User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                 

 

မီးဖိုချောင်ထဲကို ကြွက်တစ်ကောင် ရောက်နေတာ (၃)လ ရှိပြီ။ ဒီအတောအတွင်း အဲဒီ ကြွက်က အပြင်ကို ထွက်တာ ဝင်တာ မရှိပဲ နောက်ထပ် အပေါင်းအဖော်တွေ ဘယ်လို ရလာသည်မသိ။ မီးဖိုချောင်မီးကို ဖွင့်လိုက်တာနဲ့ ဟိုပြေးဒီပြေး နေသည့် အကောင်နှစ်ကောင် ထပ်တွေ့လေသည်။

 

ဒီကြွက်တွေကို ဘယ်လိုရှင်းရပါ့ ဆိုတဲ့ အတွေးက သူတို့ကို မြင်ရတိုင်း ပေါ်လာနေသည်။ စိတ်ထဲမှာတော့ သူတို့အသက်မသေပဲ အိမ်အပြင်ကို ထုတ်နိုင်သည့် ဂါထာ ရှိပါက ဘယ်နှစ်ခေါက်ပဲ ရွတ်ရရ၊ ဘယ်နှစ်ရက်ပဲ ရွတ်ရရွတ်ရ ရွတ်လိုက်ချင်သည်။

           *******************************

တကယ်တော့ ကျမအိမ်က ကြွက်တစ်ကောင်မပြောနဲ့ ယင်ကောင်တောင် ဝင်ဖို့ မလွယ်တဲ့ အနေအထား။ မီးဖိုချောင်က အုတ်နံရံ အလုံပိတ်၊ မီးခိုးခေါင်းတိုင်က တစ်ဆင့် မီးခိုးလွှတ်ထုတ်သည်။ မီးဖိုချောင်ကနေ အိမ်ရှေ့ဘက် ပြန်လှည့်ဝင်ပါက ထမင်းစားခန်း၊ အဲဒီနောက် ဧည့်ခန်း၊ တစ်ခန်းနဲ့တစ်ခန်း သံတံခါးတွေ အဖွင့်အပိတ်ရှိသည့်အပြင် ခြင်လုံဇကာ အပြည့် တပ်ထားလေသည်။ ထိုတံခါးတွေက လူတစ်ယောက် အဝင်အထွက်လုပ်ပြီးတိုင်း အဖွင့်အပိတ် အမြဲလုပ်သည်။ အဓိကက ခြင်ဝင်လာမှာ စိုး၍ပင်။

         ဖြစ်ပုံက အဲဒီ လွန်ခဲ့တဲ့(၃)လက စလေသည်။

 ကျမတို့ အိမ်ရဲ့ လျှပ်စစ်မီတာဘောက်စ်က အိမ်ရှေ့က ဓါတ်တိုင်မှာ တပ်ထားတာ ဖြစ်သည်။ ဓါတ်တိုင်မှာ တပ်ထားတာက အပေါ်အောက် နှစ်လုံးဖြစ်လေသည်။ အဲဒီ မီတာဘောက်စ် ရှော့ဖြစ်ပြီး မီးမလောင်ခင်က ကိုယ့်မီတာဘောက်စ်က ဘယ်အလုံးမှန်း မသိ။ မှတ်လည်း မထား။ မီတာလာဖတ်သည့် လူက သူ့စက်ကလေးနဲ့ ထိုးပြီး ဘောင်ချာကို စာတိုက်ပုံးထဲ ထဲ့သွားရင် ယူလိုက်သည်သာ။ 

အိမ်ချင်းကပ်ရက်ကမြန်မာတွေပဲဖြစ်သည့်အပြင် နှစ်အိမ်စလုံးရဲ့ အိမ်ရှင်က တစ်ဦးတည်းဆိုတော့ ဘယ်သူ့မီတာဘောက်စ်ရယ်လို့ မှတ်မထားဖြစ်တော့၊

တစ်လုံးကသူတို့ဟာဆို ကျန်တစ်လုံးက ကိုယ့်အိမ်က။ ဒီလိုပဲ နေနေတာကြာပြီ။

အဲဒီ မီတာဘောက်စ်က ညဆယ်နာရီလောက် ဝါယာရှော့နဲ့မီးတွေ ထတောက်တော့ မိန်းချပြီး တစ်အိမ်လုံး အပြင်ကို ထွက်ပြေးရလေသည်။

 ဟိုဘက်အိမ်ကလည်း ထွက်ပြေးကြသည်။ နှစ်အိမ်လုံး မီးတွေမှောင်နေသည်။

ရပ်ကွက်လူကြီးက လျှပ်စစ်ဋ္ဌာနကို ဖုန်းဆက်အကြောင်းကြားပေးရာ ဆယ်မိနစ်အတွင်း ရောက်လာပြီး ပြင်ပေးသွားတော့မှ ကိုယ့်အိမ်က မီတာဘောက်စ်မှန်းသိတော့သည်။

         အဲဒီလို အိမ်တံခါးတွေ ပွင့်ပြီး လူတွေ တရုန်းရုန်း ဖြစ်နေတဲ့ အချိန်မှာ မျက်စေ့လည်ပြီး အနှီကြွက် ဝင်လာတာပဲ ဖြစ်လေသည်။

 လူတွေ အိမ်ထဲ ပြန်ဝင်တဲ့အချိန်မှာမှ အပေါ်ထပ် လှေခါးပေါ် တက်ပြေးမလို လုပ်တော့ လိုက်မောင်းရင်း မီးဖိုချောင်ထဲ ရောက်သွားပြီး အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ အထာကျနေတော့သည်။

နေ့ခင်းနေ့လည်ဆိုပါက သူက တိတ်တိတ်ဆိတ်ဆိတ်ဆိုတော့ မေ့နေသည်။ ညဖက်ကျ အသံတွေကြားတော့

“ ကဲ ဘယ်လိုလုပ်ကြမလဲ” ဆိုတော့ အိမ်ဦးနတ်က

“ ဘယ်သူက ဘာလုပ်တတ်မှာလဲ ထားလိုက် ၊ သူ့ဘာသာ နေနေတာပဲ”တဲ့။

သူ့အိမ်ထဲ သူ့ဘာသာနေရင်တော့ အကောင်းသား၊

အခုတော့ ဒီကြွက်တွေက သောင်းကျန်းလာလေသည်။ တစ်ရက်မှာ မီးဖိုချောင်ဝင်ဖို့ မီးဖွင့်တယ်ဆို ကြွက်တစ်ကောင်က ရေတင်တဲ့ မော်တာကြားက ထွက်လာလေသည်။

 ကလေးတွေကို ပြောပြတော့ သူတို့ဝင်ရင်လည်း အဲဒီလိုပဲ မော်တာကြားက ထွက်လာတာ တွေ့တယ်တဲ့။

“ မြတ်စွာဘုရား…. မော်တာထဲမှာများ အသိုက်ဆောက်နေသလား.. မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့ “

သေသေချာချာ ကြည့်တော့ ရေတင်တဲ့ မော်တာက ကာတွန်းကားထဲက ကြွက်အိမ်နဲ့ အတော်တူလေသည်။

အောက်ခံ မော်တာစက်အပေါ်မှာ ဖုံးထားတဲ့ အဖုံးက ဂငယ်ပုံမှာ အလယ်က အပေါက်နဲ့။ ဟောင်းနေတော့ အဖုံးက ယိုင်နဲ့နေလေရာ ကြွက်များ မျက်စေ့ကျပြီး နေနေသလား။

          ရေမော်တာက ကြွက်အိမ် ဖြစ်သွားမှန်း နှစ်ရက်လောက် အကြာမှာ သိရလေတော့သည်။

  မနက်လင်းအားကြီး သုံးနာရီလောက်မှာ ရေမော်တာက အသံထွက်နေလေသည်။ ဘယ်သူမှလည်း ရေမသုံးသည့် အပြင် ပိုက်တွေ လိုက်စစ်တော့ အပေါ်ထပ်မှာ ရေပင်မလာတော့၊ မော်တာကတော့ ရေသုံးပါက မည်သလို အသံထွက်နေသည့်အပြင် ရေတွေ တဝေါဝေါ စီးကျ နေလေပြီ။ မော်တာကို ကမန်းကတန်း ဆင်းပိတ်ရလေသည်။

သေချာသည်။ ဒီကြွက်လက်ချက်ပဲ ဖြစ်မည်။

မနက်မိုးလင်းသည်နှင့် အိမ်ရှင်ကို ဖုန်းဆက်အကြောင်းကြားတော့ ပြင်သည့်လူ လွှတ်လိုက်လေသည်။ အဲဒီလူ မော်တာကို စစ်သည်၊ ရေတွေ လောင်းထဲ့သည်။

 ခေါင်းတရမ်းရမ်း လုပ်နေရာ သူ့အမူအယာကြည့်ပြီး အဖြေရှာမတွေ့တာ သေချာတော့မှ

“ အိမ်မှာ ကြွက်တစ်ကောင်ရှိတယ်၊ အဲဒီကြွက်က ညဖက် မီးဖွင့်လိုက်ရင် ဒီမော်တာကြားက ထွက်လာတတ်တယ်”

ကျမ အဲဒီလို ပြောလိုက်တော့မှ  မော်တာပေါ်မှာ ရေစိုပြီး အိနေတဲ့ တစ်ရှုးစတစ်စကို သံချောင်းတစ်ခုနဲ့ ထိုးချလိုက်တာ တစ်ရှုးတစ်စ ဘယ်ကပါ့မလဲ အလုံးလိုက် ထွက်ကျလာတော့တာ။

ဒီတော့မှ သူလဲ ဝမ်းသာအားရနဲ့ အဲဒီအောက်က ကြိုးစကို အသာမလိုက်တော့မှ လား လား ကြွက်ကိုက်ထားတာကို တွေ့ရတော့သည်။

 မော်တာပြင်သမားကတော့ အဖြေတွေ့လို့ ဘယ်နေရာက ဖြစ်တယ်ဆိုတာ သိသွားလို့ တော်တော့်ကို ဝမ်းသာသွားပုံပဲ။ အဲဒီကြိုးစမှာ ပေါက်နေတဲ့ နေရာက ရေတွေ ထွက်ကျတာ ဖြစ်နေတယ်။ အပေါ်ထပ်လဲ ရေမတက်နိုင်ပဲ မော်တာက ရေသုံးသလို အသံမြည်နေတာပါ။

နောက်ဆုံးတော့ မော်တာတစ်လုံး အသစ်လဲလိုက်ရတော့သည်။

ဒီကြွက်တွေ အပြင်ရောက်အောင် ဘယ်လို ရှင်းရပါ့။ စိတ်တွေ ရှုပ်ထွေးတော့သည်။

မော်တာမှာ အသိုက်ထပ်မဆောက်နိုင်အောင် အပေါက်ဝကို တိပ်တွေ အထပ်ထပ် ပတ်ရသည်။

ပါးစပ်ကလည်း ဒီကြွက်ကို အပြတ်ရှင်းရမယ်လို့ တတွတ်တွတ်ပြော နေပေမယ့် ဘာလုပ်ရမှန်းမသိ။

အိမ်နီးချင်းအိမ်က မော်တာလဲတာ သိတော့ ဘာဖြစ်တာလဲ မေးရာက ကြွက်သတင်းတစ်ခု ရလေသည်။

သူ့အိမ်မှာလဲ ကြွက် ရောက်နေသည်တဲ့၊ တစ်ကောင်ပဲလို့ထင်တာ အခု ပြေးလွှားနေပုံကြည့်ရတာ သုံးကောင်လောက် ရှိမယ်တဲ့ ပြောသွားလေသည်။ သူကပင် ကြွက် သန်းခေါင်စာရင်း စစ်လေသည်။

“ အမတို့ အိမ်က အလည်လာတာဖြစ်မယ်” တဲ့။

လည်ရအောင် ဘယ်က ထွက်မလဲ အဖြေရှာတော့ မတွေ့။

မော်တာပြင်တဲ့သူ ပြောတာတော့ ကြွက်စာ ထိုင်းလို” ခနုံနူ” ခေါ်သတဲ့ ။ ကျမက ကြွက်ကို မသေပဲ ပြေးတဲ့ ဆေးရှိလား မေးတာ။ သူက အဲဒီ ကြွက်စာကို ကြွက်တွေ စားပြီးရင် အိမ်မှာ မနေပဲ ပြေးရောတဲ့ ၊

 အဲဒါ ဝယ်ရအောင်လို့ အဖော်စပ်တော့

“ အဲဒါ ပြေးတာမဟုတ်ဘူး အမရေ အဆိပ် အဆိပ် ၊ အဲဒါစားပြီး ရင်ပူလို့ အိမ်ထဲမှာ မနေနိုင်ပဲ ရေရှိတဲ့နေရာ အေးတဲ့ နေရာ ရှာပြေးတာ၊ ကိုယ်တွေ အိမ်က အလုံပိတ်၊ ဘယ်မှ ပြေးစရာ မရှိပဲ ချောင်ကြိုချောင်ကြား သေနေရင် အနံ့ကထွက် ရှာမရ ဖြစ်မှာပေါ့။ အမပဲ မသတ်ချင်ဘူးဆို”

ကဲ မဖြစ်ပြန်ဘူး၊ မဖြစ်ပြန်ဘူး ဆိုကာ အကြံထုတ်ရပြန်သည်။ တစ်နေ့တစ်နေ့ ကြွက်နှင့်မျက်နှာချင်းဆိုင်မိတိုင်း ကသိကအောင့် ဖြစ်ရလေသည်။ ကြွက်တွေကလည်း သိသည်ထင့်၊ အရင်လို လူတွေ့တိုင်း ဝုန်းကနဲ ခုန်ပေါက် မပြေးတော့ပေ။ စလိုးမိုးရှင်းနှင့် လျှောက်သွားသည့် အပြင် လူကိုပင် လှမ်းကြည့်လိုက်သေးသည်။

“ အမရေ ကြွက်ကို မောင်းထုတ်လို့ရတဲ့ ဆေးရလို့ တစ်ခါထဲ ဝယ်လာတယ်”

ဆိုတဲ့ အိမ်နီးချင်း မိတ်ဆွေရဲ့ အသံကြောင့် မီးပူတိုက်လက်စကို ထားခဲ့ပြီး အောက်ထပ် ဆင်းတွေ့တော့ သူ့လက်ထဲမှာ ဆေးဗူး နှစ်ဘူးနဲ့ မုန့်လေပွေလောက်ရှိတဲ့ ဖော့ပြားနှစ်ပြား တွေ့ရလေသည်။ ဆေးဗူးက သဘောင်္ဆေးဗူးနဲ့ ခပ်ဆင်ဆင်။ သူက သုံးပုံသုံးနည်းကို သေချာ ပြောပြလေသည်။

“ ဟင်.. ဒါဆို ကြွက်က ဒီဆေးမှာ ကပ်နေတော့ ကြောက်အားလန့်အားနဲ့ရုန်းမှာပေါ့၊ ဒုက္ခပါပဲ”

ပြောရင်းက မြန်မာပြည်မှာ သူငယ်ချင်းတစ်ယောက် ကြွက်ကို အဲဒီလို ကြွက်ကပ်ကော်နဲ့ဖမ်းတာ ကြွက်တွေက ရုန်းရင်းရုန်းရင်း သွေးသံရဲရဲ ဖြစ်တာ၊ အဲဒီနောက် ထွက်ပြေးတဲ့ အကောင်ကပြေး အဲလို ပြောပြဖူးတာ သတိရလိုက်ပြီး

“ မဖြစ်ဖူးထင်တယ်၊ ကြောက်စရာကြီး သူတို့ကို ဘယ်သူက ယူပြီး လွှင့်ပစ်ပေးမလဲ”

ပြောရင်းက အိမ်ဦးနတ်ကို အားကိုးတကြီး လှမ်းကြည့်တော့ မသိချင်ယောင် ဆောင်နေသည့်အပြင် တီဗွီကို သဲကြီးမဲကြီး ကြည့်နေလေသည်။

“ အမပဲ မသတ်ချင်ဘူးဆို၊ ဒီနည်းပဲ ရှိတယ်အမ၊ ညဖက် အိပ်ကာနီးမှ သူတို့ သွားတတ်လာတတ်တဲ့ နေရာမှာ ချထားလိုက်၊ အမ မပစ်ရဲရင် ကျမ မနက်လာခဲ့မယ်၊ အမအိမ်နဲ့ ကျမအိမ် နှစ်အိမ်စလုံး တစ်ပြိုင်ထဲ လုပ်မှ ရမှာလေအမရဲ့”

ဒီတော့မှ အိမ်ဦးနတ်က

“ သူများက ဝယ်လာပေးတာ ဘာစကားများနေလဲ ၊ ယူထားလိုက်၊ ပိုက်ဆံပေးလိုက်”တဲ့။

တစ်ခု ဘတ်(၂၀)နဲ့နှစ်ခု ဘတ်(၄၀) ပေးလိုက်ပြီး ကျေးဇူးပါပဲလို့ လေသံယဲ့ယဲ့ပဲ ပြောလိုက်နိုင်သည်။

အပေါ်ပြန်တက်ပြီး မီးပူ တိုက်နေရာက စိတ်ထဲမှာ ဘာကို မကျေနပ်မှန်း မသိပဲ မတင်မကျ ဒေါသထွက်နေရလေသည်။

 တဖြည်းဖြည်း ဟိုတွေးဒီတွေးနှင့် ဒေါသတွေက အိမ်ဦးနတ်ဆီသို့ ကျလေတော့သည်။

“ ငါကတော့ ငရဲပြည်ကိုသွားပေါ့၊ သူ့ကျတော့ သူတော်ကောင်းပေါ့လေ၊ “

စိတ်ထဲမှာ ဒီလိုပဲ ဖြစ်လာလေရာ တော်ပြီ မလုပ်ဖူး၊ အော် မလုပ်ပြန်ရင်လဲ ကြွက်တွေက ဒီ့ထက်မက သောင်းကျန်းတော့မှာ၊ တစ်ယောက်ယောက် လုပ်ပေးရင် ကောင်းမှာပဲ၊

 ဟင်း.. ယောင်္ကျားဖြစ်ပြီး သူလုပ်ပေးမယ်လို့ များပြောမလားလို့ အခုတော့ အားလုံး ငါပဲ၊ လုံးဝမကျေနပ်ဖူး။

အတွေးထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေမယ့် ကြွက်တွေကို မြင်ယောင်ပြီး၊ ငယ်ငယ်တုန်းက အဖွားတို့ရွာကို အလည်သွားစဉ်က မိုးတွင်းကြီး ဖြစ်လို့ လယ်ကွက်တွေ ရေတွေ ဖွေးနေတဲ့ အချိန် လယ်ကန်းသင်းရိုး ထင်ပြီး ဆင်းလိုက်တာ တူးထားတဲ့ မြေကျင်းထဲ ရေတွေအပြည့် ရှိနေတာ ဆင်းမိပြီး ရွှံ့နွံထဲက မနည်းရုန်းတက်ရတာ ပြန်မြင်လာလေရာ တော်ပြီ မလုပ်ဘူး လို့ ဆုံးဖြတ်လိုက်လေသည်။ အင်း.. မလုပ်ပြန်လဲ ဒီကြွက် ပြဿနာ ပြီးမှာမဟုတ် ဘယ်နဲ့လုပ်ရပါ့

အတွေးတွေက ဟိုရောက် ဒီရောက်၊ အိမ်ရှင်မဆိုတာက တစ်နေ့တစ်နေ့ မီးဖိုချောင်ထဲကနေ ငရဲပြည်ကို မျက်စောင်းထိုးနေရတာ ဘယ်နှစ်ကြိမ်လောက်တောင် ရှိမှာပါလိမ့်။

ပုစွန်ခြောက်တွေ ပုရွက်ဆိတ် တက်နေရင် လာထား  ချက်ချင်း မီးဖိုပေါ် ဒယ်အိုးတင် မီးပြင်းပြင်းနဲ့ တစ်ချက်နှစ်ချက် လှိမ့်လိုက်၊ အိုခေ ဆို ကျေနပ်လို့၊ ပုရွက်ဆိတ်တွေလဲ ပြေးတဲ့အကောင်ပြေး၊ ဒယ်အိုးထဲ အလှော်ခံရပြီး ပုစွန်ခြောက်နဲ့အပြိုင် ကောက်ကွေးသူကကွေးပေါ့၊

ကြည့်ပြီး စိတ်ထဲ မကောင်းပေမယ့် ကိုယ်မလုပ်ရင် ဘယ်သူလုပ်မလဲ၊ လွှင့်လဲ မပစ်နိုင်၊

ပိုဆိုးတာက ကလေးတွေ ငယ်ငယ်တုန်းက အဖြစ်ကို သတိရသေးသည်။

အိမ်ထဲမှာ ပုရွက်ဆိတ်ဖြစ်ဖြစ်၊ ခြင်ဖြစ်ဖြစ် တွေ့တာနဲ့ အိမ်ဦးနတ်က

“ လုပ်ဟ လုပ်ဟ ကလေးတွေ ကိုက်မယ်” ဆို

လက်က ရှုးရှဲဗူး( ပိုးသတ်ဆေးကို အလွယ်ခေါ်တာ) ကိုင်ပြီး လာထား ရှုးရှဲ၊

အဝတ်တန်းက အဝတ်တွေ၊ ကလေးအနှီးတွေ ရုတ်ရင်း ပုရွက်ဆိတ်တွေ့လို့ကတော့ ခါနိုင်သလောက်ခါတဲ့ ကြားက မကျေနပ်သေးရင် မီးပူနဲ့ ခပ်ပြင်းပြင်းတိုက်လိုက် ၊ ကလေးကို ကိုက်နေမယ် ဆိုတာမျိုးက ဘယ်နှစ်ကြိမ် မှန်းပင်မသိ။

 တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိရပြီး

ပါးစပ်ကနေ

“ ကဲ… ဒီအိမ်ရှင်မ ပုရွက်ဆိတ် ဘဝ နေလိုက်အုန်းပေါ့၊ ခြင်ဘဝ သွားနေလိုက်အုန်း”

အဲဒီလို ရွတ်လိုက်မိလေသည်။

အခုလဲ သူတို့က နေနိုင်လွန်းသည်။ ငါပဲ ဒီအကုသိုလ် အလုပ် လုပ်ရမယ်ပေါ့လေ၊ တစ်ခါတလေတော့ အနစ်နာခံပြီး လုပ်စေချင်လေသည်။ တစ်မိသားစုလုံးနဲ့ ဆိုင်တဲ့ ကိစ္စမှာ ငါတစ်ယောက်ထဲ ငရဲခံမလား၊ ဝဋ်လည်ခံမလား၊ တော်ပြီ တော်ပြီ၊ မီးပူတိုက်ပြီး အောက်ဆင်းသွားရင် အကုန်လုံးကို သိအောင် ပြောပစ်လိုက်မယ်။

“ ရေသောက်လိုက် ပြီးရင် ခနနား “

အိမ်ဦးနတ်က ကျမ မီးပူတိုက်ပြီးတိုင်း ပြောနေကျ စကားကို ပြောလေသည်။ သူ့ကြည့်ရတာ အေးအေးဆေးဆေး စိတ်လက်ပေါ့ပေါ့ပါးပါး ရှိလိုက်တာ။

  တစ်အောင့်နေ အဲဒီ ဆေးဗူးတွေ ဖော့ပြားတွေကို အိတ်တစ်အိတ်နဲ့ ထုတ်ပြီး အိမ်ရှေ့က အမှိုက်ပုံးထဲ သွားပစ်လိုက်”

ကျမက နားမလည်သလို သူ့မျက်နှာ လှမ်းကြည့်တဲ့အခါ

“ မလုပ်နဲ့ မလုပ်နဲ့ မိန်းမရေ မင်းလဲ ငရဲကြီးလိမ့်မယ်၊ ကိုယ်လဲ မလုပ်ဖူး၊ ဘယ်တော့မှ မလုပ်နဲ့ သတ္တဝါတစ်ခု ကံတစ်ခု၊ သူ့ဘာသာ သွားရင်လဲသွား၊ ဒါမှမဟုတ် တစ်ခြားနည်းလမ်း ရှာကြတာပေါ့”

စိတ်ထဲမှာ ဝမ်းသာတာရော အံ့ဩတာရော ကျေနပ်တာရော ရောပြွမ်းသွားလေသည်။

ကြွက်ကို ရှင်းထုတ်ဖို့ သောကထက် မရှင်းချင်တဲ့ သောကက ပိုကြီးသွားလို့လား မသိ၊ အတိုင်းမသိ ဝမ်းသာသွားလေသည်။ ကြွက်တွေ ဆက်ပြီး သောင်းကျန်းနေမှာကိုတောင် စိတ်ထဲ မပူတော့ပေ။

                ကျမရဲ့ အဖွားတွေ ပြောပြောပြတာ သွားပြီး သတိရမိလေသည်။ ကြွက်တွေ သောင်းကျန်းလို့ဆိုပြီး ကြွက်သိုက်ကို မီးရှိုတာ နောက်ရက်လဲ ရောက်ရော အဲဒီလူရဲ့ အဝတ်အစားတွေ အကုန်လုံး ကြွက်တွေက ကိုက်ထားတာ မွစာကြဲနေတာပဲ၊ တစ်ခုမှ အကောင်းမရဘူးတဲ့။ တိရိစ္ဆာန်ပေမယ့် သိနေသည်ထင့်။

                

အခုလဲ အဲဒီညက ပြောနေတာတွေပဲ ကြွက်တွေ ကြားသွားတာလား၊ တစ်ခုခုတော့ တစ်ခုခုပင်။

ထိုညက စပြီး မီးဖိုချောင်မီးကို ဖွင့်လိုက်ရင် ပြေးလွှားနေတာ မတွေ့ရတော့၊ ဒါတင်မက ခါတိုင်းဆို မနက်မိုးလင်းရင် လက်ဆေးကန်အပေါ်မှာ တင်ထားတဲ့ ပန်းကန်ဆေး ဆပ်ပြာရည်ဗူး၊ လက်ဆေးဆပ်ပြာထဲ့ထားတဲ့ ခွက်တွေ လက်ဆေးကန်ထဲ ပြုတ်ကျလို့ အမြဲ ကောက်တင်နေရတာ။ အခုတော့ ထားတဲ့အတိုင်း ပုံမှန်၊

တစ်ချိန်တုန်းက ကြွက်မရှိခင်က အချိန်အတိုင်း ဖြစ်လို့နေလေသည်။

သူတို့ လူစကားနားလည် သလား၊

သူတို့ကို ဖမ်းဖို့ ကြိုးစားတာပဲ သိသွားတာလား၊ ဒါမှမဟုတ် သူတို့ကို မသတ်ရက်ဘူးဆိုတာ သိလို့ ငြိမ်ငြိမ် နေပြတာလား။

တစ်ဖက်အိမ်ကို အလည်သွားရင်းပဲ အဲဒီအိမ်က အိမ်ရှင်မရဲ့ ဧည့်စာရင်းစစ်တဲ့ အထဲပဲ ပါသွားပြီလား။

ဘာပဲ ဖြစ်ဖြစ် အိမ်ရှင်မ ကျမကတော့ မီးခလုတ်ဖွင့်ပြီး မီးဖိုချောင်ကို ဝင်လိုက်တာနဲ့ ဖြတ်ကနဲ လန့်ပြီး ပြေးပြေးနေတဲ့ ကြွက်တစ်ကောင်ကို ရှာကြည့်တတ်တာ အကျင့်ဖြစ်နေလေတော့သည်။

 

 

                                                                                         ခိုင်ခိုင်စောလွင်

 

                                                        သရုပ်ဖေါ်ပန်းချီ ဒေါက်တာစန်းမြင့်