ကျမအခန်းကစားပွဲက မအားတော့ ထမင်းစား စားပွဲပေါ်မှာပဲ ကျမ အိမ်စာတွေ လုပ်ရတယ်။ ကျမ ရောမအကြောင်း စာတမ်းရေးနေရတာ။ ရှင်တို့ မလာခင်အထိကတော့ သည်အကြောင်းကို ကျမစိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် အခုရှင်တို့ အဲသည်ကို ရောက်ဖူးပြီးနေပြီဆိုတာသိတော့ စာတွေလုပ်နေရတာ ခပ်ကြောင်ကြောင်နိုင်သား။ ကျမဘာသာကျမ သီးသန့်လုပ်ချင်ပေမယ့် ရှင့်အဖေကတော့ ကိုလော့စီယမ် ဇာတ်ရုံတည်ဆောက်ပုံကို လေရှည်ရှည်နဲ့ ရှင်းပြနေတယ်။ ရှင့်အဖေရဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာအမြင်တွေဟာ ကျမကို ခေါင်းရှုပ်စေတာကလွဲလို့ ဘာမှ အကူအညီမရပေမယ့် ယဉ်ကျေးမှုအရ အသာပဲ နားထောင်နေရတယ်။ ကျမကတော့ သူပေးတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ ဘယ်လိုပေါင်းပြီး ထည့်ရေးစသည်ဖြင့် စာတမ်းကိုများ ယူကြည့်ဦးမလားလို့ စိတ်ပူနေမိသေးတယ်။ ဒါပေမယ့်လည်း သူယူမကြည့်ပါဘူး။ ရှင့်အဖေက သူ့လက်ဆွဲအိတ်ကို ဖွင့်ပြီးတော့ သူဝယ်လာတဲ့ ပို့စကပ်တွေပြတယ်၊ နောက် စာတမ်းနဲ့ ဘာမှမဆိုင်လှပေမယ့် ရှေးဟောင်း ဒင်္ဂါးပြား နှစ်ပြားကိုလည်း ကျမကို အမှတ်တရပေးသေးတယ်။
(၅)
ရှင့်တို့ခရီးပန်းတာတွေ သက်သာတဲ့ တစ်နေ့ ကျမမိဘတွေရဲ့ ကားရှည်ကြီးနဲ့ အားလုံး ကုန်တိုက်ကို သွားကြတယ်။ ရှင့်အမေက သူ့ဖို့ အတွင်းခံ ဘရာစီယာဝယ်ချင်တယ်။ အဲဒါကိုတော့ ခန္ဓာကိုယ် သိပ်မဖွံ့တဲ့ ကျမအမေဆီက ငှားဝတ်လို့ မဖြစ်တော့ဘူးလေ။ ကုန်တိုက်ရောက်တော့ အဖေတွေက ခုံတန်းလေးတွေ၊ ပန်းပင်တွေ စီချထားတဲ့ အပြင်ဘက် အနိမ့်ပိုင်းမှာ ထိုင်စောင့်နေရစ်ကြတယ်။ ကျမကတော့ ဂျော်မန်ဒပ်ခ်ျ အမျိုးသမီး အတွင်းခံဆိုင်ကို အမေတို့နဲ့ အဖော်လိုက်ရတယ်။ ရှင့်အမေက ရှင့်အဖေပေးလိုက်တဲ့ ခရက်ဒစ် ဈေးဝယ်ကဒ်ကို ယူလာပြီး ကျမတို့ သားအမိကို ဦးဆောင်ခေါ်လာတယ်။
အရင်တုန်းကတော့ ကျမတို့ “ဆီးယား” ဆိုတဲ့ ဆိုင်ကိုပဲ သွားလေ့ရှိတာ။ ဆိုင်ကိုသွားရင်း ရှင့်အမေက အနက်ရောင် လက်အိပ်တစ်စုံရယ်၊ ဒူးလောက်ရှည်ပြီး ဇစ်ဆွဲလို့ရတဲ့ ဖိနပ်ရှည်တစ်ရံ ဝယ်တယ်။ ရှင့်အမေ က ဈေးနှုန်းကို လုံးဝမကြည့်ဘဲ လိုချင်တာကို စင်ပေါ်က ဖြုတ်ကြည့်တာပဲ။ အတွင်းခံဆိုင်ကို ရောက်တော့ အရောင်းစာရေးမက ကျမကိုကြည့်ပြီး “ဒီမှာ ဒီအရွယ်ဝတ်တွေ လည်းရှိပါတယ် ကြွပါ” လို့ရှင့်အမေကိုပြောတယ်။ ကျမနဲ့ ရှင့်အမေကို သားအမိ ထင်နေတယ်တူပါရဲ့။
“အို… မဟုတ်တာ သူက ငယ်ပါသေးတယ်” ကျမအမေကဝင်ပြောတယ်။
“သြော်... ဘာပဲဖြစ်ဖြစ် ကြည့်ကြည့်တာပေါ့” ရှင့်အမေက ပြောရင်း နောက်မှာချိတ်ထားတဲ့ အလယ်မှာ နှင်းဆီဖူးလေးပါတဲ့ ဇာပေါက် ဘရာစီယာလေးကို လက်ညှိုးထိုးပြတယ်။ ကျမ ဒီတုန်းက အပျိုဖော်ဝင် ရာသီပန်း ပွင့်စပြုပါပြီ။ ဒါပေမယ့် ကျမကျောင်းက သူငယ်ချင်းတွေလို မဟုတ်ဘဲ ပန်းရိုက် အတွင်းခံ ရှင်မီးအင်္ကျီလေးတွေကို ဝတ်နေရတုန်း။ ကျမကို အစမ်း ဝတ်အခန်းထဲ ခေါ်သွားပြီး ကျမ အင်္ကျီတွေချွတ် ဘရာစီယာ ဝတ်နေတာကို ရှင့်အမေက အစအဆုံး ကြည့်နေတယ်။ သူကပဲ အံဝင်အောင်ညှိပေးပြီး နောက်ကချိတ်တွေ ဘာတွေတောင် ချိတ်ပေးတယ်။ သူကိုယ်တိုင်လည်း အစမ်းဝတ်ကြည့်တယ်။ ခန္ဓာကိုယ်အပေါ်ကို ဟာလာဟင်းလင်းထားရတာ ရှက်ပုံလည်းမရပါဘူး။ ဒါပေသိ ဖွံ့ဖြိုးပြီး ပျဉ်းကျနေတဲ့ရင်သားနဲ့ ညိုတိုတိုသားမြတ်ခေါင်းတွေရယ် ၊ ခပ်ထူထူ ချိုင်းမွှေးတွေက ရနေတဲ့ အောက်တောက်တောက် အနံ့တွေ ရယ်ကြောင့် ကျမတော့ မသတီဘူး။ “အင်း.. လိုက်တယ်ကွယ်” ကျမ ကျောပြင်တစ်လျှောက် လက်နဲ့ပွတ်လို့ ရှင့်အမေကပြောတယ်။ “မင်းကြီးလားရင် သိပ်ကိုချောတဲ့ မိန်းမဖြစ်လာမှာပဲ သိရဲ့လား ကလေးမ”။ ကျမအမေ ကန့်ကွက်တဲ့ကြားက ရှင့်အမေက ကျမဘဝမှာ ပထမဆုံးဝတ်ဖူးခဲ့တဲ့ ဘရာစီယာ သုံးထည်ကို လက်ဆောင်ဝယ်ပေးတယ်။ အပြန်မှာ အလှကုန်ဆိုင်ဝင်ပြီး နှုတ်ခမ်းဆိုးဆေး တစ်တောင့်ရယ်၊ ရေမွှေးတစ်ပုလင်းရယ် နောက် မျက်ရစ်တွေ လည်ပင်းရစ်တွေ ပျောက်စေတဲ့ အသားလှဆေး တစ်ဘူးရယ်ဝယ်တယ်။ သူကတော့ ကျမအမေတို့သုံးတဲ့ အေဖွမ် အလှကုန်တွေကို စိတ်ဝင်စားပုံမရဘူး။ မိတ်ကပ်ဆိုင်က လက်ဆောင်အဖြစ် အနီရောင် လက်ဆွဲအိတ်တစ်လုံး လက်ဆောင်ရတယ်။ ရှင့်အမေက ကျောင်းစာအုပ်တွေဘာတွေ ထည့်လို့ရတယ်ဆိုပြီး ကျမကိုပေးတယ်။ ကျမလည်း နောက်တနေ့ ကျောင်းသွားတော့ အဲဒီအိတ်ကို စာအုပ်တွေထည့် ယူသွားတယ်။
အောင်ဖြိုး
ဇာတ်သိမ်းပိုင်းသို့ ဆက်လက် ဖတ်ရှုရန် >>>>>