ဘဝ အတွေ့အကြုံ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

သရုပ်ဖေါ်ပန်းချီ မောင်ဒီ (အောင်ချိမ့်စီစဉ်သော နွေဦး နှင့်အထက်တန်းကျသောရေ မျက်နှာဖုံးမှ)

 

(ကိုငြိမ်းအေးအိမ်ရဲ့ ကျေးဇူးကြောင့် နှစ်ပေါင်းအတန်ကြာ ကွဲကွာနေတဲ့ မိမိကဗျာနဲ့ မိမိ ပြန်တွေ့ခြင်း)

 

            ခြေဗွေပါတဲ့သူတစ်ယောက်ပီပီ ဘယ်နေရာမှာမှ ၂ နှစ် ၃ နှစ်ထက် ပိုပြီး မြဲမြဲစွဲစွဲ နေရတယ်ကို မရှိဘူး။ဗမာပြည်တနံတလျား၊ ရန်ကုန်တမြို့ထဲမှာတင် တဒါဇင်ထက်မနည်း ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းရဲ့ ရလဒ်ကတော့စာအုပ်စာတမ်းတွေ ပျောက်ရှ၊ မိမိ အထွဋ်တမြတ်ထားတဲ့ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာတွေ မကြာခဏ ပျောက်ရှခြင်းပါပဲ။ အဲဒီ ပျောက်ရှမှုတွေထဲမှာ နွေဦး လည်းပါတာပေါ့။ နွေဦး မှာ ဖော်ပြခံခဲ့ရတဲ့ ဟောဒီကဗျာ “ ဂျိုကျိုး နားရွက်ပဲ့ ရက်စွဲများ” လည်းပါတာပေါ့။

 

            အမှတ်အသားအရ ဒီကဗျာကို ၁၉၈၇ ဇွန်လ မှာရေးတယ်။ ခုဆို ၂၃ နှစ်ရှိပြီ။ ခု အားတက်သရော ကဗျာရေးနေကြတဲ့ လူငယ်ကဗျာဆရာတချို့နဲ့ သက်တူရွယ်မျှပေါ့။ ကိုယ်တိုင်ကတော့ အဲဒီကဗျာရေးတဲ့ အချိန်မှာ ၃၁ နှစ်အရွယ်၊ ဘဝကို ရွာလွန်ရွက်တိုက် ဒရွတ်ဆွဲ နေရချိန်ပေါ့။ ခုတလော အကြောင်းအမျိုးမျိုးကြောင့် မိမိကဗျာဖြတ်သန်းမှုကို ရေးသားဖို့ ကြုံရတိုင်း၊ ၁၉၈၀ မိုးဝေမှာ ပုံနှိပ်ကဗျာ အဖြစ် စတင်ဖော်ပြခံရပေမယ့် နွေဦးက ဒီကဗျာကိုသာ မိမိရဲ့ ကဗျာဆရာအဖြစ်ကိုသေချာစေတဲ့ ကဗျာအဖြစ် အသိအမှတ် ပြုလိုကြောင်းရေးပေးဖြစ်မြဲ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

           ဇော်ဂျီလျက်ဆား

            ကျနော်တို့ငယ်ငယ်က မန္တလေးမြို့မြင်ကွင်းမှာမပါမဖြစ် ခွဲလို့မရတဲ့ ဈေးသည်တွေလဲရှိတယ်လို့ပြောချင်ပါတယ်။ သူတို့ဟာ ဆိုင်းခင်းရောင်းတဲ့ဈေးသည်တွေမဟုတ်ပါဘူး။ လမ်းပေါ်မှာ လည်ရောင်းတာပါ။ ဒီတော့ လမ်းပေါ်ကဈေးသည်ပဲ ဘာများထူးဆန်းလို့လဲ လို့မေးကောင်းမေးကြပါလိမ့်မယ်။ ကျနော့်အထင်တော့ထူးပါတယ်။ ထူးသမှအနှစ်ငါးဆယ် ကျော်လွန်လာတဲ့ အခုအချိန်အထိ မန္တလေးသားကြီးတွေအချင်းချင်း စကားစပ်မိရင်ဒီဈေးသည်ကြီးတွေအကြောင်း တမ်းတမ်းတတပြောလေ့ရှိကြတုန်းဖြစ်ပါတယ်။

            ခေါင်းရွက်ဈေးသည်ဆိုတာမျိုးက မအော်ဟစ်ပဲလျှောက်သွားနေရုံသက်သက်နဲ့ဆိုရင် သိပ်မရောင်းရပါဘူး။ ပါးစပ်ကအော်ရပါတယ်။ ဒါမှမဟုတ်အသံတခုခုပြုရပါတယ်။ ဒါမှအိမ်ထဲမှာရှိနေတဲ့လူက အဲဒီဈေးသည်လာကြောင်းသိတာပါ။ အနည်းဆုံးတော့ ကိုယ့်ရောင်းတဲ့ပစ္စည်းကိုယ်အော်ပြောရပါတယ်။ မန္တလေးသူမန္တလေးသားတွေဟာ ဘယ်ရာသီ၊ ဘယ်အချိန်ဆိုရင် ကိုယ့်အရပ်ထဲကိုဘယ်လိုခေါင်းရွက်ဈေးသည် လာတတ်တယ်ဆိုတာကို စိတ်ထဲကအလိုလိုသိနေကြပါတယ်။

 

ဒါကြောင့်ကိုယ်စားချင်တဲ့မုန့်ပဲသရေစာကို အချိန်နဲ့မှတ်ပြီးမျှော်လေ့ရှိကြပါတယ်။ ၈၄လမ်းကြီးပေါ်မှာဆိုရင် မနက်မှာ ပဲပြုတ်သည်၊ မုန့်ဟင်းခါးသည်၊ အကြော်သည်စတာတွေ။ နေ့လည်ဆိုရင် မုန့်ဦးနှောက်သည်၊ငှက်ပျောကင်သည်၊ မုန့်လက်ဆောင်းသည်၊ မုန့်စိမ်းပေါင်းသည်၊ မန်ကျီးဖျော်ရည်သည်။ ယိုးဒယားမုန့်တီသည်။ ညပိုင်းဆိုရင် ပဲမြစ်သည်၊ ပြောင်းဖူးပြုတ်သည်၊ မြေပဲပြုတ်သည် စသဖြင့် သတ်သတ်မှတ်မှတ်ရှိကြပါတယ်။ စားသုံးသူတွေဟာ ကိုယ့်စားနေကျ အသည်ရဲ့အော်သံကို မှတ်မိကြပါတယ်၊ အလားတူပဲ ဈေးသည်များကလဲ ကိုယ့်ဆီက၀ယ်နေကျအိမ်တွေအနားကို ရောက်ရင် အသံကို တမင်မြှင့်ပြီးဟစ်လေ့ရှိပါတယ်။ တချိန်ထဲမှာ မျက်လုံးကလဲ အမြဲ ကစားနေရတာပါ။ ဒီလိုရောင်းကြ၊ ကြော်ငြာကြတဲ့အခါမှာ ပဲပြုတ်တော်ရို့-ပဲပြုတ်ဆိုတဲ့အော်နည်းမျိုးဟာ သိပ်ရိုးလွန်းပါတယ်။ သူတကာ ထက်မထူးတဲ့အတွက် အာရုံ စွဲဆောင်နိုင်စွမ်းလဲ နည်းလှပါတယ်။ အဲဒီလိုနဲ့မမေ့နိုင်တဲ့ ဈေးသည်တချို့ရယ်လို့ ပြောစမှတ်ဖြစ်လာတာပါပဲ၊

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

 

lady

 

            မှတ်မှတ်ရရ ၂၀၀၈ နှစ်လည်လောက်မှာ ကျွန်မခါးနာနေတာကို သတိထားမိသည်။ ဆရာဝန်ပြလည်း ခဏတော့ သက်သာသလိုသလိုရှိကာ လုံးလုံးတော့မပျောက်ပြန်။ ဒီတော့ဆရာဝန်က အမျိုးသမီးရောဂါ တစ်ခုခုနှင့် ဆက်စပ်နေမလားတွေးကာ သားဖွားမီးယပ်အထုးကုနှင့် ပြကြည့်ဖို့ တိုက်တွန်းသည်။ ဒါနှင့်ပဲ သားဖွားမီးယပ်အထူးကု ပါမောက္ခ ဒေါက်တာကျော်ညွန့်နှင့် ပြဖြစ်သည်။ ဆရာကြီးက ကျွန်မကို ဓါတ်မှန်ရိုက်ခိုင်းသည်။ ခါးနာတာနှင့် ပတ်သက်သော သဲလွန်စ မရပါ။ သားအိမ်ထဲက အသားစကို စစ်ခိုင်းပြန်သည်။ ညောင်မြစ်တူးတာ ပုတ်သင်ဥပေါ်သည်ပဲ ပြောရမလား၊ ယုန်ထောင်ကြောင်မိလို့ပဲ ဥပမာ ပေးရမလားမသိပါ။ ခါးနာတာနှင့် မပတ်သက်သော အမျိုးသမီးရောဂါ တစ်ခုတွေ့သည်။ ထိုရောဂါကို ဆက်ကုရင်း ခါးနာတာကုဖို့က နောက်ဖက်ရောက်သွားသည်။ ၂၀၀၉  မှာ အမေရိကားကို ထွက်လာတော့ ခါးနာရောဂါက တန်းလန်း ကြီးပါလာသည်။

            ရောက်စမှာတော့ အလုပ်တွေရှုပ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေသေးသည်။ ၂၀၀၉ နှစ်လည်လောက်မှာ ခါးကပြန်နာလာ၏။ အော်ဟစ်နေရလောက်အောင် ဆိုးဆိုးဝါးဝါးကြီး မဟုတ်တာကြောင့် မှေးနေလိုက်သေးသည်။ နောက်တော့ ကြာကြာလမ်းလျှောက်လို့မရ၊ ကြာကြာထိုင်လို့ မရ၊ ကုန်းပြီးလုပ်ရသော အလုပ်တွေလုပ်လို့ မရ ဖြစ်လာသည်။ ဘယ်ဖက်ခြေ သလုံးကပါ ထုံလာကာ အမျိုးသားတစ်ယောက် အားနှင့် နှိပ်တာနင်းတာတောင် မနာတော့ပါ။ နောက်ဆုံးတော့ ဆရာဝန်ပြရတော့သည်။ ထုံးစံအတိုင်းပထမ အထွေထွေသမားတော်၊ ထိုသမားတော်ကတဆင့် ခါးရိုးပိုင်းဆိုင်ရာ အထူးကျွမ်းကျင်သူ Neurosurgeon တစ်ယောက် ကိုလွှဲပေးသည်။ နောက်ထပ်တွေ့ရသည့်ဆရာဝန်က x-ray ရိုက်ခိုင်းသည်။ ခါးနာခြင်းနှင့် ဆက်စပ်သော ထူးခြားသည့်တွေ့ရှိမှု မရှိပါ။ ထို့နောက် MRI ရိုက်ခိုင်းသည်။ MRI အဖြေရ တော့ Neurosurgeon ကိုသွားတွေ့ရသည်။ ဆရာဝန်ကြီးက Neurosurgery ဌာန၏ ဌာနမှုး ဖြစ်သည်။ ဆရာဝန်ကြီးနှင့်အတူ ကျွန်မ၏ ခါးနာရောဂါကို လေ့လာချင်သည်ဆိုသော လူငယ် ဆရာဝန်တစ်ယောက်လည်း ရှိနေသည်။

            သူတို့က ကျွန်မ၏ MRI ရိုက်ထားသော ပုံတွေကို အရင်ကြည့်ကြသည်။ ဆရာဝန်ကြီးက ပုံတစ်ပုံကို နှစ်စက္ကန့် လောက်ပဲကြည့်ကာ နောက်တစ်ပုံ၊ နောက်တစ်ပုံ ပြောင်းကြည့်သည်။ ပုံတွေကလည်း လေးဆယ် ငါးဆယ်လောက် ရှိမည်ထင်သည်။ ပုံတွေကို တဖြတ်ဖြတ်ကြည့်နေစဉ် သူတို့ဘာစကားမှ မပြောပါ။ တစ်ပုံကို နှစ်စက္ကန့်ခန့်နှုန်းနှင့် ပုံတွေအားလုံး ကြည့်ပြီးသွားတော့ ဆရာဝန်ကြီးက ဆရာဝန်လေး ဖက်လှည့်မေးသည်။

ထူးခြားတာဘာတွေ့လဲ

Star InactiveStar InactiveStar InactiveStar InactiveStar Inactive


            ဗမာပြည်သားတွေ အားကစားကို နိုင်ငံနဲ့အ၀ှမ်းလှုပ်ရှားတာ၊ စိတ်ဝင်စားတာဟာ အင်္ဂလိပ်ကိုလိုနီဘ၀ကျမှစတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ စာသင်ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံစတာတွေပေါ်လာတာနဲ့ တဆက်ထဲ အားကစား ပြိုင်ပွဲတွေပိုကျယ်ပြန့်လာ၊ ပုံမှန်ကျင်းပလာခဲ့ပါတယ်။

            ဒါပေမဲ့ကိုလိုနီဘ၀ရောက်နေတဲ့ နိုင်ငံတခုမှာ ဒီလိုအသင်းရယ်၊ ပြိုင်ပွဲရယ်လို့ဖြစ်လာတယ်ဆိုတာနဲ့ နိုင်ငံရေးစိတ်၊ အမျိုးသားစိတ်လဲ တပါထဲ ဝင်လာခဲ့ပါတယ်။ အဲဒီတုန်းက ဗမာအမျိုးသားတွေရဲ့စိတ်ထဲမှာ ဗမာနိုင်ငံသားများရဲ့ အားကစားနယ်ပယ်ကအောင်မြင်မှုတွေကို တခုတ်တရစွဲမှတ်ထားပြီး လူစုံတဲ့အခါ မြိန်ရည်ယှက်ရည်ပြောဆိုတတ်ကြပါတယ်။ ဥပမာ ဇော်ဝိတ်ကြီးအကြောင်းလို ကိစ္စမျိုးပါ။ အလားတူပဲ ဘော့လုံး၊ လက်ဝှေ့စတာတွေမှာ အင်္ဂလိပ် (စကော့တလန်၊ အိုင်ယာလန်၊ ဝေလ စသဖြင့်ခွဲခြားမနေပါဘူး)တွေနဲ့ ဗမာတွေပြိုင်တယ်ဆိုတိုင်း အသားကုန်အားပေးတော့တာပါပဲ။ ဘော့လုံးပွဲတွေမှာဆိုရင် အမျိုးသားရေး စိတ်တွေ၊ ရွာသားစိတ်တွေနဲ့ ဂေါ်ရာတွေကိုချဖို့ အားပေးကြပါတယ်။ ဂေါ်ရာဆိုတာက ဗြိတိသျှစစ်သားကိုခေါ်တဲ့ ကုလားစကားကလာတာပါ။ ဒီလိုနဲ့ ကိုလိုနီခေတ်မြန်မာနိုင်ငံမှာ လူထုအကြားအထွန်းကားဆုံး အားကစားတွေက ဘော့လုံး၊ လက်ဝှေ့အလေးမနဲ့ ကိုယ်ကာယတောင့်တင်းရေး၊ နောက်ပြီး ခြင်းလုံးတို့ပဲလို့ဆိုရင်ရပါမယ်။ ဒါပေမဲ့ မန္တလေးမှာခေတ်အစားဆုံးကတော့ လက်ဝှေ့၊ ကိုယ်ကာယတောင့်တင်းရေးနဲ့ခြင်းလုံးပါပဲ။

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

St. Peter's

 

            ကျနော့်ဘ၀မှာ ကျောင်းသုံးကျောင်းနေခဲ့ပါတယ်။ စိန်ဂျိုးဇက်ကွန်ဗင့်၊ စိန်ပီတာနဲ့ မန္တလေးတက္ကသိုလ်တို့ဖြစ်ပါတယ်၊ အဲဒီအထဲက ပထမဆုံးနေခဲ့ရတာကတော့ စိန်ဂျိုးဇက်ကွန်ဗင့်ဖြစ်ပါတယ်။ မဆလအစိုးရကသိမ်းယူပြီးနောက် အမှတ်(ဂ) အထကလို့ခေါ်စေခဲ့တဲ့ ၂၄လမ်းနဲ့၂၅လမ်းအကြား၊ ၈၂လမ်းပေါ် လမ်းရဲ့အနောက်ဖက်ကကျောင်းဖြစ်ပါတယ်။ ဗရင်ဂျီ ခရစ်ယာန်သာသနာပြု၊ မယ်သီလရင်ကျောင်းဖြစ်ပါတယ်။

            အဲဒီကျောင်းကြီးဟာ ဟိုကာလအတိုင်းအတာနဲ့ဆိုရင် အတော်ကိုကြီးတဲ့ နှစ်ထပ်အုတ်အဆောက်အဦတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျောင်းဝိုင်းအ၀င်ဝက ဘုရားရှိခိုးကျောင်းလေး ဗုံးကျလို့ပျက်စီးသွားတာကလွဲရင် ကျန်တာတွေ အားလုံးဟာ ဧရာမမန်ကျည်းပင်ကြီးတွေအကြားမှာ အကောင်းပကတိကျန်ခဲ့ပါတယ်။ ကျောင်းဝိုင်းဧရိယာအများစုဟာ နေပြောက်မထိုးဘူးလို့တောင် ဆိုနိုင်ပါတယ်။

            ကျနော်ကျောင်းစတက်တော့ အသက်ဘယ်နှစ်နှစ်ရှိပြီဆိုတာ မမှတ်မိပါဘူး။ ကျနော့်အမနဲ့အတူ လိုက်တက်ရတာပါ။ ကျောင်းပျော်အောင်ဆိုပြီး ထည့်လိုက်တာမျိုးလို့ထင်ပါတယ်။ သိပ်ငယ်ပါတယ်။ ၃-၄နှစ်အရွယ်ဖြစ်ပါလိမ့်မယ်။ ဘာသင်ရတယ်ဆိုတာ လုံးဝမမှတ်မိပါဘူး။ နေ့လယ်မှာအိပ်ရတာနဲ့ သီချင်းတွေဆိုရတာပဲမှတ်မိနေပါတယ်။