User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                                                   

 

"အရဟံ၊ အရဟံ၊ အရဟံ .... အရဟံ .... "

 

ကိုတိုးတစ်ယောက် အသံကျယ်ကျယ်နဲ့ နှုတ်ကနေ ရွတ်ပြီး အဓိဌာန် ပုတီးစိပ်နေတဲ့ အသံဖြစ်ပါတယ်။

 

ဒီအချိန်မှာ ကိုတိုးရဲ့ အိမ်ရှေ့ကနေ လမ်းအနောက်ပိုင်းမှာနေတဲ့ အပျိုကြီး မလှတင့် တစ်ယောက် ဒေါသတကြီးနဲ့ .... ကိုတိုးရဲ့ အမေကို ကိုတိုးအကြောင်း လာတိုင်တဲ့ အသံကို ကြားလိုက်ရပါတော့တယ်။ 

............ 

ရပ်ကွက်ထဲမှာ ကြံကြံဖန်ဖန် တွေးပြီး လုပ်ချင်ရာ လုပ်လေ့ရှိတဲ့ ကိုတိုးတစ်ယောက် ငယ်ငယ်က ကျောင်းမှာလည်း ဘုရားရှိခိုးရတယ်။ အိမ်မှာလည်း ဘုရား ရှိခိုးရတယ်။ လမ်းထဲမှာလည်း ညနေဆို အိမ်နားက အိမ်တစ်အိမ်မှာ ဘုရား ရှိခိုးတယ်။ အဲဒီအိမ်က ကိုတိုး သွားဆော့ပြီး "ကော်" အကြောင်း စမ်းသပ် လေ့လာဖူးတဲ့ ပန်းပုထုတဲ့ အိမ်။ (ကိုတိုးရဲ့ ကော်စမ်းသပ်မှု အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။) ပန်းပုထုတဲ့ အိမ်ရှင်က သူ့သားတွေကို ညနေဆိုရင် ဘုရားရှိခိုးခိုင်းတယ်။ အနားမှာ သူ့သားတွေနဲ့ ကစားနေတဲ့ ကိုတိုးတို့ကိုလည်း ခေါ်ပြီး ရှိခိုးခိုင်းတယ်။ ဘုရားရှိခိုးရင် မုန့်ကျွေးတော့ .. ပျော်ပျော် ပါးပါးကို ရှိခိုးကြတယ်။ မြန်မာလို တဝက် ပါဠိလို တဝက် ဘုရားရှိခိုးရဲ့ စာသားတွေက သူငယ်တန်းအရွယ် ၅ နှစ်သား ကတည်းက ကိုတိုးအတွက် ရင်းနှီး အလွတ်ရနေခဲ့တယ်။ အဓိပ္ပါယ်တော့ မသိဘူး။

 

ကိုတိုး (၃) တန်းကျောင်းသား အရွယ်မှာလောက်မှာ နွေရာသီ ဗုဒ္ဓဘာသာ သင်တန်းကျောင်းကို လမ်းထိပ်က ဘုန်းကြီး ကျောင်းမှာ သင်တော့ ကိုတိုး အမေက သင်တန်းအပ်ပြီး သွားသင်ခိုင်းတယ်။ ကိုတိုးက စာမေးပွဲတွေ ဘာတွေ ဝင်ဖြေတယ်။ စာမေးပွဲ ဝင်ဖြေတော့ အသက်အငယ်ဆုံး ကလေးတွေကို ရှေ့ဆုံးတန်းမှာ ထားပြီး ဖြေခိုင်းတယ်။ ၉ တန်း၊ ၁၀ တန်း အရွယ်တွေက နောက်မှာ ထိုင်ရတယ်။ အငယ်ဆုံး ကိုတိုးက အားလုံးရဲ့ ရှေ့ဆုံးမှာပေါ့။

 

စာမေးပွဲအောင်စာရင်းမှာ ကျသူမရှိ အကုန်အောင်တယ်လို့ ဘဘုန်းကြီးက ကပ္ပိယကြီးကို ကျောက်သင်ပုန်းမှာ ကြေငြာစာ ရေးခိုင်းတယ်။ ကိုတိုးလည်း အောင်တယ် ဆိုတော့ ပျော်တာပေါ့။ ကိုတိုးကို တော်လိုက်တာဆိုပြီး ကိုတိုး အဖေက ဓါတ်ခဲနာရီလေး တစ်လုံး ဆုချတယ်။ နောင်နှစ် နွေရာသီမှာလည်း ဆက်တတ်ရမယ်လို့ ပြောတယ်။

 

အမှန်ကတော့ ၃ တန်းအရွယ် ကိုတိုးက ဘုရားစာတွေ ရနေလို့ မဟုတ်ဘူး။ အောင်ရတဲ့ အကြောင်းအရင်းက ..... ရှေ့ဆုံးမှာ ထိုင်တဲ့ ကလေးတွေကို စာမေးပွဲစောင့်တဲ့ ဦးဇင်းကြီး တစ်ပါးက အဖြေတွေ ပြောပြတယ်လေ။ ကိုတိုးတို့လို့ ကလေးတွေ မအောင်နိုင်ဘူးဆိုတာ သိပေမယ့် ... ကလေးတွေ ဗုဒ္ဓဘာသာမှာ ပျော်အောင် ဦးဇင်းကြီးက  ပြောပြတာ။ စာမေးပွဲ အောင်စာရင်းမှာ အောင်တယ်ပြောပေမယ့် ... နောင်နှစ် ဆက်တတ်တော့လည်း ကိုတိုးက အတန်းမှ မတက်သွားတာ။ အရင်နှစ်က သင်ခဲ့ရတာတွေပဲ ထပ်သင်ရတယ်။ ကိုတိုးဖေဖေကလည်း သိပေမယ့် ဘာသာရေး သင်တန်းကို နောင်နှစ် ဆက်တက်ချင်အောင် တမင်ဆုချတာ။ ဒီလိုနဲ့ ပါဠိစကားလုံး တချို့ မြန်မာလို တပိုင်းတစ ကိုတိုးတဖြည်းဖြည်း သိလာတယ်။ ဘုရားစာတွေရဲ့ အဓိပ္ပါယ်ကို ရိပ်ဖမ်း သံဖမ်း နားလည်လာတယ်။

 

ကိုတိုး ၆ တန်း ရောက်တော့ ရပ်ကွက်ထဲက ဓမ္မာရုံမှာ ဦးလေးတွေနဲ့ အတူ ဝတ်ရွတ် အသင်းမှာ တပတ်ခြားတစ်ခါ ဝတ်ရွတ်တာတွေ လုပ်တယ်။ ရပ်ကွက်ထဲမှာက အမျိုးသား ဝတ်ရွတ် အဖွဲ့နဲ့ အမျိုးသမီးဝတ်ရွတ် အဖွဲ့ တပတ်ခြားဆီ ရွတ်ရတာ။ အခါကြီး ရက်ကြီးတွေမှာတော့ နှစ်ဖွဲ့ ပေါင်းရွတ်တယ်။ ဝတ်ရွတ်တာကိုလည်း ကိုတိုးက လုပ်မှာပေါ့။ ဝတ်ရွတ်ပြီးတိုင်း အလှူရှင်တွေ လှူတဲ့ မုန့်တစ်ခုခု စားရတာကိုး။

 

အဲဒီမှာ ဇာတ်လမ်းစတာပဲ။ ကိုတိုးရဲ့ သုတေသန လုပ်ပြီး စူးစမ်းပုံ၊ ကပ်တီးကပ်ဖဲ့ မေးမြန်းပုံတွေက ရပ်ကွက်ထဲက ဘာသာရေး လုပ်တဲ့ လူကြီးတွေကို ဦးနှောက်ခြောက်စေတော့တာပဲ။ ပါဠိစာတွေကို လူကြီးတွေကို မေးတယ်။ တချို့ လူကြီးတွေကလည်း ပါဠိစာကို နားလည်လှတာ မဟုတ်ဘူး။ စာအုပ်ထဲက အတိုင်းရွတ်တာဆိုတော့ သူမေးတာတွေကို စာအုပ် မကြည့်ဘဲ အလွတ် မဖြေနိုင်ဘူး။ ဒီအခါ ကိုတိုးက လူကြီးတွေ ဖြစ်ပြီး မသိဘူးဆိုပြီး ပြန်ပြောလေ့ရှိတော့ ကိုတိုးမေးတာကို သူတို့ လန့်ကြတယ်။

 

တစ်ခါသားမှာလည်း ဘုရားစာ ရွတ်ရင် သရဲတွ မလာဘူးဆိုတာ လူကြီးတွေက ပြောတော့.. ကိုတိုးက တွေးတွေးဆဆနဲ့ “နားမကြားတဲ့ သရဲဆိုရင် ဘုရားစာ ရွတ်တာကို မကြားရရင် ဘယ်လိုလုပ်မလဲ။ သူတို့က လာချင်လာမှာပေါ့” လို့ မှတ်ချက်မျိုးပေးတာတွေက လူကြီးတွေအတွက် ဖြေရတာ လက်ပေါက်ကပ်စေတာပဲ။

 

ဓမ္မာရုံထဲက ဘုရားစင်ရှေ့မှာ ပုတီးတွေရှိတယ်။ ပုတီးစိပ်သူတွေရှိတယ်။ ရပ်ကွက် အနောက်ပိုင်းမှာနေတဲ့ မလှတင့်က ဝါဆိုလပြည့်နေ့ ဝတ်ရွတ်ပွဲမှာ ဝတ်ရွတ်အပြီး ကျွေးတဲ့ ကြာဇံချက်ကို စားနေရင်းက စားပွဲဝိုင်းမှာ သူ့ဘေးက မခင်မြကို အဓိဌာန် ပုတီးစိပ်ဖို့ ပြောတယ်။ သူ့ ပုတီး စိပ်နည်းက ဂုဏ်တော် ကိုးပါး စိပ်နည်း။ ဘုရားဂုဏ်တွေကို စိပ်တာ။ ဥပမာ "အရဟံ" ကို ပထမနေ့ ၁၀ ပတ်စိပ်၊ ဒုတိယနေ့ "သမ္မာသမ္ဗုဒ္ဒေါ" ၁၀ ပတ်စိပ်၊ ဒီလိုနဲ့ ၉ ရက် အဓိဌာန်ပြီး ဂုဏ်တော် ၉ ပါးလုံးကို စိပ်လို့ ပြောတယ်။ စွဲစွဲမြဲမြဲ စိပ်ရမယ်။ ဒါဆိုရင် အဓိဌာန်ပြည့်မယ်။ ဆုတောင်းပြည့်မယ်ပေါ့။ ဒါကို တစ်ဝိုင်းထဲမှာ ထိုင်စားနေတဲ့ ကိုတိုးကလည်း စိတ်တဝင်တစား မေးတယ်။

 "အန်တီ လှတင့်ရော အမြဲစိပ်လား။"

 "စိပ်တာပေါ့ ကိုတိုးရဲ့"

 "အန်တီလှတင့်၊ ပြောတဲ့ ဆုတောင်းပြည့်မယ်ဆိုတာ .. တကယ် ဆုတောင်းရော ပြည့်လား"

 "ပြည့်တာပေါ့။ ယုံယုံကြည်ကြည်သာ စိပ်။ ဒီနေ့ အလှူရှင် ကိုသောင်းတင်။ သူဘာကြောင့် ကျွေးတာလဲ သိလား။ မနက်မှာ ဘုန်းကြီးတွေကိုလည်း ဆွမ်းကပ်သေးတယ်။ အခု ညမှာလည်း ဝတ်ရွတ်သူတွေကို ကြာဆံချက် ကျွေးတာ ... အဲဒါ သူက ထီ ၅ သောင်းဆု ပေါက်လို့။ ငါက သူ့ကို ဂုဏ်တော် ကိုးပါး ပုတီး စိပ်နည်း သင်ပေးလိုက်တာကို ယုံယုံကြည်ကြည် စိပ်တော့ အခုလို ထီပေါက်တော့တာပေါ့။"

 "ဒါဆို အန်တီက ပုတီးစိပ်ရဲ့သားနဲ့ ထီမပေါက်ဘူးဆိုတော့ ထီပေါက်ဖို့ ဆုမတောင်းလို့လား" .. လို့ တွေးတွေးဆဆ မေးတဲ့ ကိုတိုးကို ...

 "ဟဲ့ကောင်လေး နင် ... အဲဒီလို စစ်စစ်ပေါက်ပေါက် လျှောက်မပြောနဲ့။ ဒါကြောင့် နင့်ရှေ့မှာ တော်ရုံ မပြောချင်တာ။ ယုံယုံကြည်ကြည်သာ စိပ် အဓိဌာန်ပြည့်တယ်" ... ဆိုပြီး လူကြီး ပါဝါ သုံးပြီး စကားကို ရောချပစ်တယ်။

 

ကိုတိုးက ဘာမှ မပြောတော့ဘူး။ ကြာဇံချက်ပဲ ဆက်စားနေလိုက်တယ်။ စားလို့ ပြီးသွားမှ ကိုတိုးက ကြာဇံချက်သောက်တဲ့ ဇလုံကို ဆေးပြီး လမ်းရဲ့ အနောက်ပိုင်းကို ထွက်သွားတယ်။ ဝတ်ရွတ်အပြီးဆိုတော့ ည ၈ နာရီ ကျော်ကျော်လောက်ပေါ့။ ဓမ္မာရုံမှာ လူကြီးတွေက အိုးခွက်တွေ ဆေးကြောတာ၊ ပစ္စည်းတွေ သိမ်းဆည်းတာနဲ့ ကျန်ခဲ့တယ်။ မလှတင့်လည်း ဓမ္မာရုံမှာ ကျန်ခဲ့တာပေါ့။ ကိုတိုးကတော့ အသာလေး လစ်ထွက်လာခဲ့တယ်။

 ......................

ကိုတိုးတစ်ယောက် ကိုထွန်းမြင့်နဲ့ ခေါင်းချင်းဆိုင်နေတယ်။ ကိုထွန်းမြင့်ဆိုတာက မလှတင့်ကို ပိုးနေတဲ့ လူပျိုကြီး။ ကိုတိုးက ရပ်ကွက်ထဲမှာ သွက်သွက်လက်လက်ရှိသူဖြစ်တော့ ကိုတိုးဆီကနေ တဆင့် မလှတင့်ကို ရည်းစားစာ ပေးခိုင်နေတာ။ ကိုထွန်းမြင့်က လူကိုယ်တိုင် ချဉ်းကပ်တုန်းက ခပ်စွာစွာ အပျိုကြီးဖြစ်တဲ့ မလှတင့်က နောက်တစ်ခါ ရစ်သီ ရစ်သီ လာလုပ်လို့က ရပ်ကွက်လူကြီးနဲ့ အတိုင်ပဲဆိုပြီး ကြိမ်းဝါးထားတာကိုး။ ရပ်ကွက်လူကြီး ဦးအောင်တိုးဆိုတာက ကိုထွန်းမြင့်ရဲ့ အဖေ။ သားအဖ နှစ်ယောက်ကလည်း အစေးသိပ်ကပ်တာ မဟုတ်။ ကိုထွန်းမြင့်က ကားပွဲစားယောင်ယောင်၊ ကျောက်ပွဲစား ယောင်ယောင် ဖြစ်နေတာကို သူ့အဖေက သိပ်မကြည်ဘူးလေ။ အခုလို အရွယ်ရောက်မှ အဖေက အိမ်ပေါ်က နှင်ချလိုက်ရင် အရှက်လည်းကွဲ၊ မှီခိုစရာလည်း ကင်းတော့မှာမို့ လူကိုယ်တိုင် ချဉ်းကပ်နည်းကို ဖယ်ပြီး ကိုတိုးကို ဆက်သားအဖြစ် သုံးဖို့ ကြိုးစားနေတာ။

 

ကိုတိုးကတော့ သူ့ထုံးစံအတိုင်း တွေးတွေးဆဆနဲ့ ပြောတယ်။

“ဦးလေး အတွက် အခက်အခဲကို သားဖြေရှင်းပေးမယ်။ အန်တီလှတင့်နဲ့ အဆင်ပြေစေရမယ်။”

“မောင်မင်းကြီးသားရယ်၊ အားကိုးပါတယ်။ ဘယ်သူ့ကိုမှလည်း ပြန်မပြောရဘူးနော်”

“ဟုတ်။ မပြောပါဘူး။”

“ကိုတိုးကို ဘာဝယ်ပေးရမလဲ”

ကြီးကြီးကျယ်ကျယ် ကိုတိုးက

“လာဘ်ဘေး လာဘ်ယူ တို့ရန်သူတဲ့။ မဝယ်ပေးနဲ့။ ကျွန်တော့်ကို chess ထိုးတာသေချာ သင်ပေးရင် လုပ်ပေးမယ်” လို့ ကတိခံလိုက်တယ်။

 

ကိုတိုးတစ်ယောက် အပျိုကြီး မလှတင့်ကို အသုတ်ဆိုင်ကနေ အပြန်လမ်းမှာ တားပြီးတော့ သူ့ရဲ့ စာပေးဝေရေး အစီအစဉ်ကို လုပ်တော့တာပဲ။ အပျိုကြီးကလည်း ဒီကောင်လေး မဟုတ်တာတွေ လုပ်တယ်ပြောပြီး ယူသွားတယ်။ နောက်နေ့ မနက်မှာတော့ အပျိုကြီးတစ်ယောက် ဒေါပွပွနဲ့ ကိုတိုးတို့ အိမ်ကို ရောက်လာပါလေရော။ ကိုတိုး ပုတီးစိပ်နေလို့ “ငါ့သားလေး လိမ္မာလိုက်တာ” ဆိုပြီး ဂုဏ်ယူ ပီတိဖြစ်နေတဲ့ ကိုတိုး အမေလည်း အထိတ်တလန့်နဲ့ပေါ့။

 

“အစ်မသား ကိုတိုးရဲ့ လုပ်ပုံ ကောင်းသေးရဲ့လား၊ အခု ပုတီးစိပ်နေတယ်။ အဲဒါ ကျွန်မကို ပြဿနာ ရှာတာ”

“ဟဲ့ ဘာဖြစ်လို့လည်း။ ဒီကောင်လေး ဘာတွေ လုပ်ခဲ့လို့လဲ”

“အစ်မသားက ကိုထွန်းမြင့်ရဲ့ ရည်းစားစာကို ကျွန်မကို လာပေးသွားတယ်”

ကိုတိုးအမေလည်း သူ့သားက အဲဒီလိုတွေ လုပ်လေ့ရှိတာကို သိနေတော့ စိတ်ထဲက ပြုံးချင်တဲ့ အတွေးကို မြိုချပြီး ဘယ်လို ဖြစ်တာတုန်း သေချာ ပြောပါဦးမေးမှ

“ဒီမှ အစ်မ ဖတ်ကြည့်” ဆိုပြီး စာကို ပြတယ်။

 

“ဟိုလူ့စာကြီးပဲဆို အစ်မကို ကျွန်မက လာမပြောပါဘူး။ အခုက စာအောက်က အစ်မသား ဖြည့်ပြီး ရေးထားတာကိုဖတ်ကြည့်”

ကိုတိုးအမေလည်း ဖတ်ကြည့်တော့မှ “အရဟံ” ရွတ်ပြီး ပုတီးစိပ်နေတဲ့ ကိုတိုးကို နားရွက်စွဲပြီး သွားခေါ်လာခဲ့ပါတော့တယ်။ စာမှာ ကိုတိုးရေးထားတာက …

“အန်တီလှတင့် …. ဦးလေးထွန်းမြင့်ကို ပြန်ကြိုက်ပါ။ ပြန်မကြိုက်ပါက … အန်တီလှတင့် သင်ပေးတဲ့ ဆုတောင်းပြည့် ဂုဏ်တော် ပုတီးစိပ်နည်းဖြင့် အဓိဌာန်ဝင်ပြီး အန်တီလှတင့်က ဦးလေးထွန်းမြင့်ကို ပြန်ကြိုက်ပါစေကြောင်း ဆုတောင်းပါမည်။ အန်တီလှတင့်မှ ၉ ရက်ပြည့်လို့ ပြန်မကြိုက်ပါက အန်တီလှတင့်ပေးတဲ့ ပုတီစိပ်နည်းက ဆုတောင်းမပြည့်ကြောင်း လူတွေ အားလုံးကို လိုက်ပြောပစ်မယ်…” ဟု ရေးထားသောကြောင့်

"အရဟံ၊ အရဟံ” လို့ အော်ရွတ်ပြီး ပုတီးစိပ်နေတဲ့ ကိုတိုးကို … ကိုတိုး အမေက နားရွက်ဆွဲ ပြီး  မလှတင့်ရှေ့ ခေါ်လာခဲ့ရပါတော့တယ်။

 

(ကိုထိုက်)
(၂၀.၀၆.၂၀၁၃)

သရုပ်ဖေါ်ပုံ ကာတွန်းဝိသကြုံ