Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index


သရုပ်ဖော် ပန်းချီထိန်လင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(၁)

တရုတ်နီဟု အမည်ရသည့် တရုတ်ပြည်ဖြစ် အင်ဂျင်စက်များသည် တဒုန်းဒုန်း၊ တဒိုင်းဒိုင်း မြည်သံများကို ကြွေးကြော်ပြီး မြန်မာပြည်သို့ ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ နှစ်ကာလ အတန်ငယ် ကြာမြင့်ပြီ ဖြစ်သည်။
တရုတ်နီတို့သည် ပ၀တိ္တသားများသာ ဖြစ်သော်ငြားလည်း နေရာတကာတွင် လူတွင်ကျယ် လုပ်တတ်သည်။  ရေတင်ရာတွင် သော်လည်းကောင်း၊ မီးစက်မောင်းရာတွင် သော်လည်းကောင်း၊  ထော်လာဂျီမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စက်တပ်လှေမောင်းနှင်ရာတွင် သော်လည်းကောင်း၊ စပါးကြိတ်ခွဲရာတွင် သော်လည်းကောင်း အသံတစွာစွာပြုပြီး လူလုံးပြတတ်ကြ၏။ ဤသို့နှင်နှင်လျှင် တရုတ်နီတို့သည် “တရုတ်နီစွမ်းအား ခေတ်ကျော်လွှား”ဟူသည့် ဆောင်ပုဒ်ကို ကိုင်စွဲပြီး မြန်မာပြည် အနှံ့ နယ်ချဲ့နေလေတော့၏။


ယင်းတရုတ်နီခေတ် မတိုင်မီတွင် ကူဘိုတာခေတ်ဟူသည့် ခေတ်ကြီးတစ်ခေတ်လည်း ရှိခဲ့ဖူးသေးသည်။ သို့ရာတွင် ထိုကူဘိုတာခေတ်သည် တိုလီမိုလီပစ္စည်းရှားပါးခြင်း၊ ဈေးနှုန်း ကြီးမြင့်ခြင်း စသည့် အရည်အချင်းထူးတို့ကြောင့် ဆိုရှယ်လစ်စဉ်ပါတီနှင့် အတူ တိမ်းပါးသွားရှာလေပြီ။

(၂)

ဇိမ်ခံမော်တော်ယာဉ်များသာ ထုတ်လုပ်သည့် မြန်မာနိုင်ငံတော်ဝယ် တိုင်းတပါးသား တရုတ်နီစက်များကို မြင်တွေ့ရသည်အခါ “အမြင်မတော် ဆင်တော်နှင့် ခလောက်” ဟူသည့် စကားပုံကို ကြားယောင်မိသည်။ သို့သော် “မြန်မာတို့ မည်သည်ကား သေးနုပ်သော ကိစ္စရပ်များကို ကြံစည်ခြင်း မပြု၊ ကြီးကျယ်ခမ်းနားသည့် ကိစ္စရပ်များကိုသာလျှင် ကြံစည်လေ့ရှိသည်” ဟူသည့် သဘောကို ကြံဖန် နှလုံးသွင်း ဆင်ခြင်ပြီးလျှင် ကျွန်ုပ်၏ ဇာတိမာန်ကို ဖြေလျှော့ရသည်။ နှစ်သိမ့်ရသည်။

ယခုအခါတွင် တရုတ်နီ အင်ဂျင်စက်များသည် မြန်မာလူမျိုးတို့နှင့် လက်ပွန်းတတီး ရင်နှီးကျွမ်းဝင်ကြပြီးလျှင် “ဆွေမျိုးပေါက်ဖော်” ဟူသော စကားကို သက်သေပြ၍  မြန်မာပြည် ကျေးလက်မြို့ရွာအနှံ့တွင် ၀င်ရောက် အခြေချနေထိုင်လျက် ရှိချေပြီ။

ယင်းတရုတ်နီစက်သံ တဒုန်းဒုန်း၊ တဒိုင်းဒိုင်းများကို ကြားရလေတိုင်း ကျွန်ုပ်နှင့် အထူး ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် သဲဖြူကုန်းရွာသား ကိုခင်ညိုကို သတိရမိသည်။ လွမ်းဆွတ် တသမိသည်။ အတိတ်ကိုဆောင်သော် ဤသို့တည်း။

(၃)

ကိုခင်ညိုတစ်ယောက် တရုတ်နီရောဂါထနေသည်မှာ တမြန်မနှစ် စပါးပေါ်စဉ်ခါကတည်းက ဖြစ်၏။ လယ်နီးချင်း ရည်းစားလုဖက် ငှက်ရိုးစိန်သောင်း လပွတ္တာမှ တရုတ်နီအင်ဂျင်အဟောင်းတစ်လုံးနှင့် ခရုဟု မြစ်ဝကျွန်းပေါ်သားများ ခေါ်ဝေါ်သည့် ရေတင်စက်တို့ကို မြန်မာ့ရိုးရာ စပါးပေး ခရက်ဒစ်ကတ်ဖြင့် ၀ယ်ယူလာစဉ် ကတည်းက ဖြစ်၏။

ငှက်ရိုး၏ စက်မှာ တရုတ်နီ ခွန်တစ်မတ်ကောင်ဟု အများခေါ်ဝေါ်ကြသည့် မြင်းကောင်ရေ (၇.၂၅) ကောင်အားရှိ ၀ူဖန်းအမျိုးအစား မိတ်အင်ချိုင်းနား အင်ဂျင်စက်သာလျှင် ဖြစ်၏။ စက်မှာ အတန်းငယ် ဟောင်းနွမ်းနေပြီ ဖြစ်၏။ သို့စေမူ ဟောင်းသော်လည်း ကောင်းနေဆဲပင် ဖြစ်၏။ ငှက်ရိုးအဖို့မူ ထိုတရုတ်နီ ခွန်တစ်မတ်ကောင်သည် အင်္ဂလန်ပြည်ထုတ် စက်များထက်ပင် များစွာ သာသေးသည်။ ငှက်ရိုး၏ မနောမယ ပြည်တန်မြပင်။ တရုတ်နီနှင့် ခရုတို့ကို ပိုင်ဆိုင်ရခြင်းသည် ကြီးစွာသော ချမ်းသာခြင်း ဖြစ်ချေ၏။ ယင်းတရုတ်နီစက်ကြောင့် ငှက်ရိုးသည် ပီယဆေး မဆောင်ရပါဘဲ အရပ်ထဲတွင် မျက်နှာပွင့်လေသည်။

(၄)

ယခင်က ငှက်ရိုးဟုသာ ခေါ်ဝေါ်အပ်သော အကြင်လူသားသည် ယခုအခါတွင် တရုတ်နီ စက်တန်ခိုးကြောင့် “ကိုငှက်ရိုး၊ ဦးငှက်ရိုး” အဖြစ်သို့ ရောက်ချေပြီ။ “လယ်ထဲမှာ ရေတင်ချင်လို့ ကိုငှက်ရိုးရဲ့ တရုတ်နီလေးနဲ့ ခရုကို ခဏလောက် သုံးပါရစေ။ ကျွန်မခြံထဲက ကွမ်းပင်လေးတွေ ဓါတ်မြေသြဇာကျွေးရင်း ရေတင်ချင်လို့ ဦးကြီးငှက်ရိုးရဲ့ တရုတ်နီနဲ့ခရု ခဏလောက် ငှားပါဦး” စသည့် အောက်ကျနောက်ကျ တောင်းပန်ခယသံများမှာ မကြားချင် အဆုံး။

ယင်းသို့ နားဝင်ပီယံဖြစ်လှသည့် တောင်းပန်ခယသံများကို ကြားရသော်လည်း ငှက်ရိုးသည် သူ၏ တရုတ်နီနှင့်ခရုတို့ကို မည်သူ့ကိုမျှ ရှောရှောရှုရှုနှင့် ငှားသည် မဟုတ်။ စက်ပိုင်ရှင်ပီပီ အထာကိုင် သေးသည်။ “မအားသေးဘူး၊ သူများတွေ ကြိုပြောထားတာရှိတယ်။ အင်ဂျင်ကိုင်ရဦးမယ်” စသည့် ပလီစိချောက်ချက် စကားများကို  တွင်တွင် ဆိုတတ်သည်။ သို့သော်လည်း ငှက်ရိုးသည် တစ်ရက်လျှင် သုံးထောင်ကျပ်တည်း ဟူသည့် အသပြာမျက်နှာကို ထောက်ထား၍ အများဆန္ဒကို လိုက်လျောခဲ့သည်ချည်းပင်။ ဤသို့ဖြင့် ငှက်ရိုးနှင့် တရုတ်နီတို့သည် သဲဖြူကုန်းရွာတစ်ကျောတွင်  မြန်မာ-တရုတ် ချစ်ကြည်ရေးကို တည်ဆောက်ပြီး လူတွင်ကျယ်လုပ်ကာ နေလေတော့၏။

(၅)

ကိုခင်ညိုနှင့် ငှက်ရိုးတို့ကား တစ်ရွာတည်းနေ တစ်ရေတည်းသောက်ကာ အတူကြီးပြင်းလာကြသူများ ဖြစ်ကြကုန်၏။ ဦးပေါက်တူးထန်းတောတွင် ကျက်စားခဲ့စဉ်ကလည်း အတူတူ၊ ဦးချစ်ဖေကုန်းတွင် ကြက်တိုက်စဉ်ကလည်း မခွဲခွာကြ၊ တောရကျောင်းတွင် ကိုရင်စည်းကြစဉ်ကလည်း အတူတကွပင် ဖြစ်၏။ သို့ရာတွင် ထိုကဲ့သို့ အလွန်တရာမှပင် ချစ်ခင်ကြကုန်သော သူငယ်ချင်းနှစ်ဦးတို့သည် ရခိုင်မကလေး လှဆန်းရီတည်းဟူသည့် ကိလေသာရမ္မက်မီးကြောင့် ရန်သူကြီးများအဖြစ်သို့ ရောက်ခဲ့ကြရလေသည်။

သိကြားဘုရားကုန်း သရက်ခြံအစပ်တွင် ချိန်းဆို၍ လက်ရုံးရည်ချင်း ယှဉ်ပြိုင်စဉ်က ငှက်ရိုး၏ သွားနှစ်ချောင်းမှာ ကိုခင်ညို့၏ ထန်းသီးခန့်ကြီးသည့် လက်သီးဒဏ်ကြောင့် မြေခခဲ့ရသလို ငှက်ရိုးဝှက်၍ ယူလာသော မောင်းချဓားဒဏ်ကြောင့် ကိုခင်ညို၏ လက်မောင်းတွင်လည်း သွေးစို့ခဲ့ရဖူးသည်။ ယင်းသို့ နှစ်ပြည်ထောင်မင်းများ စစ်ခင်းခန်းအပြီးတွင် လှဆန်းရီသည် အမျိုးတူ စက်သူဌေးသား မရဦးနှင့် ရည်ငံနေကြပြီ ဟူသော သတင်းကိ ခပ်သဲ့သဲ့ကြားရလိုက်၏။ သီတာလည်းဆုံး စစ်လည်းရှုံးကိန်းနှင့် ကြုံရသူနှစ်ဦး၏ ရင်တွင်းမှ ရန်မီးမှာမူ မငြိမ်တော့ပြီ။ နှစ်ဦးလုံး အသီးသီး အိမ်ထောင်ရက်သား ကျပြီးကြသော်လည်း ထိုရန်မီးမှာ ဖွဲမီးပမာ တငွေ့ငွေ့ လောင်ကျွမ်း ကောင်းဆဲပင်။

(၆)

ထိုနေ့ မနက်တွင်မူ ငှက်ရိုးသည် မည်သို့ စိတ်ကူးပေါက်သည် မသိ။ မနက် စောစောစီးစီး ထလတ်ပြီးသော် တရုတ်နီစက်ကို တဒုန်းဒုန်း မြည်စေ၍ သူ၏ ဆောင်းစပါးခင်းသို့ ရေသွင်းခြင်း အမှုကို ပြု၏။
ယင်းစက်သံသည် မြောက်ပြန်လေ၏ ဆောင်ယူမှုကြောင့် အလံလေးဆယ် လယ်တစ်ကွက်သာခြားသော ကိုခင်ညို၏ တင်းကုပ်ဆီသို့ မဖိတ်ခေါ်ရပါဘဲ ရောက်ရှိလာသည်။ တဒုန်းဒုန်း မြည်ဟီးသံသည် ထမင်းကြမ်းနှင့် ငပိဖုတ် လွေးရင်း ရေနွေးကြမ်း သောက်ကာ လောကစည်းစိမ်ခံနေသည့် ကိုခင်ညို၏ နားဝသို့ ကျက်သရေမင်္ဂလာ မရှိလှစွာဖြင့် ရောက်ရှိလာ၏။

ငှက်ရိုးအတွက် ထိုစက်သံသည် သုတိမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော အသံဖြစ်၏။ စပါးပေါ်ပြီးနောက်တွင် မယားကို ၀ယ်ယူဆင်မြန်းပေမည့် ကြံဆစ်လက်ကောက်များ၏ တချွင်ချွင် ထိခတ်သံလည်း ဟူ၏။ သို့စေကာမူ ကိုခင်ညို့အတွက် ထိုစက်သံသည် ငှက်ဆိုးထိုးသံသာလျှင် ဖြစ်၏။ ငှက်ရိုး၏ တရုတ်နီစက်သံသည် ကိုခင်ညို၏ အသည်းဆိုင်အား လှံဖြင့်ဆွဘိသကဲ့သို့ ပြု၏။ နားထင်ကို ဒင်ဖြင့် ဆောင့်လိုက်သလို အောင့်သက်သက် ဖြစ်စရာပင်။

(၇)

ကိုခင်ညို၏ ဒေါသသည် အူအတွင်းမှ တလိပ်လိပ် ထလာပြီးလျှင် လည်ချောင်းဝသို့ ရောက်လာသည်။ ဒေါသအရှိန်ကြောင့် ကိုခင်ညိုသည် စားလက်စ ထမင်းပန်းကန်ကို ဆောင့်၍ ချသည်။ မျက်ထောင့်နီဖြင့် ငှက်ရိုး၏ လယ်ထဲသို့ လှမ်းကြည့်သည်။ ငှက်ရိုး၏ ဆောင်းစပါးခင်းသည် နံနက်ခင်း နေရောင်အောက်တွင် မြကမ်္ဗလာခင်းထားဘိသကဲ့သို့  စိမ်းစိမ်းစို နေလေသတည်း။

“နေနှင့်ဦး ငှက်ရိုးရယ်။ မင့်စက်ထက်သာအောင် တရုတ်နီဆယ့်သုံးကောင် ၀ယ်ပြီး၊ မင်းတို့ တစ်အိမ်သားလုံး နားပင်းအောင် တစ်နေကုန် မောင်းပြလိုက်ဦးမယ်။ ပညာပြဦးမယ်။ အခုတော့ မင့် တရုတ်နီ ခွန်တစ်မတ် အစုတ်အပြတ်ကို အိပ်ဇောက မီးပွင့်ထွက်အောင် မောင်းလိုက်ဦး။ ပဒေါက်အိုး ကွဲထွက်အောင် မောင်းလိုက်ဦး” ဟု ကြိမ်းဝါးမိသည်။

ထို့သို ကြိမ်းသည်ဆိုသော်လည်း လူကြားအောင် ကြိမ်းဝံ့သည် မဟုတ်။ အကြောင်းတမူကား ကိုခင်ညိုသည် တရုတ်နီဝယ်ရန် မဆိုထားဘိ၊ မယားအတွက် တရုတ်ပိတ် တစ်ကိုက်မျှပင် ၀ယ်မပေးနိုင်ခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သောကြောင့်တည်း။ ထိုကြိမ်းဝါးသံကို လူကြားပါက ရယ်သွမ်းသွေးစရာသာ ဖြစ်ချိမ့်မည်။

(၈)

ထိုစဉ်အခိုက်ဝယ် “ကိုခင်ညို ရှင် ဒီအတိုင်း ထိုင်နေတော့မှာလား။ စပါးခင်းထဲကို ရေတင်ဖို့ လုပ်ဦး။ စပါးမကောင်းတာလည်း မပြောနဲ့။ ရှင်ကိုကတည်းက အလုပ်ကို လက်ကြောတင်းအောင် လုပ်မှ မလုပ်ဘဲကို။ ဒီအချိုးအတိုင်း နေနေရင်တော့ ဒီတသက် လူမွှေးပြောင်မှာ မဟုတ်ဘူး။ အခုလည်း ဟိုယောင်ယောင် ဒ်ီယောင်ယောင် လုပ်နေမနေနဲ့။ ရေတင်ဖို့ လုပ်ဦး” ဟူသည့် ချစ်ဇနီး၏ တွတ်တီးတွတ်တာ မြည်တွန်သံသည် ရေကပျင်ဆီမှ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး၊ မီးလောင်ရာ လေပင့်သကဲ့သို့ ကိုခင်ညို့နားစည်သို့ ရိုက်ခတ်ပြန်၏။ ကိုခင်ညို့ ဒေါသကို ဆွပြန်သည်။

ကိုခင်ညိုသည် တွတ်တီးတွတ်တာ ဆိုတတ်လှစွာသော ချစ်ဇနီး၏ ပါးပြင်ကို တဖြောင်းဖြောင်းမည်အောင် တီးလိုလှသော်လည်း သုံးတောင်ဝတ် မိန်းမသားကို မညှာမတာ မပြုလိုသောကြောင့် လယ်ထဲသို့ဆင်း၍ ခနွဲနှင့် မြောင်းရေကို ကျုံးခပ်ပြီး စပါးခင်းကို ရေတင်လေသည်။

ကိုခင်ညိုသည် သူ၏ ဖြစ်အင်ကို မိဆိုင်ဘဆိုင်နတ်များအား တိုင်တည်မိသည်။ နတ်ကောင်း နတ်မြတ်တို့သည် ကိုခင်ညို့၏ တိုင်တည်ချက် ကြားဟန်မတူ။ သို့သော် ထိုသို့ မဟုတ်ရပါ။ နတ်သိကြားတို့ မည်သည်ကား အခွင့်အခါကို စောင့်စားပြီး၊ အချက်ပိုင်မှ မစတတ်သည့် ထုံးစံကြောင့်သာလျှင် ဖြစ်၏။ ရိုးသားလှသော ကိုခင်ညိုကို နတ်ကောင်းနတ်မြတ်တို့ မစမည်မှာ မလွဲတည်း။

ရေတင်နေစဉ်အခိုက် ကိုခင်ညိုသည် ငွေရပေါက်ကလေးများကို ကြံစည်ရှာဖွေကြည့်မိသည်။ မျက်နှာကြောမတည့်လှသော ယောက်္ခမကြီးမှာ ကျန်းမာရေး ဒေါင်ဒေါင်မြည်လျက်ပင် ရှိနေသေးသောကြောင့် မယားဘက်မှ အမွေရရန်မှာ မဖြစ်နိုင်။ ကိုခင်ညို့ဘက်မှ ဆွေမျိုးသားချင်းတို့မှာလည်း ဇောတိကနှင့် အနာတပိဏ်တို့အလား မကြွယ်ဝသောကြောင့် ထောက်ပံ့မစနိုင်မည် မဟုတ်။ ခေါင်းခြောက်စရာများသာ ကြုံရသောကြောင့် ကိုခင်ညိုသည် သက်ပြင်း အခါခါမှုတ်ထုတ်ရင်း ခနွဲကို ရင်ပွင့်အောင် ခပ်ပြီးလျှင် ရေတင် နေလေ၏။

(၉)

နှစ်ကိုလစား၊ လကိုရက်စားပြီးနောက် ကိုခင်ညို၏ ကံကြမ္မာသည် မှေးမှိန်ဖျော့တော့နေရာမှ တဖန် ၀င်းလက် တောက်ပ လာချေပြီ။ လလယ်ရက်၊ လကုန်ရက်တို့တွင် အဖြေထွက်သည့် ကံကြမ္မာပြိုင်ပွဲတွင် ကိုခင်ညို ပတ်လည်ရိုက်ထားသော သုံည ငါး လေး ကုန်မှနားအေး ဟူသည့် ဂဏန်းသည် ကမ္ဘာဦးကာလ၌ အရှေ့ပြုပ္ပါ ၀ိဒေဟာမှ နေမင်းကြီး ထွက်ပေါ်လာသည့်အလား ဘွားဘွားကြီး ထွက်ပေါ်လာပြီးလျှင် ကိုခင်ညို၏ ကံကြမ္မာ အမှောင်တိုက်ကို ပယ်ဖျောက် လိုက်လေသည်။

တစ်ထောင်တည်းသော အသပြာသည် အဆငါးရာဟူသည့် တန်ခိုးကြောင့်  တန်ဖိုးတိုးကာ ငွေငါးသိန်း ကျပ်အဖြစ်သို့ ရောက်လေပြီ။ ကိုခင်ညိုတို့ လင်မယားမှာ ငါးသိန်းတည်းဟူသော အသပြာကြောင့် ပျော်၍ မဆုံး မော်၍ မဆုံး။ ၀မ်းသာ၍ မဆုံး။ ငွေငါးသိန်းဟူသည်မှာ ၎င်းတို့ လင်မယားနှစ်ဦး အိပ်မက်မက်ဖူးသည့်ထက်ပင် ပို၍များသေးသည် မဟုတ်လော။

ကိုခင်ညို ကံကောင်းလှသည် ဟု တစ်ရွာလုံး ပြောစမှတ်ပြုကြကုန်၏။ ၀မ်းသာကြကုန်၏။ မနာလို ဖြစ်ကြကုန်၏။ ပျားရည်ဆမ်းမျက်နှာတို့သည် ငွေချေးရန်အလို့ငှာ ကိုခင်ညိုစံမြန်းသည့် တင်းကုပ်သို့ အလျှိုလျှို ရောက်လာကြကုန်၏။ ပိုက်ဆံချေးငှား မရသည့်အခါ ကျိန်ဆဲ ကြကုန်၏။ ဤသည်ကား ချစ်စရာကောင်းသော လူ့သဘောပင်တည်း။ 

(၁၀)

ငါးသိန်းတည်းဟူသည့် ငွေကြေးကို မည်သို့မည်ပုံ အသုံးချသင့်သည်ဟူသော ကိစ္စသည် ကိုခင်ညိုတို့ လင်မယားအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေး ကိစ္စကဲ့သို့ အလွန်နက်နဲသော သဘောကို ဆောင်၏။ မယားဖြစ်သူက အမ်စီကြိုးနှင့် ပန်းလက်ကောက် ၀ယ်ရန် အဆိုပြုသည်။ ထိုအဆိုကို ကိုခင်ညို သဘောမတူနိုင်။ တရုတ်နီဝယ်ရန် အဆိုဖြင့် ချေပ၏။ မယားကလည်း စက်ဝယ်ရန် သဘောမတူ။ ရွှေဝယ်ထားရန်သာ တွင်တွင်ဆိုပြန်သည်။ ကိုခင်ညိုကလည်း တရုတ်နီ ၀ယ်ရန် အဆိုကို တဖန်တင်သွင်းပြန်၏။ ဤသို့ အဆိုပြုချက်များကို အပြန်ပြန် အလှန်လှန် တင်သွင်းကြပြီး၊ လင်မယားနှစ်ဦး နပန်းသတ်တမ်း အချစ်စမ်းကြပြီးသည့်နောက် တစ်ဝက်ကို ရွှေဝယ်၍ ကျန်တစ်ဝက်ကို စက်ဝယ်မည်ဟူသည့် မျှတလျော်ညီသော ဆုံးဖြတ်ချက်ကို လင်မယားနှစ်ဦးလုံး ပါဝင်သည့် အိမ်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်ကြသတည်း။
ထို့နောက်တွင် ကိုခင်ညိုသည် စက်ဝယ်ရန် စိုင်းပြင်း လေတော့၏။

(၁၁)

သဲဖြူကုန်းရွာတွင် ခင်မောင်တင့်သည်ကား သိန်း၊ ကာမိန် စသည့် အမတ်များကဲ့သို့ ဉာဏ်ပညာ ပြည့်စုံ နှံ့စပ်လှသည်ဟု ထင်ရှား၏။ ခင်မောင်တင့်ကား စပါးပွဲစားများနှင့် ရင်းနှီးသူ ဖြစ်၏။ ဆန်စက်ပိုင်ရှင်များနှင့်လည်း အလွမ်းသင့်၏။ ၀က်ကုန်သည်များနှင့်လည်း ချစ်ကျွမ်းဝင်သူ ဖြစ်၏။ လူဝင်ဆံ့သူ ဖြစ်၏။ အလုပ်အကိုင် အတည်တကျ မရှိသော်လည်း ပေါင်းတတ်သင်းတတ်သူ ဖြစ်သောကြောင့် အနေအစား ချောင်လည်သည်။ ချက်ထဲကျလျှင် ခင်မောင်တင့် အကြံဉာဏ် အကူအညီကို တောင်းကြရသည် ချည်းပင်။ ဤအချက်မျိုးတွင် ခင်မောင်တင့်ထံမှ အကြံဉာဏ် ရယူရသော် မကောင်းလော။

ထို့နောက် ကိုခင်ညိုသည် ခင်မောင်တင့်ကို ဆရာတင်၍ စက်ဝယ်ရန် အလို့ငှာ လပွတ္တာသို့ တက်လေသည်။ မြို့သို့ရောက်လတ်သော် ဈေးသို့ တည့်တည့်မတ်မတ် မသွား၊ ဘောဆိပ်ရှိ တရုတ်ဆိုင်တွင် ရမ်အရက် ခေါက်ဆွဲကြော်တို့ဖြင့် အောင်သေအောင်သား စားသောက်ကြသေးသည်။ လေကလေး တဖြူးဖြူးတိုက်နေသည့် ကမ်းနားတွင် အတန်ငယ်ကြာအောင် လူမင်းစည်းစိမ်ကို ခံစားပြီးမှ ကမ်းနားလမ်းတွင် ဆိုင်ခန်းဖွင့်လှစ်ထားသည့်  “စံထွား” ဟူသော တရုတ်ပြည်ဖြစ် အင်ဂျင်စက် အမျိုးမျိုးတို့ ရောင်းချရာဌာနသို့ ကြွမြန်းလေသည်။  

(၁၂)

ဆိုင်ရှင်သည် ကိုခင်ညိုတို့ လူသိုက်အား ခင်ဗျားတို့ ရူးနေလားဗျ။ ငွေလေး နှစ်သိန်းခွဲနဲ့များဗျာ။ ဆယ်သုံးကောင် မပြောနဲ့။ ခွန်တမတ်တောင် မရဘူး။ ခဲတံချွန်စက်ပဲ ရမယ်ဟု ဆို၍ ပဋိသန္ဓာရပြု၏။ တင်းမာသော မျက်နှာထားကို ပြ၏။ ထိုအခိုက်ဝယ် ကိုခင်ညို၏ ထက်သန်လှစွာသော စိတ်သည် အသွားထက်မြက်လှစွာသော ငှက်ကြီးတောင်ဓါးဖြင့် အရင်းမှ ခုတ်ပိုင်းခံရသည့် ငှက်ပျောပင်ပမာနှယ် ဖြစ်သွားရှာလေသည်။ “စိတ်မပျက်ပါနဲ့ ကိုခင်ညိုရယ်၊ ကျွန်တော့်ရဲ့ အဆက်အသွယ်တွေကို မေးမြန်းကြည့်ပါဦးမယ်” ဟူသော ခင်မောင်တင့်၏ အားပေးစကားသံကိုသာ မကြားလိုက်ရပါက ကိုခင်ညိုသည် ထိုနေရာ၌ သောကစိတ်ကြောင့် နှလုံးသည်းပွတ်ကြွေကာ ဗုန်းဗုန်းလဲကျ သွားနိုင်လောက်သည်။ 

ခင်မောင်တင့်၏ အဆက်အသွယ် ဟူသည်ကား အခြားမဟုတ်။ ဆုတောင်းပြည့်ဘုရားထောင့်မှ မြို့မ အပေါင်ဆိုင်သာ ဖြစ်၏။ ခင်မောင်တင့်နှင့် မိတ်ရင်းဆွေရင်းများ မဟုတ်ကြချေ။ မျက်မှန်းတန်းမိယုံမျှသာ ဖြစ်၏။ ခင်မောင်တင့် မြို့တက်ပြီး ဖဲရိုက်စဉ် ဖဲရှုံးသောကြောင့် အပေါင်ဆိုင်တွင် လက်စွပ်ပေါင်ရာမှ စတင်ပြီး သိကျွမ်းကြခြင်းသာ ဖြစ်သည်။

သို့နှင့် ခင်မောင်တင့် ဦးဆောင်သော ကိုခင်ညိုတို့ တောသားတစ်သိုက်သည် ကမ်းနားလမ်း စက်ဆိုင်မှ အောင်မြင်စွာဆုတ်ခွာပြီး အပေါင်ဆိုင်သို့ ချီတက်ကြပြန်သည်။

အပေါင်ဆိုင်ပိုင်ရှင်သည် ကိုခင်ညိုတို့ လူသိုက်အား အပေါင်ဆိုင်နောက်ဖေးတွင် အဖီချထားသည့် ဂိုဒေါင်တွင်းမှ အပေါင်ဆုံးစက်များကို စိတ်ကြိုက်ရွေးချယ်စေ၏။ ချစ်သခင်ဟောင်းတို့၏ စွန့်ခွာခြင်း ခံရသည့် အထူးထူးသော အင်ဂျင်စက်တို့သည် ကိုခင်ညို၏ ကမ်းလက်ကို ငံ့လင့်ကြကုန်၏။ ကိုခင်ညို့ အကြည့်ကို မျှော်ကြ၏။

ကိုခင်ညိုကား ဥစ္စာရှင်ပီပီ ဟိုရွေးဒီရွေး ချေးများသေးသည်။ စက်အကြောင်း နကန်း တစ်လုံးမျှ မသိသော်လည်း စက်ကဲခတ်သေးသည်။ ကြန်အင် လက္ခဏာ ဖတ်သေးသည်။ နောက်ဆုံးတွင်မှ အတော်ပင် လတ်သေးသည်ဟု  ထင်ရသော တစ်ခုလပ်၊ တစ်လင်ကွာ တရုတ်နီ ဆယ့်သုံးကောင် အင်ဂျင်စက်တစ်လုံးကို ခင်မောင်တင့် ကြီးကြပ်လမ်းညွှန်မှုဖြင့် တော်ကောက်လိုက်လေသတည်း။

(၁၃)

တော်ကောက်ပြီးလတ်သော် မိဖုရားအင်္ဂါနှင့် ညီညွတ်ခြင်းရှိမရှိကို လက်တွေ့ ဆန်းစစ်ကြည့်ဦးမှ သင့်မည်။ သို့ဖြင့် ယင်းတစ်လင်ကွာ တရုတ်နီစက်ကို စမ်းသပ်မောင်းနှင် ကြည့်ကြ၏။ ဒုန်းဒုန်း ဒုန်းဒုန်းဟု မြည်သော အသံသည် အပေါင်ဆိုင်နောက် အဖီမှာ တခဲနက် ပေါ်လာပြီးလျှင် စကြာဝဠာတံတိုင်းသို့ တိုင်အောင် လွင့်ပျံ့သွားလေ၏။

စက်ကိုတော့ ကြိုက်ပြီ။ ဈေးညှိပါရစေဦး။ ဆိုင်ရှင်က “သုံးသိန်းကို တစ်ပြားမှာ မလျှော့နိုင်” ဟု ခပ်တင်းတင်းဆိုသည်။ ခင်မောင်တင့်က “ငါးသောင်းလျှော့ပြီး၊ နှစ်သိန်းခွဲထားပါ” ဟု အားမနာ လျှာမကျိုး ဈေးဆစ်သည်။ ဆိုင်ရှင်ကလည်း “တစ်ပြားမှ မလျှော့နိုင်” ဟူသော စကားကိုသာ တွင်တွင် ဆို၏။ ခင်မောင်တင့်ကလည်း “ငါးသောင်းလျှော့ရင် အခုချက်ချင်း ယူမယ်” ဟူသည့် စကားကို ဆီမန်းမန်းသလို ရွတ်ပြန်၏။ ကိုခင်ညိုကား ယောင်တိယောင်တောင်နှင့် ဆိုင်ရှင်ကို ကြည့်ရနိုး၊ ခင်မောင်တင့်ကို ကြည့်ရနိုး၊ စက်ကို ကြည့်ရနိုး ဖြစ်နေလေသတည်း။

သို့နှင့် ဆိုင်ရှင်နှင့် ခင်မောင်ညိုတို့ အချီအချပြောနေကြရင်း ခင်မောင်ညိုသည် ဆိုင်ရှင်အား “ငါးသောင်းမလျှော့ရင် မယူဘူးဗျာ” ဟူသော တုံးတိစကားဖြင့် အဆုံးသတ်ပြီး “လာ ကိုခင်ညို ပြန်မယ်” ဟုဆိုလိုက်လေ၏။ ကိုခင်ညိုသည် ခင်မောင်တင့်၏ အမူအရာနှင့် စကားသံတို့ကြောင့် အထိတ်ထိတ် အလန့်လန့် ဖြစ်သွား၏။ စိတ်ထဲတွင်လည်း “ခင်မောင်တင့် ဘယ့်နှယ်လုပ်လိုက်တာလဲ။ ဒီလောက်ကောင်းတဲ့စက်ကို လက်လွှတ်ရမယ်လို့ ကြံကြီးစည်ရာ” ဟူသော အတွေးကို တွေးမိသည်။ သို့သော် ကိုခင်ညို၏ စကားသံ လည်ချောင်းဝသို့ မရောက်သေးမီတွင် ခင်မောင်တင့်သည် ကိုခင်ညို့လက်ကို ကဗျာကရာဆွဲ၍ အပေါင်ဆိုင်မှ ထွက်လေ၏။ အပေါင်ဆိုင်ဝသို့ မရောက်သေးမီမှာပင် အပေါင်ဆိုင်ပိုင်ရှင်၏ “ကဲဗျာ .. ထားလိုက်ပါတော့။ ခင်ဗျားတို့ ပြောတဲ့ ဈေးနဲ့သာ ယူသွားပေတော့” ဟူသော ညောင်နာနာ အလျှော့ပေးသံသည် ထပ်ကြပ်မခွာ လိုက်လာလေ၏။ လောကီလူသားတို့၏ ဉာဏ်ဝင်္ကတတို့ကို နားဝယ်မလည်ရှာသည့် ကိုခင်ညိုသည် ဤတွင်မှ ခင်မောင်တင့်၏ ပရိယာယ်ကို တစိုးတစ ရိပ်မိသလိုလို ဘာလိုလို ရှိလာသည်။ သို့ဖြင့် ကိုခင်ညိုသည် တစ်လင်ကွာ တရုတ်နီမကို လက်ရသိမ်းပြီးလျှင် အောင်စည်အောင်မောင်းတီး၍ သဲဖြူကုန်းရွာသို့ ပြန်လေသတည်း။

(၁၄)

မည်သို့ပင်ဆိုစေကာမူ ကိုခင်ညိုသည် ယခုအခါတွင် တရုတ်နီဆယ့်သုံးကောင် တစ်လုံးကို အရှင်လတ်လတ်ပိုင်ဆိုင်ခွင့် ရသွားပြီ ဖြစ်သည်ကို မည်သူမျှ စောဒက တက်နိုင်မည် မဟုတ်။  ကိုခင်ညိုကား ခင်မောင်တင့်ကို ကျေးဇူးတင်၍ မဆုံးပြီ။ “ခင်မောင်တင့် ကယ်ပေလို့ ပေါ့ကွာ။ နို့မို့ဆိုရင် ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး။ ဒီကောင်က ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ ကျဉ်းထဲကျပ်ထဲကျရင် သူ့အကြံက တော်တော်ဟုတ်သားပဲ” ဟု အစချီသော ခင်မောင်တင့် အမွှန်းကို အခွင့်အခါသင့်တိုင်း ဆိုတတ်သည်။

သို့သော် ထိုခင်မောင်တင့် အမွှန်းအား ကိုခင်ညို ကြာကြာရွတ်ခွင့် မရလိုက်ပါ။ အကြောင်းမူကား သူ၏ တစ်လင်ကွာ တရုတ်နီမသည် မိုးရေထဲတွင် ကြာကြာထားမိသောကြောင့်ထင့်။ တဒုန်းဒုန်း တဒိုင်းဒိုင်း မြည်ရာမှ ဖွတ်ချက် ဖွတ်ချက်ဟု အသံပြောင်းလာ၏။ နှာစေးချောင်းဆိုး စပြုလာ၏။ အင်ဂျင်ဝိုင် လဲသော်လည်း မထူးခြား။ ပို၍သာ ဆိုးလာသည်။ ဂက်စကတ် မကောင်းဟု ခင်မောင်တင့်က ဆိုသောကြောင့် လဲရသေးသည်။ သို့သော်လည်း မထူးခြား။ နော်ဇယ်မကောင်းဆိုသဖြင့် နော်ဇယ်လဲသည်။ အကြောင်းမထူးချေ။ ထို့နောက် ခင်မောင်တင့် ညွှန်ကြားရာ စက်ပစ်္စည်းများကို တစ်ခုပြီး တစ်ခု ၀ယ်ယူပြီး တရုတ်နီမကို ဆေးပေးမီးယူပြုရသည်။ ဓါတ်စာကျွေးရသည်။ သို့သော်လည်း တရုတ်နီမသည် နာလန်မထူတော့ချေ။

လဲစရာ တိုလီမိုလီ ပစ္စည်းလည်း ကုန်ချေပြီ။ ပိတောက်အိုးသာလျှင် ကျန်တော့၏။ တရုတ်နီမသည် နှာစေးချောင်းဆိုးဖြစ်ရာမှ အမောဖောက်၍ ရောဂါသည်းလာပြီး၊ ရက်ပိုင်းအတွင်းမှာပင် အနိစ္စသဘောကို ဆောင်၍ အသံမမြည်နိုင်သော စက်မမာသည် အဖြစ်သို့ ရောက်ရှိသွားလေတော့သတည်း။