Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

heads

(၁)

နားမရှိဘဲ ကြားရတာကို အသံလို့ ခေါ်နိုင်သလား။

မျက်စိမရှိဘဲ မြင်ရတာကို အဆင်းလို့ ခေါ်နိုင်လား။

 


(၂)

ဒီအပေါ်က အမေးဝါကျ နှစ်ကြောင်းကို ခင်ဗျား ဘဝင်ကျချင်မှ ကျလိမ့်မယ်။ ဒါမှမဟုတ် နောက်တစ်ခေါက် ထပ်ဖတ်ပြီး နက်နက်နဲနဲ လိုက်တွေးကြည့်ကောင်း တွေးမိလိမ့်မယ်။ ဒါမှမဟုတ် ဘာမှဆက်မတွေးဘဲ ရှေ့မှာ ဆက်ရေးထားတဲ့ ဝါကျတွေကိုပဲ ခပ်သွက်သွက်လေး လိုက်ဖတ်ချင် ဖတ်နေလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါ အရေးမကြီးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီကိစ္စထက် အရေးကြီးတဲ့ အရာက ပိုပြီး အရေးတကြီးဖြစ်နေလို့ပါပဲ။

 

ဟုတ်ကဲ့ … ရှုပ်ပါတယ်။ တကယ့်အဖြစ်အပျက်ကလည်း တကယ့်ကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတော့ အခုလို အစပျိုး နိဒါန်းချီတာဟာလည်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေမှာပေါ့လေ။ အကြောင်းချင်းရာတွေရဲ့ အစနဲ့ အဆုံးမှာ ဘယ်ဟာက ပိုရှုပ်ထွေးလေ့ရှိပါသလဲ။ အစပိုင်းရှုပ်ထွေးတာဟာ ဒီထက်ပိုရှုပ်ထွေးတဲ့ အခြေအနေမျိုး ဖြစ်စေသလား။ ဒါမှ မဟုတ် အဆုံးမှာ ရှုပ်ထွေးပွေလီ ဝေဝါးနေတဲ့ အဖြစ်ဟာ အင်မတန် ရိုးရှင်းတဲ့ အရာက အစပြုနိုင်ပါသလား။ အစနဲ့ အဆုံး ရိုးရှင်းမှုနဲ့ ရှုပ်ထွေးမှု။ ဒီအကြောင်းကို ဒီနေရာမှာပဲ ထားခဲ့ပါရစေ။ တွေးလိုသူတို့ မိမိဘာသာ ဆက်တွေးကြတော့။ ကျွန်တော်ကတော့ ကျွန်တော့်အကြောင်းပဲ ဆက်ပြောတော့မယ်။

 

အဲ … ပြောမယ်ဆိုတော့လည်း ဘယ်က စပြောရမလဲ မသိ။

 

ဟုတ်ပါ့ …. ပြန်ပြောပြရင် ဘယ်က စပြောရမယ်မှန်း မသိနိုင်လောက်အောင်ပါပဲ။ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြောကြည့်မယ်နော်။ ကျွန်တော် ကိုယ့်ကိုကိုယ် စပြီး သတိထားမိတဲ့ နေရာက စရမှာပဲ။ ဒီနေရာမှာ “ကိုယ့်ကိုကိုယ် စပြီး သတိထားမိ” ဆိုတဲ့ စကားလုံးကို ရွေးမိလိုက်တာ သိပ်ကျေနပ်တယ်။ ဒီဝတ္ထုကို အဆုံးအထိ ဖတ်ပြီးရင် ကျွန်တော် ဒီလို ပြောတာကို ခင်ဗျားလည်း အပြည့်အဝ သဘောတူမှာ သေချာတယ်။

 


(၃)

 

တိ … တိ ….. တိ …. တိ…..။

နှိုးစက်မြည်သံ။ ဒီအသံမှာ ကျွန်တော်ဟာ ဆက်ခနဲ ဖြစ်သွား။ ဝိုးဝိုးဝါးဝါး လှုပ်ရှားနေတဲ့ အရောင်တွေ၊ ဗလုံးဗထွေး အသံတွေနဲ့ ပြည့်နေတဲ့ အိမ်မက်ဟာ နှိုးစက်မြည်သံမှာ တိခနဲ့ ပြတ်ကျသွား။ ဆူညံနေတဲ့ တီဗီ တစ်လုံးကို ရုတ်တရက် မီးပိတ်လိုက်သလိုပါပဲ။

 

ဟုတ်ကဲ့ ….။ ကျွန်တော် အိပ်ယာက နိုးပါပြီ။

 

နှိုးစက်က တီတီ တီတီ မြည်နေတုန်းပဲ။ တီတီ တီတီနဲ့ မြည်နေသံဟာ အရေးပေါ် အချက်ပေးသံလား။ ဒါမှ မဟုတ် ပေါက်ကွဲဖို့ စက္ကန့်ပိုင်းလေးပဲ လိုတော့တဲ့ ချိန်ကိုက်ဗုံး တစ်လုံးရဲ့ မြည်သံလား။ ကျွန်တော်ဟာ အဲလို လျှောက်တွေးရင်း မျက်လုံးမဖွင့်ဘဲ နှိုးစက်ကို လက်နဲ့စမ်း လှမ်းပိတ်လိုက်တယ်။ လုံးဝ တိတ်ဆိတ်သွား။ ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးတစ်လုံးကို နှစ်စက္ကန့်အလိုမှာ ပိတ်ပစ်လိုက်နိုင်တဲ့ ရုပ်ရှင်ပြကွက်တစ်ခုကို သွားတွေးမိတယ်။ ပြီးတော့ ကိုယ့်ဘာသာ ပြုံးမိပြန်တယ်။ မျက်စိဖွင့်လိုက်တော့ အခန်းထဲကို အပြင်က အလင်းရောင်တွေ အတော်လေး ဝင်နေတာ သတိထားမိတယ်။ နေတောင်ထွက်နေပြီပေါ့။ နေမင်းဆီမှာလည်း ကျွန်တော်လို့ တရုတ်ပြည်ဖြစ် နှိုးစက်သေးသေးလေး တစ်လုံး ရှိနေနိုင်ပါသလား။

 

အင်း … နောက်ဆုံးတော့လည်း မနက်အလင်းရောက် အိပ်ယာက ထရတာပါပဲလား။ အိမ်မက်တွေနဲ့ စိုစွတ်ခွင့်ရတဲ့ ညဟာ တိုတောင်းလှပါဘိ။

 

ကျွန်တော် လက်နှစ်ချောင်းကို အစွမ်းကို တန်းပြီး အပျင်းဆန့်လိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်း ဆံပင်တွေကို သပ်တင် …. ။ ဟ … ဟ … ဟ ….။ လက်က ခေါင်းအုံးကိုပဲ သွားစမ်းမိတယ်။ ဆံပင်ကို လက်နဲ့ ပြန်စမ်းတယ်။ ဒေါပေမယ့် ခေါင်းအုံးကိုပဲ သွားစမ်းမိတယ်။ ပြီးတော့ နှာခေါင်း၊ ပါးစပ်၊ လိုက်စမ်းတယ်။ ခေါင်းအုံးကိုချည်း စမ်းမိနေ။ ကျွန်တော် တကိုယ်လုံး ဆတ်ဆတ်ခါအောင် တုန်လှုပ်သွားတယ်။ စိတ်ကို တင်းပြီး ထပ်စမ်းတယ်။ ခေါင်းအုံးပဲ ဖြစ်နေပြန်တယ်။ ဘေး ဘယ်ညာ အနှံ လိုက်စမ်းကြည့်တယ်။ ခေါင်းအုံးချည်းပဲ။ အား ….. ။ ကျွန်တော့်ခေါင်းဘယ်မှာလဲ။ ကျွန်တော့် ခေါင်း ဘယ်မှာလဲ။ ကျွန်တော် ဦးခေါင်း ဘယ်မှာလဲ။


 head

(၄)

 

ကျွန်တော်ဟာ ဝုန်းခနဲ အိပ်ယာပေါ်က ခုန်ထတယ်။

ခေါင်းရင်းက နံရံမှာ ချိတ်ထားတဲ့ မှန်ဆီကို ကမူးရှုးထိုး ပြေး။

“အား …………………..။”

အသံနက်ကြီးနဲ့ အာခေါင်ခြစ် အော်လိုက်မိ။ မှန်ထဲမှာ ….။ မှန်ထဲမှာ ……။

 

မှန်ထဲမှာ ကျွန်တော့် ခေါင်းကို မတွေ့ရ။ ကျွန်တော့်မှာ ခေါင်းမရှိ။ ကျွန်တော့်မှာ ဦးခေါင်း မရှိတော့ဘူး။ ကျွန်တော် အာခေါင်ခြစ်ပြီး အော်နေပေမယ့် တကယ်တော့ ဘာသအံမှ မထွက်။ အခန်းက တိတ်ဆိတ်။ မှန်ထဲက အထိတ်ထိတ် အလန့်လန့် အထပ်ထပ်ကြည့်။ ဘယ်လိုကြည့်ကြည့် ခေါင်းကို မတွေ့ရ။ ညဝတ်အင်္ကျီလည်ပင်းပေါက်ကနေ ကျွန်တော့် လည်တိုင်ဟာ ထိုးထွက်နေပြီး လေထဲမှာ ငုတ်တိကြီး။ ဟုတ်တယ် လည်ပင်းငုတ်တိကြီးနဲ့။ အဲဒီ လည်ပင်း ငုတ်တိကြီးရဲ့ အထက်ကို လက်နှဏ်ဖက်နဲ့ လိုက်စမ်းတယ်။ လက်နှစ်ဖက်က လေထဲမှာ တရမ်းရမ်း။

 

ကျွန်တော် စိတ်ကို အတတ်နိုင်ဆုံး ထိန်းတယ်။ ငြိမ်အောင် ထိန်းတယ်။ ဒါပေမယ့် မရ။ ကျွန်တော့် စိတ်တွေ၊ ရင်တွေ တကိုယ်လုံး တဆက်ဆက်ခါ။


 

(၅)

 

နားမရှိဘဲ ကြားရတာကို အသံလို့ ခေါ်နိုင်သလား။

မျက်စိ မရှိဘဲ မြင်ရတာကို အဆင်းလို့ ခေါ်နိုင်သလား။

ဦးခေါင်းမရှိဘဲ ခံစားရတာကို အာရုံလို့ ခေါ်နိုင်သလား။

 

(၆)

 

အခန်းဟာ ထိန်လင်းဖြူဖွေးနေတယ်။ မီးချောင်းတွေရဲ့ အရောင်။ ကျွန်တော့် ရှေ့တည့်တည့်မှာ စင်တစ်ခု။ စင်ပေါ်မှာ ဦးခေါင်းတွေ စီရရီ။ ပုံစံမျိုးစုံ။ ယောင်္ကျားခေါင်း၊ မိန်းမခေါင်း၊ ဆံပင်ပုံစံမျိုးစုံ၊ မျက်နှာပုံစံ အမျိုးမျိုး၊ အသားအရောင် အစုံစုံ။ ကျွန်တော့်လက်က တစုံတခုကို ကိုင်ထားရတယ်လို့ ခံစားမိ။ ကြည့်လိုက်တော့ လက်ထဲမှာ ဈေးဝယ်လှည်း။ ကျွန်တော် ရှော့ပင်း စင်တာ တစ်ခုထဲရောက်နေတာကိုး။

 

ကျွန်တော်ဟာ စင်အနားကို အသားလေး ကပ်သွားကြည့်တယ်။ ပြီးတော့ ကျွန်တော့်လက်နဲ့ အနီးဆုံးဖြစ်နေတဲ့ ယောင်္ကျား ဦးခေါင်း တစ်ခုကို လှမ်းဆွဲယူလိုက်တယ်။ အဲဒီ ခေါင်းကို လက်ထဲမှာ ကိုင်ထားရင်းနဲ့ စင်ပေါ်က အခြားခေါင်းတွေနဲ့ လိုက်ယှဉ်ကြည့်နေမိတယ်။ ဘယ်ခေါင်း ကောင်းမလဲ။ ဘယ်ခေါင်းဟာ ကျွန်တော့်အတွက် အသင့်တော်ဆုံးလဲ။ ကျွန်တော့်အတွက်တော့ ဦးခေါင်း တစ်လုံး ရှိကို ရှိရမယ်လေ။ ဘယ်ခေါင်းလဲ။ ဘယ်ခေါင်းရှိရမလဲ။ တစ်ယောက်ယောက် မမြင်ခင် မြန်မြန်လေး ရမှ ဖြစ်မယ်။


 

(ဒီနေရာမှာ တစ်ခု ဖြတ်ပြောပါရစေ။ စာရှုသူ မိတ်ဆွေ ခင်ဗျား … တကယ်လို့ ခင်ဗျားသာ အဲဒီနေရာမှာ ရောက်နေခဲ့ရင်၊ ပြီးတော့ ခင်ဗျားရဲ့ လက်ထဲမှာလည်း ကင်မရာ တစ်လုံး အသင့်ရှိနေခဲ့ရင်၊ ပြီးတော့ အဲဒီ ကင်မရာနဲ့ ကျွန်တော့်ကို ဓါတ်ပုံရိုက်ခဲ့မိရင်၊ ပြီးတော့ အဲဒီ ဖလင်ကို ဆေးကူးဖြစ်ခဲ့ရင် … ။ အောက်က ဓါတ်ပုံကို ခင်ဗျားတွေ့ရမှာ သေချာတယ်။)

(နောက်တစ်ကြိမ် ဖြတ်ပြီး ပြောပါရစေဦး။ စာရှုသူ မိတ်ဆွေ ခင်ဗျား …… ။ တကယ်တော့ ခင်ဗျားဟာ အဲဒီနေရာကို ရောက်မနေခဲ့ဘူး။ ဒါကြောင့် ခင်ဗျားဟာ ကျွန်တော့်ကို ဓါတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ဖလင်ကို ဆေးကူးစရာ မလိုခဲ့ဘူး။ ဒါကြောင့် အပေါ်က ဓါတ်ပုံကို ခင်ဗျားတွေ့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး အပေါ်က ဓါတ်ပုံကို ခင်ဗျားရဲ့ အမြင်အာရုံထဲကနေ ထုတ်ပစ်လိုက်ပါ။ အပေါ်က ဓါတ်ပုံဟာ ဒီစာရွက်ပေါ်မှာ လုံးဝ ရှိမနေပါဘူး ခင်ဗျား။)

 


(၇)

 

ကျွန်တော်ဟာ ကမူးရှုးထိုးနဲ့ ခေါင်းတွေကို အတင်းဆွဲချ၊ ကျွန်တော့် လည်ပင်းထိပ်မှာ လျာကြည့်၊ ပြီး စင်ဘေးက နံရံကပ်မှန်ကို ပြေးကြည့်။ မကြိုက်သေးဘူး။ နောက်တစ်လုံး၊ အလျှင်စလို လှမ်းဆွဲ။ ခေါင်း သုံးလေးလုံးဟာ ကြမ်းပြင်ပေါ် ပြုတ်ကျ။ တလိမ့်လိမ့်သွား။ အခန်းနံရံနဲ့ တိုက်မိမှပဲ ရပ်သွားတယ်။ မှန်ဆီကို အမြန်ပြန်ပြေး၊ လည်ပင်းထပ်မှာ ကပ်ကြည့်။ မစွံဘူး။ ဒီခေါင်းဟာ ကြီးသလောက် ပေါ့တယ်။ ကျွန်တော့် လက်တဖက်စီမှာ ခေါင်း တစ်လုံးစီ။ လက်နဲ့ ဆကြည့်တယ်။ ကျွဲကောသီးတွေ၊ ဒူးရင်းသီးတွေ ဝယ်တာကို မြင်ယောင်မိ။ ခပ်ပေါ့ပေါ့ ခေါင်းကို စင်ပေါ် ပစ်တင်လိုက်ပြီး မှန်ရှိရာကို ပြေးပြန်တယ်။ ပစ်တင်လိုက်တဲ့ ခေါင်းဟာ အခြားခေါင်းတွေကို သွားရိုက်မိပြီး ကြမ်းပြင်ပေါ် ခေါင်းတွေ တဒုန်းဒုန်းနဲ့ ပြုတ်ကျကုန်တယ်။

 

ဒီခေါင်းကတော့ ကောင်းမယ့်ပုံပဲ။ ဒါပေမယ့် ဆွပင်ပုံစံက မမိုက်ဘူး။ ခေါင်းက အရေးကြီးလား ခေါင်းရဲ့ အပေါ်မှာ ရှိတဲ့နေ ဆံပင်ကပုံစံ အရေးကြီးလား။ ထား …. ။ ဒါနောက်မှ စဉ်းစားမယ်။ အရေးကြီးတာက ခေါင်း တစ်လုံးရဖို့။ ခေါင်းမရှိလို့ ဘယ်နည်းနဲ့မှ မဖြစ်။ ရွေးလွန်းရင် မရ။ အရေးထဲ ဒီစကားပုံက လာရှုပ်နေပြန်ပြီ။

 

ကျွန်တော် စင်ပေါ်က ခေါင်းတွေကို အလောတကြီး ဆွဲယူချနေတယ်။ အပေါ်ဆုံး အဆင့်က ခေါင်းတွေကို လှန်းခုန်ယူတယ်။ ဒီတခါ ခေါင်းတွေ ကျွန်တော့် အပေါ် ဝေါခနဲ စုပြုံ ပြိုကျလာရေ။ ခေါင်းတွေ … ခေါင်းတွေ …။ ကျွန်တော်ဟာ ကျွန်တော့် ခန္ဓာကိုယ်ပေါ်ကို တဒုန်းဒုန်း ဝင်ဆောင့် လိမ့်ကျနေတဲ့ ခေါင်းတွေနဲ့ ကြမ်းပြင်ပေါ်က ချာလပတ်ယမ်း လှုပ်ရှားလူးလိမ့်နေတဲ့ ခေါင်းတွေကြားမှာ ဒယိမ်းဒယိုင် ဖြစ်နေတယ်။

 

(စကားဖြတ်ပြောရဦးမယ်။ တကယ်လို့ ဒီအချိန်မှာ ခင်ဗျားသာ အဲဒီလို နေရာမှာ ရှိခဲ့ရင်၊ပြီးတော့ ခင်ဗျား လက်ထဲမှာ ကင်မရာ တလုံးလည်း အသင့်ရှိနေခဲ့ရင် အခုလို ကျွန်တော် ဖြစ်ပျက်နေတာကို ဓါတ်ပုံရိုက်ထားမိမှာ သေချာတယ်။ အဲဒီ ဓါတ်ပုံ ဖလင်ကို ဆေးကူးပြီးတဲ့ အခါ ကျေးဇူးပြုပြီး အောက်က ကွက်လပ်မှာ ကပ်ပေးထားပါ ခင်ဗျာ။)

 blank

(နောက်ဆုံးအနေနဲ့ စကားဖြတ်ပြီး ပြောပါရစေဦး။ စာရှုသူ မိတ်ဆွေ ခင်ဗျား ….  တကယ်တော့ ခင်ဗျားဟာ အဲဒီ နေရာကို ရောက်မနေခဲ့ပါဘူး။ ဒါကြောင့် ခင်ဗျားဟာ ကျွန်တော့်ဓါတ်ပုံကို မရိုက်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ဖလင်ကို ဆေးကူးစရာ မလိုခဲ့ဘူး။ ဒါကြောင့် အပေါ်က ကွက်လပ်မှာ ဓါတ်ပုံ ကပ်ထားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အပေါ်က ကွက်လပ်နေရာမှာ ခင်ဗျား မရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံကို ကျေးဇူးပြုပြီး ခင်ဗျားရဲ့ အမြင်အာရုံမှာ မြင်ယောင်ကြည့်ပေးပါ ခင်ဗျာ။ အပေါ်က ကွက်လပ်မှာ ဓါတ်ပုံတစ်ပုံ အသေအချာ ရှိနေပါလိမ့်မယ်။)

 


(၈)

 

ကျွန်တော် ငွေရှင်းကောင်တာဆီကို ဦးတည်ပြီး သွားနေတယ်။ တွန်းယူလာတဲ့ ဈေးဝယ်လှည်းထဲမှာ ခေါင်းတစ်လုံး။ အဲဒီခေါင်းကို သေသေချာချာ ထပ်ကြည့်တယ်။ အဲဒီခေါင်းမှာ ကတ်ပြားပိုင်းလေး တွဲလောင်းပါလာတယ်။ အခုမှ သေသေချာချာ ဖတ်ကြည့်မိတယ်။ တရုတ်ပြည်တွင် ပြုလုပ်သည်တဲ့။ ဝယ်ပြီး ပစ္စည်း ပြန်လဲ မပေးပါတဲ့။ ၂၄၈၇၅ ကျပ်တဲ့။

 

၂၄၈၇၅ ကျပ် …… ။ ၂၄၈၇၅ ကျပ် ……… ။ ၂၄၈၇၅ ကျပ် …….။

ကျွန်တော့် စိတ်ထဲမှာ ပူခနဲဖြစ်သွားတယ်။ ဘောင်ဘီအိတ်ထဲ စမ်းတယ်။ ဘယ်ဘက်အိတ်ရော၊ ညာဘက်အိတ်တွေရော အနှံရှာတယ်။ နောက်ထပ် တစ်ခေါက် ထပ်ရှာတယ်။ သွားပြီ။ ဒုက္ခပဲ။ ပိုက်ဆံအိတ် မရှိဘူး။

 

ဘယ်လို လုပ်မလဲ။ ကျွန်တော် စိတ်ဓါတ်အကြီးအကျယ်ကျ။ မဖြစ်ဘူး။ ဒီခေါင်းကိုတော့ မရ၊ ရတဲ့ နည်းနဲ့ ရအောင်ကို ယူရမယ်။ ဒီအတွေးနဲ့ ဘေးဘီကို လှမ်းကြည့်။ ဟော တော်ပါသေးရဲ့။ ကံကောင်းတာပဲ။

 

“ဟေး …..  ဟေ့ …. ဟေး …. ငါဒီမှာဟေ့ …..”။

 

ကောင်တာမှာ ငွေရှင်းနေတဲ့ ကျွန်တော့် မိတ်ဆွေကို ဝမ်းသာအားရ လှမ်းအော်လိုက်တယ်။ ဒါပေမယ့် အသံလုံးဝ မထွက်။ ကျွန်တော် ထပ်အော်တယ်။ ခြစ်ခြုပ်ပြီး အော်တယ်။ ဒါပေမယ့် ဘာသံမှ မထွက်။


 

အံ့စရာ။

မျက်စိမရှိဘဲ မြင်ရတယ်။

နားမရှိဘဲ ကြားရတယ်။

ခေါင်းမရှိဘဲ အာရုံ ခံစားရတယ်။

ဘာကြောင့် ပါးစပ်မရှိဘဲ အသံမထွက်ရတာလဲ။

ဘာကြောင့်လဲ …. ။

ထား …..။ အဓိက က ဒီကိစ္စကို အဖြေထုတ်ဖို့ မဟုတ်ဘူး။

 

ကျွန်တော် ဝမ်းသာအားရ ပြေးသွားတယ်။ ကျွန်တော့် မိတ်ဆွေရဲ့ ပုခုံးကို လက်နှဏ်ဖက်နဲ့ အားရ ပါးရ ဆွဲကိုင် လှုပ်ရမ်းပစ်လိုက်တယ်။ ကျွန်တော့် မိတ်ဆွေဟာ ဖက်ခနဲ နောက်ကို လှည့်ကြည့်လိုက်။

“အား ……..။”

 

ကျွန်တော့် မိတ်ဆွေဟာ ကြောက်မက်ဖွယ် အသံနက်ကြီးနဲ့ ထအော်။ သူ့မျက်လုံးတွေ ဝိုင်းဝိုင်းစက် ….။ သူ့မျက်နှာတွေဟာ ဆုပ်ဆုပ်ဖြူ။ သူ့အော်သံကြားလို့ ကွန်ပျူတာထဲကို ဈေးနှုန်းတွေ ရိုက်ထည့်နေတဲ့ စာရေးမလေးဟာ ဆက်ခနဲ မော့ကြည့်။ “အား ………။” ဆိုပြီး အသံရှည်ကြီးက စူးစူးရှရှ။ သူတို့မျက်လုံးတွေဟာ ဝိုင်းစက်။ မျက်နှာတွေဟာ သွေး မရှိကြတော့။

 

သူတို့ရဲ့ အော်သံဟာ ကျွန်တော့် ရင်ထဲ နှလုံးထဲ အထိ ကြောက်မက်ဖွယ် ဝင်မြည်နေတယ်။ မရပ်တော့ဘူး။ ကျွန်တော် မိုက်ခနဲ တချက်ဖြစ်သွားတယ်။ အားယူပြီး လှမ်းကြည့်လိုက်တော့ ကျွန်တော့် မိတ်ဆွေဟာ မျက်လုံးကြီးပြူးပြီး ကြောင်ကြောင်ကြီးရပ်နေတယ်။ ပါးစပ်အဟောင်းသားနဲ့။ စာရေးမလေးကတော့ ကြမ်းပြင်ပေါ် ခွေလဲကျနေတယ်။


 

ဘာတွေလဲ။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ကျွန်တော်ဟာ ကျွန်တော့်ခေါင်းကိစ္စဆီ စိတ်ပြန်ရောက်သွားပြီး တွန်းလှည်းထဲက ခေါင်းကို အမြန်ဆုံး ဝတ်ဆင်ဖို့ သတိရသွားတယ်။ ကပျာကယာပဲ တွန်းလှည်းထဲက ခေါင်းကို လှမ်းယူလိုက်တယ်။ အား ….။ ကျွန်တော်ဟာ ကိုယ့်မျက်စိ ကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ မဖြစ်နိုင်သေးဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်စရာ အကြောင်း လုံးဝမရှိ။ ကျွန်တော် ကိုယ့်စိတ်ကိုယ် သေသေချာချာ ထိန်းပြီး ပြန်ကြည့်တယ်။ သေသေချာချာကြည့်လိုက်တယ်။

 

တွန်းလှည်းထဲမှာတော့ အမျိုးသမီးဆောင်း ဦးထုပ်လှလှကလေး တစ်လုံး၊ ပန်းရောင် နုနုကလေး။

ကျွန်တော် အကြီးအကျယ် ထိန့်လန့် တုန်လှုပ်သွားတယ်။ ကျွန်တော် စိတ်တွေ အားလုံး အပိုင်းပိုင်း အစစ ပေါက်ကွဲ လွင့်စင်သွားသလို ခံစားလိုက်ရတယ်။

 

(ဖြတ်ပြောရရင် ကျွန်တော်ဟာ အမျိုးသမီးဆောင်း ဦးထုပ်တစ်လုံးကိုကြည့်ပြီး ဘယ်တုန်းကမှ အခုလို အထိတ်တလန့် မဖြစ်ခဲ့ဘူး။)

 

ဘယ်ရောက်သြွးပြီလဲ … ကျွန်တော်ရွေးထားတဲ့ ဦးခေါင်း၊ ဘယ်ရောက်သွားပြီလဲ။

 

အထိတ်ထိတ် အလန့်လန့်နဲ့ ကျွန်တော်ဟာ ဦးခေါင်းတွေ တင်ထားတဲ့ စင်ရှိရာဆီ ဦးတည်ပြီး တဟုန်ထိုးပြေးတယ်။ ကျွန်တော့်ရင်ဘတ်ထဲက နှလုံးဟာ တဝုန်းဝုန်း တဒိုင်းဒိုင်းဖြစ်နေတယ်။


 

ကျွန်တော် ပြေးတယ်။

စင်ရှိရာကို ပြေးတယ်

အားကုန်ပြေးတယ်။

 

ဟာ ……။

ကျွန်တော် ကြက်သေသေ သွားတယ်။ ပြေးနေတဲ့ ခြေလှမ်းတွေ ဆက်ခနဲ ရပ်သွားတယ်။ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်တော် သေချာသွားအောင် ထပ်ကြည့်တယ်။

 

အမျိုးသမီးဆောင်း ဦးထုပ် လှလှလေးတွေ။ ရောင်စုံ။ စင်ပေါ်မှာ လေးငါးခြောက်လုံး။ ကြမ်းပြင်မှာတော့ ဟို တစ်လုံး၊ ဒီ တစ်လုံး ကျဲပြန့်လို့။ လှလိုက်တဲ့ ဦးထုပ် ကလေးတွေရယ် . . . ။

ကျွန်တော် ဝုန်းကနဲ မှန်ရှိရာကို ပြေး။

မှန်ထဲကို ကြည့်လိုက်တော့ ….။

မှန်ထဲမှာ …..၊ မှန်ထဲမှာ ….။


 

(၉)

 

ကျွန်တော်ဟာ ဝုန်းကနဲ အိပ်ယာပေါ်က ခုန်ထတယ်။

ခေါင်းရင်က နံရံမှာ ချိတ်ထားတဲ့ မှန်ဆီကို ကမူးရှုးထိုးပြေး။

“အား ………. ”

အသံနက်ကြီးနဲ့ အာခေါင်ခြစ် အော်လိုက်မိ။

မှန်ထဲမှာ ….။ မှန်ထဲမှာ …..။ မှန်ထဲမှာ …….။

အမျိုးသမီးဆောင်း ဦးထုပ်လှလှကလေး တစ်လုံး။

ပန်းရောင် နုနုကလေး။

ကျွန်တော် စိတ်ကို အတတ်နိုင်ဆုံး ထိန်းတယ်။ ငြိမ်အောင် ထိန်းတယ်။ ဒါပေမယ့် မရ။ ကျွန်တော့် စိတ်တွေ၊ ရင်တွေ၊ တကိုယ်လုံး တဆက်ဆက်ခါ။

(ဖြတ်ပြောရရင် ကျွန်တော်ဟာ အမျိုးသမီးဆောင်း ဦးထုပ်တစ်လုံးကို ကြည့်ပြီး ဘယ်တုန်းကမှ အခုလို အထိတ် တလန့် မဖြစ်ခဲ့ဘူး။)

ကျွန်တော့်အာရုံတစ်ခုလုံး မည်းခနဲ ဖြစ်သွား။ ဝုန်းခနဲ အသံကြီးမြည်သွားတယ်။


 

(၁၀)

 

ကျွန်တော်ဟာ ဝုန်းခနဲ အိပ်ယာပေါ်က ခုန်ထတယ်။

ခေါင်းရင်းက နံရံမှာ ချိတ်ထားတဲ့ မှန်ဆီကျု ကမူးရှုးထိုးပြေး။

“ဟား …………..”

(ဖြတ်ပြောရရင် ကျွန်တော်ဟာ ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး ဘယ်တုန်းကမှ အခုလို စိတ်မလှုပ်ရှားခဲ့ဘူး။)

 

(၁၁)

 

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်လိုက်တော့ ကျွန်တော်ဟာ ခပ်မှောင်မှောင် အခန်းကျဉ်းလေး တစ်ခုထဲ ရောက်နေတယ် ဆိုတာကို သတိထားလိုက်မိတယ်။

 

ဘာသံမှ မကြားရ။ လုံးဝ တိတ်ဆိတ်နေတယ်။

 

ဘေးနားက စားပွဲပေါ်မှာ ကွန်ပြူတာ တစ်လုံး၊ မော်နီတာက ထွက်နေတဲ့ အလင်းရောင်ဟာ အဆ မတန် စူးရှ တောက်ပနေတယ်။ အဲဒီနားကို အသာလေး တိုးကပ်သွားလိုက်တယ်။ မော်နီတာပေါ်မှာ စာသားတွေ။ မြန်မာလိုရေးထားတဲ့ စာသားတွေ။ ဖတ်ကြည့်လိုက်တော့ အဲဒီစာသားတွေဟာ ခင်ဗျား အခုဖတ်နေတဲ့ ဝတ္ထုဖြစ်နေတယ်။

 

မိုးထက်ငြိမ်း

၁၂ ဇန်နဝါရီလ ၂၀၀၅