User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                             
                             

(၁)

ဂရိဒဏ္ဍာရီ အလိုမူကား အခါတစ်ပါး၌ ဖန်ဆင်းရှင် နတ်ဘုရင်ကြီး “ဇု” (Zeus) သည် ဗိသုကာနတ်မင်း “ဟီဖားစတပ်” (Hephaestus) ကို သမီးတော်တစ်ပါး ဖန်ဆင်းပေးရန် စေခိုင်းတော်မူပြီး၊ ဖွားမြင်ရရှိလာသည့် သတို့သမီးငယ်ကို “ပန်ဒိုရာ” ဟု အမည်ပေးကာ သမီးအဖြစ် မွေးစားတော်မူလေသည် ဟူသတတ်။ “ပန်ဒိုရာ” သတို့သမီးငယ်သည် အလှနတ်ဘုရားမ “အာဖရိုဒိုက်တိ” (Aphrodite) ၏ စောင်မမှုကြောင့် အဆင်းလှ၏။ နတ်တမန်တော် “ဟားမိစ်” (Hermes) ၏ ပြုစုမှုကြောင့် နှုတ်ရေးနှုတ်ရာ သွက်လက် ချက်ချာ၏။ စစ်မက်နှင့်ာဏ်ပညာ နတ်ဘုရားမ “အသီးနာ” (Athena) ၏ ကြည့်ရှုမှုကြောင့် ညဏ်ပညာနှင့်လည်း ပြည့်စုံလေ၏။

 

တစ်ခါသော် “ပရိုးမီသီးယပ်စ်” (Prometheus) သည် ကောင်းကင်ဘုံမှ အဂ္ဂိတေဇောဓာတ်ကို လူ့ပြည်သို့ ခိုးယူသွားလေ၏။ မီးကို ကောင်းမွန်စွာ အသုံးချနိုင်သဖြင့် လူ့ပြည်ရပ်ရွာ စည်ပင်လာသည်ကို မရှုစိမ့်သော နတ်ဘုရင်ကြီး “ဇု” သည် လူသားတို့ကို ဒဏ်ခတ်ရန် အလို့ငှာ “ပန်ဒိုရာ” သတို့သမီးငယ်အား ပဉ္စလက် တကောင်း တစ်ခု ပေး၍ လူ့ပြည်သို့ ဥပါယ်တံမျည်ဖြင့် စေလွှတ်ပြီးလျှင် “ပရိုးမီသီးယပ်စ်” ၏ အစ်ကိုတော် “အက်ပီမက်သီးယပ်စ်” (Epimetheus) နှင့် လက်ထပ် ထိမ်းမြားစေသည်။

 

ပဉ္စလက် တကောင်း ပေးစဉ် အခါက နတ်ဘုရင်ကြီး “ဇု” သည် “ပန်ဒိုရာ” သတို့သမီးငယ်အား “မည့်သည့် အကြောင်းကြောင့် မဆို   ဤတကောင်းကို မည်သည့် အခါတွင်မှ မဖွင့်လေနှင့်” ဟု သေချာစွာ မှာလိုက်သေးသော ဟူ၏။ ထိုသို့ အတန်တန် မှာကြားလင့်ကစား လက် အငြိမ် မနေနိုင်သည့် “ပန်ဒိုရာ” သတို့သမီးငယ်သည် တစ်နေ့တွင် ပဉ္စလက် တကောင်းကို ကမြင်းကြောထပြီး ဖွင့်ကြည့်လိုက်လေ၏။ ထိုသော် ပဉ္စလက် တကောင်း အတွင်းမှ ရောဂါဘယ၊ ဒုက္ခဆင်းရဲ အစရှိသည့် အနိဌ သဘောတို့ကို စောင့်ကြပ်သော နတ်ဆိုးတို့ ရုတ်ခြည်း ထွက်ပြူလာလေ၏။

 

“ပန်ဒိုရာ” သတို့သမီးငယ်သည် ပဉ္စလက် တကောင်းကို ပိတ်ရန် အလျင်အမြန် ကြိုးစားသော်လည်း အချိန် မမီတော့ချေ။ တကောင်း အဖုံးကို ပိတ်လိုက်နိုင်ချိန်ဝယ် ခပ်သိမ်းသော နတ်ဆိုးတို့ ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်ရကား တကောင်း အတွင်း၌ မျှော်လင့်ခြင်းကို စောင့်သည့် နတ်သူငယ် “အဲလ်သီးစ်” (Elpis) သာ ပိတ်လှောင်ပြီး ကျန်ရစ်တော့သည်။ ထိုအချိန်မှစ၍ လူ့ပြည်ရပ်ရွာတွင် နတ်ဘုရင်ကြီး “ဇု” ၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော ရောဂါဘယ၊ ဒုက္ခဆင်းရဲ စသည့် အနိဌ သဘောတို့ ပျံ့နှံ့သွားပြီးလျှင် လူ့ဘုံနှင့် သက်ဆိုင်ခြင်း မရှိ၊  လူသားတို့ မရနိုင်သည့် အရာဟူ၍ “မျှော်လင့်ခြင်း” တစ်ခုသာ ကျန်တော့သည်ဟု ရှေးဟောင်း ဂရိလူမျိုးတို့က ဆိုစမှတ် ပြုကြလေ၏။

 

ဆိုလတ္တံ့သော ပုံဝတ္ထုမှာ ဂန္ထ၀င်ကျမ်းလာ ဂရိဒဏ္ဍာရီများနှင့် လားလားမျှ မဆိုင်သော -- ဘိုကလေး အောက်ဘက်ရှိ ဖျာပုံ အပိုင် အမာဒိုင်နယ်၊ ပုဂံပုံကျေးရွာမှ “စိန်ဝင်းမောင်” ဟု အမည်တွင်သူ -- ဘဲကျောင်းသား တစ်ယောက်၏ အကြောင်းသာ ဖြစ်ပါသည်။ သို့ကလို ဆိုလိုက်သဖြင့် “ညောင်ဦးကမ်းပါးပြို စမ္ပာနဂိုရ်က နွားမပေါင်ကျိုး” ဖြစ်ရပ်ပေလောဟု ထင်မြင်စရာ ရှိကောင်း ရှိပေလိမ့်မည်။ အကယ်၍ မိတ်ဆွေ နားထောင်လိုပါက ကျွန်ုပ်သည် ပန်ဒိုရာ တကောင်း အတွင်း၌ နောက်ဆုံး ကြွင်းကျန်ရစ်သည့် မျှော်လင့်ခြင်းနှင့် ဘဲကျောင်းသား စိန်ဝင်းမောင်တို့ တစ်နည်းတစ်ဖုံ ပတ်သက်ကြပုံ အကြောင်းစုံကို အိတ်သွန် ဖာမှောက် ပြောပြလိုပါသည်။

 

(၂)

 

လွန်ခဲ့သော ခုနှစ်နှစ် ရှစ်နှစ်ခန့်က ကျွန်ုပ်သည် ဘိုကလေး အောက်ဘက်ရှိ ဖျာပုံအပိုင် အမာဒိုင်နယ်သို့ အလုပ်တာဝန်ဖြင့် ပြောင်းရွှေ့ခဲ့ရလေ၏။ အမာကျေးရွာသည် ဘင်္ဂလားပင်လယ်အော်နှင့် မနီးမဝေးတွင် တည်ရှိပြီး မှိုင်းညို့ညို့ အုန်းတောကြီးများ ၀န်းရံ သိုင်းခြုံထားသော ပင်လယ်ရွာကြီး တစ်ရွာ ဖြစ်သည်။ ပင်လယ်ပြင်ကို အမှီပြု၍ တည်နေသဖြင့် ရေလုပ်ငန်း ဖွံ့ဖြိုး၏။ လယ်ယာ ချောင်းမြောင်း လုပ်ငန်းလည်း အထိုက်အလျောက် ရှိသည်။

 

ကျေးရွာဟု ဆိုလိုက်သဖြင့် အနုပ်စုတ် ဂုတ်စုတ် ဇနပုဒ် ဖြစ်လိမ့်မည်ဟု မတွေးလင့်။ အမာကျေးရွာသည် ရွာသိမ်ရွာမွှား မဟုတ်။ အခြွေအရံ ရွာပေါင်း (၃၀) ခန့်ကို ဗဟိုပြု၍ စွာကျယ်စွာကျယ် လုပ်တတ်သော တကယ့် ရွာကြီး ဖြစ်သတည်း။

 

အမာကျေးရွာတွင် လက်ဘက်ရည်ဆိုင် ရှိသည်။ ရဲစခန်း ရှိသည်။ တယ်လီဖုန်း အိတ်ချိန်ရုံး ရှိသည်။ ဘောလုံးကွင်း ရှိသည်။ မီးစက်ရှိသည်။ ဆိုင်ကြီး ကန္နားကြီး များစွာ ရှိသည်။ အမိန့်ရ အပေါင်ဆိုင် ရှိသည်။ ဘုံဆိုင် ရှိသည်။ ဘုန်းကြီးကျောင်း (၂) ကျောင်းရှိသည်။ ထိုမျှသာမက ငါးပုစွန်ရွဲဒိုင် လာဖွင့်နေသော “ကိုးကန့်ရှမ်းတရုတ်” နှစ်ယောက်လည်း ရှိသေးသည်။

 

ကျေးရွာဘုံဆိုင်တွင် ၀ီစကီ၊ ရမ် အစရှိသည့် ယမကာ စုံလင်စွာ ရနိုင်သည်။ အမြည်းကလည်း ပေါလိုက်သည့် ဖြစ်ချင်း။ ငါးလင်ပန်း၊ ငါးမုတ်၊ ကင်းမွန် အစရှိသည့် တန်ဖိုးကြီး ပင်လယ်စာများကို အဖိုးနှုန်းထား ချိုသာစွာဖြင့် ၀ယ်ယူ၍ ပင်လယ်အူနာ ဖြစ်ပြီး အိပ်ယာထဲ လဲသည်အထိ စိတ်တိုင်းကျ သုံးဆောင်နိုင်သည်။

 

မြို့ကြီးသားတို့ အထွဋ်အမြတ်ထား၍ စားသုံးကြသော ဂဏန်း အရေပျော့ကို ကမ်းနဖူးရှိ ရွဲဒိုင်များတွင် အလကား နှိုက်ယူနိုင်ပါ၏။ သားငါးပုစွန်တို့ လတ်ဆတ်မှု ရှိကြောင်းကို မြုံးထဲတွင် ထည့်ထားသည့် ဂဏန်းများ၊ အိုးထဲတွင် လှောင်ထားသည့် ငါးလင်ပန်းများက ကောင်းကောင်းကြီး သက်သေခံပါလိမ့်မည်။

 

အသားစားကျူးသူ ကျွန်ုပ်သည် အမာသို့ ရောက်ရှိပြီး တစ်လခန့် ကြာသော် ပင်လယ်စာ စားရလွန်း အားကြီးသောကြောင့် ငါးပုစွန် မြင်လျှင် “တောက်”သလိုလို ဘာလိုလို ဖြစ်လာသဖြင့် ပင်လယ်စာနှင့် လမ်းခွဲလိုက်ရလေ၏။ သို့သော် ကျွန်ုပ်နှင့် ၀ီစကီကား အလွန် ဓာတ်တည့်လှ၏။ ၀ီစကီ တောက်ခြင်း တစ်ရံတစ်ဆစ်မျှ မဖြစ်ဖူး။ အလွန် ထူး၏။

 

ထိုအခိုက်ဝယ် ထမင်း လပေးစားသည့် စားသောက်ဆိုင်မှ ဆိုင်ရှင် တရုတ်မကြီး “ရီကျိ” က “မောင်ကျပ်ခိုးရယ် .. နင့်နှယ် သားငါး မစားချင်လို့ ဘဲဥကြော်ကို အမြည်းလုပ်ပြီး အရက်သောက်နေတယ် ဆိုတာ မဟုတ်သေးပါဘူး။ အခု အချိန်ဆိုရင် သင်ပေါင်းပိုး ပေါ်ပြီ။ နင် ရွာဆင်းရင်း သင်ပေါင်းပိုး ၀ယ်ခဲ့ချေ။ နင် အမြည်း လုပ်ရအောင် ရီကျိ ကိုယ်တိုင် သင်ပေါင်းပိုးကို အုန်းနို့ တိုက်ပြီး ဆီနဲ့ပျားနဲ့ သေသေချာချာ ကြော်ပေးပါ့မယ်” ဟု လောကွတ်ပြုလေ၏။

 

အသက် (၂၀) ပြည့်သည့် အချိန်အထိ ကျွန်ုပ် “သင်ပေါင်းပိုး” မစားဖူးသေး။ ကံငါးပါးမြဲအောင် စောင့်ထိန်းလေ့ရှိသူ အမသည် အိမ်ပေါ်သို့ “သင်ပေါင်းပိုး” အတင် မခံ။ ပိုးလောင်း ဘ၀တွင်သာ ရှိနေသေးသော်လည်း အသက်ဇီဝိန် စွဲကပ်နေပြီ ဟု သူ ယူဆသဖြင့် အကုသိုလ်ဖြစ်လိမ့်မည် ဟု သဘောထားကာ အတင် မခံခြင်း ဖြစ်သည်။

 

“သင်ပေါင်းပိုး ဆိုတာ ပံ့သကူသား မဟုတ်ပါဘူး ငါ့သားရယ်။ ဒီ သင်ပေါင်းပိုး အရှင်လတ်လတ်ကို အမ ကြော်လိုက်ရင် အကုသိုလ် များမှာပေါ့ကွဲ့။ ငါ့သား မစားချင်စမ်းပါနဲ့” ဟု အမြဲ ပြောလေ့ရှိသည်။ သင်ပေါင်းဖူး ကိုသာ ဟင်းချက်၍ ကျွေးသည်။

 

သို့ဖြစ်၍ ကျွန်ုပ်နှင့် သင်ပေါင်းပိုးမှာ နီးလျက် ဝေးခဲ့ရလေသည်။ ယခုမူကား ကျွန်ုပ်သည် အမနှင့် ဝေးရာသို့ ရောက်နေလေပြီ။ ထို့ကြောင့် သင်ပေါင်းပိုးနှင့် နီးရချေတော့မည်။ ဖြူဖြူလွလွ၊ ၀၀ကစ်ကစ် သင်ပေါင်းပိုးကောင်ကို အုန်းနို့ဇလုံထဲ ပစ်ထည့်ပြီး၊ ထမင်း ဦးပေါင်းတွင် ထည့်၍ ပေါင်းလိုက်လျှင် အရသာထူးသော အမြည်း တစ်မယ် ရချေလိမ့်မည်။ ချိုအီဆိမ့်သက်သော အရသာထူးသည် လျှာ အကြောပေါင်း တစ်ထောင်သို့ ပျံ့နှံ့ပေလိမ့်မည်။ ထို့သို့ တွေးမိသဖြင့် ကျွန်ုပ်သည် အမာရွာနှင့် မလှမ်းမကမ်းရှိ ဘ၀သစ်၊ လေးအိမ်တန်း စသော ကျေးရွာ တစ်ကြောသို့ သင်ပေါင်းပိုး ရှာပုံတော် ဖွင့်ရန် ဆိုင်ကယ် လီဗာကို ခပ်ဆတ်ဆတ် ပုတ်၍ ဒုန်းစိုင်း ထွက်ခဲ့လေ၏။

 

(၃)

 

ပင်စည်ထိပ်ပိုင်းတွင် အရွက်များ စုပြုံ ထွက်ပြီး ဆူးခက်၊ ဆူးလက်များဖြင့် အတိပြီးသည့် ထန်းမျိုးဝင် သင်ပေါင်းပင်သည် မြစ်ဝကျွန်းပေါ်သားတို့ အတွက် နတ်သိကြားတို့ ဖန်ဆင်းပေးထားသော ပဒေသာပင် ဖြစ်သည်ဟု ဆိုသော် ဆိုရကောင်းသည်။ စလေဦးပုညသာ အောက်ဗမာပြေသို့ ရောက်ခဲ့ပါမူ သင်ပေါင်း တစ်ပင်လုံး အသုံးချနည်း တေးထပ်ဖွဲ့မည်မှာ မချွတ်တည်း။

 

သင်ပေါင်းပင်၏ အဖူးကို ဟင်းချက်၍ စားနိုင်သည်။ သင်ပေါင်းသားကို အိမ်ကြမ်းခင်း လုပ်နိုင်၏။ သင်ပေါင်းတိုင်ကို ခြံတိုင်၊ အိမ်တိုင် လုပ်နိုင်သည်။ တံတားခင်းနိုင်သည်။ သင်ပေါင်းဆူးကို ခြံစည်းရိုးတွင် ချထားလိုက်လျှင် ဘီလူး ယက္ခိုက်တို့ စောင့်ကြပ်သည့် အလား လုံခြုံသွားလေ၏။ သူခိုး၊ ဂျပိုး မဆိုထားဘိ၊ ခွေးပင် မတိုးနိုင်။

 

ထိုမျှသာမကသေး သင်ပေါင်းပင်သည် ကြက်သားနှင့် မလဲနိုင်လောက်အောင် ကောင်းမွန်သည့် ဟင်းလျာကိုလည်း ပေးသေးသည်။ ဆူးခက်၊ ဆူးလက်တို့ဖြင့် ဖုံးလွှမ်းသည့် သင်ပေါင်းပင်၏ အဖူးထဲသို့ ကြံကြံဖန်ဖန် ၀င်ရောက်ပြီး ဥ ဥချလေ့ ရှိသော ပိုးကောင် တစ်မျိုး ရှိလေ၏။ ကြမ်းတမ်း ခက်ထရော်သော သင်ပေါင်းပင်၏ ဖြူလွလွ အဖူးကို ၀မ်းကြာတိုက်ပြု၍ သန္ဓေတည်သည့် ပိုးလောင်းကောင်သည် အလွန် နူးညံ့ပြီး အရသာနှင့် ပြည့်စုံသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ၏ နာမည်ကျော် ရာသီစာ ဟင်းလျာ တစ်မျိုး ဖြစ်သွားသည်။

 

ကျွန်ုပ်လည်း သင်ပေါင်းပင် အကြောင်းကို သောင်စဉ် ရေမရ စဉ်းစားရင်း ဆိုင်ကယ်ကို တရကြမ်း မောင်းနှင်လာခဲ့ရာ ဘ၀သစ်ကျေးရွာသို့ ရောက်မှန်းမသိ ရောက်သွားလေ၏။ ဘ၀သစ်ရွာ အတွင်း ၀င်၍ စုံစမ်းရာ ထွက်သမျှ သင်ပေါင်းပိုးကို ရန်ကုန်ဒိုင်သို့ ပို့လိုက်ပြီး ဖြစ်သဖြင့် တစ်ကောင် တစ်လေမျှပင် မရှိတော့ ဟု ဆို၏။ သို့သော် ရွာသားတစ်ဦးက “ပုဂံပုံ ဘက်ကို သွားကြည့်ပါလား။ အဲသမှာ ဦးအောင်ဒင် ဆိုတာ ရှိတယ်။ သူက ဒိုင်ဖွင့်ပြီး သင်ပေါင်းပိုး ကောက်နေတယ်” ဟု လမ်းညွှန်လေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ဘ၀သစ်ကျေးရွာမှ တပ်ခေါက်ပြန်ပြီး ပုဂံပုံကျေးရွာဘက်သို့ ထွက်ခဲ့ရပြန်သည်။ အမာနှင့် ပုဂံပုံကျေးရွာမှာ မဝေး။ ဆိုင်ကယ်ဖြင့် သွားလျှင် (၁၅) မိနစ်ခန့်သာ ကြာသည်။ သို့နှင့်ပင် ပုဂံပုံရွာသို့ ကျွန်ုပ် ရောက်ခဲ့လေ၏။

 

ပုဂံပုံ ရွာအ၀င်လမ်းမှာ အတော် ဆိုး၏။ သင်ပေါင်းတိုင်များကို ၀ါးခြမ်းဖြင့် ဖောင်ကွပ်၍ ဗွက်ပေါက်နေသော ရွာလမ်းကို ချခင်းထားသဖြင့် ဆိုင်ကယ် မောင်းရန် အဆင် မပြေ။ ရွာကို လှမ်းမြင်ရသည့် နေရာတွင် ဆိုင်ကယ် ရပ်ထားပြီး၊ ဗွက်တောကြီးကို ရုန်းရတော့သည်။ အစားတစ်လုပ် အတွက် ခရီးကြမ်းကို နှင်ရသည်မှာ ဆင်းရဲလွန်းလှသည်။ ရွာထဲသို့ ၀င်လိုက်သည်နှင့် နှာခေါင်းထဲသို့ လတာပုပ်နံ့တို့ တိုးဝင်လာ၏။ အစာတောင်း နေသော ၀က်တစ်အုပ်၏ တကြီကြီ အော်မြည်သံကို ကြားရ၏။ ရွာနှင့် မလှမ်းမကမ်းရှိ ဗျိုက်တော အစပ်တွင် လမ်းသလားနေသော ဘဲအုပ်ကြီး တစ်အုပ်ကို မြင်ရ၏။

 

သွပ်ရောင် တဖွေးဖွေး လက်နေသည့် နက်မှောင်မှောင် ပျဉ်ထောင်အိမ်ကြီးကို အဖီဆွယ်၍ ဖွင့်ထားသော ကုန်စုံဆိုင်၏ အရှေ့တွင် “သင်ပေါင်းပိုး ရောင်း / ၀ယ်သှ်” ဟု ကို့ရိုးကားယား သတ်ပုံဖြင့် ရေးသားထားသော မြေဖြူဆိုင်းဘုတ်ကို မြင်ရသည့်အခါ ကျွန်ုပ် အမော ပြေသွားလေ၏။ 

 

“သင်ပေါင်းပိုး ဘယ်လို ရောင်းတုန်း” ဟု ကျွန်ုပ် မေးလိုက်သော် “သင်ပေါင်းပိုးကို အလေးချိန်နဲ့ ရောင်းတာ မြင်ဖူးသလား” ဟူသည့် ဘုတောသံ စာခနဲ ထွက်လာ၏။ ကျွန်ုပ် အောင့်သက်သက် ဖြစ်သွားသည်။ ဤလောက် ဆိုးရွားသော ဈေးသည်မျိုးနှင့် တစ်ခါမျှ မတွေ့ဖူး။ သို့သော် ရသာတဏှာကြောင့် ဒေါသကို ချွန်းအုပ်ပြီး “မဟုတ်ပါဘူး ဦးလေးရယ် .. သင်ပေါင်းပိုး တစ်ကောင်ကို ဘယ်ဈေးတုန်းလို့ မေးတာပါ” ဟု လေပြည်ထိုးလိုက်ရသည်။

 

ထိုသို့ ဆိုလိုက်ခါမှ ပို၍ ဆိုးသွားသည်ထင့်။ “အင်း .. ဈေးကတော့ ရောင်းသူတစ်ဆယ် ၀ယ်သူတစ်ကျပ် ဆိုသလိုပေါ့ကွာ။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် ဈေးတည့်ရင်တော့ ““ရော့ ပတ္တမြား ရော့ နဂါး”” ဆိုတဲ့ အတိုင်းဖြစ်သွားမှာပေါ့။ ဒီတော့ကာ မောင်ရင် .. ဈေး အရင် စပြောကြည့်လေ” ဟု ဂွစကား ဆိုပြန်သည်။ ကျွန်ုပ် စိတ် ထောင်းခနဲ ထသွားသဖြင့် “ဒီမယ် ဦးလေး၊ ရောင်းချင်ရောင်း မရောင်းချင်နေ။ သင်ပေါင်းပိုး ဆိုတာ ရွှေ မဟုတ်ဘူး။ ရောင်းချင်တဲ့သူတွေ ပေါလွန်းလို့ ရိုက်သတ်လို့တောင် မကုန်ဘူး။ သင်ပေါင်းပိုး တစ်ကောင်ကို (၉၀) ရရင် အကောင် (၅၀) ယူမယ်။ ၀ယ်တဲ့ အခါမှာ သောင်းဗျောင်း (သောင်းပြောင်း) မ၀ယ်ဘူး။ ကျွန်တော် ကြိုက်တဲ့ အဖူးကို ““ခေါင်”” ရွေးပြီး ယူမယ်။ အဆစ် မတောင်းဘူး” ဟု ဆိုကာ အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးလိုက်၏။

 

ထိုသို့ အငေါ်တူး စကားကို ကြားလိုက်ရသဖြင့် ဆိုင်ရှင်ကြီး နေသာထိုင်သာ ဖြစ်သွားဟန် တူသည်။ “အေး ဟုတ်ပြီ။ စကားပြောတယ်ဆိုတာ ဒီလိုမှပေါ့ကွဲ့။ တစ်ကောင်ကို (၉၀) ဈေး ပေးတယ်ဆိုတာ သင့်ပါတယ်။ ပေါက်ဈေးပါပဲ။ ဒါပေမယ့် သင်ပေါင်းပိုးဟာ ရွှေ မဟုတ်ဘူး ဆိုတာကိုတော့ ငါ လက်မခံဘူး။ ရွှေကို ရာသီမရွေး ၀ယ်လို့ ရတယ်။ သင်ပေါင်းပိုး ဆိုတာက တစ်နှစ်မှာ တစ်ခါပဲ ရတာ။ ဒီတော့ကာ လူလေး ပြောတဲ့ စကား မှားနေတယ်” ဟု ရှည်လျားစွာ ဆိုပြန်သည်။

 

ကျွန်ုပ် အတော်ပင် စိတ်ညစ်သွား၏။ ဤကဲ့သို့ ပြောရဆိုရ ခက်ခဲလှသော လူ့ခွစာမျိုး တစ်ခါမျှ မကြုံဖူးသေး။ အဘိုးကြီးကို ကဏ္ဍကောဇတိုက်ရန် နှုတ်ပြင်ခိုက်မှာပင် “ကဲ ကဲ .. ဟုတ်ပါပြီ။ ဟဲ့ ဘယ်သူတို့ ဘယ်ဝါတို့။ သင်ပေါင်းပိုး အကောင် (၅၀) ထည့်ပေးလိုက်။ အဆစ် (၂) ကောင် ထည့်ပေးလိုက်။ ဒီသူငယ့်ကို ကြည့်ရတာ အမာကနေ လာတာ ဖြစ်မယ်။ ဒီတော့ကာ ခြင်းတောင်းပါ ထည့်ပေးလိုက်” ဟု လူ့ခွစာကြီးက စေတနာ ဗရပွဖြင့် ဆိုလိုက်သဖြင့် ကျွန်ုပ် အာစေး မိသွားလေ၏။

 

ဤသည်ကား ဘဲကျောင်းသား စိန်ဝင်းမောင်၏ ဘ၀ဇာတ်လမ်းတွင် အရေးကြီး ဇာတ်ဆောင် တစ်ဦး ဖြစ်လာမည့် လူ့ခွစာ ဦးအောင်ဒင်နှင့် ကျွန်ုပ် စတင် တွေ့ဆုံပုံ ဖြစ်သတည်း။

 

(၄)

 

လူ့ဂွစာ ဦးအောင်ဒင်၏ ဇာတာအမည်မှာ အောင်တင် ဟူ၍ ဖြစ်သော်လည်း ဗိုလ်အောင်ဒင် ရုပ်ရှင် ကြည့်ပြီးနောက်တွင် အောင်ဒင် ဟု သူ့ဖာသာ ကင်ပွန်းတပ်လိုက်သော ဟူ၏။ ဗိုလ်အောင်ဒင် သရုပ်ဆောင် ခင်မောင်ရင် ကဲ့သို့ ရုပ်ရည်ရူပကာ ပြေပြစ်ခြင်း မရှိသော်လည်း အသား ညိုစိမ့်စိမ့်၊ အရပ် ထောင်ထောင် မောင်းမောင်း၊ နှုတ်ခမ်းမွှေး ခပ်သဲ့သဲ့နှင့် မြန်မာဆန်သော ရုပ်ရည်ပိုင်ရှင် ဖြစ်ပါသည်။ ဦးအောင်ဒင်၏ ပင်ကိုယ်စိတ်သဘောမှာ အလွန် နူးညံ့သော်လည်း လူတကာကို အရွဲ့တိုက်၍ ကဏ္ဍကောဇလုပ်တတ်ခြင်းမှာ သူ၏ မွေးရာပါ ၀သီဆိုး ဖြစ်သည်။ ကဏ္ဍကောဇ တိုက်သော်လည်း သူ စိတ်ရင်းကောင်းမှန်း လူတိုင်း သိကြသဖြင့် ဦးအောင်ဒင် ဘာပြောပြော ခွင့်လွှတ်ကြမြဲပင် ဖြစ်၏။

 

ဦးအောင်ဒင်သည် မိရိုးဖလာ လယ်ယာလုပ်ငန်းကို လက်ဖ၀ါး၊ ခြေဖ၀ါး ဘ၀မှ စတင်၍ အပတ်တကုပ် လုပ်ကိုင်ခဲ့ရာ စီးပွားရေး ကောင်းမွန်လာပြီး ရွာတွင် ကုန်စုံဆိုင်ကြီး တစ်ဆိုင် တည်နိုင်သည် ကြီးပွားလာလေ၏။ ငယ်စဉ်က ပညာ သင်ကြားခွင့် ကောင်းစွာ မရခဲ့သောကြောင့် စီးပွားရေး ချောင်လည် လာချိန်တွင် စာကို အတိုးချ၍ ဖတ်သည်။ မြန်မာရိုးရာ တိုင်းရင်း ဆေးပညာကို ဆရာမှဲ့၏ ခြောက်လုံးဋီကာ စာအုပ်ဖတ်၍ လေ့လာခဲ့သူ ဖြစ်၏။ ကိုယ်တိုင် လျက်ဆားဖော်သည်။ ငန်းဆေးဖော်သည်။ တောင်သာ ဆေးပညာကို ရေကုန်ရေခန်း မဟုတ်သော်လည်း အထိုက်အလျောက် တတ်ပွန်သည်။ သူ့ရပ်သူ့ရွာတွင် အတော်ပင် အောင်မြင်သော ဆေးဆရာကြီး တစ်ဆူ ဖြစ်လေ၏။

 

သင်ပေါင်းပိုး ရှာပုံတော် ဖွင့်ရာမှ စတင်ခဲ့သော ကျွန်ုပ်တို့၏ ရင်းနှီးမှုသည် တစ်စထက် တစ်စ ပို၍ ခိုင်မြဲလာ၏။ ဦးအောင်ဒင် ပြောသမျှကို အလိုက်သင့် အလျားသင့် နားထောင်ပေးသူ ဟူ၍  ကျွန်ုပ် တစ်ဦးတည်းသာ ရှိလိမ့်မည် ဟု သူ့ သားမက်က ဆိုဖူးသည်။ “ဒီ အဘိုးကြီးဟာ ဘာမှန်းကို မသိပါဘူးဗျာ။ ကျွန်တော်နဲ့ သူ့ သမီး အိမ်ထောင်ကျတာ အခုဆို ကလေးနှစ်ယောက် ရပြီ။ သူ့ သမီးနဲ့ သူ့ မြေးတွေဖို့ ၀မ်းစာ စပါး ထည့်ပေးတယ်။ ကျွန်တော့်ကိုကျတော့ သားမက် ဖြစ်လို့ ဆိုပြီး ၀မ်းစာ ထည့် မပေးဘူး။ လိုချင် မျက်စိရှိလို့ ပြောတာ မဟုတ်ပါဘူး။ သူ လုပ်ပုံက ဘယ်လောက် မဟုတ်သလဲ ဆိုရင် အဲဒါကိုသာ ကြည့်ပေတော့” ဟု ကွယ်ရာတွင် ရှုးရှုးရှားရှား ဆိုဖူးသည်။ မည်သူတို့ မည်သို့ပင် ဆိုစေကာမူ ဦးအောင်ဒင်ကား နည်းနည်းမျှ ဂရုမစိုက်။ သူ လုပ်ချင်သည်ကို မဖြစ် ဖြစ်အောင် လုပ်ပြီး ဘ၀ကို နေပျော်အောင် နေတတ်သူ ဖြစ်၏။

 

ဦးအောင်ဒင်သည် စီးပွားရေး အကွက်မြင်သူ ပီပီ ခွင်ကောင်းသည့် လုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ် လုပ်ကိုင်ထားလေ၏။ ပုဂံပုံ - တည်ပင်ကိုင်း ချောင်းတွင်းသွား လိုင်းသင်္ဘော ဆွဲသည်။ တာဝန်ကျေ စပါး မသွင်းနိုင်သူတို့ ရုံးရောက်၊ ဂါတ်ရောက် ဖြစ်ကြသည့် ခေတ်တွင် ဦးအောင်ဒင်က လယ်မြေကို ကျင်းတူး၍ အုတ်ဖို တည်လိုက်၏။ မြေတိုင်းစာရေးများနှင့် သင့်မြတ်လေသောကြောင့် ပုစွန်ကန် တစ်ဖြစ်လဲ မြေကျင်းကြီးမှာ ပုဂံပုံ တစ်ဝိုက်တွင် ဟိုးဟိုးကျော်သည့် စံပြငါးမွေးမြူရေးလုပ်ငန်း ဖြစ်သွားလေ၏။

 

သစ်တောဌာနမှ တောခေါင်း ကိုဖိုးထောင်က “သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်” ဟူသည့် ကြွေးကြော်သံဖြင့် သစ်ခုတ်သမားတို့ကို ဖမ်းဆီးနေချိန်တွင် ဦးအောင်ဒင် မီးသွေးဒိုင် ဖွင့်လိုက်လေ၏။ စကားမစပ် ပြောပြချင်သည်မှာ သစ်တောဌာနမှ ၀န်ထမ်းတို့၏ ထူးခြား ဆန်းကျယ်သော အမြင်အာရုံ အကြောင်း ဖြစ်ပါသည်။ သစ်တောဌာန ၀န်ထမ်းတို့သည် အမည်းရောင်ကို မြင်နိုင်စွမ်း မရှိ၊ အဖြူရောင်ကိုသာ မြင်နိုင်ကြသည်။ သို့ဖြစ်၍ ဦးအောင်ဒင်၏ အိမ်ရှေ့တွင် ပုံထားသည့် မြင့်မိုရ်တောင် နီးပါး မြင့်မားသော မီးသွေးပုံကြီးကို သူတို့ မမြင်၊ ဦးအောင်ဒင် မွေးထားသည့် ဘဲငန်းကြီးများကိုသာ မြင်သည်။ (ငန်းသားနှင့် တောအရက်မှာ အတော်ပင် လိုက်ဖက်သည့် စုံတွဲ ဖြစ်၏။ ဤကား စကားချပ်တည်း။)

 

“ဒီလိုပဲပေါ့ ဆရာလေးရယ်။ ကျွန်တော်က ငယ်ဘ၀ ကြမ်းတမ်းခဲ့တော့ ပြန်ပြီး ဆင်းရဲမှာကို သိပ်ကြောက်တယ်။ ဒီတော့ကာ ကိုယ် လုပ်နေတာတွေက တရားဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာ သိပေမယ့် သမ္မာ အာဇီဝ ဖြစ်ရင် ပြီးတာပဲလို့ သဘောထားပြီး လုပ်နေရတာပဲ။ မီးသွေးဖုတ်တာ တရားဥပဒေနဲ့ ငြိတယ်ဆိုပေမယ့် ကျွန်တော် ကံငါးပါး ကျူးလွန်တာ မဟုတ်ဘူးလေ။ နောက်ပြီး ဒီလိုမှ မလုပ်ရင်လည်း ဒီအရပ်မှာ ကြီးပွားဖို့ရာ အကြောင်း မမြင်ဘူး။ လုပ်ဖန်များတော့ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ဆိုသလို ဖြစ်လာတယ်။ မိုးခါးရေသောက်ရတဲ့ ခေတ်မှာ သူများတွေလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ မစို့မပို့ မသောက်ဘဲ တ၀သောက်မယ်ဆိုတဲ့ စိတ်ရိုင်း ၀င်တာလည်း ပါမှာပေါ့ဗျာ” ဟု ဦးအောင်ဒင် ရင်ဖွင့်ဖူးသည်။

 

(၅)

 

တစ်နေ့သော် ဦးအောင်ဒင်နှင့် ကျွန်ုပ်သည် အိမ်ခေါင်းရင်းရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ရင်း မိမိတို့နှင့် လားလားမျှ မဆိုင်သည့် တိုင်းရေးပြည်ရေး မင်းစိုးရာဇာတို့ အကြောင်းကို ရောက်တတ်ရာရာ ဆွေးနွေးနေရာမှ စီမံခန့်ခွဲမှုအရေးပါပုံကို ရောက်သွား၏။ တိုင်းရေးပြည်ရာ စီမံရာတွင် ခရေစေ့တွင်းကျ မဟုတ်သော်လည်း လုပ်ငန်းသဘာဝကို ခြေခြေမြစ်မြစ် သိရှိထားမှ ဖြစ်မည်ဟု ကျွန်ုပ်က ယူဆသည်။ ထိုသော် ဦးအောင်ဒင်က “တစ်ချို့ ကိစ္စတွေကို ကိုယ်တိုင် နှိုက်နှိုက်ချွတ်ချွတ် သိဖို့ တတ်ဖို့ မလိုဘူး။ အနည်းအကျဉ်း ခြုံငုံပြီး လေ့လာထားလိုက်ရင် ကျန်တဲ့ ကိစ္စတွေကို မီးစဉ် ကြည့်ကလို့ ရတာပဲ မဟုတ်လား ဆရာလေးရဲ့” ဟု ဆိုသည်။ ထို့အပြင် သူ့ ဘ၀ အဘိဓမ္မာ ဖြစ်သည့် “အုတ်ဖိုတည်တာလည်း ထိုနည်းလည်းကောင်း၊ လိုင်းကောင်ဆွဲတာလည်း ထိုနည်းလည်းကောင်း၊ မီးသွေးဖိုတည်တာလည်း ထိုနည်းလည်းကောင်းပဲ။ အဓိကကျတာ သြဇာ အာဏာ ရှိဖို့ပဲ မဟုတ်လား” ဟု ပြောပြန်သည်။

 

သူ့ စကားကို ကျွန်ုပ် လက်သင့် မခံနိုင်။ “ဒီလိုဆိုရင် ကိုယ် စီးတဲ့ မြင်း အထီးမှန်း အမမှန်း မသိဘဲ စီးနေသလို ဖြစ်ချင်သလို ဖြစ်သွားမှာပေါ့” ဟု ဒေါနှင့်မောနှင့် ဆိုလိုက်မိတော့သည်။ ထိုသော် ဦးအောင်ဒင်က “အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ခရီးရောက်ဖို့က ပဓာနက ကျတာပဲ မဟုတ်လား” ဟု စကားကော် စကားကပ် ဆို၍ အနိုင်ပိုင်းလိုက်လေ၏။ “ဆရာလေး .. လက်သင့်ခံဖို့ ခဲယဉ်းမယ် ဆိုတာ ဦးလေး သိပါတယ်။ ဒီတော့ကာ ဆရာလေးကို လက်တွေ့ ဥပမာနဲ့ ပြမှ ဖြစ်တော့မယ်” ဟု ဆိုကာ အိမ်တိုင်တွင် ချိတ်ထားသည့် သံဝီစီကို ဖြုတ်၍ ရွှီခနဲ မြည်အောင် မှုတ်ထည့်လိုက်လေ၏။  ၀ီစီကို တစ်ချက် တုတ်သည်။ ဘာမျှ မတွေ့ရ၊ နှစ်ချက် တုတ်သည်။ ဘာမျှ မထူး။ သုံးချက် ဘာမှ ပေါ်မလာ။ ထို့နောက် ဦးအောင်ဒင်သည် သံဝီစီကို အိမ်တိုင်တွင် တရိုတသေ ပြန်၍ ချိတ်လိုက်လေ၏။

 

ကျွန်ုပ်မှာ ဦးအောင်ဒင်၏ အူကြောင်ကြောင် လုပ်ရပ်ကို ကြည့်ပြီး ရယ်ချင်သလိုလို ဖြစ်လာသဖြင့် “ဦးလေးရဲ့ ဥပမာက ၀ီစီမှုတ်တာနဲ့ ပြီးသွားပြီလား။ ကြည့်လုပ်ဦး မကြီးမငယ်နဲ့ လိပ်ခေါင်းထွက်လို့ သားရေပင်နဲ့ အပစ်ခံရဦးမယ်” ဟု ခပ်ထေ့ထေ့ ဆိုလိုက်မိသည်။ ထိုအခိုက်တွင် ကျွန်ုပ်၏ ကျောဘက်မှ နှပ်ချေးရှုံ့သံလိုလို ကြားရသဖြင့် လှည့်ကြည့်လိုက်ရာ မည်းမည်းကွကွ ၀၀ပုပု သူငယ်တစ်ဦးကို တွေ့ရလေ၏။

 

စိန်ဝင်းမောင်ဟု အမည်ရသော ထိုငနဲကလေး၏ ရုပ်ဆင်းသဏ္ဌာန်မှာ ဘုရားတန်ဆောင်းများရှိ ကြေးစည်ထမ်း သူငယ်တော်ရုပ်နှင့် ခပ်ဆင်ဆင် တူသည်ဟု ကျွန်ုပ် ထင်မိသည်။ အသားအရေမှာ ညစ်ထေးထေး၊ နှပ် တရှုံ့ရှုံ့၊ တလက်လက် ထနေသည့် သူ့ ဦးပြည်းမှာ သပိတ်ကို နေလှန်း ထားသည့် အလား နက်မှောင် လက်ပြောင် နေလေ၏။ သမန်းဆီ တက်နေသည့် ခြေထောက်တို့ကို ပြောက်တိပြောက်ကြား ရွှံ့စက်များဖြင့် ဆေးခြယ်သထား၏။ သိုင်းလွယ်ထားသည့် လွယ်အိတ်စုတ်ထဲတွင် လောက်စာလုံး အပြည့်နှင့်၊ လက်တစ်ဖက်တွင် တောသားတို့၏ လက်နက်ဖြစ်သည့် ကျွဲချိုလေးခွကို စွဲကိုင်ထားပြီး၊ ကျန် လက်တစ်ဖက်ဖြင့် ဘဲကျောင်းသားတို့၏ အသုံးအဆောင်ဖြစ်သော ဂဏန်းချိတ်ကို စွဲကိုင်ထားသည်။ ကျွန်ုပ်က သူ့ကို စူးစူးဝါးဝါး ကြည့်လိုက် သဖြင့် ငတိကလေး ရှိုးတိုးရှန့်တန့် ဖြစ်သွားလေ၏။

 

"ဘိုးလေး ကျွန်တော့်ကို ဘာခိုင်းမလို့လဲ ဟု ငနဲကလေး မေးတော့မှ ဦးအောင်ဒင် ဘာကြောင့် ၀ီစီမှုတ်သည်ကို ကျွန်ုပ် ရိပ်စားမိတော့သည်။ “လာပါဦးကွဲ့ စိန်ဝင်းမောင်ရဲ့” ဟု ဦးအောင်ဒင်က ဆိုပြီး ပဲလှော်တစ်ဆုပ်ကို ထိုသူငယ်လေး၏ ညစ်ပေနေသော လက်ထဲသို့ ထည့်ပေးလိုက်သည်။ “နေပါဦး ဦးလေးရဲ့ ကျွန်တော်ကို လက်တွေ့ပြမယ် ဆိုတာနဲ့ ဒီကောင်လေးကို လှမ်းခေါ်ပြီး ပဲလှော် ပေးတာနဲ့က ဘာဆိုင်လို့လဲဗျာ” ဟု ကျွန်ုပ် မေးမိသည်။  ဦးအောင်ဒင်က “ဆိုင်တာပေါ့ ဆရာလေးရယ်။ ဆရာလေးကို ဦးလေးက ကိုယ်တိုင် ခရေစေ့တွင်းကျ လုပ်တတ်ဖို့ မလိုဘူး၊ မီးစဉ် ကြည့်ကရင် ပြီးတာပဲလို့ ပြောတာကို ဆရာလေး လက်သင့် မခံချင်ဘူး မဟုတ်လား။ အဲဒါကို ရှင်းသွားအောင် ပြောပြဖို့ရာ ဦးလေးရဲ့ ဘဲအုပ်ကို ကျောင်းတဲ့ စိန်ဝင်းမောင်ကို ခေါ်လိုက်တာပဲ” ဟု ဆိုလေ၏။ သူ့ စကားမှာ ရှင်းလေရှုပ်လေ ဖြစ်လာ၏။ ကျွန်ုပ်လည်း ဒေါပွလာသဖြင့် “ဒါဖြင့်ရင်လည်း ပြဗျာ … ပြ … ပြ” ဟု ဆောင့်ကြီးအောင့်ကြီး ဆိုလိုက်တော့သည်။

 

ထိုသော် ဦးအောင်ဒင်သည် ကျွန်ုပ်ကို ပြုံး၍ ကြည့်ပြီးနောက် စိန်ဝင်းမောင် ဘက်သို့ လှည့်ကာ “စိန်ဝင်းမောင် ဒီနေ့ ဘဲဥ ဘယ်နှလုံး ရလဲ ဘိုးလေးကို ပြောစမ်းပါဦး” ဟု ဆိုလေ၏။

 

စိန်ဝင်းမောင်          ဒီနေ့တော့ ၆၂ လုံးပဲ ရတယ် ဘိုးလေ။

ဦးအောင်ဒင်          မနေ့တုန်းက ဘယ်နှလုံး ရသလဲ။

စိန်ဝင်းမောင်          မနေ့တုန်းက ၈၈ လုံး ရတယ်။

ဦးအောင်ဒင်          ဒါဖြင့် တနေ့ကရော ဘယ်နှလုံး ရသလဲ။

စိန်ဝင်းမောင်          တနေ့က အလုံး ၉၀ ရတယ်။  

ဦးအောင်ဒင်          ဒါဆို တမြန်မနေ့ကရော။

စိန်ဝင်းမောင်          အဲဒီနေ့တုန်းက ၈၉ လုံး။ တစ်လုံးကွဲ ကွဲသွားလို့။

ဦးအောင်ဒင်          ဒါဖြင့်ရင် ဘယ်လိုဖြစ်လို့ ဥ ကျ သွားတာလဲ။

စိန်ဝင်းမောင်          ဘဲခြံနားကို တောကြောင် ကပ်တာ နှစ်ရက် သုံးရက် ရှိနေပြီ အဲဒါကြောင့် ဘဲတွေ လန့်ပြီး ဥ ကျ သွားတာ။

ဦးအောင်ဒင်          တောကြောင် ကပ်တာ မင်းက ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေသလား။

စိန်ဝင်းမောင်          ကျွန်တော်လည်း စောင့်တာပဲ။ တောကြောင်က လင်းအားကြီးမှ လာတာ။ နောက်ပြီးတော့ ဘဲခြံနားမှာ ခြုံတွေ ထူတော့ ဘယ်ချောင်မှာ ခိုနေမှန်း မသိဘူး။

ဦးအောင်ဒင်          ဘွားလေးဆီကနေ သုံးထောင့်ထိုး ဓာတ်မီးတစ်လက် ယူသွား။ နောက်ပြီးတော့ မင်း အဖေကို ဘဲခြံနားက ခြုံတွေကို မနက်ဖြန် ပြီးအောင် ရှင်းထားဖို့ ငါ မှာတယ်လို့ ပြောလိုက်ချေ။ မသန်းရင်ရေ စိန်ဝင်းမောင် စားရအောင် ကြံသကာ ပေးလိုက်ဟေ့။

 

သို့နှင့် ဦးအောင်ဒင်နှင့် စိန်ဝင်းမောင်တို့၏ အမေး အဖြေ ပြီးဆုံးသွားလေ၏။ သူတို့ အချီအချ ပြောနေဆိုနေသည်ကို ကျွန်ုပ် နားမလည်နိုင်။ ဦးအောင်ဒင်သည် အောင်ပွဲရ စစ်သူကြီး၏ အကြည့်မျိုးဖြင့် ကျွန်ုပ်ကို ကြည့်လိုက်ပြီနောက် “တွေ့ပြီ မဟုတ်လား ဆရာလေး။ ကျွန်တော် ဘဲမွေးထားတာ အကောင် (၂၀၀) ကျော်တယ်။ ဒါပေမယ့် ဘဲစာ ဘယ်လို စပ်ရတယ်၊ ကျွေးရတယ်။ ဘဲ ဘယ်လို ကျောင်းရတယ် ဆိုတာ ကျွန်တော် မသိဘူး။ အဲသလိုပဲ ဘဲတွေ ဥ အထွက် ကျတာ ဘာကြောင့်လဲ။ ဘယ်လို လုပ်ရမလဲ ဆိုတာလည်း ကျွန်တော် မသိဘူး။ ဒါပေမယ့် ဘဲ အကြောင်းကို အူမချေးခါး မကျန် သိတဲ့ စိန်ဝင်မောင်တို့ မိသားစုကို လူငှား ခေါ်ထားလိုက်ရင် ပြီးတာပဲလေ။ အခုပဲကြည့် ပြဿနာ တစ်ခု ရှင်းပြီးသွားပြီ မဟုတ်လား” ဟု ဆိုလိုက်လေ၏။ ကျွန်ုပ်လည်း ဦးအောင်ဒင်၏ အဘိဓမ္မာကို အောင့်သက်သက်နှင့် ခေါင်းညိတ်လိုက်ရတော့သည်။ စင်စစ် ဦးအောင်ဒင်၏ စကားကို ကျွန်ုပ် စိတ်ဝင်စားခြင်း မရှိတော့ပါ။ အတွေးထဲသို့ ဘဲကျောင်းသား စိန်ဝင်းမောင် ၀င်ရောက်လာသောကြောင့် ဦးအောင်ဒင်ကို တုံ့ပြန် စကား မဆိုတော့ဘဲ စကားနည်း ရန်စဲ နေလိုက်ခြင်း ဖြစ်ပါသည်။

 

ဗျိုက်တောထဲသို့ ငိုက်စောင်း ငိုက်စောင်းနှင့် ဆင်းသွားလေသော စိန်ဝင်းမောင်ကို ကြည့်၍ ကျွန်ုပ် အတွေး နယ်ချဲ့မိတော့သည်။ ဤသူငယ်ကလေး၏ အသက်မှာ (၇) နှစ် (၈) နှစ် ခန့်မျှသာ ရှိပေဦးမည်။ သို့သော် သူ လုပ်ရသည့် အလုပ်မှာ အရွယ်နှင့် မမျှ။ မိုးလင်းကတည်းက “ဒီးဒီး … ဒီးဒီ .. ဒီးဒီး” ဟု အသံ တစာစာ ဟစ်၍ ဘဲတစ်အုပ်ကို ကွင်းကြိုကွင်းကြား၊ ချောင်းကြိုမြောင်းကြားသို့ မ၍ ကျောင်းရသည်။ ကွင်းထဲတွင် ဥချထားသော ဘဲဥများကို မျက်စိလျင်လျင် ထား၍ ကောက်ရသည်။ မဟုတ်လျှင် ကျီးကန်းစာ ဖြစ်သွားပေလိမ့်မည်။ ကျီးကန်းတို့ အလွန်အမင်း သောင်းကျန်းလာပါက လေးခွနှင့် ဆော်တန်က ဆော်ရသည်။ စူးစူးဝါးဝါး ဟစ်အော်၍ ခြောက်တန်က ခြောက်ရသည်။ ထိုကဲ့သို့ ဘဲအုပ်ကို မျက်ခြည်မပြတ် စောင့်ရှောက်ကြည့်ရှုနေရင်းမှာပင် မိသားစုအတွက် ဟင်းစားရရန် ချောင်းရိုးတစ်လျှောက် စုံဆန်လှည့်ပြီး ရင်တွန်းပိုက်ဖြင့် ငါးနုပ်၊ ငါးဖွဲ၊ ပုစွန်၊ ခရု ဖမ်းဆီးရသည်။ ရင်တွန်းပိုက်ကို ရင်ကွဲလုမတတ် တွန်းနိုင်ပါမှ ဟင်းစား တစ်နပ်စာ ရလေသည်။

 

သိုး မကျောင်းဘူးသော ဥရောပတိုက်သား စာရေးဆရာ၊ နွား မကျောင်းဘူးသော မြန်မာလူမျိုး စာရေးဆရာ၊ ကဗျာဆရာတို့ ရေးဖွဲ့သည့် -- သိုးကျောင်းသားဘ၀ဖွဲ့၊ နွားကျောင်းသားဘ၀ဖွဲ့ -- ကျေးလက် ကဗျာ လင်္ကာ စာပေ ၀တ္ထု မြောက်မြားစွာကို ကျွန်ုပ် ဖတ်ဖူးပါ၏။ စာရေးဆရာတို့ ဖန်ဆင်းအပ်သော နွားကျောင်းသားငယ်၏ ဘ၀မှာ အလွန်ပင် ကြည်နူးဖွယ်ရာ ကောင်းလှပါ၏။ ပုလွေတို တစ်စင်းနှင် တေးသီကျူး နေသည့် သိုးထိန်းသူငယ်၏ ဘ၀မှာ လွတ်လပ်လှပါပေ၏။ စာပေမွေ့လျော်သူ ကျွန်ုပ်သည် ထိုကဲ့သို့သော ပေါ့ပါးခြင်းမျိုးကို အစဉ် တောင့်တခဲ့ဖူးပါ၏။ ယခုမူကား ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာမှ လွတ်လပ် ပေါ့ပါးခြင်းမှာ ငနဲသားလေး စိန်ဝင်းမောင်ကြောင့် အလျဉ်း ကွယ်ပျောက်သွားလေပြီ။

 

“ဒါနဲ့ နေပါဦး .. ဦးလေးရဲ့ … စိန်ဝင်းမောင်က ကျောင်း မနေရဘူးလား” ဟု ကျွန်ုပ် ရုတ်တရက် မေးလိုက်မိသည်။ ဦးအောင်ဒင်က “ဒီကောင်လေးကို ကျွန်တော် ကျောင်းထားပေးဖူးတယ် ဆရာလေးရဲ့။ ကျောင်းဝတ်စုံ၊ စာအုပ်ဖိုး သေသေချာချာ ပေးပြီးတော့ကို ကျောင်းထားခဲ့တာပဲ။ ဒါပေမယ့် ဒီကောင့်မှာ ပညာပါရမီ မပါဘူးဗျ။ ဘယ်လောက် သင်သင် သုံးတန်းကနေ မတက်တော့ဘူး။  ရွာက ကျောင်းဆရာလေးတောင် ညည်းရှာတယ်။  ““ကကြီးကို ပုတ်လောက် ရေးပြတာတောင် ဗျိုင်းပျံတာလား”” လို့ မေးတဲ့ မိဘတွေက ပေါက်ဖွားလာတော့ မျိုးရိုးလိုက်ပြီားဏ်ပညာ နုံနဲ့သွားရှာတယ် ထင်ပါတယ်။ ဒါနဲ့ မထူးပါဘူး ဆိုပြီး ကျောင်းနှုတ်ပြီး ဘဲကျောင်းခိုင်းလိုက်ရတာပဲ” ဟု ဆိုလေ၏။ ကျွန်ုပ်လည်း ဘာမှ ပြန် မပြောမိတော့ချေ။

 

(၆)

 

ဤသို့ဖြင့် ကာလအတန်ငယ် ကြာမြင့်သွားလေ၏။ ဦးအောင်ဒင်၌ ချဉ်ခြင်း တစ်မျိုး စွဲကပ်လာ၏။ ယင်းကား အခြား မဟုတ်၊ တရုတ်ပြည်ဖြစ် သံစုံနှိုးစက် နာရီ ဖြစ်ချေ၏။

 

ကြက်တွန်သံကို ပဟိုရ်ပြုကြသော ရှေးမြန်မာလူမျိုးတို့၏ ဓလေ့ဟောင်းကို ဂန္ဓလရာဇ်ပြည်သား မြန်မာမှုထိန်းသိမ်းသူတို့က ခေတ်သစ်နည်းပညာနှင့် ပေါင်းစပ်၍ အရိုးပေါ် အယဉ်ဆင့်လိုက်သည့်အခါ “အောက်အီအီးအွတ် .. မြန်မာစံတော်ချိန် မနက် / ည ဘယ်နှနာရီ ချိဘာဘီချင်” ဟု မပီကလာ ပီကလာ မြန်မာစကားကို သာသာချိုချို ဆိုမြည်တတ်သော တရုတ်ပြည်ဖြစ် အပေါစား နှိုးစက်နာရီကလေးများ ပေါ်ထွက်လာလေ၏။  

 

ထိုနာရီကို အမာကျေးရွာရှိ သင်္ဘော ဆလင်ကြီး တစ်ဦးက စတင် ၀ယ်ယူ သုံးစွဲပြီးနောက်တွင် “အောက်အီအီးအွတ်” သံစုံနှိုးစက်နာရီ ရောဂါသည် အမာတစ်ရွာလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး၊ “အောက်အီအီးအွတ် .. မြန်မာစံတော်ချိန် မနက် / ည ဘယ်နှနာရီ ချိဘာဘီချင်” ဟူသော နှိုးစက်မြည်သံသည် အမာကျေးရွာရှိ ၀ိညာဏ သက်ရှိ ကြက်သတ္တ၀ါတို့၏ တွန်သံကို ဖုံးလွှမ်းလိုက်လေ၏။

 

“အောက်အီအီးအွတ်” သံစုံနှိုးစက်နာရီ ရောဂါသည် အမာရွာမှ တစ်ဖန် အခြားရွာများသို့ ပျံ့နှံ့သွားပြန်သည်။ ဂန္ဓလရာဇ်ပြည်သားတို့က သူတို့၏ ထုတ်ကုန်ကို မြန်မာပြည်သို့ မရောက် ရောက်အောင် ပို့ပြီး စီးပွားရေး လုပ်ကိုင်တတ်သော်လည်း၊ အမာကျေးရွာရှိ မြန်မာလူမျိုးပိုင် စတိုးဆိုင်ကြီးတွင် “အောက်အီအီးအွတ်” တင်ရောင်းရန် စိတ်ကူး မရ။ သို့ဖြစ်၍ “အောက်အီအီးအွတ်” ရောဂါ စွဲကပ်လာလျှင် ဘိုကလေးသို့ လူကြုံမှာ၍ ၀ယ်ရသည်။

 

“အကျည်းတန်” ဟု အမည်ရသည့် အမာနှင့် ဘိုကလေး ခုတ်မောင်း ပြေးဆွဲသော လိုင်းသင်္ဘောကလေး၏ ဆလင်ကြီး ဦးသာစိန်မှာ ဦးအောင်ဒင်နှင့် “ပဆစ်”ကစားကြစဉ် အခါက အငြင်းအခုံ ဖြစ်ပွားပြီး အခေါ်အပြော မရှိတော့။ သို့ဖြစ်၍ ဦးအောင်ဒင်သည် အောက်အီအီးအွတ် ရောဂါ စွဲကပ်လာသော်လည်း သဘောင်္ဆလင်နှင့် နာရီ လူကြုံမှာရန် မဖြစ်နိုင်သဖြင့် ဝေဒနာကို အောင့်အည်းသည်းခံ၍ နေရတော့သည်။

 

နောက်ဆုံးတွင် ဦးအောင်ဒင်သည် ကျွန်ုပ်၏ အလုပ်ဌာနသို့ ပေါက်ချလာပြီး “ဆရာလေး ဒီတစ်ခေါက် မြို့ကို လစာထုတ် သွားရင် ကျွန်တော့်ဖို့ နှိုးစက်နာရီ ၀ယ်ခဲ့စမ်းပါ” ဟု အပူကပ်လေ၏။ တစ်ရွာလုံး တစ်နယ်လုံး အောက်အီအီးအွတ် နေကြသဖြင့် အောက်အီအီးအွတ် နာရီကို ကျွန်ုပ် မြင်ပြင်းကပ်မိသည်မှာ အတော် ကြာနေပါပြီ။ သို့သော်လည်း ယခုမူကား ကျွန်ုပ် ကြည့်မရသော အောက်အီအီးအွတ်ကို ဦးအောင်ဒင် အတွက် ၀ယ်ပေးရန် ကတိခံလိုက်ရလေပြီ။

 

လကုန်ရက် မြို့တက်ခိုက်တွင် ကျွန်ုပ်သည် ဘိုကလေးတွင် အောက်အီအီးအွတ် ရှာပုံတော် ဖွင့်ရလေ၏။ လိုချင်လျှင် လွယ်လွယ်နှင့် မရတတ်သည့် လောက သဘာဝကြောင့် အောက်အီအီးအွတ်ကို လွယ်လွယ်နှင့် ရှာမတွေ့။ ဈေးကြီးကို သုံးပတ်ခန့် ပတ်မိပြီးမှ အောက်အီအီးအွတ်နှင့် အခြား တရုတ်ပစ္စည်းများ ရောင်းချရာ စတိုးဆိုင်ကြီးကို ဘွားခနဲ တွေ့လိုက်ရသဖြင့် ကျွန်ုပ် ၀မ်းသာလုံး ဆို့လုမတတ် ဖြစ်သွားသည်။ ထို့နောက်တွင် ကျွန်ုပ်သည် ဦးအောင်ဒင်အတွက် အောက်အီအီးအွတ် ၀ယ်ယူပြီး အမာသို့ ညနေ သင်္ဘောဖြင့် ပြန်စုန်ခဲ့လေ၏။

 

ဘိုကလေးမှ အမာသို့ ပြေးဆွဲသည့် သင်္ဘောသည် မြသိန်းတန်၊ မြစ်တန်း အစရှိသည့် ကျေးရွာတို့ကို ဖြတ်သန်း၍ ခရီးနှင်ခဲ့ရာ ရေငန်ပိုင်ဦးရှင်ကြီး ကွန်းခိုရာ ကျွန်းညိုကြီးကို လှမ်း၍ မြင်ရလေပြီ။ ရေးရေးမှုန်မှုန် မလင်းတလင်း ညအရောင်အောက်တွင် ဧကစာရီ ကျင့်နေသော ကျွန်းညိုကြီးကို မြင်ရသည်မှာ တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းလှသည်။ တ၀ီဝီ မြည်ဟီးနေသည့် ညလေတိုးသံသည် မိစ္ဆာကောင်တို့ အော်ဟစ် ညည်းတွားနေသည့် အလား။ ရံဖန်ရံခါတွင် ကျွန်းညိုကြီးဆီမှ မီးရောင် လက်ခနဲ လက်ခနဲ မြင်ရသည်။ ဦးရှင်ကြီး၏ တပြည့်လက်သားတို့ အရိပ်အရောင် ပြခြင်းပေလော၊ ထင်းခုတ်သမားတို့ပေလော၊ ကျားပိုက်သမားတို့ မီးရောင်ပြခြင်းပေလော ကျွန်ုပ် အတွေးပိုမိသည်။

 

ထိုအခိုက်တွင် ကျွန်ုပ် လက်ဆွဲ အိတ်အတွင်း ထည့်ထားသည့် သံစုံနှိုးစက်နာရီသည် ရုတ်တရက် အသက်ဝင်လာပြီး ကျယ်လောင် စူးရှသော မြည်သံကို ဟစ်ကြွေးလိုက်လေ၏။ ငိုက်မျဉ်း၍ လိုက်ပါလာသော သဘောင်္စီး ခရီးသည် အားလုံး လန့်နိုးသွားလေ၏။ ကျွန်ုပ်လည်း အတွေး ရေယဉ်ကြောတွင် မှေးငိုက် စီးမျောနေရာမှ ဗြုန်းခနဲ လန့်နိုးလာသဖြင့် ဦးအောင်ဒင်၏ အောက်အီအီးအွတ် နာရီကို မအေ နှမ ကလော်တုပ် မိတော့သည်။ နှိုးစက်ပိတ်ရန် ခလုတ်ရှာသော်လည်း ခလုတ် အားလုံးကို တရုတ်ဘာသာဖြင့် ရေးထားသဖြင့် ဘယ်ခလုတ်ကို နှိပ်ရမှန်း မသိ။ နောက်ဆုံးတွင် ဓာတ်ခဲကို ဖြုတ်ထားလိုက်တော့မှ အောက်အီအီးအွတ် ကိုယ်တော်မြတ် အသံတိတ်သွားလေ၏။

 

မနက် ဝေလီဝေလင်း အချိန်ရောက်သော် သဘောင်္သည် အမာဆိပ်ကမ်းသို့ ဆိုက်ကပ်လေသတည်း။

 

(၇)

 

အမာသို့ ပြန်ရောက်လျှင် ရောက်ချင်း အလုပ်များနေသဖြင့် ပုဂံပုံကျေးရွာသို့ သွား၍ ဦးအောင်ဒင်ကို နှိုးစက်နာရီ မပေးဖြစ်သေး။ သို့သော် ဤအောက်အီအီးအွတ် နာရီသတ္တ၀ါကို ကျွန်ုပ် အနားတွင် တစ်ဗီဇနာမျှပင် မထားချင်။ ညနေစောင်း အလုပ်သိမ်းပြီးချိန် ရောက်ပါမှ ပုဂံပုံကျေးရွာသို့ ဆိုင်ကယ်ဖြင့် ခရီးနှင်ရလေ၏။

 

ဦးအောင်ဒင်၏ အလိုဆန္ဒ ပြည့်ဝတော့မည်ကို နတ်သိကြားတို့ နိမိတ်ပြသည်ထင့်။ လောကဓာတ် တစ်ခုလုံး သာယာ ကြည်လင် နေ၏။ ပုဂံပုံကျေးရွာသို့ သွားရာ တောလမ်းကလေး၏ တစ်ဘက်တစ်ချက်မှ ဓနိတောတန်းသည် ညနေစောင်း နေရောင်ခြည်ကြောင့် လှချင်တိုင်း လှနေလေ၏။  ရေကျချိန်ဖြစ်သဖြင့် ဘုတ်ငှက်မြည်သံ တပူပူ ကို ကြားရသည်။ လေနုအေးကလည်း သာတောင့်သာယာ တိုက်ခတ်နေ၏။ ကျွန်ုပ်သည် ကွင်းပြင်ကို ဖြတ်သန်း၍ တိုက်ခတ်လာသည့် လေနုအေးကို တ၀တပြဲ ရှုရှိုက်လိုက်တော့သည်။ ဒွန္နယာကြီးကား တင့်တယ် သာယာလှပေစွ။

 

အိမ်ရှေ့တွင် ဆိုင်ကယ် ရပ်လိုက်သည်နှင့် တစ်ပြိုက်နက် ကျွန်ုပ်၏ နံဘေးသို့ ဦးအောင်ဒင် ရောက်လာလေ၏။ နှိုးစက်နာရီ ရသွားသည်နှင့် သူ့ မျက်နှာ ၀င်းခနဲ ဖြစ်သွားလေ၏။ မျောက် အုန်းသီးရသလို ဖြစ်သွားသည်။ အောက်အီအီးအွတ် မြည်သံကို နားခါးလှကြောင်း ကျွန်ုပ် ဆိုခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အောက်အီအီးအွတ် မြည်သံကြောင့် ဦးအောင်ဒင် ပျော်ရွှင်နေသည် မြင်ရသည့်အခါ၊ နာရီနှိုးစက်မြည်သံသည် ကျွန်ုပ်၏ နားဝသို့ ပဉ္စသိခ နတ်စောင်းသံ အလား သုတိသြဘာ ပြည့်စုံစွာဖြင့် ညင်သာစွာ ပျံ့လွင့်လာလေ၏။ ပီတိဓာတ်၏ အကျိုးကျေးဇူး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ လူ့စိတ်ကား ထူးဆန်းပေစွ။ မလိုတစ်မျိုး လိုတစ်မျိုးဟု ဆိုသော် သင့်နိုးအံ့သည်။

 

ဦးအောင်ဒင့် အိမ်ရှေ့တွင် အောက်အီအီးအွတ် သံစုံနှိုးစက်နာရီကို လာကြည့်သော လူအုပ်ကြီးမှာ မနည်းလှ။ ကလေး လူကြီး အားလုံး ရွပိုးထိုးနေ၏။ ဦးအောင်ဒင်ကို ကြောက်သောကြောင့် အော်ကျယ်အော်ကျယ် မလုပ်ဝံ့။ “ဟော ဘိုးလေးကို ကြည့်။ သူ ခလုတ်နှိပ်လိုက်ရင် ကြက်က ထတွန်ရော။ တော်တော် ဟုတ်တဲ့ နာရီပဲ။ ဓာတ်ခဲထည့်ရတယ်ကွ” စသည်ဖြင့် တစ်ယောက်တစ်မျိုး တွတ်ထိုးနေကြလေ၏။ အတန်ကြာလျှင် ဦးအောင်ဒင်သည် အောက်အီအီးအွတ် နာရီသတ္တ၀ါကို ယူလာပြီး အိမ်ရှေ့တွင် ရပ်ကြည့်နေသည့် လူထုကို ကြည့်ကာ သံစုံနှိုးစက်နာရီအမွှန်းကို အောက်ပါအတိုင်း ဆိုလေ၏။

 

“ဒီနာရီက တစ်နာရီခြား တစ်ခါ အသံမြည်တယ်။ အသံမြည်တာတော့ မင်းတို့ ကြားပြီးပါပြီ။ ““အောက်အီအီးအွတ် .. မြန်မာစံတော်ချိန် မနက် / ည ဘယ်နှနာရီ ရှိပါပြီရှင်”” ဆိုပြီး ပြောတဲ့ အသံလေးက အင်မတန် နားထောင်လို့ ကောင်းတယ်။ သာယာနာပျော်ဖွယ်ရှိတယ်။ အသံမြည်ရုံတင် မကသေးဘူး။ နာရီကို အင်္ဂလိပ် ဂဏန်းနဲ့ ပြတယ်။ ဒီတော့ကာ အင်္ဂလိပ် ဂဏန်း ဖတ်တတ်ရင် ရပြီ။ ရှေးတုန်းကလို နာရီကြည့်တတ်ဖို့ သင်စရာတောင် မလိုတော့ဘူး။ တယ်ကောင်းတဲ့ အစီအမံပဲကွဲ့။ ဒါနဲ့ ငါ စဉ်းစားကြည့်တာ ဒီလို အသံမြည်အောင် လုပ်တဲ့ နေရာမှာ မနက် ည မမှားရအောင် သူတို့ ဘယ်လို လုပ်ထားသလဲ ဆိုတာပဲ။ အသံမြည်တာနဲ့ ပေါ်လာတဲ့ ဂဏန်းနဲ့က ကွက်တိ ဖြစ်နေတာ အင်မတန် ထူးဆန်းတယ်။ ဒီကောင်တွေ ထွင်လည်း ထွင်တတ်ပ။ အံ့ရော။”

 

ဦးအောင်ဒင်၏ စကားအဆုံး၌ စိန်ဝင်းမောင်သည် လူအုပ်ကို တိုးဝှေ့ပြီး ရှေ့သို့ ထွက်လာလေ၏။ ဦးအောင်ဒင်၏ လက်ထဲမှ နာရီကို ပြူးတူးပြဲတဲ စိုက်ကြည့်သည်။ ထိုသော် ဦးအောင်ဒင် စိတ်ကြီးဝင်သွားလေ၏။ “ဟေ့ စိန်ဝင်းမောင် ဒီမှာ ကြည့်ကွဲ့” ဟု ဆိုရင်း နာရီ ခလုတ်ကို နှိပ်လိုက်သည်။ အောက်အီအီးအွတ် မြည်သံ ထွက်လာလေ၏။ စိန်ဝင်းမောင် မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ဦးအောင်ဒင် နာရီ ခလုတ်ကို နောက်ထပ် တစ်ချက် နှိပ်လိုက်ပြန်သည်။ အောက်အီအီးအွတ်။ စိန်ဝင်းမောင် မျက်နှာ လင်းခနဲ။ သို့နှင့် အောက်အီအီးအွတ် မြည်သံသည် များစွာ မကျယ်ပြန့်သော ပုဂံပုံရွာကလေးကို လွှမ်းခြုံလိုက်လေသတည်း။

 

(၈)

 

သံစုံနှိုးစက်နာရီသည် ဦးအောင်ဒင်ကဲ့သို့ အသက် (၆၀) ကျော် လူကြီးတစ်ဦးကိုပင် ဆွဲဆောင်နိုင်သည် ဖြစ်ရကား စိန်ဝင်းမောင်ကဲ့သို့သော မအူမလည် တောသားငယ် အနေဖြင့် ဤနာရီ၏ လွှမ်းမိုးဖမ်းစားမှုကို အဘယ်မှာလျှင် အံတုနိုင်ပါမည်နည်း။

 

ခလုတ်နှိပ်လိုက်လျှင် ထွက်ပေါ်လာသည့် အောက်အီအီးအွတ် မြည်သံသည် စိန်ဝင်းမောင်၏ အသည်းဆိုင်ကို ဆွဲကိုင်လှုပ်ခါနိုင်စွမ်း ရှိ၏။ လက်တစ်ဝါး ခန့်မျှသာ ရှိသော နာရီထဲတွင် ဘာတွေများ ရှိနေပါလိမ့် ဟု သူ တွေးမိသည်။ ဖြစ်နိုင်လျှင် ဘိုးလေးဦးအောင်ဒင်၏ နာရီကို တစ်ခါလောက် နှိပ်ကြည့်လိုက်ချင်သေးသည်။ ထိုအခွင့်အရေး ရရန်မှာ မလွယ်ကူ။ သို့သော် “ဆန္ဒတော ကိံနာမ ကမ္မံ နသိဇ္ဈတိ၊ ဆန္ဒပြင်းပြလာလျှင် မအောင်မြင်သော အမှုကိစ္စဟူ၍ မရှိ”” ဟု ရှင်တော်မြတ်ဘုရား ဟောကြားခဲ့ဖူးသည် မဟုတ်လော။

 

နောက်တစ်နေ့ နံနက်ခင်းတွင် စိန်ဝင်းမောင်သည် ဦးအောင်ဒင်ထံသို့ ပေါက်ချလာပြီး “ဘိုးလေးရဲ့ ကြက်ဖနာရီကို ကျွန်တော် တစ်ချက်လောက် နှိပ်ကြည့်ချင်လို့” ဟု မဆိုင်းမတွ ဆိုလေ၏။ စိန်ဝင်းမောင်၏ စကားကြောင့် ဦးအောင်ဒင် အတော်ပင် စိတ်မကောင်း ဖြစ်သွားရသည်ဟု ဆိုသည်။ ဦးအောင်ဒင်မှာ စိတ်ရင်းကောင်းသူ ဖြစ်ရကား စိန်ဝင်မောင်ကို နာရီ ခလုတ် နှိပ်ခွင့် ပေးလိုက်၏။ စိန်ဝင်းမောင်၏ ညစ်ထေးထေး လက်ချောင်းကလေးနှင့် နာရီခလုတ် ထိတွေ့သည့် အခါ “အောက်အီအီးအွတ်” မြည်သံ ပီသ ကြည်မြစွာ ထွက်ပေါ်လာ၏။ စိန်ဝင်းမောင် ၀မ်းသာ၍ မဆုံးတော့ပြီ။ တပြုံးပြုံး ဖြစ်သွားလေ၏။ စိန်ဝင်းမောင်ကား အလိုက်ကန်းဆိုး မသိသူ သူငယ်မိုက် မဟုတ်။ အလိုလိုက်သည်ကို အခွင့်အရေး မယူ၊ ရောင့် မတက်။ သူ့ ကတိအတိုင်း တစ်ချက်သာ နှိပ်ကြည့်ပြီး ဦးအောင်ဒင်အား နာရီ ပြန်အပ်သည်။

 

“ဒီ ကြက်ဖနာရီကို ၀ယ်တာ ဘယ်လောက်တောင် ပေးလိုက်ရတုန်း ဘိုးလေး” ဟူသော စိန်ဝင်းမောင်၏ အမေးကြောင့် ဦးအောင်ဒင် အတော်ပင် စိတ်မကောင်း ဖြစ်သွား၏။ “ဟာကွာ ဘာမှ မတန်ပါဘူးကွာ။ ဘာဖြစ်လို့တုန်းကွဲ့ စိန်ဝင်းမောင်ရဲ့” ဟု ဦးအောင်ဒင် ဆိုမိသည်။  

 

“ကျွန်တော်လည်း အဲဒီ ကြက်ဖနာရီ လိုချင်လို့ မေးကြည့်တာ” ဟူသော စိန်ဝင်းမောင်၏ စကားသည် လူ့ခွစာကြီး ဦးအောင်ဒင်၏ နူးညံ့သော နှလုံးသားကို မြှားဖြင့် ခွင်းလိုက်သည့် အလား။ ဦးအောင်ဒင် ကိုယ်တိုင် ခြေဖ၀ါး၊ လက်ဖ၀ါး ဘ၀မှ စတင် ရုန်းကန်ခဲ့ရသူ ဖြစ်သဖြင့် ဆင်းရဲနွမ်းပါသူတို့၏ သိမ်ငယ်စိတ်ကို ကောင်းကောင်းကြီး နားလည်သည်။ အထူးသဖြင့် ကံမကောင်း အကြောင်းမလှရှာသော ကလေးငယ်တစ်ဦး၏ အားငယ်စိတ် သိမ်ငယ်စိတ်ကို စာနာမိသည်။

 

“ဘာမှ မပေးရပါဘူးကွာ။ မင်း ကြက်ဖနာရီ လိုချင်ရင် ဘိုးလေးရဲ့ ဘဲတွေကို သေသေချာချာ ကျောင်း။ မင်းကို ဘိုးလေး ဒီနာရီ ဆုချမယ်” ဟု ဦးအောင်ဒင် ဖြေသိမ့်လိုက်သည်။ “တကယ်လား ဘိုးလေးရဲ့” ဟု စိန်ဝင်းမောင်က အားတက်သရော  မေးလိုက်သည်။ “ဘိုးလေးက ဘကြီးအောင် မဟုတ်ပါဘူးကွာ” ဟု ဦးအောင်ဒင် ဆိုလိုက်သည်။ ထို့နောက် သူ့ ဒိုင်ယာလော့ကို သူ ဖာသာ သဘောကျသွားဟန်ဖြင့် တဟားဟား ရယ်လိုက်လေ၏။  

 

စိန်ဝင်းမောင်မှာ မင်းသုဝဏ် ပရိသတ် မဟုတ်ရကား ဦးအောင်ဒင်၏ စကားကို နားမလည်။ သို့သော် သဘောပေါက်သလိုလို ရှိသည်။ “ဒါဆို ကျွန်တော် ဘဲတွေ ကောင်းကောင်း ကျောင်းရင် ဘိုးလေးက ဒီနာရီ ဆုပေးမယ်ပေါ့ ဟုတ်လား” ဟု အလောတကြီး မေးလိုက်လေ၏။ “ဒါပေါ့ကွ စိန်ဝင်းမောင်ရဲ့။ အခု ဘိုလေး ဘဲတွေ ထပ်ဝယ်ပြီး ဘဲခြံကို ချဲ့မယ်။ အဲဒီ ဘဲတွေကို မင်း သေသေချာချာ ကျောင်းရမယ်။ ဟိုဘက်ရွာက ဘဲအုပ်နဲ့ ရောပြီး ဘဲတွေ ပျောက်တာမျိုး ထပ်ပြီး မဖြစ်စေနဲ့။ ဘဲခြံကို ညဘက်ကျရင် သေသေချာချာ စောင့်။ တောကြောင်ကိုလည်း စောင့်ဖမ်း။ နောက်ပြီးတော့ ဘဲတွေကို မြေကြွက်တွေ ၀င် ၀င်ကိုက်တယ် ကြားတယ်။ အဲဒါမျိုး ထပ်ပြီး မဖြစ်စေနဲ့။ ဘဲဥ ဥနှုန်း တိုးလာရင် မင်းကို ဘိုးလေး ဒီနာရီ ဆုချမယ်” ဟု ဦးအောင်ဒင်က ဆိုလေ၏။ ဤသို့ဖြင့် ဦးအောင်ဒင်နှင့် စိန်ဝင်းမောင်သည် နှစ်ဦးသဘောတူကတိတစ်ခုကို အောင်မြင်စွာ ချုပ်ဆိုလိုက်လေ၏။

 

မျှော်လင့်ခြင်းသည် ခပ်သိမ်းသော အရာတို့ကို ဖြစ်စေကုန်၏။ စိန်ဝင်းမောင်၏ ရင်တွင်း၌ မျှော်လင့်ခြင်းတည်း ဟူသော သစ်ပင်ကလေး အညှောင့် ပေါက်လာချေပြီ။ ထိုနေ့မှစ၍ စိန်ဝင်းမောင်သည် အလုပ်ကို အားကြိုး မာန်တက် လုပ်တော့သည်။ မြောင်းထဲ ဆင်း၍ ခရုဖော်ပြီး အစာစိမ်းနှင့် ခရုများကို စပ်ကာ ဘဲများကို ကျွေးသည်။ ဘဲအုပ်မှာ တစ်ရာ နှစ်ရာ မက သုံးရာ၊ သုံးရာ့ငါးဆယ်ခန့် ရှိသဖြင့် နိစ္စဓူဝ အစာစိမ်း ရှာရသည်မှာ မထောင်းတာ။ သို့သော်လည်း စိန်ဝင်းမောင်သည် မျှော်လင့်ခြင်းကြောင့် တစ်ချက်ကလေးမှ မညည်းညူ။

 

ဘဲခြံတစ်ဝိုက်ရှိ ခြုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင် ရှင်းလင်းပြီး မီးတိုက်သည်။ ရေ၀ပ်နေသော ချိုင့်၊ ကျင်း၊ ခလုတ် ကန်သင်းများကို မြေဖို့သည်။ ကြွက်အန္တရာယ်ကို နှိမ်နှင်းရန် ကိုယ်တိုင် ၀ါးခုတ်ပြီး ဘိ (ကြွက်ထောင်ချောက်) လုပ်ကာ ကြွက်လာနိုင်သော နေရာများတွင် ချထားသည်။ ထိုမျှသာ မကသေး ထောင်ချောက်ကို ရှောင်ကွင်း သွားတတ်သောာဏ်ကြီးရှင် မြေကြွက်များကို နှိမ်နှင်းရန် မြေကြီးကို ကျင်းတူး၍ ရေအိုးဟောင်းများကို ထည့်ကာ မြေအိုးထောင်ချောက် လုပ်လိုက်သေးသည်။ မျှော်လင့်ခြင်း၏ တန်ခိုး အာနုဘော်ကြောင့် စိန်ဝင်းမောင်၏ မြေကြွက်နှိမ်နှင်းရေး စစ်ပွဲ အောင်မြင်သည်ကို ၀မ်းမြောက်ဖွယ် ကြားရ၏။

 

တောကြောင်ဆိုးကို နှိမ်နှင်းရန် အလို့ငှာ ငါးကို မီးဖုတ်၍ ကြွက်သတ်ဆေး သွတ်ကာ အဆိပ်ချသည်။ ထိုသို့ ဆောင်ရွက်နေခိုက်တွင် မိသားစု တာဝန်ကိုလည်း မလစ်ဟင်းစေရ။ ချောင်းထဲမြောင်းထဲ ဆင်း၍ ငါးရှာ ဖားရှာ လုပ်ကာ မိသားစု ၀မ်းစာကို ထောက်ပံ့ရပြန်သေးသည်။ အတော်ပင် ဇွဲကောင်းသော စိန်ဝင်းမောင် ဖြစ်ချေ၏။ ကျွန်ုပ်သည် သံစုံနှိုးစက်နာရီကို မျှော်လင့်ပြီး အလုပ်နှင့် လက် ဇယ်ဆက်သလို လုပ်နေသော စိန်ဝင်းမောင်ကို မြင်ရသည့် အခါ ဤသူငယ်ကလေး၏ မျှော်လင့်ခြင်းတို့ လျင်မြန်စွာ ထမြောက် အောင်မြင်ပါစေ ဟု မေတ္တာရင်းဖြင့် ဆုတောင်းမိပါသည်။

 

(၉)

 

နှစ်လခန့် ကြာမြင့်ပြီးနောက်တွင် ဦးအောင်ဒင်၏ ဘဲခြံမှ ဘဲဥ အထွက်နှုန်းသည် ဒီရေအလား တရိပ်ရိပ် တိုးတက်လာလေ၏။ ဘဲ ကောင်ရေ (၃၅၀) ခန့် ရှိသော ဘဲခြံမှ တစ်နေ့လျှင် ဘဲဥ အလုံးရေ (၃၃၀ -- ၃၄၀) ကျော် နေ့စဉ် ထွက်ခြင်းမှာ ဘဲခြံ ထိန်းသိမ်းသူ၏ အစွမ်းကြောင့် ဖြစ်ချေ၏။

 

ဦးအောင်ဒင်ကား ကတိတရားကို တန်ဖိုးထားသူ ဖြစ်သည်။ မှတ်မှတ်ရရ ထိုညနေစောင်းတွင် ကျွန်ုပ်သည် ဦးအောင်ဒင်နှင့် အတူ အိမ်ခေါင်းရင်းရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ ထုံးစံအတိုင်း အလပ္ပသလာပ္ပ ပြောဟောနေကြလေ၏။ ထိုအခိုက်တွင် ရွာနှင့် မလှမ်းမကမ်းရှိ လယ်ပြင်ကို ဖြတ်၍ ဘဲအုပ်ကို “မ” လာသော စိန်ဝင်းမောင်ကို မြင်ရလေ၏။ ထိုသော် ဦးအောင်ဒင်သည် သူ့ ထုံးစံအတိုင်း အိမ်တိုင်တွင် ချိတ်ထားသည့် သံဝီစီကို ဖြုတ်ကာ ခရာတစ်ချက် တုတ်လိုက်သည်။ ဤခရာတုတ်သံကို ကျွန်ုပ် မနှစ်မြို့။ အလုပ်ရှင် အလုပ်သမား အကြားရှိ ကြိုးမဲ့ဆက်သွယ်ရေး ဖြစ်သော်လည်း အာဏာရှင်ဆန်လွန်းအားကြီးသည်ဟု ယူဆမိသောကြောင့် ဖြစ်သည်။

 

ခရာတုတ်သံ အဆုံးတွင် စိန်ဝင်းမောင်သည် ကျွန်ုပ်တို့ အပါးသို့ ရောက်ရှိလာလေ၏။ သူ့ မျက်နှာတွင် ရွှံ့စက်တို့ စွန်းထင်းနေ၏။ ၀တ်ထားသည့် စွပ်ကျယ်အကျီင်္မှာ ရွှံ့နှစ်ရောင် ပေါက်နေ၏။ ထိုစွပ်ကျယ်၏ မူလအရောင်အဆင်းကို ကမ္ဘာကျော်ဓာတ်ခွဲခန်းများမှ သိပ္ပံပညာရှင်တို့အား ဓာတ်ခွဲစစ်ဆေးခိုင်းလျှင် အဖြေပေါ်ထွက်နိုင်ဖွယ် အကြောင်း မမြင်။ ချောင်းကြိုမြောင်းကြား ဆင်း၍ ခရုနှိုက်ရသောကြောင့် သူ့ကိုယ်တွင် ငါးညှီနံ့လိုလို၊ သမန်းပုပ်နံ့လိုလို စွဲကပ်နေ၏။ ခြေချောင်တို့တွင်လည်း ရေ၀ဲ သဲဝဲ စားနေလေ၏။ သို့သော်လည်း စိန်ဝင်းမောင်၏ မျက်နှာမှာ မျှော်လင့်ခြင်း၏ တန်ခိုးကြောင့် ကြည်လင် ၀င်းပနေလေ၏။

 

စိန်ဝင်းမောင်က "ဘိုးလေး ကျွန်တော့်ကို ဘာခိုင်းမလို့လဲ ဟု ထုံးစံအတိုင်း အောက်ကျနောက်ကျ ဆိုရှာသည်။ ထိုသော် ဦးအောင်ဒင်သည် နံဘေးတွင် ချထားသည့် "အောက်အီအီးအွတ်" ကို ယူလိုက်ပြီး စိန်ဝင်းမောင်၏ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။ စိန်ဝင်းမောင် ပါးစပ် အဟောင်းသား၊ မျက်လုံး အပြူးသား ဖြစ်သွားလေ၏။ "ဘိုးလေးက မင်းကို ဒီနာရီ ဆုချလိုက်ပြီ။ မင်းဖာသာ သဘောရှိ ကရောဟိ လုပ်ပေတော့" ဟု ဦးအောင်ဒင် ဆိုလိုက်သည်။ အတော်ပင် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်း ဖြစ်၏။ "ဘိုးလေးက ဘကြီးအောင် မဟုတ်ပါဘူးကွာ" ဟု ဆိုရင်း ဦးအောင်ဒင် တဟားဟား ရယ်လိုက်သေးသည်။ ကျွန်ုပ်လည်း ရောယောင်ပြီး ရယ်မိတော့သည်။ စိန်ဝင်းမောင်၏ မျက်နှာမှာ သကာရည် ဆမ်းထားသည့်နှယ် ဖြစ်သွားပြီး တဒင်္ဂမျှ မိန်းမောသွားလေသည်။

 

ဟေ့ကောင် ဘာ ကျီးကြည့်ကြောင်ကြည့် ကြည့်နေတာလဲကွ။ မင်းကို ဘိုးလေးက အပိုင် ပေးလိုက်ပြီလေ။ မင်းပဲ အောက်အီအီးအွတ် ခလုတ်ကို နှိပ်ချင်လှချည့်ဆို။ နှိပ်ပါတော့လား” ဟု ဦးအောင်ဒင် ဆိုလိုက်၏။ ထိုသော်မှ စိန်ဝင်းမောင် တစ်ယောက် လူနှင့် သတိ ပြန်ကပ်တော့သည်။ ကျွန်ုပ်နှင့် ဦးအောင်ဒင်မှာ ခြေမကိုင်မိ၊ လက်မကိုင် ဖြစ်နေသော စိန်ဝင်းမောင်၏ အဖြစ်ကို ကြည့်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးမိတော့သည်။ အလွန်သနားဖွယ် ကောင်းလှသော သူငယ် ဖြစ်ချေ၏။ ယခုမူကား သူ၏ မျှော်လင့်ခြင်း အထမြောက်လေပြီ။

 

စိန်ဝင်းမောင်သည် သူ့ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နာရီကို ကြည့်၍ ဇဝေဇ၀ါ ဖြစ်နေလေ၏။ အတန်ကြာမှ နာရီခလုတ်ကို ခပ်ဖွဖွ နှိပ်လိုက်သည်။ အောက်အီအီးအွတ် ဟူသည့် မြည်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလေ၏။ နောက်တစ်ချက်၊ အောက်အီအီးအွတ်။ နောက်တစ်ချက်၊ အောက်အီအီးအွတ်။ နောက်တစ်ချက် … နောက်တစ်ချက် …  နောက်တစ်ချက် … အချက်ပေါင်းများစွာ တရစပ် နှိပ်လိုက်သဖြင့် အောက်အီအီးအွတ် မြည်သံမှာ မပီသ၊ မပြတ်သားတော့။ “အောက်အိအီးအ .. အောက်အီအီး .. အောက်အီအိ .. အောက်အီး .. အော့အီး .. အော့အီ” စသည်ဖြင့် ပြောင်းလဲ သွားလေ၏။ ကျွန်ုပ်၏ နားတွင်မူ “အောင့်အည်း” ဟု ကြားမိပြီး စိန်ဝင်းမောင် အောင့်အည်းသည်းခံ စောင့်စားခဲ့ရသော မျှော်လင့်ချက်ကြီး အကြောင်းကို ပြန်ပြောင်း စဉ်းစားနေမိတော့သည်။ မျှော်လင့်ချက် ဟူသည့် အရာတစ်ခု အတွက် စိန်ဝင်းမောင် အောင့်အည်းသည်းခံ၍ ပေးဆပ်ခဲ့ရသည့် အချိန်ခွန်အားတို့နှင့် သူ ပြန်ရလိုက်သည့် ကျေနပ်ပျော်ရွှင်မှုကို နှိုင်းရှည့်ကြည့်လျှင် တန်ပါ၏လော၊ မျှတပါ၏လော .. ကျွန်ုပ် မဝေခွဲတတ်ချေ။

 

ထိုသို့ စဉ်းစားနေခိုက်တွင် အောက်အီအီးအွတ် မြည်သံ တိခနဲ ရပ်တန့်သွားလေ၏။ ဘယ့်နှာကြောင့်ပါလိမ့်။ စိန်ဝင်းမောင် တစ်ယောက် လက်ညောင်းသွားသည်ထင့်။ စိန်ဝင်းမောင်သည် လက်ထဲတွင် ကိုင်ထားသည့် သံစုံနှိုးစက်နာရီကို ဦးအောင်ဒင်၏ နံဘေးတွင် အသာအယာ ပြန်ချထားလိုက်သည်။ ထို့နောက် “ဘိုးလေး နာရီကို အဟုတ်မှတ်လို့ ကျွန်တော်က လိုချင်တာ။ အခု သေသေချာချာ နှိပ်ကြည့်တော့မှ ကြက်ဖတွန်သံ တစ်မျိုးပဲ ထွက်တာကို သိရတော့တယ်။ ဒီလိုမှန်းသိရင် ဘိုးလေးဆီကနေ ကျွန်တော် မတောင်းပါဘူးဗျာ။ ကျွန်တော်က ကြက်ပေါက်စလေးတွေ အသံ ပါမယ် ထင်ထားတာ။ အခုတော့ အလကားပဲ။ ခါးချိတာပဲ အဖတ်တင်ပါတယ်။ ကျွန်တော် မယူတော့ဘူး” ဟု ဆို၍ သူ့ ဒွါရယာများ ဖြစ်သည့် ကျွဲချိုလေးခွ၊ လောက်စာလုံးအိတ်၊ ဂဏန်းချိတ်တို့ကို ကောက်ယူပြီး ကွင်းထဲသို့ ပြန်ဆင်းရန် လုပ်လေ၏။ မျှော်လင့်ခြင်းကြောင့် ကြည်လင်နေသော စိန်ဝင်းမောင်၏ မျက်နှာပေါ်သို့ တိမ်မည်းညိုတို့ ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားပြီးနောက် တောက်ပသည့် အပြုံးလည်း ကွယ်ပျောက်သွားလေပြီ။

 

ဟေ့ စိန်ဝင်းမောင် နေဦးလေ။ မင်းကို ဘိုးလေးက ဒီနာရီ အပိုင် ပေးလိုက်တာ။ ယူသွားလေ ဟု ဦးအောင်ဒင် ကယောင်ကတမ်း အော်ပြောလိုက်သော်လည်း စိန်ဝင်းမောင် နားမ၀င်တော့။ "ကျွန်တော် မလိုချင်တော့ဘူး ဘိုးလေး။ အဲဒါက အလကားပဲ။ ကြက်ပေါက်စလေးတွေ အသံ မပါဘူး။ နောက်ပြီး ကျွန်တော် ဘဲလည်း မကျောင်းချင်တော့ဘူး။ အလုပ်ထွက်တော့မယ် ဟု ဆိုကာ ကွင်းထဲသို့ ငိုက်စောင်း ငိုက်စောင်းဖြင့် ဆင်းချသွားလေ၏။ ဦးအောင်ဒင်နှင့် ကျွန်ုပ် ပါးစပ် အဟောင်းသား ဖြစ်သွားလေ၏။

 

ဒွန္နယာကြီးကား ဆန်းကျယ်ပေစွ။ လူသားတို့သည် မိမိတို့ လက်ဝယ်တွင် မရှိသည့် အရာကို လက်ဝယ် ပိုင်ဆိုင်ခွင့် ရရှိရန် မျှော်လင့် တောင့်တ ကြကုန်၏။ လက်ဝယ်သို့ ရလာလျှင် ထိုအရာမှာ မိမိတို့အတွက် အသုံးမ၀င် သို့မဟုတ် မိမိတို့ မျှော်လင့်ထားသလို မဟုတ်ပြန်။ ဤသို့နှင်နှင် လည်ပတ် လှုပ်ရှားပြီး ဖြစ်ပျက်သဘောကို ဆောင်နေသည် မဟုတ်လော။ ကျွန်ုပ်မှာ စိန်ဝင်းမောင်၏ အဖြစ်ကို ကြည့်ပြီး ဘာကို သံဝေဂ ယူရမှန်း မသိသော်လည်း တရားကျသလိုလို တောထွက်ချင်သလိုလို ဘာလိုလို ညာလိုလို ဖြစ်သွားလေ၏။ ထို့နောက် ကျွန်ုပ်သည် စိတ်မကောင်း ဖြစ်ပြီး အမာကျေးရွာသို့ တပ်ခေါက် ပြန်ခဲ့လေ၏။  

 

(၁၀)

 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ထွန်းနေသော လေဖိအားနည်းရပ်ဝန်း၏ နှိပ်စက်မှုကြောင့် အမာကျေးရွာသို့ မိုးသက်လေပြင်း ၀င်လေပြီ။ မိုးကြီး သည်းထန်စွာ ရွာ၏။ လေပြင်းတိုက်ခတ်၍ လျှပ်စီးများလက်၏။ မုတ်သုန်နတ်ဆိုး ရွာတွင်းသို့ ရောက်လာလေပြီ။ မိုးကလည်း ရွာ၊ လေကလည်း တိုက်နှင့် တစ်ရွာလုံး ဗွက်ပေါက်နေ၏။ ခုနစ်ရက် ခုနစ်လီ တိုက်ခတ်နေသည့် မိုးသက်လေ အရှိန်ကြောင့် တံငါတို့ ချောင်းထဲ မဆင်းဝံ့၊ ပင်လယ်သို့ မထွက်ဝံ့။

 

အိမ်ရှေ့တွင် ကာရံထားသည့် သံဇကာကြားမှ လောကဓာတ်ကို ချောင်းကြည့်လိုက်ရာ အိမ်နှင့် မလှမ်းမကမ်းရှိ လမုတောတန်းကလေး သိမ့်သိမ့်တုန် နေသည်ကို တွေ့ရသည်။ ချမ်းရှာလွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။ တောတန်းကလေးကို လွန်၍ တစ်ဖန် ရှုပြန်သော် အမာချောင်းရိုးအတွင်းသို့ ၀င်၍ မုန်တိုင်းရှောင်နေသော ဂျုပ်ကောင် (ငါးဖမ်းစက်လှေကြီး) များကို တွေ့ရပြန်သည်။ ပိုက်သူကြီး လှေသား တစ်ယောက်မျှ  မမြင်ရ။ အရက်ဝိုင်းဖွဲ့နေလေသလား ဖဲရိုက်နေလေသလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ ထိုစဉ် ပင်လယ်ဘက်မှ လှိုင်းလုံးကြီးများ ချောင်းရိုးအတွင်းသို့ တအိအိ ၀င်ရောက်လာပြီး မုန်တိုင်းရှောင်နေသည့် ဂျုပ်ကောင်ကြီးများ၏ လှေဝမ်းကို ၀င်ဆောင့်သည်။ ဂျုပ်ကောင်ကြီးများ သိမ့်ခနဲ တုန်လှုပ်သွားသည်။ သို့သော် မဖြုံရေးချ မဖြုံ။ အာဂ ဂျုပ်ကောင်ကြီး ဖြစ်ချေ၏။

 

ကျွန်ုပ်လည်း ပျင်းပျင်းရှိသည်နှင့် အိမ်ခေါ်မိုးပေါ်သို့ ပြင်းထန်စွာ ကျဆင်းနေသော မိုးရေစက်တို့၏ သံပြိုင်တေးသီသံကို နားဆင်ရင်း ၀ီစကီ တစ်ကျိုက်၊ ငါးမန်းခြောက်ဖုတ် တစ်ကိုက်နှင့် ဇိမ်ကျကျ နေလိုက်တော့သည်။ မိုး တိတ်စေချင်လှပါပြီ။ ရွာထဲ လှည့်ပြီး အပေါင်းအသင်းများနှင့် ပဆစ်ပစ်ရင်း အာလာပသလ္လာပ ပြောချင်လှပါပြီ။ ပုဂံပုံရွာဘက်သို့ ထွက်၍ ဦးအောင်ဒင်နှင့် စကားမမြည် ဆိုချင်လှပါပြီ။

 

“မိုးရယ် သည်းပဲ သည်းနိုင်ကော။ နေတစ်ချက်လောက် ပွင့်သင့်ပြီ” ဟု ကျွန်ုပ် ကြိမ်းမောင်း ရေရွတ်မိသည်။ အငြိုးကြီးသော မိုးကား ကျွန်ုပ်၏ ကြိမ်းမောင်းမှုကို လျစ်လျူရှု၍ စွေကောင်းနေဆဲ ဖြစ်၏။ ပိန်းပိတ်ဖုံးနေသည့် တိမ်မည်းညိုတို့ကို ထွင်းဖောက်၍ ထွက်ပေါ်လာမည့် နေရောင်ခြည်ကို ကျွန်ုပ် မျှော်လင့်မိတော့သည်။

 

ကျွန်ုပ်၏ မြည်တွန် တောက်တီးသံကို လေနတ်သားက နေမင်းကြီးထံ ဖောက်သည်ချလိုက်သည်ထင့်။ မကြာမီတွင် တဗြုန်းဗြုန်း ရွာသွန်းနေသော မိုးသည် သည်းရာမှ စဲစ ပြုလာလေ၏။ တဗြုန်းဗြုန်းမှ တဖြောက်ဖြောက်၊ တစ်ဖန် တဖြောက်ဖြောက်မှ တဖွဲဖွဲ၊ နောက်ဆုံးတွင်မူ မိုး လုံးဝ စဲသွားလေ၏။ ရောင်ခြည် တစ်ထောင်ကို ဆောင်သော နေမင်းကြီးသည် တိမ်စိုင်မည်းများကို ဖောက်ထွင်း၍ ဘွားခနဲ ထွက်ပေါ်လာပြီးလျှင် လောကဓာတ် အ၀ှန်းကို နွေးထွေး လင်းလက်သော ရောင်ခြည်တန်းတို့ဖြင့် ထွေးပွေ့လိုက်လေ၏။

 

အမာကျေးရွာကို ဆိုင်ကယ်ဖြင့် တစ်ပတ် ပတ်၍ ကြည့်လိုက်သည်။ မိုးသက်လေ၏ နှိပ်စက်မှုကြောင့် အချို့အိမ်များ ခေါင်မိုးပွင့်နေသည်ကို မြင်ရ၏။ လမ်းမပေါ်တွင် သစ်ကိုင်းများ သစ်ရွက်ကြွေများ အတုံးအရုံး လဲလျောင်းနေ၏။ အတော်ပင် ဆိုးသွမ်းသော မိုးသက်လေရိုင်း ဖြစ်တော့သည်။ ထို့နောက်တွင် ကျွန်ုပ်သည် ပုဂံပုံ ကျေးရွာဘက်သို့ ခြေဦး လှည့်လိုက်လေ၏။

 

နေရောင်ခြည်သည် ရေထိထားသဖြင့် စိမ်းလဲ့ရွှန်းစိုနေသော သစ်ပင်၊ သစ်ခက်တို့ အပေါ်သို့ စူးရှစွာ ကျရောက်နေသဖြင့် မြစိမ်းရောင်သစ်ရွက်တို့ တဖိတ်ဖိတ် လင်းလက် တောက်ပနေ၏။ မိုးရေစီးကြောင်းသည် သဲလမ်းကလေးကို ဟိုတစ်နေရာ သည်တစ်နေရာ ဖြတ်သန်း၍ စီးဆင်းနေလေ၏။ ဤမိုးရေစီးကြောင်းသည် ရိုးချောင်းကလေးကို ကျော်လွန်ဖြတ်သန်း၍ အမာချောင်းမကြီးထဲသို့ စီးဝင်ရပေလိမ့်မည်။ ထိုမှတစ်ဖန် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ ဆက်လက်ပြီး စီးဆင်းရပေဦးမည်။ သူ့ ခရီးကား ရှည်လျားလှပါဘိ။

 

သို့နှင်ပင် ပုဂံပုံ ရွာထိပ်သို့ ရောက်သွားလေ၏။ လယ် ရေသွင်းမြောင်းထဲသို့ စီးဆင်းနေသော ရေစီးကြောင်းကလေးသည် တဟဲဟဲ ရယ်သံကို ပြု၍ ကျွန်ုပ်ကို ခရီးဦးကြို ပြုရှာသည်။ ရွာအ၀င်ရှိ လယ်ပြင်တွင် လယ်သမားတို့ “ဇိုးဟဲ့ နွား” ဟစ်အော်ပြီး လယ်ထွန်နေကြ၏။ မိုးရွာသဖြင့် လယ်သမားတို့ ပျော်ကြ၏။ ဖား အပေါင်းလည်း အုံးအင် သံပြိုင်တေး ဆိုကြလေပြီ။ ဤသို့ နှစ်သက် ကြည်နူးဖွယ် ကောင်းလှသော လောကဓာတ် အ၀ှန်းကို ကျွန်ုပ် ရပ်ကြည့်နေခိုက်တွင် ချောင်ရိုးဘက်မှ တက်လာသော ဘဲအုပ်ကြီးသည် တဂတ်ဂတ် တရှဲရှဲ မြည်သံကို ပြု၍ လယ်ပြင်ကို ဖြတ်ပြေးလေ၏။ ထို ဘဲအုပ်ကြီး၏ နောက်တွင် သူငယ်တစ်ဦးသည် တုတ်တစ်ချောင်းကို ကိုင်မြှောက်၍ ခုန်ဆွ ခုန်ဆွ လုပ်၍ ပြေးလိုက်လာသည်ကို တွေ့ရ၏။ “အလို စိန်ဝင်းမောင်” ပါကလား။

 

“ဟေ့ စိန်ဝင်းမောင် ဘဲတွေ ကျောင်းနေတာလားကွ” ဟု ကျွန်ုပ် ကျုံးအော်ပြီး နှုတ်ဆက်လိုက်သည်။ “ဟုတ်တယ် ဦးလေးကျပ်ခိုး စောနတုန်းက မိုးသည်းနေလို့ ချောင်းရိုးထဲ ၀င်ပြီး မိုးခိုနေတာ။ အခုမှ နေပြန်ပွင့်တာနဲ့ ချောင်းထဲကနေ ဘဲအုပ်ကို ပြန်ပြီး မ လာတာ” ဟု စိန်ဝင်းမောင်က ဆိုသည်။ “သွားလိုက်ဦးမယ်။ ဦးလေးကျပ်ခိုးရေ .. ဘိုးလေးက ဦးလေးကို မျှော်နေတာ ကြာပြီ” ဟု ဆိုရင်း စိန်ဝင်းမောင်သည် ဘဲအုပ်ကြီးနောက်သို့ ခုန်ဆွခုန်ဆွဖြင့် ပြေးလိုက်သွားလေ၏။ စိန်ဝင်းမောင်နှင့် ဘဲအုပ်ကြီးမှာ တစ်မုဟုတ်ချင်း အဝေးသို့ ရောက်သွားလေ၏။

 

အိမ်ဝိုင်းထဲသို့ ၀င်လိုက်သည်နှင့် “ဆရာလေးရယ် မျှော်လိုက်ရတာ ကြာပြီ။ ဘယ်ပျောက်နေတာတုန်း” ဟု ဦးအောင်ဒင်က ပဋိသန္ဓရ ပြုသည်။ ကျွန်ုပ်လည်း အကျိုးအကြောင်း ပြောပြရင်း ဦးအောင်ဒင် ဧည့်ခံသည့် ငါးရံ့ခြောက်ဖုတ်ကို ရေနွးကြမ်းနှင့် မြည်းနေလိုက်သည်။ စကားစမြည် ပြောရင်း စိန်ဝင်းမောင် အကြောင်းကို ဖျတ်ခနဲ သတိရမိသည်။ “စကားမစပ် စိန်ဝင်းမောင်ကို ရွာအ၀င်မှာ ဘဲကျောင်းနေတာ တွေ့လိုက်တယ်” ဟု ကျွန်ုပ် ဆိုလိုက်မိသည်။ “ဟုတ်တယ် ဆရာလေးရေ .. ဒီကောင် ကျွန်တော့်ဆီမှာ အလုပ် ပြန်ဆင်းနေပြီ”  ဟု ဦးအောင်ဒင် ၀မ်းသာအားရ ပြန်ပြောလေ၏။  

 

“ဘယ်လို ဖြစ်ရတာလဲ ဦးလေးရဲ့။ သူ့ မိဘတွေ နဗန်ကျင်းလိုက်လို့ အလုပ် ပြန်ဝင်နေတာလား” ဟု ကျွန်ုပ် မေးမိသည်။ ထိုသို့ မေးလိုက်သော် ဦးအောင်ဒင်က ဘာမှ ပြန် မပြော၊ ကျွန်ုပ်ကို ပြုံးတုံးတုံး လုပ်၍ ကြည့်ရင်း ကျေနပ်သွားဟန်ဖြင့် ခေါင်း တဆတ်ဆတ် ညိတ်လေ၏။ ထို့နောက် စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ပြီး ကုလားထိုင် နံဘေးတွင် ချထားသော လက္ခဏာ ဆရာသုံး မှန်ဘီလူး အ၀ိုင်းကို နေရောင်တွင် ပြ၍ စီးကရက်ကို နေရောင်ခြည်ဖြင့် မီးညှိရန် လုပ်နေလေ၏။ “ဦးလေးရယ် ကလေးမဟုတ် သူငယ်မဟုတ်ဗျာ။ နောက်ပြီးတော့ အခုမှ မိုးရွာပြီးစ ရှိသေးတာ။ ဒီတော့ကာ မှန်ဘီလူးနဲ့ မီးညှိလဲ တော်ရုံနဲ့ မီးစွဲမှာ မဟုတ်ဘူး” ဟု ကျွန်ုပ် ဆို၍ မီးခြစ် လှမ်းပေးလိုက်သည်။

 

ဦးအောင်ဒင်က “ဟုတ်တာပေါ့ ဆရာလေးရယ်။ ကျွန်တော်ကလည်း နေရောင်ခြည်နဲ့ မီးညှိရင် မီးတောက်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ မှန်ဘီလူး သုံးပြီး မီးညှိကြည့်လိုက်တာပါ” ဟု ဆိုပြီး မှန်ဘီလူးကို အသာချ၍ စီးကရက်ကို မီးညှိလိုက်သည်။ ဦးအောင်ဒင်၏ စကားမှာ ကပေါက်တိ ကပေါက်ချာ ဖြစ်နေ၏။ နားလည်ရ ခက်လှသည်။ သို့သော် သူ့ အမူအရာကား လေးနက် တည်ငြိမ်နေ၏။

 

“ဒီလိုဗျ … တစ်လောတုန်းက မြစ်ရိုးတစ်လျှောက် လှေနဲ့ လှည့်ပြီး ဈေးရောင်းတဲ့ ကုန်သည်တွေ ရွာထဲကို ရောက်လာတယ်။ ဒါနဲ့ ကျွန်တော်လည်း သူတို့ဆီကနေ ဒီမှန်ဘီလူးကို နှစ်ထောင့်ငါးရာ ပေးပြီး ၀ယ်လိုက်တယ်။ ကျွန်တော်ကလည်း ဘာရယ် မဟုတ်ဘူး စီးကရက်ကို မှန်ဘီလူးနဲ့ မီးညှိ ကြည့်လိုက်တယ်။ အဲဒါကို စိန်ဝင်းမောင် မြင်သွားတော့ ဖျတ်ဖျတ်လှုပ် ဖြစ်ပြီး ဘိုးလေး ဆီမှာ ဘဲ ပြန်ကျောင်းရင် ဒီမှန်ဘီလူး ပေးမလား ဆိုပြီး ရောဂါထတော့တာပဲ။ တကယ်တော့ ဒီမှန်ဘီလူးဟာ သူ့ အတွက် ဘာမှ အသုံး မ၀င်ပါဘူး။ အင်္ကျီလေး ဘာလေး လိုချင်တယ် ဆိုရင်တောင် ဟုတ်သေးရဲ့။ ဒါပေမယ့် မရဘူး … ဒီမှန်ဘီလူးကို သူ မရမနေ လိုချင်နေတာကိုး။ လိုအပ်တဲ့ အရာကို လိုချင်ရကောင်းမှန်း မသိဘဲ မလိုအပ်တဲ့ အရာကို လိုချင်ကြတာဟာ လူ့ သဘောပဲ မဟုတ်လား …  ဆရာလေးရဲ့။ ဒါနဲ့ပဲ ဒီမှန်ဘီလူးကို မျှော်လင့်ပြီး စိန်ဝင်းမောင် ဘဲ ပြန်ကျောင်းနေတာ” ဟု ရှည်လျားစွာ ဆိုပြီးနောက် ဦးအောင်ဒင်သည် စီးကရက်မီးခိုးကို အကွင်းကလေးများ ပေါ်အောင် မှုတ်ထုတ်နေလေ၏။

 

“ဒီလိုပဲပေါ့ ဦးလေးရာ … လူတွေဟာ မျှော်လင့်ချက် တစ်ခု မဟုတ် တစ်ခု တမင် ဖန်တီးပြီး အသက်ရှင် နေရတာပဲ မဟုတ်လား။ ဒီတော့မှ ဘ၀ဟာ ပျော်စရာ ကောင်းတော့မှာပေါ့” ဟု ကျွန်ုပ် ဆိုမိသည်။ ကျွန်ုပ် စကားကို သဘောတူဟန်ဖြင့် ဦးအောင်ဒင် ခေါင်း တစ်ချက် ညိတ်ပြသည်။

 

အဝေးဆီမှ ဘဲအော်သံ တဂတ်ဂတ် ကြားရလေ၏။ “ဒီးဒီး … ဒီးဒီ .. ဒီးဒီး” ဟု အသံ တစာစာ ဟစ်အော်၍ ခုန်ဆွခုန်ဆွ ပြေးလွှားရင်း ဘဲတစ်အုပ်ကို မ လာသူမှာ စိန်ဝင်းမောင် မဟုတ်ဘဲ ပန်ဒိုရာ တကောင်း အတွင်း ပိတ်လှောင်ကျန်ခဲ့သော မျှော်လင့်ခြင်းကို စောင့်သည့် နတ်သူငယ် “အဲလ်သီးစ်” (Elpis) ဖြစ်နေသည်ကို ကျွန်ုပ် ထူးဆန်းစွာ မြင်လိုက်ရလေ၏။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ စနေနေ့။ ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်။

 သရုပ်ဖေါ်ပုံ ထိန်လင်း