Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

ကျမ ကျောင်းက အပျော်တွေ၊ အဖော်မင်တတ်မှုတွေကို ကျောခိုင်းနိုင်လောက်အောင် ရှင်က အောင်မြင်စွာ ထိန်းချုပ်ထားနိုင်တယ်။ ရှင်က တစ်ချက်လေးမှ ငဲ့ကြည့်မှာ မဟုတ်ပေမယ့် ရှင့်ကို ကျမမြင်နေရတဲ့ နေ့လည်ချိန်တွေ၊ ညနေ၊ ညစာစားချိန်တွေကို မျှော်ရင်း အိမ်မှာပဲ ကျမ နေချင်တော့တယ်။ အမေတို့ အခန်းက ခေါက်ကုတင်လေးပေါ်မှာ လှဲရင်း ရှင် ကျမကို နမ်းတယ်ရယ်လို့ တွေးပြီး စိတ်ကူးယဉ်ရတဲ့ နာရီတွေဟာ သိပ်ကို အဖိုးတန်လာတယ်။ သည့်ထက်ပိုပြီး တွေးဖို၊ စိတ်ကူးယဉ်ဖို့ကတော့ ကျမက အတွေ့အကြုံ မရှိသေးတဲ့၊ ငယ်လွန်းသေးတဲ့ အရွယ်ပါ။

 

ကျမ ဓာတ်ပုံကို လက်ခံလိုက်တယ်။ နောက် ရှင်ပါတဲ့ အပိုင်းလေးကို ဖြတ်ပြီး ကျန် ဓာတ်ပုံကို စာတမ်းထဲမှာ ထည့်ပေးလိုက်တယ်။ ရှင့်ပုံလေးကိုတော့ ကျမ ဒိုင်ယာရီစာအုပ်ရဲ့ စာမျက်နှာ လွတ်တွေကြားမှာ ညှပ်ပြီး သိမ်းထားလိုက်တယ်။ နောက် နှစ်ပေါင်းများစွာ ကြာတဲ့အထိကို သိမ်းထားခဲ့တာပါ။

 

(၁၂)

 

ရှင်တို့ ရောက်ကတည်းက တစ်ခါမှ မကျဖူးသေးတဲ့ နှင်းတွေကို ရှင် မျှော်လင့်နေတယ် မဟုတ်လား။ မြူတွေ တစ်ခါတလေ ဝေဆိုင်းနေတတ်ပေမယ့် မြေပေါ်ကို ဆီးနှင်းတွေတော့ မသက်သေးဘူး။ အဲ တစ်နေ့တော့ နှင်းတွေကျလာတယ်။ ပထမတော့ သိပ်မမြင်ရသေးဘူး။ နေ့လည်လောက်ကျမှ သိပ်သိပ်သည်းသည်း ကျလာတာ။ ကျမ ကျောင်းကနေ ဘစ်စကားစီးပြီး ပြန်လာတော့ လမ်းမပေါ်မှာ နှင်းတွေ တစ်လက်မလောက် ထူနေပြီ။ ဒါဟာ နှင်းမုန်တိုင်းကြီး မဟုတ်ပေမယ့်လည်း ညည်းငွေ့စရာ တစ်သတ်မှတ်ဆောင်းရာသီရဲ့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

 

ဒီ ညနေမှာ ကျမ အမေတောင် ခပ်မြူးမြူးနဲ့ မိုးရွာတဲ့ နေ့တွေမှာ စားတတ်တဲ့ ချီကျူရီ သီးစုံဟင်း ချက်မယ်ရယ်လို့ ဆုံးဖြတ်ထားတယ်။ ရှင့် အမေကတောင် အပြောင်းအလဲအနေနဲ့ အမေ့ကို မီးဖိုထဲမှာ ကူလို့။ အာလူးလေးတွေ တုံး၊ ဂေါ်ဖီပွင့်လေးတွေကို ခပ်ကျွမ်းကျွမ်းကြော်၊ စောက်နက်နက် အိုးထဲမှာ ထောပတ်ခဲတွေ ထည့်ပြီး အရည်ဖျော်လို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေတယ်။ ရှင့်အမေက နောက်ဆုံး ဟိုအရင်တုံးက ပြောထားတဲ့ ကြက်ဥမုန့်ပေါင်း လုပ်မယ်ရယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကြက်ဥ မလောက်တော့လို့ ရှင့် အဖေ အပြင် သွားဝယ်မယ်ဆိုတော့ အခြား လိုတဲ့ဟာတွေကို မှာလိုက်တယ်။ “သန်းခေါင်တိုင်ရင်တောင် ရဦးမှာ မဟုတ်ပါဘူးကွယ် …..”  နွားနို့နဲ့ ကြက်ဥကို ရောခေါက်ထားတဲ့အိုးကို ခွင်ပေါ်မှာတင်ရင်း မောနေတဲ့ ရှင့်အမေက ကျမကို သူ့အစား အမွှေခိုင်းရင်း ပြောတယ်။ “စားဖို့ နောက် လေးနာရီလောက်တော့ စောင့်ရဦးမယ်”