Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

မေ ၁၀- ဆရာဒဂုန်တာရာ (၉၁)နှစ် ပြည့်အမှတ်တရ။

မြန်မာပြည်အတွက် ငြိမ်းချမ်းရေး ညီညွတ်ရေး တန်းတူလွတ်လပ်ရေးတည်းဟူသော ဆရာ့ဆန္ဒများ အမြန်ဆုံးပြည့်ဝပါစေ။

ဆရာ၏ စာပေနိုင်ငံရေးကျေးဇူးတရားများကို အောက်မေ့လျက်

ကောင်းကင်

 

 သရုပ်ဖော် ထိန်လင်း ထောင်ဝတ် ချည်လုံချည်ပေါ်ရေးဆွဲသည်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
 
 
 
 

 

 (၁)   

 

           

            ပြာသောကောင်းကင်…အနောက်ဘက် စိမ်းစိမ်းညိုသော၊တောရိပ်တောင်ရိပ်တွေ အပေါ်၌သာ ရွှေနားကွပ်ထားသော တိမ်တိုက်အဖြူတွေ စွန်းကွက်၍နေလေသည်။ အကြောင်းမှာ နေသည် ၀င်တော့အံ့ဆဲဆဲ ဖြစ်နေလေသည်။

          ဘကြည်သည်၊ နောက်မှီမပါသော ကြိမ်ခွေးခြေကလေးပေါ်တွင်ထိုင်ကာ၊ ဆွဲလက်စရှိနေသော ပန်းချီကားကို အမွှန်းတင်နေလေသည်။ ထိုနေရာသည်၊ မြေညီသော တောင်ကမူ အစွန်းကလေး ဖြစ်လေသည်။ သူသည် ပုံသဏ္ဍာန်သပ်ယပ်မှုထက်၊ ဆေးရောင် အတွဲအစပ်ကို ဂရုစိုက်သူ ဖြစ်၏။ သူသည် ဘယ်ဘက်လက်တွင် ကိုင်ထားသော ဆေးခွက်ပျဉ်မှ ဆေးများကို စပ်၍ စုတ်တံနှင့် ခဏခဏတို့ကာ၊ သူလိုချင်သော အရောင်ကို ဖျော်နေသည်။ သူ့ရှေ့တွင်ကား၊ ဘိန်းပိတ်နေသော ကောင်းကင် အပြာကို၊ အစွန်းကွက်စေသည့် ထင်းရူးပင် နှစ်ပင်သည် အလင်းရောင် လျော့စပြုဆဲတွင်၊ အစိမ်းရင့် ဆေး တိုက်ပုံအသွင်ကို ဆောင်နေကြလေသည်။ အနောက် ကောင်းကင်ကို နောက်ကျောခံထားသဖြင့်၊ ထင်းရူးပင်နှစ်ပင်၏ အရိပ်ရှည်များသည်၊ သူ့ကိုယ်ပေါ်သို့ပင် တ၀က်ကျရောက်နေ၏။

          သူ လိုချင်သော ကားမှာ၊ ကောင်းကင်အပြာတွင်၊ ထင်းရူးနှစ်ပင်၏ အခက်အရွက်တွေကြားထဲမှ နေ၀င်နေသော ပုံကားဖြစ်လေသည်။ ကောင်းကင် အပြာ ထင်းရူးပင် နှစ်ပင်အရိပ်ရှည်များမှာ အကုန် အကြမ်းဆွဲပြီး ဖြစ်၏။ ၀င်လုဆဲဆဲ နေရောင်မှ၊ တိမ်တိုက်အဖြူပေါ်သို့ ပြန်၍ဟပ်သော အရောင်အတွဲအစပ်မှာ၊ အသွေးကျကျ သူ့အလိုအတိုင်း မလာသေးသဖြင့်၊ အချိန်ကို စောင့်နေခြင်းဖြစ်လေ၏။ သူသည် အချိန်အားသဖြင့် ပြီးခဲ့သော အပိုင်းများကို ထပ်၍ မှုန်းနေပြန်လေသည်။

          ပြကတေ့ တည်ငြိမ်မှုတွင်၊ တသွင်သွင် ဝေ့လာသော လေနုအေးသည်၊ ထင်းရူးပင်မှ အရွက်အခက်များကို တိုးဝှေ့လေရာ၊ ချိုသာသော ဂီတသံတမျိုးကို ဖြစ်စေလျက်၊ ထိုဂီတသံ အလှအပသည်၊ သူ၏ အနုပညာတွင်းသို့ တစိမ့်စိမ့်ဝင်၍ နေလေသည်။

          ထိုအခိုက် နေသည် ပါးလွှာသော၊ တိမ်တိုက်အောက်သို့ ရောက်နေသဖြင့်၊ ရွှေနားကွပ်ထားသော တိမ်တိုက်အဖြူများသည်၊ ပြန်၍ ဟပ်သော အရောင်ကြောင့်၊ ငွေသွေး တောက်၍ လာ၏။

          သူသည်၊ အရောင်မပြောင်းမီ၊ အသားကျလှသော ရွှေရောင်နှင့် ငွေရောင် အတွဲအစပ်ကို ဆေးရအောင်ဖျော်ကာ၊ ခပ်သုတ်သုတ် ရေးဆွဲနေလေသည် (။) အလင်းမှေး၍ လာလေပြီ၊ ကောင်းကင် အပြာနုလည်း၊ အပြာရင့်ဖြစ်၍ လာလေပြီ။ သူကား၊ စုတ်တံနှင့် ဆေးကို ခဏခဏ တို့၍ ရေးဆွဲနေဆဲ…

          သူ့နောက်မှ- ခစ်ခနဲ ရယ်သံတသံသည်၊ သူ၏ငြိမ်သက်နေသော ပညာအာရုံကို၊ အနှောက်အယှက်ပြုလေ၏။

          သူသည် လန့်သွား၏။ သူသည်နောက်သို့ လှည့်ကြည့်၏။ သူသည် ဒေါသထွက်၏။ သူ၏ မျက်နှာသည်၊ တင်းမာလာ၏။ သူ့နောက်တွင် (၁၈) နှစ်ခန့် မိန်းမပျိုကလေးတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။

          ‘ဒီလို မျက်နှာထားကြီးနဲ့ မကြည့်ပါနဲ့ ရှင်… လာကြည့်ဒါ မကြိုက်ရင် ပြန်ပါ့မယ်’

          “ခဏ နေအုံး-”

          သူသည်၊ စကားလေးလုံးရှိသော ၀ါကျကို ခပ်ပြတ်ပြတ်ပြောကာ၊ ပန်းချီကားဘက်သို့ မျက်နှာမူ၍ ရေးဆွဲမြဲတိုင်း ရေးဆွဲနေလေသည်(။) မိန်းမပျိုကလေးကား ရပ်၍ ဘကြည် အပြုအမူကို ကြည့်နေ၏။ လေသည် အေးစပြုလာလေပြီ၊ အမှောင်သည် တိုး၍ လာလေပြီ၊ အတော်ကလေး ကြာသွားသော်လည်း၊ ဘကြည်ကားဆွဲတုံး၊ မိန်းမပျိုကလေးကား၊ စောင့်ရသည်မှာ၊ ပျင်းသဖြင့်၊ ချောင်းတချက် ဟန့်လိုက်လေ၏။

          အတန်ကြာမှ၊ ဘကြည်သည်၊ စုတ်တံနှင့် ဆေးခွက်ပျဉ်ကို ဘေးတွင်ချကာ၊ မိန်းမပျိုဘက်သို့ လှည့်လိုက်၏။

          “အခုမှ- ပြီးသွားတယ်”

          “ကျွန်မ- ရှင့်ကို နှောက်ယှက်ထာ မဟုတ်ဘူး။ လမ်းလျှောက်ထွက်လာရင်းနဲ့၊ ဒီကို ရောက်လာဒါ။ ဒီနားရောက်တော့- ရှင်ပန်းချီဆွဲနေဒါ တွေ့ရဒါနဲ့ ကြည့်ကောင်းကောင်းရှိလို့ ကြည့်နေဒါ။ ကျွန်မရှင့်နောက်က ရပ်ကြည့်နေဒါ အတော်ကြာပြီရှင့်။ ဒါတောင် ရှင်က ပုံထဲမှာသာ စိတ်ဝင်စားနေလို့ မသိတာ။ နောက်လှည့်ပြီး မျက်နှာထားကြီးနဲ့ ကြည့်လိုက်တော့- လန့်သွားဒါဘဲ”

          အပျိုကလေးကား၊ သွက်သွက်လက်လက်ပြန်ပြောနေ၏။ အပြောအဆိုရဲတင်း၏။ သူမသည်၊ အရပ်မြင့်မြင့်၊ ဖွာရရွှာကြဲ၍ ကော့တက်နေသော ဆံယဉ်တွန့်ရရွှန့် ဆံထုံးနောက်တွဲ, ပါး၍တိုသော အင်္ကျီ, အစိမ်းသွေးမန္တလေး ပိုးထမီ, သဲကြိုးအဖြူ ပိန်းတန်းဘိနပ်နှင့် ခေတ်ဆန်သော အသွင်ကို ဆောင်နေ၏။

ဘကြည်သည်၊ အပျိုမကလေး၏ ဟန်ပန်ကို အကဲခတ်ဆဲ- “အနှောက်အယှက် ပြုတယ်လို့ မထင်ပါဘူး။ ရွှေနဲ့ငွေနဲ့ တွဲစပ်ထားတဲ့ တိမ်တိုက် အရောင်ကို မမှောင်ခင် မှီအောင် ဆွဲနေရဒါမို့၊ မင်းနဲ့စကားမပြောအားဘဲ၊ ခပ်သုတ်သုတ်အလုပ်လုပ်နေရဒါပါ ”

          ဘကြည်သည်၊ ကောင်မလေးထက်၊ (၁၀) နှစ်ခန့်ကြီး၏။

          မိန်းမပျိုသည်၊ ပန်းချီကားကို ကြည့်နေရာမှ၊ “ ရှင်ဆွဲထားတဲ့ ထင်းရူးပင်ကလဲ၊ တကယ်နဲ့လဲ မတူဘူး၊ အရွက်တွေက သိပ်ပြီး စိမ်းနေတယ် ”  ဟု မှတ်ချက်ချ၏။ သူမသည်၊ ရိုးရိုးရှင်းရှင်းပြော၏။

          “အို.. ပြီးမှ- မပြီးသေးဘဲ ကွဲ့၊ ဒါက အကြမ်းပြေး အောက်တလိုင်းလောက်ဘဲ ရေးထားတာ၊ အိမ်ပြန်ရောက်မှ အချောမှုန်းရမှာ”

          သြော်…သြော်… မသိလို့နော်၊ စိတ်မဆိုးပါနဲ့။ ဒါထက်- ရှင်ဒီက မဟုတ်ပါဘူး၊ ဧည့်သည်နဲ့ တူတယ်” ဟု မိန်းမပျိုက ပြုံးကာမေး၏။

          “ ရန်ကုန်က ဆိုပါတော့- ရှမ်းပြည်ဘက်ဆီက၊ ရှုမျှော်ခင်းပုံ ကားတွေလိုချင်ဒါနဲ့၊ ဒီမေမြို့ကို ရောက်လာရဒါ၊ နွေဦးပေါက်ဆိုတော-့ သိပ်သာယာဒါဘဲ၊ မင်းကော ဘယ်မှာနေသလဲ”

          “ခင်- ဟိုနေရာ တောင်ကမူက အိမ်မှာ နေတယ် ”ဟု ခပ်လှမ်းလှမ်း ၂-ထပ် အိမ်တအိမ်ဆီသို့ လက်ညှိုးညွှန်လျက်- “ခင် ညနေတိုင်း တယောက်ထဲ လမ်းလျှောက်တယ်၊ ဒီကနေ့မှ၊ ထူးထူးကဲကဲ ဒီပေါ်တက်လာဒါ၊ ရှင်နဲ့ တွေ့ရဒါဘဲ။ ပန်းချီဆွဲရဒါများ ပျော်စရာ ကောင်းမှာဘဲနော်…။ ခင်-ဒီလို တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် လမ်းလျှောက်ရဒါလို နေမှာပေါ့။

“အေး.. ပျော်စရာ ကောင်းတာပေါ့”

          ခင်သည်၊ သူ၏ စုတ်တံများ၊ ဆေးခွက် ပျဉ်ပြားများကို ကိုင်ကာကြည့်လျက်၊“ရှင်-ပန်းချီကားတွေ အများကြီးဆွဲဘူးမှာပေါ့နော်(၊) ရှင်- ရှင်နဲ့ ပြောရတာ မကောင်းပါဘူး ၊ နာမည် ဘယ်လိုခေါ်ပါလိမ့်” ဟု ပြုံး၍ မေး၏။

          “ဘကြည် လို့ ခေါ်တယ်။ စာအုပ်မျက်နှာဖုံးတွေ ဘာတွေလဲ ဆွဲတယ်၊မဂ္ဂဇင်းတွေထဲမှာလဲ အတော်ဘဲ ကျုပ်ကားတွေ ပါတာဘဲ”

          “သြော် …ဟုတ်လား၊ ခင်တစ်ခါမှ မမြင်ဘူးဘူးရှင့်၊ ခင်ဗမာစာအုပ်တွေ မဘတ်ပါဘူး ကောင်းမှာတော့- ကောင်းမှာပါဘဲ။ အခုဆွဲတဲ့ပုံလို၊ လှမှာပါဘဲ”

          ဘကြည်ကား၊ သူ့ပန်းချီကားတွေကို၊ တခါမှ မမြင်ဘူးဆိုသဖြင့်၊ အတော်အောင့်သွား၏။ သူသည် နာမည်ကျော် ပန်းချီဆရာ ဖြစ်၏။ သို့ရာတွင် -ခင်သည်၊ ကလေးပြော ပြော၏။နေ၀င်ဆဲ ညဥ့်ဦးသည် မွှေးနေ၏။ တသွင်သွင် ဝေ့လာသော လေနုအေးသည်၊ ပန်းရနံ့ဖြင့် ကြိုင်နေ၏။ဆောင်းကြွင်း နှင်းပန်းတွေ တဝေေ၀လွှမ်းစပြုလာ၏။

          “အတော်ကလေး မှောင်လာပြီနော်”

          မှန်သည် အတော်မှောင်လာပြီ၊ လေလည်း အေးစိမ့်စပြုလာပြီ၊ အရှေ့ရှိ ထင်းရူးပင် စီရရီများကို မှုံဝါးဝါးသာ မြင်လာရပြီ။

          “ကဲ.. ခင်ပြန်အုံးမယ်နော်၊အိမ်ကမြှော်လှရော့မယ်”

          “အေး…အေး ကျုပ်လဲ ဒီလိုညနေတိုင်း ပန်းချီကားလာဆွဲရမှာ၊ ဒီနေရာမှာ၊ တွေ့နိုင်အုံးမှာဘဲ”

          အပျိုမကလေးသည် သူနှင့်တဖြည်းဖြည်းဝေးသွား၏။ ဘကြည်သည်၊ ငေးနေရာမှ သတိရသလို “ဟေး..ဟေး..ဒီမှာ” လှမ်းအော်လိုက်၏။ ခင်သည် လမ်းလျှောက်ရာမှ၊ နောက်သို့လှည့်ကြည့်၏။ သူသည်-လက်ရပ်ခေါ်လိုက်လေသည်။ မိန်းမပျိုသည်၊ အပြေးကလေး လာ၏။

“မင်းနာမည် ဘယ့်နဲ့ ခေါ်သလဲ ကွဲ့၊ ကျုပ်မေးဘို့ရာ မေ့သွားတယ်”

          “မက်ဒယ်လင်းသွင်…တဲ့”

 

          အပျိုမကလေးသည်၊ သူ့နာမည်ကို ပြောပြီးလျှင်၊ အပြေးကလေးထွက်သွားလေသည်။

          သူသည်၊ ပုံသဏ္ဍာန်ရေးရေးမျှ ဝေးသွားသည့်တိုင်အောင်၊ ငေးမြှော်ကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

          

 (၂)

 

          နောက်တစ်နေ့ ညနေမှာလည်း၊ ခါတိုင်းကဲ့သို့ပင်၊ လှပ၍ နေသည်။

          လေနုအေးမှာ တနွဲ့နွဲ့ တိုက်ခတ်၍ နေသည်။ တိမ်တိုက်အဖြူတွေ၊ ကောင်းကင်တွင်၊ အပြာတွေ၊ တွဲစပ်၍ နေသည်။

          “ကိုဘကြည်ခေါ်ရမလား-၊ ဦးဘကြည်ခေါ်ရမလား မသိပါဘူး” ဟု မက်ဒယ်လင်းသွင်သည် စုတ်တံနှင့် ဆေးကိုတို့နေသော ပန်းချီဆရာကို ပြုံး၍နှုတ်ဆက်၏။

          “မင်းသဘောပေါ့ကွဲ့…..၊ ကျုပ်ဘယ်လိုပြောတတ်မလဲ”

          “ဦးဘကြည်လို့ ခေါ်လျှင်၊ လူကြီးကြီးကြီး ဖြစ်နေမှာ၊ ကိုဘကြည်လို့ဘဲ ခေါ်မယ်။ ဘယ်တုံးက ရောက်နေသလဲ”

          “သိပ်မကြာသေးပါဘူး…၊ တနာရီလောံဘဲ ရှိအုံးမယ်….”

          “အဟိ..ဟိ”

          မက်ဒယ်လင်းသွင်သည်၊ လက်ကိုင်ပုဝါ ပန်းနုရောင်ကလေးနှင့် ပိတ်ကာ ရီနေ၏။

          “ဘာရီဒါတုံးကွဲ့”

          “တနာရီများ- မကြာဘူးလားရှင့်”

          “ပန်းချီရေးတဲ့လူဆိုတာ၊ ဒီလောက်ကို ကြာတယ် မှတ်ထာ မဟုတ်ဘူး။ အချိန်က ကုန်မှန်းမသိ-ကုန်ကုန် သွားတယ်”

          “ကဲ.. ကဲ.. ပန်းချီကား-ဆွဲစမ်းပါအုံး ကြည့်ရအောင်၊ ခင်အခုမှဘဲ သေသေချာချာ အရုပ်ဆွဲတာ မြင်ဘူးတယ်”

          ဘကြည်သည်၊ ပိတ်အ၀တ်ပေါ်တွင်၊ ဆွဲလက်စကားကို၊ စုတ်တံနှင့် ဟိုခြစ်ဒီခြစ် လျှောက်ခြစ်၏။ ကောင်မလေးသည်၊ သူ့အနားတိုးကပ်၍ ကြည့်၏။ ပေါင်ဒါနံ့- ရေမွှေးနံ့များသည်၊ ပန်းချီဆရာအား ရီဝေစေ၏၊ သူ၏ နှလုံးသားများသည်၊ တဒိတ်ဒိတ်ခုန်လာ၏။ သူ၏ စိတ်ကား၊ ပန်းချီကားဆီသို့ စိတ်မရောက်၊ ကောင်မလေးကိုသာ တွေးနေ၏။

          “ပထမ အကြမ်းပြေးဆွဲပြီးမှ၊ လိုတဲ့ဆေးနဲ့ ထပ်ချယ်ရဒါနော်..”ဟု မက်ဒယ်လင်းသွင်သည်၊ ခေါင်းကလေးကိုငဲ့ကာ မေး၏။

          “အေးပေါ့ကွဲ့….”

          ဘကြည်သည်၊ သူမဘက်သို့ တဖက်လှဲ့ကာ၊ အဖြေပေးလေသည်။ သူသည်ရီဝေ၍ သွားလေသည်။ မက်ဒယ်လင်းသွင်မှာ၊ မတ်တပ်ရပ်၍၊ ဘကြည်မှာ၊ ထိုင်၍နေလေရာ၊ သွင်၏ ခေတ်ဆန်ဆန် ဆင်ယင်ထားသော ရင်သားပိုင်းနှင့် သူ၏မျက်နှာမှာ၊ တတန်းတည်းဖြစ်၍၊ တပေလောက်သာ ကွာလှမ်း၏။

          ဘကြည်သည်၊ စုတ်တံကို ကားချပ်ပေါ်တွင်သွားရာ၌၊ လိုရာသို့မရောက်၊ ချော်သည်က များသဖြင့်၊ ခဏခဏ ပြန်၍ ဆွဲရရာ၊ သူလိုချင်သော ကားမှာ ပုံပန်းမကျ၊ သူသည် သွင့်အကြောင်းကိုသာ တွေးနေ၏။ သူသည်ပုံပန်းလိုရာ မရောက်သော ပုံကားကို၊ ဆက်လက်မဆွဲချင်သဖြင့်၊ စကားစရှာနေ၏။

          “မင်း…ဗမာနာမည်က ဘယ်လိုခေါ်သလဲ”

          “တချို့ကလဲ အသွင်လို့ ခေါ်ကြတယ်။ ဒါပေမယ့်လို့လေ…၊ကျောင်းက ပေးတဲ့ မက်ဒယ်လင်းသွင် ဆိုဒါတော့ ကျမနာမည်ဘဲ၊ ဗမာနာမည်တော့ မပြောတတ်ဘူး” ဟု သွင်သည် လက်နှစ်ဘက်ကို ပတ္တာဆက်သလို ဆက်ရင်းဖြေ၏။

          “မင်း ...ဘယ်ကျောင်းကလဲ”

          “ရန်ကုန်- ကွန်ဗင့်က- ကျောင်းနေရတာ သိပ်ပျော်စရာ ကောင်းဒါဘဲ။ ကိုယ့်သူငယ်ချင်းတွေနဲ့၊ တပျော်တပါးကြီး၊ တစ်မျိုးဘဲလေ…၊ ခင်တော့- ကျောင်းကထွက်မှလေ ကျောင်းကိုလွမ်းတယ်။ ကျောင်းထွက်မှ အိမ်မှာနေရတာ၊ သိပ်ကို မပျော်လှပါဘူး”

          သွင်စကားပြောသည်မှာ၊ လက်ဟန်ခြေဟန်နှင့် အတော် ချစ်စရာကောင်း၏။ သူသည်ငေး၍ နားထောင်နေ၏။

          “ဘာငေးကြည့် နေရဒါလဲရှင့်” ဟု သွင်သည် ရှက်နေ၏။

          “မင်း…စကားပြောတာ၊ ကြည့်ကောင်းကောင်း ရှိလို့ပါ”

          တောင်ဘေးလမ်းမှ၊ မော်တော်ကားများ၊ ဝေါကနဲဝေါကနဲ ဖြတ်သွားကြ၏။

          “ကဲ.. ရှင့်ပန်းချီကား ဆွဲစမ်းပါအုံးလို့၊ အခုလဲ ဘာမှ မပြီးသေးဘူး၊ တော်တော်ကြာမှောင်သွားရင် မြင်ရမှာမဟုတ်ဘူး။ ဆွဲလေ- ဆွဲပါ။

          “ဒီနေ့ကို ဘာဖြစ်နေမှန်းမသိပါဘူးကွာ၊ စုတ်တွေက ချော်ချော်နေတယ်”

          သွင်သည် ပြုံး၏။

          “ဒါဖြင့်- ခင်နဲ့စကားပြောကြရအောင်”

          သူတို့သည် တွေ့ရာပြောကြ၏၊ ဘကြည်ကား၊ သွင်မေးသမျှကို ဖြေ၏။ သွင်ကလည်း၊ ဘကြည်မေးလျှင် ဖြေ၏။ သွင်သည်၊ ရဲတင်း သွက်လက်၏။ သူတို့သည်၊ ခင်မင် လာကြ၏။ လေသည်- အေးစပြုလာလေပြီ။ ကောင်းကင်သည်၊ မှောင်၍ လာလေပြီ။

          “တော်တော်တောင် မှောင်လာပြီ၊ ခင်လဲ ပြန်တော့မယ်။ မနက်ဖြန်တော့ ပုံတကား ပြီးအောင်ဆွဲဆရာ၊ ကဲ…သွားပြီ”

          ဘကြည်သည်၊ ငေး၍ ကျန်ရစ်ခဲ့လေသည်။

         

 

(၃)

 

          နောက်တစ်နေ့ ညနေခင်းများမှာလည်း၊ ခါတိုင်းကဲ့သို့ လှပ၍ နေလေသည်။ လေနုအေးသည်၊ တနွဲ့နွဲ့ တိုက်မြဲ တိုက်ခတ်၍ နေလေသည်။ ပန်းရနံ့များမှာလည်း၊ ကြိုင်လှိုင်မြဲ ကြိုင်လှိုင်၍ နေလေသည်။

          ဘကြည်သည်- မပြီးသေးသော ပုံကားကိုပိုက်၍၊ သွင်နှင့်ခွဲရလေသည်။

          “သူ့ပုံကားကလဲ- ခုထက်ထိ၊ ပြီးဘဲ မပြီးနိုင်ဘူး”

          “မပြီးဆို- မင်းနဲ့ချည်း စကားပြောလို့၊ မှောင်မှောင်သွားတာကိုး” ဟု ဘကြည်သည်၊ သွင်ကို မကြည့်ဘ၊ဲ စုတ်တံကို ဆေးနှင့်တို့ရင်း အဖြေပေး၏။

          “ကိုဘကြည်နဲ့ စကားပြောရတာ၊ ခင်သိပ်ပျော်တာဘဲ။ ကိုဘကြည်ကော…”

          သွင်သည်၊ သူ၏လက်မောင်းကို လှုပ်ခါမေးလိုက်လေသည်။

          “ကိုဘကြည်လဲလေ…..”

          ဘကြည်သည်၊ သွင်၏ခါးကို ဖက်ကာ၊ နမ်းရန် မျက်နှာကို ငုံ့လိုက်၏။ သွင်သည်၊ သူ၏ လည်ပင်းကို သိုင်းဖက်ကာ၊ ပါးကိုမော့လိုက်လေသည်။  သူတို့ နှစ်ဦး၏ ရင်သည်၊ တဒိတ်ဒိတ်ခုံနေကြ၏။ သူတို့သည်၊ စကားတခွန်းမျှ မပြောကြ၊ ထိုအခါမျိုး၌ အချစ်သက်သေသည်၊ မျက်လုံးတို့၌သာ တည်နေကြကုန်၏။

          သွင်သည်- ဘကြည်ကို ဖက်၍ထား၏။

          “ကိုဘကြည်- ခင့်ကို မပစ်ပါနဲ့နော်..၊ ခင် ကိုဘကြည်နဲ့နေရတာ သိပ်ပျော်တာဘဲ”

          “မင်းကို ကျုပ်သိပ်ချစ်တာ၊ ဘယ့်နဲ့ပစ်ရက်ပါ့မလဲ”

          သူတို့သည်၊ ပါးချင်းအပ်ထားပြန်လေသည်။ အလင်းရောင် လျော့လေပြီ။ ကောင်းကင် အပြာ တိမ်တိုက် အဖြူတို့၏ အနုသွေးမှာလည်း၊ အရင့်သွေးသို့ ပြောင်း၍ လာလေပြီ၊ ပတ်ဝန်းကျင်ရှိ တောတောင်တို့ကိုလည်း ၊ မှုံဝါးဝါးသာ မြင်လာရလေပြီ။

          “အခုလို မှောင်ပြန်တော့၊ ခင့်ကိုအိမ်က မဆိုဘူးလား”

          “ခင်ညနေတိုင်း လမ်းလျှောက်ထွက်လျှင်၊ ဒီလိုဘဲ- တခါတခါ မှောင်မှပြန်ဒါဘဲ၊ ဆိုလဲ ခင်ဂရုမစိုက်ဘူး၊ သူ့ကိုခင်သိပ်မုန်းတယ်၊ ခင်သူနဲ့နေရတာ- မပျော်ဘူး၊ သူ့ကိုယူတဲ့နေ့ကစပြီး ခင်မပျော်ဒါ”

          “ခင်…ခင့်မှာ ယောက်ျားနဲ့လား..”ဟု ဘကြည်သည် တုန်လှုပ်စွာမေး၏။

          “ခင့်ကို ကျောင်းကနှုတ်ပြီး သူ့ကိုယူရတယ်။ သူ့မှာ- အရေးပိုင်ဆိုတဲ့ နာမည်ဘဲရှိတယ်၊ ဒီပြင်ဘာတခုမှ အသုံးမ၀င်ဘူး၊ ခင်လေ ငယ်ပေမဲ့ စိတ်ညစ်ရတယ်။ ခင်သူနဲ့နေရတာ နဲနဲမှ မပျော်ဘူး”

          ဘကြည်သည်၊ ခင်ပြောသမျှကို၊ နားထောင်နေ၏။ ချစ်စရာ လှပသောမျက်နှာကို၊ ကြည့်နေ၏။ သွင်၏ အိညက်သောပခုံးကို၊ ဖက်ထား၏။ သို့ရာတွင်သူသည်၊ သွင်၏စကားကိုလည်းမကြား၊ သွင့်မျက်နှာကိုလည်းမမြင်၊ သူ၏ ဦးနှောက်အသိဥာဏ်ထဲတွင်ကား၊ “လင်နဲ့…လင်နဲ့” ဟူ၍သာ တတွတ်တွတ် မြည်နေ၏။ သူသည်၊ မှုံမှုံမှိုင်း၍ နေ၏။ တစ်ယောက်ကို တစ်ယောက် ရေးရေးမျှ မြင်ရတော့သည်အထိ၊ မှောင်လာသည်ကိုလည်း၊ သူသတိမထားမိ။

          “ကိုဘကြည်…တော်တော်မှောင်သွားပြီကွယ်၊ ခင်ပြန်အုံးမယ်နော်၊ မနက်ဖြန်ညနေ စောစောလာ ဆရာ”

          သွင်သည်၊ ဘကြည်၏ လည်ပင်းကို၊ သိုင်းဖက်ကာ ပါးကို မော့လိုက်၏။

 

 (၄)

 

          နောက်တနေ့ ညနေများမှာလည်း၊ ခါတိုင်းကဲ့သို့ပင် လှပ၍ နေသည်။ ခါတိုင်းကဲ့သို့ပင်၊ ထင်းရူးပင်မှ အခက်အရွက်များသည်၊ ဆော့နေကြ၏။

          “ကိုဘကြည် ..ပြန်လျှင် ခင့်ကိုခေါ်သွားပါနော်၊ ခင်သူ့ဆီမှာ မနေချင်ဘူးကွယ်၊ ခင်လေ ကိုဘကြည်နဲ့နေလျှင် ပျော်မှာဘဲ”

          ဘကြည်သည်၊ စကားကိုကြားတိုင်း၊ ရင်လေးမိ၏။ ညတိုင်း-ညတိုင်း စဉ်းစားသောအခါလည်း၊ သူသည်တုန်လှုပ်မိ၏။

          ယနေ့မူ၊ သူသည်-ကြည်လင်၍ နေ၏။

          “ဒါထက် ခင်ရေ.. ခင့်ပုံကို ကိုဘကြည်ပုံတူကူးဆွဲချင်တယ်၊ ဟောဒီ ကမူအစွန်းမှာ ရပ်နေစမ်းနော်..”

          သွင်သည် ၀မ်းသာ၍နေ၏။ ခင်သည်- ဖွာရရာကြဲ၍ တွန့်ရရွန့် ကော့တက်နေသော ဆံယဉ်ဆံနုကလေးများကို၊ လှအောင်ပြုပြင်၏၊ ထမီကိုပြင်ဝတ်၏။

          “ဘယ်လိုနေရမလဲ ဆရာ …ပြပေးအုံး”

          သူသည် အနေအထားကိုပြုပြင်ပေး၏။ သွင်ကား၊ သူ့ပုံကို ချစ်သူက၊ ကူးဆွဲမည်ဖြစ်၍ အထူးပျော်နေ၏။

          “အဲ…အဲ..ဟုတ်ပြီ၊လှတယ် ခင်ရေ… ခင်ကသိပ်လှတာဘဲ။ မလှုပ်နဲ့နော်၊ အောက်က နေပြီး၊ မော့မြင်တဲ့ဟန် ရေးရမှာ”

          သူသည် ကောင်းကင်အပြာကို နောက်ကျောခံလျက်၊ သူ့ကိုပြုံးကြည့်နေသော သွင်၏ပုံတူကို ပန်းချီကားကို ရေးဆွဲ၍ နေလေသည်။

          နောက်တစ်နေ့ညနေ၌လည်း၊ ခပ်စောစောလာ၍၊ သွင့်ပုံကို ဆွဲလက်စနှင့်ရေးဆွဲလေသည်။ ထိုအခိုက် သွင်ကလည်း “ကိုဘကြည်ခင့်ကိုပြန်လျှင် ခေါ်သွားနော်ဟု ပူဆာနေ၏။

          တတိယမြောက်သောနေ့၌၊ သွင်၏ပုံတူကားမှာ ပြီးလုသလောက်ရှိကာ၊ အချောအလှမှုန်းဘို့လောက်သာကျန်၏။

          “ကိုဘကြည်… ခင့်ပန်းချီကားလဲ ပြီးတော့မယ်ကွယ်၊ ကိုဘကြည် ခင့်ကို ခေါ်ပါတော့။ ခင်လိုက်ချင်လှပြီနော်” ဟု သွင်သည် ဘကြည်၏လက်ကို ဆုပ်ကာပြော၏။

          “ကိုဘကြည် ခင့်ကိုခေါ်မှာပေါ့ ဒီကားဘဲ ပြီးပါအုံး”

          “အမယ်လေး… ဟိုကျမှ ခင့်ပုံတွေ တရာဆွဲဆွဲ၊ တသောင်းဆွဲဆွဲ၊ ကူးဆွဲပါ၊ ခင်ဟောဒီက မောင်ဘုရား ကြိုက်သလို နေပြပါ့မယ်”    သွင်သည်သူ့ကို မျက်စောင်းထိုးလိုက်လေသည်။

          “ဒီကားကို မနက်ဖြန် အစသတ်မယ်၊ ခင်လေ ဟောဒီလို ကောင်းကင်အပြာကလေးကို နောက်ခံထားတာ သိပ်ကိုလှလွန်းလို့ပါ။ ညအိပ်ရာဝင်တိုင်း ဒီသဏ္ဍာန်ဘဲ မြင်နေတယ်။ ကဲ-ခင် မနက်ဖြန် ညနေစောစောလာနော်..ဘယ်တော့ ခင့်ခေါ်ပြီးသွားမယ်ဆိုတာပြောမယ်”      နောက်တစ်နေ့ညနေမှာလည်း၊ ခါတိုင်းကဲ့သို့ပင် လှပ၍နေ၏။ ခါတိုင်းကဲ့သို့ပင် လေနုအေးသည် တနွဲ့နွဲ့ တိုက်ခတ်နေ၏။ ပန်းရနံ့များဖြင့်၊ လှိုင်မွှေးနေ၏။ ခါတိုင်းကဲ့သို့ပင် ကောင်းကင်သည် ပြာနေ၏၊ တိမ်တိုက်အဖြူများသည် ရွှေနားကွပ်ထား၏။

          သွင်သည် ပျော်လှသဖြင့်၊ တေးတပုဒ်ကို တိုးတိုးဆိုကာ၊ ကမူပေါ်သို့တက်လာ၏၊ ထင်းရူးများသည်၊ နော့နေကြ၏။ သွင်သည် ပန်းချီဆရာကို မတွေ့သဖြင့်၊ လန့်သွား၏။ သွင်သည် နာမည်ကို အော်ခေါ်၏။ ထူးသံကား- မကြားရ ပတ်ဝန်းကျင်ကို အပြေးကလေးရှာ၏။ မတွေ့၊ အတော်ကလေးမောလာမှ၊ ခါတိုင်းပန်းချီဆွဲနေကျနေရာတိုင်၊ ကျောက်ခဲတလုံးနှင့် ဖိထားသော ဖြူဖြူစာရွက် အခေါက်ကို တွေ့ရ၏။ သွင်သည်၊ တုန်ရီသော လက်နှင့်စာကို ဖွင့်ဘတ်။

         

            အချစ်ဆုံးရေ…..

          “ခင့်ကို ယောက်ျားနဲ့မို့၊ မချစ်နိုင်ပေမဲ့၊ ခင့်ရဲ့ ချစ်စရာသဏ္ဍာန်ကို၊ ကျုပ်ရဲ့ပညာစိတ်ထဲမှာ အက္ခရာရေးပြီး၊ ခင့်ကိုသတိရတိုင်း တစိမ့်စိမ့်မြင်နိင်အောင်၊ ခင့်အလှအပကိုဘဲ ခေါ်ဆောင်သွားပါပြီ၊ နေရစ်ပေတော့ခင်ရေ…။ ကိုယ်တော့ ၀မ်းနဲပက်လက်နဲ့၊ ခင့်ကို ခွဲခွါသွားရပြီ…”

          ဘကြည်

 

          ကွန်ဗင့်၊ မယ်သီလရင်ကျောင်းထွက်  မက်ဒယ်လင်းသွင်သည်၊ စာဆုံးသွားသော်လည်း၊ ပန်းချီဆရာ၏ စာအဓိပ္ပာယ်ကို၊ လုံးစေ့ပတ်စေ့နားမလည်လိုက်။ “ယောက်ျားနဲ့မို့ မချစ်နိုင်၍ ခင့်ကိုခွဲခွါ သွားရပြီ” ဟူသော စကားလုံးကိုသာ နားလည်လိုက်၏။

          သွင်သည်၊ နောက်တခေါက်ထပ်ဘတ်ပြန်၏။ စာမဆုံးခင် မျက်လုံးအိမ်တွင်၊ မျက်ရည်ဖြင့် ရီဝေလာသဖြင့်၊ ဘာမှ မမြင်ရတော့…

          “ကိုဘကြည် ခင်မလိုက်ရတော့ဘူးနော်”

          သွင်သည် ရွှဲရွှဲစို၍နေသော စာကို ချေမွကာ၊ အဝေးသို့ပစ်လိုက်၏။ ဘကြည်၏ စာသည်၊ တောင်ကမူစွန်းမှ လိမ့်ကာ၊ အောက်သို့ ကျသွား၏။

          နောက် သွင်သည်၊ သည်းထန်စွာ ရှိုက်လိုက်လေသတည်း။

 

 

ရေးသူ-ဒဂုန်တာရာ

 

စနေ နဂါးနီ၊ တွဲ၂ မှတ် ၁၉၊ ၁၂ အောက်တိုဘာ ၁၉၄၀