User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 

ပီလီဆိုတာ နာမည်အရင်းမဟုတ်၊ ဒါပေမယ့် သူ့နာမည်အရင်းကို ဘယ်သူမှ မမှတ်မိတော့။ သူ့ဖာသာပင် မနည်းပြန်စဉ်းစားရမည်ထင်သည်။ ရုတ်တရက်ဆို သူ့နာမည်အရင်းကို ခေါ်လိုက်ပါက တောင်ကြည့်မြောက်ကြည့်ပင် ကြည့်နေပေအုန်းမည်။ ဒီနာမည်ကလည်း ကျောင်းမှာ အတန်းပိုင်ဆရာမက လူစစ်လို့ နာမည်ခေါ်စဉ်သာ ထူးရတာဆိုတော့ သူ့နာမည်အရင်းကို သူမေ့တာ မဆန်းလှပေ။ ပီလီဆိုတဲ့ နာမည်ကို သူကျေကျေနပ်နပ် လက်ခံထားလို့လည်း ဖြစ်မည်။

     ကျမတို့ အိမ်ရှေ့မြေကွက်လပ်က ဘောလုံးကွင်းတစ်ကွင်းစာ နီးပါးရှိမည်။ အကျယ်အဝန်း ဘယ်လောက်ဆိုတာတော့  သေသေချာချာမသိပါ။ ဒါမျိုးက ငယ်ငယ်တုန်းက အင်မတန်ကြီးသည်၊ ကျယ်သည် ထင်ရသော အရာများသည် အခုလို အသက်ကလေးရလာပြီး နှစ်အတန်ကြာမှာ ပြန်ကြည့်တဲ့ အခါ သိပ်မကြီးတော့တာ သိပ်မကျယ်တော့တာမျိုး ဖြစ်တတ်သည်။  ကျမတို့ ငယ်စဉ်ကတော့ ယောင်္ကျားလေးတွေ ဘောလုံးကန်နေရင် မိန်းကလေးတွေက ကွင်းအစပ်မှာ ဖန်ခုန်၊ ကြိုးခုန်၊ ဩဇာသီးတောက် စသဖြင့် ကစားလို့ရတာတော့ မှတ်မိသည်။ ထုပ်ဆီးတိုးလို့တော့မရ၊ မိန်းကလေးတွေ ထုပ်ဆီးတိုးနေပါက ယောင်္ကျားလေးတွေ ဘောလုံးကန်လို့မရ။ တစ်ယောက်နှင့် တစ်ယောက် အပေးအယူတော့ရှိသည်။ နင်တို့ ဘယ်အချိန်ထိ ထုပ်ဆီးတိုး၊ ငါတို့ဘယ်အချိန်ဘေလုံးကန်မယ်။ စသဖြင့်၊ ဆိုလိုတာက အိမ်ရှေ့က ဘောလုံးကွင်းသည် အဲဒီလောက် အကျယ် ရှိသည်လို့ ပြောချင်တာဖြစ်သည်။ ပီလီ့အကြောင်း ပြောရာက ဘောလုံးကွင်းဆီ ရောက်သွားတာက ဘောလုံးကွင်းက အစပြုတာပဲ သိစေလို၍ ဖြစ်သည်။ အဲဒီ ဘောလုံးကွင်းမှာ ဘောလုံးကန်ကြတဲ့ ယောင်္ကျားလေးတွေကို ရပ်ကွက်ထဲက အကိုကြီးတစ်ယောက်က သူသိသမျှ တတ်သမျှ ဘောလုံးနည်းပညာတွေ မျှဝေရင်း သူတို့တွေ အပျော်တမ်းကန်ရာက စနစ်တကျ လေ့ကျင့်သည့် အဆင့်ကို ရောက်လေတော့သည်။ ကျမတို့ မိန်းကလေးတွေကို ချော့မော့ကာ တခြားနေရာမှာ သွားကစားဖို့နဲ့ ဇယ်တောက်တမ်းသာ ကစားဖို့ စည်းရုံးထားလေသည်။ သူတို့ စည်းရုံးသည်က အလွယ်လေးပင်၊ ထိုခေတ်ထိုအခါက ပိုက်ဆံနဲ့တောင် ပေးဝယ်ရသည့် ဩဇာစေ့တွေကို မိန်းကလေးတွေကို အလကားဝေပေးခြင်းပင်။ မိန်းကလေးတွေက ဇယ်တောက်နေပါက သူတို့မှာ လွတ်လွတ်လပ်လပ် ဘောလုံးကန်ခွင့်ရကြပေသည်။ ထိုခေတ် ထိုအချိန်က ကိုယ့်ရပ်ကွက်ထဲမှာ မိဘအရွယ် အသက်အရွယ် ကြီးရင့်သူကို မဆိုထားနှင့် ကိုယ့်ထက် ငါးနှစ်လောက်ကြီးသည့် ဆယ်တန်းအောင်မြင်ထားသည့် ထိုအကိုကြီးအရွယ် အမကြီးအရွယ်တွေဆိုပါက လေးစားရသည်။ သူတို့ ပြောတာ နားထောင်ရသည်။ မှတ်မိသေးသည်၊ ကျမတို့ ၃တန်းအရွယ်( အသက်အားဖြင့် ရှစ်နှစ်အရွယ်) က သူငယ်ချင်းအဖော်တစ်ယောက်နဲ့ လမ်းမကြီးထိပ်က ကွမ်းယာဆိုင်မှာ အိမ်က ခိုင်းလို့ ဆေးလိပ်သွားဝယ်တာ လမ်းထဲက အကိုကြီးတွေနဲ့တွေ့တော့ ဘာလာလုပ်တာလဲ မေးသည်။ ဆေးလိပ်ဝယ်တာဆိုတော့ လက်ထဲ ဆေးလိပ်ပါမပါကြည့်သည်။ ပြီးတော့ ကောင်းကောင်းပြန်ကြ ဆိုကာ လမ်းသွယ်ထဲ ဝင်သွားသည်အထိ စောင့်ကြည့်ပြီးမှ သူတို့သွားစရာရှိတာ ဆက်သွားသည်။ ကူညီစောင့်ရှောက်ကြသည့်အပြင် ကျမတို့ကလဲ ကိုယ့်အကိုရင်းတွေလို ကြောက်ရသည်။ ပြောစကား နားထောင်ရသည်။ ဘာမှမဆိုင်ပဲ မေးရလား ပြောရလားဆိုတဲ့ အတွေးတွေ မရှိကြ။

အဲဒီ အကိုကြီးတွေက နေရာဖယ်ခိုင်းတော့ ဖယ်ပေးရသည်။ အဲဒီမှာ ဘောလုံးကန်တာကို စနစ်တကျ လေ့ကျင့်ပေးရင် ကျမတို့လမ်းရဲ့ နှစ်လမ်းကျော်မှာ နေတဲ့ ကုလားလေး တစ်ယောက်က လာလာထိုင်ကြည့်သည်။ သူ့ဆီဘောလုံးကျလာရင် ကပျာကယာ ပြေးပြေးကောက်ပေးသည်။ သူက ကျောင်းမှာတော့ ကျမအထက်က အကိုနဲ့ အတန်းအတူတူပင်။

 ဘောလုံးကို စနစ်တကျ ကစားတတ်လာသည့်အခါ အချင်းချင်း လူခွဲပြီး ကန်ခိုင်းသည်။ ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲတွေ ရှိနေသည့်အချိန်ဆို တစ်ပွဲကို နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ခေါ်ပြပြီး ကြည့်စေသည်။ နောက်ပိုင်းမှာတော့ ဘောလုံးအသင်းတစ်သင်း ဖွဲ့လိုက်နိုင်တော့သည်။ အစပိုင်းမှာ ကိုယ်လိုပဲ ဖွဲ့ထားသည့် အသင်းအချင်းချင်း ချိန်းကန်ရာက ရပ်ကွက်ဘောလုံးပြိုင်ပွဲတွေ လုပ်လာတော့ ပြိုင်ပွဲက ကြည့်ကောင်းလာသည်။ စနစ်တကျ လေ့ကျင့်ထားသည့် ကျမတို့ ရပ်ကွက်အသင်းက အပျော်တန်းကန်တဲ့ တခြားအသင်းတွေကို အမြဲလိုလို နိုင်လေတော့သည်။ ဂိုးသမားကိုပင်လျှင် ရပ်ကွက်ထဲမှာနေသည့် လက်ရွေးစင် ဂိုးသမားဟောင်းတစ်ယောက်က လာသင်ပေးသည်။ လူကြီးတွေလဲ မနေရတော့။ အသင်းအောင်မြင်ရေးအတွက် တစ်တပ်တအားပါကြလေသည်။ မိန်းကလေးတွေလဲ ဇယ်တောက်တာရပ်ပြီး အားပေးတဲ့ ပရိသတ်ရော၊ သံပုရာသီး လိမ္မော်သီး ရေ ဝေတဲ့သူတွေပါ ဖြစ်ကုန်ကြသည်။ ကုလားလေးကလဲ အမြဲတမ်း တစ်ကောက်ကောက်ပါသည်။ လေ့ကျင့်ရင်း မိုးချုပ်ပါက မိုးချုပ်သည်အထိ ထိုင်ကြည့်သည်။ တစ်ရက်မတော့ တိုက်စစ်မှုးတစ်ယောက်လိုသည်။ နာသွားလို့လား၊ သူ့အိမ်က စာမေးပွဲနီးလို့ပဲ မပါခိုင်းတာလားမမှတ်မိတော့ပေ။ ထိုအခါ ကုလားလေးကို ဝင်ကစားခိုင်းရာ သူက အခြားအသင်းဖော်များနဲ့ ဟန်ကျပန်ကျ အချိတ်အဆက်မိမိ ကစားနိုင်လေတော့သည်။ တကယ့်ပွဲကြီး မစခင် အခြားအသင်းတစ်သင်းနှင့် ချိန်းကန်သည့်ပွဲတွင် အနိုင်ဂိုးကို ကုလားလေးက သွင်းပေးလိုက်ရာ “ပီလီကွ” ဆိုသောအသံသည် ဘယ်က ထွက်လာသည်မသိ၊ အားလုံး က ပီလီ ပီလီဆိုသော ခေါ်သံများ လွှမ်းသွားလေတော့သည်။ ထိုအချိန်မှစ၍ ထိုကုလားလေးသည် ပီလီ ဖြစ်သွားလေတော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကုလားလေး ပီလီသည် ဘယ်ခြေဖြင့် ဂိုးသွင်းတတ်သူ ဖြစ်လေသည်။ “ ပြိုင်ဘက်ကင်း” ဆိုသည့် ထိုဘောလုံးအသင်းသည် ကျမတို့မြို့ကလေးမှာ နာမည် အကြီးဆုံးအသင်း ဖြစ်လာလေသည်။ ပွဲတိုင်းလိုလို နိုင်လေသည်။ ဘောလုံးပွဲက နိုင်ပြီး အိမ်အပြန်မှာ ကစားသမားတွေကို ပခုံးပေါ်ထမ်းပြီး ပြန်ကြလေရာ ကုလားလေး ပီလီကို ထမ်းချင်သူတွေ အများသားပင်။ ဒူးထောက်ပြီး ပခုံးကိုလက်ပုတ်လို့ ပီလီ ရေ တက်ကွလို့ ခေါ်သူတွေက မနည်းမနော။ လမ်းမှာ ဖြတ်သွားတဲ့ နေရာတိုင်းမှာ “ ပြိုင်ဘက်ကင်း” ကွ လို့ ဝိုင်းပြီး အော်ဟစ်အားပေးကြသလို အနှီ ကုလားလေးကို တွေ့တာနဲ့ “ပီလီ” ကွလို့ အော်ကြပြန်သည်။ ဘောလုံးကွင်းသေးသေးလေးမှာ ရစ်သီရစ်သီ လုပ်ရင်း ကစားချင်တာလဲ မပြောရဲပဲ၊ ကျသွားတဲ့ ဘောလုံးလေး ပြေးကောက်ပေးရာက အသင်းထဲ ဝင်ကစားရတော့ ကျေနပ်နေတဲ့ အပြင် သူ့တာဝန်ကျေအောင် စွမ်းစွမ်းတမံ ကစားလေသည်။ ကစားသမား အချင်းချင်းမှလည်း သူ့ဆို ခင်မင်ကြသည်။ ဘယ်လောက်နောက်နောက် စိတ်မဆိုး။ အသင်းနိုင်ပြီဆို ရပ်ကွက်ထဲက ပိုက်ဆံချမ်းသာတဲ့ သူတွေက အိပ်စိုက်ပြီး ထမင်းချက်ကျွေးလျှင်လဲ အတူ စားကြတာပင်။ အမြဲတမ်းလိုလို ချက်တာက ကြက်သားနဲ့ဘူးသီး ကာလသားချက်ပင်။ အားလုံးဝိုင်းဖွဲ့ပြီး စားကြတာပင်။ ပီလီ့အဖေက သူ့သားကို လာကြည့်ပြီး ပြုံးနေလေသည်။

အခုဆိုရင် ထိုကုလားလေး ပီလီလည်း အသက်(၅၀)နီးပါး ရှိပေတော့မည်။ သူ့မှာ သားသမီးတွေ ရှိပေလိမ့်မည်။ ထို့ထက်ပိုက မြေးတွေတောင် ရနေပေလိမ့်မည်။ သူ့သားသမီးတွေ မြေးတွေကို သူ့အကြောင်း ပြန်ပြောရင် ဒီခေတ်ကလေးတွေက အဖိုးကြီး ပုံပြင်တွေ ပြောနေတယ် ထင်မလား၊ ဒါမှမဟုတ် တို့ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ဘီလဲလို့ ပြောကြမလားပဲ တွေးမိလေသည်။

   ရာဂျာဆိုတာလဲ ကုလားပင်။ သူ့ကို ဆရာမက “ ဟဲ့ ..  ဟို ကုလားလေး နင့်နာမည် ဘယ်သူ” လို့မေးရင် ရာဂျား…. ဆိုတဲ့ နာမည် အရှည်ကို ပြောတတ်သည်။ ကျမတို့က ရာဂျားပဲ မှတ်မိတော့ ရာဂျားပဲ ခေါ်သည်။ သူကလဲ သူ့ကို ကုလားလို့ခေါ်တာ စိတ်ဆိုးစရာလို့ ထင်ဖို့နေနေသာသာ “ အမည်သညာ ခေါ်စရာကား ကုလား” လို့ပဲ မှတ်ထားဟန်တူသည်။ သူက ကျမသူငယ်ချင်းအကိုနဲ့တစ်တန်းထဲဆိုတော့ သူငယ်ချင်း အိမ်သွားရင် တွေ့ရတတ်သည်။ အဲဒီအိမ်မှာပဲ ထမင်းစားကြုံရင် ထမင်းစားသည်။ ငပိရည် တို့စရာ စားသည်။ သူ့အမေက အိမ်ကိုတော်တော်နှင့် မရောက်လို့ လိုက်ရှာရင်းတွေ့ပါက “ အားနာစရာ သူများအိမ်မှာ လူကများရတဲ့ကြားထဲ နင်က သွားစားနေရလား။ အမကြီးရေ နောက်နေ့မှ ဆိတ်သားဟင်း ပို့ပေးအုန်းမယ်” ပြောပြီး တကယ်လဲ ဟင်းတွေ ပို့ခိုင်းသည်။ မြန်မာအိမ်မှာ ထမင်းသွားစားရလားလို့ တခါမှ မဆူမပြော။ တစ်ဦးတည်းသောသားမို့ ပညာတတ်စေချင်တဲ့အပြင် လူမျိုးခြားတဲ့ အတွက် အသွင်မတူတာဖြစ်ပြီး ပြောတာဆိုတာ ရိုင်းရင် ခွင့်လွှတ်နော်လို့ သီးခံနော်လို့ သူ့သားသူငယ်တွေ တွေ့တိုင်းပြောတတ်သေးသည်။ သူ့သားကို အများက ခွဲထားမှာ၊ အပေါင်းအသင်းမရှိမှာလည်း စိုးရိမ်တတ်ပြန်သေးသည်။ သီးခံရမယ်နော် သူငယ်ချင်းတွေကို သီးခံရမယ်၊ သူငယ်ချင်းဆိုတာ သီးခံရတယ်၊ ရန်မဖြစ်ရဘူး တဖွဖွ ဆုံးမတတ်သည်။ မူလတန်းထဲက အတူတူတွသည့် သူငယ်ချင်းတွေ ဘွဲ့တွေရ အိမ်ထောင်တွေကျသည်အထိ အဝင်အထွက် မပြတ်ရှိနေတာ တွေ့ရပြန်သည်။ အနှီ ရာဂျား အခုအချိန်ဆို ဘာတွေတွေးနေမှာပါလိမ့် သိချင်နေသည်။

                  အမီနာကတော့ သူ့ကို ချစ်ခင်သည့် လူကြီးတစ်ယောက်က စ နောက်ပြီး ခေါ်တာဖြစ်သည်။ သူ့မှာ ကုလားနာမည်မရှိ။ မွေးကတည်းက သူ့နာမည်က မြန်မာမိန်းကလေးတွေကို ပေးတဲ့နာမည်ပင်။ နာမည်နှင့်လိုက်အောင် သူ့မျက်နှာက ချိုသည်။ စကားပြောလျှင် ရယ်ပြီးပြောသည့်အပြင် အရယ်လဲသန်သည်။ သူကတော့ ကျမနဲ့လုပ်ငန်းခွင်မှာ ဆုံခဲ့ရသည့် ကုလားမလေးပင်။ ညဖက်အတူ တာဝန်ကျလျှင် သူ့ပါးစပ်က ပွစိပွစိဖြင့် ရွတ်နေတတ်သည်။ ဘာတွေ ရွတ်တာလဲ မေးတော့ ဘုရားစာရွတ်သည်တဲ့။ သူက သရဲကို အသေအလဲ ကြောက်သည်။ သူတို့ဥပုသ်လတွင် ခွင့်ယူလို့မရပါက အလုပ်ဆင်းရလျှင် ပင်ပန်းနွမ်းနယ်နေဟန်က အထင်းသား။ ထိုအခါ ကျမက သူ့ကို မကြာခန နားစေပါသည်။ သူကတော့ ရပါတယ် ဘာမှ မဖြစ်ပါဘူးဆိုလေသည်။ တံတွေး မမျိုပဲ ဘယ်လိုနေသလဲလို့ ကျမက စပ်စုတော့ အကျင့်ဖြစ်နေလို့လားမသိ။ ဘယ်လိုမှ မနေဟု ဆိုလေသည်။ ကျမက ငါးပါးသီလအကြောင်း သူ့ကိုပြောတော့ သူကလဲ သူတို့စောင့်ထိန်းရတာတွေ ပြောပြသည်။ နောက်ဆုံး နှစ်ယောက်စလုံးသိသွားတာက ဘယ်ဘာသာမှာမဆို လူတွေကို ဘဝမှာကောင်းအောင် နေဖို့နည်းလမ်းပြထားတွေချည်းပဲ တွေ့ရတာဖြစ်သည်။ မကောင်းတာက လူနှင့်သာဆိုင်သည်လို့ အတွေးချင်းဖလှယ်မိတော့ လူချင်းပိုရင်းနှီးသွားသည်။ ထမင်းစားလျှင် လုပ်ဖော်ကိုင်ဖက်တွေနှင့် အတူစုစားသည်။ ဝက်သားဟင်းပါသည့် ချိုင့်က သူ့ရှေ့မှာ ဝဲလည်လှဲ့နေသည်။ တစ်ယောက်ယောက်က သတိရပြီး ဘေးကို နဲနဲ ရွှေ့ပေးလျှင် ရပါတယ် ဟု အားနာစွာ ပြောတတ်သည်။ ကျမတို့ကလည်း အလိုက်သိစွာ ဇွန်းတစ်ချောင်းကို သူ့ချိုင့်ထဲ သတ်သတ်ထဲ့ပေးထားသည်။  အတူပြော အတူနေ အတူစားရင်း သူ့ကို ကုလားမလေးတစ်ယောက်လို့ပင် မထင်ပဲ မေ့လျှော့နေတတ်သည်။ သူက သနပ်ခါးလဲ ကြိုက်သည်။ ရုံးလာလျှင် သနပ်ခါး အဖွေးသားနှင့် မြန်မာဝတ်စုံ ရင်ဖုံးအင်္ကျီနှင့်ပင်။ သူ့ကို အမီနာလို့ခေါ်ပြီး စနောက်တတ်သည့် ဦးလေးကြီးက တခါတရ”ံ နင့်တိုင်းပြည် မပြန်ဘူးလား” မေးရင် သူစိတ်ဆိုးသည်။ ကျမကို မြန်မာပြည်မှာ မွေးတာ၊ ကျမအဖေကိုလဲ မြန်မာပြည်မှာ မွေးတာ။ ကျမက ဘယ်တိုင်းပြည်ကို ပြန်ရမလဲလို့ စိတ်ဆိုးပေမယ့် ရယ်ရယ်မောမော ပြန်ပြောတတ်သည်။ သူ့အဖေက ….ဌာနမှာ စာရေးလုပ်တာ။ အဖေတို့ခေတ်က ပိုက်ဆံစုမိတယ်လေ။ အခုနေတဲ့ တိုက်ခန်းက အဖေဝယ်တော့ ၃၀၀၀ ပဲပေးရတာလို့ ပြောပြဖူးသည်။ သူတို့ အဖိုး အဖွားတွေ မြန်မာပြည်ကို ဘယ်လိုဘယ်ပုံ ရောက်လာသလဲ သူမသိ။ သူတင်မဟုတ် သူ့အဖေတောင်မသိ။ သူ့အဖေက သူ့ကို ရန်ကုန်မှာမွေးသည်၊ ရန်ကုန်မှာကျောင်းတက် ပြီးတော့ အလုပ်လုပ်သည်တဲ့။ ရုံးကလူတွေ ကျိုက်ထီးရိုးဘုရားဖူးသွားရင် သူလိုက်သည်။ အများလိုက်နာတဲ့ စည်းကမ်းတွေ သူများလုပ်သလို လိုက်လျှောညီထွေဖြစ်အောင်နေသည်။ သူ့ကို အားလုံးက ခင်မင်ကြသည်။ ရုံးမှာ အားလုံးအတူတူပဲ ဖြစ်သည်။ အခုအချိန်ဆို ကြောက်တတ်တဲ့ အမီနာတစ်ယောက် ဘာတွေတွေးနေမလဲ၊ သူသိတာ သူ့တိုင်းပြည်က သူနေနေတဲ့ အရပ်လို့ သူသိသည်။ အခုအချိန် ပြန်တွေ့ရင် “ အမရယ် စိတ်ညစ်လိုက်တာ ဘာတွေဖြစ်နေမှန်းမသိဘူး” လို့ သူ့မူဟန်အတိုင်း ရယ်ပြီး ပြောနေမည်ထင်သည်။

          မြန်မာ့အသံရဲ့ တစ်ခုတည်းသော ဓါတ်ပြားတိုက်မှာ သူ့အလုပ်ကို  အင်မတန်ကျွမ်းကျင်နှံ့စပ်သည့် ဝန်ထမ်းတစ်ဦးရှိသည်။ သူလိုလူမျိုး နောက်တစ်ယောက် ဘယ်လိုမှ မရှိနိုင်လို့ ပြောရမည်။ တကယ်ကိုမရှိပါ။ သီချင်းနာမည် ပြောလိုက်တာနှင့် တိပ်ခွေနံပါတ် ဘယ်လောက် ဘယ်လောက် ဆိုတာ ဒက်ကနဲ ပြောနိုင်သည်။ ဒါက အရေးတကြီး ကြုံမှထုတ်ပြောခြင်း၊ လွှင့်ခါနီးမှ အထက်လူကြီးက သတင်းပီးရင် ဒီသီချင်းကို လွှင့်ရမယ်ပြောရင် စာအုပ်ထဲမှာ ဆိုတဲ့သူနာမည်၊ တိပ်ခွေနံပါတ် စသဖြင့်ရှာနေရရင် အချိန်ကြာတတ်တဲ့အတွက် အရေးကြီးတဲ့ အချိန်ဆိုပါက ဒက်ကနဲ ပြော၍ ဖတ်ကနဲ ရှာပေးတတ်သည်။ သာမာန်အချိန်ဆို သူ့ပရိုစီဂျာအတိုင်း သီချင်းရှာ၊ စာအုပ်ထဲက အခွေနံပါတ်နဲ့တိုက်ပြီး ထုတ်၊ အတိအကျ လုပ်ခိုင်းသည်။ သီချင်းနာမည် မေ့နေရင်လဲရသည်။ သီချင်းအစလေး နဲနဲ ရွတ်ပြလိုက်တာနဲ့ သီချင်းနာမည်၊ အဆိုတော် ပြောပြနိုင်သည်။ ဒါ့အပြင် မူရင်းက ဘယ်သူ ပြန်ဆိုက ဘယ်သူ ၊ဘယ်အခွေမှာ ရှိတယ်၊ စသဖြင့် ပြောနိုင်သည်။ ဒီသီချင်းက ပဒေသာမှာ ရှာလို့မရဘူး၊ သူက ဘယ်တုန်းက ဘယ်ရုပ်ရှင်မှာ ဆိုထားတာ၊ ရုပ်ရှင်သီချင်း မှာရှာ စသဖြင့် ကျွမ်းကျင်သည်။ ဓါတ်ပြားတိုက်မှာ တိပ်ခွေပေါင်း သိန်းနှင့်ချီ ရှိရာ အရေးကြီးသည့် အခွေများကို နံပါတ်ပါ အလွတ်ရသည်။ သူ့မှာက သူတော်တာကို သူ့ဘာသာ စိတ်ကြီးဝင်တတ်တာကလွဲရင် စိတ်ကောင်းရှိသည်။ အသားကမည်းတယ်ဆိုတာထက် နက်မှောင်နေတာဖြစ်သည်။ သူ့ကို ကျမတို့က အင်္ကျီအဖြူရောင် မဝတ်ပါနှင့်၊ ဝတ်ရင်လဲ ညဖက် ကျမတို့အသံလွှင့်တဲ့ စက်ခန်းတွေဆီ မလာပါနဲ့လို့ ရယ်သလိုမောသလို ပြောလျှင် ရယ်နေတတ်သည်။ အသားက နက်နေတော့ ရုတ်တရက် အင်္ကျီအဖြူကြီးပဲ ရွေ့နေသည်ဟု ထင်ရလို့ဖြစ်သည်။ အီးဒ်နေ့ရောက်လျှင် ဘာလို့ရုံးတက်တာလဲ၊ ဘာမှ မကျွေးဘူးလားမေးပါက ကျနော်က ဟိန္ဒူလို့ပြောသည်။ သူပြောလဲ ပြောတုန်းပင် ကျမတို့က မေ့မေ့ပီး ထိုရက်ရောက်တိုင်း မေး သူကလဲ သူ ဟိန္ဒူ ဟုပြန်ရှင်းမြဲပင်။ သူ့ကို ဦးကုလားကြီးလို့ ခေါ်တော့ အစမှာ စိတ်ဆိုးသေးသည်။ နောက်တော့ ခေါ်ရင်းရိုးသွားသည်။ အသံကူးနေရင်း အကြောင်းတစ်ခုခုပေါ်လာရင် ဖုန်းဆက်ကာ” ဦးကုလားကြီး ရေ စက်ခန်းထဲ အမြန်လာ” ဆို ရောက်လာတာချည်းပင်။ တခါတလေ ဓါတ်ပြားတိုက်ဘက် သွားမည့် လူကြုံရှိပါက ဓါတ်ပြားတိုက်က ဦးကုလားကြီး ကို ပြောလိုက်ပါလို့ လူကြုံမှာတတ်သေးရာ အခြားသူတွေကပါ ဦးကုလားကြီး ဖြစ်ကုန်တော့သည်။ မြန်မာ့အသံရဲ့ နောက်ကွယ်က အရေးကြီးသူစာရင်းမှာ သူပါသည်။ အသံလွှင့်မည့် အခွေအားလုံး သူထုတ်ပေးမှရသည်။ အသံသွင်းဖို့ တိပ်ခွေကို သူ့ဆီက ထုတ်ရသည်။ အခွေတွေကို သူ့ဆီ အပ်ရသည်။ ဓါတ်ပြားတိုက်မှာ တိပ်ခွေဂျီးဆေးသည့်အရည်လဲ သူထုတ်ပေးမှရသည်။ ဒါ့ကြောင့် တစ်ချို့က သူ့ကို စတတ်သည်။ “ ကျုပ်တို့က ကုလားပညာပြတာ ခံနေရတာ” လို့ဆိုရင် သူစိတ်ဆိုးသည်။ သူလိုလူရှိနေလို့ စိတ်ချရတာ။ သူ့နေရာမှာ သစ္စာမရှိတဲ့သူဆို မြန်မာ့အသံမှာ အရေးကြီးတဲ့ အချက်အလက်တွေ မှတ်တမ်းတွေ ပျောက်ပျက်ကုန်မှာ၊ မသမာသူတွေ လက်ထဲ ရောက်ကုန်မှာပေါ့လို့ ဆိုတတ်သည်။ ဓါတ်ပြားတိုက်မှာ အကူလုပ်သားကနေ တာဝန်ခံ ဦးစီးအရာရှိဖြစ်တဲ့အထိ နှစ်ပေါင်း(၄၀)နီးပါး လုပ်သွားခဲ့သည်။  မြန်မာ့အသံရဲ့ သက်တမ်းက အနှစ်(၆၀)မှာ သူ့ရဲ့လုပ်သက်က နှစ်(၄၀)ဆိုတော့ သူက တကယ့်ကို ရှေ့မီ နောက်မီ။ ဘယ်သီချင်းက ဘယ်လို စဖြစ်လာတာကအစ အဆိုတော်တွေ တေးရေးတွေအကြောင်း ဂဃနဏ သိသည်။ ဓါတ်ပြားတိုက်ဝန်ထမ်းကနေ နာမည်ကြီးအဆိုတော် ဖြစ်သွားသည့်သူတွေ အကြောင်း သူပြောပြတတ်သည်။ အဆိုတော် မေရှင်၊  မေလှမြိုင်မှသည် မာမာအေး၊ တင်တင်မြ ၊ ချစ်စပယ်၊ စိုးစန္ဒာထွန်း အထိ သူမီသည်။ အကယ်ဒမီမင်းသမီးတစ်လက်နဲ့ဟာသမင်းသားတို့ မြန်မာ့အသံမှာ အသံသွင်းရင်း ဖူးစာဆုံကြပုံကအစ ပြောပြတတ်လေသည်။ ဝန်ကြီးအဆက်ဆက်၊ ညွှန်ကြားရေးဝန်အဆက်ဆက် မီခဲ့သူမို့ အကြီးအကဲ အထာကို နောကျေအောင်သိသူပင်။ ညွှန်ကြားရေးဝန်တစ်ယောက်နဲ့ ခေတ်ဟောင်းအဆိုတော် အမျိုးသမီးရယ် အဆိုတော်ကြီးတစ်ယောက်တို့ရဲ့ သုံးပွင့်ဆိုင်  အချစ်ဇာတ်လမ်းအကြောင်းကိုလည်း ပြောပြတာမို့ လွမ်းမောဖွယ် သိရပြန်သည်။ သို့သော် လူတိုင်းသိနေတဲ့ ကိစ္စကလွဲပြီး သူတပါးထိခိုက်မယ့် ကိုယ်ရေးကိုယ်တာကိစ္စနဲ့အလုပ်ကိစ္စဆို နှုတ်လုံတတ်ပြန်သည်။ ဌာနတာဝန်ကို လိုတာထက်ပင် သစ္စာရှိရှိ ထမ်းဆောင်သွားလေသည်။  ပင်စင်ယူပြီး ပင်စင်လစာပင် ထွက်မလာသေး ကွယ်လွန်သွားခဲ့သည်။ သူနဲ့ခင်မင်တဲ့ ဝန်ထမ်းတစ်ယောက်နဲ့အတူ သဲအင်းဂူမှာ တရားစခန်းဝင်ရင်း ကွယ်လွန်သွားတာပဲ ဖြစ်သည်။ သူ့နာရေးမှာ သူ့အကို မိသားစုကလွဲပြီး လိုက်ပို့သူအားလုံးက မြန်မာတွေချည်းဖြစ်သည်။ သူလဲ အမီနာ့လိုပင်။ “ ကျုပ်ကို မြန်မာပြည်မှာ မွေးတာဗျ၊ ကျုပ်တိုင်းပြည်က မြန်မာပြည်လေ” လို့ အမြဲပြောတတ်သူဖြစ်သည်။ ဝန်ထမ်းဘဝ ချို့တဲ့စွာပဲ နေထိုင်သွားခဲ့သည်။ သို့ပေမယ့် နိုင်ငံ့တာဝန်ကို မငြီးမငြူ ထမ်းဆောင်သွာသည်။ ညဘက်အရေးကြီှးလျှင် ကြီးသလို၊ အမိန့်ကြော်ငြထုတ်သည့်ရက်ဆို စတင်းဘိုင် ဆိုတာချည်းပင်။ မနက် ၈နာရီကနေ ည ၉နာရီ ၊ ၁၀နာရီအထိ မနားမနေ လုပ်သွားသည်မှာ တရက်မဟုတ်၊ နှစ်ပေါင်းလေးဆယ်။

   ပီလီ၊ ရာဂျား၊ အမီနာနဲ့ ဓါတ်ပြားတိုက်က ဦးကုလားကြီးတို့ဆိုတာ ကိုယ်ကျရာ အလုပ်ကို တာဝန်ကျေအောင် လုပ်ကြသူများဖြစ်လေသည်။  သူတို့သည် ကိုယ့်ရပ်ကွက်ဘောလုံးအသင်း အောင်နိုင်ရေးမှာ အင်တိုက်အားတိုက်ပါဝင်သည်။ ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ အသံလွှင့်လုပ်ငန်းမှာ အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်သည်။ အရေးကြီးတဲ့ မှတ်တမ်းတွေကို သစ္စာရှိစွာ ထိန်းသိမ်းပေးနိုင်ခဲ့ကြသည်။  သေချာတာကတော့ သူတို့အားလုံး အရိပ်နေနေအခက်ချိုချိုး စိတ်မျိုး မရှိကြခြင်းပင်။

ခိုင်ခိုင်စောလွင်