Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

internet cafe

 

“အစ်ကိုရေ လုပ်ပါဦး။ ဒီမှာ ဂျီတော့ မရတော့ဘူး။ ကော်နက်ရှင် ကျသွားပြီလား မသိဘူး။” 

စင်္ကာပူမှ ရည်စားလုပ်သူနှင့် ချက် နေသော အမျိုးသမီးငယ် တစ်ဦးက လှမ်း၍ အကူအညီတောင်းသည်။

“သားရေ ပြီးရင် သြဇီကို ခေါ်ပေးဦးနော်။”

အသက် (၆၀) နီးပါးရှိပြီ ဖြစ်သော လင်မယားနှစ်ဦးမှ အင်္ဂလန်မှ သမီးနှင့် ပီဖင်းဂိုး ပြောရင်းက လှမ်းပြောသည်။


“ဟုတ်ကဲ့၊ ဟုတ်ကဲ့ လာပြီ”

ဂျပန်မှ သားနှင့် ဗွီဇက်အို ပြောရန် တာစူနေသော အမျိုးသမီးကြီး တစ်ဦးအား ဝက်(ဘ်)ကမ် တပ်ပေးရင်းမှ ကျွန်တော် လှမ်းပြောလိုက်သည်။ ဒီ အသံတွေ အင်တာနက် တစ်ဆိုင်၏ ကြားနေကြ အသံများဖြစ်သည်။ အင်တာနက်ကဖေးတွေ ပေါ်လာသည်နှင့် အမျှ လူတွေလည်း အလိုလို အွန်လိုင်းပေါ် ရောက်ကုန်သည်။ ဆက်သွယ်ရေး စနစ်သည်လည်း  ဘုရားစူး ဆက်သွယ်ရေးစနစ်ထက် သာလွန်လာသည်။

 

“ဘေဘီ အတွက်တော့ စိတ်ချပါ ကိုကို။ ကိုကိုသာ ဟိုမှာ လိမ်လိမ်မာမာနေ။”  …. အစရှိသဖြင့် အသက် (၄၅) ဝန်းကျင်ရှိ မိန်းမဝဝကြီး တစ်ဦးက ကူရှင် ထိုင်ခုံပေါ် မိန့်မိန့်ကြီး ထိုင်ပြီး နိုင်ငံခြားမှ ယောက်ကျားလုပ်သူနှင့် စကားတွေ တီတီတာတာပြောနေသည်။ အချိန်က ည (၉) နာရီ နီးနီး ရှိနေပြီဖြစ်သည်။

 

ကော်ဖီ သောက်ဦးမှဟု စိတ်ကူးရလာပြီး ဆိုင်ရှေ့ ကဖေးဆိုင်သို့ လက်ခုပ် တီးကာ ကော်ဖီ လှမ်းမှာလိုက်သည်။ မီးစက်သံနှင့်မို့ လက်ခုပ် အတော်ပင် တီးယူရသည်။ ကော်ဖီမှာအပြီး ဂျီမေးလ် ဖွင့်လို့ မရလို့ လှမ်းပြောတဲ့ သူဆီ အသွား ဒုတ်ကနဲ တိုက်မိလို့ အောက်ငုံ့ကြည့်လိုက်တော့ အစောက မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးအောက်မှာ (၃) နှစ် အရွယ် သူမ၏ သားအလှ ရတနာလေး ကြမ်းပြင်မှာ မောက်ရပ်သားလေး အိပ်မောကျနေတာ တွေ့လိုက်ရသည်။ “ဟူး” သက်ပြင်းပဲ ချနိုင်လိုက်သည်။

 

လှမ်းခေါ်နေတဲ့ လူ ဆီ သွားလိုက်ပြီး … “အော် .. အစ်ကို့ဟာက ဒီလိုဗျ။ ဒီမှာ ဂျီမေးလ် သုံးချင်ရင် အိတ်(ရှ်)တီတီပီ(http) ရှေ့မှာ အက်(စ) (s) လေး ထည့်လိုက်ရတယ်။ ဒါမှ ဖွင့်လို့ရတယ်” ဟုရှင်းပြရသည်။

 

“သြော် .. လူတွေက်လည်း အင်တာနက်ဆိုင်တွေ ပေါ်လာမှပဲ ကွန်ပြူတာနဲ့ ရင်းနှီးလာတော့တယ်။”  

 

“မင်းတို့ ကွန်ပြူတာဆိုတာ အလကားပါကွာ လက်နှိပ်စက်နဲ့ တီဗွီ ပေါင်းထားတဲ့ ဟာပါ။” ဟု တောင်မှန်း၊ မြောက်မှန်း မသိ ပြောတဲ့ လူတွေတောင် ….

“မင်းတို့ ဟာက ကွန်ပြူတာ၊ အင်တာနက်ကနေတဆင့် ကမ္ဘာတောင် ပတ်လို့ရတာပဲကွ။” ဟုပင် ပြောယူရသည်။

“အရင်တုန်းကဆို …. ”  …. တစ်ဦးတည်း ရေရွတ်လို့ မဆုံးခင်မှာ …

“ကော်ဖီခွက် ဒီနားချထားလိုက်ရမလား .. အစ်ကို” ဟု ဆိုင်ရှေ့ ကော်ဖီဆိုင်မှ ၁၃ နှစ် အရွယ် စားပွဲထိုးလေး တစ်ဦး မေးတော့ ….

“သြော် .. အေး .. အေး  အဲဒီ အနားမှာပဲ ချလိုက်ကွာ” ဟု ပြန်ဖြေလိုက်ရသည်။


 

စားပွဲထိုးလေးက ကော်ဖီခွက် ချ အပြီး သူနဲ့ သက်တူ ရွယ်တူ ကောင်လေး တစ်ယောက် အွန်လိုင်း ဂိမ်း ဆော့နေတာကို ခဏမျှ ငေးကြည့် နေလိုက်သည်။ ခဏကြာတော့ ဆိုင်ရှေ့ တံခါးဖွင့်ပြီး သူ့ဆိုင်ကို ပြန်မလို့ လုပ်တုန်း တချက်လှည့်ပြီး …..

“အစ်ကို .. အင်တာနက်ကြီးမှာ ကြိုက်တာ လုပ်၊ ကြိုက်တာမေးလို့ ရတယ်ဆို။ .. ဟုတ်လား။”

“အင်း .. ရတယ်လို့ ပြောလို့ ရတာပေါ့ကွာ။” ဟု ခပ်လေးလေး တွေးတွေးပင် ကျွန်တော် ဖြေလိုက်သည်။ ဒါနဲ့ သူက ဆက်ပြီး …..

 “ဒါဆို အဲဒီ ကောင်ကြီးကို ကျွန်တော့် အဖေ ဘယ်မှာလည်းလို့ မေးလို့ ရမလား။”

“ဟင် … ”

ကျွန်တော် ငိုင်ကျသွားည်ဟု ထင်ပါသည်။

“အလကား လျှောက်ပြောတာပါဗျာ။ ကျွန်တော်လည်း ရှာလို့ မရနိုင်လောက်ဘူးလို့ ထင်ပါတယ်။ ဆိုင်ရှင် လှမ်းခေါ် နေပြီ။ သွားတော့မယ်ဗျာ။” ဟု ဆိုကာ ပြေးထွက်သွားသည်။

 

ကျွန်တော်လည်း ခပ်သုတ်သုတ် ပြေးသွားနေသော ကောင်လေး၏ ကျောပြင်ကို စိတ်မောစွာပင် လိုက် ငေးကြည့်နေမိသည်။ အကြည့်တွေကို ဆိုင်ထဲသို့ ဖြည်းဖြည်းခြင်း ဆွဲယူလိုက်ရင်း လမ်းကူးလတ် ရောက်တော့ လူလတ်ပိုင်း ၅ ယောက် ဆိုင်၏ ဆိုင်းဘုတ် မီးရောင် အောက်၌ သဲကြီး မဲကြီး တောက်ခုံ တောက်နေသည်ကို တွေ့ရလိုက်သည်။

 

ငယ်သွေး