Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

  မကန

   တောင်ကုန်းလေး၏ခြေရင်းရှိ ဗရင်ဂျီကျောင်းဝင်းအတွင်း၌ တည်ရှိသောကြောင့် အ.လ.က(၂)ကျောင်းကို ဗရင်ဂျီကျောင်း ဟုသာခေါ်ဝေါ်ကြသည်။ ကျွန်တော် ဗရင်ဂျီကျောင်းတွင် သုံးတန်းအောင်ပြီးနောက် လေးတန်းကို ရန်ကုန်ရှိအမေကြီးတို့ အိမ်နှင့်သိပ်မဝေးသော ဦးနောခရစ်ယာန်ဘုရားရှိခိုးကျောင်းဘေးရှိ အ.မ.က(၁)လသာတွင် ဆက်တက်ရသည်။ အမေကြီး တို့အိမ်မှာ ဝိုင်းကူလုပ်ပေးနေသောမောင်ငယ်က ကျွန်တော့်ကို နေ့စဉ်ကျောင်းလိုက်ပို့ပေးသည်။ ထိုစဉ်က လေးတန်း အတန်းပိုင် ဆရာမဒေါ်ခင်ဌေး၏အခန်းတွင်သင်ရ၏။ တစ်နေ့ ဆရာမက ကျွန်တော့်ကော်ဖီဓာတ်ဘူးသေးသေးလေးထဲမှ ဓာတ်ဘူးအဖုံးဖြင့် ကော်ဖီတစ်ခွက်(တစ်ဖုံး)ယူမြည်းကြည့်ကာ “ကောင်းလိုက်တာ၊ ဘယ်သူဖျော်ပေးတာလဲ” ဟု မေးလိုက် သည့်နေ့မှစ၍ အမေကြီးသည် ဆရာမသောက်ရန်အတွက် ဓာတ်ဘူးလေးနှင့်အပြည့် နေ့တိုင်းကော်ဖီဖျော်ထည့်ပေးလေ တော့သည်။


    အဲသည်နှစ်က လေးတန်းပထမအစမ်းစာမေးပွဲ၌ အဆင့်တစ်ကို ကျွန်တော်တို့အတန်းထဲမှ ကောင်မလေးသုံး ယောက်က ပူးတွဲရယူခဲ့သည်။ သူတို့သုံးယောက်ထဲမှ အသားဖွေးဖွေး ပါးဖောင်းဖောင်းနှင့် နဖူးပေါ်မှဆံစများကိုသပ်တင် ကာ ကလစ်တစ်ချောင်းအမြဲထိုးထားတတ်သော သန္တာဝင်းဆိုသည့်ကောင်မလေးကို ဘာကြောင့်မှန်းမသိဘဲ သဘောကျ နေမိ၏။ သို့သော် လေးတန်းနှစ်တစ်နှစ်လုံးသာပြီးဆုံးသွားသည်၊ သူမနှင့်ကျွန်တော် စကားတစ်ခွန်းပင် မပြောဖူးခဲ့။

ကျွန်တော်တို့အတန်းထဲတွင် နွယ်နီထွန်းဟုခေါ်သော ယောက်ျားစိတ်ဝင်နေသည့် ကောင်မလေးတစ်ယောက်လည်းရှိ သည်။အခြားမိန်းကလေးများကဲ့သို့ ကျောင်းစိမ်းစကတ်မဝတ်ဘဲ အမြဲလိုလို ကျောင်းစိမ်းဘောင်းဘီရှည်ကိုသာ ဝတ်လာ လေ့ရှိသည်။ တစ်ခါက သူနှင့်ကျွန်တော် အတန်းရှေ့ထွက်ပြီး သိုင်းချတမ်းကစားရာ အတန်းပိုင်ဆရာမမြင်သွားပြီး နှစ်ယောက်စလုံးကို ကြိမ်လုံးစာကျွေးပါသည်။ နွယ်နီထွန်းကိုတော့ မိန်းကလေးတန်မဲ့ ယောက်ျားလေးနှင့်အပြိုင်ကဲသော ကြောင့် ဆရာမက ကြိမ်စာတစ်ချက်ပိုဆော်ခဲ့၏။


    အတန်းထဲတွင် လူကောင်သိပ်မထွားသော သက်ဇော်ခိုင်၊ ဇော်ဇော်အောင်နှင့် ကျွန်တော်တို့က ရှေ့ဆုံးအတန်းမှာ ထိုင်ရသည်။ ကျွန်တော်တို့နောက်ကအတန်းမှာတော့ ကတုံးပြောင်ပြောင်၊ ဗိုက်ပူပူနှင့် အားပါးတရပြုံးရယ်နေသော ‘ဦးတည်ဘွား’ အရုပ်ဆွဲကြိုးကိုဆွဲထားသည့် ချစ်လွင်ရယ်၊ ဖြိုးဝေမောင်ရယ်၊ တစ်ခြားတစ်ယောက်ရယ်ထိုင်သည်။ ထိုစဉ် က ချစ်လွင်၏လက်မနှစ်ချောင်းမှ လက်မဝက်ခန့်ရှည်သောလက်သည်းကြီးများကိုအားကျပြီး လက်သည်းအရှည်ထား လိုက်သေး၏။ သို့သော် သိပ်မကြာခင်မှာပဲ ကျောင်းကျန်းမာရေးလာစစ်မည်ဆိုသောကြောင့် နှမ်းတစ်ထောက်စာမျှရှည်နေ ပြီဖြစ်သော လက်သည်းများကို နှမြောတသစွာဖြင့်ညှပ်ပစ်လိုက်ရသည်။ အဲသည်နေ့က ချစ်လွင်တစ်ယောက် ကျောင်းလာ မတက်ပါ။


    ကျောင်းမုန့်စားဆင်းချိန်ရောက်လျှင် အမေကြီးပေးလိုက်သော မုန့်ဖိုးဆယ့်ငါးကျပ်မှာ မုန့်ဝယ်စားလိုက်ရသည်မရှိ ဘဲ ဖလင်ပြားများကိုနေရောင်တွင်ထောင်၍ တစ်ကွက်ချင်းလှည့်ကြည့်ရသော ကွန်ဖူးသုံးဖော်ရုပ်ရှင်(ရုပ်သေ)ကားများ ကြည့်ခြင်းဖြင့်လည်းကောင်း၊  မြေဖြူခဲနှင့်လုပ်ထားသော ကြွက်ဖြူရုပ်ကလေးများဝယ်ဆော့ခြင်းဖြင့်လည်းကောင်း၊ ကံစမ်း မဲနှိုက်ခြင်း၊ အပ်ချည်ကြိုးနှစ်ချောင်းကို ဘရိတ်ဓားဖြင့်တစ်ချက်တည်းပြတ်အောင်ဖြတ်ပြီး ဆုလက်ဆောင်များယူခြင်းဖြင့် လည်းကောင်း ကုန်သွားရသည်ကများသည်။


    လေးတန်းကျူရှင်တက်တော့ အမေကြီးတို့အိမ်နှင့်တစ်လမ်းပဲခြားသော ဆယ့်ကိုးလမ်းမှာတက်ရသည်။ အမေကြီး က ကျွန်တော်တစ်ယောက်တည်းပျင်းနေမည်စိုးသဖြင့် အဖော်ရအောင် မောင်ငယ်ကိုပါလိုက်တက်ခိုင်း၏။ ကျွန်တော်က လေးတန်းစာသင်ရပြီး မောင်ငယ်က သုံးတန်းစာသင်ရသည်။ တစ်နေ့ဆရာမက မောင်ငယ်ကို ‘ကြက်ဖတိန်ညင်’ ကဗျာ ကျက်ခိုင်းပြီး နောက်တစ်နေ့ပြန်မေးသည့်အခါ မောင်ငယ်က “ဘယ်ဘက်ကစူးစူး၊ ညာဘက်ကစူးစူး” ဟူသောနေရာတွင် မေ့နေသဖြင့် “စူးချင်ရာစူးပါစေ၊ အောက်အီးအီးအွတ်” ဟုဆက်ဆိုချလိုက်ရာ ဆရာမလည်း ခွက်ထိုးခွက်လန်ရယ်ပါလေ တော့သည်။ အိမ်ပြန်ရောက်၍ ကျွန်တော်က အမေကြီးတို့ကိုပြန်ပြောပြတော့ အမေကြီးတို့လည်း အားရပါးရရယ်လိုက်ကြ သည်မှာ မောင်ငယ်မိန်းမယူပြီး သားသမီးများမွေးသည့်တိုင်အောင်ပင်။


    သည်လိုနှင့် ကျွန်တော့်ညီလေး နှပ်ချေးခမ်းပြီးစအရွယ် ဝလုံးတန်းတက်ရသည့်အချိန်မှာတော့ အမေကညီလေး အဖော်ရအောင်ဆိုပြီး ကျွန်တော့်ကိုမြိတ်သို့ပြန်ပြောင်းစေ၏။ သို့နှင့် ငါးတန်းကို ဗရင်ဂျီကျောင်းမှာ ပြန်လာတက်ရသည်။ ရန်ကုန်ကျောင်းမှသူငယ်ချင်းများနှင့်ခွဲခွာရ၍ ဝမ်းနည်းရခြင်းကို မြိတ်ကျောင်းမှသူငယ်ချင်းဟောင်းများနှင့်ပြန်တွေ့ရသဖြင့် ဝမ်းသာရခြင်းက ချေဖျက်ပစ်လိုက်သည်။ ထိုနှစ်မှာပင် ကျွန်တော့်အတွက် ပထမဆုံး ဘီအမ်အိတ်စ်စက်ဘီးလေးကို အဖေ နှင့်အမေကဝယ်ပေးခဲ့၏။ ထိုနှစ်မိုးရာသီမှာပင် ပထမဆုံးအကြိမ် ကျွန်တော်စက်ဘီးမှောက်ခဲ့၏။ အဲသည်နေ့က မိုးက ရုတ်တရက်ရွာချလာသဖြင့် အိမ်အမြန်ပြန်ရောက်ချင်ဇောဖြင့် စက်ဘီးကိုအားကုန်နင်းလာရာ ကတ္တရာလမ်းမပေါ်၌ မိုးရေ ထွက်ချိုးနေဟန်တူသော အုတ်ခဲကျိုးတစ်လုံးနှင့်တိုက်မိပြီး ဘိုင်းခနဲပစ်လဲလေသည်။ ရလဒ်မှာ တံတောင်ကွဲ၏၊ ဒူးပြဲ၏၊ ဆီးခုံအောင့်သွား၏။ ဤသို့ဖြင့် စက်ဘီးလေးလည်း ကျွန်တော်တို့အိမ်လှေကားအောက်ရှိ ပစ္စည်းဟောင်းများစုပုံထိုးသိပ် ထားသောနေရာ၌ အနားယူနေခဲ့ရသည်မှာ ကျွန်တော့်ညီတော်မောင် စက်ဘီးစီးတတ်ချိန်အထိပင်။


    အလယ်တန်းကျောင်းသားဘဝက ကျွန်တော်တို့အုပ်စုအတွင်း မလုပ်ရမနေနိုင်အောင်ခေတ်စားခဲ့သော ယဉ်ကျေး မှုတစ်ခုမှာ အပတ်စဉ်ထွက် ရွှင်ပြုံး၊ တတိုင်းမွှေး(တွတ်ပီ) အစရှိသည့်ကာတွန်းဂျာနယ်များမှ ဆေးရောင်ခြယ်ပြိုင်ပွဲများမှာ အလုအယက် ဝင်ပြိုင်ကြခြင်းပင်။ ကျွန်တော်နှင့် စိုးမိုးလွင်က အပတ်စဉ်ပြိုင်ကြသည်။ ကျော်လင်းဦးနှင့် သန်းစိုးက တစ်ခါ တစ်ရံမှဝင်ပြိုင်သည်။ ဂျာနယ်ဝယ်ပြီးပြီဆိုသည်နှင့် ဆေးရောင်ခြယ်အချပ်ပိုစာရွက်ကို အရင်ဆုံးဆွဲထုတ်၍ စုတ်တံတစ် ချောင်းဖြင့် ရေခဲခွက်ထဲထည့်စပ်ထားသည့် ဆေးရောင်များတို့ကာတို့ကာဖြင့် စိတ်ကူးပေါက်သလို ခြယ်ကြ၏။ ထို့နောက် စာအိတ်ထဲထည့်ပိတ်ကာ ကျွန်တော်တို့အိမ်အနီးရှိ တောင်ကုန်းလေးပေါ်မှစာတိုက်သို့သွား၍ အမြန်ချောပို့ကြသည်။ မတော်တဆ ‘နှစ်သိမ့်ဆု’ များရလာတတ်သည့်အခါမျိုးမှာတော့ စာတိုက်မှတစ်ဆင့်ပေးပို့လိုက်သော မေတ္တာလက်ဆောင် ဂျာနယ်များကိုကိုင်ပြီး အတန်းထဲတွင် လေလုံးထွား ကြွားလုံးထုတ်ရသည်မှာ ထမင်းမေ့ ဟင်းမေ့။  


    ကျွန်တော်တို့ ဆေးရောင်ခြယ်ပြိုင်ကြတာကိုအားကျပြီး သူလည်းပြိုင်ချင်သည်ဟုဆိုကာ ဝါတာကာလာ ညှစ်ဆေး တောင့်များဝယ်၍ ကျွန်တော်တို့ကိုဆေးရောင်စပ်နည်းများမေးလေ့ရှိသူက အာကာကျော်။ ကျွန်တော်တို့ကလည်း စိတ်ပုပ် ပြီး လုံးဝမပြောပြကြ။ သူက ဇွဲမလျှော့ဘဲမေးလေ ကျွန်တော်တို့က မပြောပြလေ။ သို့နှင့် သိပ်မကြာခင်မှာပင် အာကာကျော် တစ်ယောက် ကျွန်တော်တို့မြို့၏အနောက်ဘက်ရှိ ရေတံခွန်တစ်ခုသို့ ပျော်ပွဲစားခရီးထွက်သွားပြီးသည့်နောက် ကျွန်တော် တို့ကျောင်းကွန်ပျူတာအခန်းထဲသို့ ‘မောင်အာကာကျော်၊ သတ္တမတန်း(က)၊ ကောင်းမှု’ ဟု ကမ္ဗည်းထိုးထားသော စာအုပ် ဗီရိုကြီးတစ်လုံးရောက်ရှိလာခဲ့တော့သည်။ ကျွန်တော်တို့သူငယ်ချင်းတစ်စု သကြားထုပ်လေးများကိုယ်စီဆွဲ၍ သူ့ထံရောက် သွားချိန်မှာတော့ ဇာခြင်ထောင်ပါးလေးထဲမှာ မျက်စိမှိတ်ပြီး ငြိမ်သက်စွာလဲလျောင်းနေလျက်သား တွေ့လိုက်ရ၏။ ထိုနေ့ က သူ ကျွန်တော်တို့ကို ဆေးရောင်စပ်နည်းများ မမေးခဲ့ပါ။ မေးလာခဲ့လျှင်ကော ကျွန်တော်တို့က မပြောပြဘဲနေကြဦးမည် လား။


    အဲသည်တုန်းက ဗရင်ဂျီကျောင်း၏ကျောင်းအုပ်ကြီးမှာ မကြာသေးခင်က နယ်မှအသစ်ပြောင်းလာသော ဆရာကြီး ဦးသောင်းဟန်ဖြစ်သည်။ ကျွန်တော်တို့နှင့်စတွေ့ချိန်မှာပင် ဆရာကြီး၏ဦးခေါင်းထက်မှဆံပင်ဖြူများက ဆရာကြီး၏အသက် ထက် သုံးဆခန့်ပိုများနေပြီ။ ဆရာကြီးသည် အရပ်မြင့်မြင့်နှင့် စကားပြောလိုက်လျှင် ပါးစပ်ထဲမှငွေကွပ်ထားသော သွား တစ်ချောင်းက လက်ခနဲ လက်ခနဲ ပေါ်လာတတ်သည်။ ကျောင်းပြောင်းလာပြီးသည့်နောက်တစ်နေ့မှာပင် တစ်ကျောင်း လုံးအထူးသန့်ရှင်းရေးလုပ်ခိုင်းပြီး ဆရာကြီးကိုယ်တိုင်အထူးပြုလုပ်ထားသော ဝါးခြမ်းပြားတစ်ချောင်းကိုင်၍ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်စစ်၏။ ယင်းနောက် ပင့်ကူတစ်မျှင်တွေ့၏၊ အမှိုက်တစ်စမြင်၏ဟူသောအကြောင်းပြချက်များဖြင့် အခန်းတိုင်းတစ်ယောက်မကျန်အောင် ဝါးခြမ်းပြားစာကျွေးရာမှ အရိုက်ကြမ်းသည်ဟု နာမည်ကြီးသွားလေသည်။ ထိုနေ့ တုန်းက ကျွန်တော်တို့တစ်ကျောင်းလုံး ပရုတ်ဆီနံ့များ လှိုင်လှိုင်မွှေး၍ ရှိန်းရှိန်းမြခဲ့ရသည်။


    ဆရာကြီးတို့မိသားစုက မူလတန်းကျောင်းဆောင်အပေါ်ထပ်မှ အခန်းတစ်ခန်းတွင်နေကြသည်။ ဆရာကြီး၏ သားလေးယောက်တွင် ‘လင်းလင်း’ ‘ဝင်းဝင်း’ ဟူသော အမြွှာညီအစ်ကိုနှစ်ယောက်လည်းပါသည်။ စတွေ့တွေ့ချင်း မည်သူ ကလင်းလင်း၊ မည်သူကဝင်းဝင်းမှန်း မခွဲခြားတတ်သေးသော်လည်း မြင်တွေ့ရဖန်များလာတော့ ခွဲတတ်သွား၏။ သား လေးယောက်လုံးကို ဆရာကြီးကိုယ်တိုင် (စက်ကတ်ကြေးဖြင့်) ဆံပင်ညှပ်ပေးလေ့ရှိသော်လည်း ဆရာကြီး၏ဆံပင်ကို တော့ ဆရာကြီး၏ဇနီးကညှပ်ပေးသည်ဟူ၏။ သို့သော် မည်သူပဲညှပ်ညှပ်၊ မည်သည့်လက်ဖြင့်ညှပ်ညှပ်၊ မည်သည့်အချိန် မှာညှပ်ညှပ် ဆရာကြီးတို့သားအဖတစ်တွေ၏ ဆံပင်ပုံစံကတော့ အမြဲတမ်းတစ်ထေရာတည်း။ ဗိုလ်လောင်းကေ။


    ကျွန်တော်တို့ဗရင်ဂျီကျောင်းလေး၏ ကျောင်းမုန့်ဈေးတန်းလေးသည် နေရာမကျယ်ဝန်းလှသော်လည်း မုန့်မျိုးစုံ ဝယ်စားလို့ရသည်။ ကျောင်းပရဝဏ်အတွင်း၌ ဆရာမများကရောင်းပြီး ကျောင်းဝင်းအပြင်၌မူ ပြင်ပဈေးသည်များက လာ ရောက်ရောင်းချကြ၏။ သင်္ချာဆရာမဒေါ်လှဝင်းက ယိုးဒယားမှလာသော သရက်သီး၊ စပျစ်သီး စသောသီးစုံဖျော်ရည်များ ရောင်းသည်။ သိပ္ပံဆရာမဒေါ်သန်းသန်းဝင်းက ပေါင်မုန့်များရောင်းသည်။ ဆရာမရောင်းသည့်ပေါင်မုန့်စားလျှင် ထွားကျိုင်း သန်မာလာမည်ဟုဆိုသောကြောင့် သေးသေးညှက်ညှက် စိုးမိုးလွင်က နေ့တိုင်းပေါင်မုန့်ဝယ်စားသည်။ ကျောင်းထဲ၌ မုန့်အစုံလင်ဆုံးနှင့် လူအစည်ကားဆုံးဆိုင်မှာ ဒေါ်တင့်ဆိုင် ဖြစ်သည်။ ကျောင်းသားကျောင်းသူများ အမြဲတိုးကြိတ်နေလေ့ ရှိသောဒေါ်တင့်ဆိုင်မှာ ကျွန်တော်အကြိုက်ဆုံးမုန့်ကတော့ ဆီသုတ်ပြီးမွှေးကြွပ်နေအောင်ကင်ထားသော ရှပ်(ဂုံး)သီကင် များပင်။


    ကျောင်းပြင်ပမှာတော့ ရေခဲခြစ်(ရေခဲပေါက်စီ)၊ ကပ်စေးနှဲ၊ ဝက်သားတုတ်ထိုး၊ အာတာပူစီ၊ အုန်းမွှေးလုံး စသည် ဖြင့် နေရာမျိုးစုံမှ ဈေးသည်မျိုးစုံလာရောက်ရောင်းချကြသည်။ ဗရင်ဂျီကျောင်းမှာ ရှစ်တန်းအထိ အတန်းကုန်အောင်နေခဲ့ သော်လည်း ကျောင်းမုန့်ဈေးတန်းတွင်း ကျွန်တော်တစ်ခါမှမဝယ်စားဖူးခဲ့သော အစားအစာတစ်မျိုးမှာ ဝက်သားတုတ်ထိုး ဖြစ်သည်။ တစ်ခေါင်းလုံးဖွေးအောင်ဖြူနေသော ဈေးသည်အဘိုးကြီးက အထမ်းလေးနှင့်လာရောင်းသော ဝက်သား တုတ်ထိုးမှာ အသားထက်အဆီကပိုများနေပြီး နီရဲနေသောဝက်သားပြုတ်ရည်ကလည်း မည်သို့မျှသောက်ချင်စဖွယ်မရှိ။ သို့သော်လည်း ကျောင်းသားတချို့ကတော့  အဖျားချိုးထားသောတုတ်ချောင်းလေးတွေထိုးထားသည့် ဝက်ဆီတုံးလေးများ စားလိုက်၊ အငွေ့တထောင်းထောင်းထနေသည့် ဝက်ပြုတ်ရည်နီကျင့်ကျင့်များ ရှူးခနဲ ရှူးခနဲ မှုတ်သောက်လိုက်နှင့် မကြာ မကြာ တိုးဝှေ့စားသောက်နေတတ်သည်။ (ယခုအချိန်အထိ ယင်းဝက်သားတုတ်ထိုးသည်အဘိုးကြီးမှာ ကျောင်းတကာ လှည့်၍ ရောင်းနေဆဲ။ သို့သော် အထမ်းနှင့် မဟုတ်တော့၊ တွန်းလှည်းလေးနှင့်ဖြစ်သွားပြီ။)


    ကျောင်းမုန့်ဈေးတန်းသို့ တစ်ခါတစ်ရံမှလာရောင်းလေ့ရှိသောမုန့်သည်မှာ သကြားတုတ်ထိုးအရုပ်သည်ဖြစ်သည်။ ခပ်နွမ်းနွမ်းစစ်ဦးထုပ်တစ်လုံးဆောင်းကာ သကြားအရုပ်လုပ်သည့်သေတ္တာလေးကို စက်ဘီးနောက်ခုံမှာတင်ပြီး ကျောင်း သားများတောင်းဆိုသမျှအရုပ်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ပေးတတ်သဖြင့် သူအနားမှာကျောင်းသားလေးများ ပတ်လည်ဝိုင်းနေလေ့ရှိသည်။ သူလုပ်ပေးသော မျောက်ရုပ်၊ ရေသူမရုပ်၊ ဇီးကွက်ရုပ်၊ နှင်းဆီပန်းရုပ်၊ ကီမိုနိုနှင့် ဂျပန်မရုပ် တို့မှာ ကျွန်တော်တို့အတွက်တော့ အလွန်လက်ရာမြောက်လှ၏။ သူ့သကြားရုပ်များက လုပ်ရလက်ဝင်လေ ဈေးပိုပေးရ လေဖြစ်သည်။ ဇီးကွက်ရုပ်နှင့်ဂျပန်မရုပ်များမှာ ပုံစံခွက်ထဲသို့ထည့်ပြီး လေမှုတ်သွင်းလိုက်ရုံနှင့်ရသဖြင့် ဈေးသိပ်မကြီး သော်လည်း နှင်းဆီပွင့်နီနီလေးမှာ ပွင့်ဖတ်များကိုတစ်ခုချင်း စိတ်ရှည်ရှည်လိုက်ကပ်ရသောကြောင့် ဈေးအလွန်ကြီး၏။ သကြားရုပ်လေးများလုပ်ပြီး အပေါ်မှပလတ်စတစ်အိတ်အကြည်နှင့်အုပ်ပေးလိုက်သဖြင့် ကျွန်တော်တို့မှာ သူ့အရုပ်လေး များကို မစားရက် မသောက်ရက်၊ သည်အတိုင်းအလှကြည့်နေရ၏။ ဤသို့ဖြင့် သကြားရုပ်ကလေးများမှာ တစ်ခုမှမစား လိုက်ရဘဲ ပုရွက်ဆိတ်တက်ကုန်၍ လွှင့်ပစ်လိုက်ရသည်ကများသည်။


    အလယ်တန်းတုန်းက ကျွန်တော်နှင့်အတွဲညီခဲ့သည်မှာ နာမည်ကလွဲ၍ ကျန်တာဘာတစ်ခုမှမတူကြသော စိုးမိုး လွင်နှင့် ငြိမ်းငြိမ်းလွင်တို့ အမြွှာမောင်နှမ။ ဘုရားစူးအမြွှာမောင်နှမ။ စိုးက ညိုညိုကျစ်ကျစ်ကလေးဖြစ်ပြီး ငြိမ်းကျပြန်တော့ ဖြူဖြူမြင့်မြင့်။ ပြီးတော့ သူတို့မောင်နှမနှစ်ယောက်က အမြဲတမ်းတကျက်ကျက်နှင့်။ သို့ရာတွင် ရန်ဖြစ်လိုက်တိုင်း ခန္ဓာ ကိုယ်ထွားသော ငြိမ်းကပဲ အမြဲငိုရတတ်သည်။ စိုးက အငယ်ဆိုပေမယ့် ယောက်ျားလေးကိုး။ ကျွန်တော်တို့သုံးယောက် လွယ်အိတ်ကိုယ်စီလွယ်ကာ ညနေတိုင်း ကျူရှင်သို့အတူလမ်းလျှောက်သွားကြသည်။ စိုးတို့ ဥပုသ်စောင့်သောကာလသို့ ရောက်လျှင် ကျူရှင်သွားရာလမ်းရှိဗလီကြီးရှေ့၌ ဥပုသ်ထွက်ချိန်ရောင်းတတ်သည့် ကုလားပဲပြုတ်သုပ်များဝယ်စားကြရ သည်မှာ အမှတ်တရပင်။


    ကျွန်တော်တို့ကျောင်းသို့ ပန်းသီးတစ်ခြမ်းပဲ့တံဆိပ်နှင့် ကွန်ပျူတာနှစ်လုံးရောက်လာတော့ ကွန်ပျူတာပန်းချီ လေ့ကျင့်ရန် ကျွန်တော်နှင့်စစ်မှူးပိုင်တို့ ကျောင်းသို့ညတိုင်းသွားရသည်။ နှစ်ယောက်သားကြောက်ကြောက်လန့်လန့်နှင့် နင်းလိုက်တိုင်းအသံမြည်နေသော ကျောင်းလှေကားမှောင်မှောင်မည်းမည်းကြီးမှတက်ပြီး ကွန်ပျူတာအခန်းထဲသို့သွားခဲ့ရ သည်ကိုပြန်တွေးမိတိုင်း ကြောက်ချင်သလိုလို ရယ်ချင်သလိုလို။ ကွန်ပျူတာအခန်းမီးဖွင့်ပြီးသွားလျှင်တော့ အနည်းငယ် အကြောက်ပြေသွားသည်။ ကွန်ပျူတာဂိမ်းဆော့လိုက်ရလျှင်တော့ ဘာပဲလာလာ ကြောက်ဖို့သတိမရတော့။ သို့သော် ပြိုင်ပွဲနီးလာသောအခါ ဆရာကြီးကိုယ်တိုင် မကြာမကြာ လာစောင့်ကြည့်နေတတ်သောကြောင့် ဂိမ်းခိုးဆော့၍မရတော့ပေ။
    ရှစ်တန်းရောက်တော့ အမှတ်(၁)ကျောင်းမှ မသက်ထားဝေ၊ အမှတ်(၃)ကျောင်းမှ ကိုကျော်ကျော်အောင်တို့နှင့် အတူ ထားဝယ်မှာကွန်ပျူတာပန်းချီသွားပြိုင်ရသည်။ ‘ကျော်’ ကွန်ပျူတာမှ ဆရာဦးကျော်ဦးက ကျွန်တော်တို့နှင့်အတူလိုက် ခဲ့သည်။ ထားဝယ်ကောလိပ်မှာတည်းကြတော့ ထားဝယ်ဆောင်းက ကျွန်တော်တို့ကို ချမ်းချမ်းမြမြကြိုဆို၏။ ထိုစဉ်က ကျွန်တော်နှင့် ကိုကျော်ကျော်အောင်တို့နေရသောအခန်းထဲတွင် ပတ္တလားအပျက်ကြီးတစ်လုံးရှိသဖြင့် မနက်မနက် တစ်ယောက်တစ်လှည့်စီ အချမ်းပြေလက်သံစမ်းကြရာ စမ်းရင်းနှင့်သာအချိန်ကုန်သွားသည်။ သီချင်းတစ်ပုဒ်မှထွက်မလာ။


    ထားဝယ်အထက်တန်းကျောင်းတစ်ကျောင်းတွင် ကွန်ပျူတာပန်းချီပြိုင်ခါနီး အမေပေးလိုက်သော တာလီမှတ်စက် လေးကိုနှိပ်ရင်း ဘုရားစာရွတ်နေသောကျွန်တော့်ကို ထားဝယ်မှကွန်ပျူတာပြိုင်ပွဲဝင်တစ်ဦးက “ဘာလုပ်နေတာလဲ” ဟု လာစပ်စုသဖြင့် “ပုတီးစိတ်နေတာ” ဟု ဖြေလိုက်ရာ ပြုံးစိစိဖြင့်ပြန်လှည့်ထွက်သွားသည်။ သူဘာကြောင့်ပြုံးသွားတာလဲဟု စဉ်းစားနေခိုက်မှာပင် ဆရာမတစ်ဦးက ပြိုင်ပွဲဝင်များအခန်းထဲသို့ဝင်ရန်လှမ်းခေါ်လိုက်ရာ တာလီစက်လေးကို လွယ်အိတ် ထဲသို့ထည့်ပြီး အဆုတ်နှစ်ဘက်စလုံးဖောင်းကားသွားအောင် လေတွေတစ်ဝကြီးရှူသွင်းပစ်လိုက်သည်။

လင်းဇင်ယော်
၂၀၁၂၊ ဖေဖော်ဝါရီ။
 သရုပ်ဖေါ်ပန်းချီမင်းကိုနိုင်