Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

တစ်ဘဝမှာ တစ်ခါမျှ အပိုင်း(၁) ဖတ်ရန် >>>>

(၆)

 

နောက် တစ်ပတ်လောက်ကျတော့ ကျမတို့ဆီကနေ မိုင်(၄၀) လောက်ဝေးတဲ့ အင်ဂျင်နီယာ လုပ်ငန်းတစ်ခုမှာ ရှင့်အဖေ အလုပ်သစ်ဝင်တယ်။ စ,စချင်းတော့  ကျမအဖေ စောစောထပြီး အရှေ့မြောက်ပိုင်း တက္ကသိုလ်မှာ သူ့ရဲ့ ဘောဂဗေဒတွေ မစခင် ရှင့်အဖေကို အရင်လိုက်ပို့ပေးတယ်။ နောက်တော့ ရှင့်အဖေက အမိုးကိုလှန်လို့ရတဲ့ အူဒီကားလေး တစ်စင်းဝယ်လိုက်တယ်။ ရှင်ကတော့ အမေတို့နဲ့ အိမ်မှာပဲ နေခဲ့ရတယ်လေ။

 

ရှင့်အဖေတို့က ရှင့်ကို သူတို့အိမ်ဝယ်ပြီးမှ ကျောင်းဘယ်မှာထားရမယ်ဆိုတာ စဉ်းစားမယ်တဲ့။ ကျမကတော့ တအံ့တသြလည်းဖြစ်မိတယ်။ အားလည်းကျတယ်။ နှစ်ဝက်လုံးလုံး ကျောင်းတက်စရာမလိုပဲ အားနေမယ် တဲ့လေ။ နောက် စိတ်ညစ်ရတာတစ်ခုက ရှင့်ကို အိမ်မှာတွေ့ရတယ်လို့ကိုမရှိဘူး။ နောက်စားထားတဲ့ ပန်းကန်တွေ၊ ခွက်တွေဆိုရင်လည်း ဆေးတဲ့နေရာမှာ ပြန်မထားဘူး။  နောက်အိပ်ရာကိုလည်း ပြန်သိမ်းတယ်၊ ပြန်ခင်းတယ်လို့ကိုမ ရှိဘူး။ မဟတဟ ပွင့်နေတတ်တဲ့ တံခါးကကြည့်ရင် အကုန် ပွစာကျဲနေတာပဲ။ ကြမ်းပြင်ပေါ်မှာ စောင်တွေကျလို့၊  အဝတ်တွေကိုလည်း စားပွဲပေါ်မှာပုံထားလို့ထားနဲ့ နိစ္စဓူဝ မြင်နေရတယ်။ 

 

နောက် ရှင်က အသီးအနှံတွေ အများကြီး စားတတ်တယ်နော်။ စပျစ်သီးဆို တစ်ခိုင်လုံး၊ ပန်းသီးဆိုရင်လည်း အလယ်အူတိုင်ပဲ ကျန်တော့အောင်ကို စားပစ်တာ။ ဒါဟာလည်း ကျမကို ဆွဲဆောင်နေတဲ့ ရှင့်ရဲ့အကျင့်တစ်ခုပဲ။ ကျမကတော့ အသီးတွေဘာတွေ သိပ်မစားဖြစ်ပါဘူး။ စားရတာ ဝါးရတာ ပါးစပ်ကိုဆို့ထားသလိုပဲ။ ရှင်ကတော့ ဒီဟာက အရသာရှိတယ်၊ ဟိုဟာကအရသာ မရှိဘူးရယ်လို့ ကချိကချောက်များသလောက် စတားဈေးဆိုင်ကနေ အမေတို့ ဝယ်သမျှအကုန် ဖြိုပစ်တတ်တာမဟုတ်လား။ နေ့လည်၊ နေ့လည် ကျမကျောင်းက ပြန်လာတိုင်း ရှင် ဆိုဖာရဲ့ အစွန်းတစ်ဖက်မှာ အမြဲတမ်းထိုင်ပြီး ခြေထောက် ညှက်ညှက်ကလေးတွေကို စားပွဲပေါ်မှာ ပတ္တာဆက်တင်လို့ အောက်ထပ် ကျမအဖေ့ စာအုပ်စင်က အိုက်ဆက်အက်ဆီမော့ရဲ့ စာအုပ်တွေ ဖတ်နေတတ်တယ်။ ရုပ်သံကလွှင့်ပြီး ကျမသိပ်မုန်းတဲ့ “ဒေါက်တာ ဘယ်သူတုန်း” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရှင်က သိပ်ကြိုက်တယ်။

 

ကျမရှင့်ကို ဘယ်လို ခင်အောင်ရောရ၊ ပေါင်းသင်းရမယ်ဆိုတာ မသိဘူး။ ဘာလို့လဲဆို ရှင်က အိန္ဒိယမှာ နေလာခဲ့တာ၊ အမေတို့ဆိုရင်တော့ ကျမထက် ပိုပြီး နားလည်မယ်ထင်တယ်။ နောက်တစ်ခု ရှင်ကလည်း ကာလကတ္တားက ကျမရဲ့ ဝမ်းကွဲမောင်နှမတွေလို မဟုတ်ပြန်ဘူး။ သူတို့ဆို သိပ်ရိုးကြပြီး ကျမကိုလည်း သိပ်လိုက်လျောရှာတာ။ အမေရိကားမှာနေတာကို အခြားတစ်ကမ္ဘာမှာနေတာကျလို့ အကွက်စေ့ အကုန်မေးတတ်ကြတယ်။ ရှင်ကျတော့ ကျမအကြောင်းကိုဘာမှလည်း စပ်စပ်စုစုလည်း မရှိဘူး။

 


တစ်နေ့ကျမကျောင်းက သူငယ်ချင်းတစ်ယောက်က “အင်ပါယာကြီး ပြန်လည်ထွန်းတောက်ချိန်” ဆိုတဲ့ ရုပ်ရှင်ကြည့်ဖို့ စနေနေ့မှာ ဖိတ်တယ်။ အမေက ရှင့်ကိုပါခေါ်သွားဖို့ပြောတယ်။ ကျမငြင်းတာပေါ့။ ဟုတ်တယ်လေ ကျမသူငယ်ချင်းကမှ ရှင့်ကို မသိဘဲ။ ကျမ သိပ်ခံပြင်းသွားတဲ့ အပြင် သူငယ်ချင်းကိုလည်း ရှင်က ဘယ်သူဘယ်ဝါ ဘာကြောင့် လာနေရလဲ ဆိုတာတွေ ရှင်းပြမနေချင်ဘူး။

 

“ဟဲ နင်သူ့ကိုသိတာပဲ” အမေကပြောတယ်။

 

“ဒါပေမယ့် သူကမှ ကျမကို သဘောမကျတာ”

 

“သူ ညည်းကို သဘောကျပါတယ်အေ..” အမေကတော့ ကျမကို မျက်စိမှိတ်ပြီး ငြင်းနေတယ် ။

 

“သူက အရာရာကို ညှိပြီး ပြင်ဆင်နေရရှာတယ်အေ။ ညည်းမှာ ဒီလိုမျိုးမကြုံဖူးတာ”

 

ဒီမှာတင်ပဲ ပွဲပြီးသွားတယ်။ ရှင်လိုက်လာပေမယ့် ရုပ်ရှင်ကိုတော့ စိတ်ဝင်စားပုံ မပေါ်ပါဘူး။ ဘယ့်နယ့် ရှင်က သည့်အရင် “ကြယ်တာရာ စစ်ပွဲ” ကားတွေကိုမှ မကြည့်ဘူးတာ။


 

(၇)

 

တစ်နေ့တော့ ရှင် ကျမရဲ့ စန္ဒရားနားမှာ ထိုင်ပြီး ခုလုတ်တွေကို လက်ညှိုးနဲ့ လျောက်နှိုပ်နေတာ တွေ့တယ်။ ကျမကိုမြင်တော့ မတ်တပ်ရပ်ပြီး နောက်မှီဆိုဖာပေါ်ကို ပြန်ထိုင်တယ်။

 

“အကို ဒ်ီမှာနေရတာ မပျော်ဘူးလား”

 

“ကိုယ် … အိန္ဒိယမှာနေရတာကို ပိုသဘောကျတယ် ”

 

ကျမစိတ် အထင်တော့ အိန္ဒိက စိတ်ပျက်စရာကြီးပါ။ ညနေဆိုရင် နံရံအပေါ်မှာ တွဲလောင်းကျနေတတ်တဲ့ တောက်တဲ့ကြီးတွေ၊ မှိုတ်တုတ်တုတ်သာ လင်းနေတတ်တဲ့ အောက်လင်းမီးရောင် မှိန်မှိန်တွေ၊ အသက်တစ်ခါရှုတိုင်း သတိထား ကြည့်နေရတဲ့ ပိုးဟပ် အကြီးကြီးတွေ။ ဒါတွေကို ကျမသိပ်မုန်းတယ်။ နောက် ကျမရှေ့မှာတောင် မရှောင်နိုင်ဘဲ ပြောတတ်ကြတဲ့ ဆွေမျိုးတွေရဲ့ အတင်းအဖျင်းတွေ၊ ကျမအပေါ် တင်တဲ့ အပြစ်တွေ။ ကျမက အမေ့လို လက်ချောင်းလေးတွေ မသွယ်ဘူးဆိုတာတွေရော၊ နောက် ငယ်ငယ်တုန်းက အသား သိပ်မည်းတယ်ဆိုတာတွေရော။ မျိုးစုံပဲ ။

 

“ဘုံဘေဆိုတာ ကာလကတ္တားနဲ့တော့ မတူဘူးလေ” ကျမစိတ်ကို ဖတ်မိဟန်နဲ့ ရှင်ကထပ်ပြောတယ် ။

 

“တပ်ခ်ျမဟာနဲ့ နီးလားဟင်”

 

“ဟင့်အင်း” ရှင်ကတော့ ခုမှ ကျမကို အာရုံထဲမှာ အသိအမှတ်ပြုမိပုံနဲ့ သေချာစိုက်ကြည့်တယ်။

 

“မင်း မြေပုံ တစ်ခါမှ မကြည့်ဖူးဘူးလား”

 


ကျမတို့ကုန်တိုက်ရောက်တုန်းက ရှင်က ဓာတ်ပြားတစ်ချပ် ဝယ်လာတယ်။ “အလယ်လွန် ကျောက်တုံးများ” အဖွဲဆိုထားတဲ့ အခွေထင်ပါရဲ့။ အပေါ် အင်္ကျီ အဖြူတွေ ကိုယ်စီဝတ်လို့ နောက် ကိတ်မုန့်လိုဟာကြီးကိုလည်း ကိုင်ထားတဲ့ ကာဗာနဲ့။ ရှင်က ကျမမှာရှိတဲ့ အခွေတွေကိုလည်း စိတ်ဝင်စားပုံမပေါ်ပါဘူး။ “အားဗားအဖွဲ့”၊ “ယွန်းကစ်းစဒီ” ရယ် နောက် ကျမမုန့်ဖိုးနဲ့ ရုပ်သံကြေငြာလိုင်းကမှာ ဝယ်ထားတဲ့ ဒစ်စကို သီချင်းစု အခွေတွေရယ်။ နောက် ရှင်က ကျမအခန်းထဲက ဓာတ်ပြားစက်မှာလည်းဖွင့်ဖို့ စိတ်ကူးဟန်မတူဘူး။ ရှင်ကျမအဖေရဲ့ အော်လံပါတဲ့ ဓာတ်စက်သေတ္တာကို ဖွင့်လိုက်တယ်။ အဖေကသူ့အသံဖမ်းစက်၊ ဓာတ်စက်တွေကို သိပ်ကြီးကို အရေးထားတာ။ ကျမရော အမေရောလုံးဝ မထိရ မကိုင်ရပဲ။ ဒီစက်က အဖေ့ဘဝမှာ တစ်ခုတည်းသော ဇိမ်ခံ အပို ပစ္စည်းပဲ။ စနေနေ့ မနက်တိုင်းလည်း အိန္ဒိယ အဆိုတော်တွေရဲ့ သီချင်းတွေ မဖွင့်ခင်မှာ ကိုယ်တိုင် အဝတ်နဲ့ ကျကျနန နေရာမကျန် သုတ်တတ်သေးတာ။

 

“ဒါကြီးကို သွားမကိုင်လေနဲ့ အကို”

 

 

ရှင် ကျမကို လှည့်ကြည့်တယ်။ ဓာတ်စက် အဖုံးကိုလည်း ဖွင့်ထားပြီး ဓာတ်ပြားကိုလည်းခွင်မှာ တင်ပြီးသား။ ရှင်က ဓာတ်စက်ရဲ့ အပ်သွားကို လက်ချောင်းလေးနဲ့ ပင့်ကိုင်ထားတယ်။

 

“ကိုယ် ဓာတ်စက်မဖွင့်တတ်ဘူးလို့ မင်းထင်လို့လား” ကိုယ့်လုပ်ရပ်ကို မရွံ့မရဲရှိဟန်မတူဘဲ ရှင်ပြန်မေးတယ်။ ပြီးတော့ ရှင် စက်ရဲ့ အပ်သွားကို ချလိုက်တယ်။

 


(၈)

 

မိန်းကလေး အသုံးအဆောင်တွေနဲ့ ပြည့်နေတဲ့ ကျမအခန်းမှာ နေရတာ ရှင်ဘယ်လောက် ညည်းငွေ့လိုက်မလဲ။ တစ်နေ့လုံး ချက်လိုက်၊ ပြုတ်လိုက်၊ ရုပ်သံ ဇာတ်လမ်းတွေ ကြည့်လိုက် လုပ်နေတဲ့ အမေတို့နဲ့သာ လိုက်ကပ်နေရရင် ရူးတောင်သွားနိုင်တယ်။ တကယ်တော့လည်း ချက်တယ် ပြုတ်တယ်ဆိုတာ ကျမ အမေတစ်ယောက်တည်း လုပ်ရတာပါ။ ရှင့် အမေကတော့ ဟိုဟာလေး နွှာသလို၊ လှီးသလို လုပ်နေပေမယ့် အရင် ကမ်းဘရစ်မှာ နေတုန်းကလောက် အချက်အပြုတ်မှာ အာရုံ ရှိပုံမရဘူး။ သူကတော့ ဘုံဘေက အရမ်းတော်တဲ့ ပါစီ ထမင်းချက်ကြီး ဇရမ်ကြောင့် အကျင့်ပျက်ရတယ်လို့ဆိုတယ်။ တစ်ခါတော့ ကျမတို့ကို ကြက်ဥမုန့်ပေါင်း သူကိုယ်တိုင် လုပ်ကျွေးမယ်လို့ ခဏခဏ ပြောသေးပေမယ့် လက်တွေ့တော့ အကောင်အထည် ပေါ်မလာဘူး။

 

အမေဆီကလည်း ဆာရီတွေ ငှားဝတ်နေတုန်း။ ကုန်တိုက်ရောက်ရင်လည်း သူ့ဖို့ဆွယ်တာတွေ၊ ဘောင်းဘီတွေတော့ ဝယ်တတ်တယ်။ ကျန်ရစ်တယ်ဆိုတဲ့ သူ့ အဝတ်သေတ္တာလည်း ရောက်မလာပါဘူး။ သူကတော့ ခပ်ပေါ့ပေါ့ပဲ ဒါဟာ သူ့ဖို့ အဝတ်သစ်တွေ ဝယ်ရအောင် လမ်းဖွင့်ပေးတာရယ်လို့ ပြောတယ်။ ရှင့်အဖေကတော့ နောက်ဆုံး လုံးလုံးမရတော့မှာ လက်လျော့မယ်ဆိုပြီး လေကြောင်းလိုင်းကို  ဖုန်း ခဏခဏ ဆက်ပြီး ပြဿနာလုပ်တယ် ။

 

ရှင်ကတော့ အိမ်မှာနေတယ်ဆိုရုံသာ နေပြီး ရာသီဥတု အေးအေးကြီးထဲမှာ သစ်တောတွေထဲ ဒါမှမဟုတ် လမ်းသွား လမ်းလာဆိုလို့ ရှင် တစ်ယောက်လောက်သာ ရှိမယ့် လမ်းတွေမှာ လျှောက်သွားနေတတ်တယ်။ ကျမရှင့်ကို တစ်ခါတွေ့ လှမ်းတွေ့လိုက်တယ်။ ကျောင်းကားပေါ်ကနေတွေ့လိုက်တာ။ ဒီလောက် အဝေးကြီး သွားတယ်ဆိုပြီး ကျမတောင် အံသြမိသေးတယ်။ “ကူရှစ်ရယ် မင်းတော့ ဖျားတော့မှာပဲ …. သည်လိုသာ အပြင်လျှောက် ထွက်နေရင်” အမေက ရှင့်ကိုဆူတယ်။ ရှင် အမြဲ အင်္ဂလိပ်လို ပြောတတ်ပေမယ့် အမေကတော့ ဘင်္ဂါလီလိုပဲ ပြောတာများတယ်။ ဒါပေမယ့် တကယ် အအေးမိတာကတော့ ရှင့်အမေ၊ နေမကောင်းလို့ပါဆိုပြီး အိပ်ယာထဲပဲ နေတော့တယ်။ သူက အားလုံးအတွက် ချက်ထားတဲ့ ဟင်းတွေကို မစားဘဲ ကြက်ပြုတ်ရည်ကိုပဲ တောင်းသောက်တယ်။

 

ရှင်ကတော့ တစ်မိုင်လောက်ဝေးတဲ့ ဈေးဆိုင်ကို လမ်းလျှောက်သွားပြီး “ယနေ့ခေတ်ဖက်ရှင်” ရယ် “ဟားပါး ဈေးနှုန်း” ရယ် မဂ္ဂဇင်း နှစ်စောင်ဝယ်လာတယ်။ နေ့လည်ကျ အမေကကျမကို “မမပါရုသ် ကော်ဖီ သောက်မလားလို့ မေးချေစမ်း” လို့မေးခိုင်းတယ်။ အပေါ်ထပ်က သူတို့အခန်းကိုလာရင်း ရေချိုးခန်းထဲကို ဝင်ချင်လာလို့ ဝင်ခဲ့တယ်။ အဲဒီမှာရှင့်အမေရယ်။ ရေချိုးပြီး ဝတ်တတ်တဲ့ အဝတ်ကြီးကို ဝတ်လို့ စိတ်ကြည်ဟန်လည်းမရှိဘဲ ရေချိုးဇလုံဘေးမှာ ခြေနှစ်ချောင်း ချိတ်ထိုင်ပြီး စီးကရက်တစ်လိပ်ကို သောက်နေတယ်။

 


“အို… ဟီမာ” သူက အော်လိုက်တယ် ဆိုတာ ရေချိုးဇလုံထဲ ပြုတ်ကျတော့ မတပ်။ စီးကရက်ကိုလည်း တိုက်မိသွားလို့ သူ့လက်ဖဝါးပေါ်ကပြာခွက်ထဲကို မကျဘဲ ဘေးနံရံပေါ် ပြာတွေ ကြွေသွားတယ်။ ဆေးလိပ် ပြာခွက်လေးကို ဘုံဘေက ယူလာတယ် ထင်ပါရဲ့..။

 

 “တောင်းပန်ပါတယ်ရှင်” ကျမ လှည့်ထွက်ခဲ့ပါတယ်။

 

“မဟုတ်ပါဘူး .. မဟုတ်ပါဘူးကွယ် … ရပြီ …. အန်တီ သွားတော့မှာ” ရှင့်အမေက စီးကရက်ကို အိမ်သာခွက်ထဲ ပစ်လိုက်ပြီး ရေလောင်းချလိုက်တယ်။ နောက်မှ အာလုတ်ကျင်း၊ နှုတ်ခမ်းနီ အသစ် ထပ်ဆိုးရင်း ကလင်းနစ် ပုလင်းကို လှုပ်ပြီး အိမ်သာခွက်ထဲ နည်းနည်းထည့် လိုက်တယ်။ ကျမ အမေကတော့ တစ်ခါတစ်လေ နှုတ်ခမ်းနီ ဆိုးတတ်တာက လွဲလို့ ဘယ်တော့မှ မိတ်ကပ် မလိမ်းတတ်ဘူး။ ဒီတော့ နေမကောင်းလို့ အိပ်ယာထဲ လှဲနေရတဲ့ အခါမျိုးမှာတောင် ကျော့နေအောင် ပြင်ထားတဲ့ ရှင့်အမေကို ကျမသဘောကျနေမိတယ်။

 

သူကတော့ မျက်တောင်မခတ်စတမ်း မှန်ကြည့်နေတယ်။ နှုတ်ခမ်းဆိုးဆေး ဆိုးလိုက်တာဟာ ကျမနဲ့မိသွားလို့ ပျောက်ကွယ်သွားတဲ့ သူ့ရဲ့တည်ငြိမ်မှုတွေကို ပြန်လည်ရယူလိုက်သလိုပဲ။ သူ မှန်ထဲကမှ တဆင့် ကျမကို လှမ်းကြည့်ရင်း ပြုံးပြတယ်။

 

“တနေ့ စီးကရက် တစ်လိပ်သောက်လို့တော့ အန်တီ မသေနိုင်ပါဘူး သမီးရယ်နော် …”။

 

နောက် ပြတင်းပေါက်ကို ဖွင့်လိုက်ရင်း သူ့ အလှပြင် ပစ္စည်းအိတ်ထဲက ရေမွှေးပုလင်း ထုတ်လိုက်ပြီး အထဲမှာ ဟိုဟိုဒီဒီ ဖြန်းလိုက်တယ် ။

 

“ဒါဟာ အန်တီတို့နှစ်ယောက်ပဲသိတဲ့ လျှို့ဝှက်ချက်နော် ဟီမာ” သဘောတူညီမှုမေးခွန်းဆိုတာထက် အမိန့်ပေးတဲ့လေသံကပိုတယ်လို့ ကျမတွေးနေတုန်း နောက်ကတံခါးကို ပိတ်တဲ့ပြီး သူထွက်သွားတယ် ။

 


(၉)

 

ညနေဖက်တွေဆို ကျမတို့ ရှင်တို့နဲ့ အတူတူ အိမ်ရှာ ထွက်ရင် လိုက်တတ်တယ်။ သွားကြရင်လည်း ကျမအဖေရဲ့ ကားကြီးနဲ့ သွားကြတာ များပါတယ်။ ရှင့်အဖေရဲ့ ကားသေးသေး လှလှလေးကလည်း ကျမတို့အားလုံးလိုက်ဖို့ မဆန့်ဘူးလေ။ သူ မသိတဲ့ နေရာတွေဆို အဖေက တွန့်ဆုတ်တွန့်ဆုတ်နဲ့ မောင်းတယ်။ လမ်းတွေကလည်း ကျမတို့ဆီကထက် ကျယ်တယ်။ ခြံကျယ်ဝင်းကျယ်တွေနဲ့မို့ အိမ်တစ်လုံး တစ်လုံးဟာလည်း တော်တော်လှမ်းတယ်။

 

ရှင့် မိဘတွေကတော့ ပထမဆုံး ကျောင်းကောင်းကောင်းတွေနဲ့နီးတဲ့ လက်ဆီဂွမ်တို့ ဂွမ်ကော့ ရပ်ကွက်တွေမှာရှာကြတယ်။ အချို့ အိမ်တွေကျတော့ အတွင်းမှာ ဟာလာဟင်းလင်း၊ အချို့ကြတော့လည်း လက်ရှိနေတဲ့သူတွေရဲ့ ပစ္စည်းတွေနဲ့ ပြည့်လို့။ ညညဆို ကျမ အိပ်မပျော်ခင် အဖေတို့ ပြောစကားတွေအရ ရှင်တို့ သွားသွားကြည့်ကြတဲ့ အိမ်တိုင်းဟာ ကျမတို့အဖို့မတတ်နိုင်လောက်အောင် ဈေးကြီးတာတွေချည်းပဲတဲ့။ ပွဲစားတွေနဲ့ ရှင့်မိဘတွေ ဈေးစကား ပြောကြတော့ သူတို့ ဘေးမှာ ရပ်နေကြတာဆိုတော့ သိတာပေါ့။ ဒါပေမယ့် သူတို့ မဝယ်ဖြစ်သေးတာကတော့ ဈေးကြီးလို့ မဟုတ်ဘူး။ အိမ်တိုင်းလိုလို ချွတ်ယွင်းချက်တွေ ရှိနေသတဲ့။

 

အလင်းရောင် ကောင်းကောင်း မဝင်တာ၊ မျက်နှာကျက်တွေ နိမ့်နေတာ၊ အခန်းတွေ ကျဉ်းတာ စသည်ဖြင့်ပေါ့လေ။ ရှင့်မိဘတွေက နိဂုံးချုပ် မှတ်ချက်ပေးပြီး ကျမတို့ ကားမောင်း ပြန်လာကြတာများတယ်။ ကျမမိဘတွေနဲ့ မတူတာကတော့ သူတို့က ဒီဇိုင်းအကြောင်းကို သိပ်ကိုပြောပြီး ရွေးကြတယ်။ သာမန်ထက် ထူးတဲ့ အိမ်ပုံစံမျိုးလေ။ တစ်ခါကျမတို့ သစ်ပင်မြင့်မြင့်တွေကြားမှာ ဆောက်ထားတဲ့ သေတ္တာပုံ အိမ်ဖြူဖြူတစ်လုံးကိုတွေ့တော့ သူတို့တွေ သဘောကျလို့။  သူတို့က ခြံထဲမှာ ရေကူးကန်လေးလဲ ပါချင်သေးသတဲ့။ ဒါမှမဟုတ် တူးရရင်လည်း နေရာလွတ်ရှိမယ့်  ခြံကျယ်ကျယ်လေး လိုချင်တယ်။

 

ရှင့်အမေကတော့ ဘုံဘေ ရေကူးကလပ်ကို သတိရသတဲ့လေ။ “ရေနား နီးနီးပေါ့လေ… အဲဒါမျိုး ကျမတို့ရှာနေတာ …” တစ်နေ့ အိမ်ခြံမြေ ဈေနှုန်း စာစောင်ကို ဖတ်ရင်း ရှင့်အမေကပြောပြတယ်။ ဒီလို အကြိုက်ကို အသေအချာသိရတောင် ရှာရတာမလွယ်ဘူး။ နောက်တော့ ကျမတို့လည်း ပင်လယ်ကမ်းနားနီးတဲ့ ရပ်ကွက်တွေဖြစ်တဲ့ “ဆွစ်စတော့” တို့ “ဒူဘာရီ” တို့ဘက်မှာ ရှာကြတယ်။ အိမ်တွေကတော့ သစ်တောတွေ၊ ရေကန်တွေနဲ့။ ရှင့်မိဘတွေကတော့ “ဘီဗာလေ” က အိမ်တလုံးကို သဘောကျကြတယ်။ ဒါပေမယ့်လည်း နောက်တစ်ကြိမ် သွားအကြည့်မှာ ရှင့်အမေက ငြင်းလိုက်တယ် ။ အိမ်ပုံစံက ခမ်းခမ်းနားနားမရှိလို့တဲ့လေ။

 


အမေတို့ဟာ ရှင့်မိဘတွေရဲ့ ပုံကြီးချဲ့ စိတ်နေမြင့်မှုကိုတော့ စခိုးစခု ဖြစ်ကြဟန်ပါပဲ။ နောက် သူတို့ကိုယ်ပိုင် ခပ်ရိုးရိုး အိမ်အတွက်လည်း အရှက်ရကြ သလိုပဲ။ “ကျမတို့သည်မှာနေတာ ရှင့်တို့ကိုဒုက္ခ ပေးသလိုဖြစ်နေပြီ” ရှင့်မိဘတွေက သည်လို စကားဟကြပေမယ့် အမေတို့ကလည်း ဘာမှစောဒက မတက်ပါဘူး။ ကျမလည်း အတူတူပါပဲ ဘာမှမပြောပါဘူး။ ညအိပ်ခါနီးကျရင်တော့ အမေက “ကျမ သူတို့ ဒီလောက်အကြာကြီး နေမယ်ရယ်လို့ မထင်ခဲ့မိဘူး” လို့တော့ ညည်းတတ်တယ်။

 

ဘာလိုလိုနဲ့ ရှင့်တို့ ရောက်နေတာ တစ်လလောက်ရှိတော့မယ်။ ရှင့်တို့ လာနေတော့ ကျမတို့ဆီမှာ အခန်းပို မရှိတော့ဘူးလေ။ “ဒပ်ဂုတတို့က နောက်တစ်ပတ် ရုံးပိတ်ရက်ကြရင် လာချင်တယ်ပေါ့တော့ မလာသေးနဲ့ဦး” လို့ ပိတ်လိုက်ရတယ်။ ရှင့်တိုတတွေ အရင်ကနဲ့မတူ ပြောင်းလဲသွားတဲ့ အကြောင်းကတော့ သူတို့ ခဏခဏ ပြောနေသံကြားရတယ်။ ကျမတို့ မရည်ရွယ်ဘဲ သူစိမ်းတွေကို လက်ခံထားရသလိုပဲတဲ့။ ရှင့်အမေက အိမ်အလုပ်တွေ လုံးဝ ဝင်မကူပဲ နေစိမ့်တဲ့အကြောင်း၊ ညစာ စားပြီးတောင်ဘာမှ ဝင်ပြီး သိမ်းမပေးတဲ့အကြောင်း၊ အိပ်ချင်ရင် အိပ်ခန်းထဲ ဝင်ခွေနေပြီး နေ့လည်စာ စားချိန်မှာတောင် အိပ်ပျော်နေတတ်တဲ့အကြောင်း။ ရှင့်အဖေကလည်း သူ့မိန်းမသဘောရှိ အလိုလိုက် အကြိုက်ဆောင်ပေးနေရကြောင်း၊ အမြဲပဲ အအေး သောက်အုံးမလားလို့ တမေးထဲ မေးတတ်ကြောင်း၊ ချမ်းတယ်ဆိုရင်လည်း သိုးမွေးအကျီ င်္ကို တယုတယ ဝတ်ပေးတတ်ကြောင်း အမေကပြောတတ်တယ ။

 

“သူကြောင့် အားလုံး ဒီက မပြောင်းနိုင်တာ … သူကတော့ နန်းတော်ကြီး တစ်ဆောင် ဆောက်မပေးမချင်း သဘောတော ကျနိုင်မယ် မထင်ဘူးတော်”

 

“ဒါကလည်း မလွယ်ဘူးလေ … အလုပ်သစ် အကိုင်သစ်နဲ့ ဘဝသစ် ပြန်စရတာ … သူကြည့်ရတာ ပြောင်းလာချင်ပုံ မရဘူး .. ဒါကြောင့်လည်း ယောက်ျားလုပ်သူက အရာရာ အဆင်ပြေအောင် ဂရုစိုက်ပေးနေရတာ နေမှာ”

 

“ရှင် ကျမအပေါ် ဒီလောက် အရေးတယူ မရှိပါဘူးတော်….”

 

“နေပါစေကွာ…” အဖေက အမေဆီကနေ တစ်ဖက်ကိုလှည့်လိုက်ပြီး စောင်ကို မေးအထိဆွဲတင်ရင်း ပြောလိုက်တယ်။ “တစ်သက်လုံးတော့ မနေပါဘူးကွာ …. မကြာခင် သူတို့လည်း ပြောင်းသွားပြီး တို့လည်း အရင်အတိုင်း ပြန်နေကြရတော့မှာပါ”

 


(၁၀)

 

ဘယ်လိုပဲဆိုဆို အိမ်လေး တစ်လုံးထည်းမှာ နေတဲ့ ကျမတို့ မိသားစု နှစ်စုကြား စည်းလေးတော့ ခြားသွားပြီ။ တစ်ဖက်မှာတော့ ကျမတို့မိသားစု အရင်တုန်းက နေကြတဲ့အတိုင်း နေ့စဉ်ဘဝမျိုး။ အဖေတို့က ကြာသပတေးနေ့ ညတိုင်း ကျမကို စတားဈေးခေါ်သွားပြီး မက်ဒေါ်နယ်မှာ ညစာကျွေးတယ်။ တနင်္ဂနွေနေ့တိုင်း စာလုံးပေါင်း သတ်ပုံ စာမေးပွဲအတွက် ကျမ စာကြည့်ရတယ်။ အဖေကလည်း ကျမကို သူကိုယ်တိုင် မေးခွန်းထုတ်ပြီး လေ့ကျင့်ပေးတယ်။

 

ရှင့်တို့မိသားစုလည်း ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် နေကြတာပါပဲ။ မကြာခဏဆိုသလို ရှင့်အဖေ အလုပ်က အစောကြီး ပြန်လာပြီး ရှင့် အမေကိုခေါ် အိမ်လိုက်ကြည့်ပြီး ကုန်တိုက်ကို ဈေးဝယ်ထွက်ကြတယ်။ တဖြည်းဖြည်းနဲ့ အကွက်ကျကျ ရှင့်အမေက အိမ်ထောင်သုံး ပစ္စည်းတွေ စ,စုပြီ။ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ထမင်းစား ပန်းကန် ခွက်ယောက်တွေ၊ ဖန်ခွက်တွေ နောက်အိမ်သုံး တိုလီမိုလီ ပစ္စည်းလေးတွေရောပေါ့။ သူတို့ လင်မယား အပြင်က ပြန်လာတိုင်း အထုတ်တွေ၊ အထုတ်တွေဆိုတာ ပွစာတက်လို့။ အားလုံးကို အိမ့်မြေအောက်ခန်းမှာ သိမ်းထားတယ်။ တစ်ခါတလေတော့ အမေ့ကိုဘာတွေ ဝယ်လာတယ်ဆိုတာပြလို့၊ တစ်ခါတစ်ခါလည်း ဘာသိဘာသာပဲ။

 

သောကြာနေ့ ညတိုင်ဆိုရင် မြို့ထဲက ဈေးကြီးကြီး ခမ်းခမ်းနားနား စားသောက်ဆိုင်ကြီးတွေကို ခေါ်ပြီး ကျမတို့ကို ညစာ လိုက်ကျွေးတတ်တယ်။ နောက် ကျမ မိဘတွေ မကျွမ်းတဲ့ အသားကင်တွေ၊ အာလူးဖုတ်တွေကို ရှာရှာဖွေဖွေ အရသာခံပြီး ပြောတတ်ကြတယ်။ အပြင်ထွက် ကျွေးတယ်ဆိုတာ အမေ့ကို ချက်ရပြုတ်ရတာတွေက နားစေချင်ရှာလို့နေမှာပါပဲ။ ဒါပေမယ့် အမေကတော့ ဒီလို ထွက်စားရတာကိုလည်း သဘောမကျကြောင်း ပြောပြန်တယ်။

 


(၁၁)

 

ရှင့်တို့တတွေ ဒီမှာနေလို့ အနှောက်အယှက်မဖြစ်တာ ကျမတစ်ယောက်ပဲရှိမယ်။  ရှုပ်ထွေးပြီး သိမ်မွေ့ညင်သာတဲ့ ခံစားချက်တစ်မျိုးနဲ့ ရှင့်ကို ကျမ သဘောကျနေမိတယ်။ နောက်ရိုးသားတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ရှင့်ကို တစ်ရက်ပြီး တစ်ရက် အကဲခက် လေ့လာနေခဲ့မိတယ်။ ရှင့်မိဘတွေကိုလည်း သဘောကျပါတယ်။ အထူးသဖြင့် ရှင့်အမေကိုပေါ့။ ရှင့်ဆီကမရခဲ့တဲ့ ဂရုပြုမှုကို သူ့ဆီကရခဲ့တယ်။ တစ်နေ့တော့ ရှင်တို့တတွေ ရောမမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ရှင့်အဖေကူးလာတယ်။ ကျမကတော့ ဓာတ်ပုံတွေက ထောင့်စွန်းက တယုတယ ကိုင်ကြည့်ရင်း ကြည်နူးနေမိတယ်။ ဓာတ်ပုံတွေ အားလုံးလိုလိုက ရှင်နဲ့ ရှင့်အမေပုံတွေချည်းပဲ။ ပီဇာစားရင်း ရိုက်ထားတဲ့ပုံ၊ နောက် ရေပန်းခုံတော်တွေမှာ ထိုင်ပြီး ရိုက်ထားတဲ့ပုံတွေရယ်။ အဲ   တာဂျန်ကျောက်တိုင် နားမှာ ရိုက်ထားတဲ့ ခပ်ဆင်ဆင်ပုံ နှစ်ပုံပါတယ်။

 

“သမီးစာတမ်းအတွက် တစ်ပုံယူလိုက်လေ”  ရှင့်အဖေကကမ်းပေးရင်း ပြောတယ်.။

 

“သမီးဆရာမက ဒါမှအထင်ကြီးသွားမှာ”

 

“ဟင်… သမီးမှ ပုံထဲမှာမပါဘဲ”

 

“ကိစ္စမရှိပါဘူးကွယ် …. ဦးလေး ရောမကို ရောက်တုန်း သမီးအတွက်ရိုက်ပေးလာတာလို့ ပြောလိုက်ပေါ့”

 

ဓာတ်ပုံထဲမှာ ရှင်ပါတယ်။ ကျောက်တိုင်တစ်ဖက်မှာ ရပ်လို့။ ခေါင်း အောက်ငုံ့ထားတော့ ဦးထုပ်ကြက်လျှာက ရှင့်မျက်နှာကို ကွယ်နေတယ်။ သည်ဓာတ်ပုံထဲကနေရာလေးကို ကမ္ဘာလှည့်ခရီးသွားတွေ မရေမတွက်နိုင် ဖြတ်သန်းသွားခဲ့ကြဖူးမှပဲ။ အဲဒီထဲမှာ ရှင်လည်း တစ်ယောက် အပါအဝင်ပေါ့။ ဒါပေမယ့် အဲဒီကို ရှင် ရောက်ခဲ့တယ်ဆိုတဲ့ အချက်ကလေးဟာ လျို့ဝှက် နက်နဲစွာ ကျမကို ဆွဲဆောင်နေပြီး တစ်နည်းအားဖြင့် အသိအမှတ် ပြုခံရတယ်ရယ်လို့ မျှော်လင့်နေမိတယ်။

 


ကျမ ကျောင်းက အပျော်တွေ၊ အဖော်မင်တတ်မှုတွေကို ကျောခိုင်းနိုင်လောက်အောင် ရှင်က အောင်မြင်စွာ ထိန်းချုပ်ထားနိုင်တယ်။ ရှင်က တစ်ချက်လေးမှ ငဲ့ကြည့်မှာ မဟုတ်ပေမယ့် ရှင့်ကို ကျမမြင်နေရတဲ့ နေ့လည်ချိန်တွေ၊ ညနေ၊ ညစာစားချိန်တွေကို မျှော်ရင်း အိမ်မှာပဲ ကျမ နေချင်တော့တယ်။ အမေတို့ အခန်းက ခေါက်ကုတင်လေးပေါ်မှာ လှဲရင်း ရှင် ကျမကို နမ်းတယ်ရယ်လို့ တွေးပြီး စိတ်ကူးယဉ်ရတဲ့ နာရီတွေဟာ သိပ်ကို အဖိုးတန်လာတယ်။ သည့်ထက်ပိုပြီး တွေးဖို၊ စိတ်ကူးယဉ်ဖို့ကတော့ ကျမက အတွေ့အကြုံ မရှိသေးတဲ့၊ ငယ်လွန်းသေးတဲ့ အရွယ်ပါ။

 

ကျမ ဓာတ်ပုံကို လက်ခံလိုက်တယ်။ နောက် ရှင်ပါတဲ့ အပိုင်းလေးကို ဖြတ်ပြီး ကျန် ဓာတ်ပုံကို စာတမ်းထဲမှာ ထည့်ပေးလိုက်တယ်။ ရှင့်ပုံလေးကိုတော့ ကျမ ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာ လွတ်တွေကြားမှာ ညှပ်ပြီး သိမ်းထားလိုက်တယ်။ နောက် နှစ်ပေါင်းများစွာ ကြာတဲ့အထိကို သိမ်းထားခဲ့တာပါ။

 

(၁၂)

 

ရှင်တို့ ရောက်ကတည်းက တစ်ခါမှ မကျဖူးသေးတဲ့ နှင်းတွေကို ရှင် မျှော်လင့်နေတယ် မဟုတ်လား။ မြူတွေ တစ်ခါတလေ ဝေဆိုင်းနေတတ်ပေမယ့် မြေပေါ်ကို ဆီးနှင်းတွေတော့ မသက်သေးဘူး။ အဲ တစ်နေ့တော့ နှင်းတွေကျလာတယ်။ ပထမတော့ သိပ်မမြင်ရသေးဘူး။ နေ့လည်လောက်ကျမှ သိပ်သိပ်သည်းသည်း ကျလာတာ။ ကျမ ကျောင်းကနေ ဘစ်စကားစီးပြီး ပြန်လာတော့ လမ်းမပေါ်မှာ နှင်းတွေ တစ်လက်မလောက် ထူနေပြီ။ ဒါဟာ နှင်းမုန်တိုင်းကြီး မဟုတ်ပေမယ့်လည်း ညည်းငွေ့စရာ တစ်သတ်မှတ်ဆောင်းရာသီရဲ့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

 

ဒီ ညနေမှာ ကျမ အမေတောင် ခပ်မြူးမြူးနဲ့ မိုးရွာတဲ့ နေ့တွေမှာ စားတတ်တဲ့ ချီကျူရီ သီးစုံဟင်း ချက်မယ်ရယ်လို့ ဆုံးဖြတ်ထားတယ်။ ရှင့် အမေကတောင် အပြောင်းအလဲအနေနဲ့ အမေ့ကို မီးဖိုထဲမှာ ကူလို့။ အာလူးလေးတွေ တုံး၊ ဂေါ်ဖီပွင့်လေးတွေကို ခပ်ကျွမ်းကျွမ်းကြော်၊ စောက်နက်နက် အိုးထဲမှာ ထောပတ်ခဲတွေ ထည့်ပြီး အရည်ဖျော်လို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေတယ်။ ရှင့်အမေက နောက်ဆုံး ဟိုအရင်တုံးက ပြောထားတဲ့ ကြက်ဥမုန့်ပေါင်း လုပ်မယ်ရယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကြက်ဥ မလောက်တော့လို့ ရှင့် အဖေ အပြင် သွားဝယ်မယ်ဆိုတော့ အခြား လိုတဲ့ဟာတွေကို မှာလိုက်တယ်။ “သန်းခေါင်တိုင်ရင်တောင် ရဦးမှာ မဟုတ်ပါဘူးကွယ် …..”  နွားနို့နဲ့ ကြက်ဥကို ရောခေါက်ထားတဲ့အိုးကို ခွင်ပေါ်မှာတင်ရင်း မောနေတဲ့ ရှင့်အမေက ကျမကို သူ့အစား အမွှေခိုင်းရင်း ပြောတယ်။ “စားဖို့ နောက် လေးနာရီလောက်တော့ စောင့်ရဦးမယ်”

 


“ဒါဆိုလည်း ကျတော်တို့ မနက်ဖြန် မနက်စာ လုပ်စားကြတာပေါ့” ရှင့် အမေလှီးထားတဲ့ ကိတ်မုန့်ကို ယူစားရင်း ရှင်ဝင်ပြောတယ်။ ရှင် မီးဖိုထဲကို ဝင်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီညနေတော့ ရှင် စားရမယ့် အရေးကို တွေးမိဟန်နဲ့ မီးဖိုထဲမှာချည်းပဲ။        

 

ညစာ စားပြီး ကျမတို့ ဧည့်ခန်းထဲမှာ စုကြတော့ နှင်းတွေ ဆက်ကျမယ့်အကြောင်း သတင်းကို စောင့်ကြည့်နေကြတယ်။ နှင်းကျလို့ ကျမလည်း မနက်ဖြန် ကျောင်းပိတ်လောက်တယ်။ အဖေ့ အတန်းတွေလည်း လွှတ်ရလောက်တယ်လို့ တွေးရင်း စိတ်လှုပ်ရှားနေမိတယ်။ “ရှင်လည်း မနက်ဖြန် အလုပ်ဖျက်လိုက်လေ…” ရှင့် အမေက ရှင့် အဖေကို လှမ်းပြောတယ်။ သူကလည်း ချက်ချင်း သဘောတူတော့ အားလုံးက အံ့တွေသြလို့။

 

“အင်း ဒါတွေကြောင့် ကျုပ်တို့ ကမ်းဘရစ်က ပြောင်းသွားတဲ့ ဆောင်းရာသီကို သတိရသဗျာ …” ရှင့် အဖေက စပြောတယ်။ ရှင့် မိဘတွေကတော့ ဂျော်နီဝါကားကို နည်းနည်းစီ ငုံလို့ . .. အမေက ငြင်းပေမယ့် အဖေကတော့ ဒီညမှာ သူတို့နဲ့ရောလို့ နည်းနည်းသောက်ဖြစ်တယ်။ “ကျုပ်တို့အတွက် လုပ်တဲ့ နှုတ်ဆက်ပွဲလေးလေ … မှတ်မိသေးရဲ့လား ..”

 

“လွန်ခဲ့တဲ့ ခုနစ်နှစ်က ….ဟိုတုန်းကဘဝအခြေအနေမျိုးပေါ့လေ….” အမေကဝင်ပြောတယ်။ နောက် ဒ်ီတုန်းက ရှင်နဲ့ ကျမ ဘယ်လောက် ငယ်ကြသေးတဲ့အကြောင်း၊ သူတို့တတွေလည်း ဘယ်လောက် နုကြသေးတဲ့ အကြောင်းတွေ ပြောကြတယ်။

 

“အင်း .. ဟင်း ဟုတ်ပါရဲ့နော် … တယ် ပျော်စရာကောင်းတဲ့ ညနေလေးပါပဲ” ရှင့် အမေက တမ်းတဟန်နဲ့ ဝင်ပြောတယ်။ ဒါပေမယ့် သူ့အသံက အားလုံး တညီတည်း ခံစားနေကြရတဲ့ လွမ်းဆွတ် တသမှုကို လှောင်ပြောင်နေသလိုပဲ။ “အခုနဲ့တော့ အားလုံးမတူဘူးလေ……”

 

မနက်ကျတော့ ကျမတို့ အိမ်ရဲ့ ပြတင်းပေါက်တိုင်းမှာ ရေခဲလေးတွေ သီးနေပြီ။ မြေပြင်မှာလည်း နှင်းတွေဖွေးလို့။ မနေ့ညက ကျမတို့ တပင်တပန်း စောင့်ခဲ့ရတဲ့ ကြက်ဥမုန့်ပေါင်းကလည်း မနက်စာအတွက် လက်ဖက်ရည်၊ ပေါင်မုန့် မီးကင်နဲ့တွဲလို့ အသင့်ဖြစ်နေပြီ။ မုန့်ကတော့ ကျမ ထင်သလောက်လည်း မကောင်းလှပါဘူး။ မနေ့ညက ကျမကိုယ်တိုင် ကူပြီး မီးဖိုပေါ်မှာ ဖုတ်ခဲ့တဲ့ မုန့်နှစ် ပူပူတွေဟာ ခုတော့ အေးစက်ပြီး အစိုတွေပြန်လို့။ ရှင်ကတော့ သိပ်ကို ကြိုက်တယ်ထင်ပါ့။ တစ်ပန်းကန်ပြီး တစ်ပန်းကန်စားနေလို့ နောက်ဆုံး ရှင့်အမေက ဗိုက်နာမယ်ဆိုပြီး သိမ်းလိုက်ရတယ်။


 

မနက်စာ စားပြီး အဖေတွေကတော့ ဂေါ်ပြားကိုယ်စီနဲ့လမ်းရှင်းဖို့ သွားကြတယ်။ လေငြိမ်သွားတော့မှ ကျမ အပြင်ထွက်ခွင့်ရတယ်။ အရင်ကတော့ ကျမ တစ်ယောက်ထည်း ရေခဲနဲ့ နှင်းလူ လုပ်တန်းကစားတယ်။ ဟန်ချက် မညီမညာနဲ့ ပိန်လှီနေတဲ့ နှင်းလူပေါ့။ ကျမက လိုတဲ့ မုန်လာဥတို့ ဘာတို့ တောင်းရင်လည်း အမေတို့က စားစရာကို ကစားရမလားဆိုပြီး ဆူတတ်သေးတယ်။  ဒါပေမယ့် သည်တစ်ခါတော့ ရှင် ကျမနဲ့အတူတူ နှင်းလူလာလုပ်တယ်။ လက်ဗလာနဲ့ နှင်းတွေကို ထိရင်း လုပ်ထားတဲ့ အရုပ်ကိုကြည့်ရင်း ပထမဆုံးအကြိမ် ရှင် ပျော်နေတာကို ကျမမြင်ရတာပဲ။ ရှင်က နှင်းတွေ တစ်ဆုတ်လောက်ကို လုံးရင်း ကျမဘက်ကိုပေါက်လိုက်တယ်။ ကျမလည်း မထိအောင် ခေါင်းငုံရှောင်ရင်း ရှင့်ကို ပြန်ပေါက်တယ်။ ရှင့်လည်မှာ လွယ်ထားတဲ့ ကင်မရာကို သတိထားမိရင်း နှင်းတွေဟာ ရှင့်ခြေထောက်ကို မှန်သွားတယ်။

 

“ကိုယ် အရှုံးပေးပါတယ် … ကွာ” ရှင်က လက်နှစ်ဘက်ကို အပေါ် မြှောက်ပြရင်း ပြောတယ်။ နှင်းလွင်ပြင်ကြီး အဖြစ် အသွင်ပြောင်း သွားတဲ့ ကျမတို့လမ်းကလေးကို ငေးကြည့်ရင်း “သိပ်လှတာပဲ” လို့ ရှင်က စကားဆက်တယ်။ ဒီ ရာသီဥတုကို ကျမ ဖန်တီးတာ မဟုတ်သည့်တိုင် ရှင့် စကားကြောင့် ကျမ သိပ်ကျေနပ်သွားတယ်။ ရှင်က အိမ့်နောက်ဖက်  တောထဲကို ဆက်လျှောက်သွားတော့ ကျမမှာ ချီတုံချတုံ။ အဲဒီမှာ ကျမကို ပြစရာရှိတယ်လို့ပဲ ရှင်ကပြောထားတာ။

 

နှင်းတွေဖုံးနေတဲ့ ကောင်းကင်ပြာကြီးအောက်က အရွက်မဲ့ သစ်ကိုင်းတွေ၊ သစ်ပင်ကြီးတွေဟာ လျှို့ဝှက် ဖုံးကွယ်မှု မရှိတော့သလို အန္တရာယ် ကင်းနေသယောင် ထင်လာစေတယ်။ အဲဒ်ီတောထဲမှာ ပျောက်သွားပြီး နောက် ပြန်မတွေ့တော့တဲ့ ကောင်လေးအကြောင်းကိုလည်း ကျမ မတွေးမိတော့ဘူး။  ရှင်ကတော့ မကြာ၊ မကြာဆိုသလို ရပ်ရပ်ပြီး ကင်မရာနဲ့ ဓာတ်ပုံတွေ ရိုက်ပေမယ့် ကျမကိုတော့ ရိုက်ပေးမယ်လို့ မပြောခဲ့ဘူးနော်။

 

ကျမတို့ အဝေးကြီး လျှောက်ကြတယ်။ နှင်းသက်သံတွေကို မကြားရတော့တဲ့ အထိ။ ကျမတို့ အိမ်ကို မမြင်ရတော့တဲ့ အထိ။ ရှင်က ဒူးထောက်လိုက်ပြီး နှင်းတွေကို ယက်ဖယ်နေတဲ့အထိ ဘာတွေ လုပ်နေတယ်ဆိုတာ ကျမ မသိခဲ့ဘူး။ အောက်မှာတော့ ကျောက်တစ်မျိုးနဲ့လုပ်ထားတဲ့ အပြားတစ်ပြား။ နောက်တော့ ဒါဟာ သင်္ချိုင်းဂူဆိုတာ ကျမ သိလိုက်ရတယ်။ ရှင်ကတော့ ဂူပေါ်က နှင်းတွေကို လိုက်ဖယ်နေတယ်။ ကျမလည်း မြုပ်နေတဲ့ ဂူတွေကိုပေါ်ဖို့  ရှင်နဲ့ ကူပြီး နှင်းတွေဖယ်ပေးတယ်။ ပထမတော့ လက်ဝါးလေးနဲ့ပဲ နောက်တော့မှ လက်မောင်းတစ်ခုလုံးနဲ့ သပ်ချပြီးဖယ်တယ်။ ဂူတွေက “ဆိုင်မွန်” မိသားစုပိုင် အုတ်ဂူတွေပဲ။ စုစုပေါင်း ခြောက်လုံး။

 


“သူတို့ အားလုံး ဒီမှာပဲ” ရှင်က ပြောတယ်။

 

“အဖေ အမေနဲ့ သားသမီး လေးယောက်လုံး”

 

“ဒါတွေ ဒီမှာရှိမှန်း ညီမ မသိခဲ့ဘူး”

 

“ဘယ်သူမှ မသိလောက်ဘူးလို့ ကိုယ်ထင်တယ် … ကိုယ်တွေ့တော့တောင် သစ်ရွက်ခြောက်တွေ ဖုံးလို့ နောက်ဆုံး သေတဲ့သူက အီမာတဲ့ ။ ၁၉၂၃ ကဆုံးတာ”

 

ကျမနာမည်နဲ့ ခပ်ဆင်ဆင် ရှိတာကို ရှင်များ သတိထားမိလားလို့ စိတ်နောက်နောက်နဲ့ တွေးမိရင်း ကျမ ခေါင်းညိမ့်ပြလိုက်တယ်။

 

“ဒါကြောင့်ပဲ ကိုယ် ဟိန္ဒူ ဘာသာဝင် မဖြစ်ချင်တာ …. ဒါလိုဆိုရင် ကိုယ့်အမေကို  တစ်နေရာရာမှာ မြေမြှုပ် သဂြုင်္ိဟ်နိုင်မယ်လေ။ ဒါပေမယ့် အမေက တို့ကို ကတိ တောင်းထားတယ်။ သူ့အရိုးပြာကို အတ္တလန်တိတ် သမုဒ္ဒရာမှာ မျှောပေးရမယ်တဲ့”

 

ဝေခွဲမရတဲ့ အကြည့်မျိုးနဲ့ ကျမ ကြည့်နေမိတဲ့တိုင် ရှင်ကတော့ ဆက်ပြောတယ်။ ရှင့်အမေမှာ ရင်သား ကင်ဆာ ဖြစ်နေတယ်တဲ့။ ကင်ဆာအမြစ်တွေဟာ ရင်သားကနေတစ်ဆင့် တကိုယ်လုံးကို ပြန့်နေပြီ။ ဒါကြောင့်လည်း ရှင်တို့ အိန္ဒိယကနေ ပြောင်းလာကြတာ။ ဟိုမှာ လိုအပ်တဲ့ ပြုစုကုသမှုတွေ မရှိလို့တော့ မဟုတ်ဘူး။ အိန္ဒိယမှာ ဆက်နေမယ် နောက် လူတွေကလည်း ရှင့်အမေ သေတော့မယ်ဆိုတာ သိရင် သိပ်လှတဲ့ ကမ်းခြေက ရှင်တို့ရဲ့တိုက်ခန်းကို လာ သူ့ဘေးမှာ စုနေကြပြီး တိမ်းရှောင်လို့ မရနိုင်တဲ့ အကာအကွယ်တွေ ပေးကြတော့မှာ။ ရှင့်အမေက လူတွေရဲ့ ဂရုစိုက် အလေးပေးမှုတွေကြောင့် မွန်းကြပ် မနေချင်ဘူး။ နောက်သူ့ရဲ့ တဖြည်းဖြည်းချင်း ယိုးယွင်း ပျက်သုန်းမှုကိုလည်း သူ့မိဘတွေ မမြင့်စေ့ချင်ဘူး။ ဒါကြောင့် ရှင့်အဖေကို အမေရိက ပြန်ပို့ဖို့ ပြောခဲ့တာလေ။

 

“အမေ အခု ‘မစ်’ အထွေထွေ ဆေးရုံမှာ ဆရာဝန် အသစ်နဲ့ပြနေတယ် …. ဒါကြောင့် အဖေက အိမ်သွားကြည့်မယ် ဆိုပြီး ခဏခဏ ခေါ်ပြီး အပြင်ထွက်ကြတာ …. လာမယ့် နွေဦးပေါက်မှာ အမေ့ကို ခွဲစိတ်ကြမယ် …….ဒါကလည်း အချိန်ကို ဆွဲဆန့်တာပဲ ဖြစ်မှာပါ … အမေကတော့ နောက်ဆုံး အခြေအနေအထိ ဘယ်သူ့ကိုမှ အသိမပေးချင်ဘူးတဲ့…”

 


အကြောင်းစုံလည်း သိလိုက်ရော ရှင် ကျမမျက်နှာကို ကိုင်ရိုက်လိုက်သလို ကျမ စပြီး ငိုတော့တာပဲ။ အစတော့ အေးစက်နေတဲ့ မျက်နှာပေါ်ကို မျက်ရည် ခပ်ဖြည်းဖြည်းပဲ ကျတယ်။ နောက်ကျတော့ ကျမ ရှိုက်ရှိုက်ပြီး ငိုတော့တာပဲ။ ကျမ နှာတွေလည်းမွှန်၊ မျက်လုံးတွေလည်း နီရဲလို့ ရှင့်ရှေ့မှာ အရုပ်ဆိုးခဲ့ရပြီ။ ကျမ မတ်တပ် ရပ်လိုက်ပြီး ပါးကို လက်ဝါးနဲ့ ပွတ်လို့ မျက်ရည်တွေ သုတ်လိုက်တယ်။ ဒီလို သနားစရာကောင်းတဲ့ ပုံစံမျိုး ရှင် မမြင်စေ့ချင်ဘူး။ ရှင် ကျမကို အရင် ဘယ်တုန်းကမှ ဓာတ်ပုံ မရိုက်ခဲ့ဘူးပေမယ့် ခုနေ ရှင်ကင်မရာကို မ,တဲ့ပြီး ဓာတ်ပုံ ရိုက်ယူလိုက်မှာကို စိုးရိမ်နေတယ်။

 

ဟုတ်ပါတယ် ။ ရှင် ဘာမှ မလုပ်ပါဘူး။ ဘာမှလည်း မပြောပါဘူး။ ရှင်ပြောခဲ့တာတွေက လုံလောက်နေပြီလေ။ ရှင် ကတော့ အီမာ ဆိုင်မွန်ရဲ့ ဂူကို ငုံ့ကြည့်ရင်း အရင်အတိုင်း ရပ်လျှက်ပဲ။ ကျမ အငိုလည်း တိတ်ရော ရှင် အိမ်ဘက်ကို ပြန်လျှောက်သွားတယ်။ ရှင် ဖောက်ထားတဲ့လမ်းလေးအတိုင်း ကျမ ရှင့်နောက်က ပြန်လျှောက်လာခဲ့တယ်။ နောက်တော့ ကျမတို့ တစ်ယောက်ကို တစ်ယောက် မနှစ်သိမ့်မိကြဘဲ လမ်းခွဲခဲ့ကြတယ်။ ရှင်က ကားလမ်းက နှင်းတွေကို သွားရှင်းပေးတယ်။ ကျမကတော့ ရေနွေးနဲ့ ရေချိုးဖို့ဆိုပြီး အိမ်ထဲ ပြန်ဝင်လာတယ်။

 

ကျမ မျက်နှာ နီမို့လာတာဟာ အအေးဒဏ်ကြောင့်ပဲရယ်လို့ ကျမ အမေရော ရှင့်အမေပါ ထင်ကြတယ်လေ။  ရှင်ကတော့ ထင်မှာပေါ့။ ကျမငိုတာ ရှင့်ကြောင့် ဒါမှမဟုတ် ရှင့် အမေကြောင့်ရယ်လို့။ ဒါပေမယ့် မဟုတ်ပါဘူး။ အဲဒီတုန်းက ကျမ တော်တော် ငယ်ပါသေးတယ်။ သနားတာတွေ၊ ကရုဏာ သက်တာတွေကို ခံစားတတ်ဖို့ အတော့်ကို ငယ်ပါသေးတယ်။ ကျမ သိပ်ကြောက်သွားတာက သေခါနီး မိန်းမကြီးတစ်ယောက် ကျမတို့ အိမ်မှာ ရှိနေတယ်ဆိုတာကိုပဲ။ ကျမ ပထမဆုံး ဘရာစီယာကို ဝတ်တုန်းက ရှင့်အမေရော ကျမပါ အပေါ်အဝတ်မပါဘဲ ယှက်ရပ်နေတာကို သတိရမိတယ်။ ကျမ သူ့ဝေဒနာကို အနီးကပ်ဆုံး မြင်ခဲ့ရတယ်ဆိုတာ နားလည်တော့ စိတ်ဖိစီးနေတယ်။ ရှင်ကျမကို အခုပြောတာကြောင့်ရော၊ အရင်တုန်းက မပြောခဲ့တာကြောင့်ရော ပေါင်းပြီး စိတ်ဆိုးတယ်။ ဝန်ထုပ် ဝန်ပိုး ပိစေတယ် ကျမကို စော်ကားရာလည်းရောက်တယ်။ ဒါတွေ အားလုံးပေါင်းပြီး ကျမ ရှင့်ကို အရမ်းမုန်းသွားတယ်။

 

 


 (၁၃)

နောက် နှစ်ပတ်လောက်ကြာတော့ ရှင်တို့ ပြောင်းသွားကြတယ်။ မဆက်ချူဆက်က နာမည်ကြီး ပိသုကာ ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ မြောက်ဘက် ကမ်းခြေက အိမ်တစ်လုံးကို ရှင့် မိဘတွေ ဝယ်လိုက်တယ်လေ။ အိမ်ခေါင်းမိုးက အပြားလိုက်ရယ်၊ နောက် နံရံတွေက မှန်တွေချည်းပဲ။ အပေါ်ထပ် အခန်းတွေကို လသာဆောင်ထုတ်လို့ ရအောင် စီစဉ်ထားပြီး ဧည့်ခန်း မျက်နှာကျက်ကိုလည်း ပေ (၂၀)လောက် မြှင့်ထားတယ်။

 

ရေနား မနီးလှပေမယ့် ရှင့်အမေ သဘောကျ ရေကူးဖို့ ရေကန်လေးလည်းပါတယ်။ ရှင်တို့ ပထမဆုံးပြောင်းတဲ့ ညက အမေက ရှင့် အမေချက်ပြုတ် မနေရအောင်ဆိုပြီး ထမင်းဟင်း ချက်ပို့တယ်။ ကျမတို့ကတော့ အိမ်ကြီးရယ်၊ ပစ္စည်း ပစ္စယတွေရယ်ကို သဘောကျနေမိတယ်။ အခန်းလွတ်တွေဟာ မကြာခင် ရောက်လာတော့မယ့် ရောဂါ ဝေဒနာ ခံစားရမှုတွေ၊ ပြင်းပြတဲ့ ကြေကွဲမှုတွေကို တန်ပြန် မြင်ယောင်မိစေသလိုပဲ။ အတွင်းဘက် အလင်းရောင် ကောင်းကောင်း ဝင်တဲ့ အိပ်ခန်းဟာ သူ့ အိပ်ယာပဲလို့ ရှင့် အမေကပြောတယ်။ ဒါဟာ နှစ်နှစ်လောက် သူ့ကို လူ့ဘဝ သုခတွေ ပေးနိုင်မယ့် နေရာလေ။

 

နောက်ဆုံးတော့ ကျမ မိဘတွေလည်း သတင်းကြားပြီး  ရှင့်အမေ တတ်တဲ့ ဆေးရုံကို အပြေးသွားကြတယ်။ ရှင် ကျမကို အကြောင်းစုံ ပြောပြခဲ့တဲ့အကြောင်း ဘယ်တုန်းကမှ စကား မဟခဲ့ပါဘူး။ ဒီကိစ္စမှာ ကျမ သစ္စာရှိပါတယ်။ ကျမတို့ မိဘတွေဟာ သိပ် ရင်းနှီးသွားကြပြန်ဟန်နဲ့ အပတ်စဉ် သူက လာလိုက်၊ ကိုယ်က သွားလိုက်နဲ့ အတင်းကာရော ရင်းနှီးစကားတွေ ဆိုကြပြန်တယ်။ ရှင့်အမေကတောင် လာမယ့် နွေရာသီမှာ ကျမတို့ကို ရေကူး ဖိတ်မယ်လို့ ကတိတွေ ပေးသေးတယ်။ ဒါပေမယ့် ဆရာဝန်တွေ ခန့်မှန်းထာထက်တောင် သူ့ ကျန်းမာရေးက ပိုပြီးဆိုးလာတယ်။ ရှင်တို့ကတော့ သူ့ရောဂါအကြောင်း စကားကိုမဟဘူး။ တစ်ခါတစ်ရံ အများပျော်အောင်ဆို ဖျော်ဖြေတောင်နေကြသေး။ တစ်ခါတော့ အဖေနဲ့အမေတို့က သူတို့ကိုတောင် ဖွင့်မပြောကြလို့ အစော်ကားခံရသလို ခံရခက်ကြောင်း ပြောကြသေးတယ်။  “နောက်ဆုံးတော့ တို့ပဲ အစစအရာရာ လုပ်ပေးကြရတာကိုများ …..” တော်တော်နဲ့ အိပ်ပျော်ကြဟန် မတူဘဲ သူတို့ ပြောနေကြတယ်။ ဒါပေမယ့် ကျမကတော့ နံရံ တစ်ဖက်ခြားနေတဲ့ ရှင် အရင်အိပ်ခဲ့တဲ့ ကျမ ကိုယ်ပိုင်အခန်းကို ပြန်ရောက်နေပြီဆိုတော့ သူတို့ပြောတာတွေကို သိပ်မကြားရတော့ပါဘူး။ 

 

ပြီး

(၉:၄၇ am ၊ ၂၈-၆-၂၀၀၉)