User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

(ရာသျှိုမွန် ပထမပိုင်း ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။)

 

Rashomonထိုခဏ၌ လူသေ အလောင်းများကြားတွင် ခါးကိုင်း၍ ခပ်ငိုက်ငိုက်ဖြင့် ဟိုဘက် ဒီဘက် သွားလာနေသော လူတစ်ယောက်၏ ပုံရိပ်က သူ့ မျက်လုံး အမြင်များကို ဖမ်းစားထားလျှက်ရှိသည်။ ထိုသူမှာ တခေါင်းလုံးဖြူဖွေးပြီး အရိုးပေါ် အရည်ပြားတင်ရုံမျှရှိသော ပိန်ချုံးသေးကွေးသည့် ခန္ဓာကိုယ်ရှိကာ မျောက်မျက်နှာနှင့် ခပ်ဆင်ဆင်တူသော အဖွားအိုတစ်ယောက်ဖြစ်နေ၏။ ကိုယ်ပေါ်တွင်လည်း ညစ်ပတ်ပေရေကာ ချေး(ဂျီး)အထပ်ထပ်ထူနေသော အနက်ရောင် ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားသည်။ သူ ကြည့်နေစဉ်မှာပင် အလောင်း တစ်လောင်းနားရပ်ကာ သူမ၏ ညာဘက်လက်တွင် ကိုင်ထားသော ထင်းရူးသား မီးတုတ်ချောင်းကို မြှောက်ကိုင်လိုက်ပြီး လူသေအလောင်း တစ်လောင်း၏ မျက်နှာကို ခါးကိုင်း၍ သေသေချာချာ စူးစိုက်ကြည့်နေလေသည်။ ထိုလူသေအလောင်းတွင် ဆံပင်ရှည်များရှိနေသည်ကို မြင်တွေ့ရသဖြင့် အမျိုးသမီးအလောင်း ဖြစ်ကြောင်း သိနိုင်သည်။

            မြင်နေရသော မြင်ကွင်းကြောင့် ကြောက်ရွံထိတ်လန့်ခြင်း၊ အံသြတုန်လှုပ်ခြင်းများအပြင် သိချင်စိတ်များ ပြည့်လျံစွာဖြင့် အစေခံလူမှာ အသက်ရှုရန်ပင် မေ့လျော့နေ၏။ ရှေးစာဆိုများ ရေးသားပြောဆိုသော စကားငှားပြောရလျှင် “ခေါင်းနပန်းကြီးကာ ဆံပင်များထောင်သွားသည်”ဟု ခံစားမိလေသည်။ ထိုစုန်းမကြီးနှင့် တူသော အဘွားအိုကြီးက လက်ထဲတွင် ကိုင်ထားသော ထင်းရူးသား မီးတုတ်ကို ကြမ်းကြားတွင် ထိုးစိုက်လိုက်ပြီး သူမ၏ လက်နှစ်ဖက်က လူသေအလောင်း၏ ခေါင်းကိုကိုင်လိုက်၏။ လက်ချောင်းများက မျောက်များသန်းရှာနေသလို လှုပ်ရှားနေလေသည်။ ထိုနောက် လူသေအလောင်း၏ ဆံပင်များကို တစ်ပင်ခြင်း နှုတ်နေလေ၏။ ဦးရည်ပြားမှ ဆံပင်များကို အလွယ်တကူပင် သူမ၏ လက်ချောင်းများဖြင့် နှုတ်နေခြင်းဖြစ်သည်။

ဆံပင်တစ်ပင် ကျွတ်ထွက်လာတိုင်း အစေခံမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းအစား ထိုအဘွားအိုအား စက်ဆုပ် ရွံမုန်းခြင်းများ တဖြည်းဖြည်း အစားထိုး တိုးများလာလေသည်။ “မဟုတ်သေးဘူး .. ဒီလို မိနစ်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတဲ့ စက်ဆုပ် ရွံမုန်းမှုတွေက ငါ့စိတ်ကို ထင်ရောင်မှားဖြစ်စေတာလား” ဟု တွေးနေသည်။

အကယ်ဤ သူနှင့်အတူ ဒီနေရာမှာ အခြား တစ်ယောက်ယောက်က ရှိနေပါက ခုနတုန်းက အောက်ထပ်တွင် စဉ်းစားခဲ့သော ‘အစာငတ် အသေခံမလား၊ လူဆိုးသူခိုး လုပ်မလား’ ဆိုတာ စဉ်းစား ရွေးခြယ်ခဲ့ရမည် ဆိုလျှင် .. နောင်တမရဘဲ သိက္ခာကိုရွေးကာ အစာငတ် အသေခံမည့် လမ်းကို ရွေးခဲ့မှာ ဖြစ်သလို၊ မကောင်းဆိုးဝါးများအား စက်ဆုပ် မုန်းတီးမှုသည်လည်း ကြမ်းပြင်တွင် စိုက်ထားသော ထင်းရူးသားမီးတုတ်ခဲ့သို့ မြဲမြံခိုင်မာနေမှာ သေချာသည်။

            ဒီရုပ်ဆိုးဆိုး အဘွားအိုကြီးက လူသေအလောင်းမှ ဆံပင်များကို ဘာကြောင့် နှုတ်နေသလဲဆိုတာ အစေခံ အဖို့ စဉ်းစား၍ မရပေမယ့် ဒီအပြုအမူဟာ မကောင်းဆိုးရွား အပြုအမူ တစ်ခုအဖြစ်တော့ တထစ်ချပြောလို့ မရနိုင်ပေ။ ဒါပေမယ့် ဒီလို မိုးတစ်ညမှာ ရာသျှိုမွန် မုဒ်ဦးကြီး၏ အပေါ်ထပ်ရှိ အလောင်းမှ ဆံပင်နှုတ်နေခြင်းသည်ပင်လျှင် သူ့အတွက်တော့ ခွင့်လွှတ်၍ မရနိုင်သော မကောင်းဆိုးရွားသည့် အမူတစ်ခု ဖြစ်နေသည်။ ခုနအချိန်ပိုင်းကပင် ခိုးဆိုး လုယက်ရန် ကြံစည်တွေးတောခြင်းကိုပင် သူ မေ့လျော့နေလေ၏။

            ခါးတွင် ချိတ်ထားသော ဓါးရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် သူရပ်နေသော လှေခါးထစ်မှ ခုန်တက်၍ ခါးကိုင်းပြီး အလုပ်ရှုပ်နေသော အဘွားအိုကြီးထံ အရှိန်ဖြင့် ပြေးဝင်လိုက်လေသည်။ ဘယ်ကနေ ဘယ်လို ပြေးထွက်လာမှန်း မသိသော အစေခံကို ‘ဘွား’ ခနဲ မြင်တွေ့လိုက်ရသောကြောင် အဘွားအိုလည်း ထိတ်လန့်သွားပြီး ရုတ်တရက် ထွက်ပြေးလေသည်။

            “ဒါက ဘယ်ကို ပြေးမလို့လဲ” ဟု အော်၍ အဘွားအို ပြေးမည့်လမ်းတွင် ပိတ်ရပ်လိုက်၏။ ကြောက်လန့်တကြား ဖြစ်နေရင်း ထွက်ပြေးရသောကြောင့် ပြေးနေရင်း အလောင်းများကြား အဘွားအိုမှာ ယိုင်လဲသွား၏။ ထိုနောက် ရုန်းကန်ရင်း အစေခံလက်မှ လွတ်ရန် ကြိုးစားလေသည်။ အစေခံက သူမ ထွက်မသွားနိုင်အောင် အနောက်ဘက်သို့ တွန်းထုတ်လိုက်သည်။ ထိုခဏ၌ အလောင်းများရှိနေသော အခန်းထဲတွင် နှစ်ယောက်သား ခေတ္တ ငြိမ်သက် တိတ်ဆိတ်သွားပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေ၏။ သို့သော် ခုနက ရုန်းကန် တွန်းထိုးခဲ့သော ရလဒ်ကား အဘွားအိုအတွက် ငြိမ်သက်နေရုံမှအပ ရွေးစရာ မရှိပေ။ ကြက်ခြေထောက်များကဲ့သို့ အရိုးပေါ် အရည်တင်နေသော အဘွားအို၏ လက်ကိုဆုပ်ကိုင်ပြီးနောက် ကြမ်းပြင်ပေါ်သို့ သူမအား တွန်းလှဲလိုက်လေသည်။

            “ဒီမှာ ဘာလာလုပ်နေတာလဲ” ဟု ခပ်ပြတ်ပြတ်မေးပြီး “အခု ချက်ခြင်းပြော၊ မဟုတ်ရင်တော့ ဒီမှာတွေ့လား” ဟုပြောပြီး လက်ထဲမှ ဓါးကို အဘွားအိုအား ဝှေ့ယမ်းပြလိုက်သည်။

            အဘွားအိုထံမှ မည်သည့် အသံမျှ ထွက်မလာပေ။ လက်မောင်းများ တုန်ယင်နေကာ ပခုံးနှစ်ဖက်ကို ကြုံ့ထားပြီး မျက်လုံးများ ပြူးကား၍ ဘာမှ မပြောနိုင်ဘဲ အသက်ကို လုရူနေလေ၏။ အခြေအနေကိုကြည့်ပြီး လက်ရှိအနေအထားအရ ဒီအဘွားအို၏ သေရေး ရှင်ရေးသည် သူသတ်လိုလျှင် ‘သတ်’၊ မသတ်လိုလျှင် ‘လွှတ်’ နိုင်သည့် စိတ်တိုင်းကျ အခြေအနေသည် သူ့လက်ထဲတွင် ရှိနေကြာင်း သတိထားမိလိုက်သည်။ ယခု ဖြစ်ပေါ်နေသော အခြေအနေသစ်အရ သူ့စိတ်ထဲ မုန်းတီးဆက်ဆုပ်မူများ ရုတ်တရက် ပြေလျော့သွားလေသည်။ မိမိ၏ မှန်ကန်သော ရပ်တည်ချက်ကြောင့် သူ့ရင်ထဲတွင် မိမိလုပ်ရပ်ကို ကြေနပ်နေ၏။ ထိုနောက် အဘွားအိုအား ငုံ့ကြည့်ပြီး လေသံပြောင်း၍ ညင်သာစွာဖြင့် ပြောလိုက်သည်။

            “ဘာမှ စိတ်မပူပါနဲ့။ ငါက တရားရုံးတော်က လူ မဟုတ်ပါဘူး။ မုဒ်ဦးအောက်ကနေ ဖြတ်လာခဲ့တဲ့ သာမန် ခရီးသွားတစ်ယောက်ပါ။ ဖမ်းပြီးခေါ်သွားဖို့လည်း မဟုတ်ပါဘူး။ ဒီအချိန် ဒီအပေါ်မှာ ဘာလာလုပ်နေတာလဲဆိုတာကို သိချင်ရုံသက်သက်ပါ။”

            အဘွားအို၏ မျက်လုံးများမှာ ပို၍ ပြူးသထက် ပြူးလာပြီး အစေခံကိုသာ စိုက်ကြည့်နေ၏။ သူမ၏ အနီရောင် မျက်ခမ်းအိမ်များဖြင့် ပြူးထွက်နေသော မျက်လုံးများက အစာရှာနေသော ငှက်များကဲ့သို့ ဆူးရှနေ၏။ တခုခုကို ဝါးနေသလို သူမ၏ နှုတ်ခမ်းများ စတင်လှုပ်ရှားလာပြီး သူမ၏ ပါးမှ အရည်ပြားများက နှာခေါင်းနှင့် တဆက်တည်းလိုလို တွန့်ခေါက်နေကြလေသည်။ လည်ဇလုပ်၏ အစွန်းလေးသည် ပိန်လှီလှသော လည်ပင်းတွင် လှုပ်ရှားနေသည်ကို သူတွေ့ရပြီး အသက်ရှုသံများအကြား လည်ချောင်းမှ ထွက်လာသော သူမ၏ အသံကို နားထဲတွင် ကျီးအာသံကဲ့သို ခပ်စူးစူး အသံတိုးတိုးကို ကြားလိုက်ရသည်။

            “ကျွန် … ကျွန်မ ဆံပင်တွေ …. ကျွန်မ ဆံပင်တွေကို ဆွဲနှုတ်ပြီး ဆံပင်အတု လုပ်မလို့ပါ”

            သူမ အဖြေကြောင့် အစေခံ အံသြားသင့်သွားသလို၊ သူမ၏ အဖြေမှာ မထင်မှတ်ဘဲ ရိုးရှင်းလွန်းသောကြောင့် စိတ်လည်းပျက်သလိုလည်း ဖြစ်မိသည်။ ထိုသို့ စိတ်ပျက်ခြင်းနှင့်အတူ ခုနက စိတ်ရိုင်းများလည်း ပြန်လည်၍ ဝင်ရောက်လာလေသည်။ အဘွားအိုလည်း သူ၏ စိတ်ရိုင်းဝင်လာခြင်းကို ခံစားမိဟန်တူ၏။ နှုတ်ယူထားသော ဆံပင်ရှည်များကို လက်တဖက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း၊ ပါးစပ်မှ တတွတ်တွတ်ရွတ်ကာ ဖြေရှင်းချက်ပေးနိုင်ရန် ကြိုးစားနေလေသည်။

            “ကျွန်မ သိပါတယ်၊ ကျွန်မသိတယ်။ လူသေ အလောင်းရဲ့ ဆံပင်တွေကို မနှုတ်သင့်ဘူးဆိုတာ။ ဒါပေမယ့် အခုလို လုပ်ရတာ သူတို့နဲ့ ထိုက်တန်ပါတယ်။ ဒီမိန်းမကို ကြည့်လေ။ ကျွန်မ အခု ဆံပင်ဆွဲနှုတ်နေတဲ့ မိန်းမ။ သူ အသက်ရှင်တုန်းက မြွေတွေကို လေးလက်မလောက် အတုံးလေးတွေ တုံးပြီး၊ နေခြောက်လှန်း .. ပြီးတော့ ငါးခြောက်ဆိုပြီး နန်းတော်စောင့်တွေကို ရောင်းစားနေတာ။ တကယ်လို့ သူသာ ကူးစက်ရောဂါနဲ့ မသေခဲ့ရင် အပြင်မှာ သူ့ ‘ငါး’ တွေကို ရောင်းနေဦးမှာ။ အစောင့်တွေကလည်း သူ့ ‘ငါး’တွေကို သိပ်ကြိုက်ကြတယ်။ နေ့တိုင်းဝယ်စားတယ်။ ဒါပေမယ့် ဒီလို လုပ်ရတာ သူ့အမှားတော့လည်း မဟုတ်ပါဘူး။ သူလုပ်ရတာက ငတ်ပြီး မသေအောင် ကြံရတာပဲလေ။ သူလည်း မတတ်နိုင်ဘူး။ … ကျွန်မ အခုလို လုပ်နေတာလည်း အမှား လုပ်နေတာ မဟုတ်ပါဘူး။ အတူတူပဲ။ ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူး။ ကျွန်မ အခုလို မလုပ်ရင် ကျွန်မလည်း ငတ်သေမှာ။ ဒီမိန်းမက သိပါတယ်။ သူဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ် ဆိုတာကို သိတယ်။ ကျွန်မ အခုလို သူ့ကို လုပ်နေတာကိုလည်း သူ နားလည်ပေးနိုင်မှာပါ။”

            အစေခံက ဓါးကို ဓါးအိမ်ထဲ ပြန်ထည့်လိုက်ပြီး ဘယ်ဘက် လက်ကို ဓါးရိုးပေါ်မှာ အသာအယာတင်ကာ အဘွားအိုပြောသမျှကို အေးစက်စွာ နားထောင်နေသည်။ တပြိုင်နက်ထဲမှာ သူ့ပါးပေါ်က မှည့်နေသော ဝက်ခြံကို ညာဘက်လက်ဖြင့် ကိုင်ပြီး ကစားကြည့်နေသည်။ အဘွားအို ပြောတာကို နားထောင်နေရင်းမှ သူ့စိတ်ထဲ တွန်းအား အသစ်တချို့ စတင်ဝင်ရောက်ပြီး ရှင်သန်လာလေသည်။ သူ မုဒ်ဦးအောက်တွင် ရှိစဉ်က မရှိသော တွန်းအား - အဘွားအိုထံသို့ ခုန်ထွတ်ပြီး ဖမ်းဆီးစဉ်က ရှိခဲ့သော ကောင်းမွန်သည့် စိတ်သတ္တိ တွန်းအားနှင့် ဆန့်ကျင်ဘက် တွန်းအားဖြစ်သည်။ သူမှာ ‘အစာငတ် အသေခံမလား၊ လူဆိုး သူခိုးလုပ်မလား’ ဆိုသော စိတ်နှစ်ခွ ဖြစ်နေမှုများ မရှိတော့ပေ။ သူ၏ စိတ်ထဲတွင် အစာငတ် အသေခံမယ် ဆိုသော စိတ်သည် ပျောက်ကွယ်လုမတတ် ဖြစ်လာနေပြီး လက်ရှိ အချိန်တွင် ဒီလိုလုံးဝ မတွေးသင်ဘူးဟု ယူဆလာပြီ ဖြစ်သည်။

            “သေချာလား သူက နားလည်ပေးမယ် ဆိုတာ” အဘွားအိုအား တွန်းထားရင်း လှောင်သလိုလို မေးလိုက်၏။ ထိုနောက် သူမ ရှိရာသို့ ခြေတလှမ်း တိုးလိုက်ပြီး ဝက်ခြံကို ကိုင်နေသော ညာလက်ဖြင့် အဘွားအို၏ လည်ပင်းကို ရုတ်တရက် ချုပ်ကိုင်လိုက်သည်။ သူမအား ချုပ်ကိုင်လိုက်ပြီး ဆက်ပြော၏။

“ဒါဆိုရင် မင်းက ငါ့ကိုလည်း အပြစ်တင်မှာ မဟုတ်ဘူး၊ ငါ အစာငတ်ပြီး မသေအောင် မင်းရဲ့ ကုတ်အင်္ကျီကို ယူရမယ်။”

            အဘွားအို၏ ကုတ်အင်္ကျီရှည်ကို ချွတ်ယူနေလေသည်။ ထိုသို့ ချွတ်ယူနေစဉ် သူ၏ ခြေထောက်ကို ရုန်းကန်ရင်း ဆုပ်ကိုင်လာသော အဘွားအိုကို ကန်လိုက်ရာ အလာင်းများအပေါ်သို့ သူမ လိမ့်ထွက်သွားသည်။ ခြေ ငါးလှမ်းခန့် ခပ်သွက်သွက်လှမ်း၍ အပေါ်ထပ် အခန်း၏ လှေခါးဝ ဆီသို့ ရောက်အောင်သွားလိုက်သည်။ ထိုနောက် အဘွားအို၏ ကုတ်အင်္ကျီရှည်ကို ချိုင်းတွင် ညှပ်ပြီး အောက်ထပ်သို့ ဆင်းသွားကာ အမှောင်ထုထဲ ဝင်ရောက်သွားသည်။

            သိပ်မကြာခင်မှာပင် အလောင်းများ ကြားတွင် အသက်မရှိသူကဲ့သို့ လဲနေသော အဘွားအိုလည်း အဝတ်အစားမဲ့စွာဖြင့်ပင် ကုန်း၍ ထလေ၏။ ထိုနောက် ပါးစပ်မှ ပွစိစိ ပြောဆို ညည်းညူနေလျက် လှေခါးထိပ်သို့ မီးရောင်မှိန်အောက်တွင် ကုန်းရုန်း၍ သွားလေသည်။ သူမ၏ ဖြူဖွေးနေသော ဆံပင်အတိုများက နှဖူးမှ အောက်သို့ ကျလျက် မုဒ်ဦး၏ အောက်ထပ်သို့ ငုံ့ကြည့်လိုက်၏။ ထူထဲသော အမှောင်ထု ကမ္ဗလာကိုသာ သူမ မြင်တွေ့လိုက်ရသည်။

            ခပ်နွမ်းနွမ်း အစေခံဝတ်စုံ ဝတ်ဆင်ထားသော အစေခံ ဘယ်ရောက်လို့၊ ဘာဖြစ်သွားသနည်း။ ဘယ်သူမှ မသိပါ။

ချစ်ခင်လေးစားစွာဖြင့်

ကိုထိုက်

 

မူရင်း စာမူ           ၁၉၁၅ ခုနှစ်တွင် ဂျပန် စာရေးဆရာ ‘ယူနိုဆူကီ အကူတာဂါဝါ’ (Ryunosuke Akutagawa) ရေးသားသည့် ရာသျှိုမွန် (Rashomon) ဝတ္ထုတိုအား အင်္ဂလိပ် စာရေးဆရာ ‘ဂျေးရူဘင်’ (Jay Rubin) က ဘာသာပြန်ပြီး .. ထိုအင်္ဂလိပ် ဘာသာပြန်မှ တဆင့် မြန်မာဘာသာသို့ ထပ်မံ ပြန်ဆိုခြင်း ဖြစ်ပါသည်။