“ယောက်ျားတစ်ယောက်ဟာ မိန်းမဘယ်နှစ်ယောက်နဲ့ပဲ ပတ်သက်ခဲ့ပါစေ၊ သူ့ဘဝအတွက် တကယ်အဓိပ္ပါယ်ရှိတဲ့ မိန်းမကတော့ သုံးယောက်ပဲရှိနိုင်တယ်။ သုံးယောက်ထက် ပိုလည်းမပိုဘူး၊ လျော့လည်းမလျော့ဘူး။”
အဖေဖြစ်သူထံမှ ထိုစကားကိုကြားရချိန်တွင် သူအသက်ဆယ့်ခြောက်နှစ်ခန့်သာရှိသေးသည်။ သူနှင့်သူ့အဖေသည်တစ်အိမ်တည်းနေသော သားအဖအရင်းဖြစ်သော်ငြား ရင်းနှီးနွေးထွေးသော (သားအဖနှင့် တူသော) ဆက်ဆံရေးမျိုးမည်သည့်အခါကမှ မရှိခဲ့ဖူးပေ။ ယခုလိုဘဝနဲ့ ပတ်သက်သောလေးနက်သည့် ဒဿနမျိုးမဆိုထားနှင့် မလိုအပ်ပါက မေးထူးခေါ်ပြောပင်မလုပ်တတ်သော အဖေဖြစ်သူ၏အဆက်စပ်မဲ့ပြောစကားများက သူအားနားမလည်မှုနှင့်အတူ စိတ်ပါဝင်စားစေသည်။ သူငေးစိုက်ကြည့်နေစဉ် သူ့အဖေ၏ မျက်နှာသည် အေးစက်တည်ငြိမ်နေသည်။ ဝေရီသောမျက်ဝန်းအစုံသည် ဘယ်အရာကိုမှစူးစိုက်ကြည့်နေခြင်းမရှိ၊ ကမ္ဘာလောက၏ လည်ပတ်မှုရပ်တန့်သွားမလောက်ပင် တစ်စုံတစ်ခုသောအတွေး၌ နစ်မြုပ်နေသည်။ နားမလည်မှုတဝက်နှင့် သူ့အဖေ၏ စကားသံကိုတိတ်ဆိတ်စွာ နားစွင့်နေလိုက်သည်။ ထိုအခိုက်အတန့်၌ သူ့စိတ်သည် ဂါထာမန္တန်တစ်ခုဖြင့် မန်းမှုတ်ခံရသည့်ပမာ အခြားဘာကိုမှ ဝင်စားနိုင်စွမ်းမရှိတော့ချေ။
“သား…နောင်တစ်ချိန်မှာ မင်းကိုယ်တိုင်လည်း မိန်းမတစ်ယောက်ထက်မက ပတ်သက်ကောင်းပတ်သက်မိမယ် . . .အဲဒီအတွက်ဖေဖေ မင်းကိုသတိပေးချင်တာကတော့ တကယ်လို့ မင်းပတ်သက်မိတဲ့မိန်းမဟာ မင်းဘဝကို အဓိပ္ပါယ်ပြည့်ဝစေတဲ့သူမဟုတ်ခဲ့ဘူးဆိုရင်တော့ ဒါသက်သက်မဲ့အချိန်ဖြုန်းတာပဲ”
အဖေဖြစ်သူ ပြောသမျှကိုနားလည်အောင် အားထုတ်ရင်း သူ့ခေါင်းထဲမေးခွန်းများစွာ ပေါက်ဖွားလာသည်။ အဖေရောသူ့ဘဝကိုအဓိပ္ပါယ်ပြည့်ဝစေတဲ့ မိန်းမသုံးယောက်နဲ့တကယ်ပဲတွေ့ခဲ့ဖူးသလား။ အမေကရော…အဲဒီမိန်းမသုံးယောက်ထဲမှာပါရဲ့လား။ ပါခဲ့ရင်ကော ကျန်တဲ့နှစ်ယောက်ကို အဖေဘာဖြစ် လို့မရွေးချယ်ခဲ့သလဲ။ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်၏ အဆုံးသတ်သို့မရောက်မချင်း မအိပ်ဘဲပေတေနေတတ်သည့် ကလေးတစ်ယောက်၏စပ်စုမှုမျိုးဖြင့် ထိုစဉ်အခါက မေးခွန်းများစွာသူမေးချင်ခဲ့သည်။ သို့သော်လည်း ထိုမေးခွန်းများသည် ဖခင်ဖြစ်သူနှင့် သူ့အကြားခြားနားထားသည့်တစိမ်းတရံဆန်မှုကို မကျော်လွှားနိုင်ခဲ့ချေ။
သူ့အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် တိုကျိုတွင် တက္ကသိုလ်တက်ရန် အိမ်မှထွက်လာခဲ့သည်။ အခြားသောကျောင်းသားများနည်းတူတစ်ယောက်မကသော တက္ကသိုလ်လှပျိုဖြူတို့နှင့်သူပတ်သက်ခဲ့သည်။ ၎င်းတို့ထဲမှတစ်ယောက်ကတော့ သူ့ဘဝကိုအဓိပ္ပါယ်ပြည့်ဝစေမည့်သူ ဖြစ်ခဲ့သည်။ ဤအချက်နှင့်ပတ်သက်၍လည်း ထိုစဉ်မှစ၍ ယနေ့ထက်တိုင်သူခြွင်းချက်မရှိအသိအမှတ်ပြုခဲ့ပါသည်။ သို့သော်လည်းသူ့ခံစားချက်များ စကားလုံးအဖြစ် အသွင်မကူးပြောင်းနိုင်မီပင် သူမအခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့သည်။ (သူသည် ခံစားချက်ကို စကားလုံးအသွင်ကူးပြောင်းရာတွင်အခြားသူများထက်ပို၍ ကြန့်ကြာလေ့ရှိသည်။) သူမ၏ခင်ပွန်းမှာ သူ၏အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၏။ ယခုတော့ သူမပင် မိခင်တစ်ယောက်ဖြစ်နေလေပြီ။ မည်သို့ပင်ဆိုစေ သူမအားသူ့ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားသူများစာရင်းမှ စိတ်မကောင်းစွာဖြင့် ခြွင်းချက်မရှိထုတ်ပယ်ခဲ့ရသည်။ ရလဒ်အနေနှင့်တော့ (သူ့အဖေ၏ “မချောသုံးယောက်သီအိုရီ” အရဆိုရသော်) သူ့ဘဝကိုအဓိပ္ပါယ်ပြည့်ဝစေမည့် မိန်းမသုံးယောက်ထဲမှ အမှတ်စဉ်တစ်ခုလျော့ကျသွားခြင်းသာဖြစ်သည်။
ထိုစဉ်အခါမှစ၍ သူမိန်းမတစ်ယောက်နှင့်ပတ်သက်မိလေတိုင်း သူမဟာသူ့ဘဝအတွက် အမှန်တကယ် အဓိပ္ပါယ်ရှိသူမှ ဟုတ်ပါလေစ ဆိုသည့်သံသယဖြင့် သူ့ကိုယ်သူမေးခွန်းထုတ်မိသည်။ သို့သော်လည်းမျှော်လင့်ခြင်း၏ အခြားတစ်ဖက်၌ အဆိုပါ (လက်ကျန်) အရေးပါသူနှစ်ဦးကို သူစောစီးစွာမတွေ့ချင်ပေ။ ဖဲချပ်ကောင်းများကိုအလောတကြီးအသုံးချခြင်းထက် ကစားပွဲအဆုံးသတ်အတွက် ချွေတာသိမ်းဆည်းထားခြင်းက ပိုကောင်းမည်ဟု သူယူဆသည်။ တကယ်တော့ပထမဆုံး တစ်ဖက်သတ်ချစ်သူနှင့် အေးစက်လွင့်ဝေးခဲ့ရခြင်းက သူ့အားကိုယ့်ကိုယ်ကို ယုံကြည်မှု လျော့ပါးစေသည်။