Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 



သူ၏ နာမည်အရင်းမှာ နိုင်ဝင်းဖြစ်သော်လည်း တစ်မြို့လုံးကမူ သူ၏အသက်မွေးမှုဖြစ်သည့် ဘဲဥရောင်းချခြင်းကို အကြောင်းပြုပြီးသကာလ ဘဲဥဟူ၍သာ ချစ်စနိုးခေါ်ဝေါ်ကြကုန်၏။

ထိုသို့ခေါ်ဝေါ်ခြင်းအား သူ စိုးစဉ်းမျှ မကြိုက်ကြောင်းကို တစ်မြို့လုံးသိကြသော်လည်း ဘဲဥ ဟူ၍သာ ခေါ်ဆိုမြဲ ခေါ်ဆိုကြလေ၏။ ဘဲဥသည် ရှေးဟောင်းကျမ်းဂန်တို့နှင့် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်ပြီး၊ လူဖြစ်လာသူ ဖြစ်လေရကား ယင်းသို့ခေါ်ဝေါ်ခြင်းသည် ယဉ်ကျေးသောသူတို့၏ အလေ့မဟုတ်၊ အသက်မွေးမှုအလုပ်အကိုင်ကိုအကြောင်းပြု၍ဆဲရေးခြင်းတစ်မျိုးသာလျှင် ဖြစ်ကြောင်းကို ဘာရဒွါဇ ဇာတ်တော်အား စကားအရာ သက်သေထား၍ တုံ့ပြန်လေ့ရှိသည်။ မည်သို့ပင်ဆိုစေ တစ်မြို့လုံးကမူ ဘဲဥ ဟူ၍သာ ခေါ်ဝေါ်မြဲ ခေါ်ဝေါ်ကြဆဲပင် ဖြစ်ပြီး၊ နောင်တွင်လည်း ဆက်လက် ခေါ်ဆိုကြဦးမည်မှာ မလွဲပြီ။ သရုပ်ဖေါ် ပန်းချီစံမင်း


အကြင် ဘဲဥသည် ပန်းချီကားများကို လွန်စွာမှပင် ခုံမင်တွယ်တာသူတစ်ဦး ဖြစ်လေ၏။ ပန်းချီကားများက ပေးစွမ်းသည့် အနုပညာကို ကောင်းစွာခံစားတတ်သူလည်း ဖြစ်လေ၏။ ပန်းချီကားများမှ အနက်အဓိပ္ပာယ်များကို ရှာဖွေသူလည်း ဖြစ်သကဲ့သို့ ပန်းချီအနုပညာ အကြောင်းကို ခရေစေ့တွင်းကျ လေ့လာထားသူလည်း ဖြစ်ချေ၏။ သို့သော် ဘဲဥ၏အိမ်တွင် မည်သည့် ပန်းချီကား တစ်ချပ်တစ်လေကိုမျှ တွေ့ရမည် မဟုတ်ချေ။ အိမ်နံရံ၊ လှေကားလက်ရန်းတို့တွင် မြေဖြူဖြင့် ရေးဆွဲအပ်သော ဘဲဥသေတ္တာစာရင်း၊ အကြွေးစာရင်း စသည်တို့ကိုသာ မြင်တွေ့ရမည် ဖြစ်ပေသည်။ ထို့ပြင် ဘဲဥသည် ပန်းချီရေးဆွဲခြင်း အတတ်ပညာအကြောင်းကိုလည်း တစိုးတစိမျှ သိသူ မဟုတ်။ သို့စေကာမူ သူ၏ ပန်းချီအနုပညာရပ်ကို လေ့လာနိုင်စွမ်း၊ ခံစားနိုင်စွမ်း၊ နားလည်နိုင်စွမ်းစသည့် ဂုဏ်ရည်များကိုမူ လေးစားသမှုပြုရမည်သာ ဖြစ်၏။ 

ဘဲဥကား ခေသူမဟုတ်ချေ။ ပန်းချီကားများ အကြောင်းသာမက ပန်းချီကျော်များ၏ အကြောင်းကိုလည်း ပိုင်နိုင်စွာ လေ့လာထားသူ တစ်ဦးဖြစ်ချေ၏။ ဗန်ဂိုး၊ ပီကာဆို၊ ရေနွားစသူတို့နှင့် အထူးရင်းနှီးကျွမ်းဝင်သူ ဖြစ်၏။ ခေတ်ဟောင်းပန်းချီဆရာများ၏ ရေးနည်း၊ရေးဟန်စနစ်များမှစ၍ ခေတ်ပြိုင်ပန်းချီဆရာများ၏ ရေးဟန်များထိတိုင်အောင် ကောင်းစွာ လေ့လာထားသူလည်း ဖြစ်၏။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်မှာကား ဘဲဥ၏ ပန်းချီမြတ်နိုးမှုကို မည်သည့်ပန်းချီဆရာကမျှ မသိရှိကြခြင်းပင် ဖြစ်သည်။ အပိုအဖျင်းမပါ လိုရင်းကိုသာ ဆိုရသော် ဘဲဥကား ပန်းချီမြတ်နိုးသူ၊ ပန်းချီဝါသနာအိုး၊ ပန်းချီရူးကြီးတစ်ယောက်ပင် ဖြစ်ချေတော့သတည်း။

ညနေညချမ်း လက်ဘက်ရည်ဝိုင်းများတွင် ဘဲဥသည် သူလေ့လာထားသော ပန်းချီကားများအကြောင်း၊ ပန်းချီကျော်များအကြောင်းကို တွေ့သူတိုင်းအား မမောနိုင်မပန်းနိုင် ရှင်းလင်းပြောပြတတ်သည်။ မိုနာလီဆာ၏အပြုံးသည် မဲ့ပြုံးလော၊ မချိပြုံးလောစသည့် ရှုပ်ထွေးပွေလီလှသည့် အနက်အဓိပ္ပာယ်များ၊ နာရီများ အရည်ပျော်ရသည့် အကြောင်း၊ အာလူးစားသူများ၏ မျက်နှာပေးအမူအရာများ စသည့်နာမည်ကျော်ပန်းချီကားများ အကြောင်းမှစပြီး၊ ဂျပန်ပန်းချီဆရာ Youichi Kurosaka ရေးဆွဲသည့် (Winter Horse) ဟေမန္တတမြင်း အမည်ရပန်းချီကားမှ ည၏ရနံ့များ၊ ဆီးနှင်းများ စသည့်တို့ကို ဘဲဥတိုက်သည့် လက်ဘက်ရည်သောက်ရင်း နားထောင်ရသည်မှာ လွန်စွာမှပင် အရသာရှိလှပါပေသည်။

ရံဖန်ရံခါတွင် ဘဲဥသည် မြန်မာနန်းတွင်းပန်းချီကျော်များဖြစ်သည့် ဆရာခြုံ၊ ဦးကြာညွန့်၊ ဆရာစာ စသူတို့ရေးဆွဲခဲ့သော မြန်မာမှုဓလေ့ကိုဖော်ကျူးသည့် ပန်းချီကားများအကြောင်းနှင့် ယင်းတို့၏အတ္ထုပ္ပတိ္တတို့ကိုလည်း လွမ်းမောဖွယ်ဖြစ်ရလေအောင် ပြောပြတတ်သေးသည်။ ဘဲဥထံမှ ကနုတ်၊ နာရီ၊ ကပီ၊ ဂဇာ အစရှိသည့် လေးမျိုးလေးစားသော ရှေးရိုးမြန်မာပန်းချီရေးဟန်၊ ရေးနည်းများအကြောင်းကို လေ့လာကြားသိခွင့်ရသည်မှာ လွန်စွာမှပင် တန်ဖိုးရှိလှပါပေသည်ဟု အများက ဆိုစမှတ်ပြုကြသည်။

ရံဖန်ရံခါတွင်မူ ဘဲဥသည် ပျောက်ဆုံးသွားသည့် ပန်းချီကားများအကြောင်းကို ကြားရလေသူတိုင်း စုတ်တသပ်သပ်နှင့် နှမြောတသစိတ် ပေါ်ပေါက်ရလေအောင် ပြောပြတတ်သေးသည်။ ထိုသို့ကြားရလျှင် ဘဲဥ၏ ပန်းချီတရားနာ ပရိသတ်အပေါင်းသည် လက်ဘက်ရည်ဝိုင်းမှ ရုတ်ခြည်းထ၍ ဘယ်ဝယ်ဆီရောက်နေပြီမှန်း မသိရသော ပန်းချီကားများကို ရှာရကောင်းနိုး၊ သူခိုးဖမ်းရကောင်းနိုးပင် ဖြစ်ရသေး၏။

ရံဖန်ရံခါတွင်မူ ဘဲဥသည် ပန်းချီကားများ၏ ကာလပေါက်ဈေးတန်ဖိုးကိုလည်းကြားနာရသူအပေါင်း သွားရည်တမြားမြားကြရလေအောင် ပြောပြတတ်သေး၏။ ပန်းချီကျော် ဂျက်ဆင်ပေါလော့ (Jackson Pollock) ၏ အမှတ် (၅) ၁၉၄၈     (No. 5, 1948) ပန်းချီကားသည် ဒေါ်လာ (၁၅၁.၂) သန်း၊ ပန်းချီကျော် ၀ီလီယံဒီကူးနင်း (Willem de Kooning) ၏ အမျိုးသမီး သုံး (Woman III) ပန်းချီကားသည် ဒေါ်လာ (၁၄၈.၅)  သန်း၊ ဗင်ဆင့် ဗန်းဂိုး Vincent van Gogh) ၏ အိုင်းရစ်ပန်းများ (Irises) ပန်းချီကားသည် ဒေါ်လာ (၁၀၁.၆)  သန်း တန်ကြေး ရှိကြောင်းကို ဘဲဥထံမှ အံ့ဖွယ်သရဲ ကြားသိရ၏။ ဘဲဥဆိုခဲ့သော စကားများအရ ပန်းချီကားများ၏ တန်ဖိုးဟူသည်ကား ပန်းချီဆရာများ သေဆုံးပြီးနောက်မှသာလျှင် မြင့်ရိုး၊ တက်ရိုး ထုံးစံရှိသည် ဟူသည့် သဘောကို ဆင်ခြင်မိ၏။ ထို့ကြောင့် ပန်းချီကားများ၏ တန်ဖိုးမြင့်တက်စေရန် အလို့ငှာ၊ ပန်းချီဆရာတို့်သည် ပန်းချီကားများ ရေးဆွဲပြီးလျှင် မိမိကိုယ်ကို သေကြောင်းကြံစည်သင့်သည် ဟူသောမိုက်မဲသည့် အယူအဆပင်လျှင် ကျွန်တော့်စိတ်တွင် ပေါ်ခဲ့ဖူး၏။

စင်စစ်တွင်မူ ဘဲဥသည် ပန်းချီကားများကို ငွေကြေးအရ တန်ဖိုးဖြတ်ခြင်းအား စက်ဆုပ်ရွံရှာသူ ဖြစ်၏။ သူ့အလိုအရ ပန်းချီကားဟူသည်မှာ ငွေကြေအရ တန်ဖိုးမဖြတ်စကောင်း။ အနုပညာသည် သူ့အတိုင်းသာလျှင် ပကတိတည်၏။  ငွေကြေးတည်းဟူသော ပေတံဖြင့်တိုင်းတာခြင်းသည် လူတို့၏မိုက်မဲမှုသာလျှင် ဖြစ်၏။ ပန်းချီကားများ၏ တန်ဖိုးသည် ငွေကြေးအသပြာကို အခြေမပြု၊ လူသားတို့အား ခံစားချက်များပေးစွမ်းနိုင်ခြင်း အပေါ်တွင်သာ အခြေတည်သည် ဟူသည့် အယူဝါဒကို ကိုင်စွဲထားသူသာလျှင် ဖြစ်သတည်း။ ထို့ကြောင့် ဘဲဥသည် သူ၏ဘ၀တစ်လျှောက်တွင် ပန်းချီကားများမှ ပေးစွမ်းသည့် ခံစားချက်များနှင့် အနက်အဓိပ္ပာယ်များကိုသာလျှင် တစိုက်မတ်မတ် လေ့လာရှာဖွေ သုံးသပ်ခဲ့လေတော့သည်။ 
 
အသက်ကြီးသောသူများက မောင်ဘဲဥ ဟူ၍ လည်းကောင်း၊ သက်တူရွယ်တူ အပေါင်းအသင်းများက ဟေ့ရောင်ကြီး ဘဲဥဟူ၍ လည်းကောင်း၊ အသက်ငယ်ရွယ်သူများက ကိုဘဲဥ ဟူ၍သော်လည်းကောင်း မြတ်နိုးစွာခေါ်ဆိုခြင်းကို ခံရလေ့ရှိသော ဘဲဥသည် ယခုအခါတွင် ဇရာ၊ ဗျာဓိ ၊ မရဏတည်းဟူသည့် တရားသဘောအရ ဇရာထောင်းသဖြင့် ကျိုးတို့ကျဲတဲ ခေါင်းမွှေးများပင် ဖြူလျော်စပြုကာ ဘကြီးဘဲဥ ဘ၀သို့ ရောက်ရှိခဲ့လေပြီ။ သို့သော် ဘဲဥကား ပန်းချီကားများ၏ အနက်အဓိပ္ပာယ်များကို ဖွေရှာရင်းနှင့်ပင် လောကဓံရှစ်ပါးကို နိမ့်ချည်မြင့်ချည် ရင်ဆိုင်ဖြတ်သန်းကောင်းနေတုန်းပင်။

တစ်ခုသော ဆောင်းညနေခင်းတွင် ကျွန်တော်သည် မြို့စွန်ရှိ လျောင်းတော်မူ ရုပ်ပွားတော်ကြီး ကိန်းဝပ်ရာ တန်ဆောင်းတော်ဆီသို့ တောလမ်းကလေးအတိုင်း လှမ်းလျှောက်ရင်း ရောက်ရှိခဲ့သည်။ ဆောင်းညနေခင်းဝယ် သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာကို ရည်မှန်း၍ လျောင်းတော်မူရုပ်ပွားတော်မြတ်အား ကြည်ညိုဖူးမြော်ရသည်မှာ လွန်စွာကြည်နူးဖွယ်ရာပင် ဖြစ်၏။ ၀တ်ဖြည့်ပြီးလတ်သော် တန်ဆောင်းအတွင်း လှည့်လည်ရင်း တန်ဆောင်းနံရံတို့တွင် ချိတ်ဆွဲထားသည့် နိပါတ်တော်ပန်းချီကားများကို မရည်ရွယ်ဘဲ ကြည့်ရှုမိသည်။ သွပ်ပြားထက်တွင် သင်္ဘောဆေးတို့ဖြင့် ရောင်စုံခြယ်သကာ ရေးဆွဲအပ်သော နိပါတ်တော်ပန်းချီကားတို့သည် နေညိုညနေချမ်းတွင် ရှုချင်စဖွယ် အတင့်အတည် ရှိနေကြကုန်၏။

ထိုရောခဏ၀ယ် ဇာတ်နိပါတ်တော်တစ်ခုကို ဖော်ကျူးထားသည့် ပန်းချီကားတစ်ချပ်ကို ရုတ်ခြည်း တွေ့လိုက်ရသည်။ ပန်းချီကား အတွင်းဝယ် ဘုရားရှင်တော်မြတ်အား သားမြီးယပ်ဖြင့် ၀တ်ဖြည့်ပူဇော်နေသော အရွယ်ကောင်း မိန်းမလှတစ်ဦးနှင့် တရားဓမ္မ နာယူနေသော မိဖုရားတို့သည် ဘုရားရှင်ထံပါးဝယ် ရှိကြကုန်၏။ ပန်းချီဆရာသည် အရွယ်ကောင်း မိန်းမလှသည် ကြည့်နေစဉ် တဒင်္ဂအတွင်းမှာပင် ပါးရေနားရေ တွန့်လိပ်ကာ အိုမင်းရင့်ရော်သွားပုံကို ပြောင်မြောက်စွာ မှုန်းခြယ်ထား၏။ ထို့နောက်တွင် ယင်းအမယ်အိုသည် လဲကျသေဆုံးပြီး အရိုးစုသာကြွင်းကျန်ပုံကို ရေးခြယ်ထား၏။

တန်ဆောင်းမှအပြန် လမ်းခရီးဝယ် နိပါတ်တော်ပန်းချီကားတို့ ပေးစွမ်းသော အနုပညာနှင့် အနက်အဓိပ္ပာယ်များ အကြောင်းကို ဘဲဥအား ပြန်ပြောင်းပြောပြရန် တွေးတောရင်းနှင့်ပင် အမှောင်ဖုံးလွှမ်းစပြုပြီဖြစ်သော မြို့ဆီသို့ ရောက်သတည်း။
 
 
နေလင်းအောင်