ရှင့်အမေက ဆံပင်ကို အလယ်မှာ စုထုံးထားတော့ မျက်နှာကျဉ်းနေသလိုပဲ။ သူရဲ့ ဆာရီအနားစကိုလည်း ပုခုံးပေါ်မှာ ပြန်ပတ်ထားတော့ ရှောပုဝါ ထပ်ခြုံထားသလား ထင်ရတယ်။ ကျမ အမေကတော့ ရှင့်အမေဘေးမှာ ခေါင်းတစ်လုံးစာလောက် ပိုနိမ့်ပြီး ဆံပင်တွေလည်း နားဘေးမှာ ဘိုသီဘတ်သီ ကျလို့။ အမေတို့ နှစ်ယောက်စလုံး ပါးပြင်တွေ တော်တော်နီနေတယ်။ ဧကန္တ သောက်နေကျ ရေတွေ၊ လက်ဖက်ရည်တွေ မဟုတ်ဘဲ ဒီညမှ ဝိုင် သောက်ထားကြတယ် ထင်ပါရဲ့။ ဒီဓာတ်ပုံထဲမှာ ကျမသိပ်တွေ့ချင်တဲ့ ရှင့်ရဲ့ အရိပ်အယောင်တော့ တစ်စွန်းတစ်စမှမပါဘူး။ ဒီလောက် လူအုပ်ကြီးကြားမှာ ရှင်ဘယ်နေရာက ချောင်းကြည့်နေ မလဲဆိုတာ ကျမဘယ်သိပါ့မလဲ။ ကျမအထင်တော့ ရှင်အဲဒီတုန်းက ကျမမိဘတွေအခန်းက စားပွဲမှာ ထိုင်ပြီး ယူလာတဲ့ စာအုပ်ကိုဖတ်လို့ ပါတီပွဲအပြီးကို စောင့်နေမယ်ထင်တယ်၊ ဟုတ်တယ်မဟုတ်လား။
တစ်ညနေကျ အဖေရှင်တို့ကို ကြိုဖို့ လေဆိပ်ကိုသွားတယ်။ အဲသည်နေ့က ကျမညနေပိုင်း အတန်းရှိတယ်။ ညစာကို နေ့ခင်းကတည်းက ပြင်ဆင်ထားရတယ်။ အဲဒါ အိမ်မှာ ပါတီပွဲပေးတိုင်းပေးတိုင်း လုပ်တတ်တဲ့ အမေ့ရဲ့အကျင့်ပဲ။ ဒါပေမယ့် အခုလို အမယ်စုံလှတဲ့ ဟင်းပွဲတွေကိုတော့ ရုံးတက်ရက်တွေမျိုးမှာ ဘယ်တော့မှ အမေလုပ်လေ့မရှိဘူး။ ရှင်တို့မရောက်ခင် တစ်နာရီလောက်အလိုမှာ အမေက မီးဖိုမှာ မီးစမွှေးတယ်။ ဒယ်အပြည့် ဆီချက်ပြီး ခရမ်းသီးတွေကို ခပ်ထူထူတုံးပြီး စ,ကြော်တယ်။ အဖေကလည်း ရှင်တို့ လေယာဉ်တော့ဆိုက်ပြီ၊ အဝတ်အစားတွေတော့ မရောက်သေးဘူးလို့ အိမ်ကို ဖုန်းဆက်တော့ တစ်ခန်းလုံး မီးခိုးတွေဆို မွှန်ထူနေတာပဲ။ ကျမကတော့ ဆာနေပြီ။ ဒါပေမယ့်လည်း အမေ့ကို မီးဖိုတံခါးဖွင့်ခိုင်းပြီး ကျမတစ်ယောက်စာ စားဖို့ ပြင်ပေးဆိုတာလည်း မသင့်တော်ဘူး မဟုတ်လား။
အမေကတော့ ဆီပူထိုးနေတာကို ရပ်၊ ဆိုဖာပေါ်မှာ ကျမနဲ့အတူထိုင်လို့ ရုပ်သံအစီအစဉ်ကို ကြည့်နေပြီ။ ရုပ်ရှင်က ဒုတိယကမ္ဘာစစ် နောက်ခံကား၊ စစ်ပန်းနေတဲ့ စစ်သားတွေ အမှောင် ကွင်းပြင်ကျယ်ကြီးထဲ ဖြတ်နေကြတဲ့ ဇာတ်ဝင်ခန်း ပါတယ်။ အဲသည်လို အနောက်တိုင်း ရုပ်ရှင်မျိုးဆို အမေက သိပ်ကြိုက်တယ်။ အမေက အနောက်တိုင်း ဆန်စရာဆိုလို့ စကပ်တောင် ခါးပေါ် မတင်ဘူးပေမယ့် အော်ဒရီဟပ်ဘန်းဆိုရင် ရုပ်ရှင်တိုင်း အခန်းတိုင်းက ဝတ်စုံတွေက အစ အသေးစိတ် မှတ်မိတယ်။
ကျမအမေ့ဘေးမှာ အိပ်ပျော်သွားတယ်။ ဒါပြီးနောက် မှတ်မိတာကတော့ ကျမဆိုဖာပေါ်မှာ တစ်ယောက်ထဲ အိပ်ပျော်နေပြီး တီဗီကလည်း ပိတ်လို့၊ အခန်းဟိုတစ်ဖက်က စကားပြောသံတွေလည်း ကြားနေရတယ်။ ကျမထရပ်လိုက်တော့ ခြေထောက်တွေ ကျဉ်နေပြီ။ မျက်နှာတွေလည်း ပူခြစ်လို့။ ရှင်တို့အားလုံး ထမင်းစားခန်းထဲမှာ စားသောက်နေကြပြီ ထင်ပါရဲ့၊ ဟင်းအိုးတွေလည်း တန်းစီလို့။ ရှင့်မိဘတွေ သောက်တတ်လို့ထင်ပါရဲ့၊ ဂျော်နီဝါကား တစ်ပုလင်းလည်း သူတို့ရဲ့ ထမင်းပန်းကန်နှစ်ချပ်ကြားမှာ ထောင်ထားလို့။