Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

                                                  

(၁)

လွန်လေခဲ့ပြီးသော ဆယ်စုနှစ်များ အတွင်း၌ အနောက်တိုင်း ရော့ခ်ဂီတသည် မြန်မာနိုင်ငံသို့ အရှိန်အဟုန် ပြင်းစွာဖြင့် ချဉ်းနင်း ၀င်ရောက်လာခဲ့ပြီးလျှင် လူငယ်တစ်သိုက်ကို ဖမ်းစားခဲ့လေ၏။ ယင်း ရော့ခ်ဂီတနှင့် တစ်ပါတည်း လိုက်ပါလာသော ဂစ်တာ ရောဂါပိုးသည် (၁၆) နှစ်သား အရွယ် ကျွန်ုပ်၏ ကိုယ်အတွင်း၌ အထက်မှ အောက်၊ အောက်မှ အထက်သို့ စုံချည်ဆန်ချည် လှည့်လည် ကျက်စားခဲ့လေ၏။ သို့ဖြစ်ရကား ကျွန်ုပ်သည် အိမ်အလုပ်၊ ခြံအလုပ် မည့်သည့် အလုပ်ကိုမျှ လက်ကြောတင်းအောင် မလုပ်တော့ဘဲ ဂစ်တာတီးခြင်းကိုသာ စွဲစွဲမြဲမြဲ ပြုတော့သည်။

 

 

ဂစ်တာပိုး စွဲကပ်နေသည့် ကျွန်ုပ်၏ လက်ချောင်းတို့နှင့် ဂစ်တာကြိုးများ ထိခတ်ရာမှ ထွက်ပေါ်လာသော အသံသည် နကျယ်ကောင် မြည်သကဲ့သို့ တ၀ီဝီ မြည်သံကို ပြုသည်ဟု ကျွန်ုပ်၏ မိခင်ကြီးက ထင်၏။ နှမတို့ကမူ ဒေါင်ဒေါင်ဒင်ဒင် မြည်သည်ဟု ဆို၏။ လေမှုတ် တူရိယာ ၀ါသနာရှင် ဖခင်ကြီးကပင် “ဂီတ ဆိုတာ ပီသ ကြည်မြမှ နားထောင်လို့ အရသာ ရှိတယ်ကွဲ့။ မင်း အခု တီးနေ ခတ်နေတာက တဗြုန်းဗြုန်း တဗျန်းဗျန်း၊ တတီတီ တတော်တော်နဲ့ ဘယ်နှယ့်လုပ်ပြီး အနုပညာ ဖြစ်နိုင်ပါ့မလဲ။ ဂီတဆိုတာ နားဝင်ချိုမှ ရသမြောက်ပေမပေါ့။ ခွေးလိုဝက်လို တစ်အော်တည်း အော်ဟစ်နေတာ အနုပညာတော့ မဖြစ်နိုင်ဘူး။ အကြမ်းပညာပဲ ဖြစ်မဟေ့” ဟု ရက်စက်စွာ မှတ်ချက်ချလေသည်။

 

မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်သည်ကား ဂစ်တာတီးခတ်ခြင်းကို လုံးဝ မလျှော့။ ဂစ်တာ အကျော်အမော် စတိဗ်ဗိုင်း (Steve Vai) က တစ်နေ့လျှင် (၁၂) နာရီနှုန်းဖြင့် လေ့ကျင့် တီးခတ်သည်ဟု ကြားသိရသောအခါ မိမိ အနေဖြင့် ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို မစဉ်းစားတော့ဘဲ စတိဗ်ဗိုင်း၏ ခြေရာကို နင်းအံ့ဟု ကြံ၍ တစ်နေ့လျှင် (၁၂) နာရီနှုန်းဖြင့် ဂစ်တာတီးခြင်း အမှုကို စွဲမြဲစွာ ပြုခဲ့လေ၏။ စတိဗ်ဗိုင်းက သံစုံတီးဝိုင်းနှင့် ဂစ်တာ တွဲဖက်၍ တီးခတ်သည်ကို မြင်လျှင် အားကျမခံ ငါသည်လည်း တစ်နေ့တွင် မြန်မာ့ရိုးရာ နှဲတူရိယာနှင့် ဂစ်တာကို တွဲဖက်၍ ကမ္ဘာ့အလယ်တွင် အသုံးတော်ခံအံ့ဟု မအပ်မရာ ကြံစည်မိ၏။

 

သို့သော် ကျွန်ုပ်၏ ဂစ်တာသမား ဖြစ်ရန်ဟူသော ရည်မှန်းချက်ကြီး ဆုံးခန်းတိုင်မည့် နေ့သည် မမျှော်လင့်ဘဲ ရောက်ရှိခဲ့လေ၏။ တစ်နေ့သ၌ အိမ်နောက်ဖေး သရက်ခြံထဲတွင် ကျွန်ုပ် ဂစ်တာတီး လေ့ကျင့်နေခိုက်ဝယ် ဖခင်ကြီးသည် ကျွန်ုပ်၏ အနားသို့ ရောက်ရှိလာပြီး “ငါ့ သား .. မင်းမှာလည်း မိုးလင်းမိုးချုပ် ဒီဂစ်တာကို တဒေါင်ဒေါင် တဒင်ဒင် လုပ်နေတာ အဖေ ဘာဆို ဘာမှ မပြောချင်တော့ဘူး။ မင်း စဉ်းစားကြည့်ပေါ့ .. ဂစ်တာတီးတယ် အနုပညာလုပ်တယ်ဆိုတာက နိုင်ငံရပ်ခြားမှာတော့ အသက်မွေးမှု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီဗမာပြေမှာတော့ အခု အချိန်အထိ အလုပ်တစ်ခု အဖြစ်နဲ့ ရပ်တည်ဖို့ရာ အင်မတန်ကို ခဲယဉ်းလွန်းတယ်။ ဒီတော့ကာ မင်း လက်ကြောတင်းတင်းနဲ့ အလုပ်လုပ်ဖို့ စဉ်းစားပါ။ မင်း မြဲမြဲမှတ်ထားဖို့ရာ လက်ကြော မတင်းဘဲ လုပ်တဲ့ အလုပ်နဲ့ ၀မ်းဝဖို့ရာ မဖြစ်နိုင်ဘူး” ဟု ကျွန်ုပ်၏ ဆီးရွက်ခန့်မျှ သေးငယ်သော မျက်နှာကို စိမ်းစိမ်းကြီး ကြည့်၍ ဆိုလေသည်။

 

ဖခင်ကြီး၏ စကားမှာလည်း ဟုတ်တုတ်တုတ်ပင် ဖြစ်သည်။ ကျွန်ုပ်ထက် ပို၍ ဂစ်တာ အတီး ကောင်းလှသူ ပါရမီရှင် အချို့ပင် ဂီတလောကတွင် ယက်ကန်ယက်ကန်နှင့် ဒုက္ခ ရောက်နေသည်မှ မျက်မြင် ဖြစ်၏။ သို့နှင့်ပင် ကျွန်ုပ်သည် ဂစ်တာသမား အိပ်မက်ကို ကျောခိုင်းပြီး သကာလ လက်ကြောတင်းမည့် အလုပ်ကို ရှာရတော့လေသတည်း။

 

ကံဆိုးမိုးမှောင်ကျသဖြင့် နိုင်ငံတကာ ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်လုပ်ငန်း တစ်ခုတွင် အလုပ်ရပြီးနောက် ဂစ်တာ အစား ဂဏန်းပေါင်းစက်ကို လက်ကြောတင်းအောင် စွဲကိုင်ရင်း မြစ်ရိုးမြစ်စဉ် လှည့်လည်၍ တောသူတောင်သားတို့နှင့် အလုပ် သဘာဝ အလျောက် ထိတွေ့ ဆက်ဆံရလေ၏။ တောသို့ ရောက်ပါမှ တောသူတောင်သားတို့၏ ဘ၀ကို လေ့လာရင်း သူတို့၏ စိတ်နေစရိုက် ဓလေ့ဘာဝကို စိုးစဉ်းမျှ သိခွင့်ရခဲ့၏။ သူတို့၏ ဘ၀ အခက်အခဲ ဖြစ်ပုံပျက်ပုံ အလုံးစုံကို လယ်ဂျာ စာအုပ်တွင် စာရင်း ရေးသွင်းရင်း အတန်ငယ် နားလည်ခွင့် ရခဲ့၏။ နဖူးမှချွေး မြေကျသည့်အထိ လုပ်ကိုင်နေရသော်လည်း ဆင်းရဲတွင်းမှ မလွတ်မြောက်နိုင်သော ထိုသူတို့၏ ဘ၀ထုပ္ပတ်တို့ကို မြင်ရသည့်အခါ ကျွန်ုပ်၏ ဖခင်ကြီး ပြောခဲ့ဖူးသော “လက်ကြော မတင်းဘဲ လုပ်တဲ့ အလုပ်နဲ့ ၀မ်းဝဖို့ရာ မဖြစ်နိုင်ဘူး” ဟူသည့် စကားမှာ လုံးလုံးလျားလျား မှားယွင်းနေကြောင်း တွေးမိတော့သည်။ စင်စစ် လက်ကြော တင်းအောင် လုပ်ကိုင် စားသောက်သူတို့လည်း ၀မ်းဝဖို့ရာ မဖြစ်နိုင်ခြင်းကြောင့် ဖြစ်လေ၏။ ထိုအကြောင်းကို သိုင်းဝိုက် ချဲ့ထွင် ရှင်းလင်းရသော် ဤသို့ ဖြစ်လေ၏။

 

(၂)

 

အခါတစ်ပါး၌ ကျွန်ုပ်သည် မြစ်ဝကျွန်းပေါ် ဒေသရှိ ရေလဲဗမာရွာဟု အမည်ရသည့် စုတ်ချာသေးနုပ်လှသော ကျေးရွာငယ်တစ်ရွာသို့ လုပ်ငန်းတာဝန်အရ ရောက်ရှိခဲ့လေ၏။ ရေလဲဗမာရွာဟု အမည်တွင်သည်ကား ရေလဲကရင်ရွာ ဟူသော ရွာတစ်ရွာ မလှမ်းမကမ်းတွင် ရှိနေခြင်းကြောင့် ဖြစ်၏။ စင်စစ် ရေလဲဗမာရွာနှင့် ရေလဲကရင်ရွာမှာ အလံလေးဆယ် လယ်တစ်ကွက်မျှ ကျယ်သော ဥယျာဉ်တစ်ခုသာ ခြားသည်။ ထိုနှစ်ရွာမှာ ရှေးယခင်ကမူ တစ်ရွာတည်းဖြစ်ပြီး အောက်ဗမာပြေ ဒေသခံ ကရင်လူမျိုးများနှင့် အထက်အညာမှ ဆင်းသက်လာသော လယ်ယာလုပ်ငန်း လုပ်ကိုင်သူ မြန်မာလူမျိုးတို့ အမှီသဟဲပြုရာ ကျေးရွာကြီး တစ်ရွာ ဖြစ်သည် ဟူသတတ်။ ဂျပန်ခေတ်၌ ကရင်-ဗမာ အဓိကရုဏ်း ဖြစ်ပွားပြီး ကရင်နှင့် မြန်မာတို့ တစ်ဘက်နှင့် တစ်ဘက် သတ်ဖြတ် လုယက် ရန်သတ္တရု ပြုကြသည်၏ အဆုံး၌ စည်ကားလွန်းလှစွာသော ကရင်-ဗမာ ရေလဲရွာကြီးသည် ကရင်ရွာ၊ ဗမာရွာ ဟူ၍ နှစ်ပိုင်းကွဲသည့် အဖြစ်ကို ရောက်လေသတည်း။

 

ရေလဲကရင်ရွာ၊ ရေလဲဗမာရွာ နှစ်ရွာစလုံးသည် လယ်ယာချောင်းမြောင်း လုပ်ကိုင် စားသောက်ကြကုန်၏။ နှစ်ရွာလုံးမှာ မြေဆီသြဇာ ဖွံ့ဖြိုးသော မြစ်ဝကျွန်းပေါ်ဒေသရှိ င၀န်မြစ်ကမ်း နံဘေးတွင် တည်ရှိသဖြင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုး၏။ ငါး၊ ပုစွန် ရေပိုးရေမွှားလည်း ပေါများ၏။ ဗမာရွာမှာ မြစ်ညာဘက်တွင် ရှိပြီး ကရင်ရွာကား မြစ်အကြေဘက်တွင် တည်၏။ ထိုရွာတို့ကို အမှီပြုကြကုန်သော ဒေသခံတို့သည် ချောင်းရိုးမြောင်းရိုး တစ်လျှောက်တွင် ငါးရှဥ့်ချိတ်ကြကုန်၏။ လယ် ရေဆင်းမြောင်းတွင် ငါးရံ့ ခုတ်ကြကုန်၏။ နုန်းတင်မြေနုသောင်တွင် ဓနိစိုက်ကြကုန်၏။ ရံဖန်ရံခါ မြေနုသောင် လုရင်း တုတ်တစ်ပြက်၊ ဓားတစ်ပြက် နှက်ကြ ဆော်ကြသည်လည်း ရှိ၏။ ကရင် အချင်းချင်းလည်း ဆော်ကြ၏။ ဗမာအချင်းချင်းလည်း ခုတ်ကြ၏။ သို့ရာတွင် ကရင် ဗမာ နှစ်ဘက်ကြား ဓနိတော မြေနုသောင်လုပွဲ ဖြစ်ပွားလျှင်မူ နှစ်ရွာလုံး တုတ်တစ်ပြက်၊ ဓားတစ်ပြက် ဖြစ်ကြရလေ၏။ သို့သော် နှစ်ဖက်လုံးမှာ အမှတ်သည်းခြေ မရှိသူ သို့မဟုတ် ရန်ငြိုးရန်စကို မွေးမြူလေ့ ရှိသူများ မဟုတ်ရကား တုတ်တစ်ပြက်၊ ဓားတစ်ပြက် ဖြစ်လျှင်လည်း ခြောက်လ တစ်နှစ်ခန့်မျှသာ မခေါ်မပြော နေလိုက်ရုံမျှသာ ဖြစ်သည်။ မကြာမီ အရက်သောက်ရင်း၊ လယ်ထွန်ရင်း၊ ငါးဖမ်းရင်း ဟေးလားဝါးလား ပြန်ဖြစ်သွားကြသည်သာ များ၏။ ထို့သို့ အတေးအမှတ် မထားတတ်ခြင်းကြောင့် ပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်သည်မှာ ခပ်ကောင်းကောင်းပင် ဖြစ်သည် မဟုတ်လော။

 

ရေလဲရွာသို့ ကျွန်ုပ် ရောက်လာသည်မှာ အလုပ်တာဝန်အရ ကျေးရွာ လူမှု စီးပွားရေး စစ်တမ်း ကောက်ယူရန် ဖြစ်သည်။ အသိအကျွမ်း တစ်ဦးတစ်ယောက် မရှိသည့် အရပ်ဒေသသို့ ရောက်လာသူ တစ်ဦးအဖို့ စစ်တမ်း ကောက်ရသည့် အလုပ်မှာ ထင်သလောက် မလွယ်ကူ။ စစ်တမ်းကောက်ယူလျှင် စိတ်လိုလက်ရ ဖြေဆိုမှု မရှိခြင်းမှာ ဗမာပြေတွင် နေထိုင်သူတို့၏ ဓလေ့ထုံးစံဖြစ်သည်။ ကဏ္ဍကောဇ လုပ်သူလည်း ရှိသည်။ တမင် ရွဲ့၍ ဖြေသူလည်း ရှိသည်။ မကြားချင်ယောင် ဆောင်သူလည်း ရှိ၏။ မေးခွန်းကို မဖြေလိုသဖြင့် နား မကြားယောင် ဆောင်သူလည်း ရှိ၏။

 

တစ်ရွာလုံးတွင် ယင်လုံအိမ်သာ အဘယ်မျှ ရှိသနည်း ဟူသော မွေးခွန်းသည် ဖြေဆိုသူတို့အတွက် အရေးမပါသော မေးခွန်း ဖြစ်သလို တစ်အိမ်ထောင်လျှင် ထမင်း ဘယ်နှနပ် စားသနည်း။ တစ်လလျှင် အသားဟင်း ဘယ်နှနပ် စားသနည်း ဟူသည့် မေးခွန်းသည်လည်း အမေးရ ကျပ်သော မေးခွန်းမျိုး ဖြစ်၏။ သူ့ဆန်စား၍ ရဲရသူ ကျွန်ုပ်အဖို့ အင်မတန် ဂွကျသော ကိစ္စ ဖြစ်ချေ၏။ သို့သော် ကျွန်ပ်သည် ကံကောင်းထောက်မသဖြင့် ကိုထွန်းရှင်ဟု အမည်ရသည့် ပုဂ္ဂိုလ်တစ်ဦး၏ အထောက်အပံ့ကြောင့် ထိုကိစ္စတို့ကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့လေ၏။

 

ကိုထွန်းရှိန်ကား ခေသူ မဟုတ်။ အင်မတန် သတ္တိ ကောင်းသူ ဖြစ်သည်။ ရေလဲကရင်ရွာနှင့် ရေလဲဗမာရွာစပ်ကြား သချိုင်းကုန်း အစပ်ရှိ ရေဆင်းတံတား အနားတွင် သရဲ မကြောက်၊ သူခိုး မကြောက်ဘဲ ရရာ ကြုံရာ အလုပ်ကို လုပ်၍ ကူလီ ကပ်ပါး ဘ၀ဖြင့် အသက်မွေးသူ ဖြစ်သည်။ ကိုထွန်းရှိန်ကား မွန်-ဗမာ ကပြား ဖြစ်၏။ မယားဖြစ်သူ မသန်းယဉ်မှာ ဖြူဖြူချောချော ကရင်အမျိုးသမီး ဖြစ်၏။ သူတို့ လင်မယား အကြောင်းကို ကြားရသည်မှာ လွန်စွာမှပင် ကြည်နူးဖွယ် ကောင်းလှပါပေသည်။ လင်မယား နှစ်ဦးလုံးမှာ ရှေ့သွားနောက်လိုက် ညီ၏။ လင်ဖြစ်သူက အလုပ်ကြိုးစားသလောက် မယားဖြစ်သူကလည်း ဥစ္စာစီးပွား တိုးပွားရအောင် အိမ်ထောင်ကို ထိန်းသိမ်းသည်။ ကိုထွန်းရှိန်၏ အလိုမူကား မသန်းယဉ်ကို အလံလေးဆယ် လယ်တစ်ကွက်မျှသာ ခြားသော ဥယျာဉ်ကုန်း အလွန် ရေလဲကရင်ရွာမှ ခိုးယူခဲ့ရသည်မှာ အတော်ပင် ခဲယဉ်းသည် ဟူ၏။

 

“ပြောရရင် အခုတောင် ရင်ထဲမယ် ထိတ်တယ် ဆရာလေးရယ်။ အဲဒီတုန်းက ကိုယ်ကလည်း ဇောကပ်နေတော့ .. မသန်းယဉ်တို့ အိမ်နောက်ဖေး ရေဆိပ်နားကို ၀ါးဘိုးနဲ့ စီးပြီး သွားခိုးရတာ၊ လမိုက်ညမို့ တော်သေးတယ်။ ဒါတောင် ကျွန်တော်တို့ ပြေးပြီး သိပ် မကြာဘူး။ ကရင်တွေ အုပ်နဲ့ ချီပြီး မြစ်ညာကို လှေတွေနဲ့ တက်လာတာ မနည်းဘူး။ မြစ်ညာက ဗမာတံငါတွေ ၀ိုင်းပြီး အော်လို့ပေါ့ .. နို့မဟုတ်  မိလို့ကတော့ ဆရာလေးရယ် .. ကျွန်တော်တို့ နှစ်ယောက်လုံး ဖွတ်စာပတ်စာ လိုက်တော့မှာပဲ”

 

“နို့ .. နေပါဦး .. ၀ါးဘိုး စီးတယ် ဆိုတာက ဘာကို ပြောတာတုန်းဗျ” ..

 

“ဟာ .. ဆရာလေးကလည်း ခက်တော့တာပဲ။ ၀ါးဘိုး စီးတာ မမြင်ဖူးဘူးလား။ လေးလံလောက်ရှိတဲ့ ၀ါးပိုးဝါးပေါ် တက်စီးပြီး လှော်တက်နဲ့ လှော်တာလေဗျာ။”

 

ဝါးပိုးဝါးကို စီး၍ မြစ်ရေယာဉ် တစ်ကြော မျောကြသည့် အလေ့မှာ ယခုအခါတွင် ပျောက်ကွယ်စ ပြုလေပြီဟု ကျွန်ုပ် ထင်သည်။ ကျွန်ုပ်သော်မှ ကိုထွန်းရှိန် သရုပ်ပြ၍သာ ၀ါးဘိုးဝါး စီးသည်ကို မြင်ဖူးသည်။ ၀ါးပိုးဝါးစီးသည့် အလုပ်မှာ လွယ်သည် မဟုတ်။ သုံးလံ၊ လေးလံခန့် ရှည်လျားသည့် ၀ါးပိုးဝါးပေါ်တွင် ကြက်ခြေခွ ထိုင်ခုံငယ်တင်၍ စီးရသည်။ ၀ါးပိုးဝါးသည် ရေပြင်နှင့် တစ်သားတည်း သွားနိုင်သဖြင့် သာမန် လှေ လှော်ခတ်သည်ထက် မြန်သည်။ သာမန်လှေများသည် ရေပြင်နှင့် လှေဝမ်း ပွတ်တိုက်မှုကြောင့် ၀ါးပိုးဝါး သွားသလောက် မမြန်။ ၀ါးပိုးဝါးက လှေထက် ဆယ်ဆခန့် ပို၍ မြန်သည်။ မစီးတတ်သူအဖို့ ၀ါးပိုးဝါး စီးခြင်းသည် အလွန် ဆန်းကြယ်သည့် ကိစ္စ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် အလေ့အကျင့် လုပ်လျှင် တတ်သည်သာ ဖြစ်၏။

 

“အခုတော့ ဆရာလေးရယ် .. ဒီဘက်ရွာကလည်း ကျွန်တော့်ရွာ .. ဟိုဘက်ရွာကလည်း ယောက္ခမရွာ ဆိုတော့ကာ ၀င်ရထွက်ရ လွယ်ပါတယ်။ သူ့ မောင်တွေကတော့ ကျွန်တော့်ကို ရိုက်မောင်းပုတ်မောင်း လုပ်မယ်လို့ ကြိမ်းတာပေါ့။ ဒါပေသိ ဆရာလေးရယ် .. စဉ်းစားကြည့်ပေါ့ . ကျွန်တော့်ကို ရိုက်ရင် သူတို့ နှမ မုဆိုးမ ဖြစ်မှာလေ။ ဒီကောင်တွေ ဒါကို ကောင်းကောင်းကြီး သိပါတယ်” ဟု ဆိုရင်း ကိုထွန်းရှိန်သည် တဟဲဟဲ ရယ်သံကို ပြုကာ ကွမ်းတံတွေးကို ပျစ်ခနဲ ထွေးထုတ်လိုက်လေ၏။

 

ကိုထွန်းရှိန်တို့ လင်မယားနှင့် သိကျွမ်းခွင့် ရသည်မှာ ကျွန်ုပ်အဖို့ ကြီးစွာသော အထောက်အပံ့ ဖြစ်၏။ အထက်လူကြီးကို ကဏ္ဍကောဇ ပြောဆိုမှုကြောင့် မည်သူမျှ မလုပ်လိုသည့် ဌာနသို့ ရောက်ရသူ ကျွန်ုပ်အဖို့ လုပ်ငန်းကိုင်ငန်း အထစ်အငေါ့ မရှိပါမှ ရာထူး၊ လစာ တိုးမြှင့်ခြင်းကို ပြန်လည်၍ ခံစားရမည် မဟုတ်လော။ ကိုထွန်းရှိန်၏ ကျေးဇူးကြောင့် ကျွန်ုပ် အလိုရှိသော လူမှု စီးပွားရေး စစ်တမ်းကို အထစ်အငေါ့ မရှိဘဲ ကောင်းမွန်စွာ ကောက်ယူ ရရှိခဲ့ပြီး လုပ်ငန်းဆောင်တာ အားလုံး အဆင်ပြေခဲ့၏။ ထိုရက်အတွင်း ကျွန်ုပ်သည် ကိုထွန်းရှိန်တို့၏ အိမ်တွင် စတည်းချ၍ နေလိုက်သဖြင့် ကိုထွန်းရှိန်၏ မိသားစုနှင့် ငယ်ပေါင်းကြီးဖော်နှယ် ရင်းနှီးကျွမ်းဝင်ခဲ့လေ၏။

 

ကိုထွန်းရှိန်ကား အလုပ် အလွန် ကြိုးစားသူ ဖြစ်၏။ ဒေသအခေါ် ကူလီကပ်ပါး စရင်းငှား (သူရင်းငှား) အလုပ်ဖြင့် အသက်မွေးသူ ဖြစ်သော်လည်း လယ်ပိုင်ယာပိုင် ဖြစ်ရန် အစဉ် ကြံစည် ကြိုးစား လုပ်ကိုင်နေသူ ဖြစ်၏။ သူရင်းတိုင်၏ အလုပ်ကို ကျေပွန်အောင် ဆောင်ရွက်သည်။ မနက်ခင်း လယ်ထဲသို့ ဆင်းလျှင် လက်ချည်း မသွား၊ သူ ထွန်ယက်ရမည့် လယ်ကွင်း အစပ်တွင် ချုံချ၍ မြုံး၊ ပလုပ်တုတ် အစရှိသည့် ငါးဖမ်းကိရိယာတို့ကို ထောင်ထားခဲ့ပြီးမှ အလုပ် ဆက်လုပ်သည်။ ညနေစောင်း အလုပ်ပြီးလျှင်လည်း အခြား သူရင်းငှားတို့ကဲ့သို့ အရက်သောက်ရင်း စကားဖောင်ဖွဲ့ ဆေးလိပ်ဖွာရင်း အတွေးနယ်ချဲ့ခြင်းမျိုး မပြုဘဲ ချောင်းရိုး မြောင်းရိုး တစ်လျှောက်တွင် ငါးမြွေထိုး ချိတ်သည်။ ငါးမြွေထိုး ချိတ်သည့် အလုပ်မှာ အလွန် ပင်ပန်းလှသည်။ ခါးလယ်ခန့် နက်သည့် ရေထဲတွင် တစ်လှမ်းချင်း လှမ်း၍ သွားရင်း ငါးမြွေထိုး ရှိမည်ဟု ထင်ရသည့် နေရာကို မှန်း၍ သံချိတ်ဖြင့် ချိတ်သည့် ငါးဖမ်းနည်းမှာ လွယ်သည့် ကိစ္စ မဟုတ်ချေ။

 

ကိုထွန်းရှင် မယား ချစ်ပုံမှာလည်း သြချလောက်သည်။ ကိုထွန်းရှင်၏ မယား မသန်းယဉ်မှာ ဖြူဖြူချောချော ထွားထွားကျိုင်းကျိုင်း ကရင် အမျိုးသမီး ဖြစ်၏။ ၀ါးပိုးမျှစ်စို့ပေါက်ကြီးနှယ် သန်မာထွားကျိုင်းသည့် အလှတွင် သုံးတောင်ကျော်ခန့် ရှည်လျား၍ နက်မှောင် သန်စွမ်းသည့် ဆံကေသာတို့က အယဉ်ဆင့် ပံ့ပိုးထားသဖြင့် “ကျွန်းတွင်ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းဝေးစွာ၊ မိုးသူဇာသို့” ဟု ရှင်မဟာရဌသာရ ရေးဖွဲ့သည့်ခဲ့သည် အတိုင်းပင် ဖြစ်သွားလေ၏။

 

ကိုထွန်းရှင်ကလည်း သူ့မယား၏ ဆံကေသာ အလှကို အလွန် ဂုဏ်ယူသည်။ အလွန် တန်ဖိုး ထားသည်။ “မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုရိုးရှိတယ် မဟုတ်လား ဆရာလေးရဲ့။ ပြောရမှာလည်း ခက်ရှက်ရှက်ပါဗျာ။ ကျွန်တော်က မသန်းယဉ် ခေါင်းလျှော်ဖို့ တရော်ကင်ပွန်း အမြဲတမ်း လုပ်ပေးတာဗျ။ အဲသလို လုပ်ပေးရမှလည်း စိတ်ကျေနပ်တယ်” ဟု ကိုထွန်းရှင်က ရယ်ကျဲကျဲ မျက်နှာဖြင့် ပြော၏။ ကိုထွန်းရှင်၏ အလိုမူကား တရော်ချောင်းကို သံတုတ်ဖြင့် ထုပြီး ခေါင်းလျှော်ရည် လုပ်လျှင် သူ့မယား ခေါင်းကျိန်းမည် စိုးသဖြင့် မသန်းယဉ်၏ နံသင့် သစ်သားကို လက်ရိုက်တုတ် ပြု၍ တရော်ချောင်းကို ထုပြီး အိမ်တွင်းဖြစ် ခေါင်းလျှော်ရည် ဖန်တီးပေးသော ဟူ၏။ ထူးလည်း ထူးသည့် ကိုထွန်းရှင် ဖြစ်ချေ၏ တကား။

 

(၃)

 

ရေလဲရွာ၏ လူမှု စီးပွားရေး စစ်တမ်း ကောက်ယူပြီးနောက် ရလဒ်တို့ကို သုံးသပ်ကြည့်ရာ ထိုတစ်ရွာလုံးတွင် ယင်လုံအိမ်သာ ဆောက်လုပ် အသုံးပြုနှုန်းမှာ (၅) ရာနှုန်းပင် မပြည့်တတ် ဟူသည့် အချက်ကို တွေ့ရ၏။ ရွာခံတို့၏ ပျမ်းမျှ သက်တမ်းမှာ (၅၈) နှစ် ထက် မပို။ ရောဂါဘယ စွဲကပ်လျှင်လည်း ဝေဒနာကို အံတု၍ သေမင်းကို ရင်ဆိုင်ရုံမျှသာ ရှိသည်ကိုလည်း ၀မ်းနည်းဖွယ်ရာ သိရလေ၏။ ထိုမျှသာမက မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟု တင်စား ခေါ်ဝေါ်သည့် မြစ်ဝကျွန်းပေါ် အရပ်ဒေသရှိ ကောက်ပဲသီးနှံ ဖွံ့ဖြိုးသော ကျေးရွာကြီးတွင် အာဟာရ ပြည့်ဝအောင် စားသောက်နိုင်ခြင်း မရှိသည့် အိမ်ထောင်စု အတော်ပင် များပြားသည်ကိုလည်း သတိထားမိတော့သည်။ စက်မှုလယ်ယာ နိုင်ငံ ထူထောင်မည့် နိုင်ငံ ဖြစ်သောကြောင့်ထင့် ခိုင်းကျွဲ ခိုင်းနွားလည်း လုံလောက်စွာ မရှိချေ။ ၀မ်းနည်းဖွယ်ရာ ကောင်းလှသည်မှာကား မသင်မနေရ အခမဲ့ မူလတန်း ပညာရေးစနစ်ဖြင့် ပညာရေးပန်းတိုင်ရှိရာသို့ ချီတက်နေသည့် ကျွန်ုပ်တို့၏ တိုင်းပြေကြီးဝယ် ကျောင်း မနေနိုင်သူ ကလေးငယ်၊ မူလတန်း ပညာရေး ပေါက်မြောက်ပြီးသော်လည်း မြန်မာစာ ဖြောင့်ဖြောင့်တန်းတန်း မရေးတတ်၊ မဖတ်တတ်သူ ကလေးငယ် အစရှိသည့် တိုင်းပြည်ကံကြမ္မာကို ဖန်တီးမည့် ဘုစုခရုတို့ အတော်ပင် ပေါများလာသည်ကိုလည်း တွေ့ရ၏။ အားလုံးကို ခြုံ၍ ကြည့်သော် ဘာတစ်ခုမျှ အားရဖွယ်ရာ မရှိသဖြင့် တစ်ရွာလုံးကို မီးနှင့်တိုက်ပြီး ရွာသစ် တည်ရန်သာ ကောင်းတော့သည်ဟု ကျွန်ုပ် ဆိုလိုက်ချင်သည်။

 

သို့နှင့်ပင် ကျွန်ုပ်လည်း စစ်တမ်းပါ အချက်အလက်များ အနက်မှ လိုရာကို ထင်သလို မြင်သလို ယူငင် အသုံးပြုပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံချက်ကို အကောင်အထည် ဖော်ရလေ၏။ ကျေးလက်ဖွံ့ဖြိုးရေး ဟု ဆိုလိုက်သဖြင့် အလွန် ကြီးကျယ် ခမ်းနားသယောင် ရှိသည်။ တကယ်တမ်းတွင် ထင်သလောက် မခမ်းနားလှပါ။ စပါးစိုက်မည့်သူတို့ အတွက် လယ်စရိတ်၊ ရေလုပ်ငန်းသမားတို့ အတွက် ကိရိယာ တန်ဆာပလာနှင့် ရေဆင်းစရိတ်၊ ဘာမျှ မလုပ်တတ်သည့် သူတို့ အတွက် ကြက်၊ ၀က်၊ ဘဲ အစရှိသည့် အကောင်ဗလောင် မွေးမြူရေး အရင်းအနှီး စသည်တို့ အတွက် အလွန်တစ်ရာ အရေးပါလှသည်မှာ “ဖွတ်ကလိဒင်္ဂါး” ဖြစ်၏။ ထို့ကြောင့် တစ်အိမ်ထောင်လျှင် မြန်မာငွေကျပ် သုံးသောင်းနှုန်းဖြင့် ချေးငွေ ထုတ်ပေးခြင်းသည် ဖွံ့ဖြိုးရေး ဖြစ်သွားလေသတည်း။ ချေးငွေ ထုတ်ချေးပေးခြင်းဟုသည့် အလုပ် တစ်မျိုးတည်းကို မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း စသည့်ဖြင့် ခေါင်းစဉ် အမျိုးမျိုးခွဲ၍ ပြလိုက်သည့်အခါ နိုင်ငံတကာ အလှူရှင်တို့ ဘ၀င်ခွေ့သည့် စီမံချက် အစီရင်ခံစာ တစ်စောင် ပေါ်ထွက်လာလေ၏။  

 

ထိုခေတ်က ကျပ်သုံးသောင်း ဟူသည်မှာ များလွန်းလှသည့် ငွေကြေး ပမာဏ မဟုတ်သော်လည်း ရေလဲရွာနေ နွမ်းပါးသူတို့ အဖို့ အတော်ပင် များပြားသည့် ငွေကြေး ဖြစ်၏။ ငွေ သုံးသောင်းဖြင့် ဘဲ အကောင် နှစ်ဆယ် ၀ယ်နိုင်သည်။ ၀က်သားပေါက် နှစ်ကောင် ရနိုင်သည်။ ဘဲ အကောင် နှစ်ဆယ်ကို နှစ်လ သုံးလခန့် မွေးလိုက်လျှင် ဘဲဥ ရောင်းရငွေဖြင့် ချေးငွေကို အပတ်စဉ် အရစ်ကျ ကောင်းကောင်းကြီး ပြန်၍ ဆပ်နိုင်သည်။ ၀က်မွေးမြူရေးလုပ်ငန်းမှာမူ လွယ်လွယ်နှင့် အရင်းပေါ်သည့် လုပ်ငန်း မဟုတ်ချေ။ သို့သော်လည်း ဘာမျှ မများလှသော အပတ်စဉ် ပေးသွင်းရမည့် ချေးငွေကို ရေပိုးရေမွှား ရှာဖွေပြီး ဆပ်နိုင်သည် မဟုတ်လော။ ဤကား ချေးငွေ ထုတ်ချေးသည့် အလုပ်ဌာန၏ ခန့်မှန်း ယူဆချက်သာ ဖြစ်၏။ ဤယူဆချက် အတိုင်းသာ အမှန် ဖြစ်ခဲ့ပါလျှင် ခပ်သိမ်းသော  မဟာဒုက် အနွယ်ဝင်တို့မှာ ဇောတိက အလား ပေါကြွယ်ဝရန် အကြောင်း ရှိ၏။

 

လက်တွေ့ အခြေအနေတွင်မူ ငွေ သုံးသောင်းဖြင့် ၀ယ်ယူထားသည့် ဘဲအကောင် နှစ်ဆယ်မှာ ဘဲနာ ကျလျှင် တစ်ရက် အတွင်း ဆုံးပါးသွားနိုင်သလို ငွေသုံးသောင်းတန် ၀က်နှစ်ကောင်မှာလည်း ရောဂါဘယကြောင့် နေ့ချင်းညချင်း ပျက်စီး တိမ်းပါး သွားနိုင်သည်။ အခန့်မသင့်လျှင် နောက်ဆက်တွဲ ကုန်ကျစရိတ်ကို အိတ်စိုက် ထည့်ရင်း အမြတ် မရသည့် အပြင် အရင်းပါ ဆုံးသည့်  အဖြစ်နှင့်လည်း ကြုံနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ အကောင်းဆုံးကိုသာ အမြဲတစေ မျှော်တွေးပြီး မဖြစ်နိုင်သည့် ကိစ္စကိုပင်လျှင် မဖြစ်ဖြစ်အောင် စီမံထားသော ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်လုပ်ငန်း ဖြစ်ခြင်းကြောင့် ၎င်း၏ ဘဏ္ဍာရေး အစီရင်ခံစာတွင် ရရန်ပိုင်ခွင့်နှင့် အမြတ်အစွန်း ဆထက်တံပိုး တိုးတက်လာသော်လည်း ကျေးလက်နေ နွမ်းပါးသူတို့၏ ဘ၀များမှာမူ ထူးမခြားပင် ဖြစ်ခဲ့လေ၏။ အလုပ်ဌာန၏ နှစ်ချုပ် အစီရင်ခံစာများတွင်မူ ဖွံ့ဖြိုးရေး စီမံချက် အားလုံး ဖြစ်ထွန်း အောင်မြင်ပြီး ကျေးလက်နေ ပြည်သူတို့ ပြုံးပျော်နေသည့် ဓာတ်ပုံကို မျက်နှာဖုံး လုပ်၍ သုံးသည်မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်၏။

စင်စစ် ကျွန်ုပ်၏ အလုပ်ဌာနက ထုတ်ချေးပေးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းချေးငွေသည် ကိုထွန်းရှိန်တို့ မိသားစု၏ ဘ၀ကို ကျွမ်းထိုး မှောက်ခုံ ဖြစ်စေမည်ကို ကျွန်ုပ် ကြိုတင် သိခွင့်ရခဲ့ပါမူ ကိုထွန်းရှိန်၏ ချေးငွေ အဆိုပြုချက်ကို ခါးခါးသီးသီး ကန့်ကွက် ပယ်ချခဲ့မည် ဖြစ်၏။ သို့သော် ကျွန်ုပ်ကား ရှေးဖြစ်နှောင်းဖြစ်ကို ကြိုတင်ဟောပြော တတ်သည့် ဒိဗ္ဗစက္ခုညဏ်ရှင် ရဟန္တာပုဂ္ဂိုလ်ထူး မဟုတ်လေရကား ကိုထွန်းရှိန်၏ ချေးငွေ အဆိုပြုချက်ကို ထောက်ခံ အတည်ပြု ရုံမျှသာမက ကျွန်ုပ်၏ နှုတ်အားဖြင့် စောင်မကြည့်ရှုမှုကြောင့် ကိုထွန်းရှိန်တို့ မိသားစု၏ လူမှုစီးပွားရေး မြင့်မား တိုးတက်လာချေတော့မည်ဟု အထင် ရောက်ခဲ့၏။ စိတ်ကြီးဝင်ခဲ့၏။ ယခုထက်တိုင် ဤအမှု၌ ကျွန်ုပ်၏ ပယောဂ မကင်းဟု တွေးမိပါသည်။

 

ချေးငွေ ထုတ်ချေးပေးပြီး နောက်တစ်နေ့တွင် ကျွန်ုပ်၏ အလုပ်ဌာန ရှိရာသို့ ကိုထွန်းရှိန် ပေါက်ချလာလေ၏။ သူ့ကို ကြည့်ရသည်မှာ အူမြူးနေဟန် တူ၏။ မျက်နှာ ရွှင်လှသည်။ သုံးသောင်းဟူသည့် ငွေကြေးသည် ကြွယ်ပိုးကြွယ်ဝ ရှိသူတို့ အဖို့ ဘာမျှ မဟုတ်သည့် ပမာဏဖြစ်သော်လည်း ကူလီကပ်ပါး သူရင်းငှား ကိုထွန်းရှိန်အဖို့ အောင်ဘာလေ သိန်းထီဆု ဖြစ်၏။

                                                                                   

“ဆရာလေးရယ် ကျွန်တော် ဒီ ချေးငွေနဲ့ ရှော့တိုက်တဲ့ဟာ ၀ယ်မလို့ဗျာ။ အဲဒါ ဆရာလေး လိုက်ပြီး မေးစမ်း ပေးပါဦး” ဟု ကိုထွန်းရှိန်က ကောက်ခါငင်ခါ ဆို၏။ သူ့ စကားကြောင့် ကျွန်ုပ် ဓာတ်လိုက် ခံလိုက်ရသလိုလို  ဖြစ်သွားသည်။

 

“မဟုတ်သေးဘူး ကိုထွန်းရှိန် … ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ဒီကိစ္စက တရားဝင်တာ မဟုတ်ဘူး။ တော်ကြာ ငါးလုပ်ငန်းဦးစီးက ဖမ်းဟယ် ဆီးဟယ် လုပ်ရင် ငါးပါးမှောက်ကုန်မယ်။ ရွာလူကြီးကလည်း ရှော့ မတိုက်ဖို့ အမိန့် ထုတ်ထားတယ် မဟုတ်လား။ နောက်ပြီး သဘာဝ ပတ်ဝန်းကျင် ရှုဒေါင့်ကနေ ကြည့်ရင်လည်း ငါးမျိုး ပြုန်းတီးမယ့် ကိစ္စဗျ” ဟု ကျွန်ုပ် ဆိုမိသည်။  

 

“အို ဆရာလေးရယ် … ဒါလုပ်မှ ထမင်းစားရမယ့် ဘ၀မှာ မင်းတွေစိုးတွေ ကြောက်နေလို့ မဖြစ်ဘူးလေ။ နောက်ပြီး ဖမ်းမှာ ဆီးမှာကိုလည်း မစိုးရိမ်နဲ့။ ကျွန်တော်က ညဘက်မှ ချောင်းထဲ ဆင်းပြီး လုပ်မှာပါ။ နောက်ပြီး သူကြီးကို ဟင်းစားလေး ဘာလေး ပေးလိုက်ရင် ပြီးရော မဟုတ်လား။ ကိုယ့် တစ်ရွာတည်းသား အချင်းချင်း ဒီလို ဆိုးဆိုးရွားရွား မလုပ်ပါဘူး။ ငါးမျိုးပြုန်းတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး .. ကုန်းမှာနေ ကိုးကုဋေ ရေမှာနေ ဆယ်ကုဋေ လို့ ဆိုရိုးရှိတာပဲ” ဟု ကိုထွန်းရှိန်က ဆို၏။ ထို့အပြင် “ဆရာလေး .. သူရင်းငှား လုပ်တာက ထမင်းဝရုံပဲ ရှိတယ်။ ဒီလို စို့စို့ပို့ပို့ ရမယ့် အလုပ်မျိုးမှ မလုပ်ရင် ကျွန်တော် တစ်သက်လုံး လူမွှေးလူရောင် ပြောင်မှာ မဟုတ်ဘူး” ဟု နားပူနားဆာ လုပ်လေ၏။

 

ကျွန်ုပ်လည်း ကိုထွန်းရှိန်၏ ချေပစကားကို အနုလုံ ပဋိလုံ ဆင်ခြင် သုံးသပ်ပြီးနောက် “ပြောနေလည်း မထူးပါဘူး၊ သူ လုပ်ချင်တာကို လုပ်ပေးလိုက်ရင် နားအေး သက်သာတာပဲ” ဟု သဘောပိုက်ပြီး ဘက်ထရီ ရှော့တိုက် ငါးဖမ်း ကိရိယာ လုပ်သူရှိရာသို့ ကိုထွန်းရှိန်နှင့် အတူ လိုက်သွားရလေ၏။ ဘက်ထရီ ရှော့တိုက် ငါးဖမ်းကိရိယာ လုပ်သူကား လောဘ အလွန် ကြီးသူ ဖြစ်၏။ သူ သုံးလက်စ အဟောင်းကိုပင် သုံးသောင်းခွဲ ပေးရမည်ဟု မတန်မရာ ဆို၏။ သူ ပြောသည့် ဘက်ထရီ အသစ် ဆိုသည်မှာ ငါးပြားမျှပင် မတန်သည့် ဘက်ထရီအိုး ဖြစ်သည်။ ကျွန်ုပ်က သုံးသောင်း မရလျှင် မ၀ယ် ဟု ဈေးဆစ်သည်။ သူကလည်း မလျှော့။ နောက်ဆုံးတွင် ကျွန်ုပ်လည်း စိတ်ပေါက်လာသည်နှင့် “ခင်ဗျား မရောင်းလည်း နေတော့ဗျာ။ ခင်ဗျား ဒီ ဘက်ထရီအိုးကို လွယ်ပြီး ချောင်းထဲ ဆင်းရဲ ဆင်းကြည့်၊ ငါးလုပ်ငန်းဦးစီးဌာန လူတွေကို လက်တို့လိုက်မယ်” ဟု ညစ်တွန်းတွန်း အကျပ်ကိုင်လိုက်ပါမှ သုံးသောင်းဖြင့် ဈေးတည့် သွားလေ၏။

 

ကိုထွန်းရှိန်ကား ပျော်၍ မဆုံးတော့ပြီ။ ကျွန်ုပ်လည်း ပျော်မိသလိုလို ရှိသည်။ “ဒီဟာလေးနဲ့ ချောင်းရိုး တစ်လျှောက် ဆင်းပြီး ငါးရှာလိုက်ရင် တစ်ညမှာ နှစ်ပိဿာလောက်တော့ အနည်းဆုံး ရမှာပဲ ဆရာလေးရဲ့။ လယ်ပိုင်ယာပိုင် ဖြစ်အောင်တော့ ဒီလိုပဲ လုပ်ရင်းကိုင်ရင်းနဲ့ စုဆောင်းရမှာပေါ့” ဟု ဆိုပြီးနောက် ကိုထွန်းရှိန်သည် ရှော့တိုက် ကိရိယာကို ပုဆိုးစုတ်ဖြင့် ထုပ်ကာ ရေလဲရွာသို့ ညနေ သဘောင်္ဖြင့် ပြန်သွားလေ၏။

 

ကိုထွန်းရှိန် ပြန်သွားသော် ကျွန်ုပ်သည် ရုံးရှေ့ရှိ တန်းလျားတွင် ဆေးလိပ်ဖွာ၍ လဲလျောင်းရင်း ကိုထွန်းရှိန် သူဌေးကြီး ဖြစ်သွားသည်ကို စိတ်ကူးယဉ် ပုံဖော် ကြည့်မိသည်။ ကျွန်ုပ်၏ စိတ်ကူး ပုံရိပ်ထဲမှ သူဌေးကြီး ကိုထွန်းရှိန်၏ ရုပ်သွင်မှာ အတော်ပင် ရယ်စရာ ကောင်းသည်။ ကုလားပုဆိုး အသစ်ကျပ်ချွတ်၊ စပို့ရှပ် အစင်းကျား၊ ခေါင်းတွင် အုန်းဆီ အရွှဲသားနှင့် ကိုထွန်းရှိန်သည် သူ့ မယား အတွက် ပန်တင်း (Pantene) ခေါင်းလျှော်ရည်ဘူး ဒါဇင်လိုက် ၀ယ်နေလေ၏။ ကျွန်ုပ် အူလှိုက်သည်းလှိုက် ရယ်လိုက်သဖြင့် လချုပ် အစီရင်ခံစာ ပြင်ဆင်နေသည့် ၀န်ထမ်းတစ်သိုက်ပင် ကျွန်ုပ်ကို ခေါင်းထောင်၍ ကြည့်ကြလေသည်။

 

ထင်မှတ်ထားသည်တို့ လွဲချော်ဖော်ပြန်၍ မထင်မှတ်ထားသော အရာတို့ ဖြစ်ပျက်နေခြင်း ကို ဘ၀မာယာဟု ခေါ်မှန်း ကျွန်ုပ် ကောင်းကောင်းကြီး သိပါသည်။ သို့သော် ဤဘ၀မာယာသည် ကိုထွန်းရှိန်ကို သည်လောက်အထိ နှိပ်စက်လိမ့်မည်ဟု ကျွန်ုပ် မတွေးခဲ့။ ရှော့တိုက်ငါးဖမ်းကိရိယာသည် မကောင်းသောအတိတ်၊ မကောင်းသောနိမိတ် ဖြစ်သည်ကို ကျွန်ုပ် သတိ မမူခဲ့ပေ။

 

အပိုအဖျင်း မပါ လိုရင်းကိုသာ အတိုချုဉ်း၍ ဆိုရသော် ကိုထွန်းရှိန်သည် ရွာသို့ ရောက်လျှင်ရောက်ချင်း ရှော့တိုက်ရန် လုပ်လေ၏။ ခိုးကြောင်ခိုးဝှက် လုပ်ရသည့် အလုပ် ဖြစ်သဖြင့် ညအချိန် ရောက်ပါမှ ချောင်းထဲသို့ ငါးရှာရန် ဆင်းရသည်။ ညဦးပိုင်း ကတည်းက ချောင်းထဲသို့ ဆင်းသွားရာ မနက် မိုးလင်းသည်အထိ ကိုထွန်းရှိန် ပြန်မရောက်။ ဆွမ်းခံချိန် ရောက်ပါမှ ကိုထွန်းရှိန် အလောင်းကို မြစ်အကြေဘက်ရှိ ရေလဲကရင်ရွာ လယ်ရေဆင်းမြောင်း အနီးတွင် ပေါလော မျောနေသည်ကို တွေ့ရတော့သည် ဟူ၏။ ကျန်းမာရေးမှူးကမူ ရှော့တိုက်ရင်း ဓာတ်လိုက် သေဆုံးခြင်း ဖြစ်သည်ဟု မှတ်ချက်ချသည်။ အချို့ကမူ ကြွက်တက်ပြီး ရေနစ်သေခြင်း ဖြစ်သည် ဟု ဆိုသည်။ အချို့ကမူ ပိုးထိသည်ဟု ဆို၏။ မည်သူတို့ မည်သို့ပင် ဆိုစေကာမူ ကိုထွန်းရှိန် သေလေပြီ။ သူ့ မယား မသန်းယဉ် မုဆိုးမ ဖြစ်လေပြီ။ ကလေးများ ဖတစ်ဆိုး ဖြစ်လေပြီ။ အလောင်းကို ငှက်ပျောဖောင်တွင် တင်၍ လှေဖြင့် ဆွဲလာရာ၊ ချောင်းရိုး တစ်လျှောက်တွင် မသန်းယဉ်သည် ဦးဆံဖားလျားနှင့် ပြေးရင်းလွှားရင်း တက်မတတ် ချက်မတတ် ငိုရှာလေ၏။ ဤသို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသ ရွာသိမ်ဇနပုဒ်မှ လယ်ပိုင်ယာပိုင် ဖြစ်ရန် စိတ်ကူးယဉ်သူ ကိုထွန်းရှိန်၏ ဘ၀နိဂုံး အဆုံး သတ်သွားလေ၏။

 

ထို့သို့ ဖြစ်ပျက်ပြီးနောက် ခြောက်လခန့် အကြာတွင် ကျွန်ုပ်သည် ရန်ကုန်သို့ အလုပ်တာဝန်အရ ပြောင်းရွှေ့ခဲ့လေ၏။ မြို့ပြယဉ်ကျေးမှုတွင် ရှင်သန် ရုန်းကန်းရသည်မှာ မွန်းကျပ်လွန်းလှသည်။ ရံဖန်ရံခါတွင် ကျွန်ုပ်သည် ကျင်လည်ခဲ့ဖူးသော မြစ်ဝကျွန်းပေါ် ကျေးရွာများနှင့် လုပ်ဖော်ကိုင်ဖက် ရောင်းရင်းတို့ကို လွမ်းဆွတ်မိသည်။ သို့သော်လည်း ၀မ်းရေးကြောင့် လွမ်းရေးကို ဇာ မချဲ့နိုင်။ ရေလဲရွာသားတို့နှင့်လည်း အဆက်အသွယ် ပြတ်တောက် သွားလေ၏။ ဆံပင်ရှည် ပိုင်ရှင် အမျိုးသမီးတို့ကို မြင်ရသော် ကိုထွန်းရှိန်တို့ လင်မယားကို သတိရမိသည်။ မသန်းယဉ်တစ်ယောက် ဘာများ လုပ်ကိုင် စားသောက်နေပါလိမ့် ဟု အတွေးဝင်မိသည်။ ကလေးတွေကို ကျောင်း ထားနိုင်ပါ့မလား ဟု တွေးပူမိတော့သည်။

 

(၄)  

 

ကုန်ခဲ့သည့် ဆောင်းနှောင်းကာလ၌ ကျွန်ုပ်သည် မြို့ပြ၏ မွန်းကျပ်မှုကို ဖြေဖျောက်ရန် အလို့ငှာ ကျင်လည်ခဲ့ဖူးသော မြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာများသို့ အလည်အပတ် ထွက်ခဲ့သည်။ နှစ်ကာလ အတန်ငယ်  ဖြစ်သော်လည်း မြစ်ဝကျွန်းပေါ် မြင်ကွင်းသည် ထူးထူးခြားခြား ပြောင်းလဲသည် မရှိ၊ အရင်လိုပင် ဖြစ်သည်။ ညစ်ထေးထေး မြစ်ရေပြင်တွင် စပါးသမ္ဗာန်၊ ဆားသမ္ဗာန်များ တအိအိ ခုတ်မောင်းနေဆဲပင် ဖြစ်သည်။ မြစ်ပြင်တစ်ကြောတွင် ဓနိဖောင်၊ ဗေဒါဖုတ်၊ အမှိုက်သရိုက်များ မျောပါနေဆဲ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ ဤမြင်ကွင်းသည် မွန်းကျပ် ပိတ်လှောင်နေသည့် ကျွန်ုပ်၏ စိတ်ကို သက်သာရာ ရစေသည်။

 

ရေလဲရွာသို့ ခြေချမိသော် ကျွန်ုပ်သည် ကျွန်ုပ်အပေါ် ကိုထွန်းရှိန် ပြုခဲ့ဖူးသော ကျေးဇူးတို့ကို ဆင်ခြင်အောက်မေ့ မိပြီး ကိုထွန်းရှိန် ကောင်းရာမွန်ရာ သုဂတိဘုံ ရောက်စေရန် အမျှဝေမိသည်။ ရေလဲရွာကား ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိ။ ခေတ်၏ အလိုအရ ကျေးရွာငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံး အဖြစ်မှ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး အဖြစ် ပြောင်းလဲခဲ့ဖူးသော ဓနိမိုး၊ ထရံကာ အဆောက်အအုံငယ်၏ အရှေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဟုသည့် ဆိုင်းဘုတ် အသစ်ကို မြင်ရပါမှ ခေတ်ကြီး အတော်ပင် ပြောင်းသွားပါပကောဟု တွေးမိတော့သည်။ အကြောင်းမူကား ရှေးအရင်အခါက သံဖြူပြားပေါ်တွင် သဘောင်္ဆေးဖြင့် ရေးခြယ်အပ်သည့် ဆိုင်းဘုတ် နေရာတွင် ကွန်ပြူတာဖြင့် ဒီဇိုင်းလုပ် ပုံနှိပ်သည့် ဗီနိုင်း ဆိုင်းဘုတ် အစားထိုး ၀င်ရောက်လာသည်ကို မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။

 

ရွာသူရွာသားတို့မှာ အရင်လိုပင် ဖော်ဖော်ရွေရွေ ရှိကြပါ၏။ “ဘယ်သူရေ ဘယ်ဝါရေ .. ဟောဒီမှာ ဆရာလေး ရွှေမျက်မှန် ရောက်နေတယ်ဟေ့၊ အုန်းရည် သောက်ရအောင် လုပ်ဟ” ဟူသည့် အသံများကို ကြားရသည့်အခါ ကျွန်ုပ် အလွန် ကြည်နူးမိတော့သည်။ “ဆရာလေးရေ လယ်ယာလုပ်ငန်းကလည်း သိပ် မဟန်ပါဘူး။ ရွာမှာ အရွယ်ကောင်း လူငယ်တွေက မလေးရှားကို သွားကြတော့ လယ်ယာ လုပ်မယ့် လုပ်သား အင်မတန် ရှားနေပြီ။ ရှေ့လျှောက် ဒါ့ထက် ဆိုးဖို့ပဲ ရှိတော့တယ်” ဟူသည့် သတင်းကို ကြားရသော် ကျွန်ုပ် ပါးစပ် အဟောင်းသား ဖြစ်သွား၏။ “မြစ်ထဲ ချောင်းထဲမှာလည်း ရေပိုးရေမွှား ရှာဖွေစားသောက်ရတာ အရင်လို အခြေအနေ မကောင်းတော့ဘူး” ဟု ဆိုသူက ဆိုသေးသည်။ သို့နှင့်ပင် ရှေးဟောင်း နှောင်းဖြစ်ကို ပြန်ပြောင်း ပြောရင်း အချိန် အတန် ကြာသွား၏။

 

“ဒါနဲ့ မမ မသန်းယဉ်တို့ သားအမိတွေ ဘာတွေ လုပ်နေတုန်းဗျ။ မသန်းယဉ်ရော နောက်အိမ်ထောင်တွေ ဘာတွေ ကျသွားပြီလား” ဟု ကျွန်ုပ် မေးလိုက်သော် အားလုံး မျက်နှာ မသာမယာ ဖြစ်သွားလေ၏။ “မသန်းယဉ်က နောက် အိမ်ထောင် ထပ်ပြီး မထူထောင်ပါဘူး။ သူတို့ သားအမိတွေ တော်တော် ကျပ်တည်းနေတယ်။ သူ့ မိဘများနဲ့ အတူတူ ပြန်နေတယ်လို့ ကြားတယ်” ဟု တစ်ဦးက မရေမရော ဆို၏။ သို့ဖြစ်ရကား ကျွန်ုပ်လည်း မသန်းယဉ်၏ မိဘများ နေထိုင်ရာ ရေလဲကရင်ရွာသို့ ခြေဆန့်ခဲ့လေ၏။ မသန်းယဉ်၏ မိဘများရှိရာသို့ ရောက်သော် မသန်းယဉ်တို့ သားအမိမှာ လယ်ထဲတွင် နေထိုင်ကြသည်ဟု သိရသဖြင့် တစ်ဖန် ရွာနှင့် မလှမ်းမကမ်းရှိ တင်းကုပ်သို့ ခြေဆန့်ရပြန်သည်။

 

လယ်အစပ်နားတွင် ကန်စွန်းတောကြီး ဟီးထအောင် ပေါက်နေ၏။ ရေတက်ချိန် ဖြစ်သဖြင့် ရေမြောင်း တစ်လျှောက်တွင် ဗေဒါပင်တို့ လမ်းသလား နေလေ၏။ မန်ဒါလီ ဘဲတစ်အုပ် အစာရှာနေသည်ကို မြင်ရသည်မှာ အလွန်ပင် ကြည့်၍ ကောင်းလှတော့သည်။ သို့နှင့် တင်းကုပ်ရှေ့သို့ ရောက်သွား၏။ မသန်းယဉ်၏ သားအငယ် ဖြစ်မည်ဟု မှန်းရသည့် ကလေးတစ်ဦးသည် ကျွန်ုပ်ကို ပြူးတူးပြဲတဲ ကြည့်ရင်း “အမေ့ရေ . ဟောဒီမှာ ဧည့်သည်တွေ ရောက်နေတယ်” ဟု ကျုံးအော်လေ၏။

 

ကလေး လှမ်းအော်ခေါ်လိုက်သဖြင့် မသန်းယဉ် အိမ်နောက်ဖေး ၀က်ခြံဘက်မှ ထွက်လာ၏။ သနပ်ခါး ဘဲကျား ခပ်ထူထူ လိမ်းထားပြီး တော့အလေ့အတိုင်း မျက်နှာသုတ်ပ၀ါကို ခေါင်းပေါင်းလုပ်၍ ပေါင်းထားသူ မသန်းယဉ်ကို မြင်ရသည့် အခါ ကျွန်ုပ်၏ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွား၏။ လောကဓံ၏ ထုထောင်း ရိုက်ပုတ်မှုကြောင့်ထင့် မသန်းယဉ် တစ်ယောက် အတော်ပင် အိုစာ သွားလေပြီ။ မသန်းယဉ်သည် ၀က်စာတောင်းကို ဗြုန်းခနဲ ပစ်ချပြီး ၀မ်းသာအားရ နှုတ်ဆက်၏။ “ဆရာလေး တော်တော် ၀လာတယ်။ ဆံပင်ရှည်နဲ့ ဆိုတော့ ဗြုန်းခနဲ မမှတ်မိဘူး။ ဘယ်က လမ်းသရဲ မျက်စိလည်ပြီး ရောက်လာတာပါလိမ့်လို့ တွေးနေတာာ။ ကဲ အိမ်ပေါ်တက်” ဟု ဟောဟောဒိုင်းဒိုင်း ဆိုသည်။

 

မသန်းယဉ်သည် ထောင့်စုတ်နေသည့် သပေါ့ဖျာတစ်ချပ်ကို ဆွဲထုတ်လာပြီး ကျွန်ုပ်ကို ထိုင်စေ၏။ အိမ် အတွင်းရှိ ပစ္စည်း၊ ပစ္စယ အခြေအနေကို တစ်ချက် ကြည့်လိုက်ရုံနှင့် မသန်းယဉ်တို့ မိသားစု ရင်ဆိုင်နေရသည့် အခက်အခဲကို ကျွန်ုပ် ခန့်မှန်း မိပါသည်။ “ကဲဗျာ မသန်းယဉ်ရယ် .. ထိုင်ဦး။ အခု ကလေးတွေ ဘယ်နှစ်တန်း ရောက်နေကြပြီလဲ” ဟု ကျွန်ုပ် မေးလိုက်သော် မသန်းယဉ်၏ မျက်နှာ ညှိုးကျသွားလေ၏။

 

“အကြီးကောင်ကို ကျောင်းထုတ်လိုက်ရတယ်။ လယ်ပိုင်ယာပိုင် မရှိတော့ သူ့ ဖအေ ခြေရာ နင်းရတော့တာပေါ့။ အခုတော့ သူများ လယ်မှာ သူရင်းငှား ၀င်လုပ်နေတယ်။ အငယ်ကောင်လေးကတော့ သုံးတန်း တက်နေပြီ” ဟု ခပ်တိုးတိုး ဆိုရှာသည်။ ကျွန်ုပ်၏ မေးခွန်းကြောင့် မသန်းယဉ် စိတ်အိုက်သွားဟန် တူသည်။ ခေါင်းတွင်း ပေါင်းထားသည့် မျက်နှာသုတ်ပ၀ါကို ဖြုတ်လိုက်၏။ ထိုသော် ကျွန်ုပ် ဟင်ခနဲ ဖြစ်သွားရလေ၏။ အဘယ်ကြောင့်ဆိုသော် မသန်းယဉ်၏ ဦးခေါင်းထက်တွင် သုံးတောင်ကျော်ခန့် ရှည်လျားသည့် ဆံကေသာတို့ အစား လက်နှစ်သစ်ခန့် ဆံစတို့ ကျိုးတိုးကျဲတဲ နေရာယူထားသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သတည်း။  

 

“ဘယ်လိုဖြစ်လို့ ကတုံးဆံတောက် ဖြစ်သွားတာတုန်း မမသန်းယဉ်ရဲ့ ဆံပင်တွေ နှမြောဖို့ ကောင်းလိုက်တာ” ဟု ကျွန်ုပ် အလောတကြီး မေးမိသည်။ မသန်းယဉ် ဘာမှ ပြန် မပြောတော့ချေ။ အတန်ကြာမှ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း “ဒီလိုပဲပေါ့ ဆရာလေးရယ် .. ကိုထွန်းရှိန် မရှိတဲ့နောက် ကျွန်မတို့ မိသားစု လုပ်ကိုင် စားသောက်ရတာ အဆင် မပြေလှဘူး။ ကလေးတွေက ငယ်သေးတော့ အားကိုးအားထားကလည်း မရှိပြန်ဘူး။ ဒါနဲ့ ကျွန်မလည်း ရွာပြန် ကြုံရာလုပ်ပြီး နေရတော့တာပဲ။ တစ်လောက ကိုထွန်းရှိန် ဆုံးတာ ခုနစ်နှစ် ပြည့်တယ်လေ။ အဲဒါ သူ့ အတွက် ရည်စူးပြီး သပိတ်သွတ်ချင်တာနဲ့ ဆံပင်ဖြတ်ပြီး ရောင်းရတဲ့ အဖြစ်ကို ရောက်တော့တာပါပဲ” ဟု ရှည်လျားစွာ ဆိုလေ၏။

 

သူ့ စကားကို ကြားရသော် ကျွန်ုပ် အတော်ပင် ၀မ်းနည်းမိသည်။ ဘ၀တည်း ဟူသော အရှုပ်ပွေသည့် သမုဒ်ရေပြင်တွင် လှုပ်လေ မြုပ်လေ ဖြစ်လျက် ကူးခတ် နစ်မွန်းနေသူတို့အဖို့ အားကိုး အားထားရာ ပြုစရာ အဘယ်မှာနည်း ဟု မေးခွန်း ထုတ်ချင် မိသည်။ သို့သော်လည်း ကျွန်ုပ်၏ အမေးကို အဖြေပေးမည့်သူ ရှိမည် မထင်မိသဖြင့် မသန်းယဉ် နည်းတူ သက်ပြင်းရှည် တစ်ချက်ကို မှုတ်ထုတ်ရင်း “ဒီလိုပါပဲ မမရာ၊ လောကကြီးဟာ သောက်သုံး မကျပါဘူး” ဟူသည့် အားပေးစကား ဆိုရုံသာ တတ်နိုင်ပါတော့သည်။

 

ဖုန်နံ့လိုလို ပန်းနံ့လိုလို ဘာရနံ့မှန်း မသိရသည့် အနံ့တစ်မျိုး စီးဝင်နေသော ဆောင်းနှောင်း လေရူးသည် အပြောကျယ်သည့် ကွင်ပြင်ကို ဖြတ်၍ တိုက်ခတ်လာ၏။ လေရူး တိုက်ခတ်သဖြင့် ကျွန်ုပ်၏ နားသယ်စပ်မှ ဆံနွယ်စတို့ ရုတ်ရုတ်သည်းသည်း ဖြစ်သွားလေ၏။ ကျွန်ုပ်လည်း ကယောင်ကတမ်းဖြင့် မသန်းယဉ်၏ ခေါင်းကို ကြည့်လိုက်ရာ ရိုးပြတ်တိုများကဲ့သို့ ကျိုးတိုးကျဲတဲ ပေါက်နေသည့် ဆံစတိုများ ဆောက်တည်ရာ မရ လှုပ်ရှားနေသည်ကို မြင်ရလေ၏။ ကျွန်ုပ်၏ အမြင် မှားယွင်းခြင်းသာ ဖြစ်ချေလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ မသန်းယဉ်၏ နုနယ်လှသော လက်တို့မှာ လောကဓံ၏ ရိုက်ပုတ်မှုကြောင့် အကြော အပြိုင်းပြိုင်းထနေသည်ကို ကျွန်ုပ် မြင်ခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ စနေနေ့။ ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ မေလ ၃ ရက်။

သရုပ်ဖေါ်ပုံ ကာတွန်းဝိသကြုံ