User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
                                                         "
                                   "အမ်းမရိတ်လေကြောင်းလိုင်းမှ လေယာဉ်တစင်းတွင် ရောဂါပိုးဝင်၍ ခရီးသည်များ နာမကျန်းဖြစ်"

"အလို ဘယ့်နှယ်ဖြစ်တာတုန်း "
 
သတင်းစာနောက်ကျောက်က  သတင်းခေါင်းစည်း စာတန်းကို မြင်တော့ ဒေါ်မြသီရိ တယောက် ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။ အောက်မှာပါတဲ့ သတင်းအသေးစိတ်ကို ဆက်ပြီး ဖတ်ရာ  လည်တည်လည်တည်  ရေးထားသည့် သတင်းအချက်အလက်တွေကို လက်စသတ်ဖတ်ရင်း 
" အော် ခေတ်ကာလ သူ့နယ်ပယ်နဲ့သူ တတ်ကျွမ်းနားလည်သူတွေ ပါးရှားကုန်ပြီ ထင်ပါရဲ့။ အဲ ထင်တယ် ဆိုတာ စကားအားဖြင့် ပြောတာ၊ တကယ်က ပါးရှားနေပြီ။ တချို့နေရာ ဌာနတွေမှာ မျိုးဆက်သစ် ရှားပါးတဲ့ ပြဿနာ ရှိနေပြီတဲ့။

တလောက သတင်းစာတိုက်က မိတ်ဆွေဟောင်း တယောက်နဲ့ မြို့ထဲ ငါးဆယ့်နှစ်လမ်းနားမှာ ဆုံတုန်း သူပြောသွားတာပဲ၊ နောက်တယောက်က ရန်ကုန်တက္ကသိုလ်မှာ လုပ်တဲ့ လူငယ်ဘက်စုံဖွဲ့ဖြိုးရေးပွဲတော်ကို သွားလေ့လာတုန်းက မြန်မာ့အသံက သူငယ်ချင်းတယောက်က ပြောသေးတာ၊သူတို့ဆီတော့ နည်းနည်း ပိုမယ်ထင်။

" သူငယ်ချင်းရေ အခု နောက်မျိုးဆက်သစ်တွေက အတွေ့မကြုံမရှိလို့ ပြောပြလည်း လက်မခံဘူး၊ သူတို့ သိတာအမှန်၊ မသိလို့ ပြောရင် စီနီယာလည်း စိနီယာမှန်း အလေးထားရကောင်းမှန်း ပညာယူရမယ်မှန်း နားမလည်ကြဘူး ၊ အထက်က တခုခုခိုင်းလို့ မေးရင် မသိဘူး ဒါ သူတို့အဖြေ ၊ မသိဘူးဆို ပြီးပြီ၊ ကိုယ်တို့က ရာထူးကြီးတော့ ခေါင်းခံရတာပေါ့ စိတ်ညစ်လာပြီ" တဲ့ 
လူကြီးတွေက မသိကြဘူးလားဆို သူတို့က အလုပ်ဝင်ကတည်းက ဟိုလူကြီးအမျိုး ဟိုလူနဲ့အသိ ဘယ်သူဘယ်ဝါနဲ့ပိုင်တယ် ဒီလို ဝင်လာကြတာ၊ အလုပ်ထဲကြ သင်ယူမှု တာဝန်ယူမှု တာဝန်ခံမှုတွေ နားမလည်ကြတာလေ 

လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူရဲ့ ရင်ဖွင့်စကားကို နားထောင်ရင်း သက်ပြင်းသာ အခါခါ ချမိတော့သည်။ 

                    ဒါတွေ တွေးမိတော့ သတင်းခေါင်းစဉ် အကြောင်းဆီ စိတ်က ပြန်ရောက်သည်။ သတင်းအဖြစ်အမှန်အတိုင်းဆိုက လေယာဉ်မှာ ရောဂါပိုး ဗိုင်းရပ်စ် တခုခု ရှိနေတဲ့ အဆိုပါလေယာဉ်ပေါ် နာရီပေါင်းများစွာ စီးလာကြလို့ ခရီးသည်တွေ ရောဂါဖြစ်ကာ နာမကျန်းဖြစ်ကြတာလို့ ဆိုလိုက်ပုံ၊ အရေးအသား ဘာသာပြန် အထာမကျမှုကြောင့် ဖြစ်သွားတယ် လို့ ရိုးရိုးပဲ တွေးမိသလို တကယ်ပဲ သတင်းဘာသာပြန်သူဟာ လေယာဉ်မှာ ပိုးဝင်တတ်တယ်လို့ ထင်ပြီး ရေးတာရော မဖြစ်နိုင်ဘူးလား ဒေါ်မြသီရိ ဆက်တွေးနေမိသည်။ ဖြစ်နိုင်တာပေါ့၊ လောကမှာ ဘာမဆို ဖြစ်နိုင်တယ် အဲ အောင်လအန်ဆိုင်း ကြော်ငြာနဲ့ မှားတွေးမိပြီ ထင်ပါရဲ့ 

ဒေါ်မြသီရိ ကိုယ့်အတွေးကို ပြန်ပြီး ရယ်နေမိသည်။ တချို့ အတွေးတွေ သိတာတွေ သိပ်ပြီး လမ်းလွဲတတ်တယ် ဆိုတာ ရုပ်မြင်သံကြား အစီအစဉ်တခုကြည့်ရင်း တွေ့နေတတ်တာပဲလေ။ တခါတလေ ခွက်ထိုး ခွက်လန်ရယ်ရင်း လူငယ်တွေအတွက် စိတ်မသက်မသာ ဖြစ်ရတာ အားမလိုအားမရတာ ဖြစ်ရတာ ကြုံရတယ် မဟုတ်လား။

money drop ( ငွေတွေဝင်) အစီအစဉ် မှာလေ တခါက လူငယ်နှစ်ယောက် ဝင်ဖြေတာ အမှတ်ရသည်။ အမှတ်ရတာကတော့ အများကြီးပေါ့၊ အဲဒီထဲကမှ ဒီနှစ်ယောက် အကြောင်းလေး ပြောပြချင်တာ၊ အဲ အစီအစဉ်ခေါင်းစဉ်က တမျိုးကြီးနော်၊ အင်္ဂလိပ်လိုနဲ့ မြန်မာလိုက ပြောင်းပြန်ကြီး ဖြစ်နေသလိုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဖြေမှားတဲ့အခါ ငွေပုံပြီးတင်ထားတဲ့ အဖြေတံခါးပေါက်က ငွေတွေ  ပြုတ်ကျ သွားတာလေ မရတော့ဘူး၊ မကျပဲ ကျန်တာမှ ဖြေသူက ရတာမဟုတ်လား၊ ထားပါတော့လေ။

အဲဒီ အစီအစဉ်မှာ လာဖြေတဲ့ သူငယ်ချင်းနှစ်ယောက်က တက္ကသိုလ်ကျောင်းသားတွေ၊
 
" ဟော လာပြန်ပြီ တက္ကသိုလ်ကျောင်းသားတဲ့ " လို့ အလန့်တကြား ရေရွတ်တတ်တဲ့ အိမ်ဦးနတ်ကို မျက်စောင်းလှည့်ထိုးရင် သူက " ဟုတ်တယ်လေ တက္ကသိုလ်တက်နေတာ ဆို ဖြေလိုက် တလွဲချည့် ဘာမှလည်း မသိဘူး ဟို ဈေးရောင်းတယ်ဆိုတဲ့ သူတွေကမှ နောက်ဆုံးအဆင့်အထိ တက်သွားပြီး ဆုတွေဘာတွေ ယူသွားသေးတယ်" ပြန်ဖြေရှင်းလေသည်။ 

အဲဒီနေ့ကတော့ တယောက်က မြန်မာစာအဓိကယူထားတဲ့ ကျောင်းသား၊ နောက်တယောက်က သတ္တဗေဒဘာသာနဲ့တဲ့

အမယ် မေးခွန်းရွေးဖို့ ထွက်လာတော့  မြန်မာစာနဲ့ ပတ်သက်တာ ၊ သူတို့ ရွေးလိုက်တာ ကဗျာတဲ့
အဖြေ လေးခု ပေးထားတဲ့ အတွက် မသေချာရင် မသိရင် ဇဝေဇဝါ ဖြစ်ရင်  ပေးထားတဲ့ ငွေထုတ်တွေကို သုံးနေရာ ခွဲဖြေလို့ ရသည်။ 

အချိုးနှစ်ချိုးဖြင့် စပ်ထားသည့် ကဗျာတဲ့ မေးခွန်းက ၊ အဖြေက လေးမျိုး ပေးထားသည်။ ဒွေးချိုး လေးချိုး တျာချင်း တြိချိုး တဲ့ 

ဒေါ်မြသီရိ အားရဝမ်းသာ မျှော်လင့်မိသွားသည်။ ကိုင်း မြန်မာစာ ကျောင်းသားလေး ပုံလိုက်ပေရော့ အဖြေတခုထဲ အေးအေးဆေးဆေး၊

တကယ်ကျ ထင်သလို မဟုတ် မြန်မာစာ ကျောင်းသားလေးက သူမသိပါတဲ့၊ သတ္တဗေဒကျောင်းသားလေးက သူသိတယ် တျာချင်း တဲ့

ဒေါ်မြသီရိ ကိုယ့်နှာဖူး ကိုယ်ရိုက်မိသည်။ ဒွိစုံ တို့ ဒွေးချိုးတို့ ဆိုတာ နှစ်ခု အသုံးတွေလေ ပါးစပ်ကလည်း တဖွဖွပေါ့

အဖြေသုံးခု ခွဲဖြေလို့ရတော့ ဒွေးချိုးမှာ အနည်းငယ်ထည့်ပုံလို့ နောက်တဆင့်တက်သွားသည်။ သိလို့ မဟုတ်၊ နောက်ဆုံးအချိန်အထိ တျာချင်းသာ အကြိုက်ဆုံးတဲ့

                    နောက်မေးခွန်းတခုက ကြက်တူရွေးအမျိုးအစားငှက်ကြီးကို ဘယ်လို ခေါ်သလဲတဲ့
သတ္တဗေဒကျောင်းသားက မသိပါတဲ့ ခွဲဖြေကြတာမှာ ကတ္တရာ ကတ္တရီ ကတ္တဝါ သုံးခုကို ခွဲဖြေသွားသည်။ ကတ္တရာမှာ ဖြေရန်မဟုတ်သည့် မေးခွန်းလို့ မသိလေရော့သလား၊ တကယ်ပဲ ကတ္တရာငှက် ဆိုတာ ရှိတယ်ထင်သလား သူတို့ကြည့်ပြီး အတွေးတွေ ပေါ်နေရသည်။ 

ဒါ့ကြောင့် ဒေါ်မြသီရိ ယနေ့ခေတ် လူငယ်တွေကို လျှော့မတွက်ရဲပါ၊ လေယာဉ်လည်း ရောဂါပိုး ဝင်တတ်တယ်လို့ သူသိထားလို့ ကောက်ရေးတာရော ဖြစ်မနေနိုင်ဘူးလား တွေးရင်းက အော် ယနေ့ခေတ်မှ မဟုတ်ပါဘူး ဘယ်ခေတ်ဖြစ်ဖြစ် ဒီလို တွေးခေါ်တတ်တဲ့သူတွေ တလွဲတွေးတာတွေ ရှိတာပါပဲ ၊ ကိုယ်လူကြီးဖြစ်တိုင်း နောက်လူငယ်တွေ မသိရကောင်းလား အပြစ်ပုံလို့ ဘယ်ရမလဲ၊ ဒါဟာ လူငယ်တိုင်း မဟုတ်သလို လူတိုင်းလည်း ဘယ်ဖြစ်မလဲ၊ အသက်ကြီးတဲ့သူလည်း သူထင်တာ သူမှန်တယ် ထင်ကြတာပဲလေ

ဒေါ်မြသီရိတယောက် တချိန်က ရောဂါပိုးဝင်တဲ့ ကွန်ပျူတာတွေအကြောင်းဆီ စိတ်ရောက်သွားတော့သည်။

 အချိန်ကတော့ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်၊ ဒေါ်မြသီရိတို့ ဌာနမှာ ကွန်ပျူတာတွေ စပြီး အသုံးပြုကာစ၊ 
     ဌာနဆိုင်ရာ ဘတ်ဂျက်နဲ့ ဝယ်ရတဲ့ အပြင် အင်မတန် တန်ဘိုးကြီးသည့် အတွက် သူတို့ကို တယုတယထားတာ ဖြစ်သည်။ သေသေချာချာ အခန်းဖွဲ့ပေးရသည်။ အဲကွန်းတပ်ပေးရသည်။ ပြီးတော့ ပျက်မှာစိုးလို့ လူတိုင်းမကိုင်ရ။ ကွန်ပျူတာကို သုံးဖို့ အတွက် ကွန်ပျူတာ တပ်ရမည် ဆိုကတည်းက ကွန်ပျူတာသင်တန်း တက်ဖူးသူ ကွန်ပျူတာကို အပြင်လောကမှာ ထိတွေ့ ကိုင်တွယ်ဖူးသူတွေကို စာရင်းကောက်၊ ဌာနကနေ သင်တန်းပို့ပြီး တက်ခိုင်းကာ သင်တန်းဆင်းလာသူကိုမှ ကွန်ပျူတာကို ပေးကိုင်တာ ဖြစ်သည်။ အခြားဝန်ထမ်းများ အနားမကပ်ရ၊ မျက်စောင်းမထိုးရ၊ မဆိုင်ပဲ ကွန်ပျူတာခန်းထဲ ဝင်လာပါက ဘာလာလုပ်သလဲ မသင်္ကာမေးခွန်း မေးခံရသည့် ကာလ၊ ကွန်ပျူတာဖြင့် အလုပ်လုပ်နိုင်သူမှာ အများအခေါ် " ဆရာကြီး" သူတို့က ဆရာကြီးတွေပေါ့ တို့နဲ့မတူ ၊ ဒီလိုကာလ၊ 

            အဲဒီတုန်းက  ဒေါ်မြသီရိက ကွန်ပျူတာကိုသာ ဘယ်ကစဖွင့်ရမှန်းမသိတာ၊ စာတွေဖတ်ပြီး ကွန်ပျူတာအကြောင်း သိနေတာ ဖြစ်သည်။ သူဘွဲ့ရပြီး ကာစ မဟာသိပ္ပံ( ကွန်ပျူတာသိပ္ပံ) တက်မယ်ဆိုကာ ဝင်ခွင့်ဖြေစဉ်  စာတွေ့ တော်တော်များများ ဖတ်ဖူးခဲ့သေးသည်။ ဌာနမှာ အလုပ်ဝင်နေတုန်း သတင်းတပုဒ် ထွက်လာသည်။ ကွန်ပျူတာ ဗိုင်းရပ်စ်တဲ့၊
ကွန်ပျူတာကို မသုံးမဖြစ် သုံးရမည် ဖြစ်လာသောအခါ အဆိုပါ ဆရာကြီး ဆရာမြီ့းတွေက ဌာနတွင်း ဝန်ထမ်းတွေကို ထပ်ဆင့် ရက်တိုသင်တန်းပေးကာ ကွန်ပျူတာဖြင့် မဖြစ်မနေလုပ်ရမည့် အလုပ်တွေကို ဒါကိုဖွင့် ဒါကိုနှိပ် ဒါတွေ ဖြည့် စသဖြင့် လက်ပူတိုက်ပြီး တတ်လာသည့်  အမကြီး အထိတ်တလန့်ဖြင့် ကွန်ပြူတာဗိုင်းရပ်စ်ကြောက်လို့ ဒေါ်မြသီရိတို့နဲ့ တွေ့တိုင်း စိတ်ညစ်ပါတယ် ရောဂါပိုးတွေကလည်း အဆန်းတွေချည့်လို့ စိတ်ပျက်စွာ ညည်းတွားတာကို နားမလည်စွာ ကြောင်ကြည့်မိလေသည်။ 
ပထမတော့ နောက်နေတာလား သူက အရာရှိမမလေ နောက်မှာတော့မဟုတ်။

သူ့ကို အဲဒီရက်ပိုင်း ဆပ်ပြာခွက်ကလေးကိုင်လို့ ရုံးခန်းနဲ့ သန့်စင်ခန်း လွန်းထိုးသွားလာနေတာ မြင်ရသည်။ တကယ်က အဲဒီ မမမှာ အရင်ကတည်းက လက်မကြာခဏ ဆေးတတ်သည့် အလေ့ ရှိသည်။ ဒါကို ရုံးကလူတွေ အားလုံးသိသည်။ ရုံးရောက်လို့ ဆွဲခြင်းချပြီးတာနှင့် သူ့ရဲ့ ပထမဆုံး အလုပ်က ဆပ်ပြာခွက် ကောက်ကိုင်ကာ သန့်စင်ခန်းကို အရင်သွား လက်ဆေးခြင်း အလုပ် စလုပ်သည်။ 
ဒေါ်မြသီရိကို တချို့က ပြောသည်။ အဲဒီ အမက အသန့်ကြိုက်တာ လွန်လွန်းသည်တဲ့၊ သူနဲ့ဒေါ်မြသီရိ သန့်စင်ခန်းမှာ ဆုံတော့မှ တအံ့တဩ ရယ်မောခဲ့ရသည့် အဖြစ်၊ တကယ်တော့ ဘာဖြစ်သလဲ၊ လူဆိုတာ သူ့ အစွဲနဲ့သူ၊ သူ့အကျင့်နဲ့သူမဟုတ်လား၊ ကိုယ်လုပ်ပေးနိုင် ကူပေးတာ ရှိလို့ အပန်းမကြီးပဲ ကူပေးရတာ ဘာမှ ညည်းစရာ မရှိသလို ဝေဖန်စရာမလိုလို့ ဒေါ်မြသီရိ ခံယူတာပင်။ 

အဲ အဲဒီနေ့က သန့်စင်ခန်းမှာ ဘယ်သူမှ မရှိ၊ ဒေါ်မြသီရိ တယောက်ထဲ၊ ဘေစင်- လက်ဆေးကန်မှာ လက်ဆေးပြီး ပြန်ထွက်ဖို့ အလုပ် ရေအိမ်ထဲဝင်နေတဲ့ အဲဒီ အမကြီးက
 
" ညီမလေး မမလေ တံခါးဂျက်ကို လက်နဲ့ မကိုင်ချင်လို့ ညီမလေး ခြေထောက်နဲ့ ကန်ပြီး ပိတ်ထားပေးပါလားဟင် ညီမလေးလည်း လက်နဲ့မကိုင်ပါနဲ့ ခြေထောက်နဲ့ အသာလေး ကန်ပြီး ခဏစောင့်ပေးနော်တဲ့ "
ပထမတော့ ကြောင်သွားမိသည်။ သူအထဲကို ဝင်ပြီးကာမှ ရေအိမ်တခါး ဂျက်မရှိပဲ ပျက်နေတယ် ထင်တာ၊ နောက်မှ သူက တံခါးဂျက်ကို မသတီလို့ မကိုင်ချင်တာ သဘောပေါက်သွားတာနဲ့ တပြိုင်နက် ရပါတယ် အမဆို ခြေထောက်နဲ့ကန်ထားပေးလိုက်သည်။ ကိုယ်တိုင်သာဆို တံခါးလည်း စေ့အောင်မပိတ်ပါပဲ အပြင်မှာ လူတယောက်ကလည်း မတ်တပ်ကြီး ရှိနေတာ သိသိနဲ့ ဘယ်လိုမှ ကိစ္စရှင်းလို့ရမှာမဟုတ်လို့ တွေးရင်း စောင့်ပေးလိုက်သည်။ အဲဒီအချိန် ဝန်ထမ်းတယောက် ဝင်လာပြီး ဒေါ်မြသီရိပုံစံကို ကြည့်ပြီး တံခါးဂျက်တွေကလည်း ပျက်နေတာပဲလို့ ရေရွတ်သည်။ 
 မဟုတ်ဘူး အထဲမှာ ဒေါ်မမကြီး လို့ ပြောမယ်ပြင်ပြီး မပြောဖြစ်တော့ပေမယ့် ရပြီ ညီမလေး ဆို ကိုယ့်ခြေထောက်ရုတ်အပေး အထဲက ထွက်လာသည့် ဒေါ်မမကြီးကို မြင်တာနဲ့ အဆိုပါ ဝန်ထမ်းက သဘောပေါက်ဟန် ပြုံးစေ့ပြုံးစေ့ ဖြစ်သွားသည်။ 
 
ဒေါ်မမကြီးရဲ့ အဆိုပါ လက်ဆေးခြင်းအကြောင်းက ဌာနမှာ နာမည်ကြီးမဟုတ်လား၊ ဖြစ်ချင်တော့ ဌာနကို အဲဒီအချိန်က မိုးကျရွှေကိုယ်တွေ ရောက်လာတဲ့ ကာလ၊ ဒေါ်မြသီရိတို့ ဌာနမှာ ဦးစီးအရာရှိ အဆင့်ကိုပင် တပ်က အရာခံဗိုလ်တယောက် ရောက်လာသည်။ အဆိုပါ အရာခံဗိုလ်က တပ်ထဲမှာ ခြေအိတ် ဘွတ်ဘိနပ် စီးရတာ များတဲ့ အတွက်ကြောင့် ခြေဝဲသဲဝဲ စားလို့ ခြေထောက်ကလေး လက်ကလေးတွေ တိုနေသည်။ သူ့အပြောပေါ့၊ ဝန်ထမ်းအများစုက တီးတိုးတီးတိုး သဖန်းပိုး အမျိုးမျိုး ပြောကြသည်။ ဒေါ်မြသီရိက အဲဒါမျိုးကြ မပြော၊ ဝဋ်လည်မှာ ကြောက်သည်။ ဟုတ်လား မဟုတ်လားမသိတော့ ဝေဖန် ပြောဆိုခြင်း အလျဉ်းမရှိ။ ဒေါ်မြသီရိကို ဟိုလူကြီးကလေ အဲဒါ ဟိုဟာဆိုပေမယ့် ဟိုဟာမဟုတ်ဘူး ဒါမျိုး လာပြောက နားမထောင် ထားလိုက်ပါ ကိုယ်နဲ့အနေသာကြီး ဒီလို ပြောပြီး နားထောင်လေ့မရှိ၊
 
အဲ အဲဒီလူကြီးက ဒေါ်မမကြီးထက် ရာထူးတဆင့်မြင့်သည့်နေရာ ရောက်လာတာ ဖြစ်သည်။ ဒီတော့ အဆင့်ဆင့် လက်မှတ်ထိုးစရာရှိက ဟိုလူကြီးဆီ သွားရသည်။ ဟိုလူကြီးကလည်း သူထိုးပြီးတာနဲ့ မှတ်ချက်ပြု ဘာညာ ပြန်ချပေးက ဒေါ်မမကြီးက တဆင့် ပြန်ချပေးသည်။ အဆိုပါ စာအုပ် စာရွက်စာတမ်းတွေ အပေးအယူ လုပ်က ဒေါ်မမကြီး ဘာလုပ်သည် ထင်သနည်း။ စာရွက် ဆိုက စာရွက်၊ ၊ စာအုပ်ဆိုက စာအုပ်ကြား သစ်သားကိုက်တံကို ညှပ် ထိုင်ရာမထ သူ့စားပွဲပေါ်ကနေ ဟိုလူကြီး စားပွဲပေါ် သစ်သားကိုက်တံရှည်ဖြင့် ထိုးပေးတာဖြစ်သည်။ ပြီးက တနေ့ လက်ဘယ်နှစ်ခါရယ် မသိ အကြိမ်ကြိမ် သွားဆေးတော့သည်။ အဆိုပါ အရာရှိမမကျမှ ကွန်ပျူတာသုံးတတ်တုန်း ဗြုန်းဆို ကွန်ပျူတာဗိုင်းရပ်စ် ဆိုတော့ လက်ဆေးလို့ဖြင့် မနိုင်ကြားထဲ ကြောက်နေတာ ဖြစ်သည်။ 
ဘာ
                  အော် ဗိုင်းရပ်စ်ဆိုတာနှင့် ကြောက်ရသည် မဟုတ်ပါလား၊ ဗိုင်းရပ်စ်ဆိုတာ သက်မဲ့ထဲဝင်ပြီး ကူးစက်တတ်တဲ့ အရာလို့ ထင်တဲ့သူ ရှိမှာပဲလေ
 
" အမေ" အမေ့ အမေ  သား ဖျားပြီ ထင်တယ် ကျောင်းမှာ သားဘေးကသူငယ်ချင်းတယောက် မနေ့က  ချောင်းတဟွတ်ဟွတ် ဆိုးပြီး ကိုယ်တွေ ပူနေလို့ ဒီနေ့ ဖျားပြီး ကျောင်းမလာနိုင်ဘူး၊ အခု သားကို သူ့ဆီက ဗိုင်းရပ်စ် ကူးပြီထင်တယ် အမေ့ သားပြောတာ ကြားလား
 
ကျောင်းကားပေါ်က ဝရုန်းသုန်းကား ပြေးဆင်းလာပြီး ကျောပိုးအိတ်ကို လက်ကဗြုန်းကနည်း ဘာဂျာ တံခါးအဝကို ပစ်ချ၊ ပါးစပ်က မနားတမ်း ရွတ်လာတဲ့ သားတော်မောင်ရဲ့ စကားကို အပြေးအလွှားလိုက်နားထောင်ရင်း ဟင် လာပြန်ပြီ ဗိုင်းရပ်စ်  အင်း ဒီဗိုင်းရပ်စ်ကတော့ လူက လူဆီ ကူးတာဆိုတော့ ဆေးသောက် ပျောက်ပါတယ်လေ တွေးရင်း တံခါးမဖွင့်မချင်း အမေ အမေ့ ခေါ်နေတဲ့ သားကို ဗိုင်းရပ်စ်အကြောင်း တွေးရင်းက တံခါး ကပျာကယာ ထဖွင့်ပေးလိုက်ရတော့သည်။ 
ခိုင်ခိုင်စောလွင်
 
 
ReplyForward