Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

(၁) 

လမ်းဘေးဓာတ်တိုင်က မီးရောင်တွေ မျက်စေ့ထဲ တရိပ်ရိပ်နဲ့ ပြေးဝင်လာမှ၊ ကျနော့အတွေးတွေ ရပ်ပြီး သတိပြန်ကပ်လာတယ်။ မကြာခဏ ဒီအဝေးပြေးလမ်းကနေ သွားနေကျဆိုတော့ ဘယ်နေရာ ရောက်နေပြီဆိုတာကို မှတ်မိနေတယ်။ အခုကျနော့ကို ဖမ်းချုပ်လာတဲ့ စစ်ကားတွေ၊ ပါလဲမြို့ (Palel) ကိုဖြတ်နေတာ ဖြစ်တယ်။

ပါလဲမြို့ဟာ ဒုတိယကမ္ဘာစစ်က အင်္ဂလိပ်တပ်တွေ ဖောက်ခဲ့တဲ့ တမူး အင်ဖား (မိုင် ၇၀) အဝေးပြေး ကားလမ်းပေါ်က မြို့လေးပါ။ ၁၉၄၄ လောက်က ဂျပန်တပ်တွေ တမူး -အင်ဖားလမ်းကြောင်းအတိုင်း အိန္ဒိကို ထိုးဖောက်ခဲ့ရာမှာ ပါလဲ (PaLel) ဒေသမှာလည်း ဂျပန်တွေ အခြေစိုက်စခန်း ချခဲ့တယ်။ ကျနော့ကို ဖမ်းခဲ့တဲ့ တီနိုပယ်လ် (Tengnoupal) တောင်ပေါ် စစ်စခန်းဟာ မိုးရေး (Moreh) နဲ့ ပါလဲကြားမှာ ရှိတယ်။ မိုးရေးကနေ ကားစီးလာရင်၊ ပါလဲအထိ တောက်လျှောက် အကွေ့အကောက်၊ တဖက်မှာဂျောက်၊ တဖက်က တောင်နံရံကြီးနဲ့ တောင်ပေါ်လမ်းချည်းဘဲ။

(၁)

လမ်းဘေးဓာတ်တိုင်က မီးရောင်တွေ မျက်စေ့ထဲ တရိပ်ရိပ်နဲ့ ပြေးဝင်လာမှ၊ ကျနော့အတွေးတွေ ရပ်ပြီး သတိပြန်ကပ်လာတယ်။ မကြာခဏ ဒီအဝေးပြေးလမ်းကနေ သွားနေကျဆိုတော့ ဘယ်နေရာ ရောက်နေပြီဆိုတာကို မှတ်မိနေတယ်။ အခုကျနော့ကို ဖမ်းချုပ်လာတဲ့ စစ်ကားတွေ၊ ပါလဲမြို့ (Palel) ကိုဖြတ်နေတာ ဖြစ်တယ်။

ပါလဲမြို့ဟာ ဒုတိယကမ္ဘာစစ်က အင်္ဂလိပ်တပ်တွေ ဖောက်ခဲ့တဲ့ တမူး အင်ဖား (မိုင် ၇၀) အဝေးပြေး ကားလမ်းပေါ်က မြို့လေးပါ။ ၁၉၄၄ လောက်က ဂျပန်တပ်တွေ တမူး -အင်ဖားလမ်းကြောင်းအတိုင်း အိန္ဒိကို ထိုးဖောက်ခဲ့ရာမှာ ပါလဲ (PaLel) ဒေသမှာလည်း ဂျပန်တွေ အခြေစိုက်စခန်း ချခဲ့တယ်။ ကျနော့ကို ဖမ်းခဲ့တဲ့ တီနိုပယ်လ် (Tengnoupal) တောင်ပေါ် စစ်စခန်းဟာ မိုးရေး (Moreh) နဲ့ ပါလဲကြားမှာ ရှိတယ်။ မိုးရေးကနေ ကားစီးလာရင်၊ ပါလဲအထိ တောက်လျှောက် အကွေ့အကောက်၊ တဖက်မှာဂျောက်၊ တဖက်က တောင်နံရံကြီးနဲ့ တောင်ပေါ်လမ်းချည်းဘဲ။

ပါလဲက အင်ဖားနဲ့ မိုးရေးရဲ့ လမ်းခရီး တ၀က်ဖြစ်တယ်။ ပါလဲအ၀င် တောင်ထိတ် ကားလမ်းပေါ်ကကြည့်ရင် ပါလဲလွင်ပြင်ကြီးက ပန်းချီကားတချပ်လို သိပ်လှတယ်။ အစိမ်းရောင်၊ အနီရောင်၊ အ၀ါရောင် အကွက်အကွက်နဲ့ လယ်ကွင်းတွေ၊ တောင်ကမူလေးတွေနဲ့ မဏိပူရ တောင်တန်းတွေကနေ ဆင်းလာတဲ့ လွင်ပြင်အစဘဲ။ မျက်စေ့တဆုံး ရှုမငြီးတဲ့ လွင်ပြင်ကြီး။

ဒီပါလဲမြို့ဟာ၊ အဝေးပြေးကားတွေ နားတဲ့စခန်း။ တမူးကနေ အင်ဖားကိုလာတဲ့ ဘတ်စ်ကားတွေရော၊ အင်ဖားကနေ တမူးကိုဆင်းမဲ့ ဘတ်စ်ကားတွေရော ခဏတဖြုတ်နား၊ ထမင်းစားတဲ့ နေရာပေါ့။ လမ်းဘေးဝဲယာ ကသည်း ထမင်းဆိုင်တွေ တန်းစီနေတာဘဲ။ မိုးရေးဘက်ကလာတဲ့ ကားတွေမှာ ကားခေါင်မိုးရော၊ ကားထဲမှာရော၊ ကားနောက်တွဲနဲ့ ထိုင်ခုံအကြိုအကြားမကျန်၊ မြန်မာဘက်ကလာတဲ့ အထုတ်အပိုးတွေ၊ အထည်အလိပ်၊ အချဉ်ထုပ၊် ဇီးပေါင်းနဲ့ စားသောက်ကုန်သာမက အိမ်သုံး ပရိဘောဂ အသုံးအဆောင် တရုတ်ပစ္စည်းတွေ သယ်လာတတ်တယ်။ အိန္ဒိယအေ၇ှ့မြောက် ဒေသတခုလုံးက မြန်မာနယ်စပ်ဖြတ်ပြီး တရုတ်လူသုံးကုန်နဲ့ စက်ပစ္စည်းတွေ လွမ်းမိုးရာနေရာ။ မြန်မာနယ်စပ်၊ မိုးရေးမြို့ဘက်သွားမဲ့ အဝေးပြေးကားတွေကိုတော့ လက်နက်ကိုင် အစောင့် ရဲတပ်သားတွေပါတဲ့ လုံခြုံရေးကားတွေနဲ့ေ၇ှ့ဆောင် သွားရသလို မိုးရေးဘက်က လိုက်လာတဲ့ ရဲအစောင့်တွေလည်း ပါလဲရောက်ရင် ဂျူတီချိန်းရတယ်။

ဟိုတချိန်က ရှမ်းပြည်မြောက်ပိုင်းလမ်းလိုဘဲ၊ သူပုန်၊ ဓားပြရန် ထူလွန်းလို့။ ပြီးတော့ အဲဒီပါလဲမြို့လေးက ဒုတိယကမ္ဘာစစ် ကာလက အထင်ကရ မြို့လေး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါး (၁၉၄၄ မတ်လ မှ ဂျူလိုင်လ)က ဒီနေရာမှာ အာရှနယ်ချဲ့ စစ်ဘီလူး ၂ ကောင်အကြိတ်အနယ် ဖိုက်တင်ချခဲ့တယ်။ ပါလဲလေဆိပ်ကို ခြေကုပ်ယူထားတဲ့ ဂျပန်တပ်တွေကို အင်္ဂလိပ် မဟာမိတ်တပ်တွေ အပြင်းအထန် ထိုးစစ်ဆင်ဘူးတယ်။ ဂျပန်တင့်ကားတပ်တွေ အတော်လေး ပျက်စီးခဲ့ဘူးတယ်တဲ့။ ဂျပန်တပ်တွေက အိန္ဒိယအရှေ့မြောက်ဒေသတွေကို စိုးမိုးဘို့ အစီအစဉ်တွေ ချခဲ့တယ်။ ၁၉၄၄၊ အင်ဖားစစ်ပွဲ (မဏိပူရပြည်နယ်) ကိုဟီးမား စစ်ပွဲ (နာဂလင့်ပြည်နယ်) တွေဟာ အထင်ကရ စစ်ပွဲတွေပေါ့။

ညကြီးမင်းကြီး ပါလဲမြို့ကို ဒီတခါဘဲ ဖြတ်ဘူးတယ်။ နေ့ခင်းပိုင်းမှာ အဝေးပြေး ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ ရှုတ်ရှက်ခတ်နေတဲ့ လူတွေကို စိတ်ထဲ မြင်နေမိတယ်။ နေ့ခင်းပိုင်းသာ ဒီပုံစံနဲ့ ခေါ်သွားရင် အသိတယောက်ယောက်နဲ့ တွေ့ရင် ငါ့တော့ လှမ်းအော် နှုတ်ဆက်လိုက်မှာဘဲလို့တောင် ရုတ်တရက် တွေးလိုက်သေးတယ်။ သိပ်တော့ မကြာလိုက်ဘူး၊ နောက်ထပ် ဓာတ်မီးတိုင် ကျိုးတိုးကျဲတဲနဲ့ မြို့လေးတခုကို ရောက်လာပြန်တယ်။

-----------------------

ထောင်ဗားလ် (Thoubal) မြို့လေးပါ။

မြိုလည်နားရောက်တော့ အမှတ် (၆) အာသံ ရိုင်ဖယ်တပ်ရင်းလို့ ရေးထားတဲ့ စစ်တပ်ဝင်းကြီးထဲ ရှေ့ကကားက ဦးဆောင် ၀င်သွားတယ်။ ကားရပ်တာနဲ့ ကျနော်က စစ်သားတွေ ရှေ့နောက်ရံပြီး ကားပေါ်က ဆင်းတယ်။ လက်ကို တုပ်ထားတဲ့ ကြိုးတန်းလန်းနဲ့ သူတို့ ခေါ်တဲ့နောက် လိုက်သွားတယ်။ ကား ၃ စီးပေါ်က အသီးသီးဆင်းလာတဲ့ စစ်သားတွေ နည်းမှ မနည်းဘဲ။ စစ်သားတယောက်က ကျနော့်လက်က ကြိုးကို ဖြုတ်ပေးလိုက်တယ်။

တပ်စခန်းဝင်းအလယ် အလံတိုင်နားရောက်တော့၊ အသင့်စောင့်နေတဲ့ ကင်မရာသမား ၂ ယောက်လောက်က မမျော်လင့်ဘဲ မီးတဖျပ်ဖျပ်နဲ့ ကျနော့်ကို ဓာတ်ပုံတွေ ရိုက်ပါလေရော။ ကျနော် အတော်လေး အံ့သြသွားတယ်။ ဒီလိုအဖြစ်မျိုး တခါမှ မကြုံဖူးဘူး။ မျက်စိတွေတောင် ပြာဝေပြီ်း ကျိန်းသွားတယ်။ နဲနဲနောနော ပုံတွေမှ မဟုတ်တာ။ အဲဒါတောင် သိပ်အားမရဘူး ထင်တယ်။ အရပ်မြင့်မြင့်၀၀၊ ထောင်ထောင်မောင်းမောင်းနဲ့ အရာရှိကြီးက (တပ်ရင်းမှုးပါ၊ နာမည်မေ့နေတယ်) သူ့နားက ကင်မရာသမားဆီက ကင်မရာကို ဆွဲယူလိုက်ပြီး ကျနော့်ကို ရှေ့ရော၊ နောက်ရော၊ ဘေးဝဲယာ၊ အကုန်ရိုက်ပါလေရော။ ဖြစ်မှ ဖြစ်ရလေ။

တကယ်တော့ ကျနော်လည်း ခေသူတယောက်တော့ မဟုတ်ပါဘူး။ နယူးဒေလီက ဟိုဟိုဒီဒီ နိုင်ငံရေးပွဲတွေမှာ၊ စင်ပေါ်တက်ပြီး ဂစ်တာတီး၊ သီချင်းတွေ ဟစ်နေကျ။ ဆန္ဒပြပွဲတွေမှာ ရှေ့ကနေ သစ္စာဓိဌာန်တွေ တိုင်ပေး။ နိုင်ငံတော်သီချင်းဆို။ ကြွေးကြော်သံတွေ ဦးဆောင်တိုင်ပေးခဲ့တဲ့ ကာလတွေက အိန္ဒိယ သတင်းထောက်တွေနဲ့ ကိုယ့်လူတွေရဲ့ ဘေးဘီဝဲယာ ကင်မရာရိုက်ချက်တွေ မြိန့်မြိန့်ကြီး ခံခဲ့သူပါ။ ဒါပေမဲ့ ဒီတခါရိုက်ချက်ကတော့ ပြင်းတယ်။ ညအမှောင်ထဲ မျက်လုံးတွေ ပြာဝေသွားတာဘဲ။

တကယ့် ရာဇ၀တ်သားတယောက်လိုဘဲ။ ကိုယ့်ဘေးပတ်ပတ်လည် ကုလားစစ်သားတွေ ၀န်းရံနေတယ်။ ဒီနေ့နာမည်ကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါ ဖျားလောက်တယ်။

မကြာခင် ဓာတ်ပုံရိုက်ပြီးသွားတော့ အစောက ထောင်ထောင်မောင်းမောင်း တပ်ရင်းမှုးက “ကမ်းအွန် (လာခဲ့)” ဆိုပြီး သီးသန့်ခန်းတခုကို ဦးဆောင်ခေါ်သွားတယ်။ နံရံထက်မှာ အာသံရိုင်ဖယ် အမှတ်တံဆိပ်အလံနဲ့၊ အိန္ဒိယအလံ ကပ်ထားပြီး စားပွဲတင်အလံနဲ့ ဖိုင်တွေ စာရွက်စာတမ်းတွေ သပ်သပ်ရပ်ရပ် တင်ထားတဲ့ စားပွဲဘေးက ထိုင်ခုံတလုံးကို လက်ညှိုးထိုးပြီး ထိုင်ခိုင်းလိုက်တယ်။ 

ပြီးတော့ သူလည်း ရေချိုးခန်းထဲ ၀င်မျက်နှာသစ်ပြီး ခဏဘဲ ပြန်ထွက်လာတယ်။ သူ့ကိုယ်ရံတော် ရဲဘော်တယောက်ကို လှမ်းခေါ်လိုက်တယ်။ ပြီးတော့ ကျနော့ဘက် လှဲ့ပြီး “အပူသောက်မလား။ အအေးသောက်မလား” လို့ အင်္ဂလိပ်လို မေးတယ်။ ကျနော်က ရေတခွက်လောက်ဘဲ သောက်ချင်တယ်လို့ ဖြေတော့ သူကိုယ်ရံတော်ကို ရေယူခိုင်းလိုက်တယ်။ အဲဒီရဲဘော်က အခန်းထဲက ရေသန့်ဗူးတဗူးနဲ့ ရေခွက်တခွက်ယူပြီး ကျနော့်ရှေ့ ချပေးတယ်။ ကျနော်လည်း ရေအေးအေးတခွက်ကို မနားတမ်း တကျိုက်ထဲ သောက်လိုက်ရတာ အတော်လေး အရသာ ရှိလိုက်ပါဘိ။ နှလုံးလည်း ကြည်သွားတယ်။ တပ်ရင်းမှုးက ကျနော့ကိုကြည့်ပြီး၊ အရက်သောက်ချင်ရင်ပြော၊ ၀ီစကီလား၊ ဘီယာလားလို့ မေးတယ်။ ကျနော်က မသောက်ချင်ဘူး။ ဒါဘဲ ကောင်းပါတယ်လို့ ရေပုလင်း မြှောက်ပြလိုက်တယ်။

ပြီးတော့ ကျနော့မှာ အစာအိမ်ရောဂါ ရှိတဲ့အကြောင်း၊ အခုလည်း အစာအိမ်က နာနေတဲ့အကြောင်း ပြောပါတယ်။ သူက မနက်ကျမှ ဆရာဝန် ခေါ်ပေးမယ်။ သိပ်နာနေလား .. လို့ မေးပါသေးတယ်။ ကျနော်က ကိစ္စမရှိတဲ့အကြောင်း၊ ဒီလိုမကြာမကြာ နာတတ်ကြောင်း ပြောပြပါတယ်။ အမှန်တော့ စိတ်ဖိစီးမှုနဲ့ ပူပန်မှုများရင် အခုလိုဘဲ နာတတ်ပါတယ်။ ပြီးတော့ ကျနော်က ကိုယ့်အခြေအနေလည်း ကိုယ်သိတယ်။ အရက် ၂ ပက်လောက် ၀င်သွားရင်၊ စကားက စက်သေနပ်ပစ်သလို မနားတမ်း ပြောတော့တာ။ တော်ကြာမူးမူးနဲ့ အမှားတွေပါပြီး အလွန်အကျွံတွေ သွားပြောမိရင် အခက်။ သူကတော့ နဲနဲသောက်ထားပါတယ်။ အနံ့ရတယ်။

မင်းကိုတခုဘဲပြောမယ်။ ငါတို့ကို ကူညီတဲ့အနေနဲ့ မေးတာကို မှန်မှန်ဖြေပါ၊၊ မင်းလည်း ဗမာစစ်တပ် အကြောင်း ကောင်းကောင်းသိတာဘဲ။ သူတို့လက်ထဲကို ရောက်သွားရင် မင်းဘာဖြစ်သွားမယ်ဆိုတာ မင်းအသိဆုံးပါ။ ငါသိပ်ရှည်ရှည်ဝေးဝေး မပြောချင်ဘူး။ အိုကေလားသူက ခြိမ်းခြောက်သံတ၀က်နဲ့ ပြောလိုက်တော့ ကျနော်ကလည်း “အိုကေပါ၊ ကျနော့်မှာလည်း ခင်ဗျားကို လိမ်စရာ စကားမရှိပါဘူး။ သိတာပြောပြမယ်။ မသိတာကို မသိဘူးလို့ ပြောတာကိုလည်း လက်ခံပါ။ ဗမာစစ်တပ်တော့ မပို့ ပါနဲ့လို့ မေတ္တာ ရပ်ခံလိုက်တယ်။

အဲဒီနောက် သူက “ကဲ.. ဆိုပါဦး၊ မင်း ဒီနယ်ကို ဘာလာလုပ်တာလဲ။ မင်းဘာလဲဆိုတာကို ပြောပါအုံး”

ကျနော်ကလည်း၊ မြန်မာသတင်းထောက် ဖြစ်တဲ့အကြောင်း၊ ၀ါရှင်တန်မှာ အခြေစိုက်တဲ့ အာအက်ဖ်အေ သတင်းဌာနရဲ့ အိန္ဒိယဆိုင်ရာ သတင်းထောက်ဖြစ်ကြောင်း ခုလိုဘဲ နယ်စပ်ကတဆင့် မြန်မာသတင်းတွေ စုဆောင်းပြီး ပေးပို့တဲ့အကြောင်း။ ၁၉၈၈ စစ်တပ် အာဏာသိမ်းပြီးကတည်းက အိန္ဒိမှာ ဒုက္ခသည်အနေနဲ့ ခိုလှုံနေတဲ့ အကြောင်း အတိုချုံး ရှင်းပြပါတယ်။

သူက အချိန်သိပ်ဆွဲမနေဘူး။ မင်းကို ဗမာပြည်က သတင်းတွေ ဘယ်သူ ပို့ပေးနေတာလဲလို့ မေးတယ်။ ကျနော်က မြန်မာအစိုးရကို မကြိုက်တဲ့လူတွေက ကျနော့ သတင်းပေးတွေချည်းဘဲ။ တိတိကျကျ ပြောဘို့ခက်တယ်။ တချို့က စာနဲ့ရေးပြီး လူကြုံပေးတာ။ တချို့က ကုန်သည်တွေ။ ၀န်ထမ်းတွေပါ။ ကျနော်က လူတိုင်းနဲ့ တွေ့နိုင်တာတော့ မဟုတ်ဘူး။ နယ်စပ်က ကျနော့မိတ်ဆွေတွေက ကူညီတာပါလို့ ပြောလိုက်တယ်။

ကျနော့စကား ဆုံးတာနဲ့ “နာဂ သူပုန်စခန်းတွေ ဘယ်မှာရှိလဲ။ မင်းဘာတွေသိလဲ။”

 ရုတ်တရက် ကျနော့်ကို ဒဲ့ဒိုးကြီး ဆက်တိုက် မေးချလိုက်တယ်။

“အဲဒါတော့ ကျနော်မသိဘူး။ သူတို့စခန်းလည်း မရောက်ဖူးဘူး

ကျနော်အမှန်အတိုင်းဘဲ ပြောလိုက်တာပါ။ ကျနော် အင်တာဗျူး လုပ်သူတွေဟာ၊ သူပုန်လား၊ ဘာလား၊ ကွဲကွဲပြားပြား သိတာမဟုတ်တဲ့အကြောင်း။ တချို့လည်း သူပုန် ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း။ ကျနော်ကတော့ သူတို့ ဘာဆိုတာထက်၊ ကျနော့ သတင်းအချက်အလက် ခိုင်မာဘို့ ဦးစားပေးတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။ သူခဏလောက် ငြိမ်သွားပြီးမှ၊ “အဲဒီတော့ မင်းဘာလုပ်မှာလဲ၊ သေချာစဉ်းစားပါ၊ပြောပြီး ရေချိုးခန်းဘက် ၀င်သွားတယ်။

ကျနော်က ဘာပြန်ပြောရမှန်းလည်း မသိဘူး။ ဘာစဉ်းစားရမှန်းလဲ မသိဘူး။ စဉ်းစားသလိုလုပ်ပြီး ငြိမ်နေလိုက်တယ်။ စိတ်ထဲမှာ ဟာလာဟင်းလင်းကြီး။ ဘာမှ မရှိဘူး။ အဖြေမရှိဘူး။ အင်ဖားက ကိုယ့်လူတွေကို ဘယ်လို အကြောင်းကြားရမလဲ။ ငါ့ကို သူတို့ ဘာဆက်လုပ်နိုင်သလဲဆိုတဲ့ မေးခွန်းတွေဘဲ အတွေးထဲ ရောက်နေတယ်။

စဉ်းစားပြီးပြီလား

တအောင့်အကြာ သူရောက်လာပြီး မေးတယ်။

ကျနော်ကဘာလုပ်ရမှာလဲ

ငါတို့ နဲ့ပူးပေါင်းဆောင်ရွက်ပေါ့၊

ကျနော် တတ်နိုင်တာကိုတော့ ကူညီပါ့မယ်

လို့ ပြောလိုက်ပါတယ်။ ကျနော်က စကားစတွေ မြန်မြန် ပြတ်ချင်လှပြီဆိုတာ သူလည်း ရိပ်မိပါတယ်။ ရဲဘော်တယောက်ကို ခေါ်ပြီး ကျနော့ကို ခေါ်သွားဘို့ ခိုင်းလိုက်ပါတယ်။ ကျနော်လည်း အဲဒီတပ်ရင်းမှုးကို နှုတ်ဆက်ပြီး ရဲဘော်နောက် လိုက်သွားပါတယ်။

မီးအလင်းရောင်မှိန်မှိန်နဲ့ အခန်းကျယ်ကြီး တခုရောက်တော့ စီစီညီညီ ကုတင်အသီးသီးမှာ စစ်သားတွေ အများကြီး ကိုယ့်ကုတင်နဲ့ကို လဲလျောင်းနေတာ တွေ့ရတယ်။ ကျနော့်ကို ကုတင်လွတ်တလုံး ပေးတယ်။ ကျနော်လဲ ကျောခင်းလိုက်တယ်။

သိပ်မကြာဘူး၊ နောက်ထပ် ရဲဘော်၂ ယောက် ရောက်လာပြီး ကျနော့ကို ထခိုင်းတယ်။ ကျနော့်အိတ်ပါ ယူခိုင်းတယ်။ (တပ်ရင်းမှုးအခန်းမှာ စစ်ဆေးပြီး ကျနော့ထံက မီနီဒစ်စ် တိပ်ခွေတခုရယ်၊ ဓာတ်ပုံတချို့နဲ့ မှတ်စုစာအုပ်လေးကိုတော့ သိမ်းထားပြီး ကျနော့ပစ္စည်းအားလုံး ပြန်ပေးခဲ့ပါတယ်)။

ကျနော့်ကို ရဲဘော် ၂ ယောက်က စခန်းဝန်းထဲက သီးသန့်အဆောက်အဦး တခုကို ခေါ်သွားပါတယ်။ သပ်ရပ်တဲ့ လုံးချင်းတိုက်လေးပါ။ အခန်းထိပ်မှာ VIP ဧည့်ဂေဟာလို့ ရေးထားပါတယ်။ အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာနဲ့ သန့်ရှင်းသပ်ရပ်သလို၊ ရုပ်မြင်သံကြား လည်းရှိတယ်။ ပါလာတဲ့ ရဲဘော်တွေ နှုတ်ဆက်ပြန်သွားတော့ ကျနော်လည်း ရေမိုးချိုး၊ TV သတင်း ကြည့်ပြီး အိပ်ပျော်သွားတယ်။

မနက် ၇ နာရီ လောက် ရဲဘော်တယောက်လာပြီး လက်ဘက်ရည်နဲ့ မုန့်လာပို့ တယ်။ သောက်ပြီး အတော်လေးကြာတော့၊ အခန်းတံခါးခေါက်လို့ ဖွင့်ပေးတော့ အရပ်ဝတ်နဲ့ မဏိပူရတယောက် ၀င်လာတယ်။ ဆရာဝန်ဖြစ်ကြောင်း နာမည်ပြောပြီး မိတ်ဆက်တယ်။ ကျနော့ကို ဘာပြဿနာရှိလဲလို့ မေးတယ်။ ကျနော်က အစာအိမ်နာတဲ့အကြောင်း၊ မကြာမကြာ ဒီလိုဖြစ်တတ်ကြောင်း ပြောပြတယ်။ သူလည်းနားကြပ်နဲ့ စမ်းသပ်စစ်ဆေးပြီး ဆေး ၂ မျိုး လောက်ပေးတယ်။

ပြီးတော့ စိတ်မပူဘို့ သက်သာသွားမဲ့အကြောင်း ပြောတယ်။ သူ ဆေးအိပ်တွေ သိမ်းဆည်းရင်း၊ “ဘယ်လိုဖြစ်တာလဲ၊ ဘာအကူအညီပေးရမလဲ၊ အကူအညီလိုရင်ပြောပါလို့ ခပ်တိုးတိုးလေး ပြောတယ်။ ကျနော်လည်း မယုံမရဲနဲ့ ငြင်းလိုက်မယ် လုပ်ပြီးမှ ခေါင်းထဲမှာ အဆင်သင့်ရှိနေတဲ့ နာမည်တခုက ထွက်သွားတယ်။

အင်ဖားက .. အို-ဂျွိုင်းဆင်းန် (O’ Joy Sing) ကို သိသလား။ MPP (Manipur People Party) ကပါ။ သူ့ကို အကြောင်းကြားပေးပါသူက အကြောင်းကြားပေးပါ့မယ်လို့ ကတိပေးပြီး၊ (Good Luck) ကံကောင်းပါစေလို့ နှုတ်ဆက်ပြီး ထွက်သွားတယ်။

--------------------------------------

အဲဒီ အန်ကယ် အိုဂျွိုင်းဆင်းဆိုတာ၊ မဏိပူ ပြည်သူ့ပါတီ ဥက္ကဌပါ။ ကျနော်တို နိုင်ငံအရေးကို အမြဲထောက်ခံပြီး၊ ကျနော်တို့ကိုလည်း သားအရင်းတွေလို စောင့်ရှောက်ကြွေးမွေးထားတာပါ။ လက်နက်ကိုင် လုံခြုံရေး အစောင့် အကြပ်တွေချထားတဲ့ သူ့အိမ်မှာ အခန်းတခုပေးပြီး ကျနော်တို့ကို နေခိုင်းတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) မဏိပူဒေသ ရုံးခွဲကို အဲဒီမှာ ဖွင့်ထားတယ်။

အင်ဖားမြို့မှာ ကျနော်တို့အဖွဲ့ နေထိုင်ရာ နေရာ ၂ ခု ရှိတယ်။ တခုက မဏိပူနန်းတွင်း ပိုင်နက်က ခြံမြေတခုပါ။ မဏိပူရ နောက်ဆုံး မင်းဆက်ထဲက မင်းသားကြီး မဟာရာဂျာ ပရီယိုဘာတာဆင်းန် ( Maharaja Priobatha sing) ပိုင်ဆိုင်တဲ့ နေရာပါ။ သိပ်မကြာသေးဘူး၊ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကဘဲ ဆုံးသွားရှာတယ်။ မြန်မာ့အရေးကို သိပ်ထောက်ခံတာ။ ကျနော်တို့ မြန်မာတွေကို သိပ်ခင်တယ်။ သိပ်ချစ်တယ်။ လူပျိုကြီးပါ။ မျက်စေ့ထဲမြင်အောင် ပြောပြရရင်၊ စာရေးဆရာ ဒဂုန်တာရာနဲ့ တပုံစံထဲ။ မျက်နှာသွင်ပြင်၊ ဆံပင်ရှည်တာ၊ မျက်စေ့မကောင်းလို့ မျက်မှန်ထူကြီးတပ်တာ၊ ကဗျာရေးတာ၊ စာရေးတာ၊ ပန်းချီဆွဲတာကအစ တူတာ။ ကျနော်တော့ သူနဲ့ စကားပြောနေရရင် ဆရာကြီး ဒဂုန်တာရာနဲ့ တွေ့နေရသလိုဘဲ။ စကားပြောတဲ့အသံ တိုးတိုးတိမ်တိမ်လေးကအစ တူတာဗျာ။ မြန်မာဘုရင်နဲ့ သူတို့ ဘို့ဘွားတွေ အတိတ်တုံးက အပြန်အလှန် အားပြိုင်ခဲ့တဲ့ သမိုင်းလေးတွေ ပြောပြဘူးတယ်။  

“ဟိုတုံးက ပဒေသရာဇ် မင်းတွေ အားပြိုင်ကြတာပါ၊ နယ်ချဲ့အင်္ဂလိပ်တွေလို၊ တိုင်းပြည်ကို သိမ်းပိုက်တာမှုတ်ဘူး။ သယံဇာတတွေ ရယူတာမျိုး မဟုတ်ဘူး၊ ညီအကိုတွေ အားပြိုင်တဲ့ စစ်မက်တွေ ဖြစ်ကြတာပါ” လို့ မင်းဧကရာဇ်တွေရဲ့ စိတ်ဓာတ်ကို အလွမ်းနဲ့ ပြောပြတယ်။ ဗမာစစ်သားတွေ ရက်စက်မှုတခုကို ရယ်ရယ်မောမော ပြောပြတာလေး မမေ့ဘူး။

မဏိပူ သုံ့ပန့်တွေကို ဗမာတပ်တွေ ခေါ်ဆောင်သွားပုံလေးပါ။ သုံ့ပန်း စစ်သားတွေကို ရှေ့နောက် တန်းစီခိုင်းပြီး သူတို့ နားပေါက်တွေကို အပ်ချည်နဲ့ တွဲလိုက်သတဲ့။ (မဏိပူရ ယောင်္ကျားတွေ ဒီနေ့အထိ နားပေါက်ဖောက်တယ်) အဲဒီတော့ နားပေါက်တွေကို အပ်ချည်နဲ့ တယောက်ချင်း သီပြီး အတွဲလိုက်ကြီး ဆွဲခေါ်သွားတာ။ အပ်ချည်ပြတ်ရင် ဇက်ဖြတ်မယ် အမိန့်က ထုတ်ထားသေးတယ်။ စဉ်းစားကြည့်ပေါ့၊၊ အသတ်ခံရမှာစိုးတော့ နာကျင်နေတဲ့ နားရွက်နားကနေ အပ်ချည်မျှင် သေးသေးလေးကို လက် ၂ ဘက်နဲ့ ကိုင်ထိမ်းပြီး ကြိုးမပြတ်အောင် ဖြေးဖြေးချင်း သတိထား စီတန်းလျှောက်နေရတဲ့ မဏိပူ သုံ့ပန်းတွေရဲ့ ဘ၀ကို။ တချိန်က မြန်မာဘုရင့်စစ်တပ်ရဲ့ ရက်စက်တဲ့နေရာမှာ ရွှေဥာဏ်တော် စူးရောက်ပုံက အံ့မခန်းပါဘဲ။

ဒါကြောင့် ကျနော်တို့ မြန်မာကျောင်းသားတွေ ၁၉၈၈ - ၈၉ ဒုက္ခသည်စခန်းမှာ နေခဲ့စဉ်က ကသည်းစစ်တပ် လုံခြုံရေးတွေအကြား ကျဉ်းကျဉ်းကြပ်ကြပ် နေထိုင်ခဲ့တော့ ပြောလေ့ရှိတာလေးပါ။

“ငါတို့ ဟိုဘ၀က မဏိပူကို စစ်ချီတိုက်ခဲ့သူတွေ ဖြစ်မယ်။ အဲဒီတုံးက လုပ်ခဲ့တာတွေ ၀ဋ်လည်တာနေမှာ” လို့ အချင်းချင်း ရီစရာလိုပြောပြီး မသိမသာ တရားသဘောနဲ့ ဆင်ခြင်တတ်တာလေးတွေ သတိရမိတယ်။ တကယ်တမ်းတော့ ကျနော်တို့အပေါ် မဏိပူပြည်သူတွေက သိပ်ပြီး စာနာ သဘောကောင်းကြပါတယ်။ မြန်မာပြည်သူတွေလိုဘဲ ရုပ်ရည်နဲ့ ၀တ်စားဆင်ရင်ပုံ၊ ဘာသာစကားကအစ ခပ်ဆင်ဆင်ပါ။

မဏိပူ ပြည်သူ့ပါတီ (Manipur People Party) က အိုဂျွိုင်းဆင်းတို့ မိသားစုဟာ ကျနော်တို့ ဗမာတွေကို တခါးမရှိ၊ ဓားမရှိ သူ့စံအိမ်ကို လွတ်လွတ်လပ်လပ် ၀င်စေ၊ ထွက်စေ၊ စားစေ၊ အိပ်စေဘဲ။ သိတ်ရှားတဲ့ မိတ်ဆွေမျိုးတွေပါ။ သူ့အိမ်မှာ ၂၄ နာရီ လက်နက်ကိုင် လုံခြုံရေးရဲတွေက အိမ်လေးဘက်လေးတန် အုတ်နံရံအမြင့်ကြီးတွေ ကာပြီး ကင်းတဲတွေ၊ ကျည်မတိုးနိုင်တဲ့ သဲအိတ်ကြီးတွေ၊ ကတုတ်ကျဉ်း အကာအရံတွေနဲ့ စောင့်ကြပ်နေတာပါ။

ကျနော်တို့ကိုလည်း ရုံးခန်းတခု ပေးထားတယ်။ အဲဒီရုံးခန်းမှာ အိပ်လို့ ရတယ်။ စားတော့လည်း သူ့အိမ်မှာဘဲ။ သူတို့ စားသလိုဘဲ။ သူတို့ သားသမီးတွေနဲ့အတူ ထိုင်စားကြတယ်။ မိသားစုလို နေကြတာ။ သူတို့ကိုလည်း မိဘလိုဘဲ သဘောထားတာ။ အိုဂျွိုင်းကိုတော့ ကျနော်တို့က အန်ကယ်လို့ဘဲ ခေါ်တယ်။ သူ့ဇနီးကိုတော့ အီမား(အမေ) လို့ ခေါ်တာ။

အခု ကျနော်ဒုက္ခရောက်တော့ သူတို့ကို ချက်ချင်း သတိရတာဘဲ။ ဒါကြောင့် အန်ကယ်အိုဂျွိုင်းကို အဆက်အသွယ်ရဘို့ သိပ်အရေးကြီးတယ်။ သူဘဲ ကျနော့ လွတ်မြောက်ရေးကို လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေတယ်။

တကယ်လည်း ကျနော်မျော်လင့်သလို သူဘဲ လုပ်ပေးတာပါ။ နောက်တနေ့ မနက် ကျနော့်ကို အာသံရိုင်ဖယ်အစောင့်တယောက် လက်ဘက်ရည်နဲ့ မုန့်လာပေးတယ်။ ကျနော်က ဧည့်ဂေဟာမှာ TV ကြည့်ရတယ်။ ဘာမှ နှိပ်စက်ညှင်းပမ်းတာ မရှိဘဲ ကောင်းကောင်းမွန်မွန် ထားတာကို ကျေးဇူးတင်ဘို့ ကောင်းတယ်။ မနေ့ညကတော့ တပ်ရင်းမှုးရဲ့ မေးခွန်းတွေ၊ သွယ်ဝိုက် ခြိမ်းခြောက်တာတွေက စိတ်ပျက်စရာ ဖြစ်ပေမဲ့ သူတို့ အလုပ် သူတို့လုပ်တာဘဲလို့ ဆင်ခြင်လိုက်တယ်။

တကယ်တမ်း ကျနော့်အပေါ် ရန်သူတယောက်လို မသင်္ကာဘူးဆိုရင် ဒီလို ဧည့်သည် တယောက်ကိုထားတဲ့ ပုံစံမျိုး ဘယ်ရှိပါ့မလဲ။ သူတို့ ကျနော့ကို နားလည်မှု ရှိသွားလို့ပြီးတော့ ကျနော်ရဲ့ မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ပွင့်လင်းလွတ်လပ်မှုအတွက် သတင်းလုပ်ငန်းတွေ လုပ်ကိုင်နေတာ အားပေးလက်ခံတာကြောင့်လို့ ကျနော် သဘောပေါက်လိုက်တယ်။

ပညာတတ်တွေဖြစ်တဲ့ အိန္ဒိယ စစ်ခေါင်းဆောင်တွေ ကြားမှာလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို လိုလားကြတာပါ။ လွန်ခဲ့တဲ့ နှစ်တွေက နယူးဒေလီမှာလုပ်တဲ့ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးညှိနိုင်းပွဲတွေမှာ အငြိမ်းစား အိန္ဒိယစစ်အရာရှိကြီးတွေလည်း တက်ရောက်ပြီး မြန်မာ့တပ်မတော်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ နိုင်ငံရေး သဘောထားတွေကို ဆွေးနွေးကြတာဘဲ။

ကျနော်နဲ့ သိကျွမ်းတဲ့ စစ်ဘက်အရာရှိ တချို့လည်း မြန်မာပြည် ဒီမိုကရေစီစနစ်ကသာ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်စေတဲ့အကြောင်း၊ မြန်မာပြည် ဒီမိုကရေစီရှိရင် နယ်စပ်သူပုန်ကိစ္စတွေ သေချာပြောဆို ဆွေးနွေးနိုင်မယ်လို့ မျော်လင့်နေတာပါ။

-----------------------------

နေ့လည် ၁ နာရီလောက်ကျတော့ ကျနော့်ကို လက်နက်ကိုင် အာသံစစ်သားတွေ လာခေါ်ပါတယ်။ ပြီးတော့ အလာတုံးကအတိုင်း လက် ၂ ဘက် နောက်ပြစ်ပြီးကြိုးနဲ့ တုတ်ပါတယ်။ အဲဒီနောက် ရှေ့ကနေ သွားခိုင်းပြီးနောက်ကနေ စစ်သား ၄ ယောက် တဘက်စီ ခြံရံပြီး သေနတ်နဲ့ ချိန်လိုက်လာပါတယ်။ ဘေးမှာလည်း စစ်သား ၄ - ၅ ယောက် ပါလာပါတယ်။ ကျနော့်ကို စဖမ်းစဉ်က အာသံစစ်အရာရှိလေးက ဦးဆောင် ခေါ်လာတာပါ။ ကာချင်းမြို့လည်ခေါင် ကားလမ်းမအတိုင်း ဈေးကိုဖြတ်ပြီး သူပုန်တယောက်ကို ခေါ်သွားတဲ့ပုံစံမျိုးပါ။

လမ်းသွားလမ်းလာတွေ မျက်လုံးတွေ ကျနော့်ဆီ ရောက်နေမယ်ဆိုတာ ကျနော် တွေးမိတယ်။ ကျနော်လည်း ရှက်နေတယ်။ ဒီပုံစံမျိုး ဘ၀မှာ တခါမှမ ကြုံဖူးဘူး။ ကျနော့နောက်နဲ့ ဘေးတဘက်တချက် မဏိပူရ ခလေးတွေတောင် အပြေးလေး ၀န်းရံပြီး လိုက်ကြည့်နေတယ်။ ကျနော့်မှာ ဟန်ကိုယ့်ဘို့ဆိုပြီး မာန်ထည့်ထားပေမဲ့ စိတ်ထဲတော့ အတော်ရှက်နေပြီ။ မြို့ထဲဖြတ်တော့ လုံခြုံရေး စစ်သားကလည်း ခတ်သွက်သွက် လျှောက်ခိုင်းတယ်။

သိပ်မကြာလိုက်ပါဘူး။ ရဲစခန်းကို ရောက်သွားတယ်။ အဲဒီကျမှ ကျနော့်ကို ရဲအမှုဖွင့်တော့မယ်ဆိုတာ ရိပ်မိတယ်။ ရဲစခန်းမှာ ခဏထိုင်ပြီး ကျနော့ကို ဖမ်းခဲ့တဲ့ အရာရှိက စခန်းမှုးကို စာရွက်စာတမ်းတွေ အပ်တယ်။ စခန်းမှုး မေးတာတွေ ဖြေတယ်။ ကျနော့်ကိုလည်း သူရေးတဲ့ အစီရင်ခံစာအတိုင်း မှန်မမမှန် မေးမြန်း စစ်ဆေးတယ်။ အမှုဖွင့် အစီရင်ခံစာ ရေးတယ်။ လက်မှတ်ထိုးတယ်။ ပြီးတော့ ကျနော့ရဲ့ အသံသွင်း ကရိယာတွေ၊ မှတ်စုနဲ့ တိပ်ခွေတွေကို ကျနော့ကိုပြပြီး စာရင်းနဲ့ ဟုတ်၊ မဟုတ် စစ်ဆေးတယ်။

ပြီးတော့ အဲဒီအရာရှိနဲ့ စစ်သားတွေ ကျနော့်ကို နှုတ်ဆက်ပြီး အားလုံး ပြန်သွားတယ်။ သူတို့ပြန်ပြီးတဲ့နောက် စခန်းမှုးက မေးစရာတချို့ မေးပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးစရာရှိတာတွေ ထိုးတယ်။ ပြီးတော့ စခန်းရုံးခန်းထဲက ခုံမှာဘဲ ထိုင်ခိုင်းတယ်။ လက်ဘက်ရည် တိုက်တယ်။ ကျနော်က အင်ဖားက MPP ပါတီဥက္ကဌကို ဖုံးဆက်ချင်ကြောင်း ပြောတော့ ချက်ချင်းဘဲ ခွင့်ပြုတယ်။ ဒါနဲ့ ကျနော်လည်း ကိုယ့်ရဲ့ အုပ်ထိမ်းသူလို ဖြစ်နေတဲ့ အန်ကယ်အိုဂျွိုင်းကို ဖုန်းဆက်တယ်။ သူက

“ဘရောင်း Brown (ကျနော့ နာမည် ကိုညိုကို မဏိပူတွေ ခေါ်ရခက်လို့ အင်္ဂလိပ်လို Brown လို့ဘဲ ခေါ်ကြတယ်) မင်းအခု ဘယ်ရောက်နေလဲ။ ငါ အခုဘဲ မနောင်း (သူ့သားငယ်) တို့ကို လွှတ်လိုက်မယ်။ စိတ်မပူနဲ့ စောင့်နေ” ဆိုပြီး ပြန်ပြောတယ်။

ကျနော် စိတ်ထဲ ပေါ့သွားတယ်။ မဏိပူ ရဲတွေကလည်း ကျနော့်ကို ခင်မင်ပါတယ်။ အချုပ်ထဲလည်း မထည့်ဘူး။ ကူကီး တိုင်းရင်းသား ရဲလေးတယောက်က ကျနော့ကို မိတ်ဆက်တယ်။ သူ့မိန်းမက မိုးရေးဇာတိဖြစ်တယ်။ ဗမာစကားတတ်တယ် ဆိုပြီး စခန်းနောက်က ရဲမိသားစု တန်းလျှားကို ခေါ်သွားတယ်။ စိတ်အေးလက်အေး စကားတွေပြောတယ်။ လဘက်ရည် တိုက်တယ်။

ကျနော်ကလည်း နယ်စပ်က ၀ယ်လာတဲ့ စားစရာတချို့ လက်ဆောင် ခွဲပေးလိုက်တယ်။ တကယ်တမ်း ဒုက္ခတွေ့ရင် ကျနော်တို့ မြန်မာနိုင်ငံသားတွေကို မဏိပူပြည်သူတွေက ခင်မင် စောင့်ရှောက်ကြပါတယ်။ ကိုယ်ချင်းစာတရား ရှိကြပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာ မနောင်း (အိုဂျွိုင်းရဲ့ သားငယ်) နဲ့ သူငယ်ချင်းတချို့ ရဲစခန်းကို ရောက်လာတယ်။ အာမခံနဲ့ ကျနော့ကို ခေါ်ထုတ်လာတယ်။ သူ့ဆိုင်ကယ်နောက်က လိုက်ပြီး ရုံးခန်းရှိတဲ့ အိုဂျွိုင်းဆိမ်ကို အရင်သွားတယ်။ ကျေးဇူးတင်စကား ပြောတယ်။ အီမား (အမေ) ဆို ကျနော့ခေါင်းကို လက်နဲ့ပွတ်သပ်ပြီး ၀မ်းသာကြောင်း ပြောတယ်။ နောက်တခါ နယ်စပ် မသွားဘို့ စိုးရိမ်တကြီး ပြောရှာတယ်။

ထမင်းစားပြီးမှ သွားခိုင်းပေမဲ့ ငြင်းဆန်ပြီး ကျနော်တို့နေတဲ့ နန်းတွင်းက ခြံလေးကိုဘဲ အရောက်သွားခဲ့တယ်။ အဲဒီမှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ သူတို့လည်း စိတ်ပူနေလိမ့်မယ်။ သတင်းလည်း ပျောက်၊ လူလည်း ပျောက်ဆိုတော့။

အရှေ့ဘက်မှာ တောင်တန်းပြာပြာနဲ့ ဘေးနားမှာ ရေကန်ကြီးရှိတဲ့ မဏိပူ နန်းတော်ရာဝန်းက မြက်ခင်းစိမ်းစိမ်းတွေနဲ့ ခြံဝင်းလေးရှိတဲ့ ကျနော်တို့နေထိုင်ရာ အိမ်လေးကို ရောက်တော့ မဏိပူမိတ်ဆွေတွေကလည်း ကြိုတင်ရောက်နှင့် ပြီးဝမ်းသာအားရ နှုတ်ဆက်ကြတယ်။ ဖြစ်ကြောင်းကုန်စင် ပြောပြတော့ သူတို့ စိတ်မကောင်းကြဘူး။ နယ်စပ်ကို သတိနဲ့ သွားဘို့ ကိုယ့်လူခံမပါဘဲ မသွားဘို့ သတိပေးတယ်။

ကျနော်တို့ အဖွဲရဲ့ ဒုဥက္ကဌ ကိုကျော်သန်းကတော့ စစ်ထောက်လှမ်းရေး စခန်းရှိတဲ့ (Liemakhun) ကို သွားပြီး တရားစွဲထားတဲ့ အမှုကို ရုတ်သိမ်းခိုင်းဘို့ ကြံဆနေတယ်။ (နောက်ပိုင်း သူနဲ့ ကိုမျိုးသွားပြီး လုပ်ခဲ့တယ်)။ နောက်ဆုံးတော့ အားလုံးရဲ့ မေတ္တာစေတနာနဲ့ ကျနော်လွတ် မြောက်သွားခဲ့တယ်။ ကျနော် စဉ်းစားတယ်။ ကျနော်တို့ သတင်းထောက်တွေကို အမြင်ကပ်သူတွေ အများကြီးပါ။

ထုံးစံအတိုင်း မြန်မာလူမျိုးက ခပ်များများပါ။ ပိုဆိုးတာက ဒီမိုကရေစီအတွက် တိုက်နေတယ်ဆိုတဲ့ လူတွေပါဘဲ။ တိုင်းတပါးသားတွေကမှ ကျနော်တို့အပေါ်စာ နာယိုင်းပင်းမှု ရှိကြပါသေးတယ်။ မြန်မာအချင်းချင်းက မုဒိတာစိတ် မမွေးနိုင်ပါဘူး။ ကျနော် နောက်ပိုင်း ပြန်ကြားပါတယ်။

“ဟီးရိုးလုပ်ပြီး သတင်းလိုက်တာ။ နည်းတောင် နည်းသေးတယ်၊ ဒါမျိုးကောင် မှတ်လောက်သားလောက်အောင် ဆုံးမလိုက်ရမှာ” တဲ့။ မကူညီတဲ့အပြင် ကိုယ့်ဗမာ အချင်းချင်းတွေဆီကပဲ နားမချမ်းသာစရာ အပြစ်တင်သံတွေ ကြားရတာလေ။

ဘာဘဲဖြစ်ဖြစ် ကျနော်ကတော့ သတင်းထောက်အလုပ်ကို ကိုယ့်ပြည်သူတွေနဲ့ တိုင်းပြည်က တာဝန်ပေးထားသလို သဘောပိုက်ပြီး ဆက်လုပ်နေလိုက်တယ်။ နယ်စပ်ခရီးလည်း ဆက်သွားတယ်။

သတင်းထောက်ဆိုတော့ ထုံးစံအတိုင်းပေါ့။

ခေါင်းမာမာပဲ။

 

ကိုညို။

(ဆောင်းပါးရှင်သည် ၀ါရှင်တန်အခြေစိုက် လွတ်လပ်သော အာရှအသံ (RFA) မြန်မာပိုင်းဌာနတွင် ၁၄ နှစ်ကြာ သတင်းထောက်၊ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ဆောင်ခဲ့ပြီး ယခုအခါ စိတ်ယဉ်ကျေးမှု မှတ်စုများအမည်ဖြင့် အပတ်စဉ်ဆောင်းပါးများကို ပြင်ပဆောင်းပါးရှင်အဖြစ် ရေးသားနေသလို၊ ဧရာဝတီအင်တာနက်မဂ္ဂဇင်း၊ နော်ဝေးအခြေစိုက် သတင်းထောက်နှင့် ယနေ့မြန်မာ သတင်းဌာန (Burma Today) အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်နေပါသည်)