Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

htein lin

ဟိုတစ်နေ့က ပါရီမှာ နာအိုမီ ကန်ဘဲ အလုခံရာကနေ ရိုက်နှက်သွားလို့ ဒါဏ်ရာ အကြီးအကျယ်ရသွားတဲ့ အကြောင်း သတင်းမှာ ဖတ်လိုက်ရလို့ ပါရီမြို့ အကြောင်းစဉ်းစားနေမိသေးတယ်။ ကျွန်တော် ပါရီကို တစ်ယောက်ထဲ ခရီးသွားတိုင်း စိတ်ထဲမှာ လုံခြုံတယ်လို့ မခံစားရဘူး။ ခါးပိုက်နှိုက် အုပ်စုတွေ သောင်ကျန်းတယ်လို့ နာမည်ကြီးတဲ့ ပါရီမှာ ကိုယ်ကိုယ်တိုင်လည်း ခါးပိုက်နှိုက်ခံရခါနီးပါး ကြုံတွေ့ဖူးတော့ ပါရီကို ကျွန်တော် အမြဲတမ်း သတိထားသွားတယ်။

လန်ဒန်ကိုတော့ ကျွန်တော် တော်တော်လေး စိတ်ချတယ်။ လန်ဒန်က ပိုပြီး လုံခြုံလို့လည်း မဟုတ်ဘူး။ ကိုယ်နေတာကြာလို့ တဖြေးဖြေး စိတ်ချသွားတာ။ ညဘက်တွေဆိုလည်း တစ်နာရီ၊ နှစ် နာရီ တစ်ယောက်ထဲ လမ်းလျှောက်နေကြ။ ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ် မဖြစ်အောင် လျှောင်နိုင်၊ တိမ်းနိုင်မယ်လို့ ထင်တာလည်းပါတာပေါ့။ ဒီနေ့မှ ဘဝမှာ ပထမဦးဆုံးအကြိမ် အနုကြမ်း အစီးခံရတယ်။ အိမ်နဲ့ ငါးမိနစ်/ဆယ်မိနစ် လောက် လျှောက်ရတဲ့ ဘတ်(စ)ကားပြေးတဲ့ လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် အနုကြမ်း စီးတာ။ အမဲကောင်လေး ၆ ယောက်၊ ၇ ယောက်လောက်ပဲ။ အသက်တွေက ၁၆ က ၂၀ လောက်ပဲရှိမယ်။ ကျွန်တော့ကို မြင်တော့ လမ်းတစ်ဖက်က ကူးလာတယ်။ ကိုယ့်ကို မြင်လို့ ကူးလာတယ်ထင်လို့ ဆေးလိပ်တောင် မသောက်တော့ပဲ မသိမသာ အိပ်ထဲပြန်ထည့်ထားလိုက်တယ်။ ဒီမှာ လူငယ်တွေက လမ်းမှာ ဆေးလိပ်တောင်းသောက်လေ့ရှိတယ်။ သူတို့ အသက်ပြည့်လား၊ မပြည့်လားမသိတော့ သွားတိုက်လိုက်မိရင် ကိုယ့်အပြစ်ဖြစ်မှာဆိုတော့ ပြသနာမဖြစ်ချင်။ သူတို့မှာ ဒီထက်ပိုကောင်းတဲ့ အကြံရှိတာကိုယ်က မသိလိုက်ဘူး။ သူတို့ ကျွန်တော့ကို ဝိုင်းလိုက်တဲ့ အချိန်မှာ အသိက နောက်ကျသွားပြီ။ ဒီကောင်တွေက ကွတ်တိပဲ သစ်ပင်ကြီးကြီး တစ်ပင်အောက်မှာပဲ ဝိုင်းလိုက်ပြီး မသိရင် သူငယ်ချင်းတွေ ရပ် ပြီး စကားပြောနေတဲ့ ပုံစံ နဲ့ ဝိုင်းထားလိုက်တယ်။ လူတွေက အကုန် ခေါင်းစွတ်တွေ ခပ်ငိုက်ငိုက် ဆောင်းထားတယ်။ လက်တွေက အားလုံး အပေါ်အကျီင်္ထဲ ထည့်ထားတယ်။ဒါဆို ဓား ပါတယ် သဘောပေါက်။ ကျွန်တော်နဲ့ အရပ်ချင်း ရွယ်တူလောက်က ယဉ်ယဉ်ကျေးကျေးပဲ "ဘော့ မင်းဖုန်းငါ့ပေးပါတဲ့"။ ကျွန်တော်တို့ မြန်မာတွေကို ဒီလိုမျိုး လာကြောလို့ ဘယ်ရမလဲ၊ တခါထဲ အရူးကွက် နင်းလိုက်တာပေါ့။ မကြားသလိုလို၊ နားမလည် သလိုလိုနဲ့ အနီးအနား ရဲကားများဖြတ်မလား အချိန်ဆွဲကြည့်တယ်။ နောက်က တစ်ယောက်က လှမ်းပြောတယ် အသားမနာချင်ပါနဲ့တဲ့။ ရှေ့တည့်တည့်က နောက်တစ်ယောက်က ငါတစ်ကနေသုံးအထိ ရီမယ်ဆိုပြီး စတွက်တယ်။ သုံး မရောက်ခင်မှာ ကျွန်တော့လက်က လျှင်မြန်စွာပဲ အိပ်ထဲက ဖုန်းကို နှိုက်ပြီး ပေးလိုက်တယ်။ ဒါမျိုးတော့ လာစမ်းလို့ မရဘူး။ မတရားမှုကို မကြိုက်လည်း ခုနှစ်ယောက်၊ တစ်ယောက်ချရအောင် ကိုယ်က ဂျက်ကီချမ်းမဟုတ်ဘူး။ ဒီဖုန်းပေးရတော့မယ်ဆိုတာ သိကထဲက အိမ်က ဖုန်းအစုတ်လေး ခေါင်းထဲပြန်မြင်ပြီးသား။ ကိုယ်က အာမခံလည်း မထားတော့ ဖုန်းက ပြန်ရဖို့မရှိ။ တောဘုရင် ခြသေ့င်္တောင် ခွေးအအအုပ်နဲ့တွေ့ရင် နောက်ဆုတ်ရသေးတာပဲလို့ မှတ်တယ်။ သကောင့်သားတွေက ဖုန်းနဲ့ မပြီးဘူး။ ပိုက်ဆံအိတ် ထုတ်ခိုင်းတယ်။ ကိုယ့်အိပ်တွေကို နှိုက်မယ် ပြုမယ်လုပ်လာတဲ့။ ကျွန်တော်ကလည်း ဒီနေ့မှ ပိုက်ဆံ ပေး စရာရှိလို့ လက်ထဲမှာ ၁၄၀ လောက်ပါလာတယ်။ ဒါတောင် ဘဏ်ကစက်မှာ ငွေသွားထုတ်ဖို့သွားတာ။ ပိုက်ဆံပါလာတာကို မေ့နေတာ။ မတတ်နိုင်ဘူး။ ဒီကောင်တွေကို နည်းနည်းတော့ တန်အောင် ဟောက်မယ်ဆိုပြီး "ငါ့ကို မထိနဲ့လို့၊ မင်းတို့ ပိုက်ဆံရရင် ပြီးရောမှတ်လားဆိုပြီး ပိုက်ဆံအိပ်ကို ဖွင့်ပေးလိုက်တယ်။ ဒီကောင်တွေကလည်း ပိုက်ဆံတွေ အကုန်ဆွဲထုတ်သွားတယ်။ ပိုက်ဆံအိတ်တော့ မယူသွားဘူး။ အရေးထဲ ပိုက်ဆံနဲ့ ညပ်ပြီး တစ်ပေါင်တန် ထီလက်မှတ်ပါသွားတယ်။ ထီသာပေါက်ချင်တာ ထီထိုးရမှာ ပျင်းလို့ ရှားရှားပါးပါး ဝယ်ပြီး မတိုက်ဖြစ်တဲ့ လက်မှတ် ပေါက်သွားရင်တော့ ကိုယ်ကျိုးနဲဦးမှာ။ ပြန်တောင်းမလို့ နောက်မှ အိပ်ထဲမှာ လပ်တော့ ပါတာ သွားသတိရသွားလို့ ချက်ချင်း ထွက်လာခဲ့တယ်။ ဒီကောင်တွေကလည်း ပိုက်ဆံ အဲလောက်ရမယ် မထင်လို့ ဝမ်းသာနေလားမသိ၊ ဒိုးသွားတယ်။

          ပြီးပြီးချင်း ခရိုင်ဒန် ရဲစခန်းကို သွားလိုက်တယ်။ ဟိုမှာ နာရီဝက်လောက် စောင့်ပြီးတော့ အမှုဖွင့်ဖို့ ကိုယ့်အလှဲ့ရောက်တယ်။ ရဲတွေ အလုပ်လုပ်ပုံက နှေးပေမဲ့ တော်တော်လေး စေ့စေ့စပ်စပ် မေးနိုင်တယ်။ ကိုယ့်ကို ကိုယ်ထိလက်ရောက် မစော်ကားပေမဲ့၊ လက်နက်ပြ မခြိမ်းခြောက်ပေမဲ့ အခုလို လူအုပ်နဲ့ ဝိုင်းပြီး ပစ္စည်းယူတာလဲ ရာဇဝတ်မှုဖြစ်တဲ့ လုယက်မှု၊ ခြိမ်းခြောက်မှုတွေနဲ့ အရေးယူလို့ရကြောင်း။ ဒီအမှု အသေးစိတ်ကို အခုပဲ ရဲမှတ်တမ်းထည့်ပြီး၊ ၃၆ နာရီ အတွင်း ပြန်လည်စစ်ဆေးမှာဖြစ်ကြောင်း၊အခင် ဖြစ်တဲ့ အချိန်အတွင်း၊ အဲဒီနယ်မြေ အတွင်းက စီစီတီဗီတွေက တဆင့် ကျွန်တော်ပြောတဲ့ လူအုပ်ကို ရှာပြီး ခြေရာခံမှာဖြစ်ကြောင်း၊ ဒီအမှုအတွက် အရာရှိတစ်ယောက်ကို တာဝန်ပေးပြီး သေချာစစ်ဆေးမှာဖြစ်ကြောင်း၊ အခုလို နေ့ခင်းကြောင်တောင်မှာဖြစ်သွားတဲ့ အတွက် သူတို့အနေနဲ့ ဒီအမှုကို သေသေချာချာ ကိုင်တွယ်မှာဖြစ်ကြောင်းများ ရှင်းပြတယ်။ ဖုန်းပျောက်သွားတဲ့ အတွတ် အာမခံ ကုမ္ပဏီကို ပြဖို့ ထောက်ခံစာ လိုမလို လည်း မေးတယ်။ အခုလိုမျိုး အဖြစ်အပျက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်တာတွေ ဘာတွေရှိရင် ဆွေးနွေးတိုင်ပင်ပေးမဲ့ အရာရှိနဲ့ စကားပြောမပြောချင်မေးတယ်။ ပြီးတော့ ဖုန်းကို ချက်ချင်းပိတ်ဖို့ ကိုယ့် ဆားဗစ် ပရိုဘိုက်တာရဲ့ နာပါတ်ကို ပေးပြီး ပိတ်ခိုင်းပါတယ်။ ကျွန်တော်လည်း ဖုန်းအလကားရတာနဲ့ အလုပ်ကိုပါ ဖုန်းဆက်ပြီး ခွင့်တိုင်လိုက်တယ်။ ဘာပဲပြောပြော ရဲစခန်းမှာ တွေ့ရတဲ့ အတွေ့အကြုံကတော့ စိတ်မပျက်စေခဲ့ပါဘူး။

ဒီအမှုမှာ တရားခံတွေ ဘာတွေကို မိမယ် မမိဘူးလည်း မျှော်လင့်ချက်မထားပါဘူး။ ဆုံးရှုံးသွားတာတွေကတော့ ပြန်ရဖို့ လမ်းမရှိလောက်ပါဘူး။ ဘာပဲ ပြောပြော ရဲကို အခုလို အသေးစိတ် သတင်းပေးလိုက်နိုင်တော့ နောက်ပိုင်း ဒီအဖွဲ့တွေကို ခြေရာခံဖို့ ပိုလွယ်သွားမယ်လို့တော့ ထင်တယ်။ ကျွန်တော်တို့ အိမ်နားက လမ်းကိုလည်း ပိုပြီး လုံခြုံတဲ့ နေရာဖြစ်အောင် လုပ်ပေးမယ်လို့ ပဲ ယူဆလိုက်ပါတယ်။ ဘာပဲပြောပြော အတွေ့အကြုံသစ်တစ်ခုပေါ့ဗျာ။ အလကားတော့ မရဘူး။

                                                                                                     မောင်ရင်ငဇေ

 သရုပ်ဖေါ် ပန်းချီထိန်လင်း