ဘာသာပြန်
- Details
- Written by မနှင်းပွင့်
- Category: ဘာသာပြန်
- Hits: 7304
(ခုနစ်ပုဒ်)
(၁)
ကျုပ်နာမည်လား..တုဈင်မေ တဲ့
နားသယ်အထက်နား..ဆံဖြူကွက်ကျားဖွာလန်ကြဲနဲ့..ဥစ္စာမဲ့လူအို
ဒီဒေသကိုခဏလာခိုဆဲ…ခဲမတတ်ခြေကိုတရွတ်ဆွဲလို့..ဆောင်းရက်မို့
အေးစက်ညှို့မှိုင်းတဲ့တောင်ကတုံးမတ်မတ်..တကုံးကုံးတက်လို့မနားနိုင်ပြန်
ကျန်ကောင်းကျန်ရာဝက်သစ်ချသီး..ကောက်သင်းကောက်ခရီးထွက်ကာ
မငြိမ်းနိုင်သေးတဲ့ဘဝဆီမီးအတွက်..ကျုပ်ဝမ်းကျုပ်ကျောင်းပြီးနေတယ်
အလယ်ပိုင်းဇာတိမြေဆီက..စစ်သတင်းနားစွင့်လို့..ပြန်ခွင့်မသာသေး
နီးမလိုလိုနဲ့ဝေးပြန်တဲ့…လွင်ပြင်နွေးနွေးကိုသာ..တမ်းတရင်းဆွေးရတယ်
ဒီလိုနဲ့ဆောင်းလယ်ရောက်..သွေးမလျှောက်တော့တဲ့..လက်တွေထုံကျင်ခဲ
အက်ကွဲတဲ့နှုတ်ခမ်းလွှာဆီက...စိတ်ဒဏ်ရာနဲ့ကာယိကဝေဒနာကိုသီကြွေး
စစ်ပြေးလူအိုကျုပ်ဘဝရဲ့….ငိုချင်းပထမအပုဒ်ကို...သီချင်းလုပ်လို့ဆိုတုန်း
ဝုန်းကနဲဆို..မြောက်လေပြင်း..တောင်စောင်းထိပ်က..အရှိန်နဲ့လှိမ့်ဆင်းပြီး
ခါးသီးမှုဆားခဲတွေဆုပ်ကာ….ကျုပ်ရင်ထဲကအနာကို..ထပ်ခါတလဲပက်ကြဲတယ်…။
- Details
- Written by ကိုကိုသက်
- Category: ဘာသာပြန်
- Hits: 8792
(Romania နိုင်ငံသား ကဗျာဆရာ Mircea Cărtărescu ရဲ့ Occidentul (The Occident) ကို Adam J. Sorkin နဲ့ Bodgan Ștefănescu က အင်္ဂင်္လိပ်လိုပြန်ထားသောမူမှ ကိုကိုသက် မြန်မာဘာသာသို့ ပြန်ဆိုထားသော အနောက်တိုင်း ကဗျာအား နိုင်ငံတကာ ဘာသာပြန်ကဗျာရှည်အဖြစ် တင်ဆက်လိုက်ပါသည်။
ကောင်းကင်
အနောက်တိုင်းနဲ့တွေ့မှ ငါ့အမြီးကုပ်ဝင်သွား
New York နဲ့ Paris ၊ San Francisco နဲ့Frankfurt
ဘယ်တုန်းကမှ အိပ်မက် မမက်ရဲခဲ့တဲ့နေရာတွေ…
ဓာတ်ပုံ တစ်ထပ်၊ ဝိညာဉ်သေတစ်ခုနဲ့ငါ အိမ်ပြန်လာခဲ့
ငါ့မှာ အဓိပ္ပါယ်ရှိတယ်၊ ငါ့ဘဝမှာ အဓိပ္ပါယ်ရှိတယ်၊ ငါ ဒီလို ကြောင်ဖူးခဲ့
- Details
- Written by လေလွင့်လူ
- Category: ဘာသာပြန်
- Hits: 15848
“ယောက်ျားတစ်ယောက်ဟာ မိန်းမဘယ်နှစ်ယောက်နဲ့ပဲ ပတ်သက်ခဲ့ပါစေ၊ သူ့ဘဝအတွက် တကယ်အဓိပ္ပါယ်ရှိတဲ့ မိန်းမကတော့ သုံးယောက်ပဲရှိနိုင်တယ်။ သုံးယောက်ထက် ပိုလည်းမပိုဘူး၊ လျော့လည်းမလျော့ဘူး။”
အဖေဖြစ်သူထံမှ ထိုစကားကိုကြားရချိန်တွင် သူအသက်ဆယ့်ခြောက်နှစ်ခန့်သာရှိသေးသည်။ သူနှင့်သူ့အဖေသည်တစ်အိမ်တည်းနေသော သားအဖအရင်းဖြစ်သော်ငြား ရင်းနှီးနွေးထွေးသော (သားအဖနှင့် တူသော) ဆက်ဆံရေးမျိုးမည်သည့်အခါကမှ မရှိခဲ့ဖူးပေ။ ယခုလိုဘဝနဲ့ ပတ်သက်သောလေးနက်သည့် ဒဿနမျိုးမဆိုထားနှင့် မလိုအပ်ပါက မေးထူးခေါ်ပြောပင်မလုပ်တတ်သော အဖေဖြစ်သူ၏အဆက်စပ်မဲ့ပြောစကားများက သူအားနားမလည်မှုနှင့်အတူ စိတ်ပါဝင်စားစေသည်။ သူငေးစိုက်ကြည့်နေစဉ် သူ့အဖေ၏ မျက်နှာသည် အေးစက်တည်ငြိမ်နေသည်။ ဝေရီသောမျက်ဝန်းအစုံသည် ဘယ်အရာကိုမှစူးစိုက်ကြည့်နေခြင်းမရှိ၊ ကမ္ဘာလောက၏ လည်ပတ်မှုရပ်တန့်သွားမလောက်ပင် တစ်စုံတစ်ခုသောအတွေး၌ နစ်မြုပ်နေသည်။ နားမလည်မှုတဝက်နှင့် သူ့အဖေ၏ စကားသံကိုတိတ်ဆိတ်စွာ နားစွင့်နေလိုက်သည်။ ထိုအခိုက်အတန့်၌ သူ့စိတ်သည် ဂါထာမန္တန်တစ်ခုဖြင့် မန်းမှုတ်ခံရသည့်ပမာ အခြားဘာကိုမှ ဝင်စားနိုင်စွမ်းမရှိတော့ချေ။
“သား…နောင်တစ်ချိန်မှာ မင်းကိုယ်တိုင်လည်း မိန်းမတစ်ယောက်ထက်မက ပတ်သက်ကောင်းပတ်သက်မိမယ် . . .အဲဒီအတွက်ဖေဖေ မင်းကိုသတိပေးချင်တာကတော့ တကယ်လို့ မင်းပတ်သက်မိတဲ့မိန်းမဟာ မင်းဘဝကို အဓိပ္ပါယ်ပြည့်ဝစေတဲ့သူမဟုတ်ခဲ့ဘူးဆိုရင်တော့ ဒါသက်သက်မဲ့အချိန်ဖြုန်းတာပဲ”
- Details
- Written by ကိုထိုက်
- Category: ဘာသာပြန်
- Hits: 7597
(ရာသျှိုမွန် ပထမပိုင်း ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။)
ထိုခဏ၌ လူသေ အလောင်းများကြားတွင် ခါးကိုင်း၍ ခပ်ငိုက်ငိုက်ဖြင့် ဟိုဘက် ဒီဘက် သွားလာနေသော လူတစ်ယောက်၏ ပုံရိပ်က သူ့ မျက်လုံး အမြင်များကို ဖမ်းစားထားလျှက်ရှိသည်။ ထိုသူမှာ တခေါင်းလုံးဖြူဖွေးပြီး အရိုးပေါ် အရည်ပြားတင်ရုံမျှရှိသော ပိန်ချုံးသေးကွေးသည့် ခန္ဓာကိုယ်ရှိကာ မျောက်မျက်နှာနှင့် ခပ်ဆင်ဆင်တူသော အဖွားအိုတစ်ယောက်ဖြစ်နေ၏။ ကိုယ်ပေါ်တွင်လည်း ညစ်ပတ်ပေရေကာ ချေး(ဂျီး)အထပ်ထပ်ထူနေသော အနက်ရောင် ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားသည်။ သူ ကြည့်နေစဉ်မှာပင် အလောင်း တစ်လောင်းနားရပ်ကာ သူမ၏ ညာဘက်လက်တွင် ကိုင်ထားသော ထင်းရူးသား မီးတုတ်ချောင်းကို မြှောက်ကိုင်လိုက်ပြီး လူသေအလောင်း တစ်လောင်း၏ မျက်နှာကို ခါးကိုင်း၍ သေသေချာချာ စူးစိုက်ကြည့်နေလေသည်။ ထိုလူသေအလောင်းတွင် ဆံပင်ရှည်များရှိနေသည်ကို မြင်တွေ့ရသဖြင့် အမျိုးသမီးအလောင်း ဖြစ်ကြောင်း သိနိုင်သည်။
မြင်နေရသော မြင်ကွင်းကြောင့် ကြောက်ရွံထိတ်လန့်ခြင်း၊ အံသြတုန်လှုပ်ခြင်းများအပြင် သိချင်စိတ်များ ပြည့်လျံစွာဖြင့် အစေခံလူမှာ အသက်ရှုရန်ပင် မေ့လျော့နေ၏။ ရှေးစာဆိုများ ရေးသားပြောဆိုသော စကားငှားပြောရလျှင် “ခေါင်းနပန်းကြီးကာ ဆံပင်များထောင်သွားသည်”ဟု ခံစားမိလေသည်။ ထိုစုန်းမကြီးနှင့် တူသော အဘွားအိုကြီးက လက်ထဲတွင် ကိုင်ထားသော ထင်းရူးသား မီးတုတ်ကို ကြမ်းကြားတွင် ထိုးစိုက်လိုက်ပြီး သူမ၏ လက်နှစ်ဖက်က လူသေအလောင်း၏ ခေါင်းကိုကိုင်လိုက်၏။ လက်ချောင်းများက မျောက်များသန်းရှာနေသလို လှုပ်ရှားနေလေသည်။ ထိုနောက် လူသေအလောင်း၏ ဆံပင်များကို တစ်ပင်ခြင်း နှုတ်နေလေ၏။ ဦးရည်ပြားမှ ဆံပင်များကို အလွယ်တကူပင် သူမ၏ လက်ချောင်းများဖြင့် နှုတ်နေခြင်းဖြစ်သည်။
ဆံပင်တစ်ပင် ကျွတ်ထွက်လာတိုင်း အစေခံမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းအစား ထိုအဘွားအိုအား စက်ဆုပ် ရွံမုန်းခြင်းများ တဖြည်းဖြည်း အစားထိုး တိုးများလာလေသည်။ “မဟုတ်သေးဘူး .. ဒီလို မိနစ်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတဲ့ စက်ဆုပ် ရွံမုန်းမှုတွေက ငါ့စိတ်ကို ထင်ရောင်မှားဖြစ်စေတာလား” ဟု တွေးနေသည်။
အကယ်ဤ သူနှင့်အတူ ဒီနေရာမှာ အခြား တစ်ယောက်ယောက်က ရှိနေပါက ခုနတုန်းက အောက်ထပ်တွင် စဉ်းစားခဲ့သော ‘အစာငတ် အသေခံမလား၊ လူဆိုးသူခိုး လုပ်မလား’ ဆိုတာ စဉ်းစား ရွေးခြယ်ခဲ့ရမည် ဆိုလျှင် .. နောင်တမရဘဲ သိက္ခာကိုရွေးကာ အစာငတ် အသေခံမည့် လမ်းကို ရွေးခဲ့မှာ ဖြစ်သလို၊ မကောင်းဆိုးဝါးများအား စက်ဆုပ် မုန်းတီးမှုသည်လည်း ကြမ်းပြင်တွင် စိုက်ထားသော ထင်းရူးသားမီးတုတ်ခဲ့သို့ မြဲမြံခိုင်မာနေမှာ သေချာသည်။
ဒီရုပ်ဆိုးဆိုး အဘွားအိုကြီးက လူသေအလောင်းမှ ဆံပင်များကို ဘာကြောင့် နှုတ်နေသလဲဆိုတာ အစေခံ အဖို့ စဉ်းစား၍ မရပေမယ့် ဒီအပြုအမူဟာ မကောင်းဆိုးရွား အပြုအမူ တစ်ခုအဖြစ်တော့ တထစ်ချပြောလို့ မရနိုင်ပေ။ ဒါပေမယ့် ဒီလို မိုးတစ်ညမှာ ရာသျှိုမွန် မုဒ်ဦးကြီး၏ အပေါ်ထပ်ရှိ အလောင်းမှ ဆံပင်နှုတ်နေခြင်းသည်ပင်လျှင် သူ့အတွက်တော့ ခွင့်လွှတ်၍ မရနိုင်သော မကောင်းဆိုးရွားသည့် အမူတစ်ခု ဖြစ်နေသည်။ ခုနအချိန်ပိုင်းကပင် ခိုးဆိုး လုယက်ရန် ကြံစည်တွေးတောခြင်းကိုပင် သူ မေ့လျော့နေလေ၏။
- Details
- Written by ကိုထိုက်
- Category: ဘာသာပြန်
- Hits: 7464
ညနေခင်းတစ်ခု။
မိုးကဖြောက်ဖြောက်နှင့် အမျှင်မပြက် ရွာသွန်းနေ၏။ ညနေခင်း အမှောင်ထုနှင့်အတူ၊ ခပ်နွမ်းနွမ်း အစေခံတစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူရိပ်တခု ရာသျှိုမွန် မုဒ်ဦးကြီးဆီသို့ တရွေ့ရွေ့ ချဉ်းကပ် ဝင်ရောက်လျက်ရှိ၏။
ကျယ်ဝန်းလှသည် ရာသျှိုမွန် မုဒ်ဦးကြီး အောက်ဖက်တွင်မူကား လူသူကင်းမဲ့ တိတ်ဆိတ်နေသည်။ သက်ရှိသတ္တဝါဟူ၍ ပုရစ်တစ်ကောင်သာ ယွန်းနီရောင် ဆေးများ ဟိုတစ်စ ဒီတစ်စ ပြယ်လွင့်နေသော ကြီးမားသည့် မုဒ်ဦးတိုင်ကြီးတွင် တွယ်ကပ်နေ၏။ မြို့အဝင် လမ်းမကြီး ဖြစ်သော ဆူဇကူးလမ်းပေါ်တွင် တည်ရှိနေသည့် ဤရာသျှိုမွန် မြို့ဦးမုဒ်ကြီးကား မိုးရေများအောက်တွင် လူအချို့ကို ခိုလှုံရာအဖြစ် ကောင်းမွန်းစွာ ပေးစွမ်းနိုင်သည့် မုဒ်ဦးကြီးဖြစ်သည်။ သစ်စေးသုတ်ကျုရိုးခမောက် ဆောင်းထားသော အမျိုးသမီးတစ်ယောက်ဖြစ်ဖြစ်၊ (ဒါမှမဟုတ်) အနက်ရောင် ဦးထုပ်ခပ်ပျော့ပျော့ ဆောင်းထားသော မင်းမှုထမ်းတစ်ယောက်ဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ဝင်ရောက် ခိုနား နေနိုင်လောက်၏။ သို့သော် ယခုမူကား ခပ်နွမ်းနွမ်း အစေခံ အမျိုးသားမှလွဲ၍ အခြားမည်သူမျှ ရာသျှိုမွန် မုဒ်ဦးအောက်တွင် ရှိမနေပေ။
ဤနှစ်များသည် မြေငလျှင်ဘေး၊ လေဆင်နှာမောင်းဒဏ်၊ မီးဘေး၊ အစာရေစာ ရှားပါးငတ်မွတ်ခြင်း စသည့် သဘာဝ ကပ်ဘေးအမျိုးမျိုးတို့၏ ရိုက်ခတ်မှုကြောင့် ကြီးကျယ်ခမ်းနားသည့် ကျိုတိုမြို့ကြီးကား တစစဖြင့် ပျက်စီးနေသောကာလကြီးလည်း ဖြစ်၏။ မှတ်တမ်းဟောင်းများအရ လူအချို့က ဘုရား ရုပ်ပွားတော်များ၊ ဘာသာရေးအဆောက်အဦးများကို ထင်းအဖြစ် ချိုးဖဲ့ ဖြတ်ဆီး ရောင်းချကြသည်အထိ ဖြစ်လာခဲ့ပြီး၊ ယခု အချိန်တွင် လမ်းဘေးဝဲယာ အမှိုက်များအကြား ဆေးရောင် တစက်တပြောက် ထင်ကျန်နေပြီး၊ ရွှေရောင်၊ ငွေရောင် တစွန်းတစ ကပ်နေသည့် သစ်သား အကျိုးအပဲ့များကို သက်သေအဖြစ်တွေ့နိုင်နေသေးသည်။ ထိုအခြေအနေဆိုးများ အောက်တွင် ယောက်ယက်ခက်နေသောကျိုတိုမြို့၏ မြို့အဝင်ဝရှိ ရာသျှိုမွန် မုဒ်ဦးကြီးကိုလည်း မည်သူကမှ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ဝင်စားနိုင်ခြင်း မရှိကြပေ။
မုဒ်ဦးကြီး၏ အပျက်အစီးများ၊ အမှိုက်ပုံများ ကြားတွင် မြေခွေးများ၊ ခွေးတူဝက်တူများ စသည့် တောသတ္တဝါများ စတင်ဝင်ရောက်နေထိုင်လာကြပြီး၊ ၄င်းနောက်တဆက်တည်းဆိုသလို လူဆိုး သူခိုးများကလည်း ဤ မုဒ်ဦးကြီးအား ခေတ္တဝင်ရောက်ပုန်းခိုရာ နေရာဌာန အဖြစ်အသုံးပြုလျက်ရှိကြသည်။ နောက်ဆုံးတွင်ကား ပိုင်ရှင်မဲ့ လူသေအလောင်းများကို ရာသျှိုမွန်မုဒ်ဦး အပေါ်ထပ်တွင် လာရောက်စွန့်ပစ်ထားကြသည်အထိ ဖြစ်လာလျက်ရှိပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများက နေညိုချိန်ရောက်သည်နှင့် တပြိုင်နက် ဤနေရာသို့ အသွားအလာမရှိ ကြောက်ရွံ့စွာ ခပ်ဝေးဝေးမှ ရှောင်ကျဉ်တတ်ကြသည်။