User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
             
                                                    
                                                              
                                                                ကျမကို" ဟင်းချက်ကောင်းလိုက်တာ" ၊" ဟင်းချက်တာ စားလို့ကောင်းလိုက်တာ"၊  " စားကောင်းအောင် ချက်တတ်တယ်" စသဖြင့် ပြောကြလျှင် ကျမ ဘာမှ ပြန်မပြောပဲ ပြုံးလို့သာ နေလိုက်ပါသည်။ ကျမကို ဘယ်အရွယ်ထဲက ထမင်းဟင်း ချက်တတ်သလဲ မေးလျှင်တော့ ဖြေဖို့ အနည်းငယ် တုံ့ဆိုင်း သွားတတ်လေသည်။

" ချက်တတ် ပြုတ်တတ်တာကတော့ ငယ်ငယ်ကတည်းကပါပဲ
"
အဲဒီလို မယုတ်မလွန် ဖြေဖြစ်တာများသည်။

အဲဒီလို ဖြေဖြစ်တာ၊ ဖြေဖို့ တုံ့ဆိုင်းသွားတတ်တာက ကိုယ့်အကြောင်းကိုယ် သိ၍ပဲ ဖြစ်လေသည်။ ကျမမှာ ကိုယ့်ကိုယ်ကို ဟင်းသေချာ ချက်တတ်တာ သိပ်မကြာမီကမှလို့ ခံယူထားလို့လည်း ဖြစ်လေသည်။ ရှင်းရှင်းပြောရလျှင်  လွန်ခဲ့သည့် (၆)နှစ်ခန့်အစိုးရဝန်ထမ်းဘဝက ထွက်လာပြီး မီးဖိုချောင်ထဲ ရောက်မှဆိုတော့ မကြာသေးမီကမှ လို့ ပြောလျှင် ရနိုင်လေသည်။

တကယ်တန်းက  သုံးတန်းဖြေအပြီး နွေရာသီကျောင်းပိတ်ရက်မှာ ထမင်းအိုး စပြီး တည်တတ်လေသည်။ ထမင်းချက်တာက ဘာမှ အပန်းမကြီး။
 ယခု ခေတ်လို ခလုတ်ကလေးနှိပ်လိုက်၊ အချိန်တန်လျှင် ထမင်းကျက်ပြီး သူ့အလိုအလျှောက် ခလုပ်တက်သွားတာမျိုးကို ဆိုလိုတာမဟုတ်ပါ။
 မျက်စေ့ရှေ့မှာ အဖွားနဲ့အမေတို့ ချက်နေတာ ကြည့်ပြီး အမြင်နဲ့ချက်တတ်ရာက လက်တွေ့မှာ မခဲယဉ်းတော့တာကို ဆိုလိုတာပါ။
ဒီကြားထဲ ထမင်းအိုး မနိုင်သေးခင် အရွယ်ကတည်းက ထမင်းအိုးတည်ထားတုန်း အမေက တခြား အလုပ်လုပ်နေတာမျိုး ကြုံရပါက

" ထမင်းအိုး သွားမွှေလိုက်အုန်း၊ ဆူပြီလား၊ ပွက်ပြီလား ကြည့်ချေအုန်း"

စသဖြင့် ကြည့်ခိုင်းတတ်ပါတယ်။ ကျမတို့ ငယ်စဉ်က ထမင်းကို ငှဲ့ချက်ကြတာများသည်။
  ငှဲ့ထားတဲ့ ထမင်းရည်ကို ဆားခပ်ပြီး သောက်ကြလေသည်။ ကျမ ထမင်းအိုး စတည်တော့ ရေနံဆီမီးဖို နဲ့ ချက်တာ ဆိုတာကို မှတ်မိနေပါသေးသည်။
နောက်ပိုင်း အမေ မီးဖိုချောင်ဝင်တာနဲ့ ငရုပ်သီးထောင်းပေးရသည်။
 အဲဒီနောက် အမေက ဒါလေးထဲ့လိုက် ဟိုဟာထဲ့ ပြီးရင် အဖုံးအုပ်၊ ရေနဲနဲ ထပ်ထဲ့ ဆိုတာမျိုး၊ မကျည်းရည် ထဲ့ ၊ နံနံပင်၊ ငရုပ်သီးစိမ်းလေး အုပ်လိုက် ၊ နူးပြီလားကြည့် ချလိုက်တော့ စသဖြင့်
 ပြောရင်း ချက်ရင်းက ဟင်းချက်တတ်လာတော့သည်။

တစ်ခါတလေ အသားဟင်းလို ချက်ပါက မီးဖိုပေါ်တင်ထားပြီး ရေခန်းပြီလား သွားကြည့် ခန်းရင် ရေထဲ့၊ ရေသုံးခါလောက်ထဲ့ပြီးပါက ဒီတစ်ခါ ရေခန်းလို့ ဆီပြန်ရင် ချလိုက်တော့
 ဒီလို ပြောရင်းက

" အော် အမဲသား၊ ကြက်သား၊ ဝက်သားကိုတော့ဖြင့် ဒီလို ချက်ပါလား"

မှတ်ထားလိုက်ရင်း ချက်တတ်ခြင်း ဖြစ်လေသည်။
 စနစ်တကျ အသားက ဘယ်လောက်သား၊ ဆီက ဘယ်နှစ်ကျပ်သား၊ ကြက်သွန်အနီက ဘယ်နှစ်ဥ၊ ကြက်သွန်အဖြူက ဘယ်နှစ်ဥ၊ ငရုပ်သီးက ဘယ်နှစ်တောင့် အဲဒီလို မှတ်ထားတာ မရှိ။
 ဒီနေရာမှာ သူငယ်ချင်းတစ်ယောက် ပြောတာသတိရမိလေသည်။
 သူ့ကို သူ့အမေက ငရုပ်သီးထောင်း ခိုင်းတဲ့ အခါ ဘယ်နှစ်တောင့်ထောင်းရမလဲ  မေးတော့ သူ့အမေက သုံး လေး ငါးတောင့်ပေါ့ လို့ ပြောတယ်တဲ့။
 အဲဒီတော့ သူက
" အမေ သမီးက ဘယ်နှစ်တောင့် ထောင်းရမလဲ သုံးတောင့်လား လေးတောင့်လား ငါးတောင့်လား " ပြန်မေးတဲ့အခါ
သူ့အမေက
" ဒီလိုပဲ သုံးလေးငါးတောင့် ကြည့်ကြက် လုပ်ပေါ့အေ" တဲ့။

ဒါက မြန်မာအိမ်ရှင်မတွေရဲ့ အတတ်ပညာပေါ့လေလို့ သူငယ်ချင်းက ပြန်ပြောပြလေသည်။

 ကျမတို့ ငယ်စဉ်က ဟင်းချက်တဲ့ အခါ ငရုပ်သီးကို အမှုန့်မသုံး၊ ရှိလဲ မရှိ။ ကိုယ့်ဘာသာ ထောင်းရသည်။ မထောင်းခင်မှာ ငရုပ်သီးခြောက်ကို အညှာချွေကာ  ရေစိမ်ရသေးသည်။  ငရုပ်သီးနှုးမှ စပြီးထောင်းရလေသည်။ ငရုပ်သီးထောင်းတာမှာပင် ဘေးကို မစဉ်အောင် ဘယ်လိုဘယ်ပုံ ထောင်းရတယ်ဆိုတာမှတ်ရသေးသည်။ အခုခေတ်ကတော့ ငရုပ်သီးထောင်းဖို့ မလိုတော့သည့် အတွက် တစ်ချို့အိမ်တွေမှာ ငရုပ်ဆုံပင် မရှိတော့ပေ။ ကန်ထရိုက်တိုက်တွေ ပေါ်လာလို့လဲ ဖြစ်နိုင်သည်။ အိမ်ငှားစဉ်ကတည်းက မြေရှင်ဖြစ်စေ တိုက်ခန်းပိုင်ရှင် ဖြစ်စေ တစ်တိုက်ထဲ အတူနေပါက သူတို့က ငရုပ်သီးထောင်းသည့် ကိစ္စကို အရင်ဦးဆုံး ပြောကြလေသည်။ တတ်နိုင်ပါက တရုတ်ကလာသည့် ကြိတ်စက် အသေး သုံးဖို့ အကြံပြုကြလေသည်။
                  ဟင်းချက်ရာမှာ ငရုပ်သီး ကြက်သွန်အနီ ကြက်သွန်အဖြူ ထောင်းထားသည့် ညက်မညက် အခြေအနေကလည်း စကားပြောသေးသည်။
 ဒါကလည်း ဟင်းကို ချက်တတ်ရုံသာ ချက်တတ်သည့် ကျမအတွက် သူငယ်ချင်းတစ်ယောက်ထံမှ သိလာရသည့် အချက်ပင်။
 အလုပ်ခွင်မှာ သူငယ်ချင်းများနဲ့ အတူ ဝိုင်းဖွဲ့စားသောက်ရာမှ  ဟင်းချက်ကောင်းတာ ဟင်းကို စားချင်စဖွယ် ဖြစ်အောင် ဘယ်လို ချက်ရတယ် ဆိုတာ သေသေချာချာ သိလာရလေသည်။ ထိုအချိန်သည် ကျမ အိမ်ထောင်ကျပြီး ကလေးတွေပင် ကျောင်းတက်သည့် အရွယ်သို့ ရောက်နေကြလေပြီ။ အလုပ်ခွင်မှာ သူငယ်ချင်း ဖြစ်သူက ငါးခူဆီပြန် ချက်လာသည်။ ကျမကလည်း ငါးခူဆီပြန်ပင်။ မန်ကျည်းရေနှင့်ချက်ပြီး နံနံပင်၊ ငရုပ်သီးစိမ်းလေး အုပ်ထားတာလည်း အတူတူပင်။ ဒါပေမယ့် သူ့ဟင်းက ပိုစားကောင်းသည်။ ငါးအတုံးလေးတွေ ခပ်ကျစ်ကျစ်နှင့် နူးအိနေသည်။ ကျမချက်ထားသည့်ငါးက ဖွယ်တယ်တယ်နှင့် စားရတာ အရသာချင်း ကွာနေသည်။ ပါဝင်ပစ္စည်းတွေ တူနေပြီး အရောင်အဆင်း အနံ့အရသာ လုံးဝ ကွာခြားနေသည့်အတွက်  သူငယ်ချင်းဖြစ်သူဆီက နည်းကို မေးမြန်းရလေသည်။
သူငယ်ချင်းက ဆီသတ်ရာမှာ စိတ်ရှည်ရှည်နဲ့ ဆီသတ်ရမည်၊ ငရုပ်သီး၊ ကြက်သွန်အနီ အဖြူ ထောင်းထားတာတွေ နီညိုရောင် သန်းလာပြီးမှ ဆား၊ နနွင်း ၊ အရသာမှုန့်တွေနဲ့ နယ်ထားတဲ့ ငါးကို ထဲ့ပြီး မွှေ၊ ပြီးတာနဲ့ ရေကို တန်းမထဲ့ပဲ၊ ငါးကို တင်းတင်းကျစ်ကျစ် ဖြစ်တဲ့ အထိ စိတ်ရှည်လက်ရှည် ဆီသတ်ပေးရမည် လို့သေသေချာချာ ပြောပြမှ ကျမက  ငါးကို ခပ်ကြာကြာ ဆီမသတ်၊ ထဲ့ပြီး တစ်အောင့်နေ ရေထဲ့ အဲဒီမှာ  ကွာတာသိရလေသည်။ ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူက တစ်ခြား အသားငါးတွေ ချက်တာမှာလည်း စိတ်ရှည်ဖို့ လိုတဲ့ အကြောင်း သေသေချာချာ ပြောပြလေသည်။
    " ဒါဖြင့် ဟင်းချက်တာ အနုပညာပဲပေါ့၊ ဥပမာ- ပန်းချီကားတစ်ချပ် ဆွဲသလိုပေါ့၊ ဒီပုံကိုပဲ လူတွေ လေးငါးယောက် ဝိုင်းဆွဲကြတယ်၊ ဆေးရောင်တွေလည်း အတူတူပဲ ပေးထားတယ်။ ဆွဲတဲ့သူရဲ့ စိတ်ခံစားချက်နဲ့ စုတ်တံ အဖိအဖော့ ၊ အရောင်အတွဲအစပ်တွေ ကွာသွားပြီး အရသာ တစ်မျိုးဆီ ထွက်လာတာ၊ ဒီလိုမျိုးလား "
ကျမ အပြောကို သူငယ်ချင်းက အပြည့်အဝ ထောက်ခံလေသည်။

 " ဟုတ်တယ် သူငယ်ချင်း ဟင်းချက်တာ အနုပညာတစ်ရပ်ပဲ၊ စိတ်မပါပဲ ချက်တဲ့ဟင်း၊ ပြီးလွယ်စီးလွယ် ချက်တဲ့ဟင်း၊ အချိန်မရလို့ ကမန်းကတန်း ချက်လိုက်တဲ့ဟင်း နဲ့ စိတ်လိုလက်ရ စိတ်ရှည်လက်ရှည် ဂရုတစိုက် ချက်တဲ့ဟင်းက ဟင်းအမျိုးအစား တူပေမယ့် အနံ့အရသာမှာ သိသိသာသာ ကွာတာပဲ"

                 ထိုအချိန်က စပြီး ဟင်းချက်တိုင်း စိတ်ရှည်ရှည်ထားပြီး ချက်သည့် အကျင့်ကို စပြီးရလေသည်။
 တခါတလေ ဆီသတ်နေရင်း မစောင့်နိုင်ပဲ ငါးတွေကို ပစ်ထဲ့လိုက်ဖို့ စိတ်ကူးရတိုင်း ထိုသူငယ်ချင်းပြောစကားကို သတိရပြီး ခေတ္တစောင့်ဆိုင်းသည့် အကျင့်ရလာလေသည်။
 သိသာလာသည်က ကျမရဲ့ အိမ်ဦးနတ်ကပင် နှုတ်မှ ဖွင့်ပြောလာသည့် စကားတွေပင်။

" အခုတလော အမေကြီး ချက်တဲ့ ဟင်းတွေ စားလို့ အရသာပိုကောင်းလာတယ်"

ကျမက သူငယ်ချင်းရဲ့ ပြောစကားတွေကို ပြန်ပြောရုံမက သူငယ်ချင်းကို သူ့ကြီးတော် အပျိုကြီးတွေက လက်ထပ်သင်ပေးတာ ဖြစ်တဲ့ အကြောင်း၊ သူ့ကြီးတော် အပျိုကြီးတွေက အသား၊ ငါးကို စပြီးအတုံးလေးတွေ တုံးကတည်းက လက်ကလေးနဲ့ တိုင်းပြီး တုံးတတ်တဲ့ အကြောင်း၊ သူတို့အိမ်မှာ မောင်နှမ(၅)ယောက် ရှိတဲ့ အပြင်၊ ၊အိမ်မှာ ကျောင်းလာတက်နေသည့် နယ်က တစ်ဝမ်းကွဲ မောင်နှမက(၂)ယောက်၊  ကြီးတော် အပျိုကြီး(၂)ယောက်၊ အဖေ၊ အမေ အပါအဝင် မိသားစု အားလုံး (၁၁) ယောက်ရှိတဲ့ အတွက် ဟင်းတုံးကို ပေတံနဲ့ တိုင်းထားသလား ထင်မှတ်ရအောင် ညီညီညာညာ တုံးတတ်ကြောင်း၊ တူမတွေက ဟင်းတုံးမညီရင် လုမှာဆိုးလို့လားလို့ စနောက်တဲ့အခါ  အရွယ်ညီမှ ဆားပြားနှံ့မှာပေါ့လို့ ပြန်ပြောတတ်ကြောင်း ၊ ဒီလို ကြီးတော်တွေနဲ့ အတူ လက်ထပ်သင်ယူခဲ့တဲ့ အတွက် သူဟာ ဟင်းကို စနစ်တကျ ချက်တတ်တာ ဆိုတဲ့ အကြောင်းတွေ ပြောပြမိလေသည်။

            ဒါတင်မက ဟင်းချက်ကောင်းတာ၊ ဟင်းကို စားချင်စဖွယ် ဖြစ်အောင် ချက်နိုင်တာကိုပါ သူငယ်ချင်းထံမှ ရလေသည်။ သူငယ်ချင်းဖြစ်သူက တပတ်မှာ တစ်ကြိမ် သူ့မွေးရက်မှာ သတ်သတ်လွတ်စားသည်။ သူစားသည့် သတ်သတ်လွတ်ဟင်းများမှာ အင်မတန်ကို အရသာရှိလှပေရာ ချက်နည်းမေးပြီး ကိုယ့်အိမ်မှာ ပြန်ချက်စားရာတွင် တစ်အိမ်သားလုံး ကြိုက်သည်ဆို၍ မကြာခဏ ချက်စားဖြစ်လေသည်။
ပိန္နဲသီးကို အသားဟင်းချက်သလို  မဆလာအုပ်ပြီး ချက်လာပါက ကြက်သားဟင်းတမျှ အရသာ ရှိလှသည်။ ပဲပြားကိုလည်း ထိုနည်းအတိုင်း နံနံပင် ငရုပ်သီးစိမ်းလေးအုပ်၍ တစ်ဖုံ၊ တို့ဟူးကို ကြက်သွန်အဖြူ အနီ ဂျင်း ငရုပ်သီးတို့ဖြင့် ဆီသတ်၍ နံနံပင် ငရုပ်သီးစိမ်း အုပ်ကာ ဆီကျန်ရေကျန် ချက်တာက တမျိုး ၊ ရုံးပတီသီးကို လုံးဝမချွဲစေပဲ  ဆီကျန်ရေကျန် ချက်တာမျိုး စသဖြင့် တန်ဖိုးနည်းနည်းဖြင့် စားချင့်စဖွယ် ဖြစ်ယုံမက ခံတွင်းမြိန်စေလေရာ သူ့ဟင်းခွက်သည် ဝိုင်းဖွဲ့စားနေသည့် သူများအကြား လက်မလည်ပေ။ တစ်ခါတလေ သူကိုယ်တိုင်တောင် ဝအောင် စားရရဲ့လားမသိ။ သူကတော့ ဒီလို ဟင်းမျိုးတွေဆို ပိုပိုသာသာ ထဲ့လာပေးတတ်လေသည်။
ကျမအတွက်ကဖြင့် ချက်နည်းမေးပြီး မှတ်ရတာ အလုပ်တစ်ခုပင်။ အာလူးကို ငရုပ်သီးစိမ်းထောင်းပြီးထဲ့ကာ မျှစ်နှင့် ချက်သည့် ခပ်စပ်စပ် ဟင်းကလည်း ဆီလုံးဝ မပါပဲ စားကောင်းလှပေသည်။ သူငယ်ချင်း ဖြစ်သူရဲ့ ဟင်းတွေကို တစ်နေ့တစ်မျိုး မရိုးအောင် စားဖူးရာက ဟင်းဆိုရာမှာ သားကြီး ငါးကြီးကိုမှ မဟုတ်ပဲ စားကောင်းအောင် ချက်တတ်ပါက ဟင်းကောင်း ချည်းပါလားဟု သိလာရလေတော့သည်။
 ဟင်းချက်တတ်သည်၊ ဟင်းကို ကျွမ်းကျင်စွာ စီမံခန့်ခွဲပြီး ချက်ပြုတ်နိုင်သည် ဆိုတာကို တဖြည်းဖြည်း သိလာတော့မှ ကိုယ့်ကိုယ်ကို ဟင်းချက်ကောင်းဖို့ အတော်လိုသေးပါလား၊ ဟင်းကို ချက်တတ်ရုံသာ ချက်တတ်တာပါလားလို့ ပိုသိလာရတော့သည်။ ထိုသူငယ်ချင်းရဲ့ ကျေးဇူးဖြင့် တဖြည်းဖြည်း ဟင်းကို သမရိုးကျ ချက်ရာမှ ထွေလီကာလီ ချက်တတ်သည့် အဆင့်သို့ ရောက်လာသည်။ ကျမ စမ်းသပ်ချက်လာသည့် ဟင်း( ဒီဟင်းအမျိုးအမည်တွေက သူငယ်ချင်းချက်လာဖူးသည့် ဟင်းတွေပါပဲ) ကို သူငယ်ချင်းက အကဲဖြတ်ပေးလေသည်။  ကြက်သွန်ညက်ဖို့ နဲနဲလိုသွားတယ်၊ ဆီသတ်တာ ဆီသိပ်မကျက်ခင် ထဲ့လိုက်တယ်ဆိုတာကတမျိုး၊ မန်ကျီးရည်ထဲ့တာ နဲနဲစောသွားတယ်မှလား၊ ဟင်းရည်ကို ဆူတာနဲ့ ချလိုက်တယ်မှလား စသဖြင့် အတတ်ပြောနိုင်လေသည်။ ဒီနေ့ဟင်းချက်တာ ကမန်းကတန်း ချက်လာတာဆိုတာက အစ ပြောနိုင်လေရာ သူငယ်ချင်းဆီက လိုအပ်ချက်တွေ ထပ်မံ မှတ်သားရပြန်သည်။
          သူငယ်ချင်းဖြစ်သူထံက ဟင်းချက်နည်းတရား သာမက ဟင်းကျန်ကို အသုံးပြုနည်းပါ ထပ်ဆင့်ရလာလေသည်။
တစ်ရက်မှာတော့ သူက ဟင်းတစ်မျိုးချက်လာရာ ခါတိုင်းနှင့်မတူ  အနံ့အရသာကပါ လေးလေးနက်နက်ဖြင့် အင်မတန် စားကောင်းလှသည်။

" ဒီဟင်းက ဘုန်းကြီးကျောင်းတွေမှာ အမြဲ စားရတယ်"
 
လို့ သူ့အပြောကြောင့်" ဟင်းလေး" ဆိုတာ သိရလေသည်။ တစ်ချို့အရပ်မှာတော့ ဟင်းပေါင်း လို့ ခေါ်သည်တဲ့။
ဘုန်းကြီးကျောင်းမှာ ဒီဟင်းလေးဟင်း စားရတာ မဆန်းပေမယ့် သူတို့ချက်လာတာကတော့ ဆန်းနေသလိုပင်။ သူက ဆက်ပြောသေးသည်။ ဒါ ချွေတာရေး ဟင်းလို့ သူတို့ အိမ်မှာ ခေါ်သတဲ့။ ဒီဟင်းချက်တဲ့ နေ့မှာ ဟင်းချက်စရာဖိုး ကုန်မယ့်ပိုက်ဆံ မကုန်တဲ့ အတွက် အဲဒါကို စုတယ်။ တစ်နှစ်တခါ စုထားတာ ထုတ်လိုက်ရင် ရွှေငါးမူးသား ရတယ်။ အံ့ဩသွားတဲ့ ကျမကို သူက အမှန်တကယ် ဖြစ်တဲ့ အကြောင်းနဲ့ သူ့ကြီးတော်တွေက တစ်နှစ်တစ်ခါ တူမတွေကို တစ်ယောက်တလှည့် ဆွဲကြိုး၊ ဒါမှမဟုတ် လက်ကောက် တလှည့်စီ လုပ်ပေးတဲ့အကြောင်း။ သူ့အဖေရဲ့ ဝန်ထမ်းလခနဲ့ ရွှေဝယ်ဝတ်ဖို့ မလွယ်ကြောင်း၊ ဒါဟာ လွှင့်ပစ်မယ့် ထဲက ရွှေဖြစ်လာတာဖြစ်ကြောင်း ပြောပြလေသည်။ ဟင်းကျန်ပါက ဖိုးကနဲဖတ်ကနည်း လွှင့်ပစ်တတ်သည့် ကျမမှာ အတုယူစရာတွေ ရလာလေသည်။

" ဝက်သားဟင်း ချက်တော့ အဆီတို့ဘာတို့ အိမ်ကလူတွေက သိပ်မစားတော့ အဆီတုံးတွေ ကျန်တယ်၊ အဲဒါ ခြောက်နေအောင်နွှေးပြီး သိမ်းထားလိုက်တယ်၊ နောက်ရက်ကျ ချဉ်ပေါင်ကြော်ကျန်တယ် အဲလိုပဲ ခြောက်နေအောင် ပြန်နွှေးပြီး သိမ်းထားတယ်၊ မျှစ်နဲ့ပဲပြုတ်ကြော်တာကျန်မယ်၊
  ဟော နောက်ရက် နောက်ရက် ကျန်တဲ့ ဟင်းတွေ သိမ်းထားပြီး တစ်ရက်လဲရောက်ရော အကုန်စုပြီး ကြိုလိုက်တာ အရသာရှိတဲ့ ဟင်းတစ်ခွက်ရတာပေါ့"

ဟင်းချက်တယ် ဆိုတာကို တဖြည်းဖြည်း ပညာတွေ ရလာလေသည်။ တခါတလေ ဘာလချောင်ကြော် ကြော်လာရာ သူငယ်ချင်းက ဒီဘာလချောင်ကြော်က မနေ့က ဆင်းသက်လာတာဟု ရယ်ရယ်မောမော ပြောပြတတ်လေသည်။
 မှန်သည်။ မနေ့က ငါးကြင်းဆီပြန် ချက်လာတာ မှတ်မိလေသည်။
ထိုငါးကြင်းဟင်း ကျန်နေရာ ငါးအတုံးတွေကို ခပ်ယူပြီး အသားနွှင်ကာ ခြောက်အောင်ပြန်လှိမ့်၊ ကြက်သွန်အနီပါးပါးလှီး၊ အဖြူ ပါးပါးလှီးကာ ကြွပ်နေအောင်ကြော်၊ ငါးအသားနွှင်တာထဲ့ ငရုပ်သီးခွဲကြမ်းမှုန့်ငံပြာရည်
စတာတွေ ထဲ့ကြော်လိုက်ရာ ဘာလချောင်ကြော် ရလာသည်။ ကန်စွန်းရွက်ချဉ်ရေဟင်း တစ်ခွက် ချက်ရုံမျှဖြင့် တစ်ရက်စာ ဟင်းတစ်ခွက် ရလာလေသည်။

တစ်ခါတစ်လေတော့လည်း ထိုသို့ ငါးပဲ ကျန်ကျန်၊ ဝက်သား အသားပဲကျန်ကျန် အသားလေးတွေ နွှင်ထားတာကို ခရမ်းချဉ်သီးနှင့် ငါးငပိချက်လိုမျိုး ၊ ခရမ်းချဉ်သီး ငါးပိချက်လိုမျိုး ချက်လာကာ ဒီလိုလေးလဲ ချက်လို့ရတယ် စသဖြင့် ပြောပြလေသည်။
             သူငယ်ချင်း ဖြစ်သူက ကျမကို စေတနာ အပြည့်ဖြင့် မညီးမညူ စိတ်ရှည်လက်ရှည် ပြောပြတာတွေကို မှတ်သာထားပြီး တကယ်တန်းကျ အပြည့်အဝ လိုက်မလုပ်နိုင်သေး။ သူငယ်ချင်းဖြစ်သူကလဲ အားမလို အားမရဖြစ်နှင့် ကာလအတန်ကြာခဲ့လေသည်။ အကြောင်းကတော့ ကလေး(၃)ယောက်၊ အလုပ်တစ်ဖက်နှင့် ကမန်းကတန်း တွေကများနေ၍ပဲ ဖြစ်လေသည်။
သူငယ်ချင်းကတော့ ဟင်းချက်လာတိုင်း လိုအပ်ချက်တွေကို ပြောပြမြဲ၊ ကျမကလည်း ရယ်ကျဲကျဲနှင့် နားထောင်မြဲ၊
 ညဖက်ဂျူတီဆင်းပြီး ပြန်လာပါက ခြေလက်ဆေး အိပ်ယာတန်းဝင်၊ မီးဖိုချောင်ကို ယောင်လို့တောင်လှည့်မကြည့်၊ မနက်ကျမှ အုပ်ဆောင်းအောက်မှာ ဟင်းတွေ အသားတွေ ငါးတွေ ကျန်နေတာတွေ့ရတော့ ဘာမှ လုပ်မရ။ ညထဲက သိပါက နွှေးတန်တာနွှေးလိုက်လျှင် မနက်ကို အရောအနှော လုပ်လို့ ရတာတွေ ရှိတာ တွေ့ရလေသည်။ ဝက်သားတွေ ကျန်နေတာ ပဲသီးလေးနဲ့ ရောကာ ကြော်လိုက်လျှင် ဆီလဲအကုန် သက်သာ ၊ ဟင်းတစ်ခွက်လဲ ခပ်မြန်မြန်ရပေမည်။ ဒါပေမယ့် မရတော့၊ သူငယ်ချင်းဖြစ်သူဆိုပါက ကြာဇံကြော် ဒါမှမဟုတ် ခေါက်ဆွဲကြော် ဖြစ်လာအောင် စွမ်းဆောင်နိုင်ပေမည်။ သူက သူ့ကြီးတော်တွေလို  အပျိုကြီးတစ်ယောက်လဲ ဖြစ်နေလေသည်။
           ဟင်းချက်ကောင်းသူ တစ်ယောက်ဖြစ်ဖို့ သဘာဝလောကကြီးက ကျမကို တွန်းပို့ လိုက်သည်လား မပြောတတ်။
ဟင်းကို စနစ်တကျ ချက်နည်း။ ချွေတာရေး ချက်နည်း ဟင်းကျန် မပြုန်းတီးအောင် ချက်နည်း တစ်နည်းအားဖြင့် ဟင်းပွားနည်းတွေ သိနေပေမယ့် အခြေအနေမပေးတဲ့ အတွက် တော်ရိလျော်ရိ နေရာက ဒီအလုပ်ကို အာရုဏ်စူးစိုက် လုပ်ဖို့ရာ အကြောင်းတွေ ဖန်လာလေတော့သည်။
အတိုချုန်းပြောရရလျှင်ဖြင့် အစိုးရဝန်ထမ်းဘဝက နှုတ်ထွက်ဖို့ အကြောင်းတွေ ဖန်လာပြီး မီးဖိုချောင်နဲ့ အိမ်ထောင်ထိမ်းသိမ်းရေး ဘဝကို ဒိုင်ဗင်ပစ်ပြီး ရောက်သွားရလေတော့သည်။ ပျော်ရာမှ မနေရ တော်ရာမှာနေရ ဆိုသည့်အတိုင်း  ရောက်သည့်နေရာမှာ အရင်လို ကမန်းကတန်း ချက်ရ ပြုတ်ရတာမျိုး မဟုတ်တော့ပဲ မီးဖိုချောင်မှာ အေးအေးဆေးဆေး စိတ်တိုင်းကျ အချိန်ပြည့် လုပ်ခွင့်ရလာသည့်အခါ  အပေါ်မှာ ပြောခဲ့သလို ဟင်းချက်ကောင်းတယ် ၊ ဖွယ်ဖွယ်ရာရာ ချက်တတ်တယ် ဆိုတဲ့ ဂုဏ်ထူးဝိသေသတွေ ရလာလေတော့သည်။
 တကယ်တော့ ကိုယ့်ကိုယ်ကို  ပြန်စစ်ကြည့်တော့ ဟင်းချက်တာ ဒီပုံစံပင်၊ အမဲသား၊ ဝက်သား၊ ကြက်သား ဟင်းချက်တာ တစ်ပုံစံထဲပင်၊ လက်ရာတွေက အများသူငါ အိမ်ရှင်မတွေ ဒိတိုင်းချက်ကြတာပဲ ဖြစ်သည်။ အချိုချက်နည်း၊ အစပ်ချက်နည်း အစုံအစုံ ချက်တတ်ကြတာပင်။  အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ချက်တာသာ ကွာတာပဲ ဖြစ်သည်။
            ကျမ ချက်တာကို စားကောင်းသည်လို့ အများဆုံးချီးမွမ်းကြတာက ဟင်းများ မဟုတ် ဟင်းပွားတွေကိုသာ ဖြစ်တာ တွေ့ရလေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဟင်းများတင်မက ဟင်းပွားများကို ချက်တတ်လာသည်။ ငါးဟင်းတွေ ကျန်နေပါက အသားကို ဘာလချောင်ကြော်၊ ခေါင်းကို ချည်ရည်ဟင်း ချက်တတ်လေပြီ။ မိုးမချုပ်မီ ထမင်းကျန်နေသလား၊ ဟင်းက ဘာတွေ ကျန်သလဲ စိစစ်ရင်း နောက်နေ့အတွက် အနည်းဆုံး ဟင်းတစ်ခွက်၊ ရံဖန်ရံခါ ဟင်းနှစ်မျိုးလောက် တခါတရံ ဟင်းစားထပ်ထုတ်ရန်မလို သည်အထိ ချက်တတ်လာလေသည်။
        အဲဒီလို  ဟင်းတစ်ခွက်မှ ဟင်းနှစ်ခွက်၊ ဟင်းနှစ်ခွက်က ဟင်းလေးခွက် စသဖြင့်   ဟင်းပွားတွေ ဖြစ်အောင် ချက်လာဖြစ်တဲ့အခါ   မဆီမဆိုင် ဘုရင်တပါးကို သတိရမိလေသည်။
ပုဂံခေတ်က နရသီဟပတေ့မင်းဆိုတာ ရှိလေသည်။ ထိုဘုရင် ပွဲတော်တည်ပါက ဟင်းပွဲ(၃၀၀) ဖြင့် ပွဲတော်တည်သည်လို့ ဖတ်ရဖူးသည်။ ထိုဟင်းပွဲ(၃၀၀)ကို စားတော်ကဲ တို့က နေ့တိုင်းချက်ပေးရသည်လား၊ ဟင်းပွဲ( ၃၀၀) ရအောင် ဘယ်လို စီမံချက်ပြုတ်ပါလိမ့် ဆိုသည့် အတွေးတွေ တွေးမိရာက  တစ်စုံတစ်ခုကို ဖြတ်ကနဲ သတိရမိလေသည်။
ဘုရင် စားမည့် ထမင်းဝိုင်းမှာ ကိုယ်တွေ သာမာန်လူတွေ စားသလို ဟင်း(၂)မျိုး (၃) မျိုးထက်မက တာတော့ သေချာသည်။ ကိုယ့်အိမ်မှာက ယနေ့ချက်တာက အရည်သောက်တစ်ခွက်၊ အသားဟင်းဆီပြန်တစ်ခွက်၊ အရွက်ကြော်၊ ငါးပိတို့စရာနှင့်ဆိုပါက (၃)မျိုးခန့် ရှိနေပြီး မနေ့က ငါးဖယ်ငါးဆုပ်ဆီပြန် ပြန်နွှေးတာရယ်၊ ဘာလချောင်ကြော်ရယ်၊ ပုလင်းထဲက သရက်သီးသနပ်ကလေး ထုတ်ပြီးထဲ့တာရယ် ပေါင်းရင်တောင် တစ်ခါတလေ ငါးမျိုး ခြောက်မျိုး ဖြစ်သွားတတ်သေးတော့ ဘုရင်က မူလ ဟင်းခွက် (၂၀) ခန့် စချက်တာ ဖြစ်နိုင်သည်။ ထိုဟင်းခွက်များကို ဘုရင်သည်လည်း လူတစ်ယောက်ပေမို့ အားလုံးကုန်အောင် စားနိုင်မည် မဟုတ်၊ ကျန်တာ ရှိမှာပင်။ ဘုရင့် ပွဲတော်ကျကို စားရသည့် မင်းမှုထမ်းတွေ ရှိသည်လို့တော့ ကြားဖူး ဖတ်ဖူးသည်။ ဒါကလဲ ဘုရင်က သူပွဲတော်တည်အပြီးမှာ သတိတရဖြင့်

"  ငါကိုယ်တော်မြတ်ရဲ့ ဒီနေ့ပွဲတော်ကျကို မောင်မင်း ဘယ်သူ့ကို ပေးသနားစေ"

လို့ အမိန့်တော်ချမှ စားတော်ကဲတွေက ပေးရဲမှာပင်။ ဘုရင်က နေ့တိုင်း သူစားတော်ခေါ်ပြီးတိုင်း ပွဲတော်ကျကို သတိရနေမှာမဟုတ်၊ ဒီနေ့ ငါကိုယ်တော်မြတ် စားပြီးသားကို ဘယ်သူ့စွန့်ပေးရမလဲ အမြဲ တွေးနေမှာမဟုတ်။ ဘုရင်ဆိုသည်က တိုင်းရေးပြည်ရေး စီမံခန့်ခွဲရတာ များပြားလှသည့်အပြင် သူ့လက်ထက်မှာ ပြည်ပ ကျူးကျော် တရုတ်တွေ ရန်က မသေးလှ။ ဒီကြားထဲ အမတ်ကြီး ရာဇသင်္ကြန်ကို အမျက်တော်ရှပြီး ဒလသို့ ပို့ထားသည့် အချိန်မှာ နိုင်ငံတဝန်း ဆူပူ ပုန်ကန်မှုတွေကလည်း တလကြမ်းဖြစ်နေသေးသည်။ မိဖုရား စောလုံကို ကျီစယ်ပြီး ရေပက်မိတာကို မိဖုရားက အညှိုးထားပြီး ဟင်းပွဲကို အဆိပ်ခပ်ရာ ဘုရင်က မစားမိပေမယ့် အမျက်ရှကာ မိဖုရားစောလုံကို တံကျင်လျှိုပြီး မီးရှို့သတ်စေရာမှ မိဖုရားကြီးအပေါ် အချစ်ကြီး၍ အမျက်ကြီးမိသည်ကို ခံစားနေရတာတွေလည် ရှိနေသေးသည်။ ဒီလို ကိစ္စများမြောင်တွေ အကြားမှာ သူစားပြီးသား အကျန်ကို နေ့စဉ် စီမံခန့်ခွဲ နေလိမ့်မည်မဟုတ်၊ ဒီတော့ ကျန်သည့် ဟင်းပွဲတွေကို စားတော်ကဲတွေက ဘုရင့်အမိန့် တစ်စုံတစ်ရာ မရမချင်း စားရဲမှာ မဟုတ်သလို ပေးပစ် သွန်ပစ်မှာလဲ မဟုတ်၊ ထိုဟင်းတွေကို နွှေးတန်တာ နွှေး၊ နောက်ရက်မှာ ရောတန်တာရော၊ ပေါင်းသင့်တာပေါင်းရာက ဟင်းအမျိုးအမည်တွေ ထပ်ထပ်ပြီး များလာကာ ဟင်းတွေ ပွားများလာတာ ဖြစ်မည်။ နောက်ရက်မှာ (၂၀)က (၄၀) ၊ ထိုမှ တစ်ဖန် (၄၀)မှ (၆၀) ဟင်းပွဲတွေ ပွားများလာတာ ဖြစ်မည်။ ဟင်းတွေ များလာပါက ဘုရင်က သတိထားမိပြီး မေးချင်လဲ မေးနိုင်တာပင်၊ ဒါပေမယ့် ဘုရင်တွေရဲ့ ထုံးစံအရ မင်းချင်းတွေက
" ဘုန်းတော်ကြောင့် ကျွန်တော်မျိုးတို့ ဘယ်ပုံဘယ်နည်း ချက်နိုင်ပါတယ်၊ ဒါမှမဟုတ် ဘုန်းတော်ကြောင့် ဟင်းပွဲများ (၃၀၀) ပြည့်အောင်  အသားတွေ ငါးတွေ ဆက်သလာတာတွေ ရှိတဲ့အတွက် ဟင်းပွဲတွေ အရံသင့် ချက်နိုင်ပါတယ်"
 စသဖြင့် မြှောက်ထား လျှောက်ထား ကြတာလဲ မလွဲဧကန် ရှိနိုင်တာပင်။
နရသီဟပတေ့မင်းရဲ့ နန်းသက်က ရာဇဝင်တွေထဲမှာ (၃၃) နှစ်ရှိသည်လို့ ဆိုထားလေရာ ထို(၃၃)နှစ်အတွင်း ဟင်းတွေမထပ်အောင် ရောနှော ချက်ရမည်မှာ မလွဲသလို ဟင်းတွေ ပွားလိုက်တာရော မဖြစ်နိုင်ဘူးလား၊ အဲဒီလို ဖြစ်နိုင်တာကို ရာဇဝင်ထဲမှာတော့ ရှာလို့ မတွေ့နိုင်သေး၊ နရသီဟပတေ့မင်းက ပွဲတော်တည်ရာမှာ ဟင်းပွဲ(၃၀၀) ပြည့်မှ ပွဲတော်တည်တတ်တာကိုတော့ ရာဇဝင်မှာ မှတ်တမ်းတွေ ရေးထိုးထား၍ သိရှိ ကြလေသည်။
       ကျမသည် ဟင်းနှစ်မျိုးခန့် ချက်ထားရာက နောက်ရက်နောက်ရက်တွေမှာ ဟင်းအမယ်တွေ ထပ်တိုးအောင် ချက်လာနိုင်သည့်အခါ မဆီမဆိုင် ပုဂံခေတ်က နရသီဟပတေ့မင်း ပွဲတော်တည်သည့် ဟင်းပွဲ(၃၀၀) ကို သတိရမိသွားလေရာမှ    အဲဒီဟင်းတွေက " ဟင်းပွဲဆိုပေမယ့် ဟင်းပွားတွေလဲ ဖြစ်နိုင်တာပဲ" ဆိုတဲ့ အတွေးကို တွေးဖြစ်အောင် တွေးမိလေသည်။

                                                                                                                                              ခိုင်ခိုင်စောလွင်

                                                                                                                               သရုပ်ဖေါ်ပန်းချီ ဒေါက်တာ စန်းမြင့်