ခုတော့ ရှင့်ရဲ့ ငြီးငွေ့နေတဲ့ ဟန်ဟာ အရာရာကို မဝံ့မရဲဖြစ်အောင် ကျမကိုဟန့်တားထားတယ်။ မြီးကောင်ပေါက် ကျောင်းသူအရွယ် ကျမက ရှင့်ကို ဦးဆောင်ခေါ်သွားရမယ် ဆိုတာလည်း မရဲလှဘူး။ ကျမ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော ဆက်ဆံတတ်ပါတယ်။ ကျမတို့ အတန်းက ကောင်လေးတွေ၊ ကျမနဲ့တောင် သေချာမသိတဲ့ ကောင်လေးတွေရော မကျန် လေးလေးစားစား ဆက်ဆံနေကျပါ။ ဒါပေမယ့် ရှင့်လို အရွယ်ရောက်ပြီးသား မိဘတွေကတဆင့် ပတ်သက်ရတဲ့ သူမျိုးကိုတော့ ကျမ မကြုံခဲ့ဖူးဘူး။ ဒါပေမယ့်လည်း ရှင့်ကို ဦးဆောင်ပြီး လှေကားပေါ်တက်ခဲ့တယ်။ ရှင်ကတော့ တံခါးကိုဖွင့်၊ အထဲကို ခဏခေါင်းငဲ့ကြည့်ပြီး သိပ်သဘောမတွေ့လှတဲ့ အချိုးမျိုးနဲ့ပေါ့ ။
“ဒါကျမနေတဲ့ အခန်းလေ ၊ အခုတော့ အကို့အခန်းပေါ့”
အဲဒီ် တုန်းကတော့ သိပ်ဘဝင်မကျ စိုးရိမ်မိပေမယ့် အခုအချိန်မတော့ ရှင် ဒီအခန်းထဲမှာ အိပ်ခဲ့တယ်ဆိုတာ တွေးမိတိုင်း ကျမတိတ်တခိုး ရင်ခုန်မိဆဲပါ။ ရှင် ကျမရဲ့ တည်ရှိခဲ့ခြင်းကို ဝါးမျိုသွားသလိုမျိုးပဲလို့ ကျမတွေးမိတယ်။ ကျမဘာမှ အားမထုတ်ရဘဲ ရှင့်ကို သိလာရတယ်၊ သဘောကျလာမိတယ်။ ရှင်အခန်းကို ဖြတ်လျှောက်သွားပြီး လေအေးတွေ တိုးဝင်လာအောင် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်က အမှောင်ထဲကို ငေးနေတယ်။
“မင်း ခေါင်မိုးပေါ် တက်ကြည့်ဖူးလား” ရှင်ကမေးပြီး ကျမအဖြေတောင် မစောင့်ဘဲ အခန်းဆီးကိုမပြီး ချက်ချင်းဆိုသလို ပျောက်သွားတယ်။ ကျမပြတင်းပေါက်ဆီကို ပြေးသွားပြီး အပြင်ကို ပြူကြည့်တော့ ရှင့်ကိုမတွေ့ဘူး။ ရှင်များ အပြင်က ကျောက်ခဲလေးတွေကို နင်းမိပြီး အောက်က ချုံထူထူတွေကြား ကျများသွားလားလို့ စိတ်ထင့်သွား မိသေးတယ်။ ရှင်ကျမကို အရေးမထားသလိုလုပ်လို့ ဒုက္ခရောက်ပါစေလို့လည်း စိတ်ထဲမှာမချင့်မရဲနဲ့ ခပ်ကြောင်ကြောင်ပဲ မတ်တပ်ရပ်နေမိတယ်။ “ရရဲ့လားဟင်” ကျမအော်ကြည့်တယ်။ တကယ်တော့ ကျမ ရှင့်နာမည်ကို အော်ရမှာ။ ဒါပေမယ့် အဲဒီလိုလည်း ကျမအတွက် အသားမကျပြန်။ နောက်တော့ ရှင်ပြန်ဆင်းလာပြီး ဂိုဒေါင် ဆင်ခြေလျောမှာ ထိုင်ပြီး အောက်က အလှစိုက်မြက်ခင်းကို ငေးနေတယ်လေ။
“အိမ်နောက်မှာ ဘာရှိလဲ”
“တောတွေပါပဲ … ဒါပေမယ့် အကို သွားလို့ မရဘူး”
“ဘယ်သူပြောလဲ”
“လူတိုင်းပဲ .. ကျမအမေရော နောက် ကျောင်းကဆရာမတွေရော အားလုံးပဲ”