Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

မြို့လေး၏ အကြီးဆုံးဈေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဤနေရာလေးသည် အခြားသူများအတွက် မထူးခြားလှ သော်လည်း ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာငယ်ပေါင်း နေရာဟောင်းလေး ဖြစ်ပါသည်။ မြို့လယ်ခေါင်နာရီစင်ကြီး အနီးတွင်တည်ရှိသော ဤဈေးလေး၏ အဓိပတိလမ်းတစ်နေရာ၌ အဖေနှင့်အမေတို့၏ဆိုင်ခန်းလေး ရှိသည်။ ထိုဆိုင်ခန်း လေးတွင် ကလေးများအတွက် ချိုချဉ်၊ ဝေဖာ၊ ဂျယ်လီ၊ ဘီစကွတ်စသော မုန့်မျိုးစုံမှအစ လူကြီးများအတွက် ကော်ဖီမစ်၊ အိုဗာတင်း၊ စီးကရက်၊ အဖျော်ယမကာတို့အထိ စားသောက်ကုန်မျိုးစုံရှိပါသည်။ အဘွား(အဖေ၏အမေ)၏ အမွေပစ္စည်း ဖြစ်သော ထိုဆိုင်လေးကို အဖေနှင့်အမေ အိမ်ထောင်ကျပြီးသည့်အချိန်မှစ၍ နှစ်ယောက်အတူ တက်ညီလက်ညီ လုပ်ကိုင် လာခဲ့ကြသည်မှာ ကျွန်တော့်တစ်သက်ပင်မကတော့။

            ကျွန်တော့်ကို မွေးဖွားပြီးသည့်နောက်ပိုင်းတွင် အဖေတို့ဆိုင်ခန်းလေးထဲ၌ ကျွန်တော်နားနေအိပ်စက်ရန်အတွက် ပုခက်တစ်ခုနှင့် နို့ဘူးတစ်လုံးတိုးလာပါ၏။ လက်ဆမှန်မှန်လွှဲနေသော ပုခက်လေးထဲတွင် နို့ဘူးကိုဇိမ်ကျကျစို့လျက် ဈေး ရောင်းသံ၊ ဈေးဝယ်သံ၊ ဈေးဆစ်သံတို့ကို အိပ်ရာဝင်သီချင်းကဲ့သို့နားထောင်ရင်း အကြိမ်ပေါင်းများစွာ အိပ်မောကျခဲ့ရဖူး သည်။

            ပုခက်ထဲမှဆင်းဆင်းချင်း ကျွန်တော်ပထမဆုံးသိကျွမ်းရင်းနှီးခဲ့ရသော အပေါင်းအသင်းမှာ ‘ဈေးလေး’ ပင်ဖြစ်ပါ သည်။ ပုခက်ထဲမှ ခုန်ဆင်းသည်နှင့်တစ်ပြိုင်နက် ဈေးလေးက အားရဝမ်းသာစွာ ပွေ့ချီချော့မြှူ၏။ ချစ်ခင်ရင်းနှီးစွာ ဖက်ရမ်း နမ်းရှုပ်၏။ ကျွန်တော်လက်ညှိုးထိုးပူဆာသမျှကိုလည်း အမြဲတမ်းအလိုလိုက် ဖြည့်ဆည်းပေး၏။ ဤသို့ဖြင့် ဈေးလေးနှင့် ကျွန်တော်သည် (တနင်္ဂနွေနေ့မှလွဲ၍) နေ့စဉ်နေ့တိုင်း ဆော့ဖော်ဆော့ဖက်များ ဖြစ်လာခဲ့ကြသည်။

            ထိုစဉ်က ဆိုင်မှာရောင်းသော ဝေဖာထုပ်များထဲတွင် ကလေးများကိုဆွဲဆောင်ရန်အတွက် ပါဝါရိန်းဂျား၊ နှံကောင် စက်ရုပ်၊ ဒရာဂွန်ဘော စသည့်ကပ်ခွာရုပ်ပုံကလေးများ ပါလာတတ်သည်။ အမေက ဆိုင်ထဲမှာကျွန်တော် ငြိမ်ငြိမ် သက်သက် ထိုင်ကစားနေစေရန်အတွက် ထိုဝေဖာထုပ်များ၏ထိပ်ကို ခဲတံချွန်ဓါးလေးနှင့် အသာဖောက်ကာ အထဲမှကပ်ခွာ လေးများကို ဆွဲထုတ်ပေးတတ်၏။ ထိုနောက် ဝေဖာထုပ်များကို ဖယောင်းတိုင်မီးဖြင့်အပူပေးပြီး အသာပြန်ကပ်ထားလေ့ ရှိသည်။ ယင်းကပ်ခွာပုံလေးများကို ကျွန်တော်က ဆိုင်နံရံများ၊ တံခါးများ၊ မှန်ဘီရိုများတွင် တစ်ခုချင်းလိုက်ကပ်ပြီး ဆော့ ကစားနေတတ်ပါသည်။ ညီညီညာညာ ကပ်မိသည့်အခါရှိသလို ဇောက်ထိုးမိုးမျှော် ကပ်မိသည့်အခါများလည်း ရှိ၏။ တစ်ခါ တစ်ရံ လက်မှာကပ်ထားတတ်၏။ တစ်ခါတစ်ရံတော့ ပါးမှာ၊ နဖူးမှာ…။ ကပ်ခွာလေးများ တည့်ချင်တည့်၊ စောင်းချင်စောင်း မည်သို့ပင်ဖြစ်နေစေ ကပ်နေရခြင်းသည်သာ ကျွန်တော့်အတွက် အရသာတစ်ခု။

            ဆိုင်မှာထိုင်ရင်းကစားခဲ့ရသော နောက်ထပ်ကစားစရာပစ္စည်းတစ်မျိုးမှာ စီးကရက်ဘူးခွံ ကတ်ထူစက္ကူများဖြစ် သည်။ ၄င်းကတ်ထူစက္ကူများ၏ လွတ်နေသောမျက်နှာဘက်မှာ ရောင်စုံခဲတံများဖြင့် တောင်ခြစ်မြောက်ခြစ်လျှောက်ခြစ်ကာ အမျိုးအမည်ခန့်မှန်းရခက်သော အရုပ်များဆွဲလေ့ရှိ၏။ တဖြည်းဖြည်းနှင့် ကတ်ကြေးညှပ်တတ်သည့် အရွယ်သို့ရောက်လာ သောအခါ ကတ်ထူစက္ကူများပေါ်၌ စက်ရုပ်မျက်နှာ၊ လင်းနို့လူသားမျက်နှာ၊ မစ်ကီမောက်စ်မျက်နှာ (ဟုကိုယ့်ဖာသာကိုယ် သတ်မှတ်ထားသော) မျက်နှာပုံများဆွဲပြီး မျက်လုံးအပေါက်များဖောက်ကာ မျက်နှာဖုံးလုပ်တမ်းကစားပါသည်။ ထို့နောက် မျက်နှာဖုံး၏နားရွက်နေရာများတွင် အပေါက်ဖောက်၍ သားရေပင်များတပ်ပြီး ကိုယ်တိုင်လုပ်မျက်နှာဖုံးကို ကိုယ်တိုင်စွပ် ကာ ဈေးအနှံ့ လျှောက်သွားနေတတ်၏။ ထိုအချိန်ကတည်းကစ၍ ကျွန်တော်သည် မျက်နှာဖုံးစွပ်တမ်းကစားခြင်းကို နှစ်ခြိုက်ခဲ့ဟန် တူပါသည်။

            လူကြီးများအတွက် အဖိုးတန်သော၊ အသုံးဝင်သောပစ္စည်းများမှာ ရွှေနှင့်ငွေ ဖြစ်၏။ ထို့အတူပင် ကလေးများ အတွက် ရွှေနှင့်ငွေကဲ့သို့ပင် အလွန်အဖိုးတန်သော၊ အလွန်အသုံးဝင်သောပစ္စည်းများမှာ ‘သားရေပင်များ’ ဖြစ်ပါသည်။ ထို အချိန်က ကလေးများကစားကြသော ကစားနည်းအများစုမှာ သားရေပင်ကိုအသုံးပြုရသော သို့မဟုတ် သားရေပင်နှင့် အလဲအလှယ်ပြုလုပ်ရသော ကစားနည်းများဖြစ်ကြသည်။ သားရေပင်ကို လေနှင့်မှုတ်၍ကစားကြ၏။ လက်နှင့်ပစ်၍ ကစား ကြ၏။ ငါးပင်ပူး၊ ဆယ်ပင်ပူးစီ သီဆက်ကာ ကြိုးလုပ်ပြီးခုန်ကြ၏။ တစ်ပင်ချင်းစီရေတွက်ပြီး တစ်ယောက်နှင့်တစ်ယောက် သားရေပင် အများပြိုင်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် အဝေမတည့်ကြလျှင်လည်း သားရေပင်စစ် ခင်းကြ၏။ လက် ထဲမှာ သားရေပင်များများစုထားနိုင်သူကတော့ ‘ဆရာကြီး’ ပင်။

ဈေးလေးသည် ကျွန်တော့်အတွက်တော့ သားရေပင်အမြောက်အမြား ရှာဖွေ့တွေ့ရှိရာ ရတနာသိုက်ကြီး ဖြစ်ပါ သည်။ မနက်ပိုင်း အဖေနှင့်အမေတို့နှင့်အတူ ဆိုင်ခင်းပြီးသည်နှင့်တစ်ပြိုင်နက် ဈေးတကာလျှောက်ကာ သားရေပင် ကောက်ခြင်းအမှုကို စ၍ပြုတော့၏။ အနီ၊ အဝါ၊ အပြာ၊ အစိမ်း စသော ရောင်စုံသားရေပင်များရရန်အတွက် ဈေးကြို ဈေးကြားပါမကျန် မျက်စိလျင်လျင်ထားကာ စူးစမ်းရှာဖွေရသည်။ ဖျော်ရည်ဆိုင်တန်း၊ စာရေးကိရိယာဆိုင်တန်း၊ ဆေးဝါး ပစ္စည်း အရောင်းဆိုင်တန်းဘက်မှ သားရေပင်များမှာ သစ်လွင်သည်။ တောက်ပသည်။ ဟင်းရွက်တန်း၊ သားငါးတန်း၊ ငါးခြောက်တန်းဘက်မှ သားရေပင်များကတော့ ဟောင်းနွမ်းပြီး အနံ့အသက်မကောင်း။ သစ်လွင်သည်ဖြစ်စေ၊ ဟောင်းနွမ်း သည်ဖြစ်စေ၊ အနံ့အသက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်တော့်အတွက်ကတော့ သားရေပင်သည် သားရေပင်သာလျှင် ဖြစ်၏။ သားရေပင်အပြတ်မဟုတ်လျှင်ပြီးရော၊ တွေ့သမျှသားရေပင် အကုန်ကောက်၏။

သားရေပင်ကောက်ရင်း ပုစွန်ခြောက်တန်းဘက်ရောက်သည့်အခါ ပုစွန်ခြောက်ရောင်းသည့် အမယ်အိုကြီးက “ကလေးလာဦး” ဟုဆိုကာ ပုစွန်ခြောက် နှစ်ကောင်သုံးကောင် ကျွေးတတ်၏။ သနပ်ခါးတန်းဘက် ရောက်သည့်အခါတွင် လည်း သနပ်ခါးရောင်းသည့် အဒေါ်ကြီးက “အူမွှေးအောင်” ဆိုပြီး သနပ်ခါးအနှစ် တစ်ကော်နှစ်ကော် ခွံ့တတ်၏။ သားရေ ပင် တစ်ပင်ကောက်လိုက် လက်မှာစွပ်လိုက်နှင့် ခြေတိုအောင် တစ်မနက်ခင်းလုံး ဈေးပတ်ပြီးကောက်လာခဲ့ရာ နေ့လယ် ထမင်းစားချိန်လောက်တွင် လက်နှစ်ဖက်စလုံး တံတောင်ဆစ်အပြည့် သားရေပင်တွေရလာတတ်သလို လူတစ်ကိုယ်လုံး လည်း အနံ့ပေါင်းစုံစွဲကပ်လျက် ပါလာတတ်သည်။ ထိုအခါမျိုးများတွင် အဖေကဆူသည်၊ အမေကငေါက်သည်။ ပြီးနောက် အိမ်ပြန်ပြီး ဆပ်ပြာမွှေးနှင့် ရေအကြာကြီးချိုးရ၏။ သို့သော် နောက်တစ်နေ့ရောက်သည့်အခါတွင်လည်း ဒုံရင်းကဒုံရင်း၊ ဈေးအနှံ့ပတ်ကာ သားရေပင်လိုက်ကောက်မြဲပင်။

            ဤသို့ဖြင့် တစ်နေ့တွင် သားရေပင်ကောက်ရင်း ခလုတ်တိုက်ကာ ဈေးမြောင်းကြီးထဲပြုတ်ကျပြီး ခေါင်းပေါက်ပါ လေတော့၏။ ထိုအခါ အဖေရောအမေပါ စိုးရိမ်တကြီးနှင့် ကျွန်တော့်ကိုပွေ့ကာ ဈေးအနီးရှိ ဆေးခန်းသို့ပြေးရလေသည်။ ထိုနေ့ထိုအချိန်မှစ၍ ကျွန်တော့်ခေါင်းတွင် ဈေးကပေးသော အမှတ်တရအမာရွတ်တစ်ခုရလာခဲ့ပြီး ကျွန်တော်၏ သားရေ ပင်ကောက်ခြင်းလုပ်ငန်းကြီးသည်လည်း အပြီးအပိုင်ရပ်ဆိုင်းသွားရလေသည်။

            အဖေတို့ဆိုင်အနီးတွင် မြေပဲ၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ စသော ပဲမျိုးစုံရောင်းသည့်ဆိုင်တစ်ဆိုင် ရှိသည်။ ကျွန်တော်ငယ်စဉ်က ထိုဆိုင်မှာ မကြာခဏသွားကစားရင်း မြေပဲနှိုက်စားလေ့ရှိသည်။ တစ်နေ့မှာတော့ စပ်ဆော့ပြီး မြေပဲ စေ့များကို ပါးစပ်ထဲမထည့်ဘဲ နှာခေါင်းဝတစ်ဖက်ထဲသို့ထည့်ဆို့၊ ကျန်တစ်ဖက်ကိုပိတ်၍ ရှူးခနဲ ရှူးခနဲမှုတ်ကာ ကစား နည်းအသစ်ထွင်သည်။ ယင်းသို့ မြေပဲစေ့ကိုနှာခေါင်းထဲသို့ ထည့်လိုက်မှုတ်လိုက်ကစားရင်း တစ်ချီမှာတော့ အရှိန်လွန် သွားပြီး မြေပဲစေ့က နှာခေါင်းအတွင်းထဲအထိဝင်သွားကာ မှုတ်ထုတ်၍မရဘဲ တစ်နေ၏။ လက်နှင့်ထိုးကလော်ကြည့်ပါ သော်လည်း နှာခေါင်းထဲမှထွက်မလာသည့်အပြင် အထဲသို့ပို၍ပင်ဝင်သွား၏။ ထိုအခါကျမှ ကျွန်တော်လည်း ကြောက်လန့် တကြားဖြစ်ကာ အော်ဟစ်ငိုယိုပြီး အဖေတို့ဆီသို့ပြေးရလေ၏။ အဖေနှင့်အမေလည်း အကျိုးအကြောင်းသိရသောအခါ ‘ကိုးချောင်း’ အား ဆိုင်ခဏစောင့်ခိုင်းထားခဲ့ပြီး ကျွန်တော့်ကိုချီကာ ဆေးခန်းသို့ ဒုတိယအကြိမ်ပြေးရပြန်သည်။ နှာခေါင်း ထဲမှာ အပင်ပြန်ပေါက်ရန်အားယူနေသော မြေပဲစေ့ကိုလည်း ဆရာဝန်မကြီးကဇာဂနာနှင့် ခဲရာခဲဆစ် ဆွဲထုတ်ပေးခဲ့ရ သည်။

            ကိုးချောင်းဆိုသည်မှာ ထိုစဉ်ကအဖေတို့ဆိုင်တွင် အလုပ်လုပ်နေသူ ကုလားလေးတစ်ယောက်ဖြစ်သည်။ ကုလား လေးဟုဆိုသော်လည်း ကျွန်တော့်ထက် အသက်များစွာကြီးသည်။ သူ့နာမည်ရင်းက ‘ကစ္စနား’…။ သူခပ်ငယ်ငယ် သူတို့ အိမ်မှာ အုန်းသီးခွဲစားကြစဉ်က အုန်းသီးဖတ်နှိုက်စားရင်း မတော်တဆဖြစ်ကာ ညာဘက်လက်ခလယ်တစ်ချောင်း အရင်းမှ နေ၍ တိခနဲပြတ်သွားခဲ့ရသည်။ ဤသို့ဖြင့် သူ့နာမည်ရင်းပျောက်ပြီး ကိုးချောင်းဟုအမည်တွင်လေ၏။ ဆိုင်မှာ အလုပ်အား သည့် အချိန်များတွင် သူသည် ကျွန်တော်ကိုအဖော်လုပ်ပေးပြီး ကစားလေ့ရှိသည်။ ကျွန်တော် ‘တစ် နှစ် သုံး လေး’ ရေတွက်တတ်စအရွယ်ရောက်တော့ ကိုးချောင်းက သူ့လက်ချောင်းတွေထောင်ပြပြီး ရေခိုင်းဖူးသည်။ မည်သို့ပင်ရေတွက်ပါ သော်လည်း နံပါတ်ကိုးတွင်သာ အဆုံးသတ်နေသောကြောင့် ငယ်စဉ်က အလွန်အံ့သြခဲ့ရ၏။ တစ်ခါတစ်ရံ ကိုးချောင်းက သူ၏လက်ခလယ်ငုတ်တိုလေးကို လှုပ်စိလှုပ်စိလုပ်ပြပြီး ကျွန်တော့်ကို စလေ့ရှိသည်။ ထိုအခါမျိုးများတွင် ဘာကြောင့်မှန်း မသိဘဲ မနေတတ် မထိုင်တတ်ဖြစ်ကာ အတော်ပင် အသည်းယားခဲ့ရ၏။

            ထိုစဉ်က အဖေတို့ဆိုင်အနီး၌ လက်တစ်ဖက်စီတွင် လက်သန်းပွားလေးတစ်ချောင်းစီပါသော ‘ဦးနောင်ပွား’ ဆို တာလည်း ရှိသေး၏။ ကျွန်တော် အပေါင်းအနှုတ်တွက်တတ်စ အရွယ်တုန်းက အဆိုပါဦးနောင်ပွား၏ လက်သန်း တစ်ချောင်းကိုဖြုတ်ပြီး ကိုးချောင်းလက်မှာ တပ်ပေးရလျှင်ကောင်းမည်ဟု စဉ်းစားဖူးသည်။ ဦးနောင်ပွားတွင် လက်အပို နှစ်ချောင်းတောင်ရှိ၏၊ တစ်ချောင်းလျော့သွားလည်း ကိစ္စမရှိဟု တွေးမိသောကြောင့်ပင်။ နှစ်ယောက်စလုံး အညီအမျှဖြစ် လိုလျှင်တော့ ဦးနောင်ပွားထံမှ တစ်ချောင်းနှင့်တစ်ဝက် ယူရပေမည်။ အခုတော့ ကိုးချောင်းလည်း အိမ်ထောင်ရက်သား ကျကာ လက်ဆယ်ချောင်းအပြည့်ပါသော ချစ်စရာကောင်းသည့် ကလေးလေးများကို တစ်ယောက်ပြီးတစ်ယောက် မွေး ထုတ်လျက်…။

            ဈေးထဲတွင် ‘ဦးစံတင်’ ဟုခေါ်သော အသားအလွန်နက်သည့် ကုန်ထမ်းလုပ်သားကြီးတစ်ယောက်လည်း ရှိသည်။ အမြဲလိုလို အပေါ်ပိုင်းအင်္ကျီဗလာနှင့် အရောင်လွင့်ပုဆိုးတစ်ထည်ကို ဒူးအထက်နားလောက် ဝတ်ထားတတ်ပြီး ဖိနပ်လုံးဝ စီးလေ့မရှိ။ ငရုတ်သီးခြောက်အိတ်များ ထမ်းရသည့်အခါ ကျောမပူအောင် တစ်ခါတစ်ရံ ပုဆိုးပြဲလေးတစ်ပိုင်းကို ပုခုံးပေါ် တင်ထားတတ်သော်လည်း များသောအားဖြင့် သူ၏ဦးပြည်းပြောင်ပြောင်မှာ ပတ်ထားတတ်၏။ ချွေးထွက်လာသည့်အခါ ထိုပုဆိုးအပြဲလေးကိုပင် ခေါင်းမှဖြုတ်ပြီး သုတ်လေ့ရှိ၏။ မည့်သည်အချိန်ပင်ကြည့်ကြည့် သူသည် ချွေးတရွှဲရွှဲနှင့် အမြဲ နက်ပြောင်ဝင်းဝင်း ဖြစ်လျက်ရှိသည်။ ဦးစံတင်သည် ကုန်ထမ်းရာမှအပြန် ဆိုင်အနားမှဖြတ်သွားသည့်အခါတိုင်း ကျွန်တော် ကိုတွေ့လျှင် အတင်းဖက်နမ်းတတ်လေ့ရှိသည်။ ထိုအခါများတွင် ကျွန်တော်သည် အကြောက်အကန် တွန်းထိုးရုန်းကန် လျက် ပါးစပ်မှလည်း “အသားမည်းကူးကုန်လိမ့်မယ်…အသားမည်းကူးကုန်လိမ့်မယ်” ဟုအော်ဟစ်တတ်လေသည်။ ကျွန်တော် ထိုသို့အော်ဟစ်ရုန်းကန်နေတိုင်း ဦးစံတင်သည် စိတ်မဆိုးဘဲ တဟားဟားရယ်ကာ အလွန်သဘောကျနေလေ့ ရှိ၏။

            ကျွန်တော်တို့မြို့လေးတွင် တစ်နေကုန် မြို့အနှံ့လျှောက်သွားနေတတ်သော၊ ခွေးမြင်လျှင် ဒေါသတကြီးဖြင့် ကျောက်ခဲနှင့် လှမ်းပစ်တတ်သော၊ ပစ်လျှင်လည်း အလွန်လက်တည့်သော ‘ဘိုအို’ ဆိုသည့် စိတ်ဝေဒနာရှင်တစ်ယောက် ရှိခဲ့ဖူးသည်။ ဆံပင်တိုတို၊ မုတ်ဆိတ်ကျင်စွယ် ညှဉ်းသိုးသိုးနှင့် ပုဆိုးကိုရင်ခေါင်း၌စည်းကာ စစ်ခါးပတ်ကြီးပတ်ထားလေ့ ရှိသော ဘိုအိုသည် ခွေးများကိုအပြစ်မရှိအပြစ်ရှာ ရန်လုပ်တတ်သော်လည်း ကလေးများကိုတော့ လုံးဝရန်ရှာလေ့မရှိ။ သူ့ ကိုမြင်လျှင် အစအနောက်သန်သည့် ကလေးများက “ဘိုအို…ရူး၊ ဘိုအို…ရူး” ဟု အော်ဟစ်နောက်ပြောင်ကာ ထွက်ပြေး လေ့ရှိသော်လည်း သူကတော့ တစ်ချက်မှလှည့်မကြည့်ဘဲ “မအား” ဟု တစ်ခွန်းတည်းသာ ပြန်အော်တတ်၏။ တစ်ခါ တလေ ကလေးများက အဆက်မပြတ် နောက်ပြောင်နေသည့်အခါကျမှသာ စိတ်တိုလာပြီး ပါးစပ်မှအယုတ္တအနတ္တများ ထွက်လာတတ်လေသည်။  တစ်ခါတစ်ရံ ဈေးထဲသို့ဝင်လာတတ်ပြီး တွေ့သမျှလူကို ဇက်ကြောဆွဲပေးကာ ပိုက်ဆံတောင်း တတ်သော ဘိုအိုကို တစ်ဈေးလုံးက သဘောကျကြ၏။ ယင်းသို့ ဘိုအို ဈေးထဲရောက်လာတတ်သည့်အခါများတွင် ကျွန်တော်သည်ရောက်ရာအရပ်မှ ဆိုင်ထဲသို့အမြန်ပြန်လာပြီး ဗီရိုနောက်မှာ ကြောက်ကြောက်လန့်လန့်နှင့် ပုနေအောင်ပုန်း လေ့ရှိ၏။ အသက်နည်းနည်း ကြီးလာသောအခါကျမှသာ “ဘိုအို…ရူး” ဟု အော်ရဲတော့၏။

            ကျွန်တော်ငယ်ငယ်က ဈေးထဲရောက်တိုင်း အမေ့ထံမှာမုန့်ဖိုးတောင်းပြီး မနက်တိုင်းသွားဝယ်စားခဲ့ရသည့် ဆိုင် လေးတစ်ဆိုင်မှာ ‘မနီတွတ်မုန့်တီ’ ဖြစ်၏။ ရန်ကုန်မုန့်ဟင်းခါးနှင့်မတူဘဲ ဟင်းရည်ကျဲကျဲ၊ ငှက်ပျောအူများများကို အကွင်းလိုက်ထည့်ချက်ထားသော မနီတွတ်မုန့်တီမှာ ကျွန်တော့်အသည်းစွဲပင်။ ထိုစဉ်ကတော့ ရန်ကုန်မုန့်ဟင်းခါးလည်း မသိ၊ ရခိုင်မုန့်တီလည်း မသိ၊ မနီတွတ်တစ်ပွဲစားပြီးလျှင် ဟင်းရည်အဆစ်တောင်းသောက်ဖို့သာ သိသည်။

            မုန့်ဟင်းခါးစားပြီးအပြန် ကျွန်တော်ဝင်လေ့ရှိသည်မှာ ကုန်စိမ်းတန်းတွင်ဖွင့်ထားသော ဈေးလေး၏ တစ်ခုတည်း သောစာအုပ်ဆိုင်လေး ဖြစ်သည်။ များသောအားဖြင့် ကာတွန်း၊ ရုပ်ပြများသာရှိတတ်သော ထိုဆိုင်လေးသို့မရောက်ခင် နှာခေါင်းထဲသို့ အတင်းတိုးဝင်လာလေ့ရှိသည်မှာ စာအုပ်ဆိုင်ဘေးမှာရှိသည့် ဓညင်းသီးဆားရည်စိမ်အနံ့ပင်။ ထိုစဉ်က စာအုပ်ဆိုင်လေးရှေ့မှာ မတ်တပ်ရပ်၊ အသက်အောင့်ပြီး ကာတွန်းစာအုပ်ငှားခဲ့ရသည်မှာ မမေ့နိုင်စရာ။

            ယခုအခါ ဈေးလေးထဲသို့ မရောက်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ…။

တစ်ခါတစ်ရံ ဈေးထဲသို့ ရောက်ဖြစ်သည့်အခါများတွင် ကျွန်တော်က ဈေးလေးနှင့် စိမ်းနေခဲ့သော်လည်း ဈေးလေး ကတော့ ကျွန်တော့်ကို ရင်းနှီးဖော်ရွေနေဆဲ။ သတိရနှုတ်ဆက်နေဆဲ…။

            အဖေတို့ဆိုင်မှာ ပုခက်မရှိတော့သော်လည်း ဈေးလေးထဲမှာတော့ ပုခက်တန်းလန်းတွေ တစ်ခုမဟုတ်တစ်ခု ရှိနေ တတ်မြဲပင်။ စီးကရက်ဘူးခွံကတ်ထူတွေ၊ ကပ်ခွာရုပ်ပုံတွေနှင့် ဆော့နေသူတွေ၊ သားရေပင်ကောက်သူတွေ၊ ခေါင်းပေါက်ဖူး သူတွေ၊ နှာခေါင်းထဲမြေပဲစေ့ဝင်ဖူးသူတွေ၊ ခွေးကိုက်ခံရသူတွေလည်း ဈေးထဲမှာ ရှိနေမြဲပင်။

            ဈေးလေးထဲ၌ ပြောင်းလဲသွားသည်များရှိသလို မပြောင်းလဲသေးဘဲ ကျန်ရှိနေသေးသည်များလည်း ရှိ၏။ အရင်က နှင့်မတူ စီစီတီဗွီတွေရှိလာ၏။ အမှိုက်ပုံးကြီးတွေရှိလာ၏။ စပီကာဘောက်စ်မှ ရေဒီယိုအသံလှိုင်းများ လွှင့်ပေးလာ၏။ အရင်ကနှင့်မတူ မနီတွတ်မုန့်တီ မရှိတော့။ စာအုပ်ဆိုင်လေး မရှိတော့။ ဦးစံတင်ကြီး မရှိတော့။ ဘိုအိုကြီးလည်း မလာ တော့။ အရင်ကအတိုင်းပင် မိုးကြီးလျှင် မြောင်းရေတွေလျှံနေဆဲ။ နောက်ပြောင်ဆဲဆိုသံတွေ ညံနေဆဲ။ ရန်ဖြစ်သံတွေ စီနေဆဲ။ “မန္တလေး မဟာသင်္ကြန်စာတွေ…!” အော်ရောင်းနေဆဲ။ ဈေးသိမ်းချိန်မှာ အမှိုက်တွေ ပွကျန်ရစ်နေဆဲ။

            ယခုအခါ မြို့လေး၌ အဆင့်မြင့်ဈေးကြီးများ ပေါ်ပေါက်လာသော်လည်း ငယ်စဉ်က ကျွန်တော်သားရေပင်ကောက် ခဲ့ဖူးသော ဈေးဟောင်းလေးကတော့ ဈေးရောင်းဈေးဝယ်တို့ ဝင်ထွက်ရင်း၊ ကုန်တင်ကုန်ချတို့ စည်ကားရင်း၊ ခေါင်းရွက် ဗျပ်ထိုးတို့ ပျားပန်းခတ်ရင်း တစ်ဝမ်းတစ်ခါးအတွက် ကြိုးစားရုန်းကြွလျက် ရှိနေသည်။

 

လင်းဇင်ယော်

(၂၅၊၈၊၂၀၁၁)