“သူတို့ အားလုံး ဒီမှာပဲ” ရှင်က ပြောတယ်။
“အဖေ အမေနဲ့ သားသမီး လေးယောက်လုံး”
“ဒါတွေ ဒီမှာရှိမှန်း ညီမ မသိခဲ့ဘူး”
“ဘယ်သူမှ မသိလောက်ဘူးလို့ ကိုယ်ထင်တယ် … ကိုယ်တွေ့တော့တောင် သစ်ရွက်ခြောက်တွေ ဖုံးလို့ နောက်ဆုံး သေတဲ့သူက အီမာတဲ့ ။ ၁၉၂၃ ကဆုံးတာ”
ကျမနာမည်နဲ့ ခပ်ဆင်ဆင် ရှိတာကို ရှင်များ သတိထားမိလားလို့ စိတ်နောက်နောက်နဲ့ တွေးမိရင်း ကျမ ခေါင်းညိမ့်ပြလိုက်တယ်။
“ဒါကြောင့်ပဲ ကိုယ် ဟိန္ဒူ ဘာသာဝင် မဖြစ်ချင်တာ …. ဒါလိုဆိုရင် ကိုယ့်အမေကို တစ်နေရာရာမှာ မြေမြှုပ် သဂြုင်္ိဟ်နိုင်မယ်လေ။ ဒါပေမယ့် အမေက တို့ကို ကတိ တောင်းထားတယ်။ သူ့အရိုးပြာကို အတ္တလန်တိတ် သမုဒ္ဒရာမှာ မျှောပေးရမယ်တဲ့”
ဝေခွဲမရတဲ့ အကြည့်မျိုးနဲ့ ကျမ ကြည့်နေမိတဲ့တိုင် ရှင်ကတော့ ဆက်ပြောတယ်။ ရှင့်အမေမှာ ရင်သား ကင်ဆာ ဖြစ်နေတယ်တဲ့။ ကင်ဆာအမြစ်တွေဟာ ရင်သားကနေတစ်ဆင့် တကိုယ်လုံးကို ပြန့်နေပြီ။ ဒါကြောင့်လည်း ရှင်တို့ အိန္ဒိယကနေ ပြောင်းလာကြတာ။ ဟိုမှာ လိုအပ်တဲ့ ပြုစုကုသမှုတွေ မရှိလို့တော့ မဟုတ်ဘူး။ အိန္ဒိယမှာ ဆက်နေမယ် နောက် လူတွေကလည်း ရှင့်အမေ သေတော့မယ်ဆိုတာ သိရင် သိပ်လှတဲ့ ကမ်းခြေက ရှင်တို့ရဲ့တိုက်ခန်းကို လာ သူ့ဘေးမှာ စုနေကြပြီး တိမ်းရှောင်လို့ မရနိုင်တဲ့ အကာအကွယ်တွေ ပေးကြတော့မှာ။ ရှင့်အမေက လူတွေရဲ့ ဂရုစိုက် အလေးပေးမှုတွေကြောင့် မွန်းကြပ် မနေချင်ဘူး။ နောက်သူ့ရဲ့ တဖြည်းဖြည်းချင်း ယိုးယွင်း ပျက်သုန်းမှုကိုလည်း သူ့မိဘတွေ မမြင့်စေ့ချင်ဘူး။ ဒါကြောင့် ရှင့်အဖေကို အမေရိက ပြန်ပို့ဖို့ ပြောခဲ့တာလေ။
“အမေ အခု ‘မစ်’ အထွေထွေ ဆေးရုံမှာ ဆရာဝန် အသစ်နဲ့ပြနေတယ် …. ဒါကြောင့် အဖေက အိမ်သွားကြည့်မယ် ဆိုပြီး ခဏခဏ ခေါ်ပြီး အပြင်ထွက်ကြတာ …. လာမယ့် နွေဦးပေါက်မှာ အမေ့ကို ခွဲစိတ်ကြမယ် …….ဒါကလည်း အချိန်ကို ဆွဲဆန့်တာပဲ ဖြစ်မှာပါ … အမေကတော့ နောက်ဆုံး အခြေအနေအထိ ဘယ်သူ့ကိုမှ အသိမပေးချင်ဘူးတဲ့…”