User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

(၁)

 

သူ လဲလျောင်းနေသည့် အခန်းငယ်သည် ပကတိ တိတ်ဆိတ် ငြိမ်သက်နေလေ၏။ အသံဗလံဟူ၍ သူ့ အသက်ရှုသံ ခပ်ပြင်းပြင်းမှ အပ အပ်ကျသံပင် မကြားရ။ ဤဆိတ်ငြိမ်မှုသည် သူ့စိတ်ကို တုန်လှုပ်ခြောက်ခြားစေ၏။ သူ့နှလုံးအိမ်ကို ညှိုးနွမ်းအားငယ်စေ၏။ သူ့အတွေးရေပြင်ကို ဘောင်ဘင်ခတ်စေ၏။

 

ထိုအခိုက်တွင် နွေဦးကာလ၌ တိုက်ခတ်လေ့ရှိသော လေပွေရူးကဲ့သို့ ဆောက်တည်ရာ မရ ဖြစ်နေသည့် အတွေးစိုင် အရှုပ်အထွေး တစ်ခုသည် သူ့ ထံပါးသို့ ရုတ်ခြည်း ချဉ်းကပ်လာလေ၏။ “ဖွင့်ပြောလိုက်ရင် ကောင်းမလား” ဟု သူ စဉ်းစားမိသည်။ မဟာသမုဒ္ဒရာ အောက်ခြေရှိ အသူတစ်ရာ နက်သော ချောက်နက်ကြီးထက်ပင် သာ၍ နက်ရှိုင်းသည့် သူ၏ ချစ်ခြင်းတရားကို မြတ်နိုးရသူအား သိစေချင်သည်မှာ အမှန်ပင် ဖြစ်ပါသည်။

 

စင်စစ် အချစ်ဟူသည်မှာ သူ့အဖို့ ဆန်းကြယ်သော အရာ တစ်ခု မဟုတ်။ အချစ်ဟု ဆိုခြင်းထက် ဆန့်ကျင်ဘက်လိင် မိန်းမသားဟု ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။ သူ့ ဘ၀တစ်လျှောက်တွင် “ချစ်ခြင်းတရား” ဟု သူ ကိုယ်တိုင် ထင်မြင်ယူဆခဲ့သော ဖြစ်စဉ်ဖြစ်ရပ်တို့ မနည်းလှတော့။ ပျော်ရွှင်ကြည်နူးခြင်းတို့ အတိပြီးသည့် နေ့ရက်များကို ပိုင်ဆိုင်ဖူးသလို၊ လေးလံထိုင်းမှိုင်းခြင်းတို့ ဖုံးလွှမ်းသည့် ညပေါင်းများစွာကိုလည်း ရင်ဆိုင်ဖြတ်သန်းခဲ့ဖူးပြီ ဖြစ်သည်။ အကောင်း၊ အဆိုးတို့ကို အချိုးချကြည့်လျှင်မူ အမှောင်ညဘက်တွင် အလေးသာနေသည်ကို သူ တွေးမိပါသည်။

 

(၂)

 

သူ့ ဘ၀တွင် ပထမဆုံး ကြုံတွေ့ခဲ့ဖူးသော ချစ်ခြင်းတရားကို ပြန်ပြောင်း တွေးမိပြန်သည်။ သူ့ ငယ်ချစ်ဦးမှာ သူ့ အဒေါ်ကောလိပ်ကျောင်းသူ၏ သူငယ်ချင်း ဖြစ်၏။ ထိုအကြောင်းကို ပြန်လည်တွေးလိုက်လျှင် သူ ကလေး ပြန်ဖြစ်သွားလေ၏။ ထိုစဉ်က သူ့ အသက်မှာ ခုနစ်နှစ်ကျော်မျှသာ ရှိသေးသည်။

 

တစ်ခုသော နွေဦးကာလ ကောလိပ်ကျောင်းပိတ်ရက်ဝယ် သူ့ အဒေါ်၏ သူငယ်ချင်းတစ်စုသည် သူတို့ မိသားစု နေထိုင်ရာ မြို့ကလေးသို့ အလည်အပတ် ရောက်ရှိလာလေ၏။ သူ့ အဒေါ်၏ သူငယ်ချင်း တစ်သိုက်သည် သူတို့ မိသားစု ပိုင်ဆိုင်သည့် လိမ္မော်ခြံတွင် အခြေစိုက်ပြီး ပျော်ပွဲဆင်ယင်ကြ၏။ သူတို့ အိမ်ကလေးကို ရစ်ခွေပြီး တငြိမ့်ငြိမ့် တသိမ့်သိမ့် စီးဆင်းနေသော ဒုဋ္ဌ၀တီမြစ်တွင် ရေကစားရင်း မြူးတူးကြ၏။  

 

သူ့ အဒေါ်၏ သူငယ်ချင်းများ အနက်မှ တစ်ဦးသော အမျိုးသမီးသည် သူ့ကို အတော်ပင် ခင်တွယ်ပြီး အရေးပေး၏။ လိမ္မော်ပင်တွင် ရစ်ဖွဲ့နေသည့် ကျီးပေါင်းများ အကြောင်းကို သူ ရှင်းပြလျှင် ထို “မမ” ခမျာ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ လိမ္မော်ပင်တန်းကို အသိုက်ဖွဲ့၍ နေထိုင်သော ရွှေပင့်ကူများကို “မမ”က သူ့ အတွက် တံချူဖြင့် ထိုးချပေးသေးသည်။

 

တစ်ခုသော နေ့လယ်ခင်း၌ သူတို့နှစ်ဦးသည် နေကြာပန်းရိုင်းပွင့်ခြောက်များကို ဖလ်သားစိုင်ကဲ့သို့ ကြည်လင်တောက်ပသော ဒုဋ္ဌ၀တီမြစ်ရေပြင်တွင် မျှောချခဲ့ဖူးသည်ကို အမှတ်ရမိပြန်သည်။ နေကြာပန်းရိုင်းပွင့်ခြောက်များမှာ အသက်ကင်းမဲ့နေပြီး ဖြစ်သော်လည်း အလှတရား အနည်းငယ် ကြွင်းကျန်ရစ်နေဆဲပင် ဖြစ်၏။ ပွင့်ဖတ်ခြောက်များကို မြစ်ရေတွင် မျှောချနေစဉ် အရှိန်လွန်ပြီး မြစ်ထဲသို့ သူ ရုတ်တရက် လိမ့်ကျသွားလေ၏။ ရေစီးသန်သည့် မြစ်ရေတွင် ဒခေါက်ခေါက်ကွေး မျောပါသွား၏။ နှာခေါင်းအတွင်း တိုးဝင်လာသည် မြစ်ရေကြောင့် အသက်ရှု ရပ်လု မတတ် ဖြစ်သွား၏။ အသိအာရုံ အလုံးစုံ ဆုံးရှုံးလု မတတ် ဖြစ်သွားပြီး အမိုက်တိုက်ကြီး ဖုံးလွှမ်းသွားသည်ကိုသာ သူ မှတ်မိတော့သည်။

 

သူ သတိပြန်ရသည့် အခိုက်တွင်မူ “မမ” က သူ့ကို တယုတယ ထွေးပွေ့ထားသည်ကို သိလိုက်ရ၏။ သူ ၀မ်းနည်းသလိုလို၊ ကြောက်သလိုလို ဖြစ်မိပြီး တစ်ရံတစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိသော မိခင်ကို တမ်းတကာ ငိုမိတော့သည်။ မျက်ရည်စတို့ ကပ်ငြိနေသည့် သူ့ ပါးပြင်ထက်သို့ “မမ” ၏ နွေးထွေးနူးညံ့သော ထွက်သက် လေညင်း ဖြတ်သန်း တိုက်ခတ်လာသည်ကို သူ သိလိုက်ရသည်။ “မမ” ကို သူ ဖက်တွယ်ထားရင်း “မမ” ၏ နုညက်သော ပါးပြင်ကို သူ့ ထွက်သက် အစုံကို လွှတ်မိသည်။ သူ “မမ” ကို ချစ်မိသွားလေပြီ။ ထိုအကြောင်းကို တွေးမိပြန်လျှင် သူ ရှက်စနိုး ဖြစ်ရတော့သည်။

 

ကံကြမ္မာသည် ပျော်ရွှင်ဖွယ် နေ့ရက် အချို့ကို ဖန်ဆင်းပေးခဲ့ပြီးနောက် လှည့်ကွက် တစ်ခုကိုလည်း ဆောင်ကြဉ်းခဲ့လေ၏။ ကျောင်းပြန်ဖွင့်တော့မည်ဖြစ်သဖြင့် “မမ” တို့ ပြန်ရတော့မည်ကို သူ ကြားရသည့်အခါ နေမထိထိုင်မသာ ဖြစ်ရတော့သည်။ “မမ” နှင့် မခွဲလို။ “မမ” ကို မပြန်စေချင်သေး။ “မမ” ကို သူနှင့် အတူ ရှိစေချင်သည်။

 

သို့နှင့်ပင် “မမ” တို့ ပြန်မည့် နေ့သို့ ရောက်ခဲ့၏။ သူ ဆောက်တည်ရာ မရ ဖြစ်သွားလေ၏။ “မမ” တို့ ဘူတာသို့ သွားရန် ပြင်ကြလေပြီ။ ထိုအခိုက်တွင် သူ စိတ်ကူးတစ်ခု ရလာသည်။ “မမ” ၏ ဖိနပ်ကို ၀ှက်ထားလိုက်လျှင် “မမ” ဘူတာသို့ သွားနိုင်မည် မဟုတ်၊ အနည်းဆုံး ရထား မမီ ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် “မမ” နှင့် သူ အချိန်ကာလ အနည်းငယ်ခန့် ကြာအောင် အတူရှိခွင့် ရမည် မဟုတ်လော။ “မမ” ၏ ပုံတော်ဖိနပ်ကလေးကို လှေကား တံခါးပိတ်နောက်တွင် သူ ၀ှက်ထားလိုက်၏။

 

ဘူတာသို့ သွားခါနီး ဖိနပ်ရှာပုံတော်ဖွင့်နေသူ “မမ” တို့ လူသိုက်ကို ကြည့်၍ သူ့ အကြံ အောင်ပြီ ဟု တွေးနေခိုက်တွင်  “ကဲ … မရွှေစာ . ဖိနပ် ရှာလို့ မတွေ့ရင်လဲ ထားလိုက်တော့။ ငါ့ ဖိနပ်ကိုသာ ယူပြီး စီးသွားချေ” ဟု သူ့ အဒေါ် အော်ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် သူ့ မျှော်လင့်ချက် အားလုံး ပျောက်ကွယ်သွားလေပြီ ဟု သိလိုက်ရသည်။ ကံကြမ္မာသည် သူ့ကို မျက်နှာသာ မပေး။ သို့ဖြင့် “မမ” နှင့် သူ နှင့် ဝေးခဲ့ရသည်။ သို့သော် “မမ” ကို သူ ယနေ့အထိ အမှတ်ရနေဆဲ ဖြစ်သည်။

 

ခုနစ်ခန့် ကြာမြင့်ပြီးနောက်တွင် ဒုတိယအချစ်ကို သူ ရှာဖွေ တွေ့ရှိခဲ့လေ၏။ တကူးတက လိုက်လံရှာဖွေခြင်းမျိုး မဟုတ်ပါ။ ကျူရှင်သွားရင်း အမှတ်မထင် တွေ့ရှိခဲ့ခြင်းသာ ဖြစ်ပါသည်။ န၀မတန်း ကျောင်းသား ဘ၀တွင် အက္ခရာ သင်္ချာဘာသာရပ်သည် သူ့ကို သည်းစွာ နှိပ်စက်၏။ ထိုအခိုက်ဝယ် သူ့ အတန်းဖော် မိန်းကလေးတစ်ဦးက အက္ခရာသင်္ချာပုစ္ဆာများကို ဖြေရှင်းရာတွင် အကူအညီပေး၏။

 

အက္ခရာသင်္ချာပုစ္ဆာပါ X နှင့် Y တို့ ဆက်စပ်မှုကို မိန်းကလေးက သူ့ကို ရှင်းပြနေစဉ်မှာပင် သူ့ ရင်ထဲ၌ ဘာမှန်း မသိဘဲ ပေါက်ဖွားသော X ဟူသည့် ချစ်ခြင်းတရားနှင့် ထိုမိန်းကလေး၏ ရင်တွင်းမှ Y တို့ တစ်နည်းတစ်ဖုံ နားလည်မှု ရသွားသည်ဟု သူ ထင်မိတော့သည်။ သူ့အထင်မှာ ငါးပါးမှောက်မည့် အထင်ဖြစ်ကြောင်းကို သူ မသိ။

 

မိန်းကလေးက သဘောရိုးဖြင့် စာရှင်းပြသည်ကို သူက သဘောဆိုးဖြင့် တွေး၍ သူ ကြည့်ဖူးသော ပေါချာချာ အချစ်ဇာတ်ကားများထဲမှ ဇာတ်လိုက်၏ ချစ်ရေးဆိုနည်း အတိုင်း လက်တွေ့ ဆောင်ရွက်ရန် အလို့ငှာ အက္ခရာသင်္ချာစာအုပ်ထဲတွင် I LOVE YOU ဟု ရေးချလိုက်ပြီး၊ ကျောင်းဝန်းထဲမှ ခူးယူလာသည့် စွယ်တော်ရွက် တစ်ရွက် ညှပ်ကာ မိန်းကလေး၏ အရှေ့တွင် ခပ်ရို့ရို့ရပ်၍ “ဒီပုစ္ဆာကို ဖြေရှင်းပေးပါ” ဟု ကဗျာဆန်ဆန် ဆိုလိုက်မိသည်။

 

သဘောကောင်းသူ မိန်းကလေးသည် သူ၏ အကူအညီ တောင်းခံမှုကို ဖြေရှင်းရန် စာအုပ်ကို မဆိုင်းမတွ ဖွင့်ကြည့်လိုက်လေ၏။ ထို့နောက်တွင် မိန်းကလေး၏ နူးညံ့အိစက်သော လက်ဖ၀ါးပြင်နှင့် သူ့ ပါးပြင်တို့ မိတ်ဆက်သံ ဖြောင်ခနဲ ကြားလိုက်ရလေ၏။ သူ့ ရင်တွင်းမှ X နှင့် မိန်းကလေး၏ ရင်တွင်းမှ Y တို့၏ ဆက်စပ်ဟန် မတူချေ။ ဒုတိယမ္ပိ အချစ်ဇာတ်လမ်းမှာ ဘာမှန်း မသိလိုက်ရပါဘဲနှင့် နိဌိတံခဲ့လေသတည်း။

 

ဤသို့နှင်နှင် ကြုံရသော်လည်း အချစ်ကို သူ ရှာဖွေနေဆဲပင် ဖြစ်သည်။ တက္ကသိုလ်သို့ ရောက်ရှိချိန်တွင် တတိယမြောက် အချစ်ကို သူ တွေ့ရှိခဲ့လေ၏။ ထို မိန်းကလေးမှာ သူနှင့် မေဂျာတူ ကျောင်းသူ ဖြစ်သည်။ သူ့လိုပင် နယ်မှလာ၍ ကျောင်းတက်နေသူ ဖြစ်သည်။ ထို မိန်းကလေးကို မြင်ခါစက သူ့ ရင်ထဲတွင် ခံစားချက်ဟူ၍ ဘာ တစ်ခုမျှ မရှိသေး။ သာမန် သိကျွမ်းကြရုံ အဆင့်သာ ဖြစ်သည်။

 

တစ်နေ့တွင် သူ အပန်းဖြေရိပ်သာကို ကွေ့ပတ်ပြီး ၀ိဇ္ဇာအဆောက်အအုံသို့ သွားနေစဉ် ထိုမိန်းကလေးကို ၀ိဇ္ဇာလမ်း စင်္ကြန်တွင် မထင်မှတ်ဘဲ တွေ့လိုက်ချိန်၌ အလှတရားကို သူ နားလည်လိုက်သည်။ သူ့ ရင်တွင်းဝယ် အချစ်တစ်ခု ပေါ်ထွန်းလာပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထို့နောက်တွင် စာပေးခြင်း၊ ဂစ်တာတီးခြင်း အစရှိသည့် သမားရိုးကျ လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းပြီး နှစ်ဦးသဘောတူ သမီးရည်းစား ဘ၀သို့ ရောက်ခဲ့ကြ၏။

 

ဘွဲ့နှင်းသဘင်လမ်း၊ အဓိပတိလမ်း၊ ဂျပ်ဆင်လမ်း၊ စစ်ကိုင်းလမ်း၊ ဒဂုံလမ်း၊ ပုဂံလမ်း အစရှိသည့် လမ်းတိုင်းတွင် သူတို့၏ ခြေရာများ ဒင်းကြမ်းတိုက်သွားလေ၏။ ကျောင်းပြီးလျှင် တည်ဆောက်ကြမည့် အနာဂတ်ဘ၀ ပန်းချီကားကို စိတ်ကူးယဉ် စုတ်တံဖြင့် နှစ်ဦးသား အတူတကွ ဆေးခြယ်သ၏။ သည်လိုနှင့်ပင် လွမ်းမော ကြည်နူးဖွယ်ကောင်းသော နွေဦး သုံးခုခန့်ကို ဖြတ်ကျော်ခဲ့ကြ၏။

 

ကျောင်းပြီး၍ အိမ်ပြန်ရတော့မည့် အချိန်တွင် မိန်းကလေးက မိဘများက သဘောမတူကြောင်းနှင့် မိဘတို့၏ အလိုကို ငြင်းဆန်ရန် မစွမ်းသာကြောင်း သူ့ကို အသိပေးလာသည်။ သည်အကြိမ်တွင်လည်း ကံကြမ္မာသည် သူ့ကို မျက်နှာသာ မပေးပြန်။ ပျော်ရွှင်ခဲ့ရသော နွေဦးကာလများမှာ အဟောသိကံ ဖြစ်ခဲ့ရလေပြီ။ သိလျက်နှင့် အသိ မပေးခဲ့သူ မိန်းကလေးကို သူ အပြစ် မတင်ရက်။ ကံကြမ္မာကို သူ  ကျိန်ဆဲမိသည်။ မျှော်လင့်ချက်တစ်ခု သေဆုံးသွားခြင်း၏ အဆုံးတွင် သူ့ ဘ၀ရွက်လှေကို လေသင့်ရာ လွှင့်ခဲ့လေ၏။

 

(၃)

 

ရောက်တတ်ရာရာ စဉ်းစားနေခိုက်တွင် သူ့ ညာဘက် ဒူးဆစ်မှ စူးရှပြင်းထန်သော ဝေဒနာကို ခံစားလိုက်ရသဖြင့် တွေးလက်စ အတွေးကို လက်စသတ်လိုက်သည်။ ညာဘက် ဒူးဆစ်သည် နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ခါနေ၏။ တုန်ခါမှု၏ နောက်တွင် စူးရှ ပြင်းထန်သည့် ဝေဒနာက နောက်ဆက်တွဲ လိုက်ပါလာ၏။ သူ့ ဘယ်ဘက် ဒူးဆစ်မှာ ကျောက်သားစိုင်ပမာ ဖြစ်နေလေသဖြင့် မည်သည့် ခံစားမှုကိုမျှ မသိရ။

 

နာကျင်မှုကြောင့် ရေငတ်လာသည်။ ညာဘက်ဒူးဆစ်မှ တရိပ်ရိပ် ထိုးတက်လာသည် စူးရှနာကျင်မှုသည် ပေါင်ရင်းသို့ ရောက်လာလေပြီ။ ရှိသမျှ အင်အားတို့ကို စုစည်း၍ နာကျင်မှုကို အံတုရန် ကြိုးစားကြည့်သည်။ နာကျင်မှုနှင့် ယှဉ်တွဲပါလာသည့် ရေငတ်ခြင်းသည် သည်းစွာ နှိပ်စက်လေ၏။ သွေးကြောတို့ ပေါက်ထွက်မည့် အလား၊ အရေပြားလွှာများ ပွင့်ကန် လွင့်စဉ် ထွက်တော့မည့် အလား ခံစားရသည်။ အသက် ပြင်းပြင်း ရှုသွင်းလိုက်သော်လည်း မအောင်မြင်။ ကုတင် နံဘေးရှိ စားပွဲငယ်ပေါ်ရှိ အကိုက်အခဲပျောက်ဆေးနှင့် ရေပုလင်းသည် သူ ဝေဒနာ ခံစားနေရသည်ကို မသိကျိုးကျွန် ပြုနေလေ၏။

 

ခန္ဓာကိုယ် အောက်ခြေမှ တရိပ်ရိပ် တက်လာသော ဝေဒနာသည် ကျောပြင်သို့ ရောက်ရှိ လာလေပြီ။ စားပွဲငယ် ရှိရာသို့ သူ စောင်းငဲ့၍ ကြည့်လိုက်သည်။ စားပွဲပေါ်မှ ဆေးပုလင်းကို လှမ်းယူရန် ကြိုးစားပြန်သည်။ ရေငတ်လွန်းသဖြင့် အားအင်တို့ မရှိတော့ပြီ။ သူ့ ခန္ဓာကို သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်းကို သတိရလာသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်၏။

 

ဝေဒနာကို ကြိတ်မှိတ် ခံစားနေရင်း သူ မြတ်နိုးသော မိန်းကလေးကို တမ်းတမိတော့သည်။ မိန်းကလေးမှာ သူနာပြု မိန်းကလေး ဖြစ်သဖြင့် သူ ခံစားနေရသည့် ဝေဒနာကို သက်သာရာ ရအောင် ကုစားပေးနိုင်လိမ့်မည် ဟု သူ ယုံသည်။ ထိုမျှသာမက သူ့ အနားတွင် သူနာပြု မိန်းကလေး ရှိနေခဲ့လျှင် သူ ကြိုက်သည့် Kenny Roger ၏ Just Dropped In သီချင်းကို တိုးတိုးကလေး ဖွင့်ပေးထားပေလိမ့်မည်။ မိန်းကလေး ရှိနေလျှင် အရာခပ်သိမ်း ငြိမ်းချမ်းသွားပေလိမ့်မည်။ ဝေဒနာကို ကဗျာဆရာတို့ လိုအပ်သည့်အလား၊ မိုးစက်များကို ပန်းပွင့်တို့ လိုအပ်သည့်အလား သူနာပြု မိန်းကလေးကို သူ လိုအပ်သည်။ သူ့ နံဘေးတွင် မိန်းကလေး အချိန်တိုင်း ရှိနေစေရန် တောင့်တမိသည်။

 

ဤ သူနာပြု မိန်းကလေးကို သူ ဘာကြောင့် ချစ်မိသွားသည်ကို သူ ရေရေရာရာ မပြောနိုင်။ မသိနားမလည်ခြင်းသည် အချစ်ဖြစ်သည် ဟူသည့် ဆိုရိုးစကားပင် ရှိသေးသည် မဟုတ်လော။ စင်စစ် သူနာပြု မိန်းကလေးကို သူ ဖွင့်ပြောရန် ကြံရွယ်ခဲ့သည်မှာ ကာလ အတန်ပင် ကြာခဲ့ပြီ ဖြစ်သည်။ သို့သော် ဖွင့်ပြောမည်ဟု ကြံလိုက်တိုင်း သူ့ စိတ်တို့ ဇဝေဇ၀ါ ဖြစ်သွား၏။ ကံကြမ္မာကို သူ စိန် မခေါ်ဝံ့တော့။

 

သူ့ ရင်တွင်းမှ ချစ်ခြင်းမေတ္တာကို ဖွင့်ဟ ဖော်ထုတ်လိုက်လျှင် မိန်းကလေး  စိတ်ကွက်သွားမည်မှာ သေချာသည်။ သို့ဖြစ်လျှင် သူ ယခု ရရှိလက်စ နွေးထွေးမှုတို့ ကွယ်ပျောက်သွားချေလိမ့်မည်။ ဘာမျှ မရေရာ မသေချာသော ပက်သက်မှု တစ်ခု ပျက်သုဉ်းရပေလိမ့်မည်။ ဤသို့ဖြစ်သွားမည်ကို သူ မလိုလား။ မစခင်ကတည်းက ရှုံးနိမ့်နေသည့် ကစားပွဲကို သူ မကစားလို။

 

စင်စစ် သူနှင့် သူနာပြုမိန်းကလေး၏ ဆက်ဆံရေးကို ရိုးရှင်းပြတ်သားစွာ ဖွင့်ဆိုရလျှင် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးမျှသာ ဖြစ်သည်။ လူနာနှင့် သူနာပြုတို့ အကြား အခကြေးငွေဖြင့် ဖွဲ့ချည်အပ်သော  ဆက်နွယ်မှုမှ လွဲ၍ မည်သည့် နှောင်ကြိုးမျှ မရှိ။ သည့်ထက် ပို၍ ဆိုးသည့် အချက်က မိန်းကလေးမှာ သူ့ သမီးအရွယ် ဖြစ်နေခြင်းကြောင့် ဖြစ်၏။ အသက်ခြောက်ဆယ်ကျော် သက်ကျားအိုက မိန်းကလေးငယ် တစ်ဦးအား ချစ်ရေးဆိုခြင်း ဆိုသည်မှာ မည်သည့်နည်းနှင့်မှ မဖြစ်သင့်ဟု သူ ယူဆသည်။ ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုကို သူ့ သားသမီးများ ခံစားရမည်ကို သူ မကြားလို၊ မမြင်လို။ လောက၏ စည်းမျဉ်းကလနားတို့ကို သူ မလွန်ဆန်ဝံ့။

 

(၄)

 

တစ်စထက်တစ်စ ရှုပ်ထွေးလာသော အတွေးမျှင်တန်းကြောင့် နာကျင်မှုဝေဒနာကို မေ့လျော့သွား၏။ မရေရာသော စိတ်ကူးတို့ကို ရုပ်သိမ်း၍ သူ အတွေးခရီးစဉ်ကို အတိတ်နယ်သို့ ရွက်လွှင့်လိုက်ပြန်သည်။

 

ကျောင်းတော်ကြီးကို ကျောခိုင်းခဲ့ပြီးနောက်တွင် သူ ဇာတိမြို့သို့ မပြန်ဘဲ ဖြစ်ချင်ရာဖြစ်ဟု သဘောထား၍ သူငယ်ချင်းများ ရှိရာ နယ်စပ်ဒေသသို့ လိုက်သွား၏။ ထိုဒေသတွင် ကျင်လည် နေထိုင်ရင်း သစ်မှောင်ခို လုပ်ငန်းရှင် တစ်ဦးနှင့် ရင်းနှီးသွားပြီး သစ်မှောင်ခိုလုပ်ငန်းသို့ ခြေစုံပစ်၍ ၀င်လိုက်သည်။ သစ္စာရှိခြင်း၊ လုပ်ငန်းတွင် လာဘ်မြင်ခြင်းတို့ကြောင့် သစ်မှောင်ခို လုပ်ငန်းရှင်က သူ့ကို တူသားရင်းခြာနှယ် သဘောထား၍ လုပ်ငန်း ခွဲဝေ ပေး၏။ သို့နှင့် သူ အသက်သုံးဆယ် မပြည့်မီတွင် လက်ဖျား ငွေသီးသော သစ်မှောင်ခိုပေါက်စ ဖြစ်လာလေ၏။

 

တစ်နေ့ သူ သစ်ကွင်းမှ အပြင်တွင် အပြင်းဖျား၏။ အဖျားရှိန်တက်၍ မေးတဂတ်ဂတ် ရိုက်နေသည့် သူ့ကို သူ့ ကျေးဇူးရှင် သစ်မှောင်ခိုသူဌေး၏ သမီးထွေးက တယုတယ ပြုစုသည်။ အဖျားပျောက်ပြီးနောက်တွင် အိမ်ထောင်ပြုရန် အရွယ်ရောက်ပြီ ဟု သူ စဉ်းစားမိသည်။ သို့နှင့် သူ့ သူဌေး၏ သမီးကို လွယ်ကူရိုးစင်စွာ ရင်ခုန်ခြင်း ကင်းမဲ့စွာ ချစ်ရေးဆိုလိုက်၏။ မကြာမီ သူတို့ လက်ထပ်လိုက်ပြီး သစ်လုပ်ငန်းကို ဇောက်ချပြီး သူ့ဘ၀ကို တစ်စထက်တစ်စ ခိုင်မာလာအောင် တည်ဆောက်နေခဲ့လေ၏။

 

လိုအပ်ချက်ကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း သူ့ ဇနီးကို သူ တကယ်ပင် ချစ်သည်ဟု ထင်သည်။ အခြား လုပ်ငန်းရှင်များကဲ့သို့ အရှုပ်အထွေး မရှိရလေအောင် ကောင်းစွာ ဆင်ခြင်၍ နေသည်။ သို့ကြောင့် သူ့ ယောက္ခမ၏ လုပ်ငန်း အားလုံးကို အောင်မြင်စွာ လွှဲပြောင်းရရှိခဲ့လေ၏။ သူ့ သားငယ်နှစ်ဦးကို အကောင်းတကာ့ အကောင်းဆုံး ကျောင်းတွင် တက်စေသည်။ သူ့ ဇနီးနှင့်လည်း ပြဿနာဟူ၍ မြူမှုန်မျှ မရှိရလေအောင် ဆင်ခြင်ပြီး နေနိုင်သည်။ ခြုံ၍ ကြည့်လိုက်လျှင် သူ့ဘ၀ လည်ပတ်မှုမှာ ပုံသေကားကျနိုင်သော်လည်း အတော်ပင် ဖြောင့်ဖြူးခဲ့ပါ၏။ အပ်ချုပ်စက် စက်သံကဲ့သို့ စည်းချက်မှန်မှန် လည်ပတ်နေသော ဘ၀ဟု ဆိုသော် ဆိုရကောင်းသည်။

 

သူ့ ဇနီးသည် ကွယ်လွန်ပြီးနောက်တွင် သူ့ဘ၀ ချိန်သီး လည်ပတ်မှု စည်းချက် လွဲချော်လာလေ၏။ သားကြီးဖြစ်သူမှာ နိုင်ငံရပ်ခြားတွင် ပညာသင်သွားရင်း တစ်ပြည်သူနှင့် အိမ်ထောင်ကျပြီး ပြန်မလာတော့။ သို့ဖြစ်၍ သားငယ်ဖြစ်သူကို နယ်မှ လုပ်ငန်းများ ဦးစီးရန် စေလွှတ်ရပြန်သည်။ သို့နှင့် သူ၏ မိသားစုဘ၀ ပြိုကွဲခဲ့ရလေ၏။  

 

သူ့ဘ၀၏ လက်ကျန်နှစ်များကို တစ်ဦးတည်း ဖြတ်သန်းနေစဉ် တစ်ခုသော ဆောင်းဦးညနေချမ်း၌ လေဖြတ်သဖြင့် သူ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း တစ်ပိုင်းသေပြီး ဒုက္ခိတ ဖြစ်ခဲ့ရ၏။ သားငယ် ဖြစ်သူမှာ နယ်စီးပွားရေးလုပ်ငန်းများကို ဦးစီးနေရသဖြင့် သူ့ကို မပြုစုနိုင်၊ သားကြီးဖြစ်သူမှာလည်း နိုင်ငံသားအဖြစ် စွန့်လွှတ်လိုက်ပြီ ဖြစ်သဖြင့် မွေးရပ်မြေသို့ ပြန်လာရန် အခြေအနေ မပေး။ ထို့ကြောင့် အိပ်ရာထက်တွင် လဲနေသော သူ့ကို ပြုစုရန် သူနာပြုမိန်းကလေးကို အချိန်ပြည့် ငှားရမ်းထားခြင်း ဖြစ်သည်။

 

သူနာပြု မိန်းကလေးမှာ အခကြေးငွေဖြင့် လုပ်ကိုင်နေခြင်းဖြစ်သော်လည်း သူ့ အပေါ် စေတနာ ထား၍ ဆက်ဆံသည်။ မိခင်က သားငယ်ကို ပြုစုသကဲ့သို့ ကောင်းစွာ ကြည့်ရှု၏။ ထိုကဲ့သို့ ပြုစုယုယခြင်းကို သူ့ဘ၀တွင် တစ်ခါမျှ မခံစားခဲ့ရလေသဖြင့် မိန်းကလေးကို သူ အထူးပင် ခင်တွယ်မိသည်။ သို့နှင့် မိန်းကလေးမှာ သူ့ ဘ၀၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့လေ၏။ သူ့ဘ၀သက်တမ်း၏ နောက်ဆုံး အပိုင်းအခြားတွင် ကြုံရသည့် ခံစားမှုကို သူ အထူးပင် မြတ်နိုးသည်။ ထိုမှစ၍ သူ့ ရင်တွင်း၌ နောက်ဆုံးချစ်ခြင်း ဖြစ်တည်ခဲ့လေ၏။ ဤချစ်ခြင်းမှာ သူ့ ဘ၀၏ အစစ်မှန်ဆုံး ချစ်ခြင်း ဖြစ်သည်ဟု သူ ထင်သည်။

 

(၅)

 

အတိတ်နှင့် ပစ္စုပ္ပန် အကြား ခရီးလှည့်လည်နေသော အတွေးစတို့ကို ရုပ်သိမ်း၍ ဘေးဘီကို သူ ကြည့်လိုက်သည်။ မိန်းကလေး ပြန် မရောက်သေး။ မိန်းကလေး အပြင်ကို ထွက်သွားတာ ကြာလှပြီ ဟု စိတ်ဖြင့် ရေရွတ်မိသည်။ သူ့ အမူအယာ ပျက်နေသဖြင့် မိန်းကလေး ရိပ်မိပြီး သူ့ကို စွန့်ခွာသွားခြင်းလော သို့တည်းမဟုတ် သူ့ မမြင်ကွယ်ရာတွင် တစ်ပါးသူနှင့် တီးတိုးစကား ဆိုနေခြင်းလော သို့တည်းမဟုတ် မိန်းကလေးတွင် ရည်ရွယ်ထားသူ ရှိနှင့်ပြီး ဖြစ်သလော … သို့လော သို့လော … သူ အတွေး နယ်ချဲ့မိသည်။ အတ္တလောင်စာဖြင့် ဖွဲ့တည်သော သောကမီးလျှံသည် သူ့ တစ်ကိုယ်လုံးကို ပြင်းစွာ လောင်မြိုက်၏။

 

စစ်စစ် သူ့ ဘ၀မှာ ဘာမျှ မရေရာ။ အသက်ရှင်ရန် ရက် အနည်းငယ်ခန့်သာ ကျန်တော့သည်ကို သူ တွေးမိသည်။ ထိုအသိစိတ်က သူ့ကို ခြောက်ခြားစေ၏။ သူ တစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်မှ ဖြစ်ချေလိမ့်မည်ဟု တွေးမိသည်။ ချီတုံချတုံ ဖြစ်ရသည့် သဘော သဘာဝကို သူ တစ်စက်ကလေးမှ မကြိုက်။

 

မိန်းကလေးကို သူ ချစ်မြတ်နိုးခြင်းမှာ စစ်မှန်ပါ၏လော ဟု သူ့ ဖာသာ မေးခွန်းထုတ်ပြီး သူ ကိုယ်တိုင် ဖြေဆို၍ သူ့ ဟာသူ  စစ်ဆေး ကြည့်လိုက်လျှင် အချစ်သာသာရပ်၌ ဂုဏ်ထူးထွက်နေသည်ကို တွေ့ရ၏။ မိန်းကလေးကို သူ ဖွင့်ပြောရန် ဆုံးဖြတ်ချက် ချလိုက်လေပြီ။ ဖွင့်ပြောမည်ဟု ကြံရွယ်ခြင်းမှာ မိန်းကလေး၏ ချစ်ခြင်း မေတ္တာကို တုံ့ပြန် ရယူလို၍ မဟုတ်။ သူ့ ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံး အနေဖြင့် ရလိုက်သော ချစ်ခြင်းမေတ္တာကို မိန်းကလေး သိစေရန်သာ ဖြစ်ပါသည်။

 

အကယ်၍ မိန်းကလေး စိတ်ဆိုးသွားလျှင် သူ ကျေကျေနပ်နပ် ရင်ဆိုင်ရင်း သေမင်းကို အထီးကျန်စွာ စောင့်စား နေလိုက်တော့မည် ဟု သူ စိတ်ပိုင်းဖြတ်လိုက်သည်။ ပတ်ဝန်းကျင်က ကဲ့ရဲ့လျှင်လည်း အရွယ်သုံးပါး မရွေး ဖြစ်ပေါ်နိုင်သည့် ချစ်ခြင်းတရားကို နားမလည်သော လူ့ အဖွဲ့အစည်းကို ဟားတိုက် ရယ်မောရင်း နေလိုက်ရုံသာ ရှိသည်ဟု သူ တွေးလိုက်သည်။

 

(၆)

 

အခန်းဝမှ ခြေသံလိုလို ကြားလိုက်ရသည်။ သူ ခေါင်းထောင်၍ ကြည့်ရန် ကြိုးစားသည်။ သို့သော် သူ့ ခန္ဓာမှာ လှုပ်၍ မရတော့။

 

သူနာပြုမိန်းကလေးသည် သူ့ အနားသို့ ၀ါဂွမ်းစိုင်လေး ကျဆင်းလာသည့်အလား ညင်သာစွာ ရောက်ရှိလာလေ၏။ မိန်းကလေးကို ရီဝေသော မျက်ဝန်းအစုံဖြင့် သူ တရှိုက်မက်မက် ကြည့်လိုက်ပြီး “မိန်းကလေးကို သိပ် ချစ်တာပဲ” ဟု ကောက်ခါငင်ခါ ဆိုလိုက်၏။ မိန်းကလေးက နားမလည်ဟန်ဖြင့် သူ့ကို ကြည့်သည်။

 

သူ့ စကားသံကို သူ ကိုယ်တိုင် ဗလုံးဗထွေး ကြားလိုက်ရ၏။ ထို့ကြောင့် “မိန်းကလေးကို သိပ် ချစ်တာပဲလို့ ပြောလိုက်တာပါ” ဟု သူ နောက်တစ်ခွန်း ဆိုလိုက်၏။ မည်သည့် အဓိပ္ပာယ် ဆောင်မှန်း မသိရသော “၀ူးဝူးဝါးဝါး ” စကားသံသည် သူ့ နှုတ်ဖျားမှ ထွက်ပေါ်လာသည်ကို သူ ကြားသိလိုက်ရ၏။ ထိုအခါတွင်မှ လေဖြတ်ပြီးနောက် သူ စကားပြောနိုင်စွမ်း မရှိတော့ပြီ ဖြစ်ကြောင်းကို အမှတ်ရမိတော့သည်။

 

သူနာပြုမိန်းကလေးက “ရေဆာလို့လား အဘိုး”ဟု ဆိုရင်း ရေဆွတ်ထားသည့် ၀ါဂွမ်းစဖြင့် သူ နှုတ်ခမ်းဖျားကို အသာအယာ ဆွတ်ပေးလိုက်သည်။ သူ့မျက်ဝန်းပေါ်မှ မျက်ရည်စတို့ ပါးပြင်ပေါ်သို့ ရုတ်ခြည်း ကျဆင်းလာ၏။ မိန်းကလေးက “အဘိုးရယ် မငိုပါနဲ့ … သမီး ရေတိုက်မှာပေါ့ .. နာတာလည်း သက်သာ သွားမှာပါ” ဟု ညင်သာစွာ ပြောရှာသည်။

 

သူ အသိအာရုံတို့ကို ဖြေလျှော့လိုက်သည်။ ရေကာတာ ကျိုးပေါက်သည့် အလား မျက်ရည်များ ဒလဟော ကျဆင်းလာ၏။ ငိုကြွေးရုံမှ လွဲ၍ သူ ဘာများ တတ်နိုင်ပါဦးမည်နည်း။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ဒုတိယ၀ါခေါင်လပြည့်ကျော် ၁၂ ရက်၊ တနင်္လာနေ့။ ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂ ရက်။

 

စာကြွင်း - သက်ကျားအို ဖြစ်လျက် တည်သီးခန့်မျှ ရင်သားရှိသူ သတို့သမီးငယ်ကို လိုချင်တပ်မက်လျှင် ပျက်စီးခြင်းသို့ ရောက်၏ ဟူသော လောကနီတိကျမ်းလာ ၀ါကျကို သတိရ၍ ၀တ္ထုခေါင်းစဉ်ကို “နောက်ဆုံးတည်သီး” ဟု အမည် ပေးလိုက်ခြင်း ဖြစ်ပါသည်။

  ဝတ္ထု အတွက် ပန်းချီပုံ ထိန်လင်း