(၁၁)
ရှင့်တို့တတွေ ဒီမှာနေလို့ အနှောက်အယှက်မဖြစ်တာ ကျမတစ်ယောက်ပဲရှိမယ်။ ရှုပ်ထွေးပြီး သိမ်မွေ့ညင်သာတဲ့ ခံစားချက်တစ်မျိုးနဲ့ ရှင့်ကို ကျမ သဘောကျနေမိတယ်။ နောက်ရိုးသားတဲ့ ပျော်ရွှင်မှုမျိုးနဲ့ ရှင့်ကို တစ်ရက်ပြီး တစ်ရက် အကဲခက် လေ့လာနေခဲ့မိတယ်။ ရှင့်မိဘတွေကိုလည်း သဘောကျပါတယ်။ အထူးသဖြင့် ရှင့်အမေကိုပေါ့။ ရှင့်ဆီကမရခဲ့တဲ့ ဂရုပြုမှုကို သူ့ဆီကရခဲ့တယ်။ တစ်နေ့တော့ ရှင်တို့တတွေ ရောမမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ရှင့်အဖေကူးလာတယ်။ ကျမကတော့ ဓာတ်ပုံတွေက ထောင့်စွန်းက တယုတယ ကိုင်ကြည့်ရင်း ကြည်နူးနေမိတယ်။ ဓာတ်ပုံတွေ အားလုံးလိုလိုက ရှင်နဲ့ ရှင့်အမေပုံတွေချည်းပဲ။ ပီဇာစားရင်း ရိုက်ထားတဲ့ပုံ၊ နောက် ရေပန်းခုံတော်တွေမှာ ထိုင်ပြီး ရိုက်ထားတဲ့ပုံတွေရယ်။ အဲ တာဂျန်ကျောက်တိုင် နားမှာ ရိုက်ထားတဲ့ ခပ်ဆင်ဆင်ပုံ နှစ်ပုံပါတယ်။
“သမီးစာတမ်းအတွက် တစ်ပုံယူလိုက်လေ” ရှင့်အဖေကကမ်းပေးရင်း ပြောတယ်.။
“သမီးဆရာမက ဒါမှအထင်ကြီးသွားမှာ”
“ဟင်… သမီးမှ ပုံထဲမှာမပါဘဲ”
“ကိစ္စမရှိပါဘူးကွယ် …. ဦးလေး ရောမကို ရောက်တုန်း သမီးအတွက်ရိုက်ပေးလာတာလို့ ပြောလိုက်ပေါ့”
ဓာတ်ပုံထဲမှာ ရှင်ပါတယ်။ ကျောက်တိုင်တစ်ဖက်မှာ ရပ်လို့။ ခေါင်း အောက်ငုံ့ထားတော့ ဦးထုပ်ကြက်လျှာက ရှင့်မျက်နှာကို ကွယ်နေတယ်။ သည်ဓာတ်ပုံထဲကနေရာလေးကို ကမ္ဘာလှည့်ခရီးသွားတွေ မရေမတွက်နိုင် ဖြတ်သန်းသွားခဲ့ကြဖူးမှပဲ။ အဲဒီထဲမှာ ရှင်လည်း တစ်ယောက် အပါအဝင်ပေါ့။ ဒါပေမယ့် အဲဒီကို ရှင် ရောက်ခဲ့တယ်ဆိုတဲ့ အချက်ကလေးဟာ လျို့ဝှက် နက်နဲစွာ ကျမကို ဆွဲဆောင်နေပြီး တစ်နည်းအားဖြင့် အသိအမှတ် ပြုခံရတယ်ရယ်လို့ မျှော်လင့်နေမိတယ်။