“စီးကရက်နံ့ပါကွာ” အဖေကပြောတယ် “ရေချိုးခန်းထဲမှာ တစ်ယောက်ယောက် စီးကရက်သောက်နေတာ”
“မစ္စတာချောင်ဒရီ ဆေးလိပ်သောက်တတ်မှန်း ကျမ မသိဘူး …… ကျမတို့ ဆေးလိပ်ပြာခွက်တွေ ချပေးထားရင် ကောင်းမယ် ထင်ပါရဲ့တော်…”
(၄)
မနက်ကျတော့ ရှင်တို့ ခရီးပန်းလားလို့ဆိုပြီး ဘယ်သူမှမနိုးကြဘူး။ အိမ်ရှေ့ခန်းထဲက အဝတ်အိတ်တွေ၊ ရေချိုးခန်းထဲက သွားတိုက်တံတွေကြောင့်သာ ရှင်တို့ အရိပ်အယောင်ကို မတွေ့ရပေမယ့် ရှင်တို့ ရှိနေသေးတယ်ဆိုတာ သိရတယ်။ နေ့လယ် ကျမ ကျောင်းက ပြန်လာတော့တောင် ရှင်အိပ်ရာက မနိုးသေးဘူး။ ညစာ (အဲလေ .. ရှင့်တို့အတွက်တော့ မနက်စာပေါ့) စားကြတော့ ကျမတို့လို ဟင်း၊ ထမင်းနဲ့ မစားဘဲ ပေါင်မုန့်မီးကင်နဲ့ လက်ဖက်ရည်ပဲ သောက်ကြတယ်။ ပထမတစ်ရက်နှစ်ရက်မတော့ ကျမတို့နိုးရင် ရှင်တို့ကအိပ် ၊ ရှင်တို့နိုးတော့ ကျမတို့အိပ်ရာဝင်နဲ့ တစ်မိုးအောက်မှာပဲ ဆန့်ကျင်ဘက်နေကြတယ်။
ရလဒ်ကတော့ ကျမအခန်းမှာ ကျမ မအိပ်ရတဲ့ အပြင် အပြောင်းအလဲတွေလည်း တွေ့လာရတယ်။ မနက်တိုင်း ကျမအရင်လိုပဲ လိမ္မော်ရည်သောက်၊ ကွေကာအုပ်သောက်ပြီး ကျောင်းသွားရတယ်။ ရှင်တို့ရောက်နေတဲ့ အကြောင်းကိုလည်း ကျမ ဘယ်သူ့ကိုမှ မပြောမိဘူး။ တကယ်တော့လည်း ကျမ အိမ်တွင်းရေးတွေကို ဘယ်တုန်းကမှ အမေရိကန် သူငယ်ချင်းတွေကို ပြောပြလေ့မရှိခဲ့ပါဘူး။ ငယ်ငယ်တုန်းက မွေးနေ့ရောက်တိုင်း သူငယ်ချင်းတွေ တစ်ဒါဇင်လောက် အိမ်လာတတ်တော့ ကျမတို့ နေပုံထိုင်ပုံကို မြင်သွားမှကြောက်လို့ မွေးနေ့တွေကိုတောင် သဘောမကျနိုင်ဘူး။ ကျမ ရှင့်ကို ဘယ်လို ရည်ညွှန်းပြောရမယ် မသိဘူး။ “မိသားစုနဲ့ ရင်းနှီးတယ်” အဲလိုဆိုရင် ကောင်းမယ်ထင်ပါရဲ့။
တစ်နေ့ ကျမကျောင်းက ပြန်လာတော့ ရှင့်မိဘတွေ နိုးနေတာကိုတွေ့တယ်။ အရင် ကျမ “ဘတီဘက်ခ်ျ” နဲ့ “ဂါလီဂမ်ရဲ့ ကျွန်း” စတဲ့ ရုပ်သံ အစီအစဉ်တွေ ကြည့်တတ်တဲ့ ဆိုဖာပေါ်မှာ ထိုင်၊ ခြေထောက်တွေကို ပတ္တာဆက်ပြီး စားပွဲပေါ် တင်ထားကြတယ်။ ပေါင်ပေါ်မှာ အာလူးတင်ပြီးလှီးနေတဲ့ ကျမအမေနဲ့ စကားပြောလို့။ ရှင့်အမေကတော့ ပန်းရောင်အခံမှာ အနီရောင်အပြောင် ဆိုဒ်မျိုးစုံပါတဲ့ ကျမအမေရဲ့ နိုင်လွန်ဆာရီကို ဝတ်ထားတယ်။ မေ့ကျန်ရစ်တယ်ဆိုတဲ့ ရှင့်အမေရဲ့ အဝတ်သေတ္တာအကြောင်း ပြောနေကြတယ်ထင်ပါရဲ့။ သေတ္တာက ရောမမှာ ကျန်ရစ်တာ။ အခုတော့ ဂျုံဟမ်ဘတ်ကိုလာတဲ့ လေယာဉ်နဲ့ ပါလာပြီတဲ့။ ကျမအထင် ဒီဆာရီဟာ ကျမအမေထက် ရှင့်အမေဝတ်တော့ ပိုကြည့်ကောင်း နေသလိုပဲ။ ပန်းရောင်ဟာ သူ့အသားအရေကြောင့် ပိုပြီး ကြည့်ကောင်းနေတယ်။ ရှင်ကတော့ အပြင်သွားတယ်လို့ ပြောတယ်။ ရှင့်ကို ကျမ မရှာပါဘူး။ ဒါနဲ့ ကျမ စန္ဒယား အတီးကျင့်နေတယ်။ ရှင်ပြန်လာတော့ အတော်မှောင်နေပြီ။