Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

than htay maung

 

နံရံ (၁)

 

မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...။

 

ပိုင်ဆိုင်မှုတွေကို သိပ်သိပ်သည်းသည်း သိမ်းဆည်းထားတတ်တဲ့ တစ်စုံ တစ်ခုပေးဆပ်မှု လုံးဝမရှိတဲ့၊ တပ်မက်မှုကြီးလွန်းတဲ့၊ စွဲလမ်းရှိုက်မက်တတ်တဲ့၊ မျှဝေဖို့ ၀န်လေးတဲ့၊ လျော့ရဲကွယ်ပျောက်တတ်မှု သဘာဝကို အဓမ္မ လွန်ဆန်ချင်တတ်တဲ့၊ အဲဒီ အဓိပ္ပါယ်တွေ အပြင် တခြားဘာကိုမှ မညွှန်းဆိုနိုင်တဲ့ မျက်လုံးအစုံကို ရင်ဆိုင်လိုက်ရတယ်။


မုန်းလိုက်တာ။ ‘ရောင့်ရဲမဲ မျက်လုံးအစုံ’ ဟာ သိပ်ကို မုန်းဖို့ကောင်းတယ်။ လှိုက်လှိုက်လှဲလှဲကို မုန်းတယ်။ မမြင်ချင်ဘူး။ လုံးဝ မမြင်ချင်ဘူး။

 

နံရံ(၂)

 

ကြောက်တယ်... ကြောက်တယ်... ကြောက်တယ်...။

 

ခြေခြေမြစ်မြစ်မရှိဘဲ တောင်ပြောင်ခက်ထန်တတ်တဲ့ တည်ငြိမ်မှုမဲ့

 

ရမ်းကမ်းလှုပ်ရှားတတ်တဲ့၊ အရာရာကိုပြစ်တင်ကြိမ်းမောင်းတတ်တဲ့၊ ရန်သဘောကို ဦးတည်တတ်တဲ့၊ တင်းတိမ်မှု ကင်းမဲ့လွန်းတဲ့၊ ကြီးထွားရှင်သန်လာမယ့် သဘောကို မီးထိုးလေပင့်တတ်တဲ့၊ အဲဒီ အဓိပ္ပါယ်တွေ အပြင် တခြား ဘာကိုမှ မညွှန်းဆိုနိုင်တဲ့ မျက်လုံးအစုံကို ရင်ဆိုင်လိုက်ရတယ်။

 

ကြောက်လိုက်တာ။ ‘ခြိုးခြံမှုမဲ့ မျက်လုံးအစုံ’ ဟာ သိပ်ကို ကြောက်ဖို့ကောင်းတယ်။ ခါးခါးသည်းသည်းကို ကြောက်တယ်။ မမြင်ရဲဘူး။ လုံးဝမမြင်ရဘူး။


နံရံ(၃)

 

မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...။

 

ကျိုးကြောင်းဆက်စပ်မှုကို နားမလည်တဲ့၊ အဓိပ္ပါယ်မဲ့တွေကို တသသ တရိုတသေ သိမ်းဆည်းထားတတ်တဲ့၊ သဘာဝတရားကို တစ်ဖက်သတ် တွန်းလှန်လိုတဲ့၊ ထိန်းချုပ်ခြင်းတရားကို အရာရာနဲ့ စံထားဆုပ်ကိုင်လိုတဲ့၊ ပဓာနထက်သာမည၊ အစစ်ထက် အဆစ်ကို ကိုးကွယ်တတ်တဲ့၊ မပိုင်း မဆစ် မခွဲမခြမ်းဘဲ ဝှေ့ယမ်းသိမ်းကြုံးအဖြေထုတ်တတ်တဲ့ မျက်လုံးအစုံကို ရင်ဆိုင်လိုက်ရတယ်။

 

မုန်းလိုက်တာ...။ ‘ဆင်ခြင်မဲ့ မျက်လုံးအစုံ’ ဟာသိပ်မုန်းဖို့ကောင်းတယ်။ နှစ်နှစ်ကာကာကို မုန်းတယ်။

 

မမြင်ချင်ဘူး။ လုံးဝမမြင်ချင်ဘူး။

 


နံရံ(၄)

 

ကြောက်တယ်... ကြောက်တယ်... ကြောက်တယ်...။

 

ပိုင်ဆိုင်မှုတွေ အပေါ် မြတ်နိုးဂုဏ်ယူတတ်လွန်းတဲ့ ပိုင်ဆိုင်မဲ့မှုအပေါ် ဥပေက္ခာပြုတတ်တဲ့၊ အသိအမှတ်ပြုမှုအပေါ် သာယာတတ်လွန်းတဲ့၊ လစ်လျူရှုမှု အပေါ် တန်ပြန်တုံ့ပြန်တတ်တဲ့၊ တန်ဖိုးတစ်ခုကို အထိအခိုက် အပွန်းအပဲ့ လုံးဝကင်းမဲ့တဲ့အထိ မြှင့်တင်ယုယလွန်းတဲ့၊ တစ်စုံတစ်ခုတည်းကိုသာ ယုံကြည်တတ်ပြီး အဆစ်ရယ်လို့ မကြည်ညိုတတ်တဲ့ ‘စံ’ ကို စံထားနှိုင်းတတ် လွန်းတဲ့ မျက်လုံးအစုံကို ရင်ဆိုင်လိုက်ရတယ်။

 

ကြောက်လိုက်တာ။ ‘ပျပ်ဝပ်မဲ့ မျက်လုံးအစုံ’ ဟာ သိပ်ကို ကြောက်ဖို့ကောင်းတယ်။ စူးစူးနစ်နစ်ကို ကြောက်တယ်။

 

မမြင်ရဲဘူး။ လုံးဝ မမြင်ရဲဘူး။

 


နံရံ(၅)

 

မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...၊ မုန်းတယ်...။

 

စူးရှနက်နဲ ထိုးဝင်စွာ စူးစမ်းလွန်းတဲ့၊ ဖွင့်ဟပွင့်လင်းမှုကို သိုသိုသိပ်သိပ် လျှို့ဝှက်ရင်း တစ်စေ့တစ်စောင်းချောင်းမြောင်းတင်းဆိုတတ်တဲ့၊ မရေရာမှုတွေ အပေါ်ရေရာနိုးအသိနဲ့ မျှော်ကိုးစိတ်ဝင်စားတတ်တဲ့၊ တိုက်ဆိုင်မှုကိုပဲ တရားသေစွဲလန်းဖို့ ၀န်မလေးတတ်တဲ့၊ ‘မဲ့’ ကို ‘ရှိ’ အဖြစ် စိတ်ချ လိုက်ဖို့ကြိုးစားတတ်တဲ့၊ မပီမပြင် တစ်ပိုင်းတစ်စတွေကိုသာ အရသာခံ တတ်တဲ့၊ ‘လေ’ ကို ‘မြူ’ လို့ ဇွတ်ယုံတတ်တဲ့ မျက်လုံးအစုံကို ရင်ဆိုင်လိုက်ရတယ်။

 

မုန်းလိုက်တာ။ ‘ယုံကိုးမဲ့ မျက်လုံးအစုံ’ ဟာ သိပ်ကို မုန်းဖို့ကောင်းတယ်။ နင့်နင့်နဲနဲကို မုန်းတယ်။

 

မမြင်ချင်ဘူး။ လုံးဝ မမြင်ချင်ဘူး။


 

နံရံ(၆)

 

ကြောက်တယ်... ကြောက်တယ်... ကြောက်တယ်...။

 

ပိုင်ဆိုင်မှုတွေကို လိုချင်တတ်မက်ရင်း ပိုင်ဆိုင်မဲ့မှုကို ရင်ဆိုင်သိမ်းဆည်းထားရတဲ့ ပိုင်ဆိုင်မဲ့မှုကို ပူဆွေးတုန်လှုပ်တတ်တဲ့၊ အသိအမှတ် ပြုမှုကို ရူးမိုက်တမ်းတရင်း လစ်လျူရှုမှုကိုသာ တင်းတိမ်လိုက်ရတတ်တဲ့၊ ဥပက္ခာတွေကို ခါးသည်းထိတ်လန့်လေ့ရှိတဲ့၊ ပတ်ဝန်းကျင်မှာ တရားကိုယ်ထတ် ပိုနေတာမျိုးကို လက်မခံချင်တတ်တဲ့၊ အစွမ်းအစကိုသာ အားကျပြီး အရည်အချင်းအတွက် မကြိုးစားတတ်တဲ့၊ ဖြူစင်သန့်ရှင်းမှုတွေရဲ့ ရလဒ်ကို ညိုညစ်စံနဲ့ တိုင်ထွာမလိုလားချင်တဲ့ မျက်လုံးအစုံကို ရင်ဆိုင်လိုက်ရတယ်။

 

ကြောက်လိုက်တာ၊ ကြေချမ်းမဲ့ မျက်လုံးအစုံ ဟာသိပ်ကို ကြောက်ဖို့ကောင်းတယ်၊ သိမ့်သိမ့်သည်းသည်းကို ကြောက်တယ်။

 

မမြင်ရဲဘူး၊ လုံးဝမမြင်ရဲဘူး။

 

နံရံတွေကို ကျောခိုင်းလိုက်တယ်။

 

ရှေ့မှာ နံရံတစ်ခု။

 

ကြေးမုံ နံရံတစ်ခု။

 

ကြေးမုံနံရံပေါ်က မျက်လုံးအစုံ။

 

အို...မုန်းတယ်။ ပြီးတော့... ကြောက်တယ်။

 

ကြေးမုံနံရံပေါ်က မျက်လုံးအစုံဟာ ခြိုးခြံမဲ့၊ပျပ်ဝပ်မဲ့ မျက်လုံးအစုံပဲ ဖြစ်နေပြန်တယ်။

 


နံရံပေါ်က နံရံ (၂) နဲ့  နံရံ (၄) ပေါ်က မျက်လုံးအစုံမျိုး။

 

မတူပါနဲ့။ မတူပါနဲ့။

 

ဘာလို့ တူရတာလဲ။ မတူရဘူး၊ လုံးဝမတူရဘူး။

 

ဒါပေမဲ့....

 

သေချာပါတယ်။ ကြေးမုံနံရံပေါ်က မျက်ဝန်းအစုံဟာ နံရံ(၂) ပေါ်က ခြိုးခြံမဲ့ မျက်လုံးအစုံနဲ့ နံရံ(၄)ပေါ်က ပျပ်ဝပ်မဲ့ မျက်လုံးအစုံမျိုးပါပဲ။

 

မမြင်ချင်ဘူး...။ လုံးဝမမြင်ချင်ဘူး။

 

အပေါ်မျက်ခွံတွေကို ကမန်းကတန်းဆွဲချလို့ မျက်ဝန်းတံခါးကို စေ့စေ့တင်းတင်းပိတ်လိုက်တယ်။

 

နံရံနက်တစ်ခုဟာ ပိတ်ထားတဲ့ မျက်လုံးအစုံမှာ ကြိုရောက်နေနှင့်တယ်။

 

နှလုံးခုန်သံတွေ မြန်နေတာ ကို ကြားနေရတယ်။

 

အသက်မှန်မှန်ရှုဖို့ ကြိုးစားရမယ်။

 

နှာသီးဖျားမှာ လေတိုးနေတာကို ခံစားနေရတယ်။

 

ဝင်လာတယ်၊ ထွက်သွားပြီ။ ၀င်လာတယ်၊ ထွက်သွားပြီ။

 

ဝင်တယ်၊ ထွက်တယ်၊ ၀င်တယ်၊ ထွက်တယ်၊ ၀င်တယ်၊ ထွက်တယ်၊ ၀င်တယ်၊ ထွက်တယ်၊ ၀င်တယ်၊ ထွက်တယ်.....။

 

............။


 

နှလုံးခုန်သံတွေ ပုံမှန်ဖြစ်လာတယ်။

 

ကြိုရှိနှင့်တဲ့ နံရံနက်ပေါ်မှာ မီးစုန်းရောင်ပြန်တောက်နေတဲ့ စက်ဝိုင်းနဲ့ နက်မှောင်တစ်ရှူးမှင် ဖြာထွက်နေတဲ့ စက်ဝိုင်းနှစ်ခုကို မြင်ရတယ်။

 

ပိတ်ထားတဲ့ မျက်လုံးအစုံဟာ သူ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ‘သူငယ်အိမ်’ အစိတ်အပိုင်းတွေကို မြင်နေရတယ်။

 

နှလုံးခုန်သံတွေ ပုံမှန်ဖြစ်လာတယ်။

 

အပေါ်မျက်ခွံကို တဖြည်းဖြည်းမယူရင်း မျက်ဝန်းတံခါးကို ဖွင့်လိုက်တယ်။

 

ကြေးမုံနံရံမှာ မျက်ဝန်းအစုံကို တွေ့လိုက်ရတယ်။

 


ရောင့်ရဲတဲ့၊ ခြိုးခြံတဲ့၊ ဆင်ခြင်တဲ့၊ ပျပ်ဝပ်တဲ့၊ ယုံကိုးတဲ့၊ ကြေချမ်းတဲ့ မျက်ဝန်းအစုံပဲ ဖြစ်တယ်။ အားမန်သစ္စာသတ္တိတွေ ပြည့်နေတဲ့ မျက်ဝန်းအစုံပဲ ဖြစ်တယ်

 

ကြည်လင်လွန်းလှတာမို့ မျက်ဝန်းအစုံဟာ ဒိုးယိုပေါက် ထွင်းဖောက်မြင်မှန်တစ်ချပ်လို ရှင်းသန့်ထွန်းတောက်လှတယ်၊ နောက်တည်ငြိမ်လွန်းလှတယ်။

 

ကြေးမုံနံရံပေါ်က မျက်ဝန်းအစုံကို မြင်ရတာ အေးငြိမ်းရှင်းသန့်လွန်းလှတယ်။

 

နံရံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ကိုပြန်ကြည့်ချင်သွားတယ်။

 

နံရံပေါ်က မျက်လုံးအစုံတွေကို ပြန်မြင်ချင်သွားတယ်။

 

ဒီတစ်ခါ ကြေးမုံနံရံကို ကျောခိုင်းပြီးမှ နံရံတွေဆီကို မျက်နှာချင်း မဆိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

 

ကြေးမုံနံရံထဲကနေပဲ နံရံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ကို ကြည့်လိုက်တော့မယ်။

 

ကြေးမုံနံရံထဲက မျက်လုံးအစုံနဲ့ တကွ နံရံတွေပေါ်က မျက်လုံးအစုံများစွာကို ကြေးမုံနံရံ ကတဆင့်ပဲ ကြည့်တောမယ်။

 

သူရဂါမိက