Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 


''ထင်၊ မမကို အပ်ပေါက်ထိုးပေးပါ့လား'' မမ..ရဲ့တံတွေးတို့နှင့် စိုစွတ်နေသော အပ်ချည်ကြိုးမျှင်ကို ကျနော်လှမ်းအယူမှာပင် သူ့ဘာသာ အတွေးပေါက်သွားပြီး မမ မျက်နှာ နီစွေးစွေးဖြစ်သွားသည်။ ကျနော်တို့ဌာနရဲ့ပဒေသာပင်တွေနား စောင့်ကြောင့်လေး ထိုင်နေသော သူ့အနီး ကျနော်လည်း ဒူးထောက် ထိုင်လိုက်သည်။ ကျနော် အပ်ချည်မျှင်ကို ငုံလိုက်စဉ် သူ့အကြည့်တို့ လွှဲဖယ်သွားသည်။ ပြီးမှ ''ထင်၊ နင့်မျက်လုံးလည်း ကောင်းတာမှမဟုတ်တာ'' လို့ပြောရင်း ပြန်ဆွဲယူသည်။

ဘာလို့ အသံတွေတုန်နေတာလဲ မမရယ်။ ပုခုန်းပေါ်ကကျော်ပြီး ရင်ခွင်ထဲ ချထားသော ဆံနွယ်တို့ဟာ မမရဲ့ မျက်နှာတခြမ်းကိုသာ ဖုံးနိုင်ပေမယ့် လှိုင်းခပ်သွားတဲ့ အတွင်းစိတ်ကို ၀ှက်မပေးနိုင်ဘူး။ အို... မမရဲ့ ကိုယ် ညင်ညင်လေး တုန်နေတာပဲ။

အပြင်မှာ ဆောင်းမနက် ရဲ့ နေခြည် ဖြာဆင်းနေသည်။ ပင်လင်ကဗွီးနဲ့ ရေတမာပင်တို့ ဆိတ်ငြိမ်နေကြလို့၊ သိုဝှက်သူတို့ အာရုံလှိုင်းကို သူခိုးဖမ်းသလို စောင့်ကြသလား။

''ညနေ ဓမ္မာရုံဘေးမှာ မုန့်လုံးရေပေါ် လုပ်ကြမှာနော်၊ စောစောလာဦး၊ လူလိုတယ်။'' မမရဲ့ အသံပုံမှန် ဖြစ်သွားပြီ။ ထိန်းနိုင်၊သိမ်းနိုင်ရှိတာ မြန်လှချည့်လား မရဲ့ ။ အေးပေါ့ သူကအကြီးပဲ။ ကိုယ့်အတွေးနဲ့ကိုယ် မျက်နှာခပ်ပုပ်ပုပ် ဖြစ်သွားသည်။

'' အောင်မာမာ၊ သူ့ကို ခိုင်းမယ်ဆို ဖြစ်သွားလိုက်တာ၊ ငါတို့မှာ မောင်လေးရှားလို့ပါဆို။'' အဲ့လိုရောချပြီး မပြောနဲ့ မမ၊ ကျနော်မကြိုက်ဘူး။ ရင်ထဲက စကားတွေ ရုန်းကြွလာသည်။ ဒီမျက်လုံးအညိုတွေမှာ ကျနော့်အတွက် သီးသန့် ခံစားမှုတစ်ခုရှိရမယ်၊ နို့မို့ဆို ကျနော်မကြိုက်ဘူး။

အဲဒီ့ညနေလောက် အိပ်မက်ဆန်သောညနေမျိုး ကျနော့်ဘ၀မှာပြန်မရတော့။ ကောင်းကင်ပြင် ကြည်လင် ရှင်းသန့်နေခဲ့ပါသည်။ သို့သော် ကျနော့်ရင်တခွင် အမည်မဲ့ ဝေဒနာတချို့နှင့် လွှမ်းအုပ် မှုန်မှိုင်းကာ စိတ်လက်ပင်ပန်းနေသည်။ ကျနော်နှစ်သက်သော ညောင်ရွက်ခတ်သံတို့ကိုသာ ငြိမ်သက်စွာ နားထောင် နေမိသည်။ ညောင်ပင်နံဘေးက စေတီငယ်ထက်ပင် ကျနော်တိတ်ဆိတ် နေရော့သလား။

လူတွေပျားပန်းခပ်မျှ လှုပ်ရှားနေသော်လည်း သူတို့ဆီကအသံ ကျနော့်အာရုံထဲ တိုးမ၀င်။ ကြည်ပြာရောင် အဆင်းသဏ္ဌာန် တစ်ခုသာ ရင်ထဲ လင်းလဲ့နေသည်။ မမ...။ မမရဲ့ အလှဟာ အဲဒီ့ညနေမှာ ဖြာဆင်းကျနေပါသည်။

မျက်ဝန်းညိုများကို စူးစိုက်ကြည့်လိုစိတ် ဆူဝေလာစဉ်မှာပဲ သူ ကျနော့်ကို လက်ရပ် လှမ်းခေါ် သည်။ အသံမထွက်သော်လည်း ပါးစပ်လှုပ်ရုံ ''ထင်'' ဟုလည်း ရေရွတ်လိုက်ပုံ ရသည်။ ခြေတဘက်ကိုလည်း အသာဆောင့်သည်။

ကျနော် ထိုကြည်ပြာရောင် အလှတရားထံပါး တိုးဝင်သွားခဲ့ပါသည်။ ''ထင်၊ မီးခိုးတွေ မမွှန် တော့ပါဘူး၊ ဒီမှာပဲနေနော်၊ မမကို ကူလုပ်ပေး။'' ကျနော် အသာပဲ ခေါင်းညိမ့်ပြလိုက်သည်။ ကျနော့်အင်္ကျီ လက်မောင်းစကို အသာဆွဲခေါ်သွားသည်။

''သွား လက်ဆေးချည်၊ နင့်ကို မုန့်လုံးနည်း ပြပေးမယ်၊ လူမရှိပါဘူးဆို သူက အေးအေးလေး သွားထိုင်နေတယ်။''

''မိန်းမတွေအလုပ်၊ မကြိုက်ပါဘူး'' လို့ ကျနော်ကတိုးတိုးပြောတော့ Shut up! ဆိုပြီး မျက်စောင်းထိုးပါတော့သည်။

''မျက်စောင်းအညိုကြီးမထိုးနဲ့၊ ကြောက်လို့။'' ဆိုတော့.... အင်္ကျီစပေါ်က မမရဲ့ လက်ညှိုးနဲ့ လက်မဟာ ကျနော့်လက်မောင်းပေါ် ရောက်လာတော့တာပေါ့။ အလွန် နှစ်သက်လိုလားဖွယ်ကောင်းတဲ့ နာကျင်မှုမျိုးပေါ့ မမ..ရယ်။ ...........။

တခါကညနေမှာ

ညောင်ရွက်သံ နံဘေး တခါကညနေမှာ
မြင့်မြတ်အလှ လင်းလဲ့ဖြာရာ သူ့အပါး
အထီးကျန် တွေဝေစိတ်ဖြင့်၊ ခိုဝင်၍နားခဲ့စဉ်
သူ့မျက်ဝန်းညိုတွင်
အကြင်နာအရောင် သမ်းလေသလားရယ်လို့
စိတ်တေလေ အမိုက်အမဲက
ခရေ အိပ်မက် ဇွတ်ဖန်ဆင်းခဲ့။

အိပ်မက်သည် တိမ်းမက်ဖွယ်ရနံ့ဖြင့်
ယစ်မူးစေ ထုံအီမွှေး နေလည်း
တကယ်ဆို ဒါဟာ အပြစ်ဖြစ်သမို့
တွယ်တာနှောင် မဖွဲ.သင့်ပါဟု၊
ရင်နာစွာ နှုတ်ဆိတ်ခြင်းဖြင့်သာ
မှားမိတဲ့အချစ်ကို ကြေအောင်ဆပ်ရတယ်
တခါကညနေမှာ။



သူ့အဆောင်ဆီ သွယ်တန်းနေသော ကွန်ကရိလမ်းသွယ်ပေါ်တွင် တည်မီရာမဲ့ လွင့်ရသော သစ်ရွက်အသေများသို့ပင် ကျနော် ဆောက်တည်ရာမဲ့နေသည်။ မမ ရဲ့ မျက်နှာကို ကြည့်မိလျှင် အသိလွတ်ခါ တမေ့တမော ဖြစ်လိမ့်မည်။ စကားပေါက်ဖောက်နေသော သူ့ဘေးက တစ်ယောက်ကိုသာ ခေါင်းကို အလိုက်သင့် ညိမ့်ပြနေမိသည်။ (ဘာတွေပြောနေမှန်းတော့ ဘယ်သိမလဲ၊ စိတ်က ဖျောက်ဆိပ်ပင်ကြားက တိုးထွက်လာတဲ့ နေပြောက်တွေ မွှေးညှင်းနု စိမ်းစိမ်း ရိပ်ရိပ်လွှမ်းရာ မမ လက်ဖျံပေါ် ဆော့ကစားနေတာ ဆီ ရောက်နေတာကိုး။)

''ဟုတ်လား၊ လင်းထင်။''

''ဘာလဲ မမ။''

''သီတာပြောနေတာလေ၊ သူ့အတန်းထဲက ကလေးတွေကပြောတယ်..တဲ့၊ ညက အဆောင်လမ်းကြားထဲမှာ ကိုလင်းထင်ကြီးတို့အဖွဲ့ တညလုံး သောင်းကျန်း နေတာဆို။''

''ဘယ် အဆောင်ကကောင်မလေးတွေလဲ၊ အခုလိုပြောတာ။ ညကတော့ သူတို့ပဲလားတောင် မသိဘူး၊ ရှိသမျှအကုန် ထုတ်ကျွေးနေပြီးတော့များ၊ နောက် ဟိုသီချင်းဆိုပါဦး၊ ဒီသီချင်း ဆိုပါဦးနဲ့။''

''အဲဒါနဲ့ပဲ နင်က တညလုံးနေစရာလား၊ ဟိုက အတန်းပေါက်စနကဟာတွေ၊ ထင်က ဂုဏ်ထူးတန်း၊ နောက် သူတို့ဆိုခိုင်းတိုင်း မဆိုနဲ့၊ အိမ်စောစောပြန်၊ စာကျက်။''

'' အောင်မလေး ၀တ်ရည်မ...ရယ်၊သူ့မေဂျာက ချာတိတ်ထိတော့ ဖြစ်နေလိုက်တာ။''

ကျနော့်နားထဲမှာ ဗုံးခွဲလိုက်သလိုပဲ၊ သူ့မေဂျာက ချာတိတ် ဆိုတဲ့ စကားလုံးဟာ အကျယ်ကြီး ပေါက်ကွဲ တယ်၊ အိပ်မက်ကို အကြမ်းပတမ်း လှုပ်ခါနှိုးသလိုပဲ။ နေပါဦး၊ ကျနော် မနိုးထချင်သေးဘူး။ အာခေါင်တွေခြောက်လာတယ်။ တအား အော်ဟစ်ပစ်လိုက်ချင်တယ်။

ရင်မှာ သံသယက ရုတ်တရက် ကြီးစိုးလာတယ်။ ဒီစကားလုံးကိုပြောချင်လို့ သူတို့ကြိုတင် စည်း၊၀ါးရိုက်ထားကြတာလား။ မမ မျက်နှာပေါ် အပြေးအလွှား အဖြေရှာကြည့်မိတယ်။

မမ မျက်နှာဟာ ၀င်းမွတ်ကြည်လင်မြဲ၊ မျက်သားပြာပြာ မျက်အိမ်ညိုညိုမှာ အဓိပ္ပာယ်ဝှက်တို့ ကင်းစင်မြဲ၊ တမ်းမက်မိတဲ့ နှုတ်ခမ်းမွှေးရေးရေးအောက်က တင်းပြည့်ကျယ်ပြန့်တဲ့ နှုတ်ခမ်းဖူးတစ်စုံဟာ ကြင်နာယောင်အပြုံးကို ဆောင်ထားမြဲပါလေ.....။

''မမ၊ ဟိုးမှာကြည့်၊ အဲဒါ ဟင်္သာတွေ။''

''အင် ဟုတ်လို့လား၊ လှလဲမလှဘူးတော့။'' မျက်မှောင်လေးကျုံ့ ၊ ခေါင်းလေးရမ်းပြီးဆိုလေသည်။

ကျနော် ပြုံးမိသည်။ ''ဒါပေါ့မမရယ်၊ ဟင်္သာဆိုတာ ပျံနိုင်တဲ့ ရေဘဲတွေပါပဲ။ မမစိတ်ထဲက ရွှေရောင်တွေ၊ အချွန်အတက်တွေကို ကျနော်ဖျက်စီးမိရင် ခွင့်လွှတ်။''

မြစ်ဘက်က တိုက်လာတဲ့လေတွေဟာ မမရဲ့ အင်္ကျီစကို တဖျပ်ဖျပ် လှုပ်ခါနေစေတယ်။ ဆံနွယ်တွေလည်း ကျနော့်မျက်နှာရှေ့ ဝေ့၀ဲလို့ပေါ့။ ဘုရားရင်ပြင်ပေါ်က အငွေ့အသက်ဟာ ဆည်းလည်းသံတို့နောက်ခံနဲ့ ပေးမြဲဖြစ်တဲ့ ငြိမ်းအေးမှုကို ကမ်းပေးနေသော်ငြား ကျနော့်ရင်အစုံဟာ မတည်ငြိမ်နိုင်၊ သို့သော် မမအနား နေရခြင်းဆိုတဲ့ ပီတိတို့နှင့် ညွတ်နူးနေခဲ့ပါသည်။

ဆည်းဆာနေခြည်ကြောင့် ဧရာဝတီသည် အနီစွေးစွေးသန်းကာ စီးဆင်းနေသည်။ အနောက်ရိုးမရဲ့ အကွယ်သို့ နေလုံးနီနီ် တဖြည်းဖြည်း နိမ့်ဝင်ကျဆင်းနေတာ တားဆီးမရ နိုင်သလိုပဲ မမကို အဆောင်ပြန်ပို့ရမည့် အချိန်လည်း ဂရုဏာမဲ့ ရက်စက်စွာ ချည်းကပ် လာသည်။

မြစ်ရယ်၊ တိမ်ရယ်၊ သဲသောင်တို့ရယ်နဲ့ တဆက်တစပ်တည်း ဖွဲ့တည်နေသော မြစ်ကမ်းနဖူးထက်က သပ္ပာယ်လှတဲ့ ရွှေဘုရားထံပါးကနေ ချစ်ရသောသူကို ယူဆောင်ကြဉ်းပြီး အသက်မဲ့တိတ်ဆိတ်လို့ ဝေးကွာခြင်းသဏ္ဌာန် ခြုံလွှမ်းထားသော အဆောင်အတွင်းသို့ ပြန်လည်ပေးပို့ရမှာ ကျနော့်အတွက် ဘယ်လောက် ဆင်းရဲပင်ပန်းစေတယ်ဆိုတာ မမ မသိဘူးမဟုတ်လား။

အပြန်ခရီးမှာ ရွှေဘုရား၏ အဝေးတစ်နေရာတွင် ရေညှိတို့ အစွန်းစွန်း အထင်းထင်းနှင့် မဲမှောင် ညစ်ထေး ဆွံ့အစွာ မဆိုင်သဖွယ် ငုပ်တုပ်ထိုင်နေရသည့် ဘီလူး၂ကောင်၏ ပုံရိပ်သည် ကျနော့်ရင်ထဲ ဖိစီးလေးလံစွာ နေရာယူလာခြင်းနဲ့အတူ... ငါလည်း တစ်နေ့ မမရဲ့ အဝေး အမှောင်ရိပ်တစ်နေရာမှာ သူစိမ်းတစ်ယောက် အဖြစ်မျှသာ ဆွံ့အတိတ်ဆိတ် နေရမှာပါ့လား ဟူသော ၀မ်းနည်းဖွယ် ခံစားချက်တို့ အုံ့မှိုင်းလို့နေခဲ့ပါတယ်။



မမတို့ ခရေဆောင်အနောက် ငှက်ပျောတောထဲတွင် ကျနော်က ငှက်ပျောရွက်တွေ ခူးနေတုန်း (အမှန်က ဓားမနဲ့ခုတ်နေရတာ) မမက မမပီသစွာပင် ''ထင်၊ ဟိုအရွက်၊ဒီအရွက်'' ဆိုပြီး ကျနော့်ကိုဆရာလုပ်လိုက်၊ သူ့ခြေဖမိုးပေါ်တက်တက်လာတဲ့ ပုရွက်ဆိတ်တွေကို ခြေထောက်ခါချရင်း ခုန်ဆွ၊ခုန်ဆွ ဖြစ်နေလိုက်နဲ့ အလုပ်ရှုပ်လို့ နေသည်။

''မမရယ်၊ သွားပါဆိုလဲမရဘူး၊ ဒီမှာ မမကိုရှောင်နေရတာက တမှောင့်၊ ထမနဲထိုးမှာနဲ့ ငှက်ပျောရွက် နဲ့လည်း ဘာဆိုင်လို့လဲမသိဘူး၊ အလုပ်ကိုရှုပ်နေတာပဲ။''

''ကိုလင်းအေးထင်၊ ပွစိ ပွစိပြောမနေနဲ့၊ ရှင်နဲ့ အကောင်ရှည်တွေ့မှာစိုးလို့ လိုက်လာတာ သိလား၊ ဟိုနေ့က အဆောင်ထဲတောင် တစ်ကောင်ဝင်နေသေးတယ်။ ပြီးတော့ ရှင့်ကို ဆရာမအငယ်တွေ တစ်ယောက်ကမှ ကြည့်မရဘူး၊ ဌာနအတွက် ဘာမှ လုပ်မပေးဖူးဘူးတဲ့။''

''အိုး..ကျနော်မှ ၀ါသနာမပါတာ၊ ကောင်မလေးတရုန်းရုန်းနဲ့ လုပ်ချင်နေတဲ့သူတွေ ပြည့်လို့၊ အခုတောင် မမကိုအားနာလို့လာတာ။''

''အေး၊ အရင်နှစ်တွေတော့ ကျုပ်လည်း ဒီမှာမရှိလို့မသိဘူး၊ အခု ရှင်က ရှင့်အတန်းထဲမှာ ယောက်ျားလေး တစ်ယောက်ထဲ၊ ဒီတော့ လုပ်ရမယ်၊ ဒါပဲ။''

''ကဲပါ မမရယ်၊ ထင် လုပ်ပါ့မယ်၊ မမသာသွား....ထင်က ဒီကျောင်းဝင်းထဲ မွေးပြီး ဒီကျောင်းဝင်းထဲ ကြီးလာတာ၊ ဘာမြွေမှ မကြောက်ဘူး၊ ဟုတ်ပလား''

''အဲ့လိုကြီးနာမည်တပ် မခေါ်ပါနဲ့ဆို၊ ငါ့မောင်လေးနားမှာပဲ....နေမယ်၊ ပြီးတော့..... ငှက်ပျောရွက် တွေ..... ကူသယ်ပေးမယ်..။'' ကလေးများ အသံလေးတွေဆွဲပြီး စကား ပြောသလို မမက ချစ်စဖွယ်ဆိုတော့ ကျနော် ကြည်နူးစွာ ရီမောမိတော့သည်။

ဂျင်းအပြာဂျက်ကက်နဲ့ လှလှလေးဖြစ်နေမြဲ ဖြစ်နေသည့် မမရဲ့ ''ထင်၊ ဟိုအရွက်၊ဒီအရွက်'' ဆိုတဲ့ ဆွဲလဲသံများ ငှက်ပျောတောထဲမှာ ထိုနေ့မနက်က ဝေစည်နေခဲ့ပါသည်။

''ဟေ့ ဟိုတစ်ယောက်က အောနပ်စ်တူးက မဟုတ်လား၊ ဘာလာလုပ်နေတာလဲ၊ သူငယ်ချင်းတွေကို စောင့်ချင်ရင် အပြင်မှာသွားစောင့်ချည်၊ တစ်ယောက်ယောက်အစား လာတာဆိုလဲ သိသိကြီးနဲ့တော့ လက်မခံနိုင်ဘူးနော်။''

ဆရာမကြီးဒေါ်စွာစီလောင်ရယ်၊ ကျနော့် နွေဦးကို လာဖူးမျှော်တာပါဗျာ၊ ဆရာမကြီးကြည့်ရတာ ဘ၀မှာ ကွမ်တမ်မက္ကင်းနစ်ရယ် နြူကလီယားဖီးဇစ်ရယ်နဲ့ နွေဦးအလီလီကို လဲလှယ်ခဲ့ပုံရတယ်။ အခန်းအပြင်က နွေဦးကိုလည်း သတိမပြုမိ၊ အခန်းထဲက ကိုယ့်လုပ်ဖော်ကိုင်ဘက် ဆရာမ ချောချောလေးဟာလဲ အလှပဆုံးနွေဦးပုံတူလေးဆိုတာတောင် မမြင်နိုင်အောင် အလှတရားနဲ့ တဘ၀စာ အလှမ်းဝေးနေပြီလား။

အတန်းကိုကျောပေးထားရက်သား၊ ကျူတိုရီယယ်စာအုပ်ပုံတွေ အကြားမှာ ခေါင်းနစ်ပြီး အလုပ်ရှုပ်နေတဲ့မမ ခေါင်းလေးမတ်လာပြီး နားစွင့်ထားပုံနဲ့ ခပ်တောင့်တောင့်လေးတစ်ချက် ဖြစ်သွားသည်။ ပြီးတော့၊ ချာကနဲ လှည့်ကြည့်လာသည်။ အိုး.... ကျနော် တစ်လလောက် အရမ်းကို ရူးရူးမူးမူး လွမ်းဆွတ်ခဲ့သော အညိုရောင်မျက်ဝန်းတစ်စုံရဲ့ အကြည့်ဟာ ချက်ချင်းပဲ ကျနော့်အပေါ်ကျရောက်လာသည်။

ကျနော်ကို မမျှော်လင့်ပဲတွေ့လိုက်လို့ မမပျော်သွားလား။ နွေဦးလိုကြည်လင်သန့်စင်တဲ့ မျက်နှာပေါ် အပြုံးရိပ်တွေ စွန်းထင်းလာသည်။ မမထိုင်နေတဲ့ စားပွဲခုံဆီ ကျနော် လျှောက်သွားသည်။

''လင်းထင်... ဘယ်တုန်းကပြန်ရောက်တာလဲ။'' မေးပြီးမှ နီနေတဲ့ကျနော့်မျက်လုံးကို သတိထားမိ သွားပုံရသည်။ ချက်ချင်း မျက်စောင်းထိုးတော့သည်။ ပြီးတော့ မျက်လုံးလေးပြူးကာ ကြိတ်အော်သည်။
''ဟဲ့၊ တစ်ညလုံး ကားမောင်းလာတာမလား၊ အိပ်နေရင်ပြီးရော၊ ညနေကျမှ အဆောင်ဘက် လာတာ မဟုတ်ဘူး ။''

ပိုင်နိုင်သေချာလှချည်လား မမရယ်၊ မိန်းခလေးရာချီ ရှိနေတဲ့ ဒီအဝေးသင်အတန်းထဲမှာ ကျနော် ရောက်နေတာ မမတစ်ယောက်အတွက်ဆိုတာ မမသိနေတာကိုပဲ ကျနော်ကျေနပ်ပါတယ်။

''ထင်ပြန်အိပ်မှာပါ၊ မမနဲ့ မတွေ့ရတာ တစ်လလောက်ရှိပြီမလား''

''အင်းပါ၊ သွားတော့၊ ဟိုတစ်ယောက်က နင့်ကို ကွိုင်ရှာလိမ့်မယ်'' မမက ရီဟဟနဲ့ ဒေါ်စွာစီလောင်ဘက် မေးငေါ့ပြသည်။

''ဟိတ်...ထင်'' ဆက်မပြောသေးပဲ မမ ခဏတုန့်သွားသည်။ ပြီးတော့မှ ဆက်ပြောသည်။ ''ချက်ခြင်းကြီးတော့ ထွက်မသွားနဲ့နော်၊ ခဏနေလိုက်ဦး။'' ပြောရင်း မမရဲ့ မျက်နှာပန်းရောင်သန်း သွားသည်။

အဲ့လိုပဲ မမရှက်ပြီဆို၊ ၀ါဝင်းနှစ်နေတဲ့မျက်နှာပေါ် ပန်းရောင်ရှက်သွေး ဖြန်းကနဲ လာဟပ်တတ် သည်။ ကျနော် ခေါင်းကိုအသာဆပ်ပြီး စောစောက ထိုင်နေခဲ့တဲ့ သူငယ်ချင်း တချို့ရှိရာ ခုံတန်းကို ပြန်လာခဲ့သည်။ ကျနော် နားလည်ပါတယ် မမ.ရယ်။ မျက်လုံးပေါင်းများစွာ အောက်မှာ မမကို လာတွေ့ရုံ သက်သက် ကျနော်ရှိနေခဲ့တာကို မပေါ်လွင်ရစေ့ပါဘူး။

မသိတော့ဘူး မမရယ်။ အဓိပ္ပာယ်အတိကျ မပြဌာန်းဖြစ်တဲ့ ကျနော်တို့ နှစ်ဦးကြားက ကြိုးမျှင်တန်းဟာ ကြည်လင်တောက်ပတဲ့ နွေဦးနံနက်ခင်းမှာတောင် ကိုယ်ယောင်ပျောက် နေဆဲပါပဲ။



အနောက်ဖက်ကမ်းသို့ကူးမည်။ မမကို နဂါးပွက်တောင် လိုက်ပြမည်။

ထိုနေ့က မြစ်မှာ လှိုင်းသိပ်မရှိပေမယ့် မိုးက အုံ့နေသယောင်မို့ ပဲ့ထောင်နဲ့မကူးဖို့ ဆုံးဖြတ်ခဲ့သည်။ မမကတော့ သိပ်မကျေနပ်။ ကျနော် တခါပြောထားသလို ဧရာဝတီကို ပဲ့ထောင်နဲ့ကူး၊ ဟိုဘက်ရောက်မှ ရထားငှားပြီး ဟိုဒီသွားဖို့ စိတ်ကူးထဲ ပုံဖော်ထားနှင့်သည်။ ဒီ မမနဲ့တော့ ခက်ပါသည်။

''အဲဒီ့ထင်ဟာလေ.. မမ မကြောက်ပါဘူးလို့ ဆိုနေမှ၊ သိပ်ခက်တာပဲ။ အလကား.... သူ သတ္တိမရှိတိုင်း၊ ဟိတ်...ပြောလေ ဟုတ်တယ်မလား...လို့။''

''ဟုတ်တယ်၊ ဟုတ်တယ်။''

''အခုကြည့်ု၊ မြင်းလှည်းလဲ စီးရတော့မှာမဟုတ်ဘူး၊ ထင့်ကြောင့်။'' ကျနော် ဇက်ဆိပ်ဆီသို့ ကားမောင်း နေတုန်း မမက ဘေးနားကနေ တချိန်လုံး ဆူပူမူနွဲ့ကာ လိုက်လာသည်။

မြစ်ကို ဇက်ခရပ်(ထ်) နဲ့ ကူးနေချိန်မှာတော့ ပတ်ဝန်းကျင်အလှမှာ နစ်မျောရင်း မမ ဆိတ်ငြိမ်နေခဲ့သည်။

ထိုနေ့က နဂါးပွက်တောင်မြင်ကွင်းကို မေ့မရနိုင်။ တိမ်တို့ညိုမှိုင်းလို့ ခဲသားရောင်နောက်ခံမှာ မွဲပြာပြာ အငွေ့အသက်တို့ လွှမ်းခြုံပြီး ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။

ချော်ရည်တောင်သို့ အတက်ဟာ ခပ်ပြေပြေပါပဲ။ တောင်ထိပ်ဝတွင် ချော်ရည်တို့ တဗွက်ဗွက်ပွက်ထ နေသည်။ ကမ္ဘာဦးရဲ့ ရှုမျှော်ခင်းဆိုတာလဲ ဒီအတိုင်းပဲ နေမှာပေါ့။ တလောကလုံးမှာ သက်ရှိဆိုလို့ ကျနော်တို့ နှစ်ဦးသာလျှင် ရှိနေခဲ့သလိုပဲ။ ကျနော့်နှုတ်ကနေ စကားတစ်ခွန်း ပွင့်အံကျ သွားသည်။

''I am feeling like Adam who's just got expelled from Paradise.''

မမက ကျနော့် မျက်နှာကို သေသေချာချာ လှည့်လို့ကြည့်သည်။ ကျနော့်မျက်လုံးတွေကို မမစူးစိုက် ကြည့်လာစဉ်မှာပဲ ကျနော့်ရင်ထဲ စိုးရိမ်လာမိသည်။ ကျနော်ဟာ မမရှေ့မှောက်မှာ ပွင့်နေတဲ့ စာအုပ်တစ်အုပ်လိုပဲ၊တခါမှ ကျနော် ဒီလောက် အကာအကွယ်မဲ့သလိုမျိုး မခံစားဖူးဘူး။

''Shush!'' မမ...က တိုးတိုးလေးဟန့်လိုက်ပြီး ကျနော့်နှုတ်ခမ်းပေါ် သူ့လက်ညှိုးလေး ထိကပ်လာသည်။

အချိန်တွေ ပြဒါးရည်သဖွယ် အေးခဲကုန်သည်။

ကျနော့် ပုခုံးစွန်းပေါ် မမဦးခေါင်း လာရောက် တည်မှီ ခဲ့လေလား။

နာရီတွေ ချော်ရည်သဖွယ် အရည်ပျော် စီးဆင်းခဲ့ပြီ။

ရင်ခုန်သံတို့ စည်းချက်လွဲ ပြင်းစွာ ပွက်ထခဲ့ပေါ့... ဒီနဂါးပွက်တောင်ထိပ်မှာ။

 

                             လင်းအေးထင်