Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

Article Index

the maw naing painting

(Once in A life-time by Jhumpa Lhairi ကိုပြန်ဆိုတယ်)

အပိုင်း (၁)

(၁)

ကျမရှင့်ကို အရင့်အရင်ကလည်း မြင်ဖူးနေကျပါ။ ဒါပေမယ့် ကျမဘဝထဲက ရှင်ရဲ့တည်ရှိမှုကို ပြန်တွေးမိရင်တော့ အမ်မင်းစကွဲက ကျမတို့အိမ်မှာ ရှင့်မိဘတွေအတွက် ကျင်းပတဲ့နှုတ်ဆက်ပွဲက စရမယ် ထင်ပါရဲ့။ အဲဒီတုန်းက အခြားဘင်္ဂါလီတွေ တော်တော်များများဟာ ကျမ မိဘတွေရော သူတို့ မိတ်ဆွေတွေပါ အခြေချချင်တဲ့ အတ္တလန်တာတို့ အရီဇိုးနားတို့ကို ပြောင်းကြတဲ့ အချိန်၊ ရှင့်မိဘတွေကတော့ အိန္ဒိယကို ပြန်ကြမယ်တဲ့။


 

မှတ်မှတ်ရရ ၁၉၇၄ ခုနှစ်ပေါ့။ ရှင်က ကိုးနှစ်သား၊ ကျမက ခြောက်နှစ်သမီး။ ကျမ ရှင်းရှင်းလင်းလင်း မှတ်မိနေတာကတော့ နှုတ်ဆက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်တွေပဲ။ အမေကတော့ လာသမျှလူတွေကို မှန်းပြီး ပြင်ဆင်လို့။ ရှိသမျှ ပရိဘောဂတွေကို ပေါလစ်တိုက်၊ ညစာအတွက် စက္ကူပြားတွေ၊ လက်သုတ်ပုဝါတွေကိုလည်း စားပွဲပေါ်မှာ စီချလို့။ ကျမတို့ အိမ်က အခန်းတိုင်းမှာလည်း သိုးသားဟင်းနံ့၊ ကြက်သား မဆလာနံ့တွေဆို မွှေးလို့။

 

နောက်ပြီး အထူး ပွဲလမ်းသဘင်တွေကျမှ အမေထုတ်ပြီး သုံးတတ်တဲ့ အယ်အဲဒူးရမ့် ရေမွှေးနံ့လည်း သင်းနေတယ်။ အမေက ရေမွှေးကို သူအရင်ဆွတ်ပြီးနောက် ကျမကို ဆွတ်ပေးတော့ အင်္ကျီမှာ အရောင်တင်သွားပြီး ကွက်ကျန်ရစ်တယ်။ ဒီညနေမှာ ကျမကတော့ ကာလကတ္တားက အဖွားပို့လိုက်တဲ့ ဝတ်စုံအသစ်ကို ဝတ်ရတယ်။

 

ဝတ်စုံက ခြေထောက်ကျ အဖျားရှူးသွားပေမယ့် ခါးဆိုက်က ကျမ နှစ်ကိုယ်စာ ဝင်နိုင်တဲ့ ဘောင်းဘီဖြူ ပွပွရယ်၊ စိမ်းပြာရောင် ခါးရှည် သင်တိုင်းရယ်၊ နောက် အနားစွန်းတဝိုက်မှာ ပလတ်စတစ် ပုလဲတုတွေ စီထားတဲ့ ကတ္တီပါ ကိုယ်ကျပ် အင်္ကျီရယ်ပါ။ ဒီသုံးထည်ကို ကျမရေချိုးတုန်း အမေတို့ အိပ်ရာပေါ်မှာ ဖြန့်ခင်းထားပြီး ရေချိုးပြီးတော့ အမေက ဘောင်းဘီပွပွကြီးရဲ့ ခါးကသားရေကြိုးကို ချုံ့ရင်းချုံ့ရင်း ကိုယ်နဲ့ အကိုက်ကို တွယ်ချိတ်နဲ့ ပြင်ဆင်နေတော့ ရေတောင်မသုတ်ရလို့ ကျမ လက်ထိပ်တွေ ပဲကြီးရေ တွန့်ကုန်တယ်။

 

ဘောင်းဘီရဲ့ အတွင်းဘက် အနားမှာ စက်ဝန်းတစ်ခုထဲ ပန်းရောင် စာလုံးတွေနဲ့ ကုမ္ပဏီတံဆိပ် ကပ်ထားတယ်။ ဒီတုန်းက ကျမ စိတ်ဆိုးရတာကိုလည်း မှတ်မိသေးရဲ့။ ရေလျှော်လိုက်တော့ ဒီတံဆိပ်က ဆေးတွေ   ဘောင်းဘီပေါ် ကျကုန်လို့ တခြားဟာ တစ်ခုခု ဝတ်မယ်ပြောတော့ အမေက အင်္ကျီအရှည်မို့ ဒီအစွန်းတွေကို ဘယ်သူမှ မမြင်ပါဘူးလို့ ပြောပြီး အတင်း ဝတ်ခိုင်းလို့လေ။

 

အဲဒီတုန်းက အမေ့မှာ စိုးရိမ်စိတ်တွေ ဖိစီးလို့။ ဟင်းတွေ လောက်ကော လောက်ပါ့မလား၊ စားလို့ရော ကောင်းပါ့မလား။ စိတ်ပူရတဲ့အထဲ ကျမတို့မှာရော နောက် မိတ်ဆွေတွေမှာပါ တစ်ယောက်မှ ကိုယ်ပိုင်ကား မရှိကြတော့ ညနေ နှင်းတွေဘာတွေ ကျနေမလားရောကိုပါ စိုးရိမ်ရတယ်။


 

ရှင်တို့ အပါအဝင် အဲဒီနေ့က ဖိတ်ထားတဲ့ ဧည့်သည်တွေဟာ ကျမတို့အိမ်ကို မတ်အဲဖန်းနရူး တံတားလေးကို ကျော်လိုက်ပြီး ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ ဟားဗတ်နဲ့ အမ်အိုင်တီ ပတ်ဝန်းကျင်မှာနေကြတဲ့ လူတွေချည်းပါပဲ။ တချို့ဆိုရင် မဲဒမ်တို့၊ ရက်ဖို့တို့၊ ဝဲလ်သမ်တို့ကနေ ဘတ်စ်ကားနဲ့ လာကြရမှာ။ “ကျမတော့ မစ္စတာချောင်ဒရီ ဧည့်သည်တွေကို ကားနဲ့ပြန်ပို့ပေးဖို့ မျှော်လင့်ရတာပဲ” ကျမဆံပင်တွေကို သပ်တင်ပေးရင်း အမေက ရှင့်အဖေအကြောင်းကို ပြောတယ်။

 

ရှင့်မိဘတွေက ကျမမိဘတွေထက် အသက်နည်းနည်း ပိုကြီးတယ်။ အမေရိကန်က နိုင်ငံခြား ကျောင်းသားတွေကို လက်ခံကြိုဆိုတဲ့ အက်ဥပဒေ မဖျက်သိမ်းခင် ကတည်းက သူတို့ အိန္ဒိယက လာခဲ့ကြတာ။ ကျမအဖေနဲ့ သူ့မိတ်ဆွေတွေ စာမေးပွဲတွေ ဖြေနေရတုန်းမှာတောင် ရှင့်အဖေက (Ph.D) ဒေါက်တာဘွဲ့ ရပြီးပြီ။ အမ်ဖို့ပါအရပ်က အင်ဂျင်နီယာ လုပ်ငန်းခွင်ကို ထိုင်ခုံကြီးကြီးတွေပါတဲ့ ငွေရောင်တလက်လက် ကိုယ်ပိုင်ကားကြီး မောင်းပြီး ရှင့်အဖေကသွားတာ။ ကျမတောင် ညဥ့်နက်တဲ့ ပါတီပွဲတွေဆိုရင် ခပ်ဆန်းဆန်း အိပ်ယာပေါ်မှာ အိပ်ရတယ်လို့ အိပ်မှုန်စုံမွှား တွေးမိရင်း ရှင့်အဖေကားပေါ် အိပ်ပြန်ရပေါင်းမနည်းဘူး။

 

ရှင့်အမေနဲ့ ကျမအမေ တွေ့စက ကျမကို ကိုယ်ဝန် စ,ရှိစ။ ဒီတုန်းက အမေကိုယ်တိုင် ကိုယ်ဝန်ရှိမှန်း မသိသေးဘဲ ပန်းခြံနားက ထိုင်ခုံမှာ ခေါင်းမူးလို့ ထိုင်နေတုန်း ရှင့်ကို ဒန်းလွှဲပေးနေတဲ့ ရှင့်အမေက ဆံပင်ခွဲကြောင်းထိပ်က ဒန်းနီနဲ့ ဆာရီဝတ် ဘင်္ဂါလီ အမျိုးသမီးတစ်ယောက်လို့ သတိထားမိပြီး “နေလို့မှ ကောင်းရဲ့လားရှင်” လို့ ခပ်ချိုချိုလေး မေးသတဲ့လေ။ ရှင့်ကိုလည်း ဒန်းပေါ်က အဆင်းခိုင်းပြီး ရှင်ရယ်၊ ရှင့်အမေရယ်တွဲလို့ ကျမအမေ့ကို အိမ်ပြန်ပို့ခဲ့ကြတာ။ လမ်းမှာ ရှင့်အမေက ကလေးရှိချင်တယ်ထင်ပါရဲ့ ဆိုပြီး အမေ့ကို မိန်းမချင်း အကြံတွေ ပေးခဲ့သေးတယ်။

 

အဲဒီကစပြီး အဖေတို့ အပြင်အလုပ်သွားတိုင်း တစ်ယောက်အိမ် တစ်ယောက်ကူးလို့ သိပ်ကိုရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတယ်။ ကလကတ္တားမှာနေတုန်းက အကြောင်းတွေကို စကားစပ်ပြီး ပြောလားပြောရဲ့။ အိမ်ခေါင်မိုးမှာ ခေါင်ရန်းပန်းတွေ၊ နှင်းဆီချုံတွေ ပွင့်ဖူးဝေနေတဲ့ ဂျိုပူလ် ဥယျာဉ်အိမ်ရာက ရှင့်အမေရဲ့ အိမ်ဂေဟာအကြောင်း။ လူသိပ်မလာတတ်တဲ့ ပန်ချာပီ ထမင်းဆိုင် အပေါ်ထပ်က အခန်းကျဉ်းလေး သုံးခန်းမှာ လူခုနစ်ယောက် မျှနေရတဲ့ မန်နစ်တာရပ်ကွက်က ကျမအမေရဲ့ တိုက်ခန်းလေးအကြောင်း။


 

ကလကတ္တားမှာဆိုရင်တော့ သူတို့နှစ်ယောက် ဆုံမိဖို့ အတော့ကို ခဲယဉ်းလိမ့်မယ်။ ရှင့်အမေက အင်္ဂလိပ်ကို အထင်ကြီးပြီး ဆေးတံသောက်၊ စနေ ကလပ်ဝင်တဲ့ ကလကတ္တားက နာမည်ကြီး ရှေ့နေသမီး ကွန်ဗန့်ကျောင်းဆင်း။ ကျမအမေကတော့ အမေရိကားကို မလာခင်အထိ အစားကို စားပွဲ၊ ကုလားထိုင်နဲ့တောင် တစ်ခါမှ မစားဖူးတဲ့သူ။ ကျမတို့ အဖိုးကလည်း ဗဟိုစာတိုက်က စာရေး။ ဒါပေမယ့် ဒီအချက်တွေဟာ ကမ်းဘရစ်မှာတော့ ထူးထူးခြားခြား အဆင့်ကွဲမှုတွေ မရှိတော့ပါဘူး။ အားလုံးဟာ ညီတူ တန်းတူပဲ။ သူတို့နှစ်ယောက် အတူတူ ကုန်စုံဆိုင်က ဈေးဝယ်၊ လင်ယောက်ျားအကြောင်း အတင်းချ၊ နောက် ရှင်တို့အိမ် ဒါမှမဟုတ် ကျမတို့အိမ်က မီးဖိုဆောင်မှာ စုချက်ပြုတ်၊ နောက် စားပြီးသွားတော့လည်း ပန်းကန်ခွက်ယောက်တွေ မရောရအောင် ခွဲပြီးဆေးကြနဲ့ တတွဲတွဲပေါ့။

 

သူတို့ဟာ သိုးမွေးထိုးလည်း အတူတူ၊ အိမ်တွင်း စီမံကိန်းတွေလည်း ဆွဲလိုက်ကြ၊ နောက် ငြီးငွေ့လာရင် နောက်တစ်ခု ပြောင်းလိုက်ကြနဲ့ သိပ်ကို အတွဲညီခဲ့ကြတယ်တဲ့လေ။ ကျမကို မွေးတော့လည်း ရှင့်မိဘတွေကသာ ဆေးရုံကို ရောက်လာတဲ့ ရှားပါး မိတ်ဆွေရင်းတွေပါပဲ။ ကျမကို အရင်က ရှင်ထိုင်ခဲ့တဲ့ ကုလားထိုင် မြင့်မြင့်မှာ ထိုင်ခိုင်းပြီး အစာကျွေးတယ်။ နောက်ရှင်သုံးခဲ့တဲ့ လက်တွန်းပုခက်ထဲမှာပဲ ကျမကြီးခဲ့ရတာပါလေ။

 

မှန်းထားတဲ့အတိုင်းပဲ ပါတီပွဲမပြီးခင်မှာ ဆီးနှင်းတွေ စ, ကျလာတယ်။ နောက်ကျရောက်တဲ့ ဧည့်သည်တွေကတော့ ကျမတို့အိမ် ရေချိုးခန်း ကန့်လန့်ကာတိုင်မှာ ချိတ်ထားတတ်တဲ့ အဖြူရောင် ကုပ်အင်္ကျီတွေ ဝတ်လာကြပြီး စိုရွှဲလို့။ နောက် နှစ်အတော်ကြာသည့်တိုင် အဲဒိညက နှုတ်ဆက်ပွဲလေး ဘယ်လို ပြီးသွားတယ်ဆိုတာ အမေကတော့ ပြောလို့မဆုံးဘူး။ ရှင့်အဖေကတော့ ဧည့်သည်တွေကို အခေါက်ခေါက် အခါခါ အိမ်ပြန်မောင်းပို့ပေးရတယ်လေ။ ဧည့်သည်စုံတွဲ တစ်တွဲကိုဆို အတော့်ကိုဝေးတဲ့ ဘရိမ်းထရီး အထိကိုပို့ပေးရတာ။ ဒါပေမယ့် ရှင့်အဖေကတော့ ကိစ္စမရှိပါဘူး၊ ဒါသူ့အတွက် နောက်ဆုံးအကြိမ် အိမ်ပြန်ပို့ပေးခွင့်ရတာပါဆိုပြီး မညည်းမညူမောင်းပို့ရှာတယ်။

 

ရှင်တို့မသွားခင် တစ်ရက် နှစ်ရက်အလိုမှာတော့ ရှင့်မိဘတွေ ကျမတို့အိမ်ကို လာပြန်တယ်။ ပြီးတောလည်း အိုးတွေ၊ ဒယ်တွေ၊ တောက်တိုမယ်ရ မီးဖိုချောင်ပစ္စည်းတွေ၊ စောင်တွေ၊ အခင်းတွေ၊ နောက် သုံးပြီးသား တစ်ဝက်လောက်ကျန်တဲ့ ဂျုံမှုန့်အိတ်၊ သကြားအိတ်တွေ၊ ခေါင်းလျှော်ရည်ပုလင်းတွေကိုပါ ယူလာတယ်။ ဒိနောက်တော့ ကျမအမေဟာ ဒီပစ္စည်းတွေနဲ့ ပတ်သက်ရင် ရှင့်အမေနာမည်ကို ညွှန်းတတ်လာတယ်။ “ပါရုသ်ရဲ့ ဒယ်အိုး လှမ်းလိုက်စမ်းပါဟယ်”၊ “ပါရုသ်ရဲ့ ပေါင်မုန့်မီးကင်စက် ပိတ်ဖို့လိုပြီထင်တာပဲ” အဲလိုအမေ ပြောလေ့ရှိတယ်။


 

ဒါထက် ရှင့်အမေက ကျမနဲ့ တော်ကောင်းတော်မယ်၊ ဝတ်လို့ ရကောင်းရမယ်ဆိုပြီး အရင် ရှင်ဝတ်ခဲ့တဲ့ အဝတ်တွေကို အိမ်သယ်လာတယ်။ ကျမအမေကတော့ အမ်မင်းစကွဲကနေ ရှာရွမ်ရက်ကွက်က အိမ်ကိုပြောင်းတဲ့ အခါမှာတောင် သည်အဝတ်တွေကို ကျမဗီရိုထဲကို ထည့်ပေးထားတယ်လေ။ အဝတ်တွေ အတော်များများဟာ ရှင် အိန္ဒိယမှာ ဝတ်လို့မရတဲ့ ဆောင်းတွင်း အဝတ်အထည်တွေ များပါတယ်။ တီရှပ်ထူထူတွေလို၊ နောက် အပြာရောင် အညိုရောင် ကော်လံထောင် လည်ကျပ် အင်္ကျီတွေပါ။ ကျမအတွက်တော့ ဒါတွေဟာ မလိုက်မထိုက်တွေမို့ အမေက အသစ်လည်းဝယ် မပေးဘူး။ ဒါနဲ့ပဲ ကျမဟာ ရှင့်ရဲ့ဆွယ်တာတွေ၊ ရာဘာ ဘွတ်ဖိနပ်တွေကို မိုးတွင်းဆို ဝတ်ရ စီးရတော့တယ်။ ဆောင်းတွင်းမှာတော့ ရှင့်ရဲ့ ကုတ်အင်္ကျီကြီးကို ဝတ်ရတယ်။

 

ကျမလေ ဒီအင်္ကျီကြီးကို မုန်းလိုက်သမှ နောက်ဆုံး ပိုင်ရှင် ရှင့်ကိုတောင် မုန်းမိသည်ထိဆိုပါတော့။ ကုတ်အင်္ကျီက လိမ္မော်ရောင်အခံမှာ အနက်နဲ့ အပြာ အစင်းတွေနဲ့၊ နောက် အညိုရောင်ပုပ်ပုပ်နဲ့ အနားသတ် ထားသေးတယ်။ နောက် အင်္ကျီဇစ်ကို ညာဘက်က စတပ်ရတာကို ကျမဘယ်လိုမှ အဆင်မချောဘူး။ သည်တော့ ကျမတို့အတန်းထဲက ကောင်မလေးတွေ ဝတ်တဲ့ ခပ်ဖောင်းဖောင်း ပန်းရောင်၊ ခရမ်းရောင် ဂျက်ကတ်တွေနဲ့ ယှဉ်လိုက်ရင် ကျမက သင်းကွဲလို့ တခြားစီ။ ကျမမိဘတွေကို ကုတ်အသစ် ဝယ်ပေးဖို့ ကျမပြောတော့လည်း သူတို့က လုံးဝပဲတဲ့။ နောက်ပြောသေးတယ် ကုတ်အင်္ကျီဟာ ကုတ်အင်္ကျီပါပဲတဲ့လေ။ ဒီကိစ္စကို ကျမ လုံးဝစိတ်ပျက်မိတယ်။ ဒီဟာကြီးကိုလည်း ဖျောက်တောင် ဖျောက်ပစ်ချင်တယ်။ ကျမလေ ရှင့်ကုတ်အင်္ကျီနဲ့ ခပ်ဆင်ဆင်ဟာမျိုးရှိတဲ့ အတန်းက ကောင်လေးတွေထဲက တစ်ယောက်ယောက် ကျောင်းဆင်းမှာ လောပြီး နံရံကပ်ဗီရိုမှာ ချိတ်ထားတဲ့ ကုတ်အင်္ကျီကြီးကို မှားပြီး ဆွဲသွားပါစေလို့တောင် ဆုတောင်းမိသေးတယ်။ ဒါပေမယ့်လည်းလေ၊ ကျမအမေက “အိမ်ထောင်မှု ထိန်းသိမ်းရေး” စာစဉ်မှာပါတဲ့ အတိုင်း သည်အင်္ကျီင်္ရဲ့ အတွင်းမှာ ကျမနာမည်ကို လေဘယ်တောင် ကပ်ပေးထားတာ ဘယ်သူက မှားမှာလဲနော်။

 

တစ်ခါမှာတော့ ကျမ သည်အင်္ကျီကြီးကို ဘတ်စ်ကားပေါ်မှာ ချန်ထားပစ်ခဲ့တယ်။ မှတ်မှတ်ရရ ဆောင်းနှောင်းပိုင်း တစ်ရက်ရက်ပဲ၊ ဘတ်စ်ကားက ပြတင်းပေါက်တွေ ပိတ်ထားလို့ လူတိုင်း အပေါ်အင်္ကျီင်္တွေကို ထိုင်ခုံပေါ်မှာတင် ထားကြတယ်။ ကျမ စန္ဒရားသင် ဆရာမ မစ္စက် ဟမနာဆီကို လာတဲ့အတွက် ကျမစီးနေကျ ဘတ်စ်ကားလည်း မဟုတ်ဘူး။ ကျမဆင်းရမယ့် မှတ်တိုင်နားရောက်တော့ မတ်တပ်ထ၊ ဒရိုင်ဘာနား ရောက်အောင်သွားတော့ ကျမကို လမ်းသတိထားကူးဖို့ လှမ်းသတိပေးသေးတယ်။ ကားမောင်းတဲ့ အမျိုးသမီးက လီဗာကိုဆွဲပြီး ကားတံခါးဖွင့်လိုက်တော့ လတ်ဆတ်တဲ့လေတွေဟာ ကားထဲတိုးဝင်လာတယ်။ ကျမလည်း အပေါ်အင်္ကျီ မပါဘဲ ဆင်းတော့မယ့်အလုပ် “ဟေ့ ဟီမာရေ ၊ ဒီမှာ ဒါကိုမင်းမေ့ကျန်နေခဲ့တယ်” ၊ အို… ကားပေါ်ကလူတွေ ကျမနာမည်ကို သိနေပါ့လား။ သြော် ဟုတ်ပါရဲ့၊ ကုတ်အင်္ကျီပေါ်မှာ နာမည်ကပ်ပြား ပါတယ်ဆိုတာ ကျမလုံးဝမေ့သွားတယ်။


 

(၂)

 

နောက်တစ်နှစ်လောက်ကြာတော့မှ ဒီအင်္ကျီ ကျမနဲ့ မတော်တော့ဘူး။ ဒါနဲ့ သက်သာရာ ရစေကြောင်း ချို့တဲ့ သူတွေကို ထောက်ပံ့တဲ့ ဌာနကို ဒီဟာကြီးလှူပစ်လိုက်တယ်။ နောက်တော့ ရှင့်မိဘတွေ ထားခဲ့တဲ့ မုန့်ဖုတ်စက်တွေ၊ အိုးခွက်တွေကိုလည်း လဲလိုက်ရပြီ။ နောက်ဆုံး ကျမတို့ဆီမှာ ရှင်နဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယဆိုလို့ ခြေရာလက်ရာ မကျန်တော့တဲ့အထိ ဆိုပါတော့။ နှစ်အတော်ကြာသည်အထိ ကျမတို့မိသားစုနှစ်စု အဆက်အသွယ် မရှိကြဘူး။

 

ဘာပဲပြောပြော မိတ်ဆွေသူငယ်ချင်း ခင်မင်မှုဆိုတာ ဆွေမျိုးသားချင်းတွေ သွေးစည်းကြသလိုတော့ ဘယ်ခိုင်မာမှုရှိပါ့မလဲ။ အမေတို့က ဆွေမျိုးတွေဆီ စာရေးဖို့ စာတိုက်က တံဆိပ်ခေါင်းတွေ အတွဲလိုက်ဝယ်ပြီး တစ်ပတ်တစ်ခါ မှန်မှန်စာထည့်ကြတယ်။  နောက်ကျမကိုလည်း အဘိုး၊ အဘွားတွေကို သတိရကြောင်း စာအောက်မှာ သုံးကြောင်းလောက် အမြဲရေးခိုင်းတယ်။

 

ကျမ မိဘတွေက နောက်ပိုင်း ရှင်တို့အကြောင်း သိပ်မပြောကြတော့ သူတို့အနေနဲ့ကလည်း ရှင်တို့နဲ့ ဆုံစရာအကြောင်း မရှိတော့ဘူးရယ်လို့ သဘောထားကြဟန်ပါပဲ။ ရှင်တို့ကလည်း ကလကတ္တားနှင့် အတော်လေးလှမ်းတဲ့ ကျမမိဘတွေတောင် တစ်ခါမှမရောက်ဖူးတဲ့ ဘုံဘေကို ရွှေ့သွားကြတယ်တဲ့လေ။ ဒ်ီလိုနဲ့ကျမတို့ ရှင်တို့ဆီက ဘာသတင်းမှမကြား၊ တွေ့လည်း မတွေ့ဖြစ်ကြဘဲ နေလာကြတာ ၁၉၈၁ - နှစ်ဆန်းပိုင်းလောက် အထိပေါ့။ နှစ်သစ်ကူးနေ့ မနက်အစောကြီးမှာ ရှင့်အဖေ ကျမတို့ဆီကို ဖုန်းဆက်လာတယ်။ နှစ်သစ်ကူး ဆုမွန်တောင်းရင်း သူအလုပ် အသစ်ရတဲ့ မဆက်ချူးဆက်ကို မိသားစုလိုက် ပြောင်းလာတော့မယ့် အကြောင်း သတင်းပေးတယ်။ နောက်ပြီး ရှင်တို့အိမ် အသစ်မရမချင်း ကျမတိုနဲ့ အတူတူ နေလို့ရမလားလို့လည်း တောင်းဆိုတယ်။

 

ဒီနောက်ပိုင်းရက်တွေမှာတော့ ကျမမိဘတွေ ဘာမှ သိပ်မပြောကြတော့ဘူး။ တစ်ခုခုတော့ မှားနေပြီရယ်လို့ တအံ့တသြ ဖြစ်ကြပုံပဲ။ “လာစမ်း နဲ့ ကိုဘရို” ကုမ္ပဏီမှာ ရှင့်အဖေ ရာထူးကလည်း စွန့်လွှတ်ဖို့ မတော်အောင် အတော်မြင့်နေပြီ။ ရာထူးများ ကျလို့လား။ ဒါမှမဟုတ်ရင် ရှင့်အမေက အိန္ဒိယရဲ့ အပူဒဏ်တွေ၊ လူထူထူ ဒဏ်တွေကို သည်းမခံနိုင်လို့များလား။ ဟိုက ပညာရေးစနစ်ဟာ သူတို့ “သား” ရှင့်အတွက် မသင့်တော်ဘူးလို့များ ထင်လို့လား။


 

ဒိနောက်မှာတော့ နိုင်ငံခြားဖုန်းတွေ ခဏခဏ ဝင်လာတော့တာပဲ။ တကယ်ပါ၊ ကျမမိဘတွေက ရှင်တို့လာနေမှာကို ကြိုဆိုပါတယ်။ ဘာအကြောင်းနဲ့ပဲ ရှင်တို့လာလာ၊ ဒါဟာ အကြောင်းကြောင်းကြောင့် ရှင်တို့မိသားစု မတည်မငြိမ်ဖြစ်လို့လို့ ကျမမိဘတွေရဲ့ စကားတွေကတဆင့် ကျမသိရတယ်။ “သူတို့ပြန်လာဖို့ မသင့်ဘူးဆိုတာ ကိုယ်တိုင်သိရမှာ” အမေတို့ က မိတ်ဆွေတွေကို ပြောတယ်။ ရှင့်မိဘတွေ အလှမ်းကျယ်လို့ အလယ်လပ်မှာကိုလည်း စိုးရိမ်နေကြတယ်။ ရှင်တို့ အိန္ဒိယကို ပြန်သွားကတည်းက နိုင်ငံခြားက လူတွေလို့ ကျမတို့ကသတ်မှတ်ထားတာ။ ကျမတို့ကို အိန္ဒိယကလူတွေ သတ်မှတ်သလိုပေါ့လေ။

 

အဲသည်တုန်းက ကျမ အချိန်တွေ ကုန်သွားတာနဲ့ အသက်တွေ ကြီးကုန်တယ်ဆိုတဲ့ သဘာဝကို မေ့ပြီး ကိုယ်ဝတ်ခဲ့ရတဲ့ အဝတ်တွေလောက် ဆိုဒ်ရှိတဲ့ ရှစ်နှစ်၊ ကိုးနှစ်သား ကောင်လေးတစ်ယောက်လို့ပဲ ရှင့်ကို မှန်းကြည့်မိတယ်။ ဒါပေမယ့် ရှင်က (၁၆) နှစ်သားရှိနေပြီ ။ ကျမထင်တာထက် အသက်နှစ်ဆလောက် ကြီးနေပြီ။ ဒါနဲ့ ကျမမိဘတွေက ရှင့်ကို ကျမရဲ့အခန်းမှာထား၊ ကျမကိုတော့ သူတို့အခန်းမှာ ခေါက်ကုတင်လေး ဆင်ပေးပြီး နေခိုင်းမယ်လို့ စိတ်ကူးကြသတဲ့လေ။ ရှင့်မိဘတွေကိုတော့ ဧည့်ခန်းနောက်က ဧည့်သည် ခန်းထဲမှာပဲ ပေးနေမယ်ပေါ့။

 

ကျမမိဘတွေကလည်း နယူးဂျာစီနဲ့ နယူးဟမ့်ရှိုင်းယားက ဧည့်သည်တွေကို လက်ခံ တည်းခိုနေကျပါ။ သူတို့က ရုံးပိတ် အားလပ်ရက်ဆိုရင် လာကြမယ်၊ ဟင်းအမယ်မျိုးစုံပါတဲ့ ညစာစားရင်း ညဥ့်တော်တော်နက်အောင် အိန္ဒိယရဲ့ နိုင်ငံရေးအကြောင်း ဆွေးနွေးကြတယ်။ ဒါပေမယ့် တနင်္ဂနွေ နေ့လယ်လောက်ဆို အားလုံးပြန်ကုန်ကြပြီ။ ကျမအတွက်လည်း ကုတင်အောက်ကြမ်းပြင်မှာ အိပ်ရာလိပ်တွေခင်းပြီး ကလေးတွေ အတူတူအိပ်ကြတဲ့ အတွေ့အကြုံကို အသားကျနေပြီ။ တစ်ဦးတည်းသော သမီးပီပီ ကျမ အဖော်မင်တယ်။ ဒါပေမယ့် အခုလို ကျမအခန်းကနေ လုံးဝကြီးနေထိုင်ခွင့် လက်လွတ်သွားရတာမျိုးတော့ မကြုံဖူးဘူး။ သည်တော့ ရှင့်ကို အိပ်စင်လေးနဲ့ သိပ်လို့မရဘူးလားလို့ အမေ့ကို ကျမမေးကြည့်တယ်။

 

“ဟဲ့ ကောင်လေးကို ဘယ်သွားထားမလဲ။ တို့အိမ်မှာအိပ်ခန်း သုံးခန်းပဲ ရှိတဲ့ဟာကို”

“အောက်ထပ်ဧည့်ခန်းမှာထားလေ”

“ဘယ်ဟုတ်ပါ့မလဲ။ ဘာပဲပြောပြော ကူရှစ်က လူပျိုပေါက်ဖြစ်နေပြီ၊ သူဘာသာသူ လွတ်လွတ်လပ်လပ် နေချင်မှာပေါ့”

“ဟို အောက်ထပ်က အခန်းထဲမှာ ဆိုရင်ရော” အဖေ စာကြည့်ခန်းလုပ်ထားတဲ့ သတ္တု စာအုပ်စင်တွေရှိတဲ့ အခန်းကျဉ်းလေးကို မြင်ယောင်ပြီး ကျမအကြံပေးတယ်။

“ဧည့်သည်ကို သည်လို သဘောမထားရဘူး ဟီမာ၊ အထူးသဖြင့် သူတို့ကိုပဲ။ ဒေါက်တာချောင်ဒရီတို့ မမပါရုသ်တို့ဆိုတာ နင့်ကို မွေးတုန်းက ဒို့အပေါ် သိပ်ကို ကောင်းခဲ့ကြတာ၊ သူတို့ပဲ ဆေးရုံလိုက်ပို့၊ ဓာတ်စာ ပို့လုပ်ခဲ့ကြတာ၊ အခု ဒို့ သူတို့ကို ပြန်ကျေးဇူးပြုရမယ့် အလှည့်ပဲ”


“သူက ဘယ်လို ဆရာဝန်မျိုးလဲဟင်” ကျမ ပင်ကိုကတော့ ကျန်းမာရေး ကောင်းပါတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတော့ ခပ်လန့်လန့်။ ဆရာဝန်တစ်ယောက် အိမ်မှာလာနေလို့များ ကျမတို့ အိမ်သား တစ်ယောက်ယောက် ဖျားနာရင်ဆိုတဲ့ အတွေးဟာ ကျမကို ချောက်လှန့်နေတယ်။

“ဆေးကုစားတဲ့ ဆရာဝန်မဟုတ်ပါဘူး ၊ Ph.D ဘွဲ့ကြောင့် ဒေါက်တာလို့ ခေါ်တာပါ”

“ဟင် .. ဖေဖေလည်း Ph.D ဘွဲ့ရတာပဲ ။ဘယ်သူမှ ဒေါက်တာလို့မခေါ် ကြပေါင် ” ကျမကလည်း ချက်ကျကျ ပြန်ပြောလိုက်တယ် ။

“ဟဲ့ ငါတို့စတွေ့တုန်းက ဒေါက်တာ ချောင်ဒရီတယောက်ပဲ Ph.D ရတာရှိတယ်။ ဒါကိုလေးစားတဲ့ သဘောနဲ့ ခေါ်တာပေါ့”

 

ရှင်တို့တစ်တွေ ကျမတို့ဆီမှာ ဘယ်လောက် နေမှာလဲလို့ မေးကြည့်မိတယ်။ တစ်ပတ်လား၊ နှစ်ပတ်လား။ အမေတို့လည်း သေချာတော့ မသိကြဘူး။ ဒါဟာ ရှင်တို့တစ်တွေ ဒီမှာ အခြေကျဖို့ ဘယ်လောက် ကြာမလဲဆိုတာ အပေါ် မူတည်တယ်။ ကျမအခန်းကို ပေးလိုက်ရတာနဲ့ ပတ်သက်လို့တော့ လုံးဝ မကျေနပ်ဘူး။

 

အဲဒီတုန်းက ကျမ အလိုမကျမှုတွေနဲ့   ရှုပ်ထွေးနေတယ်။ ဒီအရွယ်ကျမှ ကိုယ့်ပစ္စည်းတွေ၊ အဝတ်တွေမရှိတဲ့ မိဘတွေအခန်းက အိပ်ရာဘေးမှာ အိပ်ရမယ်ဆိုတာကိုလည်း ရှက်သလိုလိုပဲ။ အမေကတော့ ကလေးတွေကို တစ်ယောက်တည်း ပေးသိပ်တာဟာ ရက်စက်ပြီး အမေရိကန်ဆန်တဲ့ အကျင့်ဆိုပြီး ကျမငယ်ငယ်က အိမ်မှာ အခန်းလွတ်တွေ ရှိတာတောင် ပေးမသိပ်ခဲ့ဘူး။ နောက်ပြောသေးတယ်၊ သူဆိုရင် မွေးကတည်းက လက်ထပ်တဲ့နေ့အထိ သူ့မိဘတွေနဲ့ တစ်ကုတင်ထဲ အိပ်တာတဲ့။ ဒါဟာ သာမန်ပါပဲ။ ဒါပေမယ့် သည်လိုကိစ္စဟာ ကျမအတွက်တော့ သာမန်ကို မဟုတ်ပါဘူး။ ကျမအတန်းက အတန်းဖော်တွေ အားလုံးလည်း  ဒီလို မအိပ်ကြပါဘူး။ သူတို့သာသိရင် ကျမကို ဘယ်လောက် ကဲ့ရဲ့လိုက်ကြမလဲ။

 

ဒီလိုနဲ့ အလယ်တန်းမတက်ခင် နွေရာသီမှာတော့  တစ်ယောက်ထည်း အခန်းပြောင်းအိပ်ဖို့ ကျမ မရမကကို တောင်းဆိုတယ်။ စပြီး အိပ်စတုန်းကဆို အမေက ပုခက်အတွင်းက မွေးကင်းစကလေးလို အသက်ရှူများ ရပ်သွားမလား စိုးရိမ်သလားမသိ၊ ခဏခဏ ကူးလာပြီး ကြည့်တယ်။ ကြောက်လားတဲ့၊ သူတို့ နံရံတစ်ဖက်သာ ခြားတဲ့ ဟိုဘက်အခန်းမှာလို့လည်း သတိပေးသေးတယ်။ အမှန်တော့ လုံးဝကို တိတ်ဆိတ်နေတဲ့အခန်းကြီးကြောင့် ပထမဆုံးညမှာတော့ ကျမ ကြောက်မိသေးတယ်။ ဒါပေမယ့် သူများတွေ သုံးလေးနှစ်သားလောက် ကတည်းက လုပ်ကြတဲ့ဟာ အခုလို ကြောက်လို့ မဖြစ်ဘူးလို့ တွေးမိပြီး ဘယ်တော့မှ ဝန်မခံခဲ့ဘူး။ နောက်တော့လုံးဝကို နေသား ကျသွားတယ်။ ကျမမှာ မရှိခဲ့ဘူးတဲ့ စိတ်စောမှုမျိုးနဲ့ အိပ်မောကျသွားပြီး မနက်မှာ တစ်ယောက်တည်း နိုးလာတော့ အမေတို့ အခန်းကဆို မမြင်ရတဲ့ အရှေ့ဘက်က ရောင်နီဦးကို မျက်လုံးစွေကြည့်ရင်း အိပ်ယာထရတာကို ကျမသိပ်ကို သဘောကျနေပြီ။


 

(၃)

ရှင်တို့လာမယ်ဆိုလို့ တစ်အိမ်လုံးကို ပြင်ထားရတယ်။ လိမ္မော်တောက်တောက်အခံမှာ အညိုရောင် သိုးမွေး အစင်းတွေပါတဲ့ ဆိုဖာပေါ်မှာ တင်ဖို့ ခေါင်းအုံးသေးသေးလေးတွေ ဝယ်ရတယ်။ အပင်တွေ၊ အလှထားတဲ့ ရှေးပစ္စည်းလေး တွေကိုလည်း ပြန်စီရတယ်။ ကျမကျောင်းဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း ဘောင်ကွပ်ပြီး မီးလင်းဖို အပေါ်ဖက်မှာ ချိတ်ထားတယ်။

 

စာတိုက်ကနေ တစ်စောင်ပြီး တစ်စောင်ရောက်လာတိုင်း အမေနဲ့ ကျမ တိတ်နဲ့ ပတ်ပြီးစည်းထားတဲ့ အိမ်ရှေ့တံခါးမနားက ခရစ်စမတ်ကဒ်တွေကို လွှင့်ပစ်လိုက်ရတယ်။ အဝတ်အစား ကောင်းကောင်း ဝတ်တတ်တဲ့ ရှင့်အဖေအကျင့်ကို သိတဲ့ ကျမမိဘတွေက မနက်ပိုင်းမှာဝတ်ဖို့ ဝတ်ရုံတွေလည်း ဝယ်ထားကြတယ်။ အမေ့ဖို့လည်း ဗိုင်ဗာစ ဝတ်ရုံကြီး အဖေကျတော့ ခပ်ပွပွဝတ်ရုံကြီး။ တစ်နေ့ ကျမ ကျောင်းက အိမ်ပြန်ရောက်တော့ ပန်းရောင်နှင့် အဖြူကြား ကျမအိပ်ရာခင်းကို အဝါရင့်ရင့် စောင်အသား နဲ့ လဲထားတာတွေ့တယ်။ ရေချိုးခန်းထဲမှာလည်း ရှင်နဲ့ ရှင့်မိဘတွေအတွက်ဆိုပြီး တဘက် အသစ်တွေလည်းရောက်လို့။ ကျမတို့ သုံးနေကျထက်ပို နူးညံ့ပြီး ပိုလည်းထူတယ်။ အပြာရောင်လွင်လွင်လေးတွေ။ ကျမ အိပ်ရာခင်းကို လွှင့်ပစ်လိုက်ပြီ ထင်ရဲ့၊ ကန့်လန့်ကာပေါ်က အဝတ်လှမ်းတုတ်က ဟာလာဟင်းလင်း။

 

ကျမအခန်းက အံဆွဲတွေကို ရှင်းပစ်ဖို့၊ နောက် ရှင်နေရင် အခန်းထဲ ခဏခဏ မဝင်ရအောင် လိုမယ့် ပစ္စည်းတွေ တစ်ခါတည်း ပြောင်းထားဖို့ ကျမကိုပြောတယ်။ ကျမလည်း ညဝတ် ဘောင်းဘီရှည်တွေ၊ ကျောင်းဝတ်စုံတွေ နောက် အားကစားလုပ်ရင်သုံးတဲ့ ဖိနပ်စတာတွေ ယူခဲ့တယ်။  နောက် ကျမလောလောဆယ် ဖတ်လက်စ စာကြည့်တိုက်က စာအုပ်ရယ်၊ နောက် အိပ်ရာဘေး စားပွဲပေါ်က ရှိသမျှ စာအုပ်တွေကိုလည်း သယ်ခဲ့တယ်။

 

အမှန်ပြောရရင်တော့ ကျမ ပစ္စည်းတွေကို ရှင်မမြင်စေချင်ဘူး။ ဒီတော့ ကျမရဲ့ ဈေးပေါတဲ့ ဆွဲကြိုး၊ လက်ကောက် ဒွါဒရာတွေ ထည့်ထားတဲ့ ရတနာ သေတ္တာလေးရော၊ အေရွမ် ရေမွှေးပုလင်းရော သယ်လာတယ်။ ကျမစားပွဲ အံဆွဲထဲမှာ သိမ်းထားတဲ့ ဒိုင်ယာရီ စာအုပ်ကိုလည်း သယ်ခဲ့တယ်။ အမှန်တော့ နာတာလူး လက်ဆောင်အဖြစ် ရကတည်းက နှစ်ရက်စာလောက် စိတ်ရှိတုန်း ရေးထားပြီး ဘာမှထူထူးခြားခြား ရှိလှတာလည်း မဟုတ်ပါဘူး။ နောက် ကျမရဲ့ ဓာတ်ပုံလေး ကပ်ထားပြီး သူငယ်ချင်းတွေရဲ့ ပေါက်ကရတွေ လျှောက်ရေးထားတဲ့ ခုနစ်တန်း နှစ်ချုပ် စာအုပ်ကိုလည်း ယူခဲ့တယ်။

 

ကျမအဖြစ်က အိန္ဒိယကို ပြန်ဖို့ ဘာတွေများ သယ်လာ ခဲ့ရမလဲလို့ ဆုံးဖြတ်နေရပုံပဲ။ တကယ့်တကယ်တော့ ဘယ်မှ သွားတာလည်း မဟုတ်ပါဘူး။ ပြီးတော့ အရင် ကမ္ဘာတစ်ပတ်ပတ်ပြီး အိန္ဒိယကို ပြန်တုန်းက သုံးတဲ့ ကျမ နာမည်ကဒ်ရယ် တံဆိပ်မျိုးစုံရယ် ပြည့်နေတဲ့ အဝတ်သေတ္တာထဲကို ပစ္စည်းတွေ သိပ်ထည့်ပြီး အမေတို့ အခန်းကိုပြောင်းခဲ့တယ်။

 

ဓာတ်ပုံတွေကတစ်ဆင့် ကျမ ရှင့်မိဘတွေကို အကဲခတ်ကြည့်တယ်။ ကျမတို့ ဓာတ်ပုံ အယ်ဘမ်ထဲမှာ နှုတ်ဆက်ပွဲညက ရိုက်တဲ့ ရှင့်မိဘ ဓာတ်ပုံတွေ ရှိတယ်။ ဆံပင်ကို နောက်လှန်ဖီးထားတဲ့ ရှင့်အဖေကို ကြည့်ရတာ ကျမတောင် တအံတသြ ဖြစ်ရတယ်။  သူက လည်ပင်း ဗီရှိပ်ပုံ ဆွယ်တာနဲ့  အင်္ကျီလက်ရှည်ကို ခေါက်ဝတ်ထားပြီး ဓာတ်ပုံဘောင် အပြင်ဘက် တစ်နေရာကို အလောတကြီး လက်ညှိုးထိုးပြနေတယ်။ ရှင့်အဖေကတော့ အမြဲလိုလိုပဲ ဝတ်စုံပြည့်နဲ့ လည်စည်းကို သပ်သပ်ရပ်ရပ် ဝတ်ထားတယ်။


 

ရှင့်အမေက ဆံပင်ကို အလယ်မှာ စုထုံးထားတော့ မျက်နှာကျဉ်းနေသလိုပဲ။  သူရဲ့ ဆာရီအနားစကိုလည်း ပုခုံးပေါ်မှာ ပြန်ပတ်ထားတော့ ရှောပုဝါ ထပ်ခြုံထားသလား ထင်ရတယ်။  ကျမ အမေကတော့ ရှင့်အမေဘေးမှာ ခေါင်းတစ်လုံးစာလောက် ပိုနိမ့်ပြီး ဆံပင်တွေလည်း နားဘေးမှာ ဘိုသီဘတ်သီ ကျလို့။ အမေတို့ နှစ်ယောက်စလုံး ပါးပြင်တွေ တော်တော်နီနေတယ်။ ဧကန္တ သောက်နေကျ ရေတွေ၊ လက်ဖက်ရည်တွေ မဟုတ်ဘဲ  ဒီညမှ ဝိုင် သောက်ထားကြတယ် ထင်ပါရဲ့။ ဒီဓာတ်ပုံထဲမှာ ကျမသိပ်တွေ့ချင်တဲ့ ရှင့်ရဲ့ အရိပ်အယောင်တော့ တစ်စွန်းတစ်စမှမပါဘူး။ ဒီလောက် လူအုပ်ကြီးကြားမှာ ရှင်ဘယ်နေရာက ချောင်းကြည့်နေ မလဲဆိုတာ ကျမဘယ်သိပါ့မလဲ။ ကျမအထင်တော့ ရှင်အဲဒီတုန်းက ကျမမိဘတွေအခန်းက စားပွဲမှာ ထိုင်ပြီး ယူလာတဲ့ စာအုပ်ကိုဖတ်လို့ ပါတီပွဲအပြီးကို စောင့်နေမယ်ထင်တယ်၊ ဟုတ်တယ်မဟုတ်လား။

 

တစ်ညနေကျ အဖေရှင်တို့ကို ကြိုဖို့ လေဆိပ်ကိုသွားတယ်။ အဲသည်နေ့က ကျမညနေပိုင်း အတန်းရှိတယ်။ ညစာကို နေ့ခင်းကတည်းက ပြင်ဆင်ထားရတယ်။ အဲဒါ အိမ်မှာ ပါတီပွဲပေးတိုင်းပေးတိုင်း လုပ်တတ်တဲ့ အမေ့ရဲ့အကျင့်ပဲ။ ဒါပေမယ့် အခုလို အမယ်စုံလှတဲ့ ဟင်းပွဲတွေကိုတော့ ရုံးတက်ရက်တွေမျိုးမှာ ဘယ်တော့မှ အမေလုပ်လေ့မရှိဘူး။ ရှင်တို့မရောက်ခင် တစ်နာရီလောက်အလိုမှာ အမေက မီးဖိုမှာ မီးစမွှေးတယ်။ ဒယ်အပြည့် ဆီချက်ပြီး ခရမ်းသီးတွေကို ခပ်ထူထူတုံးပြီး စ,ကြော်တယ်။ အဖေကလည်း ရှင်တို့ လေယာဉ်တော့ဆိုက်ပြီ၊ အဝတ်အစားတွေတော့ မရောက်သေးဘူးလို့ အိမ်ကို ဖုန်းဆက်တော့ တစ်ခန်းလုံး မီးခိုးတွေဆို မွှန်ထူနေတာပဲ။ ကျမကတော့ ဆာနေပြီ။ ဒါပေမယ့်လည်း အမေ့ကို မီးဖိုတံခါးဖွင့်ခိုင်းပြီး ကျမတစ်ယောက်စာ စားဖို့ ပြင်ပေးဆိုတာလည်း မသင့်တော်ဘူး မဟုတ်လား။

 

အမေကတော့ ဆီပူထိုးနေတာကို ရပ်၊ ဆိုဖာပေါ်မှာ ကျမနဲ့အတူထိုင်လို့ ရုပ်သံအစီအစဉ်ကို ကြည့်နေပြီ။ ရုပ်ရှင်က ဒုတိယကမ္ဘာစစ် နောက်ခံကား၊ စစ်ပန်းနေတဲ့ စစ်သားတွေ အမှောင် ကွင်းပြင်ကျယ်ကြီးထဲ ဖြတ်နေကြတဲ့ ဇာတ်ဝင်ခန်း  ပါတယ်။ အဲသည်လို အနောက်တိုင်း ရုပ်ရှင်မျိုးဆို အမေက သိပ်ကြိုက်တယ်။ အမေက အနောက်တိုင်း ဆန်စရာဆိုလို့ စကပ်တောင် ခါးပေါ် မတင်ဘူးပေမယ့် အော်ဒရီဟပ်ဘန်းဆိုရင် ရုပ်ရှင်တိုင်း အခန်းတိုင်းက ဝတ်စုံတွေက အစ အသေးစိတ် မှတ်မိတယ်။

 

ကျမအမေ့ဘေးမှာ အိပ်ပျော်သွားတယ်။ ဒါပြီးနောက် မှတ်မိတာကတော့ ကျမဆိုဖာပေါ်မှာ တစ်ယောက်ထဲ အိပ်ပျော်နေပြီး  တီဗီကလည်း ပိတ်လို့၊ အခန်းဟိုတစ်ဖက်က စကားပြောသံတွေလည်း ကြားနေရတယ်။ ကျမထရပ်လိုက်တော့ ခြေထောက်တွေ ကျဉ်နေပြီ။ မျက်နှာတွေလည်း ပူခြစ်လို့။ ရှင်တို့အားလုံး ထမင်းစားခန်းထဲမှာ စားသောက်နေကြပြီ ထင်ပါရဲ့၊ ဟင်းအိုးတွေလည်း တန်းစီလို့။ ရှင့်မိဘတွေ သောက်တတ်လို့ထင်ပါရဲ့၊ ဂျော်နီဝါကား တစ်ပုလင်းလည်း သူတို့ရဲ့ ထမင်းပန်းကန်နှစ်ချပ်ကြားမှာ ထောင်ထားလို့။


 

ရှင့်အမေက ပျော့ပျောင်းချောမွေ့ပြီး စိုနေတဲ့ ဆံပင်တွေကို ပုခုံးပေါ်မှာ ဝဲချထားတယ်။ ကိုယ်ကျပ် ခါးတိုအင်္ကျီနဲ့ လက်ထိုးသိုးမွေး လည်စည်းတစ်ထည်လည်း စည်းထားသေးတယ်။ ဓာတ်ပုံထဲက အမျိုးသမီးလို့တော့ မသေချာဘူး။ တောက်ပတဲ့ နှုတ်ခမ်းဆိုးဆေး၊ မည်းနက်တဲ့ မျက်ခွံတွေနဲ့ ရှင့်အမေကြည့်ရတာ ကျမ အမေလောက်တောင် ပင်ပန်းနေပုံမရဘူး။  ရှင့်အမေက ပါးပါးပိန်ပိန်ပါပဲ။ လည်တံဟာ ရှည်လျားကျော့ရှင်းတယ်။ နောက် ကျမအမေလို သက်လတ်ပိုင်း မိန်းမတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အလေးချိန် ဖိစီးဟန်လည်းမရှိဘူး။ ရှင့်အဖေကတော့ အရင်ကထက် ထူးပြီးတော့ ရုပ်မပြောင်းပါဘူး။ အရင်ကလိုပဲ ရုပ်ဖြောင့်ဖြောင့်၊ ဂျက်ကတ်ရယ် … လည်စည်းရယ်နဲ့ အရင်အတိုင်းပါပဲ။ အင်း .. ခေတ်သစ်ကို လက်ခံတဲ့ အနေနဲ့ထင်ပါရဲ့၊ မျက်မှန်ဒီဇိုင်းကိုတော့ အသစ်ပြောင်းထားတယ်။ ရှင်ကတော့ ရှင့်အဖေလို အသားလတ်လတ် ဆံပင်ကို ဘေးခွဲပြီး ဖီးထားတယ်။ နောက် ဘာပစ္စည်းတွေ ကျန်ရစ်သေးလဲလို့ အာရုံစိုက်နေသလိုပဲ။ ကျမရှင့်ကို သည်လောက် ကြည့်ကောင်းတဲ့လူလို့ မထင်ခဲ့ဖူးဘူး။ အနည်ဆုံး ကျမအပေါ် ဆွဲဆောင်မှု ရှိလိမ့်မယ်ရယ်လို့ ကျမ မမျှော်လင့် မိခဲ့ဘူး။

 

“ဘုရားရေ ဟီမာ … အမလေး …. အပျိုပေါက်ကြီးကို ဖြစ်လို့ပါလား။ ဒို့ကို မမှတ်မိဘူးလား” ရှင့်အမေက ပြုံးပြုံးကြီးနဲ့ အင်္ဂလိပ်လို မေးတယ်။ ချိုပြီး အလောတကြီး မရှိတဲ့ အသံမျိုးနဲ့။ “လာ ကလေးမ၊ သမီးကိုစောင့်နေတာ …၊ သမီးအမေပြောတော့ ဒို့ကိုစောင့်ရင်း သမီး ဗိုက်ဆာနေတာဆို”

ဆိုဖာပေါ်မှာ ကျမအိပ်နေတာ ရှင်မြင်သွားမှာပဲဆိုပြီး ခပ်ရှက်ရှက်နဲ့ ကျမဝင်ထိုင်တယ်။ ကမ္ဘာ ဟိုဘက်ခြမ်းက လာရတဲ့ ရှင်တို့ နေသာနေတဲ့ပုံဟာ တရေးတမောအိပ်ပြီး ခုမှထလာတဲ့ အိမ်ရှင်ကျမက ပိုပြီး အားအင်ကုန်ခန်းနေသလိုပဲ။ အမေက ကျမကို ထမင်းပန်းကန် ပြင်ပေးပေမယ့် အာရုံက ရှင့်ကို ထမင်းနောက်တစ်ပန်းကန် ထည့်ပေးဖို့။

“ကျနော်တို့ လေယာဉ် မဆင်းခင်လေးကမှ စားလာလို့ပါဗျ” ကျမမိဘတွေကို အာကျယ်ကျယ် မဟုတ်ဘဲ လေသံခပ်ဖျော့ဖျော့လေးနဲ့ ရှင်က ရှင်းပြတယ်။ ရှင့်အသံက ခပ်အစ်အစ်၊ ကလေးသံလေးလည်း မဟုတ်တော့ဘူး။

“ပထမတန်းမှာ စီးတာဆိုတော့လေ၊ အမလေး …. ပေးလိုက် ကျွေးလိုက်တဲ့ အစားအသောက်တွေဆို အံ့မခန်းဘဲ” ရှင့်အမေက ဝင်ပြောတယ်။

“ရှန်ပိန်၊ ချော့ကလက် နောက် ငါးဥဆားနယ်တောင် ပါသေး … ။ ကျမကတော့ သိပ်မစားခဲ့ပါဘူး .. ။ ရှင့်လက်ရာကို လွမ်းနေတာ ရှာဗာနီရယ် သိရဲ့လား”

“ပထမတန်း … ဟုတ်လား” အမေက အသက်တောင် မရှူနိုင်ဘဲ တအံ့တသြမေးတယ်။ “ဘယ်လိုများ လာကြတာပါလိမ့်”

“ဒါက ကျမအတွက် အသက် (၄၀) ပြည့်မွေးနေ့ လက်ဆောင်ဆိုပါတော့ရှင်.. ” ရှင့်အမေက ရှင့်အဖေကို ကြည့်တဲ့ပြီး

“တစ်သက်မှာ တစ်ခါဆိုသလိုပေါ့ ရှင်ရယ်၊ မဟုတ်ဘူးလား”


“ဘယ်သူ သိပါ့မလဲကွ … ” ရှင့်အဖေကြည့်ရတာ ဂုဏ်ယူ ဂုဏ်ဖော်လိုဟန်ပါပဲ။

“စွဲပြီးတော့ အကျင့်ဖြစ်ရင်တော့ မကောင်းဘူးဟေ့….. ငွေကုန်ပေါက်ပဲကွ”

နောက်တော့ လူကြီးတွေ ကမ်းဘရစ်ခ်ျက လူတွေအကြောင်း ပြောကြပြန်တယ်။ ကျမ မိဘတွေက ရှင့်တို့ကို ပြောင်းရွှေ့သွားကြတဲ့ လူတွေအကြောင်း၊  ကြီးပွား ထွန်းပေါက်သွားကြတဲ့ လူတွေအကြောင်း ရောက်တတ်ရာရာ ပြောကြတယ်။ လက်ထပ်သွားကြတဲ့ လူပျိုတွေ၊ နောက်ကြီးပြင်းလာကြတဲ့ ကလေးတွေ။ နောက် ကာတာ့ပါတီ ရှုံးပြီး ရီဂင့်ပါတီ ရွေးကောက်ပွဲမှာ နိုင်တဲ့အကြောင်းလည်း ပါရဲ့။ ရှင့်မိဘတွေကတော့ သူတို့ အလည်ဝင်ခဲ့ကြတဲ့ ရောမမြို့အကြောင်း ပြောပြတယ်။ ရှင်အမေက ရေပန်းတွေရဲ့အလှ၊ ချက်ပယ်လ်ဝတ်ကျောင်းတော်ရဲ့ မျက်နှာကြက်ကို ကြည့်ဖို့ သုံးနာရီလောက် မတ်တပ်ရပ် တန်းစီရတဲ့အကြောင်း မြင်သာအောင် ပြောပြနေတယ်။

“အို…. သိပ်ကိုလှတဲ့ ဘုရားကျောင်းတွေပဲ၊ ပြတိုက်ကြီးတွေကျလို့၊ ကျမတော့လေ သည်လိုဘုရားကျောင်းမှာသာ ဝတ်ပြုခွင့်ရမယ်ဆိုရင် ကတ်သလစ်ဘာသာတောင် ပြောင်းလိုက်ချင် ပ”

“အေသီနာကို မရောက်ဘူး၊ မမြင်ဘူးရင် ခင်ဗျားတို့ မသေနဲ့ဦး” ရှင့်အဖေ ဒ်ီလိုပြောတော့ ကျမ မိဘတွေက ခေါင်းညိတ်တယ်။ အေသီနာဆိုတာ ဘာကိုပြောတာလဲ ဆိုတာကိုတော့ သူတို့မသိကြပါဘူး။ ကျမကတော့ သိတာပေါ့။ ကျမတို့ကျောင်းက လက်တင် သင်ခန်းစာမှာ ရောမအကြောင်း သင်ရတယ်လေ။ နောင်ရောမနဲ့ ပတ်သက်တဲ့ အနုပညာလက်ရာတွေ၊ ဗိသုကာတွေအကြောင်း စာတမ်းရှည်တစ်ပုဒ် ရေးရတယ်လေ။

 

တကယ့်တကယ်တော့ စာတမ်းဆိုတာကလည်း စာကြည့်တိုက် စွယ်စုံကျမ်းထဲမှာပါတဲ့ ဟာတွေကိုပဲ အခြေခံပြီး ကူးရေးကြရတာပါ။ ရှင့်မိဘတွေက ဘုံဘေမှာ ကျန်ရစ်တဲ့ အိမ်အကြောင်းလည်း ပြောကြသေးတယ်။ အထပ် တစ်ဆယ်မှာ ရှိပြီး ဝရန်တာက ကြည့်လိုက်ရင် ထန်းပင်တွေနဲ့ အာရေဗျ ပင်လယ်ကြီးကို မြင်ရတယ်တဲ့။ “ရှင်တို့ အဲဒီကို မရောက်ဖူးတာ သိပ်နာတာပဲ” ရှင့်အမေကပြောသေးတယ်။ နောက် အိပ်ရာဝင်တော့မှ သူတို့ကဖြင့် တစ်ခါမှ လူလူသူသူ မဖိတ်ဖူးဘဲနဲ့များလို့ အမေက အဖေ့ကိုတီးတိုး ရင်ဖွင့်တယ်။

 

ညစာ စားပြီးနောက်တော့ တစ်အိမ်လုံးရယ်၊ နောက် သူတို့ဘယ်မှာ အိပ်ရမယ်ဆိုတာကိုရယ် လိုက်ပြဖို့ ကျမကိုပြောကြတယ်။ အရင်တုန်းကဆိုလည်း ကျမကပဲ ဧည့်သည်တွေကို လိုက်ပြနေကျပါ။ ဒါကို သဘောလည်း ကျပါတယ်။ ပိုင်ရှင်ဟန်အပြည့်နဲ့ ဒါကတံမြက်စည်းထားတဲ့နေရာ၊ ဒါကတော့ အောက်ထပ် ရေချိုးခန်း စသဖြင့်ပေါ့လေ။


 

ခုတော့ ရှင့်ရဲ့ ငြီးငွေ့နေတဲ့ ဟန်ဟာ အရာရာကို မဝံ့မရဲဖြစ်အောင် ကျမကိုဟန့်တားထားတယ်။ မြီးကောင်ပေါက် ကျောင်းသူအရွယ် ကျမက ရှင့်ကို ဦးဆောင်ခေါ်သွားရမယ် ဆိုတာလည်း မရဲလှဘူး။ ကျမ ယောက်ျားလေးတွေနဲ့ ရောရောနှောနှော ဆက်ဆံတတ်ပါတယ်။ ကျမတို့ အတန်းက ကောင်လေးတွေ၊ ကျမနဲ့တောင် သေချာမသိတဲ့ ကောင်လေးတွေရော မကျန် လေးလေးစားစား ဆက်ဆံနေကျပါ။ ဒါပေမယ့် ရှင့်လို အရွယ်ရောက်ပြီးသား မိဘတွေကတဆင့် ပတ်သက်ရတဲ့ သူမျိုးကိုတော့ ကျမ မကြုံခဲ့ဖူးဘူး။ ဒါပေမယ့်လည်း ရှင့်ကို ဦးဆောင်ပြီး လှေကားပေါ်တက်ခဲ့တယ်။ ရှင်ကတော့ တံခါးကိုဖွင့်၊ အထဲကို ခဏခေါင်းငဲ့ကြည့်ပြီး သိပ်သဘောမတွေ့လှတဲ့ အချိုးမျိုးနဲ့ပေါ့ ။

 

“ဒါကျမနေတဲ့ အခန်းလေ ၊ အခုတော့ အကို့အခန်းပေါ့”

အဲဒီ် တုန်းကတော့ သိပ်ဘဝင်မကျ စိုးရိမ်မိပေမယ့်  အခုအချိန်မတော့ ရှင် ဒီအခန်းထဲမှာ အိပ်ခဲ့တယ်ဆိုတာ တွေးမိတိုင်း ကျမတိတ်တခိုး ရင်ခုန်မိဆဲပါ။ ရှင် ကျမရဲ့ တည်ရှိခဲ့ခြင်းကို ဝါးမျိုသွားသလိုမျိုးပဲလို့ ကျမတွေးမိတယ်။ ကျမဘာမှ အားမထုတ်ရဘဲ ရှင့်ကို သိလာရတယ်၊ သဘောကျလာမိတယ်။ ရှင်အခန်းကို ဖြတ်လျှောက်သွားပြီး လေအေးတွေ တိုးဝင်လာအောင် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်က အမှောင်ထဲကို ငေးနေတယ်။

“မင်း ခေါင်မိုးပေါ် တက်ကြည့်ဖူးလား” ရှင်ကမေးပြီး ကျမအဖြေတောင် မစောင့်ဘဲ အခန်းဆီးကိုမပြီး ချက်ချင်းဆိုသလို ပျောက်သွားတယ်။ ကျမပြတင်းပေါက်ဆီကို ပြေးသွားပြီး အပြင်ကို ပြူကြည့်တော့ ရှင့်ကိုမတွေ့ဘူး။ ရှင်များ အပြင်က ကျောက်ခဲလေးတွေကို နင်းမိပြီး အောက်က ချုံထူထူတွေကြား ကျများသွားလားလို့ စိတ်ထင့်သွား မိသေးတယ်။  ရှင်ကျမကို အရေးမထားသလိုလုပ်လို့ ဒုက္ခရောက်ပါစေလို့လည်း စိတ်ထဲမှာမချင့်မရဲနဲ့ ခပ်ကြောင်ကြောင်ပဲ မတ်တပ်ရပ်နေမိတယ်။ “ရရဲ့လားဟင်” ကျမအော်ကြည့်တယ်။ တကယ်တော့ ကျမ ရှင့်နာမည်ကို အော်ရမှာ။ ဒါပေမယ့် အဲဒီလိုလည်း ကျမအတွက် အသားမကျပြန်။ နောက်တော့ ရှင်ပြန်ဆင်းလာပြီး ဂိုဒေါင် ဆင်ခြေလျောမှာ ထိုင်ပြီး အောက်က အလှစိုက်မြက်ခင်းကို ငေးနေတယ်လေ။

 “အိမ်နောက်မှာ ဘာရှိလဲ”

“တောတွေပါပဲ …  ဒါပေမယ့် အကို သွားလို့ မရဘူး”

“ဘယ်သူပြောလဲ”

“လူတိုင်းပဲ .. ကျမအမေရော နောက် ကျောင်းကဆရာမတွေရော အားလုံးပဲ”


“ဘာလို့မသွားရတာတဲ့လဲ”

“မနှစ်ကကောင်လေးတစ်ယောက် သည်တောထဲမှာပျောက်သွားဖူးတယ် .. အခုထိလည်း ရှာလို့မတွေ့သေးဘူး”

ကောင်လေးနာမည်က ကယ်ဗင်မက်ဝိုက်တဲ့။ ကျမထက်တော့ နှစ်တန်းငယ်တယ် ။ အဲဒီတုန်းက တစ်ပတ်လောက် ရဟတ်ယာဉ်တွေ၊ ခွေးဟောင်သံတွေ စတဲ့ သဲလွန်စရှာကြတာတွေ ရှိပေမယ့် သူ့အကြောင်းဘာမှ ပြောသံမကြားရတော့ဘူး ။

ရှင်ကတော့ဘာမှ ပြန်မပြောပဲ မဆီမဆိုင် ကောက်မေးတယ်။

“သည်က စာတိုက်ပုံးတိုင်းမှာ ဘာလို့ ဖဲပြားအဝါတွေ ချည်ထားရတာလဲ”

“အီရန်က ဓားစာခံတွေ အတွက်ပေါ့”

“ကိုယ်လောင်းရဲပါတယ်၊ ဒီကိစ္စမတိုင်ခင်ကဆို အမေရိကန်တွေ အီရန်ဆိုတဲ့ နာမည်တောင်ကြားဖူးမှာ မဟုတ်ပါဘူးကွာ” ။ ရှင့်စကားက ကျမပတ်ဝန်းကျင်ကသူတွေရဲ့ မျိုးချစ်စိတ်ရယ်၊ နောက် ဗဟုသုတ ခေါင်းပါးမှုဟာ ကျမအပေါ်မှာပဲ တာဝန် ရှိသလိုလို ရွဲ့ပြောနေတယ်လို့ ခံစားရတယ်။

“ဟို ညာဘက်မှာမြင်နေရတာ ဘာလဲ”

“ဒန်းလေးပါ ”

သည်စကားလေးကတော့ ရှင့်ကို ရယ်မောသွားစေတယ်။ ရှင်ကျမဘက်ကို ပြုံးရင်း မျက်နှာချင်းဆိုင်လိုက်တယ်။ ကျမထင်ထားသလို ကြင်နာနွေးထွေးတဲ့ အကြည့်မျိုးနဲ့တော့ မဟုတ်ဘူး။

“ကိုယ် ဒီက အေးမြမှုကို သိပ်လွမ်းတယ်”

“အေးမြမှုတဲ့လား”

ရှင့်အတွက် ဒ်ီက အရာရာဟာ အသစ်အဆန်း မဟုတ်ပါလားလို့ ကျမ ကိုယ့်ကိုကိုယ် ပြန်သတိပေးမိတယ်။


“ပြီးတော့ နှင်းတွေကိုရောပေါ့  .. ဘယ်တော့လောက်နှင်းကျမလဲ”

“ကျမလည်း မသေချာဘူး၊ နာတာလူးပွဲတုန်းကတောင် သိပ်မကျလိုက်ဘူး”

ရှင်က စိတ်ပျက်လက်ပျက်နဲ့ အခန်းထဲကို ပြန်တက်လာတယ်။ ကျမရဲ့ မရေမရာစကားကြောင့်များ စိတ်ပျက်သွားသေးလားလို့ စိုးရိမ်မိတယ်။ နောက် ရှင်က ရှင့်အရပ်နဲ့ ကွက်တိလောက်ရှိတဲ့ အဖြူရောင် ကွပ်ထားတဲ့ မှန်ထဲမှာ  ကိုယ့်ပုံကိုကိုယ် ကြည့်နေတယ်။ နောက်တော့မှ “ရေချိုးခန်းဘယ်မှာလဲ” လိုမေးပြီး အပြင်ထွက်သွားတယ်။

 

အဲဒီညက ကျမ မိဘတွေအခန်းက ကုတင်ပေါ်မှာလဲရင်း သန်းခေါင်လောက်ထိ အိပ်မပျော်ဘဲ နိုးနေတယ်။ အဖေနဲ့အမေတို့ရဲ့ အမှောင်ထဲမှာ တွတ်ထိုးနေသံကိုလည်း ကြားရတယ်။ ကျမက ရှင်များ ကြားသွားလေမလားလို့ စိုးရိမ်နေရတယ်။ ရှင့်အိပ်ရာက ကျမနဲ့ နံရံတစ်ဖက်ပဲ ခြားတာလေ။ ကျမသာ နံရံကို ဖောက်ဝင်နိုင်ရင် ရှင်ဆီကိုရောက်ပြီ။ ကျမမိဘတွေက ရှင်တို့အကြောင်း တီးတိုးတီးတိုး သဖန်းပိုးလုပ်ပြီး ဝေဖန်နေကြတာပါ။ ရှင်တို့ကိုလည်း နားမလည်နိုင်ဘူးတဲ့။ ကမ်းဘရစ်မှာထက်တောင် ဘုံဘေက ရှင်တို့ကိုပိုပြီး အမေရိကန်ဆန်အောင် လုပ်ပေးနိုင်ခဲ့တယ်တဲ့လေ။ အမေကတော့ သူ့စိတ်နဲ့ မတွေ့တဲ့အကြောင်း၊ နားလည်း မလည်နိုင်တဲ့အကြောင်း ပြောတယ်။ ရှင့်အမေရဲ့ ဆံလေးတိုအကြောင်း၊ နောက် ပေါ့တီးပေါ့ရှပ် နိုင်လာတဲ့အကြောင်း၊ ထမင်းစားရင်း ရှင့်အဖေနဲ့ အတူတူ ဂျော်နီဝါကား အတူတူ ဆက်သောက်တဲ့အကြောင်း၊ နောက် အရက်ခွက်တကိုင်ကိုင်နဲ့  ထမင်းစားခန်းထဲက ထသွားတဲ့အကြောင်းတွေလည်း ပြောကြတယ်။

 

အများဆုံး ပြောနေတာတော့ အမေပါ ၊ အဖေကတော့ လေအေးလေးနဲ့ အင်း … အဲ လိုက်ရုံ နားထောင်ပေးရုံပါပဲ။ အမေကပြောသေးတယ် သူဆိုဘယ်တုန်းကမှ အရက်ဆိုင်ရှေ့ မရောက်ဖူးဘူးတဲ့၊ ဒါပေမယ့် ဒီနှုန်းအတိုင်းသာဆို မနက်ဖြန်လောက်ဆို ကုန်မှာမို့ အရက်တစ်ပုလင်းလောက် လိုလိုပိုပို ကြိုဝယ်ထား ဦးမှလို့လည်း အကြံပေးတယ်။ အမေကတော့ ရှင့်အမေကို “ခေတ်ဆန်လာတယ်တဲ့”၊ သည်စကားဟာ သူ့အဘိဓာန်မှာတော့ ပစားပေးပြီး သုံးတဲ့စကားလုံးပါ။

 

“ပထမတန်းလက်မှတ် တစ်စောင်ဆိုရင် လူ ဆယ့်နှစ်ယောက်လောက် အေးဆေး စီးလို့ရတယ်” အမေက ပြောသေးတယ်။ အမေ့ရဲ့ မွေးနေ့တွေကတော့ ရောက်လာလိုက်၊ ပြီးသွားလိုက်နဲ့ပဲ အဖေကတော့ သတိတောင် မထားမိပါဘူး။ ကျမကတော့ နှစ်စဉ်ဇူလိုင် (၁)ရက်နေ့တိုင်း မွေးနေ့ကဒ်လေးလုပ်ပြီး အဖေကို လက်မှတ်ထိုးခိုင်း၊ ကျမလည်း လက်မှတ်ထိုးပြီး အမေ့ကို အမှတ်တရတော့ ပေးနေကျပါ။ ချက်ချင်း အမေက ငေါက်ခနဲထထိုင် ဟိုဟိုဒီဒီ အနံ့ခံပြီးတော့ “ကျမမီးခိုးနံ့ရတယ်” လို့ဆိုတယ်။ မီးဖိုက မီးပိတ်ခဲ့ရဲ့လားလို့ အဖေကမေးတော့ သေချာပိတ်ခဲ့ပါတယ်လို့ပြောတယ်။


 

“စီးကရက်နံ့ပါကွာ” အဖေကပြောတယ် “ရေချိုးခန်းထဲမှာ တစ်ယောက်ယောက် စီးကရက်သောက်နေတာ”

“မစ္စတာချောင်ဒရီ ဆေးလိပ်သောက်တတ်မှန်း ကျမ မသိဘူး …… ကျမတို့ ဆေးလိပ်ပြာခွက်တွေ ချပေးထားရင် ကောင်းမယ် ထင်ပါရဲ့တော်…”

(၄)

မနက်ကျတော့ ရှင်တို့ ခရီးပန်းလားလို့ဆိုပြီး ဘယ်သူမှမနိုးကြဘူး။ အိမ်ရှေ့ခန်းထဲက အဝတ်အိတ်တွေ၊ ရေချိုးခန်းထဲက သွားတိုက်တံတွေကြောင့်သာ ရှင်တို့ အရိပ်အယောင်ကို မတွေ့ရပေမယ့် ရှင်တို့ ရှိနေသေးတယ်ဆိုတာ သိရတယ်။ နေ့လယ် ကျမ ကျောင်းက ပြန်လာတော့တောင် ရှင်အိပ်ရာက မနိုးသေးဘူး။ ညစာ (အဲလေ .. ရှင့်တို့အတွက်တော့ မနက်စာပေါ့) စားကြတော့ ကျမတို့လို ဟင်း၊ ထမင်းနဲ့ မစားဘဲ ပေါင်မုန့်မီးကင်နဲ့ လက်ဖက်ရည်ပဲ သောက်ကြတယ်။ ပထမတစ်ရက်နှစ်ရက်မတော့ ကျမတို့နိုးရင် ရှင်တို့ကအိပ် ၊ ရှင်တို့နိုးတော့ ကျမတို့အိပ်ရာဝင်နဲ့ တစ်မိုးအောက်မှာပဲ ဆန့်ကျင်ဘက်နေကြတယ်။

 

ရလဒ်ကတော့ ကျမအခန်းမှာ ကျမ မအိပ်ရတဲ့ အပြင် အပြောင်းအလဲတွေလည်း တွေ့လာရတယ်။ မနက်တိုင်း ကျမအရင်လိုပဲ လိမ္မော်ရည်သောက်၊ ကွေကာအုပ်သောက်ပြီး ကျောင်းသွားရတယ်။ ရှင်တို့ရောက်နေတဲ့ အကြောင်းကိုလည်း ကျမ ဘယ်သူ့ကိုမှ မပြောမိဘူး။ တကယ်တော့လည်း ကျမ အိမ်တွင်းရေးတွေကို ဘယ်တုန်းကမှ အမေရိကန် သူငယ်ချင်းတွေကို ပြောပြလေ့မရှိခဲ့ပါဘူး။ ငယ်ငယ်တုန်းက မွေးနေ့ရောက်တိုင်း သူငယ်ချင်းတွေ တစ်ဒါဇင်လောက် အိမ်လာတတ်တော့ ကျမတို့ နေပုံထိုင်ပုံကို မြင်သွားမှကြောက်လို့ မွေးနေ့တွေကိုတောင် သဘောမကျနိုင်ဘူး။ ကျမ ရှင့်ကို ဘယ်လို ရည်ညွှန်းပြောရမယ် မသိဘူး။ “မိသားစုနဲ့ ရင်းနှီးတယ်” အဲလိုဆိုရင် ကောင်းမယ်ထင်ပါရဲ့။

 

တစ်နေ့ ကျမကျောင်းက ပြန်လာတော့ ရှင့်မိဘတွေ နိုးနေတာကိုတွေ့တယ်။ အရင် ကျမ “ဘတီဘက်ခ်ျ” နဲ့ “ဂါလီဂမ်ရဲ့ ကျွန်း” စတဲ့ ရုပ်သံ အစီအစဉ်တွေ ကြည့်တတ်တဲ့ ဆိုဖာပေါ်မှာ ထိုင်၊ ခြေထောက်တွေကို ပတ္တာဆက်ပြီး စားပွဲပေါ် တင်ထားကြတယ်။ ပေါင်ပေါ်မှာ အာလူးတင်ပြီးလှီးနေတဲ့ ကျမအမေနဲ့ စကားပြောလို့။ ရှင့်အမေကတော့ ပန်းရောင်အခံမှာ အနီရောင်အပြောင် ဆိုဒ်မျိုးစုံပါတဲ့ ကျမအမေရဲ့ နိုင်လွန်ဆာရီကို ဝတ်ထားတယ်။  မေ့ကျန်ရစ်တယ်ဆိုတဲ့ ရှင့်အမေရဲ့ အဝတ်သေတ္တာအကြောင်း ပြောနေကြတယ်ထင်ပါရဲ့။ သေတ္တာက ရောမမှာ ကျန်ရစ်တာ။ အခုတော့ ဂျုံဟမ်ဘတ်ကိုလာတဲ့ လေယာဉ်နဲ့ ပါလာပြီတဲ့။ ကျမအထင် ဒီဆာရီဟာ ကျမအမေထက် ရှင့်အမေဝတ်တော့ ပိုကြည့်ကောင်း နေသလိုပဲ။ ပန်းရောင်ဟာ သူ့အသားအရေကြောင့် ပိုပြီး ကြည့်ကောင်းနေတယ်။ ရှင်ကတော့ အပြင်သွားတယ်လို့ ပြောတယ်။ ရှင့်ကို ကျမ မရှာပါဘူး။ ဒါနဲ့ ကျမ စန္ဒယား အတီးကျင့်နေတယ်။ ရှင်ပြန်လာတော့ အတော်မှောင်နေပြီ။


 

နောက် ငယ်သေးတယ်ဆိုလို့ ကျမ မသောက်တဲ့ လက်ဖက်ရည်ကိုလည်း သောက်လို့။ ရှင့်မိဘတွေလည်း သောက်ကြတယ်။ အဲ ခြောက်နာရီလောက်ကျတော့ ထုံးစံအတိုင်း ဂျော်နီဝါကားပုလင်း စားပွဲပေါ်ရောက်နေပြီ။ ရှင့်ကတော့ ရှင့်အဖေရဲ့ ဈေးကြီးကြီး ကင်မရာကြီးကို လည်ပင်းမှာဆွဲပြီး အင်္ကျီခေါင်းစွပ်လေးနဲ့ပဲ အပြင်ထွက်သွားတာ။ ရှင့်ကြည့်ရတာ ချမ်းနေပုံပါပဲ။ မျက်လုံးတွေ၊ နားရွက်ဖျားတွေလည်း နီလို့။ ကြက်သီးတွေလည်း ထနေရှာတယ်။

“အိမ်နောက်ဖေးမှာ စမ်းချောင်းလေးရှိတယ်နော် … သစ်တောထဲကို စီးသွားတာ” ရှင်ကပြောတယ် ။

အမေကတော့လန့်သွားပြီး ကျမကို ခဏခဏ သတိပေးတတ်သလို  ရှင့်ကိုလည်း အဲဒီဘက်သိပ်မသွားဖို့ သတိပေးတယ်။ ရှင်လာတဲ့ ညကတည်းက ကျမ သတိပေးခဲ့ပြီးပြီပဲ။ ရှင့်မိဘတွေကတော့ အမေ့လို စိတ်ပူပုံတောင် မရဘူး။

“ဘာပုံတွေ ရိုက်လာလဲ” သူတို့က ဖြတ်မေးတယ်။

“ဘာမှမဟုတ်ပါဘူး”  ဒီအဖြေကြောင့် ပတ်ဝန်းကျင်က ရှင့်ကို ဘာမှဆွဲဆောင်နိုင်ဟန် မရှိဘူးရယ်လို့ ကျမ ဘာသာတွေးမိတယ်။ ကျမတို့နေတဲ့ ဆင်ခြေဖုံးရပ်ကွက်ဟာ ရှင့်အတွက်ရော၊ ရှင့် မိဘတွေအတွက်ပါ အသစ်အဆန်း ဖြစ်ဟန်တူတယ်။ ရှင့်စိတ်ထဲက အမေရိကား ဆိုတာလည်း ခပ်ဝါးဝါးပဲ မှတ်မိတော့မယ့် ကမ်းဘရစ် ပတ်ဝန်းကျင်ပဲနေမှာပေါ့။

ရှင်ကတော့ လက်ဖက်ရည်သောက်ပြီး အခန်းထဲ တန်းဝင်သွားလိုက်တာ ရှင့်ကိုယ်ပိုင် အခန်းများကျလို့။ ညစာ စားမယ်ဆိုမှ ပြန်ထွက်လာတယ်။  နောက် စကားတစ်ခွန်းမှ မဆိုဘဲ ခပ်လောလောလေး စားပြီး အပေါ် ပြန်တက်သွားတယ်။ ရှင့်မိဘတွေကတော့ ကျမ အပြုအမူတွေကို ခုံရုံးတင်စစ်ဆေးသလို တစ်ခုမကျန် ချီးကျူးကြသေးတယ်။ စန္ဒရား ဘယ်လို တီးတယ်ဆိုတာကော၊ တစ်အိမ်လုံးမှာ အမေ့ကို ကူလုပ်တာ စတာတွေကော အားလုံးပဲ။

 

“ကူရှစ် လာကြည့်စမ်း…. ဟီမာ သူ့ဘာသာသူ ဘယ်လို နေ့လည်စာ ထည့်နေတယ်ဆိုတာ …”၊ ညစာစားအပြီး နောက်နေ့ ကျောင်းမှာစားဖို့ အသားပြားတွေနဲ့ ဆန်းဒဝစ်ခ်ျ ပြင်ပြီး စက္ကူအိတ်တစ်လုံးထဲ ထည့်နေတာကို ကြည့်ပြီး ရှင့်အမေက ပြောနေတယ်။ ရှင့်ကတော့ မိဘတွေရဲ့ အုပ်ထိန်းမှုအောက်က လွတ်စပြုပေမယ့် သုံးနှစ်လောက်ငယ်တဲ့ ကျမဟာ အဲဒီတုန်းက ကလေးသာသာပဲ ရှိသေးတာပါ။ ရှင်ကတော့ မိဘတွေနဲ့ ပြိုင်လည်းမငြင်းဘူး၊ စကားလည်း သိပ်မပြောလှဘူး။ ရှင်အပြင်ထွက်သွားတုန်း ရှင့်မိဘတွေက ရှင်ဒ်ီကို သိပ်ပြန်မလာချင်တဲ့ အကြောင်း အမေ့ကို ပြောပြတယ်။ “ဟိုငယ်ငယ် အိန္ဒိယကို ပြန်မယ်ဆိုတုန်းကလည်း သူစိတ်ဆိုးတယ်၊ ဟော... ခုဒီကိုပြန်လာမယ် ဆိုတော့လည်း သိပ်ကြည်ချင်တာမဟုတ်ဘူး၊  ကျနော်တို့က ဘုံဘေမှာ ဆိုပေမယ့် သူ့ကို တကယ့် အမေရိကန် လူငယ်တစ်ယောက်လို ကြီးပြင်းစေခဲ့တာပါ ” လို့ ရှင့်အဖေကပြောတယ်။


 

ကျမအခန်းကစားပွဲက မအားတော့ ထမင်းစား စားပွဲပေါ်မှာပဲ ကျမ အိမ်စာတွေ လုပ်ရတယ်။ ကျမ ရောမအကြောင်း စာတမ်းရေးနေရတာ။ ရှင်တို့ မလာခင်အထိကတော့  သည်အကြောင်းကို ကျမစိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် အခုရှင်တို့ အဲသည်ကို ရောက်ဖူးပြီးနေပြီဆိုတာသိတော့  စာတွေလုပ်နေရတာ ခပ်ကြောင်ကြောင်နိုင်သား။ ကျမဘာသာကျမ သီးသန့်လုပ်ချင်ပေမယ့်  ရှင့်အဖေကတော့ ကိုလော့စီယမ် ဇာတ်ရုံတည်ဆောက်ပုံကို လေရှည်ရှည်နဲ့ ရှင်းပြနေတယ်။ ရှင့်အဖေရဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာအမြင်တွေဟာ ကျမကို ခေါင်းရှုပ်စေတာကလွဲလို့ ဘာမှ အကူအညီမရပေမယ့် ယဉ်ကျေးမှုအရ အသာပဲ နားထောင်နေရတယ်။ ကျမကတော့ သူပေးတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ ဘယ်လိုပေါင်းပြီး ထည့်ရေးစသည်ဖြင့် စာတမ်းကိုများ ယူကြည့်ဦးမလားလို့ စိတ်ပူနေမိသေးတယ်။ ဒါပေမယ့်လည်း သူယူမကြည့်ပါဘူး။ ရှင့်အဖေက သူ့လက်ဆွဲအိတ်ကို ဖွင့်ပြီးတော့ သူဝယ်လာတဲ့ ပို့စကပ်တွေပြတယ်၊ နောက် စာတမ်းနဲ့ ဘာမှမဆိုင်လှပေမယ့် ရှေးဟောင်း ဒင်္ဂါးပြား နှစ်ပြားကိုလည်း ကျမကို အမှတ်တရပေးသေးတယ်။

(၅)

ရှင့်တို့ခရီးပန်းတာတွေ သက်သာတဲ့ တစ်နေ့ ကျမမိဘတွေရဲ့ ကားရှည်ကြီးနဲ့ အားလုံး ကုန်တိုက်ကို သွားကြတယ်။ ရှင့်အမေက သူ့ဖို့ အတွင်းခံ ဘရာစီယာဝယ်ချင်တယ်။ အဲဒါကိုတော့ ခန္ဓာကိုယ် သိပ်မဖွံ့တဲ့ ကျမအမေဆီက ငှားဝတ်လို့ မဖြစ်တော့ဘူးလေ။ ကုန်တိုက်ရောက်တော့ အဖေတွေက ခုံတန်းလေးတွေ၊ ပန်းပင်တွေ စီချထားတဲ့ အပြင်ဘက် အနိမ့်ပိုင်းမှာ ထိုင်စောင့်နေရစ်ကြတယ်။ ကျမကတော့ ဂျော်မန်ဒပ်ခ်ျ အမျိုးသမီး အတွင်းခံဆိုင်ကို အမေတို့နဲ့ အဖော်လိုက်ရတယ်။ ရှင့်အမေက ရှင့်အဖေပေးလိုက်တဲ့ ခရက်ဒစ် ဈေးဝယ်ကဒ်ကို ယူလာပြီး ကျမတို့ သားအမိကို ဦးဆောင်ခေါ်လာတယ်။

 အရင်တုန်းကတော့ ကျမတို့ “ဆီးယား” ဆိုတဲ့ ဆိုင်ကိုပဲ သွားလေ့ရှိတာ။ ဆိုင်ကိုသွားရင်း ရှင့်အမေက အနက်ရောင် လက်အိပ်တစ်စုံရယ်၊ ဒူးလောက်ရှည်ပြီး ဇစ်ဆွဲလို့ရတဲ့ ဖိနပ်ရှည်တစ်ရံ ဝယ်တယ်။  ရှင့်အမေ က ဈေးနှုန်းကို လုံးဝမကြည့်ဘဲ လိုချင်တာကို စင်ပေါ်က ဖြုတ်ကြည့်တာပဲ။ အတွင်းခံဆိုင်ကို ရောက်တော့ အရောင်းစာရေးမက ကျမကိုကြည့်ပြီး “ဒီမှာ ဒီအရွယ်ဝတ်တွေ လည်းရှိပါတယ် ကြွပါ” လို့ရှင့်အမေကိုပြောတယ်။ ကျမနဲ့ ရှင့်အမေကို သားအမိ ထင်နေတယ်တူပါရဲ့။

 

“အို… မဟုတ်တာ သူက ငယ်ပါသေးတယ်” ကျမအမေကဝင်ပြောတယ်။

“သြော်... ဘာပဲဖြစ်ဖြစ် ကြည့်ကြည့်တာပေါ့” ရှင့်အမေက ပြောရင်း နောက်မှာချိတ်ထားတဲ့  အလယ်မှာ နှင်းဆီဖူးလေးပါတဲ့ ဇာပေါက် ဘရာစီယာလေးကို လက်ညှိုးထိုးပြတယ်။ ကျမ ဒီတုန်းက အပျိုဖော်ဝင် ရာသီပန်း ပွင့်စပြုပါပြီ။ ဒါပေမယ့် ကျမကျောင်းက သူငယ်ချင်းတွေလို မဟုတ်ဘဲ ပန်းရိုက် အတွင်းခံ ရှင်မီးအင်္ကျီလေးတွေကို ဝတ်နေရတုန်း။ ကျမကို အစမ်း ဝတ်အခန်းထဲ ခေါ်သွားပြီး ကျမ အင်္ကျီတွေချွတ် ဘရာစီယာ ဝတ်နေတာကို ရှင့်အမေက အစအဆုံး ကြည့်နေတယ်။ သူကပဲ အံဝင်အောင်ညှိပေးပြီး နောက်ကချိတ်တွေ ဘာတွေတောင် ချိတ်ပေးတယ်။ သူကိုယ်တိုင်လည်း အစမ်းဝတ်ကြည့်တယ်။ ခန္ဓာကိုယ်အပေါ်ကို ဟာလာဟင်းလင်းထားရတာ ရှက်ပုံလည်းမရပါဘူး။ ဒါပေသိ ဖွံ့ဖြိုးပြီး ပျဉ်းကျနေတဲ့ရင်သားနဲ့ ညိုတိုတိုသားမြတ်ခေါင်းတွေရယ် ၊ ခပ်ထူထူ ချိုင်းမွှေးတွေက ရနေတဲ့ အောက်တောက်တောက် အနံ့တွေ ရယ်ကြောင့် ကျမတော့ မသတီဘူး။ “အင်း.. လိုက်တယ်ကွယ်” ကျမ ကျောပြင်တစ်လျှောက် လက်နဲ့ပွတ်လို့ ရှင့်အမေကပြောတယ်။ “မင်းကြီးလားရင် သိပ်ကိုချောတဲ့ မိန်းမဖြစ်လာမှာပဲ သိရဲ့လား ကလေးမ”။ ကျမအမေ ကန့်ကွက်တဲ့ကြားက  ရှင့်အမေက ကျမဘဝမှာ ပထမဆုံးဝတ်ဖူးခဲ့တဲ့ ဘရာစီယာ သုံးထည်ကို လက်ဆောင်ဝယ်ပေးတယ်။ အပြန်မှာ အလှကုန်ဆိုင်ဝင်ပြီး  နှုတ်ခမ်းဆိုးဆေး တစ်တောင့်ရယ်၊ ရေမွှေးတစ်ပုလင်းရယ် နောက် မျက်ရစ်တွေ လည်ပင်းရစ်တွေ ပျောက်စေတဲ့ အသားလှဆေး တစ်ဘူးရယ်ဝယ်တယ်။ သူကတော့ ကျမအမေတို့သုံးတဲ့ အေဖွမ် အလှကုန်တွေကို စိတ်ဝင်စားပုံမရဘူး။ မိတ်ကပ်ဆိုင်က လက်ဆောင်အဖြစ် အနီရောင် လက်ဆွဲအိတ်တစ်လုံး လက်ဆောင်ရတယ်။ ရှင့်အမေက ကျောင်းစာအုပ်တွေဘာတွေ ထည့်လို့ရတယ်ဆိုပြီး ကျမကိုပေးတယ်။ ကျမလည်း နောက်တနေ့ ကျောင်းသွားတော့ အဲဒီအိတ်ကို စာအုပ်တွေထည့် ယူသွားတယ်။ 

 

အောင်ဖြိုး

ဇာတ်သိမ်းပိုင်းသို့ ဆက်လက် ဖတ်ရှုရန် >>>>>