Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

(၁၀)

 

ဘယ်လိုပဲဆိုဆို အိမ်လေး တစ်လုံးထည်းမှာ နေတဲ့ ကျမတို့ မိသားစု နှစ်စုကြား စည်းလေးတော့ ခြားသွားပြီ။ တစ်ဖက်မှာတော့ ကျမတို့မိသားစု အရင်တုန်းက နေကြတဲ့အတိုင်း နေ့စဉ်ဘဝမျိုး။ အဖေတို့က ကြာသပတေးနေ့ ညတိုင်း ကျမကို စတားဈေးခေါ်သွားပြီး မက်ဒေါ်နယ်မှာ ညစာကျွေးတယ်။ တနင်္ဂနွေနေ့တိုင်း စာလုံးပေါင်း သတ်ပုံ စာမေးပွဲအတွက် ကျမ စာကြည့်ရတယ်။ အဖေကလည်း ကျမကို သူကိုယ်တိုင် မေးခွန်းထုတ်ပြီး လေ့ကျင့်ပေးတယ်။

 

ရှင့်တို့မိသားစုလည်း ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် နေကြတာပါပဲ။ မကြာခဏဆိုသလို ရှင့်အဖေ အလုပ်က အစောကြီး ပြန်လာပြီး ရှင့် အမေကိုခေါ် အိမ်လိုက်ကြည့်ပြီး ကုန်တိုက်ကို ဈေးဝယ်ထွက်ကြတယ်။ တဖြည်းဖြည်းနဲ့ အကွက်ကျကျ ရှင့်အမေက အိမ်ထောင်သုံး ပစ္စည်းတွေ စ,စုပြီ။ အိပ်ယာခင်းတွေ၊ စောင်တွေ၊ ထမင်းစား ပန်းကန် ခွက်ယောက်တွေ၊ ဖန်ခွက်တွေ နောက်အိမ်သုံး တိုလီမိုလီ ပစ္စည်းလေးတွေရောပေါ့။ သူတို့ လင်မယား အပြင်က ပြန်လာတိုင်း အထုတ်တွေ၊ အထုတ်တွေဆိုတာ ပွစာတက်လို့။ အားလုံးကို အိမ့်မြေအောက်ခန်းမှာ သိမ်းထားတယ်။ တစ်ခါတလေတော့ အမေ့ကိုဘာတွေ ဝယ်လာတယ်ဆိုတာပြလို့၊ တစ်ခါတစ်ခါလည်း ဘာသိဘာသာပဲ။

 

သောကြာနေ့ ညတိုင်ဆိုရင် မြို့ထဲက ဈေးကြီးကြီး ခမ်းခမ်းနားနား စားသောက်ဆိုင်ကြီးတွေကို ခေါ်ပြီး ကျမတို့ကို ညစာ လိုက်ကျွေးတတ်တယ်။ နောက် ကျမ မိဘတွေ မကျွမ်းတဲ့ အသားကင်တွေ၊ အာလူးဖုတ်တွေကို ရှာရှာဖွေဖွေ အရသာခံပြီး ပြောတတ်ကြတယ်။ အပြင်ထွက် ကျွေးတယ်ဆိုတာ အမေ့ကို ချက်ရပြုတ်ရတာတွေက နားစေချင်ရှာလို့နေမှာပါပဲ။ ဒါပေမယ့် အမေကတော့ ဒီလို ထွက်စားရတာကိုလည်း သဘောမကျကြောင်း ပြောပြန်တယ်။