User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

Rashomonညနေခင်းတစ်ခု။

မိုးကဖြောက်ဖြောက်နှင့် အမျှင်မပြက် ရွာသွန်းနေ၏။ ညနေခင်း အမှောင်ထုနှင့်အတူ၊ ခပ်နွမ်းနွမ်း အစေခံတစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူရိပ်တခု ရာသျှိုမွန် မုဒ်ဦးကြီးဆီသို့ တရွေ့ရွေ့ ချဉ်းကပ် ဝင်ရောက်လျက်ရှိ၏။

ကျယ်ဝန်းလှသည် ရာသျှိုမွန် မုဒ်ဦးကြီး အောက်ဖက်တွင်မူကား လူသူကင်းမဲ့ တိတ်ဆိတ်နေသည်။ သက်ရှိသတ္တဝါဟူ၍ ပုရစ်တစ်ကောင်သာ ယွန်းနီရောင် ဆေးများ ဟိုတစ်စ ဒီတစ်စ ပြယ်လွင့်နေသော ကြီးမားသည့် မုဒ်ဦးတိုင်ကြီးတွင် တွယ်ကပ်နေ၏။ မြို့အဝင် လမ်းမကြီး ဖြစ်သော ဆူဇကူးလမ်းပေါ်တွင် တည်ရှိနေသည့် ဤရာသျှိုမွန် မြို့ဦးမုဒ်ကြီးကား မိုးရေများအောက်တွင် လူအချို့ကို ခိုလှုံရာအဖြစ် ကောင်းမွန်းစွာ ပေးစွမ်းနိုင်သည့် မုဒ်ဦးကြီးဖြစ်သည်။ သစ်စေးသုတ်ကျုရိုးခမောက် ဆောင်းထားသော အမျိုးသမီးတစ်ယောက်ဖြစ်ဖြစ်၊ (ဒါမှမဟုတ်) အနက်ရောင် ဦးထုပ်ခပ်ပျော့ပျော့ ဆောင်းထားသော မင်းမှုထမ်းတစ်ယောက်ဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ဝင်ရောက် ခိုနား နေနိုင်လောက်၏။ သို့သော် ယခုမူကား ခပ်နွမ်းနွမ်း အစေခံ အမျိုးသားမှလွဲ၍ အခြားမည်သူမျှ ရာသျှိုမွန် မုဒ်ဦးအောက်တွင် ရှိမနေပေ။

ဤနှစ်များသည် မြေငလျှင်ဘေး၊ လေဆင်နှာမောင်းဒဏ်၊ မီးဘေး၊ အစာရေစာ ရှားပါးငတ်မွတ်ခြင်း စသည့် သဘာဝ ကပ်ဘေးအမျိုးမျိုးတို့၏ ရိုက်ခတ်မှုကြောင့် ကြီးကျယ်ခမ်းနားသည့် ကျိုတိုမြို့ကြီးကား တစစဖြင့် ပျက်စီးနေသောကာလကြီးလည်း ဖြစ်၏။ မှတ်တမ်းဟောင်းများအရ လူအချို့က ဘုရား ရုပ်ပွားတော်များ၊ ဘာသာရေးအဆောက်အဦးများကို ထင်းအဖြစ် ချိုးဖဲ့ ဖြတ်ဆီး ရောင်းချကြသည်အထိ ဖြစ်လာခဲ့ပြီး၊ ယခု အချိန်တွင် လမ်းဘေးဝဲယာ အမှိုက်များအကြား ဆေးရောင် တစက်တပြောက် ထင်ကျန်နေပြီး၊ ရွှေရောင်၊ ငွေရောင် တစွန်းတစ ကပ်နေသည့် သစ်သား အကျိုးအပဲ့များကို သက်သေအဖြစ်တွေ့နိုင်နေသေးသည်။ ထိုအခြေအနေဆိုးများ အောက်တွင် ယောက်ယက်ခက်နေသောကျိုတိုမြို့၏ မြို့အဝင်ဝရှိ ရာသျှိုမွန် မုဒ်ဦးကြီးကိုလည်း မည်သူကမှ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ဝင်စားနိုင်ခြင်း မရှိကြပေ။

မုဒ်ဦးကြီး၏ အပျက်အစီးများ၊ အမှိုက်ပုံများ ကြားတွင် မြေခွေးများ၊ ခွေးတူဝက်တူများ စသည့် တောသတ္တဝါများ စတင်ဝင်ရောက်နေထိုင်လာကြပြီး၊ ၄င်းနောက်တဆက်တည်းဆိုသလို လူဆိုး သူခိုးများကလည်း ဤ မုဒ်ဦးကြီးအား ခေတ္တဝင်ရောက်ပုန်းခိုရာ နေရာဌာန အဖြစ်အသုံးပြုလျက်ရှိကြသည်။ နောက်ဆုံးတွင်ကား ပိုင်ရှင်မဲ့ လူသေအလောင်းများကို ရာသျှိုမွန်မုဒ်ဦး အပေါ်ထပ်တွင် လာရောက်စွန့်ပစ်ထားကြသည်အထိ ဖြစ်လာလျက်ရှိပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများက နေညိုချိန်ရောက်သည်နှင့် တပြိုင်နက် ဤနေရာသို့ အသွားအလာမရှိ ကြောက်ရွံ့စွာ ခပ်ဝေးဝေးမှ ရှောင်ကျဉ်တတ်ကြသည်။

ဤနေရာသို့ လူသူ အသွားအလာ နည်းလာသော်လည်း ကျီးကန်းများကတော့ အုပ်စုဖွဲ့ လာရောက်နေထိုင်လျက်ရှိကြသည်။ တချိန်က အလှအပ အနုပညာလက်ရာများ တန်ဆာဆင် တပ်ဆင်ထားသော ခန့်ညားသည့် မုဒ်ဦးကြီး၏ ခေါင်မိုး အထက် ကောင်းကင်ထဲမှာ တဝဲဝဲ ရစ်ပတ် ပျံသန်းနေသည့် ကျီးကန်းများကို နေ့လည် နေ့ခင်း အချိန်များ၌ လှမ်း၍ မြင်နိုင်၏။ ညနေခင်း နေဝင်ချိန်ရောက်လျှင်တော့ ဟိုဒီပျံသန်းနေသော ကျီးကန်းများကား အနီရောင် ကောင်းကင် နောက်ခံကားချပ်ပေါ်တွင် နှမ်းများကြဲပက်ထားသကဲ့သို့ ရှိနေကြ၏။ မုဒ်ဦးကြီး၏ အပေါ်ထပ်ရှိ လူသေအလောင်းများ၏ အသားများကို ထိုးစိတ် စားသောက်ရန် လာရောက်နေကြခြင်း ဖြစ်၏။ သို့သော် ယနေ့ နေဝင်ချိန်၌ ကျီးကန်းများကို ထူးဆန်းစွာ မတွေ့ရပေ။ ကျောက်တုံးများကြားမှ မြက်ရိုင်းများ ပေါက်နေသည့် ကျောက်လှေခါးထစ်များပေါ်တွင် ၄င်းတို့ စွန့်ပစ်ထားသော ငှက်ချေး အဖြူစက်များသာ တွေ့ရသည်။ အပြာရောင်ဝတ်ရုံ ခပ်နွမ်းနွမ်း ဝတ်ထားသော အစေခံလူသည် မိုးလွတ်ရာ မုဒ်ဦးကြီး၏ ကျောက်လှေခါးထိပ်ပေါ်သို့ တတ်ရောက် ရပ်နေပြီးနောက် သူ၏ ညာဘက်ပါးပြင်တွင် ပေါက်နေသော ဝက်ခြံဖုကို လက်ဖြင့်စမ်းကြည့်ရင်း တစက်စက် ကျနေသော မိုးရေများထဲသို့ အဓိပ္ပါယ်မဲ့စွာ ငေးမော ကြည့်ရူနေလျက်ရှိသည်။

အဆိုပါ အစေခံသည် မိုးခိုရန် ခဏဝင်ရောက် လာခဲ့သည်ဟု ထင်ရသော်လည်း တကယ်တန်းတွင်မူ မိုးတိတ်ပြီးနောက် ဘယ်ကိုသွား၍ ဘာလုပ်ရမည်ဆိုတာ မသိဘဲ ဦးတည်ရာမဲ့ ရောက်ရှိလာခဲ့ခြင်းသာဖြစ်သည်။ ပုံမှန်အချိန်များတွင် အစေခံတစ်ယောက် အနေဖြင့် မိမိ၏ အရှင်သခင်ရှိရာသို့ ပြန်ရမည် ဖြစ်သော်လည်း ယခုကဲ့သို့ ဆုတ်ယုတ် ပျက်စီးနေသော ကျိုတိုမြို့၏ အခြေအနေအောက်တွင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အလုပ်ရှင်မှ အလုပ်ထုတ်ခြင်းကို ခံခဲ့ရသူ တစ်ဦးဖြစ်၏။  သူနှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော အရှင်သခင်မိသားစုမှ အလုပ်ထုတ်ခံလိုက်ရခြင်းမှာ လက်ရှိမြို့၏ ဆိုးစွားစွာ ဆုတ်ယုတ် ပျက်စီးမှုများ၏ နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုဖြစ်သည်။

မိုးရေအောက်တွင် မိုးခိုနေသည်ဟု ဆိုခြင်းထက် မိုးရေးများကြားတွင် ပိတ်မိနေပြီး ဘယ်ကိုသွား၍ ဘာဆက်လုပ်ရမည်မှန်း မသိသည့် အစေခံတစ်ယောက်ဟုဆိုလျှင် ပို၍ မှန်ကန်လှသည်။ မိုးကလည်း နေ့လည်ခင်းကတည်းက ရွာနေသော မိုးဖြစ်ပြီး တိတ်သွားမည့် အရိပ်အယောင် ယခုအထိ မမြင်ရပေ။ ဆူဇကီး လမ်းမပေါ် ဖြောက်ဖြောက်ကျနေသော မိုးစက်သံများကို ဆက်လက်နားထောင်ရင်း နောက်ထပ် တစ်ရက်တာ ဆက်လက် အသက်ရှင် နေထိုင်နိုင်ရန် ဘာမှ လုပ်၍ မရသော ကာလအတွင်း တခုခုကို မဖြစ်မနေ လုပ်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

မိုးကား သည်းထန်လာပြီး ခပ်လှမ်းလှမ်းမှ လေတိုက်ခက်သည့် အသံများကား ရာသျိုမွန် မုဒ်ဦးအတွင်းသို့ ဝင်ရောက် ရိုက်ခက်လျက်ရှိသည်။ မိုးတိမ်မဲတို့မှာ အမှောင်ထု ကဲလာသော ညနေခင်း၏ အလင်းရောင် အားနည်းမှုကြောင့် တဖြည်းဖြည်း နိမ့်ဆင်းလာကာသကဲသို့ ခံစားရပြီး ရာသျှိုမွန် မုဒ်ဦး ခေါင်မိုးစွန်းမှ မိုးတိမ်များ ပြိုကျမလာနိုင်အောင် ထောက်ခံပေးထားသည့်နှယ် ဖြစ်နေ၏။

ဘာမှ လုပ်၍မရသော ကာလအတွင်း တခုခု ပြုလုပ်ရမည် ဆိုသည်မှာ “ဘာမဆိုလုပ်မည်” ဟူသော ဆုံးဖြတ်ချက်ဖြင့် သေသေချာချာ ပြင်ဆင်ထားဖို့သင့် လိုမည်ဟု ထင်၏။ တခုခု ပြုလုပ်ရန် တွေဝေးနှေးကွေးနေပါက အစာရေစာ ငတ်ပြီး အုတ်နံရံကိုမှီပြီးသော်လည်းကောင်း၊ လမ်းဘေးမြောင်းထဲရှိ အမှိုက်တောထဲတွင် လည်ကောင်း သေဆုံးခြင်းဖြင့်သာ နိဂုံးသတ်ရမည်ကို ကောင်းစွာနားလည်ထားသည်။ ထိုကြောင့် အတွင်းပိုင်းအထိဝင်ရောက်ကာ လူသူ အသုံးမပြုတော့သော မုဒ်ဦးကြီး၏ အပေါ်ထပ်သို့ တလှမ်းခြင်း တတ်ရောက်ရန် ချဉ်းကပ်လိုက်၏။

သို့သော် ..

 “ဘာမဆို လုပ်ရန် ဆုံးဖြတ်ချက်ချတာ သေချာခဲ့ပြီလား ….။”

သူ၏ စိတ်များက ဒီလမ်းကြောင်းတစ်ခုတည်းမှာပင် ထပ်ကာ ထပ်ကာ တွေးနေမိခြင်း ဖြစ်၏။ အချိန်တွေ ဘယ်လောက် ကုန်ကုန် ..ဒီ .. “ဘာမဆို လုပ်မယ် ဆိုတာ သေချာပြီလား” … ဆိုသော မေးခွန်းထဲမှာပင် တဝဲလည်လည် ဖြစ်နေသည်။ အတွေးများက နောက်ဆုံးတွင် ..  “မဖြစ်မနေ လိုအပ်ရင် ခိုးဝှက်၊ လုယူ တိုက်ခိုက်ရမှာပဲ” ဆိုသည့် အခြေအနေကို ရောက်လာမည်ဆိုတာကို သိနေပြီး ထိုသို့ အခြေအနေသို့ မိမိကိုယ်ကို တွန်းပို့ရန် အင်အား မရှိဖြစ်နေခြင်းသာ ဖြစ်သည်။ 

ရုတ်တရက် နှာချေလိုက်ပြီး၊ သူရဲ့ ခြေလှမ်းတွေကို ရှေ့သို့ ဆက်လှမ်းနိုင်ရန် အားယူလိုက်သည်။ ကျိုတိုမြို့ရဲ့ အေးစက်တဲ့ ညနေခင်း ရာသီဥတုထဲ ပူပူနွေးနွေး မီးသွေး မိးဖိုလေး တစ်ခု ဘေးနားမှာ မီးလှုံရလိုက်လျှင် ဘယ်လောက်ကောင်း လိုက်မလဲဆိုကာ တမ်းတပြီး ချဉ်ခြင်း တတ်မိသည်။ ညနေခင်း အလင်းရောင်များသည် ညအမှောင် ထုထဲသို့ တိုးဝင်ပျောက်ကွယ် သွားပြီ ဖြစ်ပြီး၊ အေးစက်စက် လေရိုင်းတွေက မုဒ်ဦး၏ တိုင်များကို ဖြတ်သန်းပြီး အတွင်းပိုင်းသို့ အလုအယက် တိုးဝှေ့ဝင်ရောက်လျှက်ရှိနေကြသည်။ မုဒ်ဦး တိုင်မှာ ကပ်နေသည့် ပုရစ်ကောင်ကလေးပင် မရှိတော့ပေ။

မုဒ်ဦးနှင့် အနီးပတ်ဝန်းကျင်တွင် ခေတ္တ ခိုအောင်းရန် အခြားနေရာများရှိမလားဟု မုဒ်ဦးအဝင်ဝမှ ခမ်းလှမ်းလှမ်းအထိ မျက်စိကစား၍ ကြည့်လိုက်၏။ အပြင်ဘက် အခြားတနေရာမှာ ကြောက်လန့်စရာ မလိုဘဲ စိတ်အေးချမ်းသာစွာ မနက်အထိ အိပ်လို့ရမယ့် နေရာရှိရင် ကောင်းမှာပဲဟု စိတ်ထဲမှလည်း တွေးနေမိသည်။ ထိုနောက် သူ၏မျက်လုံးများက အနီရောင် ယွန်းဆေးများ သုတ်ထားသည့် အပေါ်ထပ်သို့ တတ်သော လှေခါးကျယ်ဆီသို့ ရောက်သွားသည်။ အပေါ်ထပ်မှာ ရှိသမျှကတော့ လူသေတွေပဲ ဖြစ်မယ်။ ခါးမှာရှိသော ဓါးရိုးပေါ်သို့ လက်ကို တင်လိုက်ကာ၊ ဓါးကို ဓါးအိမ်မှ အနည်းငယ်ဆွဲထုတ်လိုက်ပြီး ကောက်ရိုးဖိနပ် ဝတ်ဆင်ထားသော သူ၏ ခြေထောက်တဖက်ကို ဖြည်းဖြည်းခြင်း လှေခါး၏ ပထမထစ်သို့ တက်လှမ်းလိုက်၏။

ကျားချောင်း ချောင်းကာ အသက်အောင့်လျှက် လှေခါးတဝက်သို့ ရောက်သည်အထိ ခြေသံလုံအောင် ထိန်း၍ တတ်လာခဲ့သည်။ အပေါ်ထပ်သို့ လှေခါးတဝက်မှ ခေါင်းပြူကြည့်လိုက်သောအခါ မီးရောင်တချို့က သူ၏ မျက်နှာကို ခပ်မှိန်မှိန် ထိုးကျလာခဲ့သည်။ ဒီအပေါ်ထပ်မှာ လူသေတွေက လွဲလို့ အခြားတစ်ယောက်ယောက် ရှိနေလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ အခြေအနေကို ပိုသိရအောင် နောက်ထပ် လှေခါး နှစ်ထစ်၊ သုံးထစ်လောက် ဆက်တတ်လိုက်ပြီး ကြည့်လိုက်သောအခါ မီးရောင်ရှိရုံ မကဘဲ တစ်စုံတစ်ယောက်မှ ဟိုဘက်ဒီဘက် သွားလာနေသည်ကို မပီမပြင်တွေ့လိုက်ရသည်။ ပင့်ကူမျှင်များ တွဲကျနေသော အခန်းထောင့် တစ်နေရာမှ ထွက်လာသော ခပ်မှိန်မှိန် မီးရောင်က ခေါင်းမိုးမှတဆင့် အခန်းတွင်းသို့ ဝါကျင့်ကျင့် အရောင်ဖြည့်ကျန့်ထားသည်။ ဒီလို မိုးသည်းထန်နေတဲ့ မိုးညအောက်ရှိ ရာသျှိုမွန် မုဒ်ဦးထဲ တော်ရုံ သာမန်လူတစ်ယောက်အနေဖြင့် လာရောင်မီးထွန်းထားလိမ့်မည် မဟုတ်ပါ။

သတိကြီးကြီးထားကာ လှေခါးအတိုင်း ခပ်ဖြည်းဖြည်း တတ်လိုက်ပြီး ကိုယ်ကိုကိုင်းလျှက် ခေါင်းကို တတ်နိုင်မျှ ရှည်ထုတ်ပြီး ကြေက်ရွံ့ထိတ်လန့်စွာ အပေါ်ထပ်အခန်းသို့ ချောင်းကြည့်လိုက်လေ၏။

အများပြောဆိုနေကြသလို ပစ်စလက်ခက် ပစ်ထားသော လူသေအလောင်းများစွာကို တွေ့လိုက်ရသည်။ သို့သော် မီးအလင်းရောင်ကား ထင်ထားသည်ထက် ပို၍ မှိန်ဖျော့နေသောကြောင့် အရည်အတွက် ဘယ်လောက်ရှိမည်ကို သေချာ မခန့်မှန်းနိုင်ပါ။ သူတွေ့ရသည်ကတော့ အချို့အလောင်းများမှာ အဝတ်အစားပါသော်လည်း အချို့မှာ အဝတ်အစားမဲ့နေသည်ကိုသာ သတိထားမိသည်။ မိန်းမ၊ ယောက်ကျား စသည့်ဖြင့် ရောနှော၍ အချို့ တစ်လောင်းနှင့် တစ်လောင်း ထပ်နေကြသည်။ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် တချိန်က အသက်ရှိထင်ရှား ရှိနေခဲ့ကြသော လူသားများမှ ဟုတ်ပါလေစဟု ထင်စရာဖြစ်သည်။ ရွံ့ဖြင့် ပြုလုပ်ထားသော လူရုပ်များကဲ့သို့ ခြေလက်များ ကားယား ဖြစ်နေကြပြီး၊ အချို့မှာ ပါးစပ်များ အစွမ်းကုန် ပွင့်ဟလျှက် ထာဝရတိတ်ဆိတ်ခြင်း ဆောင်နေကြသည်။ ခြေလက်၊ ပခုံး စသည့် ထင်ရှားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကား မီးရောင်အောက်တွင် မြင်တွေ့ရပြီး၊ ၄င်းတို့၏ အရိပ်များကြောင့် အခြားအစိတ်အပိုင်းများကိုမူ သေချာစွာ မမြင်တွေ့ရပေ။ ထိုအလောင်းများ၏ ပုပ်သိုးသိုး အနံ့ဆိုးများကြောင့် သူ့ လက်ဖြင့် ခပ်မြန်မြန်ပင် နှာခေါင်းကို ပိတ်ထားမိလိုက်သည်။ သို့သော် ထိုခဏ၌ မြင်တွေ့လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် အနံ့နံနေသည်ကိုပင် သတိမရတော့ပဲ တုန်လှုပ် စိတ်ခြောက်ခြားစွာဖြင့် နှားခေါင်းပိတ်ထားသော လက်ကို မေ့ပြီးဖယ်မိလိုက်လေ၏။


ကိုထိုက်

(ရာသျှိုမွန် ဒုတိယပိုင်းကို ဒီနေရာတွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။)