Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

ဝါသကြုံ

"

 အရာရာတိုင်းဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်"

 

လ္ဘက်ရည်ဆိုင်မှာ ထိုင်ရင်း ဆိုင်းမဆင့်၊ ဘုံမပါ ... ဆေးလိပ်ကို ဖွာနေရာကနေ မီးခိုးငွေ့ကို မှုတ်ထုတ်ရင်း ကိုအောင်မြင့် က လေကြီးလေကျယ် ပြောလိုက်ရင်ပဲ ဘေးက ကိုသိန်းနိုင်က ..

 

"ခင်ဗျားကလည်း အလန့်တကြားဗျာ၊ ပြောလိုက်ရင်လည်း စကားလုံး အကြီးကြီးတွေနဲ့ ... ကဲ ဆိုစမ်းပါဦး ခင်ဗျားရဲ့ သီအိုရီ"

 

"ဟကောင်ရ ... အဲဒါ ငါ့ သီအိုရီပဲလေ .... အရာရာတိုင်းဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်။"

 

"ခင်ဗျားက အင်တာနက်ကနေ ဟိုအတိုအထွာတွေ ဖတ်၊ ဒီ အတိုအထွာတွေ ဖတ်ရင်း ခပ်တည်တည်နဲ့ သီအိုရီတွေဘာတွေ လာလုပ်နေတယ်။ ဒီစကား ဗိုလ်ချုပ်အောင်ဆန်း ပြောသွားခဲ့တာနဲ့ ဆင်တူတယ် ဆိုတာ သိပြီးသားပါ။ ခင်ဗျား ဘာပြောမလဲ သိချင်လို့ မေးကြည့်တာ။"

 

"ဗိုလ်ချုပ်အောင်ဆန်း ပြောတာလည်း ပြောသွားတာပေါ့ကွာ။ ငါကလည်း ခံစားတွေးပြီး ပြောတာပါကွ။ စကားကြီး စကားကျယ်ပြောတာ မဟုတ်ဘူး။ လူဆိုတာ .. နိုင်ငံရေး သတ္တဝါပဲ။ အစုအပေါင်း အသင်းအဖွဲ့နဲ့ နေထိုင်ကြတယ်။ အဲဒီ လူအစုအဝေး အခြေခံက မိသားစုဆိုတာက စတယ်၊ ပြီးတော့ ... မင်နဲ့ ငါလို့ ခင်မင်သူ မိတ်ဆွေ၊ သူငယ်ချင်း ..အဲဒီကနေ ရပ်ရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံ ဆိုပြီး လူတွေ စုဝေးနေထိုင်ကြတဲ့ အစု အဖွဲ့ကြီးပဲ မဟုတ်လား။ နိုင်ငံရဲ့ကိစ္စဆိုတာ ... အဲဒီ လူအစုအဖွဲ့ကြီးရဲ့ ကိစ္စ မဟုတ်လား။ ဒီတော့ လူအစုအဖွဲ့ကြီးဆိုတာ ... လူတစ်ဦးခြင်းစီနဲ့ ပေါင်းထားတာကြောင့် .... လူ တစ်ဦးခြင်းစီရဲ့ ကိစ္စတွေဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်။ ဒါ အခြေခံသီအိုရီပဲ။"

 

ဆိုင်က စာပွဲထိုးကလေးက အေးစက်နေပြီး...ကုန်သလောက် ရှိနေပြီ ဖြစ်တဲ့ ရေနွေးအိုးကို လာမကြည့်ပြီး ... ယူသွားလေရဲ့။ ဆိုင်ရဲ့ ကက်ဆက်ကနေလည်း ဘာဆိုနေမှန်း သေချာ နားမလည်သော ... စကားလုံးများကို ခပ်မြန်မြန်ရွတ်ဆိုနေသော သီချင်းတပုဒ်ကို ဖွင့်ထားတယ်။

 

"ခင်ဗျားနဲ့ ကျုပ်က အသက်ကြီးလာလို့ ဖြစ်မယ်။ ပြောလိုက်ရင် ... အခုလို စကားကြီး စကားကျယ်တွေ၊ ... ဟိုဘက် ဘေးဝိုင်းက ချာတိတ်တွေကို ကြည့်စမ်း၊ သူတို့ဘာသာ အေးအေးဆေးဆေး လ္ဘက်ရည်သောက်၊ မုန့်စားပြီး ... သီချင်းကို လိုက်ရွတ်နေတာ ... ကျွန်တော်တို့ ငယ်ငယ်က ဘဝတွေကို ပြန်တွေးမိတယ်။ ဒါဆို ခင်ဗျား ... သီအိုရီတွေကို အဲဒီ လူငယ်တွေ ဥပမာနဲ့ ဘယ်လို ရှင်းပြမလဲ။"

 

စားပွဲထိုး ချာတိတ်ကလေးက ရေနွေးအိုး အသစ်ကို လာချပေးတော့ ... ရေနွေးအိုးထဲက ရေနွေး အပူကို အကြမ်းခွက်ထဲ ငှဲ့ရင်း ရေနွေးကို မှုတ်သောက်နေတဲ့ ကိုအောင်မြင့်က ... ရေနွေး တငုံ သောက်ရင်း ခွက်ကို ချကာ

 

"အခု ဒီစားပွဲထိုး ချာတိတ်ကိုပဲကြည့်။ တိုင်းပြည်ရဲ့ စီးပွားရေး ကောင်းရင်၊ ပညာရေး သင်ကြားခွင့် ကောင်းကောင်းရရင် ... အခုလို ဆယ်ကျော်သက် ကျောင်းနေရမယ့် အရွယ်မှာ .. စားပွဲထိုး အလုပ် လုပ်နေပါမလား။ ဒါ နိုင်ငံရေးရဲ့ စီးပွားရေးနဲ့ ပညာရေး ပေါ်လစီတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပေါ့ကွာ။ ... မင်းပြောတဲ့ လူငယ်တွေ သီချင်းဆိုပြီး အေးဆေး နေတာလည်း နိုင်ငံရေး ရှု့ထောင့်က ကြည့်လို့ ရပါတယ်။ လူငယ်တွေ သူတို့ စိတ်ပျော်ရာ လုပ်နိုင် ဖန်တီးနိုင်အောင် အခွင့်အလမ်းတွေကို ဖွင့်ပေးထားရမယ်။ ဥပမာ ညနေပိုင်း တို့၊ ရုံးပိတ်ရက်တို့လို အပန်းဖြေရက်တွေပေါ့။ ဒါပေမယ့် တိုင်းပြည် အင်အားစုဖြစ်တဲ့ လူငယ်တွေ အခုလို နေ့လည်ခင်းမှာ အချိန် ဖြုန်းတာတော့ သိပ်မကောင်ဘူး။ ကြည့်လေ ... သူတို့တွေက အသက် ၂၀ ပတ်ဝန်းကျင်တွေ၊ ... ဒီနေ့ အင်္ဂါနေ့ နေလယ် ၃ နာရီ။ ဒီလို အရွယ်တွေဟာ .. အခု ချိန်မှာ ကျောင်းသား ဖြစ်ရင် ကျောင်းမှာ၊ အလုပ်သမား ဖြစ်ရင် အလုပ်ထဲမှာ ရှိနေရမယ့် အချိန် ... မင်းတို့ ငါတို့လို အလုပ်မရှိလို့ ဒီမှာ လာထိုင်နေတာ ဖြစ်မှာပေါ့။ သူတို့ ထိုင်နေတာ ငါတို့ မလာခင်ကတည်းကလေ။ ဒါဟာ အလုပ်လက်မဲ့ နှုန်းများပြီး ... လူငယ်တွေ အလုပ်ခွင်မှာ မရှိတာ ... လုပ်ငန်းခွင် ဖေါ်ဆောင်ပေးရေး ပေါ်လစီနဲ့ ဆိုင်တာပေါ့ကွာ ... "

 

"ခင်ဗျားကလည်း ဘာပြောပြော ပေါ်လစီနဲ့ ကိုင်ပေါက်ပြီး ရောချနေတာ၊ နောက်တစ်ခုကို ပေါ်လစီမပါဘဲ နိုင်ငံရေးနဲ့ ဆိုင်ကြောင်း ရှင်းပြဗျာ။ 

 

ကိုသိန်းနိုင်က ပြောရင်း မျက်လုံး ဝေ့ကြည့်လိုက်တယ်။ ဒီအချိန်မှာ ဂျာနယ်ရောင်းတဲ့ ချာတိတ် တစ်ယောက်က ဂျာနယ်တွေ ပွေ့လာပြီး ဆိုင်ထဲ ဝင်လာတာ တွေ့တော့ ... လှမ်းခေါ်ပြီး ဂျာနယ် တစ်စောင် ဝယ်လိုက်တယ်။ ပြီးမှ ကိုသိန်းနိုင်က

 

"... ကဲ ဒီမှာ ဂျာနယ်။ မျက်နှက်ဖုံး သတင်း...  ... မာရသွန်မှာ မြန်မာ အမျိုးသမီးတွေက ဆုတံဆိပ်ကို မြန်မာအမျိုးသားတွေထက် ပိုရကြတယ်။ ဒါ နိုင်ငံရေး နဲ့ ဆိုင်လား။ ပေါ်လစီကနေ ... အမျိုးသမီးတွေကို ပိုလေ့ကျင့် ပေးလို့လား။ သူ့သဘာဝအရ အမျိုးသမီးတွေက ပိုတော်တာ မဟုတ်ဘူးလား။ လုပ်စမ်းပါဦး ခင်ဗျား နိုင်ငံရး သီအိုရီနဲ့။ ရှင်းပြပါဦး။ ခင်ဗျား ရှင်းပြနိုင်ရင် ... ဒီတဝိုင်းလုံး ကျွန်တော် ရှင်းမယ်။ မရရင် ခင်ဗျား ရှင်း ... "

 

ကိုအောင်မြင့်က ဂျာနယ်ကို ကြည့်လိုက်တယ်။ ပြီးတော့ စဉ်းစားတယ်။

 

"ခင်ဗျား ပြောတဲ့ ... အမျိုးသမီးတွေ ဆု တံဆိပ် ပိုရတာက ..... အင်း ... အင်း ..အဲ ... "

 

"အင်း ... အဲ  .. လုပ်မနေနဲ့။ ဒါကို ခင်ဗျား မရှင်းနိုင်ရင် ... လ္ဘက်ရည်ဖိုးကိုပဲရှင်း။"

 

"လွယ်ပါတယ်ကွာ။ ဒါ နိုင်ငံရေးကြောင့်ဆိုတာ အရှင်းသားကြီးပဲ။"

 

"လုပ်စမ်းပါဦး"

 

"ပြောရရင် ... နိုင်ငံတော် အစိုးရရဲ့ ကျေးဇူးလို့တောင် ဆိုလို့ရတယ်။ မြန်မာနိုင်ငံမှာ ယောက်ကျားလေးတွေဆိုတာ ... များသောအားဖြင့် အလုပ်အကိုင်မရှိ ထိုင်နေရတဲ့ လူနဲ့ .... နည်းနည်းလေး လှုပ်တဲ့ကောင်ဆို ... အခန်းကျဉ်းထဲမှာ ဆွဲထည့်ခံရတာနဲ့ ... အကုန် အညောင်းမိနေကြတာ။ မိန်းမတွေဆိုတာက ... အိမ် ကိစ္စလည်း လုပ်ရ၊ ကလေး တာဝန်လည်း ယူရ၊ စီးပွားလည်း ထွက်ရှာရ၊ နိုင်ငံရေး လုပ်တဲ့ ယောက်ကျား ထောင်ထဲရောက်ရင် ... ထောင်ဝင်စာ ပြေးတွေ့ရ၊ တရားရုံး ပြေးလိုက်ရနဲ့ .. တနေကုန် ပြေးရ လွှားရတာ ကြာလာတော့ .. မြန်မာပြည်က မိန်းကလေး ဖြစ်ရင် ... အပြေးသန်ရမယ်ဆိုတဲ့ ဗီဇ ဖြစ်လာတယ်။ အင်္ဂလိပ်လူမျိုး သဘာဝ သိပ္ပံပညာရှင် ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီအရ ... ကိုယ့်ကိုယ်ကို ရှင်သန်အောင် သဘာဝကနေ ပြုပြင်ယူရင်း ... မြန်မာ မိန်းကလေးတွေ အပြေးသန်ကြတာ။ နယ်ဘက်မှာဆိုလည်း ယောက်ကျားလေးတွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်၊ မိန်းမတွေက ရပ်ရေး ရွာရေးမှာ ရွာသူကြီးကစလို့၊ ရွာထဲ ကာလသားတွေ လုပ်ရမယ့် ကိစ္စ အကုန်လုပ်ကိုင်းရင်း ပြေးလွှာသွားလာ လေ့ကျင့်နေကြတာ။ ထောင်မရှိတဲ့ ... ထောင်မကျတဲ့ တောနယ်က တိုင်းရင်းသားဒေသတွေက မိန်းကလေးတွေကို ကြည့်ဦးမလား .. စစ်ပွဲဖြစ်လို့ ပြေးရ လွှားရနဲ့ ... တသက်လုံး ပြေးနေရတာ။ .. ဒုက္ခသည် စခန်းကို ပြေးလာတဲ့ လူတွေကို ကြည့်လိုက် မိန်းကလေးတွေ အများဆုံးပဲ။ နောက်ပြီး သူတို့မှာ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေကိုရောပါ တာဝန်ယူရသေးတယ်။ ဘယ်လောက် အပြေးလေ့ကျင့်အား ကောင်းမလဲ။ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ။ ဒီတော့ မြန်မာမိန်းကလေးတွေ အပြေးမှာ ဆုတံဆိပ် ပိုရတာ .... နိုင်ငံရေးကြောင့်မှ နိုင်ငံရေးကြောင့် .... စစ်စစ်လို့ ပြောလို့ရပါတယ်ဗျာ။ ... ကဲ ခင်ဗျား ဘာငြင်းချင်သေးလဲ။"

 

ကိုသိန်းနိုင်လည်း ... ဘာမှ မပြောနိုင်တော့ပဲ ...

 

"ညီလေးရေ ပိုက်ဆံရှင်းမယ်ကွာ ... ဘယ်လောက်ကျလဲ တွက်လိုက်" ဆိုပြီး အိပ်ကပ်ထဲ ပိုက်ဆံ နှိုက်ရင်း ..

 

"အော် ... အရာရာတိုင်းဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်၊ အရာရာတိုင်းဟာ နိုင်ငံရေးနဲ့ ဆိုင်တယ် ... " ဆိုတာပဲ ရွတ်နေပါတော့တယ်။

 

 

(ကိုထိုက်)