မှတ်မှတ်ရရ ၁၉၇၄ ခုနှစ်ပေါ့။ ရှင်က ကိုးနှစ်သား၊ ကျမက ခြောက်နှစ်သမီး။ ကျမ ရှင်းရှင်းလင်းလင်း မှတ်မိနေတာကတော့ နှုတ်ဆက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်တွေပဲ။ အမေကတော့ လာသမျှလူတွေကို မှန်းပြီး ပြင်ဆင်လို့။ ရှိသမျှ ပရိဘောဂတွေကို ပေါလစ်တိုက်၊ ညစာအတွက် စက္ကူပြားတွေ၊ လက်သုတ်ပုဝါတွေကိုလည်း စားပွဲပေါ်မှာ စီချလို့။ ကျမတို့ အိမ်က အခန်းတိုင်းမှာလည်း သိုးသားဟင်းနံ့၊ ကြက်သား မဆလာနံ့တွေဆို မွှေးလို့။
နောက်ပြီး အထူး ပွဲလမ်းသဘင်တွေကျမှ အမေထုတ်ပြီး သုံးတတ်တဲ့ အယ်အဲဒူးရမ့် ရေမွှေးနံ့လည်း သင်းနေတယ်။ အမေက ရေမွှေးကို သူအရင်ဆွတ်ပြီးနောက် ကျမကို ဆွတ်ပေးတော့ အင်္ကျီမှာ အရောင်တင်သွားပြီး ကွက်ကျန်ရစ်တယ်။ ဒီညနေမှာ ကျမကတော့ ကာလကတ္တားက အဖွားပို့လိုက်တဲ့ ဝတ်စုံအသစ်ကို ဝတ်ရတယ်။
ဝတ်စုံက ခြေထောက်ကျ အဖျားရှူးသွားပေမယ့် ခါးဆိုက်က ကျမ နှစ်ကိုယ်စာ ဝင်နိုင်တဲ့ ဘောင်းဘီဖြူ ပွပွရယ်၊ စိမ်းပြာရောင် ခါးရှည် သင်တိုင်းရယ်၊ နောက် အနားစွန်းတဝိုက်မှာ ပလတ်စတစ် ပုလဲတုတွေ စီထားတဲ့ ကတ္တီပါ ကိုယ်ကျပ် အင်္ကျီရယ်ပါ။ ဒီသုံးထည်ကို ကျမရေချိုးတုန်း အမေတို့ အိပ်ရာပေါ်မှာ ဖြန့်ခင်းထားပြီး ရေချိုးပြီးတော့ အမေက ဘောင်းဘီပွပွကြီးရဲ့ ခါးကသားရေကြိုးကို ချုံ့ရင်းချုံ့ရင်း ကိုယ်နဲ့ အကိုက်ကို တွယ်ချိတ်နဲ့ ပြင်ဆင်နေတော့ ရေတောင်မသုတ်ရလို့ ကျမ လက်ထိပ်တွေ ပဲကြီးရေ တွန့်ကုန်တယ်။
ဘောင်းဘီရဲ့ အတွင်းဘက် အနားမှာ စက်ဝန်းတစ်ခုထဲ ပန်းရောင် စာလုံးတွေနဲ့ ကုမ္ပဏီတံဆိပ် ကပ်ထားတယ်။ ဒီတုန်းက ကျမ စိတ်ဆိုးရတာကိုလည်း မှတ်မိသေးရဲ့။ ရေလျှော်လိုက်တော့ ဒီတံဆိပ်က ဆေးတွေ ဘောင်းဘီပေါ် ကျကုန်လို့ တခြားဟာ တစ်ခုခု ဝတ်မယ်ပြောတော့ အမေက အင်္ကျီအရှည်မို့ ဒီအစွန်းတွေကို ဘယ်သူမှ မမြင်ပါဘူးလို့ ပြောပြီး အတင်း ဝတ်ခိုင်းလို့လေ။
အဲဒီတုန်းက အမေ့မှာ စိုးရိမ်စိတ်တွေ ဖိစီးလို့။ ဟင်းတွေ လောက်ကော လောက်ပါ့မလား၊ စားလို့ရော ကောင်းပါ့မလား။ စိတ်ပူရတဲ့အထဲ ကျမတို့မှာရော နောက် မိတ်ဆွေတွေမှာပါ တစ်ယောက်မှ ကိုယ်ပိုင်ကား မရှိကြတော့ ညနေ နှင်းတွေဘာတွေ ကျနေမလားရောကိုပါ စိုးရိမ်ရတယ်။