Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 san min

 ကျွန်တော်တို့နှစ်ယောက်ကို မန္တလေးမှ ရန်ကုန်သို့ တာဝန်ယူပြီး ခေါ် လာခဲ့သောပုဂ္ဂိုလ် ငှားလာသည့် အငှား ကားသည် အင်းယားလမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းဆုံမှ အင်းယားလမ်းအတိုင်း ဆက်မောင်းလာသည်။ ဒီဝန်းကျင်ရောက် လာတော့ ကြည့်မိသည်။ မြင်ကွင်းတွေက တရိပ်ရိပ် ကျန်ရစ်ခဲ့ပြန်၏။ တရိပ်ရိပ် ကျန်ရစ်သော မြင်ကွင်းတွေနှင့် ဆန့်ကျင် စွာပင် စိတ်က ထပ်၍ထပ်၍ မြင်နေရ သော မြင်ကွင်းသစ်တွေဆီ ဖျပ်ခနဲ ဖျပ်ခနဲ ကပ်ငြိသွားလိုက်၊ နောက်တစ်ခုကို မြင်လိုက်၊ ထပ်၍ ကပ်ငြိသွားလိုက်။ ““ဒါဟာ ရန်ကုန်တက္ကသိုလ်နယ်မြေပဲ။ ငါ ကိုယ်တိုင် ဆယ်နှစ်ဆယ်မိုး ကျင်လည်ခဲ့ တဲ့ နေရာဝန်းကျင်ပဲ။ ငါနဲ့ ဆယ်လေးနှစ် လောက်ဝေးကွာခဲ့တဲ့နေရာပဲ”” အတွေးက အုပ်ဆိုင်းညို့မှိုင်းနေသော သစ်ပင်ရိပ်တွေ ကြားထဲမှ တက္ကသိုလ်ဝင်းကြီးကို မျက်စိနှင့် အတူ လိုက်ပါငေးမျောနေမိသည်။ ရတနာ ဆောင်၊ အင်းလျားဆောင်တွေဆီ မြင်ရ သည်။ ကားပေါ်ထိုင်နေရင်း ညာဘက်ဆီ လှမ်းကြည့်မိတော့ ဂန္တ၀င်အင်းယားကန် ကြီး၏ရေပြင်ကို လှမ်းမြင်နေရသည်။ ကားက အရှိန်ဖြင့်မောင်းနေတုန်း။ ဟိုတုန်း က ခုံပုလေးတွေခင်းပြီးရောင်းသော အကြော်ဆိုင်လေးတွေ နေရာဝန်းကျင်မှာ ဈေးဆိုင်တန်းအသစ်တွေရှိနေတာကို လှမ်း မြင်ရပြန်သည်။ ကျွန်တော့်ဘေးမှာ ငြိမ် သက်စွာထိုင်ပြီးပါလာသော ကိုဇော်မင်း ကတော့ ဒီအကြော်ဆိုင်နေရာဟောင်း တွေကို လှမ်းမြင်ချိန်တွင် အတိတ်က ချစ်အရိပ်တွေကို ပြန်သတိရနေမည် လား။ ဆရာဝန်ပေါက်စနှင့် မဟာသိပ္ဗံ ကျောင်းသူတို့၏ အတိတ်ကဇာတ်လမ်းထဲ တွင် အင်းလျားကန်စပ်နားက အကြော် ဆိုင်မှာ လာထိုင်တတ်သော ဇာတ်ကွက် လည်းပါသည်။ သူ့ကျန်းမာရေးကြောင့် ဒီအတိတ်ကို သတိရနိုင်ပါ့မလားဟု လှမ်း တွေးမိချိန်တွင် ငါတောင် သတိရလိုက် သေးတာ သူလည်း သတိရမှာပါဟူသော စိတ်က ဖျတ်ခနဲဖြစ်သည်။ ကားက အင်းယားလမ်းမှ ပြည်လမ်းပေါ်သို့အကွေ့ တွင် မြင်လိုက်ရသော အင်းယားကန် ဘောင်ဘက်ခြမ်းဆီက မြင်ကွင်းမှာ ဟိုတုန်းက အရိပ်အယောင်တွေ လုံးဝ မကျန်ရစ်တော့သော မြင်ကွင်းသစ်ဖြစ်နေ လေပြီ။ တံတားဖြူဟုခေါ်သော နေရာမှာ လှေခါးဖြူဖြူလည်း မတွေ့ရတော့။ သစ်ပင်တွေ၊ မြက်ခင်းတွေ၊ ကန်ဘောင်နှင့် အပြိုင် လမ်းကလေးတွေနှင့် ကြည့် ကောင်းရှုကောင်းအောင် ပြင်ဆင်ထား သည်။ ဤမြင်ကွင်းကိုကြည့်ရင်း ဒီဘက်က ခရမ်းပြာအဆောင်၊ ဒီဘက်ခြမ်းက လှေခါးအဖြူ၊ ဟိုဘက်နားက မြမေတ္တာ လက်ဖက်ရည်ဆိုင်၊ ပြီးတော့ အတိတ်များ အရိပ်များ...။ အငှားကားက ပြည်လမ်း အတိုင်း ဆက်မောင်းလာသည်။ အတိတ် တွေနှင့် ပစ္စုပ္ဗာန်က ရုန်းရင်းဆန်ခတ်။ အဲဒီနေ့က ၂၀၀၃၊ ဧပြီ ၃၀၊ ဗုဒ္ဒဟူးနေ့။ ရန်ကုန်မြေပေါ်သို့ ပြန်လည်ခြေချလိုက် သောနေ့။


(၂)
““ကမာရွတ်ရွာသို့သွားသော ဖြတ် လမ်းကလေးသည် ဥယျာဉ်တို့အကြားမှာ ဖြစ်၏။ လမ်းဘေး၌ ပုဏ္ဏးရိပ်ပင်များစိုက် ထားရာ နွားတိုး၍ပင် မပေါက်နိုင်အောင် ထူနေလေ၏။ အခြားသောနေရာများမှာ ကဲ့သို့ ကပ်ကျေးဖြင့်ကိုက်ထားသဖြင့် ချုံဖုတ်တွေဖြစ်နေ၍ နီရဲသောပန်းပွင့်များ လည်း ဝေနေလေသည်။ ၀ါးရုံကြီးများ သည်လည်း စည်ကားလှပေသည်။ မရမ်း ပင်၊ ဒိန်ရင်းပင်များသည် တစ်လမ်းလုံး အုပ်၍နေကြလေသည်။ ညိုထွန်းသည် ပတ်ဝန်းကျင်အေးမြသကဲ့သို့ အတွင်းစိတ် ဓာတ်အေးမြ၍ ကြည်လင်ရွှင်ပျသွားလေ ၏။
ညိုထွန်းကား ကမာရွတ်ရွာထဲသို့ မကြာမီရောက်ခဲ့လေ၏။ သူသည် အကာ မရှိ၊ ကြမ်းပြင်မရှိသော တဲကလေးတစ်ခု ထဲသို့ ၀င်သွား၏။ တဲကလေးပတ်ပတ် လည်တွင် သစ်ပင်များစွာရှိသောကြောင့် အကာမလိုချေ။ အလယ်တွင် ၀ါးအခင်း ကလေးတစ်ချပ်ရှိ၏။ တံစက်မြိတ်မှာ နိမ့်လှသောကြောင့် ညိုထွန်းသည် ငုံ့၍ ၀င်ရလေသည်။
“ဘယ့်နှယ် ဘာလုပ်နေကြသလဲ” ဟု မေးသံကြားရမှ ထမင်းစားနေသူတစ်စု သည် မော်ကြည့်လိုက်ကြသဖြင့် ညိုထွန်း ကိုတွေ့ကြလေ၏။
“လာပါဦးလား” ဟု ဖိတ်ကြလေ သည်။””
(မူရင်းသတ်ပုံအတိုင်း)
(သိန်းဖေမြင့်၊ သပိတ်မှောက်ကျောင်းသား၊ စာ-၇၀-၇၁)

ဤမြင်ကွင်းနှင့် အခြေအနေသည် ကား ၁၉၃၅-၃၆ ခုနှစ်များ ကာလတုန်းက လှည်းတန်းဝန်းကျင်ဖြစ်သည်။ ကမာရွတ် ရွာ၊ အင်းလျားရွာ၊ လှည်းတန်း..စသည် တို့က တစ်ကြောတည်းဖြစ်ပုံရသည်။ ယခုအထိ စံရိပ်ငြိမ်နားတွင်ပင် အင်းလျား ရွာသစ်ဘုန်းကြီးကျောင်းနှင့် စေတီလေး ရှိနေသေးသည်။ ၁၉၈၅ ၀န်းကျင်ကာလ တွေတုန်းက ဆရာမင်းသုဝဏ်ကို ဦးထွန်း လင်းခြံလမ်းရှိ သူ့အိမ်(သပြေညို)နှင့် မျက်စောင်းထိုးလောက်မှာရှိသော ကင်းတဲ သာသာ နေရာလေးတွင် သူနှင့်မတိမ်း မယိမ်းအရွယ် အဘိုးကြီးသုံးလေးယောက် နှင့်ဝိုင်းဖွဲ့ပြီး စကားထိုင်ပြောနေတတ်တာ ကို ညနေခင်းတချို့မှာ တွေ့ရတတ်သည်။ အဲဒီတုန်းက ဆရာဦးခင်အေး(မောင်ခင် မင်-ဓနုဖြူ) သည် ဦးထွန်းလင်းခြံလမ်းထဲ တွင် နေထိုင်သဖြင့် ဆရာ့အိမ်သို့ မကြာ ခဏသွားတတ်သော ကျွန်တော်က ဆရာ မင်းသုဝဏ်ကို လှမ်းမြင်ခဲ့တာဖြစ်သည်။ ဆရာသည် မြို့ပြဆန်လာသော လှည်း တန်းမှာနေရင်း သူနှင့် အသက်ချင်းမကွာ လှသော မိတ်ဆွေများနှင့်ဝိုင်းဖွဲ့ကာ ကျေးလက်က လက်ဖက်ရည်ကြမ်းဝိုင်း၏ ရသကို ဖန်တီးခံစားနေတာများလားဟုပင် တွေးမိခဲ့ဖူးသည်။ ဟိုတစ်ခါတုန်းက လှည်း တန်း...။ ကမာရွတ်ရွာနှင့် လှည်း တန်း...။

(၃)
““ပြည်လမ်းမကြီးနှင့် တက္ကသိုလ် ရိပ်သာလမ်းဆုံ ကမာရွတ်ထိပ်ရှိ ကုလား ဆိုင်မှာ ကျောင်းသားများအဖို့ အတော် နေရာကျ၏။ သည်ကုလားဆိုင်၏ဘေးရှိ လမ်းကြားကလေးမှသွားလျှင် ကမာရွတ် ရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပေ သည်။
မောင်တက်တိုးနှင့် ကျွန်တော်တို့ ကား ပလာတာ၊ ဆိတ်သားခပတ်တို့ကို စား၍နေစဉ် ညိုမြသည် ကြက်ဥသောက် လျက်ရှိသည်။.....တတွတ်တွတ်ပြော ရင်း သူသည် ကမာရွတ်ဘက်သို့ငေးမျှော် ၍နေသည်။ သူငေးမျှော်နေသော ကမာ ရွတ်သွားလမ်းကြားကလေးကား ကြယ် ရောင်တွင် ပျံ့ပျံ့ပျူး၍နေသည်။ ဘလေ ဇာအနက်ကိုဝတ်ထားသော ကျောင်းသား နှစ်ဦးသည် ကုပ်ကုပ် ကုပ်ကုပ်နှင့် ထိုလမ်း ကြားမှ ကမာရွတ်ဘက်သို့ ၀င်သွားသည် ကို တွေ့လိုက်ရသည်။
သည် ကမာရွတ်ဒေသကား နာ မည်ကြီးဖြစ်၏။ ကျောင်းသားတို့၏ ညရေးရာသည် ကမာရွတ်ရွာတွင် ယှက် လိမ်ရောထွေးလျက်ရှိတတ်သည်။””
(ဒဂုန်တာရာ၊ ညိုမြ သို့မဟုတ် မတုန်မလှုပ်၊ ရုပ်ပုံလွှာ)

၁၉၃၈ ၀န်းကျင်ကာလတွေတုန်း က လှည်းတန်း။ လှည်းတန်းဆိုတာကို ပြောလျှင် ရန်ကုန်တက္ကသိုလ်နှင့် အဆက် အစပ်ကို ဖြတ်ထား၍မရ။ သိန်းဖေမြင့်တို့ ခေတ်က လှည်းတန်းနှင့် ဒဂုန်တာရာတို့ ခေတ်က လှည်းတန်းသည် တစ်ဆက်တစ် စပ်တည်း ဖြစ်သည်။ ထိုတစ်ခေတ်တည်း မှာရှိနေသော လှည်းတန်းဆိုသည်မှာ ရွာ ဖြစ်သည်။ ဆင်းရဲသားအများစုနေသော ရွာ။ တက္ကသိုလ်နှင့်နီးသောရွာ။ တက္ကသိုလ်ကျောင်းသားတွေထဲမှ ၀ါသနာပါသူ များအတွက် ညရေးညတာ အကြောဖြေ စရာတွေပါ ရှိနေခဲ့သောရွာ။ အဲဒီရွာထဲမှာ ဥယျာဉ်ခြံစိုက်ပျိုးစားသူတွေ ရှိခဲ့သည်။ စက်ရုံအလုပ်သမားတွေရှိခဲ့သည်။ ဆင်းရဲ သားနင်းပြားတွေရှိခဲ့သည်။ ခေတ်ရေစီးကို တောင့်မခံနိုင်သော နင်းပြားလူတန်းစား တွေထဲမှ တစ်ဝမ်းတစ်ခါးအတွက် ဘ၀ ပျက်ခဲ့သော ပြည့်တန်ဆာမလေးတွေရှိခဲ့ သည်။ လူချမ်းသာအ၀န်းအ၀ိုင်းထဲမှာ စရိုက်ပျက်သောမိန်းကလေးတွေ ရှိနိုင် သော်လည်း ဘ၀ပျက်ပြီးညဥ့်ငှက်ဖြစ်သွား သူဆိုတာ မရှိ။ လှည်းတန်းဆိုသည်မှာ တစ်ခါတုန်းကရွာ။ နာမည်ကိုက လှည်း တန်းဖြစ်သည်။ ကားတန်း၊ လေယာဉ်ပျံ တန်းဆိုတာ မဟုတ်သောကြောင့် ရွာဖြစ် ခဲ့သည်မှာ ငြင်းမရ။ ရွာဘ၀မှာကတည်းက စည်ကားဖွံ့ဖြိုးတိုးတက်လာပြီး မြို့ဘ၀ ရောက်ခဲ့ခြင်းကလည်း ဆန်းကြယ်သော ကိစ္စမဟုတ်။ ရန်ကုန်မြို့ကြီးဆိုတာကပင် လျှင် ဒဂုန်ဘ၀၏ အစောပိုင်းကာလမှာ ရွာဇနပုဒ်ဖြစ်ခဲ့သေးသည်ဆိုလျှင် ဘယ်သူ မှ ငြင်းမည်မဟုတ်။
၁၉၈၀ ကျော်ကာလ၊ ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသားဘ၀က လှည်း တန်းသည် ညနေခင်းတွင် စည်ကားနေ တတ်သည်။ လှည်းတန်းဈေးဝန်းကျင်မှာ ကျောင်းသူအရွယ် မိန်းကလေးတွေက ဈေးဝယ်လာကြချိန်တွင် လှည်းတန်းလမ်း ပေါ်မှ စေတနာရှင်၊ အားသစ်၊ ဖြိုးဝေ စသော လက်ဖက်ရည်ဆိုင်တွေ၏အပြင် စားပွဲများမှာ လူငယ်တွေ စည်စည်ကား ကားရှိနေတတ်သည်။ လှည်းတန်းဝန်းကျင် တွင် အဆောင်တွေအများကြီးရှိသည်။ ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသားတွေ ငှားနေကြသည်။ လှည်းတန်းအင်းစိန် လမ်းမ ပလက်ဖောင်းပေါ်တွင် စာအုပ် အဟောင်းဆိုင်လေးတွေရှိသည်။ အင်းစိန် လမ်းမပေါ်ရှိမီးပွိုင့်နားမှ ဦးထွန်းလင်းခြံ လမ်းထိပ်အထိ ဆိုင်ခန်းတွေရှိသည်။ လျှပ်စစ်ပစ္စည်းဆိုင်၊ အိမ  ကျောက်ကျော ဆိုင်၊ ဒံပေါက်ဆိုင်၊ မြင့်ကဖီး၊ ဆေးပစ္စည်း ဆိုင် အပါအ၀င် ဆိုင်ခန်းတွေတန်းစီနေခဲ့ သည်။ ညနေစောင်းတွင် တက္ကသိုလ် အဆောင်တွေမှ ကျောင်းသူတွေက လှည်းတန်းဘက်လာသူလာ၊ အင်းယား ကန်ဘောင်ဘက်သို့ သွားသူသွားကြ။ တက္ကသိုလ်အဆောင်ကျောင်းသားတွေက လည်း လှည်းတန်းဘက် ထွက်သူထွက်၊ အင်းယားကန်ဘက် လျှောက်သူလျှောက်၊ စားသောက်ဆိုင်တွေဆီသို့ ရောက်သူ ရောက်ကြ။ မှောင်ခြည်သန်းလာသော အခါတွင် အပြင်ဆောင်နေသူတွေ ကလည်း လှည်းတန်းဝန်းကျင်မှာ လမ်း ထွက်လျှောက်သူ၊ ဈေးထွက်ဝယ်သူ၊ မိန်းကလေးတွေကိုလိုက်ငေးနေသူများနှင့် စည်ကားတတ်ပြန်သည်။ အလှကျွေးသူ နှင့် အလှငေးသူတို့ အဆက်အစပ်တည့် ရာ...လှည်းတန်း။
လှည်းတန်းမီးပွိုင့်နား၊ ပြည်လမ်း နှင့် အင်းစိန်လမ်းကြားက ကြက်လျှာစွန်း နေရာမှာ ကမာရွတ်ရဲစခန်းရှိသည်။ ရဲစခန်းဝင်းထဲက ၀န်ထမ်းလိုင်းထဲမှာ ထမင်းအ၀စား သုံးကျပ်သာပေးရပြီး စား၍အဆင်ပြေသော ထမင်းဆိုင်နှစ်ဆိုင် ရှိသည်။ စံရိပ်ငြိမ်ဘက်သွားရာလမ်းတွင် အသုပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေရှိ သည်။ အဲဒီဝန်းကျင်ကားလမ်းဟိုဘက် ခြမ်းမှာ စားသောက်ဆိုင်တချို့ရှိပြီး လူငယ် များနှင့် စည်ကားနေတတ်သည်။ လှည်း တန်းမီးပွိုင့်ဟိုက်ဘက်က ၀ဂ်္ဂီဘက်တွင် လည်း စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်တွေရှိသေးသည်။ စိန်ဥယျာဉ် စားသောက်ဆိုင်ဝန်းကျင်နားတွင် မိုးရွှေ ကြယ်ဆိုသော ဆိုင်ရှိသေးသည်။ ကျောင်း သားဘ၀တုန်းက တစ်ခါတလေမှာ သူငယ်ချင်းတွေနှင့် ထိုဆိုင်များသို့သွား တတ်သည်။ တစ်ခါတလေတော့ မြေနီ ကုန်းကြက်တန်းထဲက လမ်းဘေးအဖြူဆိုင် တွေနှင့် မြေနီကုန်းညဈေးထဲက စား သောက်ဆိုင်တွေမှာ သွားသောက်တတ် ကြသည်။ ပြီးတော့ လှည်းတန်းကိုပြန်လာ ခဲ့ကြသည်။ ကျောင်းထဲကအဆောင်ကို ပြန်သူပြန်၊ အပြင်ဆောင်ဆီ ပြန်သူပြန် ကြနှင့် လှည်းတန်းကျမှ လမ်းခွဲကြသော ညများ...။
တစ်ခါတလေတော့လည်း အရက် ဆိုင်မှ အုပ်စုလိုက်ထွက်လာကြပြီး လှည်း တန်းက လက်ဖက်ရည်တစ်ဆိုင်ဆိုင်မှာ ထိုင်သည်။ ဘလက်ကော်ဖီတွေ၊ လက် ဖက်ရည်တွေ မှာသောက်ရင်း အရက်ဝိုင်း မှာ မပြီးပြတ်ခဲ့သော အပြီးမသတ်ခဲ့သော စကားများကို ဆက်ပြောဖြစ်ကြပြန်သည်။
သြော်...ဟိုတစ်ခါတုန်းက လှည်းတန်း၏ညများ...။

(၄)
ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘ၀တုန်းက သင်ခဲ့ရသော နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ် မြောက်ရေးတိုက်ပွဲများထဲတွင် ၁၃၀၀ ပြည့် အရေးတော်ပုံအကြောင်း ပါဝင် သည်။ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်း ဟုန်းတောက်စေရမယ်” ဟု ကြုံးဝါးခဲ့သော ကိုဗဟိန်း၏မိန့်ခွန်းအကြောင်းလည်း ပါခဲ့ သေးသည်ဟု မှတ်မိနေသည်။ အဲဒီခေတ် တုန်းက မြင်းစီးပုလိပ်တွေရှိသည်။ လူတွေ ကို မြင်းနှင့်တိုက်၊ မြင်းခွာနှင့်ပေါက်၊ တုတ် နှင့်ရိုက်တတ်ကြသည်တဲ့...။ နယ်ချဲ့ ဆန့်ကျင်ရေးသမိုင်းနှင့် ကျောင်းသား သမဂ္ဂ၏အစဉ်အလာ။ တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် လှည်းတန်းဝန်း ကျင်သည် ဆက်စပ်နေခဲ့ဖူး၏။ လှည်းတန်း နှင့် ရန်ကုန်တက္ကသိုလ်သည် အဆက် အစပ်ရှိနေတုန်းပင်။ နေရာအနေအထား ကိုကြည့်လျှင် ကတ္တရာလမ်းသာခြားနေ သော်လည်း မြေသားက တစ်ကြောတည်း ဖြစ်သည်။ တက္ကသိုလ်ပရ၀ုဏ်ထဲမှထွက် လျှင် လှည်းတန်းဝန်းကျင်သို့ရောက်သည်။ တက်္ကသိုလ်ဘေးနားက လှည်းတန်း။
““ဥက္ကဋ္ဌကိုဖမ်းပြီ...ကန့်ကွက်ကြ”
“ပေါရိသာဒဆေးထိုးရန် သမဂ္ဂကို
စုရုံးကြ”
“ရဲရဲတောက်ကျောင်းသားသွေးပြရန်
အချိန်ကျပြီ””
ကြွေးကြော်သံများသည် တက္ကသိုလ်နယ်တွင် သိမ့်သိမ့်ညံလျက် ရှိလေ သည်။ ထိုအခါက နှင်းအလေးဒဏ်မခံနိုင် သော သစ်ရွက်၊ ပန်းပွင့်များသည် တဘုတ်ဘုတ်ကြွေကျကာ မြောက်လေ အဝှေ့မြေပေါ်တွင် ဟိုလွင့်ဒီလွင့်နှင့် လိုက်တမ်းပြေးတမ်း ကစား၍နေ၏။ သိပ္ပံ ကျောင်းကြီးကို ယုယပိုက်ထွေး၊ ရင်ခွင်တွင် မှေး၍ထားသော အင်းလျားကန်ကြီးဆီမှ စိမ်းစိမ်းညိုညို မန်ကျည်းပင်၊ ခရမ်းပင်၊ ပိတောက်ပင်များအကြားကို ဖြတ်သန်း လာသော ဆောင်းဦးပေါက်လေသည် တစိမ့်စိမ့်အေးမြနေသော်လည်း ကျောင်း သားတို့တွင်ကား မအေးမြနိုင်ကြ။ အကြောင်းမှာ သူတို့၏ သမဂ္ဂအသင်း ဥက္ကဋ္ဌကိုဗဟိန်းနှင့် အတွင်းရေးမှူးကိုဗဆွေ ကို မကွေး၌ ပုဒ်မ (၁၀၇)နှင့် ဖမ်းချုပ် ထားသောကြောင့် သူတို့၏ရင်တွင်း၌ ဇာတိမာန်မီး လောင်လျက်ရှိလေသည်။””
(ဋ္ဌေးမြိုင်၊ အာဇာနည် ကိုအောင်ကျော်အကြောင်းစဉ်)

ဤစာအုပ်ကိုရေးသူ ဋ္ဌေးမြိုင်၏ အမည်အောက်တွင် ၀ါဒဖြန့်ပွားရေးမှူးဟု ရေးထားသည်။ ၂၄၊ ၁၂၊ ၁၉၄၀ ရက်စွဲဖြင့် တက္ကသိုလ်သမဂ္ဂအသင်းမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ဋ္ဌေးမြိုင်ဆိုသည်က အမည်ရင်း ဖြစ်ပြီး ကလောင်နာမည်က အားလုံးသိ ကြသည့် ဒဂုန်တာရာ ဖြစ်သည်။ ကိုအောင်ကျော်၏ကြေးရုပ်ဖွင့်ပွဲတွင် ထုတ်ဝေခဲ့သောစာအုပ်။ အာဇာနည် ကိုအောင်ကျော်အကြောင်းစဉ်...တဲ့။
ကျွန်တော်တို့မျိုးဆက်တွေ ရန်ကုန် တက္ကသိုလ်သို့ရောက်သော ၁၉၈၀ ၀န်း ကျင်နှစ်များတွင် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်ဟု ဆိုကြ သော အမှတ်အသားတစ်ခုကို အဓိပတိ လမ်းဝင်ပေါက်မှ အနည်းငယ် ၀င်လိုက် လျှင် ညာဘက်ခြမ်း မြေကွက်လပ်ကြီးနား မှာ တွေ့ရတတ်သည်။ ကြေးရုပ်မရှိ။ ကိုအောင်ကျော်ကိုယ်စားပြုခဲ့သော အသင်းအဖွဲ့၏ရုံးခန်းမရှိ။ နယ်ချဲ့အစိုးရ တွေမရှိတော့သောကြောင့် နယ်ချဲ့ဆန့် ကျင်ရေး အထိမ်းအမှတ်သင်္ကေတတွေ ပျောက်ကွယ်သွားခဲ့ခြင်းပေလား။ အဓိပတိ လမ်းထိပ်၊ တက္ကသိုလ်ရိပ်သာလမ်းမှ လှမ်း ကြည့်လိုက်လျှင် လှည်းတန်းမီးပွိုင့်ကို လှမ်းမြင်ရသည်။ ဟိုတုန်းက လှည်းတန်း အ၀ိုင်း (ယခု ဟံသာဝတီအ၀ိုင်းလို) ရှိခဲ့ ဖူးသည့်နေရာ။ မကြာခင် ဤနေရာတွင် ခုံး (ဂုံး)ကျော်တံတား ရှိလာဦးမည်။ ဟို ယခင် ကမာရွတ်ရွာကလေးဝန်းကျင်က လှည်းတန်း။ လှည်းတန်းဆိုသောနာမည် ကိုက ရွာသင်္ကေတ။ အခုတော့ လှည်း တန်း ဆိုသောနာမည်သည် လှည်းတစ်စီး မှ မြင်ခွင့်မရနိုင်တော့သော မြို့ပြသင်္ကေတ များဖြင့် ရန်ကုန်မြို့၏ အချက်အချာနေ ရာတစ်ခု ဖြစ်လာခဲ့လေပြီ။ လှည်းကို မသိ တော့သော လှည်းတန်း...။
တစ်ခါက ရန်ကုန်တက္ကသိုလ်၏ အလှရောင်ဟပ်၍ ဖွံ့ထွားလှပလာခဲ့သော လှည်းတန်း။ ယခုတော့ အထပ်မြင့်အိမ်ခန်း များ၊ ကျူရှင်များ၊ ဈေးဆိုင်တန်းများ၊ ခေတ်မီခေတ်လွန် ဒီဇိုင်းဆင်ထားသော မိန်းကလေးတို့၏ မူသံနွဲ့သံ၊ ပေါင်တံဖြူ သွယ်သွယ်တို့၏ ကြောင်မယဉ်သောခြေ လှမ်း များကြားထဲက လှည်းတန်း။

(၅)
““၁၃၀၀ ပြည့် အရေးတော်ပုံ ချီတက်ပွဲကြီးတုန်းက အလုပ်သမား လယ် သမားတပ်ကြီးဟာ ပြည်လမ်း၊ အင်းစိန် လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းဆုံစည်းရာ လမ်းငါးခွဆုံကို ၁၉၃၉ ခု၊ ဇန်န၀ါရီလ (၈) ရက်နေ့မှာ ရောက်ရှိစုရုံးမိခဲ့ကြပါတယ်။ အခု ငြိမ်းချမ်းရေးအင်အားပြ လူထုစစ် ကြောင်းကြီးများဟာ မနက် (၉)နာရီမှာ “လှည်းတန်း၊ ကမာရွတ်ဂတ်တဲလမ်း ငါးခွ ဆုံ” မှာ ဆုံစည်းကြမှာဖြစ်ပါတယ်။... ကျောင်းသူကျောင်းသားများ ပေါင်းဆုံကြ ပြီး အမျိုးသားအောင်ပွဲနေ့ ကျောင်းသား လူထုအစည်းအဝေးကြီးကို မန္တလေး ကျောင်းဆောင်ရှေ့ရှိ ဗိုလ်အောင်ကျော် အထိမ်းအမှတ် ကျောက်တိုင်မြက်ခင်းပြင် မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ လှည်း တန်းထိပ် အ၀ိုင်းကြီးကနေ အင်းလျား လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံအထိ ပတ်ဝန်းကျင်ဟာ လူပင်လယ်ကြီးဖြစ်နေ ပါတယ်။ ငြိမ်းချမ်းရေးအင်အားပြ ချီတက် ပွဲမှာ ပါဝင်လာကြသူများအားလုံးကို (အဲဒီ မှာပဲ) မနက်စာကျွေးပါတယ်””
(ဉာဏ်မောင်ချစ်၊ အိုး..ရွှေချိုးဖြူငဲ့ ..ကူပါလှည့်၊ လှိုင်းသစ်မဂ်္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၁)

ဤဆောင်းပါးထဲတွင် ပါဝင်သော ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ တုန်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြု လုပ်ခဲ့သည့် ခြောက်ခရိုင်ငြိမ်းချမ်းရေး လူထုအင်အားပြပွဲ (လူသုံးသိန်းနီးပါးပါဝင် သည်) မြင်ကွင်းတွေထဲမှ လှည်းတန်း ၀န်းကျင်မြင်ကွင်းတစ်ကွက်ကို ကောက် နုတ်ထားခြင်းဖြစ်သည်။ ဉာဏ်မောင်ချစ် ၏ဆောင်းပါးထဲတွင် ၁၉၃၉ ခုနှစ်တုန်းက လှည်းတန်းနှင့် ၁၉၆၃ တုန်းက လှည်းတန်း ကို တွေ့ရသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်တွင်းစစ်ဆန့်ကျင်ရေး တိုက်ပွဲများတွင် ခံစားမှုချင်းထပ်တူကျခဲ့သော ကျောင်း သားနှင့် ပြည်သူလူထု၏ ရင်ခုန်သံများ ညီညွတ်စုံရုံးခဲ့၊ ဖြတ်သန်းစီးဆင်းခဲ့ဖူးသော လှည်းတန်း။ ရာဇ၀င်အခိုင်အမာရှိခဲ့ဖူး သော လှည်းတန်း။
ဤလှည်းတန်းဝန်းကျင်တွင် လူ တစ်ဦးချင်းစီ၏ အပျော်အလွမ်း ဇာတ်ဝင် ခန်းတွေရှိသည်။ ကျောင်းသူကျောင်းသား တွေ၏ အံ့မခန်းရာဇ၀င်မှတ်တမ်းထဲမှ ဇာတ်ဝင်ခန်းတွေရှိသည်။ ကျောင်းသား နှင့် ပြည်သူတို့၏ လက်ချင်းချိတ်၊ အတွေး နှင့် ခံစားမှုချင်း ချိတ်ဆက်ခဲ့သော လက်ခုပ်သြဘာသံတွေရှိသည်။ သြဘာသံ ဆိုသည်ကတော့ အားရ၊ သဘောကျ၊ ကျေနပ်မှုတွေကို အသံဖြင့်ဖော်ထုတ်ပြ လိုက်ခြင်းဖြစ်သည်။ ခင်ဗျားရဲ့ နားထဲမှာ ကြားယောင်လာခဲ့ပါပြီလား မိတ်ဆွေ။ အတိတ်တံတိုင်းကို ပဲ့တင်ထပ်လာသော လက်ခုပ်သံတွေလေ။ မြင်ယောင်ကြည့် လိုက်ပါဦးမိတ်ဆွေရေ။ ၁၉၃၉ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲတုန်းက လူပင်လယ် လှိုင်း၊ ၁၉၆၃ ခုနှစ်တုန်းက လူပင်လယ် လှိုင်း၊ ပြီးတော့...ပြီးတော့...အဲဒီ ပြီးတော့တွေတုန်းက လူပင်လယ်လှိုင်း၊ လက်ခုပ်သံဒီလှိုင်းတွေ ၀ုန်းဒိုင်းကြဲခဲ့ဖူး သော လှည်းတန်း။ ကိုအောင်ကျော် ဈာပန၊ ဟယ်...နယ်ချဲ့အစိုးရ။ ကျွန်မ သားမှာ လက်နက်ဆိုလို့ အပ်တိုလေး တစ်ချောင်းတောင်မှ မပါခဲ့ပါဘူး...တဲ့။
ရာဇ၀င်အဆက်ဆက် အလွမ်း တွေကို အခန်းဆက်ဇာတ်လမ်းရှည်တွေ အဖြစ် စုစည်းသိမ်းဆည်းထားသော ပိဋ ကတ်တိုက်တစ်ခုရှိသည်။ မိတ်ဆွေတို့ စိတ်ဝင်စားလျှင် တက္ကသိုလ်ဓမ္မာရုံမှာ စုံစမ်းပါ။ မြင်ကွင်းအားလုံးကို အနီးကပ် မြင်တွေ့ခွင့်ရခဲ့သူက တက္ကသိုလ်ရိပ်သာ လမ်းနှင့် ပြည်လမ်းထောင့်မှာ ထိုင်ပြီး ကြည့်နေခဲ့သောကြောင့် ဖြစ်ပါသည်။

(၆)
ဒေသကောလိပ်ပညာရေးစနစ်ကို ဖြတ်ခဲ့ရသော ကျွန်တော်တို့မျိုးဆက်တွေ ထဲတွင် ကျွန်တော်က ၁၉၇၉-၈၀ စာသင် နှစ်ကျမှ ရန်ကုန်တက္ကသိုလ်သို့ရောက် သည်။ ကျောင်းဖွင့်ရက်တိုင်းမှာ လှည်း တန်းကို ဖြတ်သွားဖြတ်လာလုပ်ခဲ့ရာမှ နောက်ပိုင်းနှစ်ကာလများတွင် လှည်းတန်း က လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ဖြစ်ခဲ့ သည်။ လှည်းတန်းစာအုပ်အဟောင်းတန်း နှင့် လှည်းတန်း၏ညနေခင်းများ၊ ညမြင် ကွင်းများနှင့် အကျွမ်းတ၀င်ရှိလာခဲ့သည်။ ၁၉၇၀ ၀န်းကျင်တုန်းက လှည်းတန်းနှင့် ၁၉၇၄-၇၆ ၀န်းကျင်နှစ်တွေတုန်းက လှည်းတန်းကို ကျွန်တော်မသိသော်လည်း ၁၉၈၀ မှ ၁၉၈၉ နှစ်တွေတုန်းက လှည်း တန်းကိုတော့ ကောင်းကောင်းကြီး သိခဲ့ သည်။ အဲဒီနှစ်တွေမှာ ကျွန်တော်က ကျောင်းသားဘ၀၊ ကျောင်းဆရာဘ၀ဖြင့် ရှိနေခဲ့သောကြောင့် လှည်းတန်းဝန်းကျင် ကို မြင်တွေ့နေခဲ့သူ၊ ခံစားခဲ့ရသူဖြစ်သည်။ ကိုယ်ကျင်လည်ခဲ့ဖူးသော နှစ်ကာလတွေ တုန်းက လှည်းတန်းမှ ဂန္တ၀င်ဇာတ်လမ်း တွေကို ပြန်တွေးကြည့်မိတိုင်း လွမ်းရနံ့ တသင်းသင်းနှင့် လင်းလက်တောက်ပနေ ဆဲ။ သြဘာသံများ၊ မျက်ရည်များ၊ ချောက် ချားစရာအနံ့ဆိုးများ၊ တစ်စစီ ကွဲကြေမှု များ၊ ပြီးတော့ မျက်ရည်သုတ်ပေးမည့် လက်တို့ချိတ်ဆက်မိပြန်ခြင်းနှင့် အိပ်မက် အရုဏ်ဦးသို့ ဖူးမျှော်ခြင်းများ။
နှစ်စဉ် ဒီဇင်ဘာလထဲတွင် မြန်မာ စာဌာန၏ အာစရိယပူဇော်ပွဲကို တက္ကသိုလ်ဓမ္မာရုံတွင် ကျင်းပလေ့ရှိသည်။ ၂၀၀၃ မှစ၍ နှစ်တိုင်းရောက်ခဲ့သည်။ အကန်တော့ခံ ဆရာကြီးဆရာမကြီးတွေ က တဖြည်းဖြည်း အိုမင်းလာသည်။ ကန်တော့သူများထဲမှ အသက် (၇၀)ပြည့် သူတွေလည်း အကန်တော့ခံသူတွေနေရာ သို့ ရောက်သွားကြသည်။ ကျောင်းသား ဟောင်းတွေထဲမှာ ရောက်လာနိုင်သူထက် မလာရောက်နိုင်သူတွေက အများကြီး။ သို့သော် တက္ကသိုလ်ဓမ္မာရုံကြီးကတော့ သူ့လို အတွေ့အကြုံတွေ စုံခဲ့များခဲ့သော တက္ကသိုလ်ဆရာကြီး၊ ဆရာမကြီးများနှင့် ရှေးဟောင်းနှောင်းဖြစ်တွေကို စိုးတထိတ် ထိတ် အသံတိတ်စွာ ပြောဖြစ်ကြမည်ထင် သည်။ သူတို့ပြောကြသောစကားတွေထဲ တွင် လှည်းတန်းဝန်းကျင်အကြောင်းက မပါဘဲနေမည်မဟုတ်။ လှည်းတန်းကို အမြဲတမ်းလှမ်းမြင်နေရသော တက္ကသိုလ် ဓမ္မာရုံကြီးနှင့် လှည်းတန်းဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသော တက္ကသိုလ်ဆရာကြီး၊ ဆရာမကြီးများ၏ ရင်ထဲမှာ ပျော်စရာ၊ တက်ကြွစရာ၊ ၀မ်း နည်းကြေကွဲစရာ အကြောင်းအရာတွေ ရှိနိုင်သည်။ သူတို့ရင်ထဲက အတိတ်တွေ ကို အတွေးနှင့် ပြန်လည်ရှာဖွေကြလိမ့်ဦး မည်။ ယခု ကျွန်တော်ကိုယ်တိုင်ပင်လျှင် အတိတ်ထဲမှာ ဝေ့လည်ချာလည်ရှိနေတုန်း၊ အတွေးက အတိတ်နှင့် အရိပ်တွေကို လက်ချင်းချိတ်ထားတုန်းမှာပဲ လှည်းတန်း ကတော့ ခပ်တည်တည်၊ ခပ်တန်းတန်း။ အတိတ်ကို မလွမ်းတတ်ဘူးလား... လှည်းတန်း။

 ကျွန်တော်သိခဲ့သော လှည်းတန်း အကြောင်းကို ဂဃနဏ ပြောပြချင်သည်။ ၁၉၈၉ ခုနှစ်အထိ ကျွန်တော်ရှိနေခဲ့သော လှည်းတန်းအကြောင်းကို ဂ ဃနဏပြောပြချင်သည်။ ၁၉၈၉ ခုနှစ်အထိ ကျွန်တော်ရှိနေခဲ့သော လှည်းတန်းအကြောင်းကို မ ခြွင်းမချန် ပြောပြချင်သည်။ အဲဒီကာလနောက်ပိုင်းမှ လှည်းတန်းဘ၀၏ ဇာတ်ကွက်တွေကို ပြောပြနိုင်သူရှိလျှင် နားထောင်ချင်သည်။

မိတ်ဆွေပြောပြနိုင်ပါသလား။ မ ခြွင်းမချန်ကြေးလေ။ ကဲ့ ခင်ဗျားနဲ့ကျွန်တော် တွေ့ကြရအောင်။
ဦးထွန်းလင်းခြံထဲမှာ EMER-ALD FYE ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေး မရှိတော့ဘူး။ဆရာမင်းသုဝဏ်ရဲ့ သပြေညိုခြံလည်း နာမည်ပဲ ကျန်တော့တယ်။ အဲဒီတော့ အခုခေတ်လူငယ်တွေ အထိုင်များတဲ့ `ရွှေ´မှာပဲ ဆုံကြမလား။ ဟုတ်တယ်။ အဲဒီ အချိန်မှာ ကျွန်တော်တို့ တွေ့ကြရအောင်နော့့် ။

နောင်ကျော်
၇၊၂၊၂၀၁၂

သရုပ်ဖေါ်ပန်းချီ စံမင်း