညိုကို ဖမ်းကြလေပြီ။ ကိုခင်ညို၏ မယားလုပ်သူမှာ အင်္ကျီလက်ဖြင့် မျက်ရည်ကို သုတ်ကာ တရှုတ်ရှုတ်ငိုသည်။ သို့သော် အသံကျယ်ကျယ်ထွက်အောင် မငိုရှာဝံ့။ မအေလုပ်သူ ငိုသည်ကို မြင်သော် ကလေးများကလည်း ရောယောင် ငိုကြပြန်သည်။ အရက်နာကျသည့် ဒဏ်ကြောင့် နုံးချည့်နေသော ကိုခင်ညိုသည် ညှိုးငယ်သော မျက်နှာထားဖြင့် ရဲသားကြီးများ ခေါ်ဆောင်ရာသို့ လေးကန်စွာသော ခြေလှမ်းတို့ဖြင့် လိုက်ပါသွားရလေသည်။ လက်ထိပ်တန်းလန်းဖြင့် ပါသွားသော ကိုခင်ညိုသည် အိမ်ဝိုင်းမှ အထွက်တွင် မယားနှင့်သားသမီးများကို မချိတင်ကဲ ကြည့်သည်။ ထို့ပြင် တရုတ်နီမကလေးကို ယူကျုံးမရသော အကြည့်ဖြင့် ကြည့်ပြန်သေးသည်။

လူသတ်မှုကြောင့် ကိုခင်ညို ထောင်ဆယ့်သုံးနှစ် ကျသွားသည်။ မုပ္ပလင်ထောင်သို့ ရောက်သွားသည်ဟု သဲ့သဲ့ကြားလိုက်ရသည်။ ထောင်ထဲတွင် ငှက်မိပြီး သေပြီ ဟု အချို့ကဆိုသည်။ အချို့ကလည်း ထိုသတင်းမှာ မမှန် ဟု ပြော၏။ မည်သူမျှ ရေရေရာရာ မပြောနိုင်ကြ။ ကိုခင်ညို၏ မိသားစုမှာမူ ငှက်ရိုးဘက်က ဆွေမျိုးများ စောင်းချိတ်ရန်လုပ်သည်ကို မခံဝံ့သဖြင့် ယင်းတို့၏ သားချင်းများရှိရာ ၀ဲကြီးပိုက်တန်းဆီသို့ ပြောင်းရွှေ့သွားကြလေပြီ ဟူသော နောက်ဆုံးသတင်းကိုသာ ကြားရသည်။ ဇာတ်လိုက်ကျော် တရုတ်နီမ၏ သတင်းကိုမူကား အစအနပင် မကြားရတော့။  

ကိုခင်ညို ဆုံးရှာပြီ ဟူသော သတင်း မမှန်ပါစေနှင့် ကျွန်ုပ် အခါခါ ဆုတောင်းမိသည်။ နေ့ရက်လတို့ မြန်မြန်ကူးပြောင်းပြီး မိသားစုနှင့် ပြန်ဆုံနိုင်ကြပါစေဟုလည်း ပတ္တနာ အခါခါ ချွေမိသည်။ ကိုခင်ညိုနှင့် သစ္စာနှံဖူးသော တရုတ်နီမကလေး ဘယ်သောင် ဘယ်ကမ်း ဆိုက်ရောက်နေပြီကို  မဆီမဆိုင် တွေးမိသည်။

တရုတ်နီစက်သံ တဒုန်းဒုန်းများကို ကြားရလေတိုင်း ကိုခင်ညိုကို သတိရမိသည်။ အောက်မေ့မိသည်။ 
 
 
နေလင်းအောင်