Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 than htay maungအသံလွှင့်စက်၊ အသံဖမ်းစက်များသည် ကမ္ဘာသူကမ္ဘာသားတို့၏ အခြေအနေကို များစွာပြောင်းလဲလိုက်လေသည်။ အသံလွှင့်စက်၊ အသံဖမ်းစက်များ မပေါ်မီ အတီတေ အခါက တေးသံဆိုင်းသံများကို ကြားလိုလျှင် ပွဲလမ်းသဘင်သို့ လည်းကောင်း သွားပါမှ၊ ဓါတ်ပြားများကိုသော်လည်းကောင်း ဝယ်ထားပါမှ သဘင်သည်များကိုသော်လည်းကောင်း ဖိတ်ခေါ်ပြီး သီဆိုခိုင်းပါမှ ကြားရလေသည်။

 

ယခုခေတ်တွင်ကား ဤသို့ မဟုတ်တော့ပြီ။ အသံဖမ်းစက်မှ ခလုတ်ကလေး လှည့်လိုက်ရုံ၊ နှိပ်လိုက်ရုံနှင့် သီချင်းအမျိုးမျိုးတို့ကို ကြားရလေသည်။ တစ်မျိုးကို မကြိုက်သေးလျှင် တစ်မျိုးကို ပြောင်း၍နားထောင်နိုင်၏။

 

ရှေးအခါက သတင်းထူးကို ကြားလိုလျှင် သတင်းစာများကို မျှော်ရလေသည်။ ယခုမူကား အသံဖမ်းစက်ကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် အတိုင်းတိုင်း အပြည်ပြည်မှ သတင်းများကို ပူပူနွေးနွေးကြားသိရလေသည်။ သတင်းစာများတွင်ကား (၃-၄) ရက်ကြာမှ ထိုသတင်းများကို ဖတ်ရလေသည်။

 

ရှေးအခါက ဗဟုသုတကို သိလိုလျှင် စာအုပ်များကို သတိရ၏။ ဗဟုသုတ ဟောပြောပွဲများသို့ သွားရောက်နားထောင်ရ၏။ ယခုမူကား ထိုဗဟုသုတ အမျိုးမျိုးတို့ကို အသံဖမ်းစက်၏ ကူညီချက်အရ မပင်မပန်းဘဲ ရနိုင်လေသည်။

 

ရှေးအခါက စစ်တိုက်ရာတွင် ဗုံးအမြောက်၊ စက်သေနတ်တို့ကို အကြီးအကျယ် အသုံးပြုကြရသည်ကို လူအများ၏ မျက်မြင်ပင်ဖြစ်တော့၏။ အသံဖမ်းစက်၊ အသံလွှင့်စက်များသည် ယခုခေတ် စစ်ပွဲများတွင် အရေးအကြီးဆုံး၊ အရာအရောက်ဆုံးသော လက်နက်ကြီးများဟု ဆိုလျှင် မှားလိမ့်မည် မဟုတ်ပေ။

 

ဤမျှ အရေးကြီး အကျိုးများသော အသံလွှင့်စက်၊ အသံဖမ်းစက်များ နိုင်ငံခြား တိုင်းပြည်များတွင် ပေါ်ပေါက်လာသည်မှာ မကြာသေးပေ။ နိုင်ငံခြားတွင် ထွန်းလွန်းမက ထွန်းကားနေသော အခါကျမှ မြန်မာပြည် ကာလနဂါးကြီး လူးလွန့်ရုံမျှ ဖြစ်၏။

 

မြန်မာပြည်အစိုးရ အသံလွှင့်ဌာနကို တည်ထောင်စက မြန်မာဓါတ်ပြားများလောက်ကိုသာ ကြားရသော်လည်း နောင်တစ်စတစ်စ ဆိုင်ရာ အရာရှိများ လာဘ်မြင်၍ လာကြကုန်၏။ မြန်မာပြည်သတင်းများ နိုင်ငံခြားသတင်းများကို အသံလွှင့်စ ပြုလာ၏။ တူရိယာ အဖွဲ့အမျိုးမျိုးတို့ကို ဖိတ်မန္တကပြုကာ အသံလွှင့်စေ၏။ ဥပုသ်နေ့များတွင် ဓမ္မကထိက အကျော်တို့၏ တရားရေအေးကို တိုက်ကျွေးပေး၍ တစ်ခါတစ်ခါ လူရွှင်တော်တို့ ပြက်လုံးများဖြင့် တိုင်းသူပြည်သားတို့အား ရွှင်ပြုံးစေ၏။

 

မြန်မာပြည်တွင် အကျော်အမော် ဖြစ်ကြကုန်သော မြို့မကျောင်းဆရာကြီး ဦးဘလွင်၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ အရေးပိုင်မင်း ဦးဘိုးစ၊ ဆရာဖြစ်သင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဘ၊ အမျိုးသမီး ပညာဝန်ထောက် ဒေါ်မြရွှေ၊ ပြန်ကြားရေး ဝန်ဟောင်း ဦးမြရွှေ အစရှိသော ပုဂ္ဂိုလ်ကြီးများကို ဖိတ်ပြီးလျှင် မိမိတို့ ကျွမ်းကျင်ရာ ပညာဗဟုသုတ အမျိုးမျိုးတို့ကို ပြောကြားစေ၏။

 

မောင်လူအေးကား အသံဖမ်းစက်ကို ရှေးအခါက မှန်မှန်ဖွင့်လေ့ မရှိ။ တခါသော် ၄င်းစက်ထဲသို့ ကြွက်ဝင်၍ အသိုက်လုပ်သောကြောင့် အတော်ပျက်စီးသွား၏။ စက်ပြင်ဆရာအား ငွေ အစိတ်ပေးလိုက်မှ ပြန်၍ အသက်ရှင်လာလေသည်။ ထိုစက်အတွင်းမှ ကြွက်သိုက် တစ်ခုနှင့် ဇီးစေ့များ၊ အမှိုက်သရိုက်များ အမြတ်ရလိုက်၏။ ကြွက်ကင်းတို့ကား တန်ခိုးတော်ကြီးမားကြပါပေသည်။

 

နောက်တစ်ကြိမ်တွင်ကား ပိုးဟပ်နှင့် အိမ်မြှောင်တို့အတွက် ၄င်းစက် ပျက်စီးရရှာပြန်၏။ စက်ပြင်ဆရာအား ငွေ (၂၀) ပေးရပြန်လေ၏။ ထိုအခါကျမှ နဇီဝသဘောမှ သဇီဝသဘောသို့ ပြန်၍ ရောက်လာပြန်၏။

 

အနောက် မဟာမိတ် နိုင်ငံတို့နှင့် ဂျာမဏီ စစ်ဖြစ်သည်ကို ကြားသည်နှင့် တပြိုင်နက် မောင်လူအေး၏ အသံဖမ်းစက် အလုပ်များတော့၏။ မောင်လူအေးသည် စစ်သတင်း ပူပူနွေးနွေးကို နားထောင်ချင်လှသောကြောင့် ညတိုင်းညတိုင်း အသံဖမ်းစက်နားမှ မခွာတော့ပြီ။

 

စစ်သတင်းများ နားထောင်ပြီးလျှင်သော်လည်းကောင်း နားမထောင်မီသော်လည်းကောင်း ဦးဘလွင် အစရှိသော ပုဂ္ဂိုလ်ကျော်ကြီးတို့၏ ဗဟုသုတ တရားများကို နာလေ့ရှိ၏။ ထိုတရားများကို နာနေစဉ်တွင် မောင်လူအေးသည် သူတကာကဲ့သို့ တိတ်ဆိတ်စွာ နားထောင်လေ့မရှိ။

 

ဆရာဖြစ်သင် ကောလိပ်ကျောင်းဆရာကြီး ဦးဘက အသံကျယ်လောင်စွာနှင့် ကမ္ဘာ့ပစ္စုပ္ပန်အကြောင်း၊ ဟစ်တလာ၏ အကြောင်းများကို ပြောကြားသောအခါ “ခပ်တိုးတိုး ဆရာ ခပ်တိုးတိုး၊ အသံကျယ်လွန်းတယ်” ဟု မောင်လူအေးက အော်၍ ဆို၏။ “ငါ့ တူကလေး၊ တူမလေးတွေ လာကြဟေ့” ဟု ဒေါ်မြရွှေ၏ အသံသည် အသံဖမ်းစက်ထဲမှ ပေါ်လာသောအခါ “လာပါပြီ အဒေါ်၊ ရောက်ပါပြီ” ဟူ၍ မောင်လူအေး ပြန်ပြော၏။

 

အသံနေ အသံထားနှင့် ဦးဘိုးစက ပါဠိဂါထာများကို ရွတ်၍ ဆုံးသွားသောအခါ “သာဓု - သာဓု - သာဓု” ဟူ၍ ကျယ်လောင်စွာ သာဓုခေါ်၏။

 

မြို့တော်ဝန် ဦးဘဝင်းက သူ အိန္ဒိယပြည် သွားသောအကြောင်း ဟောပြောရာတွင် “ကျွန်တော်၏ ဇနီးကလေး” ဟူ၍ သူ၏ စကားတွင် ပြောသောအခါ “မြို့တော်ဝန်မင်းရယ်၊ ဇနီးကလေးဆိုတာ အသက်ဘယ်လောက် ရှိပါသလဲခင်ဗျာ” ဟူ၍ မောင်လူအေး မေးလေသည်။

 

ပြန်ကြားရေးဝန်ဟောင်း ဦးထွန်းညိုက အမေရိကန်အကြောင်း ဟောပြောသောအခါ၊ အနည်းငယ် ထစ်ထစ်ငေါ့ငေါ့ လေးလေးလံလံ ဖြစ်နေသော အခါများတွင် “ခပ်သွက်သွက်လေး ပြောလိုက်စမ်းပါ၊ ဝန်မင်းခင်ဗျား” ဟူ၍ မောင်လူအေး အော်၍ ဆိုလိုက်လေသည်။

 

ဤသို့ မောင်လူအေးမှာ အသံဖမ်းစက်မှ ထွက်ပေါ်လာသော တရားသံ စကားသံများကို တိတ်ဆိတ်ငြိမ်သက်စွာ နားမထောင်သောကြောင့် ငြိမ်သက်စွာ နားထောင်နေကြသော ခင်သန်းမြင့်တို့အား များစွာ အနှောက်အယှက်ဖြစ်သဖြင့် ခင်သန်းမြင့်နှင့် မောင်လူအေးတို့မှာ ခဏခဏ အချင်းများကြရလေသည်။

 

တစ်ခါသော် ခင်သန်းမြင့်က “ကိုကိုကလဲ ဘာဖြစ်လို့ ပြန်ပြန်ပြီး ပြောနေရတာတုန်း၊ စကားသံကို ကောင်းကောင်း နားမထောင်ရဘူး။”

 

“နို့ - သူတို့ ပြောတာတွေကို အားမရတဲ့ အခါ အော်ပေးရတာပေါ့”

 

“ကိုကို အော်လိုက်ကော သူတို့က ကြားကြမတဲ့လား၊ ကိုကိုအော်လို့ အာပေါက်ပေမယ့် သူတို့က ဖြုံမှာ မဟုတ်ဘူး။”

 

“မဖြုံပေမဲ့ အော်ချင်တာပဲ၊ ကျောင်းသားတုန်းက အကျင့်တွေကို ဖျောက်လို့ မရတာခက်တယ်။”

 

“ကိုကို အကျင့်ကို ဖျောက်လို့မရတာကတော့ ကိစ္စမရှိဘူး။ မြင့်တို့ နားထောင်နေရာမှာ အင်မတန် အနှောက်အယှက်ဖြစ်တယ်။ ကိုကိုအော်လို့လည်း ဘာမှ အကြောင်းထူးတာ မဟုတ်ဘူး။ အကျိုးထူးတာဖြင့်လည်း ဟုတ်သေးတယ်။”

 

“သည်ကအော်တာ အကြံပေးတာကို စကားပြောနေတဲ့ လူတွေကြားရင် ဘယ်လောက်ကောင်းမတုန်း”

 

“သူတို့ဆီကို စာရေးလိုက်ပါလား”

 

“စာတစောင် ပေတစ်စောင်လဲ မရေးနေချင်ပါဘူး၊ တံဆိပ်ခေါင်းဖိုးက ကုန်သေးတယ်၊ နောက်ပြီးတော့ ပြောနေတုန်း အော်လိုက်ရမှ စည်းစိမ်ရှိတာဗျ၊ နောင်မှ စာရေးတော့ စည်းစိမ် မရှိဘူး။ နောက်ပြီးတော့ ကိုကိုပြုပြင်စေချင်တဲ့ နေရာကို မေ့ချင်မေ့သွားမှာ၊ အရေးအကြီးဆုံး အချက်က ကိုယ် ဘယ်သူဆိုတာ သူတို့ သိသွားရင် စိတ်ဆိုးချင် ဆိုးနေကြဦးမယ်”

 

“ဒါဖြင့်လည်း တိတ်တိတ်နေပါလား၊ မနေရင်တော့ အဆော်ပဲဆရာ သိလား။”

 

“သိပါတယ်လေ” ဆိုကာ မောင်လူအေးသည် စာရေးစားပွဲတွင် တွေကာထိုင်နေ၏။ အတန်ကြာတွေနေပြီးလျှင် အောက်ပါစာကို ကောက်၍ ရေးလေသတည်း။

 

အသံဖမ်းစက်ပိုင်ရှင် မောင်လူအေးထံမှ

မြန်မာပြည်ပြန်ကြားရေးဝန်

ဦးအောင်သန်း ဘီအေ၊ ဘီစီအက်

ထံသို့ -

 

ပြည်ရွှေဘို

၎-၄-၄၁

ဝန်မင်းခင်ဗျား ....

ဝန်မင်း၏ ဇနီး အနိစ္စရောက်ကြောင်း သတင်းစာထဲတွင် မကြာမီက ဖတ်လိုက်ရသဖြင့် ဝမ်းနည်းနေပါသည်။ ထိုသို့ ဝမ်းနည်းကြောင်း ဝန်မင်းထံ တိုက်ရိုက် စာတစောင် ရေးမည် ကြံပါသော်လည်း အလုပ်တွေက များနေသောကြောင့် မရေးဖြစ်ခဲ့ပါ။

 

ဝန်မင်း ပြန်ကြားရေးဝန်ရာထူးကို ရစတုန်းက ဝမ်းမြောက်ကြောင်း စာတစ်စောင်ရေးမည် ကြံပါသေးသည်။ ထိုစာကိုလည်း မရေးဖြစ်ပါ။ ယခုမှသာ အနည်းငယ် အားလပ်ခွင့်ကလေးရသည့်အတွက် ဤစာကို ကောက်၍ ရေးလိုက်ရခြင်းဖြစ်ပါသည် ခင်ဗျား။

 

ဟိုယခင် (၁၀) နှစ်လောက်တုန်းက ဝန်မင်းနှင့် မိတ္ထီလာ အလုပ်သင်ကျောင်းတွင် ပထမ တွေ့ကြစဉ်ကတည်းက ယခုတိုင် ဝန်မင်းကို မေ့သည်မရှိပါ။ ထိုစဉ်အခါက ဝန်မင်းမှာ ဆရာ၊ ကျွန်တော်တို့ တတွေက ကျောင်းသား၊ မနက်စောစော ကျွန်တော်တို့ စစ်ရေးပြထွက်ကြသောအခါ ဝန်မင်းဦးထုပ်ကို ဆောင်းပြီး တုတ်တစ်ချောင်းနှင့် ကျွန်တော်တို့ရှိရာ ကွင်းပြင်ကြီးထဲ ပေါက်ပေါက်လာသည်များကို ယခုထက်တိုင် မြင်ယောင်ယောင်နေပါသည်။

 

ထိုစဉ်က ကျွန်တော်တို့တတွေ ထုတ်ဝေကြသော “သဟာယ” လက်ရေးမဂ္ဂဇင်းမှာ ဝန်မင်းကလည်း ဆောင်းပါးကလေးများ ရေးပေးသည်များကိုလည်း ကျွန်တော် မမေ့သေးပါ။ ထိုစဉ်အခါကပင် ဝန်မင်း၏ သတ္တိများကို သိခဲ့ရပါသည်။ မိတ္ထိလာမှာတုန်းက ဝန်မင်းနှင့်အတူ ပျော်ပျော်ပါးပါးနှင့် နေခဲ့သည်များကို ဤစားရေးရင်း သတိရလျက်ပင်ဖြစ်ပါသည်။

 

ဤစာရေးရခြင်း အထူးအကြောင်းကား အခြားမဟုတ်ပါ။ ဝန်မင်းအား အကြံဉာဏ်တစ်ခု ပေးလိုခြင်းကြောင့်ပင် ဖြစ်ပါသည်။ ကျွန်တော်ပေးလိုသော အကြံဉာဏ်ကို စိတ်ရှည်ရှည်ထားပြီး နားထောင်ရန် တောင်းပန်ပါသည်။ ကျွန်တော်၏ အကြံဉာဏ်က သည်လိုပါခင်ဗျား ...

 

အစိုးရ အသံလွှင့်ရုံမှ အသံလွှင့်သောအခါ အချို့စကားပြောကြသူတို့မှာ အသံကျယ်လွန်းသည့် အခါလည်းရှိ၊ အသံတိုးလွန်းသည့် အခါလည်းရှိ၊ ရှည်လွန်းသော အခါလည်းရှိ၊ တိုလွန်းသော အခါလည်းရှိ၊ ဝါးတားတား ပြောသည့်အခါလည်းရှိ၊ ကြွားတားတား ပြောသည့်အခါလည်းရှိ၊ မလိုသောအချက်များကို ထည့်သွင်းပြောသည့်အခါများလည်းရှိ၊ အချို့သီချင်းဆိုသော ပညာရှင်များကလည်း မိမိတို့ဆိုမည့် သီချင်းများကို မဆိုကြသေးဘဲ ဘယ်ဆရာက ဘယ်လိုတတ်ခဲ့တာပဲ၊ ဒီသီချင်းမျိုးကို သူတို့အပြင် ဘယ်သူမှ မဆိုနိုင်ဘူး စသဖြင့် ကြွားလုံးများကို ထုတ်သည့် အခါများလည်း ရှိပါသည်။

 

ဤကဲ့သို့ ချို့တဲ့နေကြသော်လည်း သူတို့ရဲ့ ချို့တဲ့ချက်များကို ထုတ်ဖေါ်ပြောလေ့ မရှိကြပါ။ သူတို့မိတ်ဆွေများအား “သူတို့ ပြောတာများမှာ ကောင်းပါရဲ့လား” ဟု မေးသောအခါ မိတ်ဆွေများက “ဟာ .. အင်မတန်ကောင်းတာပဲ” ဟု အားနာသောကြောင့် ပြောလိုက်ကြသည်ကို အဟုတ်ကြီးထင်ကာ သွေးကြီးနေတတ်ကြပါသည်။

 

တစ်ခါတစ်ခါ သူတို့ပြောဆိုကြပြီးနောက် အိမ်ပြန်ရောက်ကြသောအခါ သူတို့ ဇနီး၊ ခင်ပွန်းတို့အား မေးပြန်ပါသည်။ ထိုဇနီး၊ ခင်ပွန်းတို့မှာ ကိုယ့်ငါးချဉ် ချဉ်လေ့ ရှိသောကြောင့် မိမိတို့မှာ လူတော်ကြီးများပါတကားဟု သွေးကြီးနေသူတို့လည်း သွေးကြီးနေကြပေလိမ့်မည်။ ဤသို့ မိမိတို့၏ ချို့ယွင်းချက်များကို မသိကြသမျှကာလပတ်လုံး အသံလွှင့်ခြင်းအတတ်မှာ တိုးတတ်စရာအကြောင်းကို မမြင်ပါ။

 

ဤ ချို့တဲ့ချက်များကို ဆိုင်ရာလူကြီးများထံသို့ စာရေးပါလားဟု ဝန်မင်းက တိုက်တွန်းကောင်း တိုက်တွန်းပေလိမ့်မည်။ ဝန်မင်းသိသည့်အတိုင်း ကျွန်တော်တို့ မြန်မာလူမျိုးမှာ အလွန်အားနာတတ်ပါသည်။

 

သို့ဖြစ်သောကြောင့် သူတို့ကို အားနာသည့်အတွက် မရေးဖြစ်ပါ။ သတင်းစာများကို ဆောင်းပါးရေးပို့ရန် ဝန်မင်းက တိုက်တွန်းကောင်း တိုက်တွန်းပါလိမ့်မည်။ ဤနည်းလည်း နေရာမကျပါ။ ဝန်မင်းသိသည့်အတိုင်း သတင်းစာများမှာလည်း သည်လိုဆောင်းပါးမျိုးကို အမှိုက်ခြင်းထဲ ထည့်တတ်ပါသည်။

 

ထို့အပြင်လည်း သတင်းစာများမှာ သူ့လူ ကိုယ့်လူ ဆိုတာ ရှိပါသေးသည်။ သူတို့ နှစ်သက်နေသော ပုဂ္ဂိုလ်များ၏ ချို့ယွင်းချက်များကို ရေးပို့လျှင် သူတို့၏ သတင်းစာများတွင် မည့်သည့်နည်းနှင့်မျှ ထည့်မည်မဟုတ်ပါ။

 

နောက်တချက်မှာလည်း ထို ဟောပြောသော ပုဂ္ဂိုလ်တို့ ဟောပြောသည်ကို နားထောင်နေခိုက်မှာသာ သူတို့ရဲ့ ချို့ယွင့်ချက်များကို သိပါသည်။ သူတို့ရဲ့ စကားဆုံးသွားသောအခါ ထိုချို့ယွင်းချက်များကို မေ့သွားတတ်ပါသည်။ မမေ့သွားစေကာမူ စာရေးပျင်းသည့်အတွက် ရေးဖြစ်မည် မထင်ပါ။

 

ယခုတလေ ကျွန်တော်တို့၏ အဖြစ်အပျက်ကို ဝန်မင်းနားထောင်စေလိုပါသည် ခင်ဗျား။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အသံလွှင့်ရုံမှာ ခပ်ကျယ်ကျယ်ကြီး အော်လိုက်မည်ဆိုလျှင် “ခပ်တိုးတိုးဗျ၊ ခပ်တိုးတိုး” ဟု ကျွန်တော် နှုတ်က ရေရွတ်မိပါသည်။ အလွန်မြန်မြန်ကြီး ပြောသောသူအလှည့်သို့ ကျပြန်သောအခါ “ခပ်ဖြည်းဖြည်းဗျ။ ခင်ဗျားနောက်က ဘယ်သူမှ လိုက်မနေပါဘူး”ဟု ဆိုမိပါသည်။

 

ကြွားလုံးများကို ထုတ်နေသောသူများ၏ အလှည့်သို့ကျပြန်သောအခါလည်း “ဟေ့လူ - တယ်ကြွားသကိုး၊ ပြောစရာရှိတာကိုသာ ပြောပါဗျ။ ခင်ဗျားကြွားလုံးတွေကို ခေါက်ထားစမ်းပါဦး” ဟု ရေရွတ်မိပါသည်။ လိုရင်းကို မပြောဘဲ မဆိုင်သည့်အချက်များကို ပြောနေသူအလှည့်သို့ ကျပြန်လျှင်လည်း “လိုတာကိုသာ ပြောပါဗျို့၊ မလိုတာတွေကို အသာဖယ်ထားလိုက်ပါ” ဟု အော်မိပါသည်။

 

ဤသို့ ကျွန်တော်က စိတ်သဘောထား ကောင်းမွန်စွာနှင့် အကြံဉာဏ်ပေးပါသော်လည်း  ကျွန်တော်ပြောဆိုသည်ကို သူတို့မကြားသောကြောင့် မပြုပြင်ဘဲ ရှေးကထက်ပင် သဲနေသည်များကို ကြုံတွေ့ရပါတော့သည်။ သူတကာ ကောင်းကောင်း နားထောင်နေသည်ကို နှောက်ယှက်ရမလားဟု ကျွန်တော့် ဇနီး၏ အကြိမ်းအမောင်းကိုသာ ခံနေရပါသည်။ အကျိုးလိုလို့ ညောင်ရေလောင်း ပတ်ထမ်းနဲ့ တွေ့ဆိုသော စကားပုံကို ကျနေပါပြီ။

 

ဤအခက်အခဲမှ လွတ်မြောက်ရလေအောင် ဝန်မင်းအား အကြံတစ်ခု ပေးလိုပါသည်။ ဝန်မင်းသဘောကျမည် မကျမည်ကို မသိပါ။ ကျွန်တော့်အကြံမှာ အသံဖမ်းစက်တိုင်းတွင် အသံလွှင့် ကိရိယာလေး တစ်ခု တပ်ပေးထားခြင်း ဖြစ်ပါသည်။

 

အသံလွှင့် ဌာနက ပြောကြားနေသော စကားကို နားထောင်ကြသော သူတို့က နားထောင်နေရာမှ ထင်မြင်ချက်ကို ပေးလိုက်သောအခါ ထိုသူတို့၏ စကားမှာ အသံလွှင့်ဌာနတွင် စကားပြောနေသူတို့၏ နားတွင်လာကြားရန်ဖြစ်ပါသည်။ စကားဆုံးသွားသောအခါ နားထောင်နေသူတို့က လက်ခုပ် လက်ဝါး တီးကာ သြဘာပေးကြသော အခါတွင်လည်း  အသံလွှင့်ဌာနက ကြားရန် ဖြစ်ပါသည်။

 

ဤသို့ အသံလွှင့်ဌာနက ကြားမည်ဆိုလျှင် အသံလွှင့်နေသော ပုဂ္ဂိုလ်မှာလည်း အလွန်ပင် အားရ ဝမ်းမြောက်မည် ဖြစ်ပါသည်။ ယခုမှာကား မိမိပြောလိုက်သော စကားမှာ မည်မျှပင်ကောင်းစေကာမူ ဆုံးသွားသောအခါ နားထောင်နေသူတို့၏ သြဘာသံကို မကြားရသောကြောင့် ကြောင်တက်တက် ဟာတာတာ ဖြစ်နေတတ်ပါသည်။

 

သို့ဖြစ်၍ အသံလွှင့်ဌာနမှ နေ၍ စကားပြောကြသော ပုဂ္ဂိုလ်များမှာ မိမိတို့ စကား ကောင်း၊ မကောင်း သိရလေအောင် အိမ်ပြန်ကာ  မိမိတို့၏ ဇနီးခင်ပွန်းများကို မေးမြန်ကြရရှာပါသည်။

 

အထက်ဖေါ်ပြရာပါ အခက်အခဲများကို ပပျောက်သွားစေရန် မြန်မာပြည်ရှိ အသံဖမ်းစက်များတွင် အသံလွှင့်ဌာနနှင့် ဆက်သွယ်ထားသော  အသံလွှင့်စက်ကလေးများ တပ်ဆင်ထားပေးစေလိုပါသည်။

 

အကယ်၍ စစ်ကြီးအတွင်း အစိုးရမင်းက ငွေကြေးများစွာ အကုန်အကျ မခံနိုင်လျှင် လက်ရွေးစဉ် လေး-ငါး-ဆယ်ဦး ခန့်သာ သူတို့၏ အသံဖမ်းစက်များတွင်  ကျွန်တော် အကြံပေးသော အသံလွှင့်စက်ကလေးများ တပ်ဆင်ပေးထားသင့်ပါသည်။ ထို လေး-ငါး-ဆယ်ဦးတွင် ကျွန်တော့်ကိုပါ ထည့်သွင်းရန် မမေ့ပါနှင့် ခင်ဗျား။

 

အကယ်၍ ထိုစက်မျိုး၏ တန်ဖိုးတဝက်ခကို ကျွန်တော်တို့က ခံရမည်ဆိုပါလျှင်လည်း ထိုအဖိုးအခကို ပေးရန် အသင့်ရှိပါသည်။

 

ဤစာရေးရခြင်းမှာ ကျွန်တော်တို့၏ ကိုယ်ကျိုးအတွက် မဟုတ်ပါ။ အသံလွှင့် ဌာနကြီး တိုးတတ်ရန် ရည်ရွယ်ရင်း ဖြစ်ပါသည် ခင်ဗျား။

 

ချမ်းသာပါစေခင်ဗျား

မောင်လူအေး

 

အောက်ပါစာကို စိတ်အား ထက်သန်စွာ ရေးပြီးလျှင် စာတိုက်မှ ထည့်လိုက်လေသတည်း။ ဝန်မင်း ဦးအောင်သန်း၏ ပြန်စာကို မောင်လူအေး မျှော်တုန်းပင်။

 

၁၉၄၀ ပြည့်နှစ်၊ ဇွန်

ဒဂုန် မဂ္ဂဇင်း။