User Rating: 0 / 5
Star InactiveStar InactiveStar InactiveStar InactiveStar Inactive
၁။
           ဖောက်ပြန်မှုသည် လူ တို့ ထံမှ ဆင်းသက်လာသည်။အရက်ပုလင်းအဖုံးမှ ကံစမ်းမဲပေါက်ကာ လဲလှယ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ကျောက်တုံးအရိုင်းများအချင်းချင်းပွတ်တိုက်မိကြရာမှ ပေါ်လာသည်။ဥပမာများသည် များလှများစွ။အို ! များလိုက်တာ။
၂။
    တကယ်တော့ အဲ့ဒီလူ ကိုကြည့်ရတာ ကောင်းကောင်းမွန်မွန် ပါ။ ဟိုလမ်းထိပ်က ကောင်ပြောတာတော့ အဲ့လူက တက်တူးကြီးနဲ့ ဆိုပဲ။ဒါလည်း အဲ့ကောင်ပြောတာပါ။ဘယ်သူမှ သူ့ တက်တူးကို သိတာမဟုတ်ဘူး။မြင်ဖူးတာမဟုတ်ဘူး။သို့ သော် ယုံကြည်တယ်ပေါ့လေ။အဲ့ဒီကောင်ကို။နို့ တက်တူးထိုးထားတိုင်း လူဆိုး သူခိုးဆိုတော့လည်း မဟုတ်။တက်တူးထိုးခြင်းက ကိုယ်ကျင့်တရားနဲ့ ဘာမှမဆိုင်။မုန့် ဟင်းခါးသည် ဒေါ်ညွန့် ပြောတာကတော့ သူ့ နှုတ်ခမ်းမွှေးတွေက ကြောက်စရာကြီး စကားပြောရင် အသံက မာလိုက်တာတဲ့။ဘယ်လိုဖြစ်ဖြစ် အဲ့ဒီလူဟာ ဖောက်ပြန်သမားလို့ တစ်ယောက်နားတစ်ယောက်ကြားပြီး ပြောကြတာပဲ။အဲ့လူက ဖောက်ပြန်ရေးသမားကြီးပေါ့လေ။ဦးလေးမြတ်အိမ်က ဆယ်တောက်ခုံမှာဆို ရန်ပွဲတောင်ဖြစ်တယ်ဆိုပဲ။အဲ့ဒီဖောက်ပြန်ရေးသမားဆိုတဲ့ ကိစ္စနဲ့ ပေါ့။ပြသနာက မောင်စိုးဆီက စတာ။မောင်စိုးက စာလေးဘာလေး နည်းနည်းဖတ်တယ်။ ဟို ဖောက်ပြန်ရေးသမားဆိုတဲ့ လူစိမ်းကို ဖောက်ပြန်ရေးသမားလို့ ပြောရအောင် မင်းမှာဘာသက်သေရှိလို့ လဲတဲ့။ဟိုငမူးသမားထက်အောင်က တစ်ရပ်ကွက်လုံး ကလေးလူကြီးမကျန် အားလုံးသိတာ မင်းမသိဘူးဆိုတော့ ညံ့တာပေါ့လို့ ပြောရာကနေ မောင်စိုးက လူတစ်ယောက်ကို ဒီလိုအကျိုးမဲ့အကြောင်းမဲ့ မပြောသင့်ကြောင်း အစချီပြီး တရားဟောတော့ ဟိုကောင်က ထိုးတယ်ဆိုပဲ။ထက်အောင်က နည်းနည်းမူးနေတာအဲ့ဒီတုန်းက။မောင်စိုးနဲ့ ထက်အောင်ဆိုတာကလည်း ငယ်သူငယ်ချင်းတွေပါပဲ။
၃။
ပဲပြုတ်ရောင်းတဲ့ အမေအေးကတော့ ပြောတယ်။ဘာဖောက်ပြန်တာလဲဆိုတာတော့ မသိပါဘူးဟယ်။အားလုံးက သူ့ ကိုဖောက်ပြန်ရေးသမားလို့ ပြောကြတာ ဘာဖောက်ပြန်လို့ လဲ မေးကြည့်တော့ တစ်ယောက်တပေါက်ပါအေတဲ့။
     ရွာထဲမှာ အဲ့ဒီဖောက်ပြန်ရေးသမားကိစ္စက ပြောလို့ ကောင်းကြတုန်းပဲ။ဟိုညဘက်ဆို ကလေးတွေ အပြင်မထွက်ခိုင်းနဲ့ ။ကောင်မလေးတွေ ညဘက်မထွက်နဲ့ ဆိုပဲ။ရွာစွန်နားက ဦးဘဟန်ပြောတာတော့ ဒီကိစ္စကို ဒီတိုင်းထားလို့ မရတော့ဘူး။ရွာမသန့် ဘူး။ဖောက်ပြန်ရေးသမားကို ဒီတိုင်းမထားနိုင်ဘူးဆိုပဲ။တချို့ ကတော့ မယုံကြဘူး။တချို့ ကတော့ ယုံကြတယ်။ဘာဖြစ်ဖြစ် ဖောက်ပြန်ရေးသမားကြီးဆိုသူတွေရယ် မဟုတ်လောက်ဘူးဆိုတဲ့ လူတွေရယ် ရွာထဲမှာတော့ ငြင်းနေကြတုန်းပဲ။ဟိုလူကလည်း အေးဆေးပဲ။မနက်ပိုင်းဆိုင်ကယ်နဲ့ ထွက်သွားပြီး ညဘက်ကျ ပြန်လာတတ်တယ်။ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ပုံပဲ။
၎။
အချိန်တွေသာ ကုန်သွားတယ်။အဲ့ဒီဖောက်ပြန်ရေးသမားဆိုတဲ့ လူကလည်း အရင်အတိုင်းပဲ။မနက်ဆို ဆိုင်ကယ်ကြီးနဲ့ ထွက်သွား ညနေဘက်ဆို ပြန်လာမြဲ။ရွာထဲ သူ့ ကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်မကြားရပါဘူး။တချို့ ကတော့ သူဟာအချိန်ကောင်းစောင့်နေတာပါတဲ့။တချို့ ကတော့ မဟုတ်လောက်ပါဘူးလေ မဖြစ်လောက်ပါဘူးတဲ့လေ။တချို့ ကယုံတချို့ ကမယုံ။
၅။
မုန်တိုင်းလာပြီးတဲ့ခါ မုန်တိုင်းထပ်လာဖို့ အခြေအနေမရှိတော့တာ ဖြစ်နိုင်သလို ထပ်လာတာလည်းဖြစ်နိုင်တာပါပဲ။လူတွေကတော့ ဒီလိုပါပဲ မေ့တေ့တေ့ရယ် ကြာလာတော့ ။
၆။
အင်း
ဖောက်ပြန်ရေးသမားဆိုတာ 
ဖောက်ပြန်ရေးသမားဆိုတာ ....။
    ဝေမြင့်မောင်
2016 June 7