User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active
 

                              
ထလ

ခရီးထွက်ခြင်းကို သူ ၀ါသနာထုံသလော သူ ကိုယ်တိုင် မသိ။ သိအောင်လည်း တစ်ခါမျှ မဆင်ခြင်ခဲ့ဘူး။ ဆင်ခြင်ရန်လည်း အချိန်မပေးနိုင်။ စင်စစ် အချိန် မပေးနိုင်ဆိုသည်မှာ ဆင်ခြင်စဉ်းစားရန် ၀န်လေးသည်ကို အကြောင်းပြခြင်းသာ ဖြစ်ပါသည်။

 

ခြေထောက်တွင်  ဗွေပေါက်သူ သူ့အဖို့ ခရီး မကြာခဏ ထွက်ရသည့် အလုပ်ဌာနတွင် သက်ဆိုးရှည်ခွင့်ရသည်မှာ ကြီးစွာသော ဆုလာဘ် ဖြစ်၏။ ခရီးစရိတ် မကုန်ဘဲ ဒေသန္တရ၊ ဘာသန္တရ ဗဟုသုတတို့ကို ကြားသိခွင့် ရသည့် အပြင် ဒေသထွက် ထန်းရည်၊ ဓနိရည်၊ ဆန်အရက်၊ ပြောင်းအရက် အစရှိသည့် အရက် အမျိုးမျိုးကို ယုန်၊ လိပ်၊ ဖွတ်၊ ပုတတ်၊ ကြောင်သား၊ မျောက်ချေးခါး စသော အမြည်း အစုံအလင်နှင့် မြည့်ခွင့်ရခြင်းကြောင့် ခရီးထွက်ရခြင်းကို သိကြားမင်း၏ စည်းစိမ်နှင့်ပင် မလဲနိုင်ဟု သူ တွေးမိတော့သည်။

 

သူ့ခရီးစဉ်မှာ စုံလင်လှသည်။ မြန်မာပြည် မြောက်ဖက်ဖျားမှာ တောင်ဖက်ဖျားအထိ၊ မြန်မာပြည် အနောက်ဘက်စွန်းမှ အရှေ့ဘက်စွန်းအထိ နယ်စွန်နယ်ဖျား ဒေသများကို လှည့်လည်ရသည်။ တစ်ခါတစ်ရံတွင် နွားလှည်ဖြင့် ခရီးသွားရင်း အညာနွေကို အန်တုဖူးသလို၊ တစ်ခါတစ်ရံတွင်မူ လမ်းကြမ်းသွား မော်တော်ယာဉ်ထဲတွင် လေအေးစက်၏ နူးညံ့အေးမြသော အထိအတွေ့ကို ခံစားရင်း ရှမ်းရိုးမတောင်တန်း၏ အလှအပကို သူ ခံစားဖူးသည်။ တစ်ခါတစ်ရံတွင် မြစ်ဝကျွန်းပေါ်ဒေသရှိ အကွေ့အကောက် များပြားသော ချောင်းကြိုမြောင်းကြားတွင် ဘဲကျောင်းလှေကို ကိုယ်တိုင် လှော်ခတ်ရင်း လုပ်ငန်းရှိရာ ကျေးရွာများသို့ သွားဖူးသလို၊ တစ်ခါတစ်ရံတွင်မူ မွန်ပြည်နယ် ကရင်ပြည်နယ်တို့ရှိ အဝေးပြေးလမ်းမကြီးများပေါ်တွင် ဆိုင်ကယ်စီး လမ်းသရဲဂိုဏ်းသားများ အလား ဆိုင်ကယ်လီဗာကို တဗြုန်းဗြုန်း တဗြင်းဗြင်း မြည်အောင် ပုတ်ကာ ဒုန်းစိုင်း စီးနင်းဖူးသည်။ ထိုသို့ ခြေသလုံးအိမ်တိုင် ရောက်လေရာရာ လှည့်လည် သွားလာရင်း ဒေသခံများ၏ လူမှုစီးပွားရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သူစိမ်းသူရံစာတို့ မြင်တွေ့ခွင့် မရသော ရှုဒေါင့်မှ လေ့လာခွင့် ရသည်မှာ အင်မတိ အင်မတန် ကံကောင်းလှပါပေ၏ဟု သူ တစ်ခါတစ်လေ တွေးဖူးသည်။

 

ယခုလည်း လုပ်ငန်းခွင် စီမံချက်တစ်ခုကို သွားရောက် ကြည့်ရှုရမည် ဖြစ်သဖြင့် ခရီးထွက်ရန် အလို့ငှာ မင်္ဂလာဒုံ လေဆိပ်သို့ သူ ရောက်ရှိနေလေ၏။ သတ်မှတ်ချိန် အမီ အရောက်လှမ်းခဲ့သော်လည်း နာမည်ဆိုးဖြင့် ကျော်ကြားလှသော မြန်မာ့စံတော်ချိန်နှင့် ကြုံဆုံရလေသဖြင့် လေယာဉ်ကွင်းထဲတွင် လေယာဉ်ပျံ မဆိုထားဘိ၊ စာကလေးငှက် တစ်ကောင်သော်မှ မမြင်ရသေး။ ထို့ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ကာ ခရီးဆောင်အိတ်ကို ဖုန်းခနဲ အသံမြည်အောင် ဆောင့်ချပြီး သက်ဆိုင်ရာ လေကြောင်းဌာန၏ အလုပ်စားပွဲသို့ ခြေဦးလှည့်လိုက်သည်။

 

သူ မကျေမနပ်ပြောမည်ကို ကြိုတင်ရိပ်စားမိသောကြောင့်ထင့်။ လေကြောင်းဌာန၀န်ထမ်း အမျိုးသမီးသည် တင်းမာသော မျက်နှာကို တမင်ပြု၍ နေလေ၏။ “လေယာဉ် ဘယ်အချိန် ထွက်မတုန်း” ဟု သူက ဆောင့်ကြီးအောင့်ကြီး မေးလိုက်သော် အမျိုးသမီးက “ထွက်တော့ထွက်မယ် ခဏစောင့်ရမယ်” ဟု ၀တ်ကျေတန်ကျေ ဖြေ၏။ “ခဏ ဆိုတာ ဆယ်မိနစ်ကို ပြောတာလား၊ တစ်နာရီကို ပြောတာလား၊ နှစ်နာရီကို ပြောတာလား၊ ဒါမှမဟုတ် ထွက်ချင်တဲ့ အချိန်မှ ထွက်မယ်လို့ ပြောချင်တာလား” သူ ခပ်ငေါ့ငေါ့ မေးလိုက်ရာ နှုတ်သီးကောင်းလျှာပါး လေကြောင်းဌာန၀န်ထမ်း အမျိုးသမီးသည် ဆတ်ဆတ်ထိ မခံ “ကျွန်မတို့လည်း လုပ်နေတာပဲ တော်ကြာ ရောက်လာရင် ပြောမယ်” ဟု ဆိုကာ ဖုန်းဆက်ချင် ယောင်ဆောင်၍ မျက်နှာ တစ်ဘက်သို့ လွှဲသွားလေ၏။ အတော်ပင် ကျက်သရေတုံးသော နံနက်ခင်း ဖြစ်ချေ၏ တကား။

 

သို့နှင့်ပင် တစ်နာရီခန့် ကြာမြင့်သွားသည်။ ကော်ဖီ တစ်ခွက်ပြီး တစ်ခွက်သာ ကုန်သွားသည်။ လေယာဉ်ပျံကို မမြင်ရသေး။ စိတ်လည်း အတော်ပင် တိုလှပြီ။ မတန်တဆ ဈေးပေး၍ ၀ယ်ထားသော သတင်းစာကို အဖန်တလဲလဲ ဖတ်နေရသောကြောင့် သတင်းဆောင်းပါး အားလုံးကို အလွတ်ပင် ရသွားသော ဟူ၏။ အာရုံ အပြောင်းအလဲ ဖြစ်စေရန် လုပ်ငန်းခွင်နှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို ထုတ်၍ ဖတ်ပြန်သည်။ ထိုသို့ ဖတ်ပါမှ လေယာဉ်ပျံ အချိန်နောက်ကျလျှင် လုပ်စရာ ကိစ္စတွေ နှောင့်နှေး လစ်ဟင်းမည် ဟူသော အတွေးဝင်လာသဖြင့် စိုးရိမ်မိပြန်သည်။ မဖြစ်သေး … မဖြစ်သေး။ ဖတ်လက်စ စာရွက်စာတမ်းများကို ခဏ ချထားပြီး နှုတ်သီးကောင်းလျှာပါး သူငယ်မထံ လှမ်းရပြန်သည်။ မေးပြီးသား မေးခွန်းကို မေးလိုက်သော် ကြားပြီးသား အဖြေကို ကြားရပြန်သည်။ သို့ဖြင့် ထိုင်ချည် ထချည်နှင့် ကော်ဖီသောက်လိုက်၊ သတင်းစာဖတ်လိုက် လုပ်ရင်း နှုတ်သီးကောင်း လျှာပါးသူငယ်မအား အမှူးထား၍ စုတ်ပဲ့ ညံ့ဖျင်းလှသော လေကြောင်းဌာန တစ်ခုလုံးကို ဒေါသဘာဝနာ ပွားများပြီး နေလိုက်ရတော့သည်။

 

ဒေါသဘာဝနာ၏ အရှိန်အာနုဘော် စွမ်းသည်ထင့်။ မကြာမီတွင် လေယာဉ် ရောက်လာ၏။ ငိုက်မျည်းနေသော ခရီးသည်၊ ဒေါသထွက်နေသော ခရီးသည်၊ စကားစမြည် ဆိုနေကြသော ခရီးသည်၊ ခပ်သိမ်းသော ခရီးသည်တို့သည် လေယာဉ် ရောက်လာပြီ ဟူသည့် စကားကြောင့် ရောက်ရက်ခတ်သွားလေ၏။ သင်ပုန်းကွန်ပြူတာ (Tablet) ဖွင့်၍ ဖေ့စ်ဘွတ် (Facebook) လောကဓာတ်ကို တရားသဘောဖြင့် ဆင်ခြင်ကြည့်ရှုနေဟန်တူသော ကိုယ်တော်ကလေးပင် သူ့ သင်ပုန်းကွန်ပြူတာကို မပိတ်နိုင်။ သင်ပုန်းအဖုံး သားရေပြားကို ဖျတ်ခနဲ မြည်အောင် ပိတ်ပြီးလျှင် ခရီးဆောင်အိတ်ကို စလွယ်သိုင်းကာ အပြေးတစ်ပိုင်း လှမ်းတော့သည်။ သူလည်း အားကျမခံ စာရွက်စာတမ်းများကို ဘေးလွယ်အိတ်ထဲ စုပြုံထည့်လိုက်ပြီး ကိုယ်တော်ကလေးနောက် လိုက်ရတော့၏။ ခရီးသည်များ လှုပ်ရှားနေကြပုံမှာ အိုစမာဘင်လာဒင်ကို နှိမ်နှင်း သုတ်သင်ရန် ချီတက်လာကြသော U.S. Navy SEALs အဖွဲ့ဝင်များ၏ လှုပ်ရှားမှုနှင့် ခပ်ဆင်ဆင် တူသည်ဟု သူ ထင်မိသည်။ သူ့အထင် မမှားလျှင် ဗမာပြေသား ခရီးသွားတို့၏ လှုပ်ရှားမှုမှာ အမေရိကန် တပ်သားများ၏ လှုပ်ရှားမှုထက်ပင် ပို၍ မြန်နေကောင်း မြန်နေပေလိမ့်မည်။

 

မည်သို့ပင် ဖြစ်စေကာမူ လေယာဉ်ပျံပေါ်သို့ ရောက်ချေပြီ။ စိတ် နည်းနည်း အေးရပြီ။ အချိန် (၂) နာရီခန့်လည်း နောက်ကျသွားလေပြီ။ ပေါက်သည့် နဖူး မထူးတော့။ စိတ်နှလုံး ဒုန်းဒုန်းချပြီးလျှင် ဖြစ်သမျှ အကြောင်း အကောင်းချည်းဟု သဘောထားလိုက်ရန်သာ ရှိတော့သည် မဟုတ်လော။ သို့သော်လည်း တကယ်ပင် စိတ် မအေးနိုင်။ ချိန်းဆိုချိန် နောက်ကျနေပြီ ဖြစ်သဖြင့် တွေ့ဆုံရမည့် ကျေးရွာသူ၊ ကျေးရွာသားများ အိမ်ပြန်သွားမည်ကို စိုးရပြန်သည်။ သူ အလုပ်လုပ်ရာ ဌာနမှ ၀န်ထမ်းများသည် မြန်မာ့စံတော်ချိန် အလေ့ဆိုးကို အမြစ်ဖြုတ်ရန် အတော်ပင် အားသန်ကြ၏။ သူတို့ အာ ပေါက်အောင်၊ လည်ချောင်း ပဒေါင်း (ပုံတောင်း) လိုက်အောင် စည်းရုံး သိမ်းသွင်း ဖျောင်းဖျသော်လည်း မြန်မာလူမျိုးတို့၏ အချိန်နောက်ကျလေ့ရှိသော စရိုက်ဆိုးကို မပြင်နိုင်သေး။ သိကြားမင်းကြီးပင် တတ်နိုင်လိမ့်မည် မထင်။

 

ထို့ကြောင့် သူ့လုပ်ဖော်ကိုင်ဖက်တို့သည် အလုပ်ကိစ္စ အတွက် ချိန်းဆိုလျှင် သတ်မှတ်ချိန်ထက် စော၍ အချိန်းအချက် ပြုကြသည်။ ရုံးချုပ်ဝန်ထမ်းတို့က ဒေသခံတောင်သူများနှင့် နံနက် (၁၀) နာရီတွင် တွေ့ဆုံမည်ဟု အကြောင်းကြားလိုက်လျှင် နယ်ရုံးခွဲတာဝန်ခံက သူ့ တပြည့်လက်သားတို့ကို နံနက် (၉) နာရီတွင် အသင့်ပြင်ချေ ဟု သတ်မှတ်ချိန်ထက် တစ်နာရီ စော၍ တာဝန်ပေးသည်။ တပြည့်လက်သား ၀န်ထမ်းများကလည်း သူတို့ နိုင်ရာပိုင်ရာ ကျေးရွာကိုယ်စားလှယ်တို့ကို သတ်မှတ်ချိန်ထက် တစ်နာရီ စော၍ နံနက် (၈) နာရီတွင် စောင့်နေကြဟု ပြောလွှတ်ကြပြန်သည်။ ကျေးရွာကိုယ်စားလှယ်ကလည်း ကျေးရွာသူ၊ ကျေးရွာသားများကို သတ်မှတ်ချိန်ထက် တစ်နာရီ စော၍ နံနက် (၇) နာရီတွင် လာခဲ့ချေ ဟု မှာကြား၏။ ဤသို့ အချိန်းအချက် ပြုမှသာ အချိန်နောက်ကျခြင်း ဒဏ်ကို အတန်အသင့် ကာကွယ်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရကာ ယခု အချိန် (၂) နာရီ နောက်ကျနေသည်နှင့် ဒေသခံရုံးခွဲဝန်ထမ်းတို့၏ လုပ်နည်းနည်းနာကို တိုက်ဆိုင်ကြည့်လျှင် အလွန်ပင် နောက်ကျနေပြီဟု တွေးမိသဖြင့် စိတ်ပူရပြန်သည်။ ယင်းအခိုက်မှာပင် လေယာဉ်သည် ရန်ကုန်မြို့ကြီးကို ချန်ထားရစ်ခဲ့လေ၏။

 

သူ့ ထိုင်ခုံမှာ ပြတင်းပေါက်နှင့် ကပ်လျက် ဖြစ်သဖြင့် လေယာဉ်ပျံ ပန်ကာ တရစပ် လည်နေသည်ကို ကောင်းကောင်းကြီး မြင်ရ၏။ အလို … မတော်လို့ လေယာဉ်ပျံ ပန်ကာ ထိုးရပ်သွားရင် ဒုက္ခရောက်ချေမည် ဟု တွေးကာ သူ စိုးရိမ်မိပြန်သည်။ လူဖြစ်ရတာ စိုးရိမ်ဖို့ချည်း ဖြစ်နေသကိုး။ ဒီလို တွေးပြီး ကြောက်နေလို့ မဖြစ်သေး။ တစ်နေ့ သေရမှာပဲ။ မရဏံ သေခြင်းတရားသည် ဓုဝံ မြဲ၏။ မသေခင် အလုပ်ပြီးအောင် လုပ်မှ ဖြစ်ပေလိမ့်မည်။ သို့ဖြင့် လုပ်ငန်းနှင့် စပ်လျဉ်းသည့် အဆိုပြုလွှာ၊ အစီရင်ခံစာများကို တစ်ဖန် ဖတ်ရပြန်တော့သည်။ လုပ်ငန်းအဆိုပြုလွှာ ရေးထားသည်မှာ အဆီအငေါ် မတည့်။ ကပေါက်တိကပေါက်ချာ ပေါက်လွှတ်ပဲစား ရေးထားသလို ဖြစ်နေပြီး ဆန်စင်ရာ ကျည်ပွေ့လိုက်သလို လုပ်ဆောင်မည့် အစီအစဉ်ဖြစ်သည်ဟု သူ ထင်မြင်မိသည်။ လုပ်ငန်းအစီရင်ခံစာကို ဖတ်ပြန်သည်။ အစီရင်ခံစာတွင် ရေးထားသည်မှာ ခြောက်ပြစ်ကင်း သဲလဲစင် ချောနေ မောနေလေ၏။ အောင်မြင်မှုများ တလမန်းကြမ်း အောတိုက်နေလေသည် ဟူသတတ်။ ကိုင်း … အားလုံး ကောင်းကြလျှင် ကောင်းလိုက်ကြရုံပေါ့။

 

ထိုအခိုက်တွင် လေယာဉ်ပျံသည် မိုးတိမ်တိုက်ကို ၀င်တိုးလိုက်သဖြင့် လေယာဉ်ပျံ တစ်စင်းလုံး သိမ့်ခနဲ ဖြစ်သွားပြီး သူ့ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။ ဘုရားစာလေး ဘာလေး ကပေါက်တိ ကပေါက်ချာ ရွတ်လိုက်ဦးမှ။ သံဗုဒ္ဓေ ဂါထာတော် ရွတ်ရန် စဉ်းစားလိုက်သည်။ သို့သော် အစ တစ်ပိုဒ်သာ အလွတ်ရတော့၏။ ခက်ကပြီ ခက်ကပြီ … မဖြစ်ချေဘူး။ ဂုဏ်တော်ကိုးပါးလေး ရွတ်ဦးမှ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ မှ ရှေ့ဆက်ပြီး မတက်တော့။

 

ကိုင်း … မထူးပါဘူး။ ဘေးဘီကို ကြည့်နေလိုက်တာ အကောင်းဆုံး။

 

လေယာဉ် ပြတင်းတံခါး အကာပြားကို လှစ်လိုက်သည်နှင့် တစ်ပြိုက်နက် ဖြူစင် တောက်ပြောင် လင်းလက်သော အလင်းစိုင်ထုသည် သူ့ မျက်စိထဲသို့ ခုန်ဝင်လာလေ၏။ ငွေစင်ဘော်သား တိမ်တိုက်များ၏ အထက်တွင် သူ ရောက်နေပါပကော။ အပြော ကျယ်ပြန့်သည့် ဖြူလွလွ တိမ်ပင်လယ်သည် လှုပ်ရှားမှု မရှိ၊ ခံစားကြည့်ရှုရန် အဆင် မပြေ။ တိမ်ပင်လယ်သည် အသက်ဝိညာဉ် ကင်းမဲ့နေသယောင် အသွင်ဆောင်၏။

 

စင်စစ် သူသည် တိမ်စိုင်တိမ်တိုက်များကို ကြည့်၍ အတွေးနယ်ချဲ့ရခြင်းအား  စုံမက် နှစ်ခြိုက်သူ ဖြစ်ပါသည်။ တိမ်ကြည့်ခြင်းကို သူ့ ဘ၀၏ အလေ့အထ တစ်ခု အဖြစ် လေ့ကျင့် မွေးမြူပေးခဲ့သူမှာ သူ့ အဘွားနှင့် သူ့ အမေ ဖြစ်သည်။ ထိုသို့ဆိုလိုက်၍ သူ့အဘွားနှင့် သူ့မိခင်သည် သဘာဝအလှတရားကို အလွန်အမင်း နှစ်သက်ခုံမင်သူများ ဖြစ်မည်ဟု ယူဆလျှင် မှားချေလိမ့်မည်။ တစ်ဦးတည်းသော သားဖြစ်သူ သူ့ ကို ညနေစောင်း ထမင်းကျွေးရသည်မှာ သူ့ အဘွားနှင့် သူ့ အမေအတွက် အလုပ်ကြီး အကိုင်ကြီး တစ်ခု ဖြစ်သည်။ သူ မှတ်မိသမျှကို ပြန်၍ တွေးကြည့်မိပြန်သည်။

 

ညနေစောင်းလျှင် အဘွားသည် သူ့ကို ချီ၍ အိမ်ရှေ့ ၀ရန်တာတွင် ထွက်ပြီး ထိုင်လေ့ရှိသည်။ အဘွား၏ ထဘီကို သူက ပုခက်လုပ်၍ စီးလေ့ရှိသည်။ ထဘီကို ပုခက်လုပ်၍ စီးသည်ဆိုသည်မှာ စကားအဖြစ် ပြောခြင်းသာ ဖြစ်ပါသည်။ စင်စစ် သူ့ အဘွား၏ ပိန်ချိချိ ပေါင်နှစ်လုံး အကြားရှိ ထဘီစ အပေါ်တွင် တက်ထိုင်၍ အဘွားကို တွတ်တီးတွတ်တာ ဆိုခြင်းသာ ဖြစ်သည်။ ထိုအချိန်မျိုးတွင် သူ့အမေက သူ့ကို ထမင်း ခွန့်ရသည်။ မိခင်ကို ကဏ္ဍကောဇ လုပ်ခြင်းမှာ သူ့ မွေးရာပါ ဗီဇ ဖြစ်၏။ မိခင်ကြီးက “ငါ့သား ပါးစပ် ဟ၊ အမ ထမင်းခွန့်မယ်” ဟု ဆိုလျှင် သူက ပါးစပ်ကို စေ့ထားလိုက်သည်။ “ဟ ပါ ငါ့သားရဲ့၊ ပါးစပ် ဟ၊ ပါးစပ် ဟ၊ ငါ့သားက လိမ္မာတယ်” ဟု ဆိုပြန်လျှင် “မလိမ္မာဘူး၊ မလိမ္မာဘူး” ဟု သူ စူးစူးဝါးဝါးအော်လေ့ရှိသည်။ ထိုသို့ ကြုံရလေတိုင်း သူ့ အဘွားသည် ဟက်ဟက်ပက်ပက် ရယ်မောပြီးလျှင်  “ဟော ဟိုမှာ ကြည့်စမ်း၊ ငါ့သားရေ .. အမေကြီး လက်ညှိုး ညွှန်တဲ့ဘက်ကို ကြည့်၊ ဟောဟိုက တိမ်တွေပေါ်မှာ နဂါးကြီးကို တွေ့လား၊ အဲဒီ နဂါးကြီးကို ဟိုဘက်က ဂဠုန်ကြီးက သုတ်ဖို့ လိုက်နေပြီ” ဟု ဆိုလိုက်လျှင် သူ တိမ်တိုက်များကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်သွားလေ၏။ ထိုအခိုက်တွင် သူ့ အမေက ထမင်း တစ်လုပ် ခွန့်၏။ သူလည်း ရောယောင်ပြီး မျိုချလိုက်ရသည်။

 

တစ်ဖန် သူ့ အဘွားက “ငါ့သား ဟောဟိုဘက်ကို ကြည့်စမ်း၊ အဲဒီမှာ အ၀ါရောင် နရားကြီး ရေသောက်ဖို့ ဆင်းလာနေပြီ” ဟု ဆိုပြန်သည်။ အပြောကျယ်သော ကောင်းကင်ပြင်တွင် သူ့ အမေကြီး ပြသည့် ဒဏ္ဍာရီ သတ္တ၀ါများ လှည့်လည်သွားလာနေသည်ကို သူ အကယ်ပင် မြင်ရခြင်း ဖြစ်၏။  “ဟုတ်တယ် အမေကြီးရေ အဲဒီမှာ နဂါးကြီး” ဟု သူ လှိုက်လှိုက်လှဲလှဲ ဆိုမိသည်။ ထိုသော် သူ့ အဘွားက “အဲဒါက နဂါး မဟုတ်ဘူး ငါ့သားရဲ့ နရား ကွဲ့၊ နဂါးမှာ ခြေထောက် မပါဘူး။ နရားမှာတော့ ခြေထောက် လေးချောင်း ပါတယ်၊ နဂါးဆိုတာက ဘုန်းကြီးရဲ့ ပလ္လင်ဘေးမှာ မှန်စီရွှေချနဲ့ လုပ်ထားတဲ့ အကောင်မျိုး၊ နရားဆိုတာက ငါ့သား ဦးတော် ချတဲ့ ဘုရားစင်ရဲ့ ဘေးက တိုင်လုံးပေါ်မှာ ချိတ်ထားတဲ့ အကောင်မျိုး” ဟု ဆိုရင်း ဒဏ္ဍာရီ သတ္တ၀ါများ၏ ရူပလက္ခဏာကို ရှင်းပြရပြန်သည်။ သူ ပါးစပ်အဟောင်း ဖြစ်သွားရပြန်သည်။ သူ့ အမေက ထမင်းတစ်လုပ် ခွန့်ပြန်သည်။ ဤသို့ဖြင့် ထမင်း တစ်ပန်းကန်လုံး တက်တက်ပြောင်ချိန်၌ သူနှင့် တိမ်နဂါး၊ တိမ်နရား၊ တိမ်မကာရ်း၊ တိမ်ဘီလူး အစရှိသော တိမ်သတ္တ၀ါပေါင်းစုံနှင့် ရင်းနှီးမှု ရသွားလေ၏။

 

သူ သည် အတွေးစကို လက်စသိမ်း၍ ဖျော့တော့တော့ တိမ်ပင်လယ်ပြင်ကို ငုံ့၍ ကြည့်လိုက်သည်။ တိမ်နဂါး၊ တိမ်နရား၊ တိမ်မကာရ်း၊ တိမ်ဘီလူး တစ်ကောင် တစ်မြီးမျှ မမြင်ရ။ သူ မကျေမနပ် ဖြစ်သွားသည်။ တစ်ဖန် ငုံ့၍ ကြည့်ပြန်သည်။ ဘာမျှ မတွေ့။ ဖြူဖြဲဖြဲ တိမ်ပင်လယ်သည် ဂွမ်းပုံ လဲမှို့များ ဖြန့်ခင်းထားသည့်နှယ် အသက် ကင်းမဲ့စွာ တည်ရှိနေသည်ကို မြင်ရသည်။

 

လေယာဉ် ပြတင်းတံခါး အကာပြားကို သူ ဆွဲပိတ်လိုက်သည်။

 

တိမ်စိုင်တိမ်တိုက်များ အနီးသို့ ရောက်ရှိနေချိန်တွင် သူ ငယ်စဉ်က မြင်ယောင်လေ့ရှိသော တိမ်သတ္တ၀ါများကို အဘယ် အကြောင်းကြောင့် မမြင်နိုင်၊ မတွေ့နိုင် ဖြစ်ရသည်ကို ဆင်ခြင်မိ၏။ ငယ်စဉ်က တိမ်စိုင်များကို မော့ကြည့်ခိုက်ဝယ် သူ မြင်လိုသော တိမ်သတ္တ၀ါများကို အလျှံပယ် မြင်ခွင့်ရ၏။ ယခု တိမ်စိုင်တို့၏ အထက်မှ နေ၍ ငုံ့ကြည့်ခိုက်တွင်မူ သူ မြင်လိုသော တိမ်စိုင်တိမ်သား သတ္တ၀ါများကို အလျဉ်း မတွေ့ရတော့။

 

မော့ကြည့်ချိန်တွင် မြင်ရသော မြင်ကွင်းနှင့် ငုံ့ကြည့်ချိန်တွင် တွေ့ရသော မြင်ကွင်းတို့၏ ကွဲပြားမှုကို သတိပြု ဆင်ခြင်ရင်း ဘာဝနာ ပွားမိသည်။ ၀ရသမ္ဗောဓိညဏ် အခိုက်အတန့်မျှ ရလိုက်၏။ ထိုအခိုက်တွင် လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ရန် ပြုလေ၏။ တဒင်္ဂမျှ ရလိုက်သော ၀ရသမ္ဗောဓိညဏ်သည် လေယာဉ်ပျံ သိမ့်ခနဲ ဖြစ်သွားသည့် အခိုက်တွင် တမဟုတ်ချင်း ပျောက်ကွယ်သွားလေ၏။

 

ထွန်ယက်လက်စ နီကျင့်ကျင့် ယာမြေများကို တဖြည်းဖြည်း သဲကွဲစွာ မြင်ရလေပြီ။ ညို့မှိုင်းမှိုင်း ထန်းတောများကိုလည်း မြင်ရလေပြီ။ ဧရာဝတီမြစ်ကြီး ရစ်ခွေစီးဆင်းနေသည်ကိုလည်း မြင်ရလေပြီ။ လေယာဉ်သည် မြေပြင်သို့ ကောင်းမွန်စွာ ဆင်းသက်လေ၏။

 

ဤခရီး ဤတွင် ပြီးဆုံး၍ နောက်ထပ် ခရီးတစ်ခု ဆက်ရပေလိမ့်ဦးမည်။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆန်း ၄ ရက်၊ စနေနေ့။ ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၀ ရက်။

ပန်းချီပုံ ထလ