Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 hh

၁၉၇၆ မတ်လ (၂၃)ရက်နေ့တွင်ကား တနိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်များနှင့် G.T.I များ သပိတ်မှောက်ကြတော့သည်။ R.I.T ကျောင်းသား ကဗျာဆရာများဖြစ်ကြသော မောင်မှိုင်းလွင် (အင်းဝ) [တင်အေးကြူ] ၊ ဝင်းမင်းထွေး [အမရပူရ] နှင့် ဘုန်းနွယ်လင်းတို့က ကိုတင်မောင်ဦး၏ ညီမ ဆယ်တန်းကျောင်းသူ မလှမြိုင် (ခ) မိုင်ပိုပိုဒင် နှင့် အတူ R.I.T နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် တိုက်ပွဲစတင်ကာ တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများနှင့် ပြည်သူများကို ဦးဆောင်ကာ မှိုင်းဂူသို့ ငြိမ်းချမ်းစွာ ချီတက်၍ဂါရဝပြုကြသည်။ မှိုင်းဂူ၌ ဂါရဝ ငြိမ်းချမ်းရေးမိန့်ခွန်းကို ကိုမောင်မှိုင်းလွင်က ဟောပြောပြီး အပြန်တွင် ကျောင်းသားအခွင့်အရေး တောင်းဆိုမှုနှင့် ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတွင် ကြွေးကြော်သံများဖြင့် ဆန္ဒပြကြသည်။

ထုံးစံအတိုင်းပင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကို သိမ်းပိုက်ကာ သပိတ်စခန်းဖွင့်ကြသည်။ အင်းစိန် ဂျီတီအိုင်ကလည်း သီးခြားချီတက်ဆန္ဒပြသည်။ မန္တလေးတက္ကသိုလ်တွင် ကိုကျော်ဝင်း နှင့် ဖိုးချိုတို့က ခေါင်းဆောင်၍ ချီတက်ဆန္ဒပြကြသည်။ ၁၉၇၅ သပိတ်တွင် လူသိထင်ရှားဖြစ်ခဲ့သော ကျနော်ကမူ လုံးဝ ပါဝင်ပါတ်သက်ခြင်း မရှိဘဲ ရှောင်ထားသည်။ ထုံးစံအတိုင်းပင် မဆလ အစိုးရက ကျောင်းများပိတ်ပြစ်ပြီး သပိတ်စခန်းများကို ဝင်စီးခြင်း၊ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခြင့်ဖြင့် ဖြေရှင်းသည်။ ၁၉၇၄ အလုပ်သမားသပိတ်ကို ဗ.က.ပ များမှ သွေးထိုးလှုံ့ဆော်သည်ဟု၎င်း၊ ၁၉၇၄ ဦးသန့်အရေးအခင်းကို ပြည်ပြေး ကျောင်းသားများက ဖန်တီးသည်ဟု၎င်း၊ ၁၉၇၆ မှိုင်းရာပြည့် သပိတ်ကို ကျောင်းသားဆိုးများက ဦးဆောင်စီစဉ်ခြင်းဖြစ်သည်ဟု၎င်း တံဆိပ်တင်ပြီး ချောင်ထိုးထားလိုက်သည်။ ကျနော်တို့၏ ရဲဘော်အတော်တော်များများ ဖမ်းဆီးခံလိုက်ရသည်။ မန္တလေးတက္ကသိုလ် သပိတ်တွင် ကျနော်တို့ ခေါင်းဆောင် ကိုကျော်ဝင်းနှင့် ဖိုးချိုတို့ အဖမ်းခံရသည်။

ကျန်ရစ်သော ကျနော်တို့ကားနောက်မဆုတ် မ.ဆ.လ အစိုးရကို ဆန့်ကျင်ရန် ဆက်လက်လှုပ်ရှားကြသည်။ စည်းရုံးရေးနယ်ပယ်ကို ဆက်လက်တိုးချဲ့ကြသည်။ မ.ဆ.လ လမ်းစဉ်လူငယ်များထဲမှ ၁၉၇၄ - ၇၅၊ ၇၆ သပိတ်ကြီးများ အပေါ် ဖြေရှင်းပုံကို မကျေနပ်သည့် လမ်းစဉ်လူငယ်ခေါင်းဆောင် အချို့နှင့် ကျွန်တော်ချိတ်ဆက်မိသည်။ သူတို့နှင့်တွေ့ဆုံဆွေးနွေးရင်း တစထက်တစ ယုံကြည်မှုခိုင်မာလာသည့်အခါ လေ့လာရေးအစုဖွဲ့ပြီး "ဘက်သုံးဘက်လေ့လာရေး" စတင်ကြသည်။ မှိုင်းရာပြည့် မတိုင်မှီကျနော်ဆက်သွယ်ခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများ အစုနှင့်ပြန်ဆက်သွယ်သည်။ သူတို့သည် မှိုင်းရာပြည့်အကြို "အရှေ့လေ" စာစောင်ကို ထုတ်ဝေ၍ အင်းစိန် ဂျီတီအိုင် ရန်ကုန်တက္ကသိုလ် ပေါင်းစုံနှင့်မန္တလေးတွင် ကျနော်ကဖြန့်ချီပေးသည်။သူတို့နှင့်ညှိနှိုင်းပြီး လေ့လာရေး အစုများ ဆက်လက်တိုးချဲ့ရန်ပြင်ဆင်နေကြချိန်တွင်ပင် ၁၉၇၆ ဇွန်လထဲတွင် ကျနော်တို့အားလုံး အရှေ့လေ စာစောင်နှင့် ပါတ်သက်၍ အဖမ်းခံခဲ့ကြရပါသည်။ ကျနော်တို့အသိုက်ထဲမှ RITကျောင်းသားများဖြစ်သော မောင်စိုးစံ၊ အောင်ကျော်စိန်၊ ဝဏ္ဏ နှင့် ဇော်ဖေဝင်းတို့မှာ အဖမ်းမခံဘဲ တိမ်းရှောင်ကာ ဗမာပြည် ကွန်မြူနစ်ပါတီသို့ ရောက်ရှိသွားခဲ့ကြပါသည်။ နောင်တွင် ကိုကျော်ဝင်း နှင့် ဖိုးချိုတို့လည်း မန္တလေး ထောင်မှပြန်လည်လွတ်မြောက်လာသည့်အခါ B.C.P သို့ရောက်ရှိသွားကြပါသည်။

ကျနော်တို့ ဘာကြောင့် ကွန်မြူနစ်များ ဖြစ်လာခဲ့ကြရပါသလဲ၊ အတိုဆုံးပြောရလျင် ကျနော်တို့ ဖြတ်သန်းနေရသော သမိုင်းခေတ်ကြီးက တွန်းပို့လိုက်ခြင်းဖြစ်ပါသည်။ ကျနော်တို့ခေတ်က လူငယ်တဦး အနေဖြင့် မ.ဆ.လ လုပ်မလား ဗ.က.ပ လုပ်မလား နှစ်လမ်းသာ ရွေးစရာရှိပါသည်။ ဗမာပြည် သမိုင်းတလျောက်တွင် အရေးကြီးသည့် ခေါင်းဆောင်ဟူသမျှ လက်ဝဲသမားများ ဖြစ်ခဲ့ကြပါသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုသည်ပင် ဘုံဝါဒနှင့်တို့ဗမာ၊ လူမွဲတို့၏ထွက်ရပ်လမ်းစသည့် လက်ဝဲစာအုပ်များ အုပ်ကိုသာ ရေးသားကာ အောက်တိုဘာတော်လှန်ရေးကြီးကို အားကျခဲ့ပါသေးသည်။ ဗမာပြည် သမိုင်းကို လေ့လာသည့်အခါတွင်လည်း နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး တိုက်ပွဲတခုလုံးတွင် ကွန်မြူနစ်ပါတီ၏ အလွန်အရေးကြီးသည့် အခန်းကဏ္ဍကို ကျနော်တို့ တွေ့ရှိခဲ့ရပါသည်။

ယခင်က ကွန်မြူနစ်ဟူသည် နားထင်တွင် ကြက်ခြေခတ် ပလာစတာကပ်ကာ ရွှေတိဂုံဘုရားကို မိုင်းဖြင့်ခွဲနေသော ကာတွန်းသန်းကြွယ်၏ ဇာတ်ကောင်ဟုသာ သိထားရာမှ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ နှစ်တွဲကို ဖတ်ရှုရသည့်အခါ လမ်းစဉ်၊ လုပ်ငန်းစဉ်များ ဗဟိုမတ်လီနင်ဝါဒ သင်တန်းကျောင်းများနှင့် သင်တန်းပို့ချချက်များ၊ မိန့်ခွန်းများကို ဖတ်ရှုရသည့်အခါ၊ ၁၉၅၅ ပြည်တွင်းစစ် ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်ကို ဖတ်ရှုရသောအခါ ၃၊၃၊၂၊   ၁၊၁၊၅ ဟူသည် နယ်ချဲ့စနစ် ပဒေသရာဇ်မြေရှင်စနစ် ဗြူရိုကရက် အရင်းရှင်စံနစ် ရန်သူကြီး  ၃ ဦး၊ တပ် ပါတီပေါင်းစုဟူသည့် တော်လှန်ရေး၏ ပြဒါးရှင်လုံး ၃ လုံး အရင်းရှင် အာဏာနှင့် ပြည်သူ့အာဏာဟူသည့် အာဏာ နှစ်ရပ်၊ စစ်အနိုင်တိုက်ရေး၊ အာဏာသိမ်းရေး၊ ၆၄ လမ်းစဉ်တစ်ရပ်၊ ဗမာပြည် တော်လှန်ရေး၏ ပစ္စည်းမဲ့တပ်ဦးပါတီ B.C.P ၊ စစ်ရေးကို ဗဟိုပြု မြေယာတော်လှန်ရေးဆင်နွှဲ တပ်ပေါင်းစု တိုးချဲ့ လူမျိုးစုနှင့် မဟာမိတ်ဖွဲ့၊ ပါတီ တည်ဆောက်ရေးဟာ သော့ချက်ဟူသည့် တာဝန် ၅ ရပ်ဖြင့် ဖွဲ့စည်းထားသော ၆၄ လမ်းစဉ် ဆိုသည်ကို ဖတ်ရှုရသောအခါ ကွန်မြူနစ်ဝါဒအပေါ်သို့ ကျွန်တော်တို့ တိမ်းညွတ်ခဲ့ကြပါသည်။ ကျနော်တို့ ခေတ်လူငယ်အများစု ကွန်မြူနစ်ဖြစ်လာရခြင်းတွင် သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်သည် အလွန်အရေးကြီးသည့် အခန်းမှပါဝင်ပါသည်။

ဗမာပြည် ကွန်မြူနစ်ပါတီတွင်းမှ လမ်းစဉ်တိုက်ပွဲများအတွင်း “ဖြုတ်၊ထုတ်၊သတ်” ကိစ္စများနှင့် ပါတ်သက်၍လည်း ၁၉၇၁ ထုတ် B.C.P သမိုင်းအကျဉ်းတွင် အသတ်ခံရသူများမှာ ပါတီဖြိုခွဲရေးသမားများဖြစ်သည်။ ရန်သူ၏ ပါတီတွင်း ကိုယ်စားလှယ်များဖြစ်သည်ဟူသော ဖော်ပြချက်များကိုလည်း အလွယ်တကူ ယုံကြည်ခဲ့ကြပါသည်။ ကျနော်တို့ ကိုယ်တိုင်လည်း ရန်သူနှင့် မိမိအကြား ရန်/ငါ စည်းပြတ်ရမည်ဟု မိမိကိုယ်ကို တောင်းဆိုခဲ့ကြပါသည်။ လက်ဝဲအလွန်အကျွံ အတွေးအခေါ်တွေ ယစ်မူးခဲ့ကြပါသည်။ ၁၉၇၅ တွင် အင်ဒို ချိုင်းနား ၃ နိုင်ငံ ကွန်မြူနစ်ပါတီများ တော်လှန်ရေး အောင်ပွဲဆင်ခဲ့ခြင်းကလည်း မတ်ဝါဒ မှန်ကန်ကြောင်း အခိုင်အမာ သက်သေပြခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြပါသည်။

နိုင်ငံတကာ အခြေအနေအရပြောရလျင် ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ကမ္ဘာကြီးသည် လက်ဝဲဘက်သို့ တိမ်းညွတ်နေခဲ့ပါသည်။ စစ်အေးတိုက်ပွဲ ပေါ်ပေါက်လာသဖြင့် ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြပါသည်ဆိုသော US နှင့် ဥရောပ တို့သည် ၎င်းတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ သေနင်္ဂဗျူဟာ (Global strategy) အရ ကွန်မြူနစ် ဆန့်ကျင်ရေး အစိုးရများကို နန်းတင်ခဲ့ကြပါသည်။ ၎င်းတို့အတွက် အစိုးရတစ်ရပ်သည် ဒီမိုကရေစီ ကျင့်သုံးခြင်းရှိ /မရှိဆိုသည်ထက် ကွန်မြူနစ်ဆန့်ကျင်ခြင်း ရှိ/မရှိက ပို၍ အဓိကကျနေခဲ့ပါသည်။ ဤသို့ဖြင့် အရှေ့တောင်အာရှတွင် ကွန်မြူနစ်ဆန့်ကျင်ရေး အမာခံဖြစ်သော ဗိုလ်နေဝင်း အစိုးရသည် EU မှ G-3 စက်ရုံ လက်ဆောင်ရခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်အစိုးရသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိက ပြည်သူများ၏ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကိုလည်း ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ပါသည်။ အထူးသဖြင့် ဗီယက်နမ်တွင် ပြည်သူကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်သည့် ငိုဒင်ဇင်၊ ငိုဒင်နု၊ ငုယင်ကောင်းတီး တို့ကဲ့သို့ ရုပ်သေးများကို နန်းတင်ယုံမက ကိုယ်တိုင်ကိုယ်ကျ စစ်အင်အားဖြင့် ပါဝင်စွက်ဖက်လာသောအခါ US ၏ ဂုဏ်သိက္ခာဟူသမျှ ကမ္ဘာပြည်သူများ၏ တံတွေးခွက်တွင် ဆုံးဆုံးနစ်ကာ အော်ကြောလန် ကမ္ဘာပုလိပ်ကြီးဖြစ်ခဲ့ရပါသည်။ ထိုသို့သော အခြေအနေတွင် ကျနော်တို့ အနေဖြင့် လစ်ဘရယ်ဒီမိုကရေစီဆိုသည်ကို မည်သည့်နည်းနှင့်မျှ လက်ခံယုံကြည်နိုင်ဖွယ်ရာမရှိတော့ပါ။ ပစ္စည်းမဲ့ နိုင်ငံတကာဝါဒ၊ မတ်ဝါဒ အလံတော်အောက်ဝယ် ကမ္ဘာ့ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ကာ တော်လှန်စစ်ဆင်နွှဲခြင်းဖြင့်သာ စစ်မဲ့သောငြိမ်းချမ်းချစ်ကြည်သော ခေတ်မီ အလုပ်သမား လယ်သမား နိုင်ငံတော်သစ်ကြီးတည်ဆောက်နိုင်လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ခဲ့ကြပါတော့သည်။ တော်လှန်တက်ကြွ၍ ရိုးသားဖြောင့်မတ်သော လူငယ်များအနေဖြင့် ကမ္ဘာကြီးကို သိဖို့မဟုတ် ပြောင်းလဲပြစ်ရမည်ဟု ရိုးသားစွာ ယုံကြည်ခဲ့သော ကျနော်တို့သည် ကမ္ဘာကြီးကို ပြောင်းလဲပြစ်ဖို့ ကြိုးစားကြပါတော့သည်။ ထိုအခါ...

 

                             အခန်း (၂) ငရဲကမ္ဘာ (The Prison years)

 

                             "ဤသူတို့သည်ကြီးစွာသော ဆင်းရဲခြင်းထွက်၍ မိမိဝတ်လုံကို၊ သိုးသယ်အသွေး၌လျှော်၍ ဖြူစင်သော သူဖြစ်ကြသတည်း"

 

                                                          (သမ္မာကျမ်း ဗျား ၇း ၁၄)

 

[အင်းဝ လက်မရွံ့ ထောင် ယုဒဿန် ကျောက်စာ]

ကျနော့်ကို တင်ဆောင်လာသော အပြာရောင် မာဇဒါဂျစ်ကာလေးသည် ည ၉ နာရီခန့်တွင် အင်းစိန်ထောင် ဘူးဝရှေ့သို့ ရောက်လာ၏။ ကျနော်က  ကားပေါ်မှ လွယ်အိတ်တလုံး အိပ်ယာလိပ်တလိပ်ဖြင့် ဆင်းလာသည်။ သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်ကြီးက ကျောက်သား နန်းတော်ကြီးလား ၊ ကျနော့်ရှေ့တွင် မားမားကြီးကြီး ရပ်လျက်ရှိ၏။ ကျနော့်အား ၉.၆.၇၆ နေ့တွင် မန္တလေးရှိနေအိမ်၌ ဖမ်းဆီးပြီး အမှတ် ၁ ထောက်လှမ်းရေးတပ်၌ထားကာ ၁၀ ရက်နေ့ မနက် အမြန်ရထားဖြင့် ရန်ကုန်သို့ ခေါ်ဆောင်လာကြသည်။ မန္တလေးဘူတာကြီးသို့  ကျနော့်၏ဇနီးနှင့် အခါလည်ကျော်စ သမီးလေးမှာ ကျနော်တို့ ရပ်ကွက်မှ ကြင်နာတတ်သော ရဲအုပ်ကြီး ဦးမြမောင် အကူအညီဖြင့် လိုက်ပို့ခွင့်ရသည်။

အသက် ၁၉ နှစ်သာ ရှိသေးသည့် ကျနော့်ဇနီးမှာ သမီးလေးကို ချီထားရင်း မျက်ရည်များ ကျနေသည်။ သမီးကလေးမှာ နားမလည်နိုင်သည့် မျက်နှာဖြင့် ကျနော့်ကို ကြည့်နေ၏။ ကျနော့် ရင်တွင် တင်းကြပ်နာကျင်လာသည်။ ရထားကြီး တရွေ့ရွေ့ထွက်ခွါလာသည့်အခါ  လက်ပြကျန်ရစ်ရှာသည့် ဇနီးနှင့်သမီးလေး၏ ပုံရိပ်မှာ တဖြေးဖြေး မှုန်ဝါးသွားသည်။ ကျနော့်ရင်ထဲတွင်...

" နေဝင်စ . . ချိုးမရယ်ကူ

ချစ်သူဇနီးနဲ့၊

သမီးလေးရဲ့ . . . စောင့်မျှော်ခြင်းတေးဟာ

 အဝေးတနေရာမှ တိမ်းမှောက်ခဲ့ရ

 ခလေးတွေ အဖေပျောက်တဲ့ ညကပေါ့  . . ."

ဟူသည့် ကဗျာအပိုဒ်လေးဖြစ်ပေါ်ပဲ့တင်လာသည်။ ၁၉၉၅ခုနှစ်တွင် "ဒဏ်ရာရနေတဲ့အနမ်းများ" (The Wounded Kisses) ဟူသည့် ကဗျာရှည် တစ်ပုဒ် မန္တလေးထောင် တိုက်ခန်းတွင် ရေးဖွဲ့ဖြစ်သောအခါ ထည့်သွင်းခဲ့ပါသည်။

အင်းစိန်ထောင်ဗူး တံခါးကြီးပွင့်လာပြီ၊ ကျနော့်ကို လိုက်ပို့သည့် S.B မှ ရဲအရာရှိ လူငယ်က ဗူးထဲတွင် လာကြိုနေသည့် မျက်နှာထားတင်းတင်း အရပ်ဝတ်နှင့် လူတစ်ယောက်လက်သို့ အပ်သည်။ နောက် ကျနော့်ကို စောင်ဖြင့်အုပ်ပြီး ဆွဲခေါ်သွားကြသည်။ စောင်ခွါလိုက်သည့်အခါ သစ်သား ပျဉ်ထောင်အိမ်လေး တလုံးထဲ ရောက်နေသည်ကို တွေ့ရ၏။ ထိုညတညလုံးကို ကျနော့်ကို ထောက်လှမ်းရေးများ လူလဲစစ်ကြ၏။

အဓိက စစ်ဆေးသူမှာ ခရမ်းမှ တပ်မတော်ရေ ထောက်လှမ်းရေး တပ်ကြပ်ကြီး မိုးသိန်းဖြစ်၏။ ကျနော့်ထံမှ အရှေ့လေ စာစောင်များ သိမ်းဆည်းရမိပြီး ဖြစ်၍တစ်ကြောင်း ကျောင်းသား လူငယ်တဦးဖြစ်၍တစ်ကြောင်း သိပ်ပြီး ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခြင်းမခံရ။ ထိုင်ထ လုပ်ခိုင်းခြင်း၊ သားရေခါးပတ်ပြားဖြင့် ရိုက်ခြင်း စသည်တို့သာရှိသည်။ နံနက် ၄ နာရီခန့်တွင် သူက "တော်ပြီ ... ဒီလောက်ဆို မင်းကို ထောင်ချလို့ရပြီ သွားအိပ်ချေတော့" ဟု ကုတင်တလုံးကို ညွှန်ပြပြီး အိပ်ခိုင်းသည်။

ကောင်းစွာ အိပ်မပျော်တော့ပါ။ နံနက် ၈ နာရီခန့်တွင် ဒန်ပန်းကန်ပြား တချပ်၌ နီရဲကာ စပါးလုံး နိုင်းခြင်းဖြင့် လုံးတီးဆန် ထ္မင်းတပန်းကန် ရောက်လာသည်။ အပေါ်၌ ပဲဟင်းရေကြဲ ဆမ်းထားသည်။ ခပ်မဲမဲ အရာတခု ပုံထားသဖြင့် တို့ကြည့်ရာ ငပိစိမ်းများဖြစ်နေသည်။ ကျနော်မှာ တလုပ်နှစ်လုပ်ပင် မြိုချ၍ မရပါ။ ဦးသိန်းက " ဟ ကောင် ကြိုးစား စားထားကွ ဒီထမင်းပဲ မင်း ၇ နှစ်လောက်စားရမှာ တောင့်ထားပေါ့ကွာ... ဟဲ ဟဲ" ဟုလောင်သည်။ ကိုယ်ရေးရာဇဝင်ဖြည့်ခြင်း၊ အမှတ်အသားတိုက်ခြင်းများ လာလုပ်ကြသည်။ အိမ်ကလေးမှာ တစ်ထပ်မြေစိုက် ပျဉ်ထောင်အိမ်ဖြစ်ပြီး ပတ်ပတ်လည်လည် သွပ်ပြားအမြင့်ကြီးများဖြင့် ကာထားသည့်အတွက် အပြင်ကို မမြင်ရ။ သွပ်ပြားပေါ်မှ ကျော်၍ အိမ်ခေါင်မိုးများကို မြင်ရသဖြင့် တခြားအိမ်များ တစ်ဖက်တစ်ချက်၌ ရှိကြောင်းသိရသည်။ ယင်းအိမ်များထဲမှ အော်ဟစ်ကြိမ်းမောင်းသံများ ရိုက်နှက်သံများ ကြားနေရသဖြင့် ထိုအိမ်များထဲတွင် စစ်ကြောရေးလုပ်နေကြောင်းသိရသည်။

ညနေ ၆ နာရီခန့်တွင် ကျနော့်ကို ပစ္စည်းများ သိမ်းခိုင်းကာ အိမ်ကလေး အတွင်းမှ ခေါ်ထုတ်သွားပြီး မလှမ်းမကမ်းရှိ ဂိုဒေါင်နှင့်တူသော ခပ်လုံးလုံး အုတ်တိုက်တန်းလျား ရှည်ကြီးတစ်လုံး ဆီခေါ်သွားသည်။ သစ်သားတံခါး တစ်ခုရှေ့သို့ရောက်သောအခါ အသင့်စောင့်နေသော ဝါဒါတစ်ဦးက သော့ခလောက်ဖွင့်ကာ ဂလန့်ဆွဲဖြုတ်၍ တံခါးဖွင့်လိုက်၏။ အထဲတွင် အခန်းတစ်ခုရှိပြီး သံတံခါးတစ်ခု သော့ခက်ထားသည်ကို တွေ့ရပြန်သည်။ အထဲမှ ဝါကြင့်ကြင့်မီးရောင်များ အပြင်သို့ အန်ကျနေသည်။

အခန်းထဲတွင် ဆံပင်ရှည်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးရှည်များဖြင့် လူ ၃ ယောက်ကိုတော့ တွေ့ရသည်။ ဝါဒါက သံတံခါးကို သော့ဖွင့် မင်းတုံးဖြုတ်ကာ ကျနော့်ကို အခန်းထဲ သွင်းလိုက်ပြီးနောက် သံတံခါးနှင့် သစ်သားတံခါးကို ပြန်ပိတ်ကာ ထွက်ခွါသွားကြသည်။ ညစ်ထေးပေရေနေသော အဝတ်အစားများ ညှင်းသိုးသိုး ဆံပင်ရှည်များနှင့် သူတို့ကို အကဲခက်ရန် သံတံခါးအနီးတွင် လွယ်အိတ်ကလေးပိုက်ကာ ကျနော်ရပ်နေမိ၏။ ကြည့်ရတာတော့ ရာဇဝတ်သား လူမိုက်တွေနဲ့တူတယ်ဟု စဉ်းစားနေစဉ် ပိန်ပိန် အသားဖြူဖြူ တစ်ယောက်က ပြုံးပြပြီး “လာပါ ပစ္စည်းတွေချပါ ခင်ဗျာ ကျနော်တို့က အင်းစိန် G.T.I မှိုင်းရာပြည့် သပိတ်က နီယုပါ။ သူက သန်းဌေးပါ။ ဟောဟိုက မုတ်ဆိတ်နဲ့ ပုဂ္ဂိုလ်က ကိုတင်မောင်ဦးရဲ့ အမှုတွဲ ချည်စက်က ကိုမုတ်ဆိတ်ပါ” ဟု မိတ်ဆက်သည်။

ကျနော်လည်း ဝမ်းသာအားရ ဖြစ်သွားကာ "ဟာ ကျနော်က မန္တလေး တက္ကသိုလ်ကပါ တော်ပါသေးရဲ့ ဗျာ။ ခင်ဗျားတို့ကို Criminal တွေမှတ်နေတာ"ဟု ပြောရင်း အထုပ်များကိုချကာ ထိုင်လိုက်သည်။ သူတို့က တဟားဟားရယ်မောနေစဉ် ခေါင်းရင်းရှိ နံရံကို တဒုန်းဒုန်းထုသံကြားရသည်။ နီယုက "လူသစ်ဟေ့ မန္တလေး တက္ကသိုလ်ကကွ ဆေးလိပ်ပါရင် ဝဲလိုက်မယ်" ဟု ပြူတင်းပေါက်မှ ထအော်သည်။ သူတို့ကို ဆံပင်ညှပ် မုတ်ဆိတ်ရိတ် မပေးကြောင်းသိရသည်။ အခန်းမှာ ၁၂ ပေ ပတ်လည်ခန့်ကျယ်ပြီး၊ သံတံခါးမကြီး နံဘေးတွင် ပြူတင်းပေါက်တပေါက် ရှိသည်။ နောက်ဘက်တွင် ရေလောင်းအိမ်သာ နှင့် ရေချိုးခန်းတခန်းရှိသည်။ အခန်း၏ အပြင်ဘက်တွင် ကွက်လပ်တခုရှိပြီး အုတ်တံတိုင်း နှင့် သစ်သားတံခါးတခုရှိသည်။ တခန်း နှင့် တခန်း အုတ်တံတိုင်းကာထားပြီး ရှေ့ကွက်လပ်၏ သွပ်မိုးတွင် ၁၃' x ၃ ' သံဇကာတချပ် အုတ်တံတိုင်းပေါ်မေးတင် ပိတ်ဆို့ထားသဖြင့် ထိုနေရာမှနေ၍ ကောင်းကင်ကြီးကိုမြင်ရ၏။

နံရံကပ်၍ ခင်းထားသော ဖျာကြမ်းပေါ်တွင် အလည်ခေါင်၌ ကျနော့်ကို နေရာချပေးသည်။ နီယုက မော်ကျွန်းမြို့၊ သန်းဌေးက စလင်း မှဖြစ်ပြီး အားလုံး G.T.I နောက်ဆုံးနှစ် ကျောင်းသားများ ဖြစ်ကြသည်။ ကိုမုတ်ဆိတ်မှာ ချည်စက်မှ အလုပ်သမားတဦးဖြစ်၏။ သူသည် ကိုတင်မောင်ဦး၊ ကိုမြင့်ဦး တို့နှင့်အတူ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ကျနော်ယခု ရောက်နေသောတိုက်ကို တိုက်သစ်ဟုခေါ်ပြီး စုစုပေါင်းအခန်း (၁၀)ခန်းရှိကြောင်းပြောပြကြသည်။ တိုက်ဝင်းထဲရှိ သစ်သားလုံးခြင်း အိမ်ကလေးများတွင် ဗိုလ်မှူးကြီး စိန်မြ၊ သခင်စိုး နှင့် လောစစ်ဟန်တို့ ရှိသဖြင့် မ.စ.လ ကွက်သစ်ဟု ခေါ်ကြောင်း၊ လွတ်နေသော လုံးခြင်း အိမ်ကလေးများတွင် ထောက်လှမ်းရေးများနေပြီး၊ စစ်ကြောရေးလုပ်ကြောင်း၊ ဝင်းအတွင်းတွင် ဗဟိုထောက်လှမ်းရေး (အကူ)တပ်ဖွဲ့မှ ရုံးခန်းတခန်း နှင့် စစ်ကြောရေး တိုက်ကလေးတလုံး ရှိကြောင်းလည်း သိရပါသည်။ ယင်းတိုက်ခန်းမှာ သုံးခန်းတွဲဖြစ်ပြီး အရေးကြီးသော စစ်ကြောရေးများကို ထိုတိုက်ကလေးတွင် လုပ်လေ့ရှိသည်။ ကျနော်တို့က မရဏစံအိမ်ဟု ခေါ်ကြသည်။ ကျနော်တို့အခန်း သစ်သားတံခါး ပျဉ်ချပ်ကွဲကြောင်းများမှ လှမ်းကြည့်၍ ထိုတိုက်ကလေး မီးလင်းနေလျင် စစ်ကြောရေးရှိကြောင်း သိရသည်။ ညဉ့်နက်ပိုင်းဝယ် ရိုက်နှက်သံ၊ အော်ဟစ်ခြိမ်းခြောက်သံများ ကြားရတတ်သည်။ ထိုအခါ ကျနော်တို့ စိတ်မကောင်းဖြစ်ကြရ၏။ အခန်းထဲရှိ ရေပိုက်မှရေကို စဉ့်အိုးဖြင့်ခံထားရသည်။ ရေကတစက်ချင်းသာ လာသောကြောင့် အိမ်သာသုံးရန်နှင့် သောက်ရေ အဓိကထားပြီး ရေကို ချွေတာသုံးစွဲရသည်။

တခန်းနှင့် တခန်း ဆက်သွယ်ရာတွင် နံရံကိုထု၍ အင်္ဂလိပ်ကြေးနန်း ရိုက်နည်းဖြင့် အချက်ပေးကြ၏။ A ဆိုလျင်တချက်၊ B ဆိုလျင် ၂ ချက်ထုရသည်။ word တလုံးဆုံးလျှင် (၄) ချက်ခေါက်ပြရပြီး တဖက်မှနားလည်ပါက တချက်၊ နားမလည်ပါက (၂)ချက် ပြန်ခေါက်ရသည်။ Sentence တကျောင်းဆုံးပါက (၁၀)ချက်ခန့် ရှည်လျားစွာခေါက်ရသည်။ တဖက်က ပြန်၍ ရှည်ရှည်ခေါက်လျင် သူနားလည်ကြောင်း သိရသည်။ ဤနည်းမှာ အချိန်ကြာသော်လည်း သေချာသည်။ တဖက် နှင့် တဖက် အော်ပြော၍မရသော စကားများကို ဤနည်းဖြင့် တခန်း နှင့် တခန်း သတင်းပို့ကြရသည်။ တဖက်ခန်း၏ ညာဖက် ပြူတင်းပေါက်အနီးတွင် အခြားခန်း၏ သံတံခါးရှိသည်။ မိမိ၏ ညာဘက်အခန်းသို့ ပစ္စည်းပို့လိုလျင် နံရံကိုခေါက်၍ခေါ်ကာ ပြူတင်းပေါက် ဘောင်ပေါ်တက်ရသည်။

ဖျာစများကို ချိုးပြီး ဆက်၍သားရေပင်နှင့် ချည်ထားသည့် ၅' ခန့်ရှည်သော တုတ်ရှည်ကို မိုးထာသည့် သံဇကာပေါက်များကြားမှ ထိုးထည့်ရသည်။ ဖျာစများကို ဆက်ထားသဖြင့် တုတ်ရှည်မှာ ကိုင်းညွှတ်ပြီး နံရံကိုကျော်ကာတဖက်ခန်း သံဇကာအမိုးထဲသို့ ထိုးစိုက်ကျသွားသည်။ ထိုအခါတဖက် ခန်းမှ တုတ်ကို ဆွဲယူရသည်။ တုတ်တွင်ပစ္စည်းများ စာများကို သားရေပင်ဖြင့် ချည်ထားရသည်။ လူသစ်ဝင်၍ စားစရာပါလာလျင်၊ ပြင်ပသတင်းပါလာလျင် တခန်းစီအတွက် ထန်းလျက်ခဲ၊ ငပိကြော်၊ ပဲကြီးလျော် စသည်တို့ကို ပလပ်စတစ်ဖြင့် အထုပ်ကလေးများ ထုပ်ကာ ခွဲတမ်းဖြင့်ဝေပေးရသည်။ ဤတုတ်ကို ကျနော်တို့က "လိုတရ" တောင်ဝှေးဟုခေါ်သည်။

 ညာဘက်ခပ်ယွန်းယွန်း (၃)ခန်းကျော်တွင် ကယားပြည်နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ ဗိုလ်မှူး စပ်ငွေသောင်းရှိသည်။ သူသည် လူသေမှုဖြင့် အဖမ်းခံထားရခြင်းဖြစ်သည်။ ရုံးထွက်၍ အမှုရင်ဆိုင်နေရသည့် အချုပ်သားဖြစ်သည်။ သူ့ကို ထောင်အာဏာပိုင်များက သတင်းစာပေးသည်။ မနက်ပေး၍ ညနေတန်းပိတ်လျင် ပြန်သိမ်းသည်။ သူက သတင်းစာဖတ်ပြီး လိုတရ တောင်ဝှေးဖြင့် အခြားအခန်းများသို့ ပို့ပေးသည်။ ထိုနည်းဖြင့် လက်ဆင့်ကမ်းကာ သတင်းစာကို တခန်းပြီးတခန်း ဖတ်ရသည်။ ညနေတန်းမပိတ်မှီ သတင်းစာကို သူ့အခန်း ပြန်ပို့ရသည်။ သူ့ရုံးထွက်ပြန်လာလျင် စားစရာသောက်စရာများ ပါလာတတ်ပြီး၊ အခန်းတိုင်းကို ခွဲဝေပေးလေ့ရှိသဖြင့် သူ့ရုံးထွက်ကို မျှော်ကြရသည်။ နောက်ပိုင်းတွင် သူထောင် (၂) နှစ်ကျပြီး သစ်သားလုံးခြင်း အိမ်ကလေးများသို့ ပြောင်းသွားသဖြင့် အဆက်အသွယ် ဖြတ်သွားသည်။ ၁၉၉၂ ခု၊ မေလတွင် သူနှင့်ကျနော်သည် နိုင်ငံရေးအကျဉ်းသားများအဖြစ် မန္တလေးထောင်တွင် ပြန်လည် ဆုံစည်းခဲ့ကြပါသည်။ ကျနော်တို့မှာ အချူပ်ကာလတွင် ထောင်ဝင်စာတွေ့ခွင့် မရှိသဖြင့် အစားအသောက် ဒုက္ခရောက်ကြသည်။

မနက်ထမင်းမှာ .. မနက် (၈)နာရီခန့်ဆိုလျင်ရောက်ပြီ။ စပါးလုံးနိုင်းချင်းနှင့် နီရဲနေသော လုံးတီးထမင်း၊ ပဲဟင်းမှာ အဖတ်ကိုမမြင်ရ၊ ငပိမှာမူ အစိမ်းအတိုင်းဖြစ်သည်။ တပတ်ခန့် ကြာလာသောအခါ မနက်စာထမင်းကို တဖြည်းဖြည်း စားဝင်လာသော်လည်း ညနေစာကိုတော့ စားမရသေး။ နေ့လည် ၂ နာရီခွဲခန့်ဆိုလျင် ညနေစာ ထမင်းရောက်လာပြီ။ လုံးတီးဆန်ထမင်းမှာ အေးလျင် မာသွားသဖြင့် လာလာချင်းစားရသည်။ ဟင်းရည်မှာ မဲမှောင်နေပြီး အရသာမှာ အမျိုးအမည် ဖော်ပြ၍မရ။ စိမ်းရွှေရွှေ အနံ့လည်း ထွက်သည်။ ဥစားကန်စွန်းကြီးပင်၏ အရွက်များ၊ ဟင်းနုနွယ် အရိုးရင့်ကြီးများကို ရေလုံပြုတ်၍ ချက်ထားသည်။ တခါတရံမြက်များ၊ တီကောင်နှင့် ပိုးဟတ်များ ပါလာတတ်သည်။ ထမင်းပူပူကို လက်ဖြင့်ဆုပ်နယ်၍ အလုံးလုပ်ကာ ငပိဖြင့်တို့ပြီး မျိုချကာ ရေသောက်ရသည်။ တနလာင်္ညနေတွင် အသားကျွေးသည်။ ဝက်သားနှင့် ငါးတမျိုးရသည်။ ဝက်သားမှာ အသားမပါ အဆီနှင့်အခေါက်ကို ရေလုံပြုတ်ထားသော ပြုတ်မနူးသား တတုံးရပြီး ဝက်ရေရသည်။ ငါးမှာ ပင်လယ်ငါးများကို ကြော်ထားခြင်းဖြစ်၍ အတော်စားကောင်းသည်။ ထိုနေ့ညနေဆိုလျင်တော့ ထမင်းစားကောင်းကြပြီ။

အခန်းထဲတွင် လမ်းလျောက်၊ စကားပြော၊ သီချင်းဆို ဒါဘဲရှိသည်။ တယောက်အကြောင်း တယောက်ပြောပြကြသည်။ ညကျလျင်တော့ ဝတ္ထုတွေ ပြောကြသည်။ များသောအားဖြင့် ကျနော်က ပုံပြောသမား... ဆာရိုက်ဒါဟတ်ဂတ်၏ ဝတ္ထုမြန်မာပြန်များ၊ ပထမံဆရာသိန်း၊ သူငယ်ချင်းလိုဘဲ ဆက်၍ခေါ်မည်ခိုင် ... နောက် ကျနော်က သူတို့ကို တရုတ်ပြည်တော်လှန်ရေးနှင့် တရုတ်ကွန်မြူနစ်ပါတီအကြောင်း ပြောပြသည်။ ဟူနန်ပြည်နယ်မှ လယ်သမားတဦး၏သား မော်စီတုံး၊ ကမ္ဘာကြီး၏ ၁/၄ ခန့်ရှိသော ဆင်းရဲတွင်းနက်သည့် တရုတ်ပြည်သူများကို အောက်တန်းနောက်တန်းကျ ဘဝမှ လွတ်မြောက်စေခဲ့ပုံတို့ကို ပြောပြသည်။

နီယုသည် သူတို့ကျောင်းမှ မတ်ဝါဒလေ့လာရေး အစုဝင်တဦး ဖြစ်ကြောင်း သိလာရသဖြင့် မော်စီတုံး လက်ရွေးစင်ကျမ်းမှ လက်တွေ့၊ ပဋိပက္ခ၊ ရေရှည်စစ် စသည်တို့ "On Practice, On Contraction, On Protracted War" စသည်တို့ကို ကျနော်မှတ်မိသ၍ ပြောပြရသည်။ အထူးသဖြင့် ၁၅.၃.၁၉၇၅ တွင် B.C.P ဥက္ကဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့ ကျဆုံးပြီးနောက်။ ဥက္ကဌဖြစ်လာသူ သခင်ဗသိန်းတင်၏ မိန့်ခွန်းထဲမှ “ဖြုတ်၊ထုတ်၊သတ်” လမ်းစဉ်ကို ပြန်လည် စဉ်းစားသုံးသပ်ကြရန် တင်ပြထားကြောင်း ပြောပြရသည်။

ည ၉ နာရီအိပ်ချိန်ပေး၍ အိပ်ရာထဲ လှဲလိုက်ရသော်လည်း ကျနော် အိပ်မပျော်၏ ကျန်ရစ်ခဲ့ရှာသော သမီးငယ်လေးနှင့်ဇနီးသည်ကို လွမ်းဆွတ် သတိရနေမိသည်။ ခု.. သမီးငယ်လေး ငိုနေရှာင်္ပြီလား၊ "ဝိုင်း ဝိုင်း စက် စက်၊ ဝလုံးကိုရေး၊ သမီးလေးလဲဘဲ အိပ်တဲ့အချိန်" အင်းစိန်ဖော့ကန်ဘက်မှ အသံချဲ့စက်သံက နားထဲ တိုးဝင်လာသည်။

တခါတရံ မနက်လင်းသည်အထိ တရေးမှအိပ်မပျော်။ R.I.T ကျောင်းသား ကျနော့်ရဲဘော်များ ဖြစ်ကြသော ငြိမ်းဝင်း၊ ဇော်သန်းစိန်တို့ကော ဘယ်မှာလဲ။ တခါတရံ လပြည့်ညများဆိုလျင် အပြင်ဘက် ကွက်လပ်တွင် သံပန်းကန်ထဲရေထည့် ၍ထားပြီး ပန်းကန်ပြားထဲ လမင်းပေါ်လာသည်ကို စောင့်ကြည့်ရသည်။ ကျနော်တို့၏ မိုးကောင်းကင်မှာ ၁၃'x၃' သံဇကာကြားမှာ ရှိသမို့၊ ညတိုင်းလမြင်ခွင့် မရှိ။ လမြင်ရလျင် ကဗျာတွေ တယောက်တလဲ ရွတ်ကြသည်။ တခါတရံ အားလုံး စိတ်ဓါတ်ကျနေကြလျင် ကျနော်က အားတင်းပြီး ဗမာပြည် ပြည့်သူ့အသံမှ လွှင့်ခဲ့သည့်  ကိုကိုးကျွန်းတိုက်ပွဲအကြောင်း ဆောင်းပါးရှည် "တော်လှန်တဲ့ သူရဲကောင်းဝါဒ အဓွန့်ရှည်ပါစေ" ကိုပြန်ပြောပြရသည်။ ဗားတော့ဗရက်၏ ကဗျာများအနက်မှ "စစ်သားမယားဘာရလဲ" နှင့် "ဆူပူလှုံ့ဆော်ရေးသမားရဲ့ ဈာပန" ကဗျာကို ရွတ်ပြရသည်။

ဇူလိုင်လ (၂) ရက်နေ့ မနက် (၇) နာရီခန့်တွင် မျက်နှာထား တင်းတင်းနှင့် လူနှစ်ယောက် ကျနော့်ကို လာခေါ်ထုတ်သည်။ ဝါဒါက သံတံခါးဖွင့်နေစဉ်တွင် သူတို့နှစ်ယောက်က ကျနော့်ကို စားမလို ဝါးမလို စိုက်ကြည့်နေကြသည်။ နီယုက ကျနော့်လက်ကို တင်းကြပ်စွာ ဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးသည်။ ကျနော့်ကို စောင်ဖြင့်အုပ်ကာ ခပ်ကြမ်းကြမ်း ဆွဲခေါ်သွားကြသည်။ စောင်ခွါလိုက်သည့်အခါ ကျနော် မရဏစံအိမ် အလယ်ခန်းထဲ ရောက်နေသည်။ အခန်းထဲတွင် စားပွဲတလုံးနှင့် ကုလားထိုင် နှစ်လုံးတော့ရသည်။ ကျနော်က ကုလားထိုင်တလုံးတွင် ဝင်ထိုင်နေစဉ် လူတယောက် ဝင်လာကာ ဘောလ်ပင်နှင့် စာရွက်လွတ်များပေးပြီး "ကဲ မင်း လမ်းစဉ်လူငယ်တွေနဲ့ လေ့လာရေး အစုဖွဲ့တဲ့အကြောင်း ရေးထားစမ်းကွာ။ ခဏနေရင် ငါပြန်လာခဲ့မယ်" ဟု ပြောကာ ပြန်လှည့်ထွက်သွားသည်။

ခဏအကြာတွင် စောင်ဖြင့်အုပ်ထားသော လူတယောက်ကို ကျနော့်အခန်းထဲ သွင်းပေးသည်။ စောင်ခွါလိုက်သည့်အခါ၊ မန္တလေး လမ်းစဉ်လူငယ်အုပ်စုမှ ကျနော့်လေ့လာရေး အစုဝင် ကိုဝင်းနိုင် ဖြစ်နေသည်။ ကျနော်အဖမ်းခံရစဉ်က သူ့ဇနီးမှာ ကိုယ်ဝန် အရင့်အမာနှင့်ဖြစ်သည်။ သူသည် ယခုအခါ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် ပြည်ထောင်မှာ ရောက်နေသည်။ ကျနော်တို့ နှစ်ယောက် တယောက်ကိုတယောက် ပြေးဖက်လိုက်ကြသည်။ "ခင်ဗျား မိန်းမ နှင့် သမီးလေး နေကောင်းတယ်" "ခင်ဗျား မိန်းမရော မွေးပြီလား" ထိုစဉ် လုံချည်ပြာဝတ် အကျဉ်းသားတဦးရောက်လာပြီး ကိုဝင်းနိုင်ကို ပြန်ခေါ်ထုတ်သွားသည်။

နောက်ထပ် ကျနော့်ထံ ဘယ်သူမှမလာကြ၊ မနက်စာထမင်းလည်း မကျွေးသဖြင့် ထမင်းတောင်းရန် အပေါက်ဝမှ ခေါင်းပြူကြည်လိုက်သည့်အခါ ထောက်လှမ်းရေး အကူတပ်ဖွဲ့ရုံးတွင် ကားအတော်များများ ထိုးဆိုက်ထားပြီး။ စစ်ယူနီဖောင်းဝတ်များ ပျားပန်းခတ် လှုပ်ရှားနေကြသည်။ ထိုစဉ် မရဏစံအိမ်ရှေ့မှ ဖြတ်၍ မီးရထားခေါင်းတွဲပမာ၊ စောင်အကောင်းစားများဖြင့် အုပ်ထားသော လူ (၂၀) ခန့် လူတန်းကြီးကို ဝါဒါတယောက်က လုံးခြင်းအိမ်များဘက်သို့ ဆွဲခေါ်သွားသည်ကို တွေ့ရ၏။ စောင်အောက်မှ ခြေသလုံး ဝဝ တုတ်တုတ်ကြီးများနှင့် အချို့မှာ တက်တရက် စစ်ဘောင်းဘီရှည်နှင့် ရှုးဘိနပ်ဝတ်ဆင်ထားသည်။ သိပ်မကြာလိုက် ၅ ယောက်တတွဲ၊ ၁၀ ယောက်တတွဲ စောင်အုပ်ထားသော လူတန်းကြီးများ ဝင်လာကြသည်။

ညနေစောင်းလာသဖြင့် အဆာလွန်ကာ နောက်တခေါက် အပြင်ထွက်ကြည့်သောအခါ၊ တပ်ကြပ်ကြီး မိုးသိန်းသည် စာရွက်များကို ပိုက်လျက် ရေးကြီးသုတ်ပြာဖြင့် အခန်းရှေ့မှ ဖြတ်လျှောက်သွားသည်ကို တွေ့ရသဖြင့် "အကို ကျနော် မနက်စာ မစားရသေးဘူး" ဟုလှမ်းအော်လိုက်၏။ သူက လှည့်ကြည့်ပြီး "ဟာ အရေးထဲ ဒီကောင့်ကို ဘယ်သူကထုတ်ထားတာလဲ၊ မြန်မြန် ပြန်ပို့လိုက်ကြ" ဟုလှမ်းပြောသဖြင့် ဝါဒါ နှစ်ယောက် ရောက်လာပြီး ကျနော့်ကို စောင်အုပ်ကာ တိုက်သစ် ပြန်ပို့လိုက်ကြသည်။

နောက်ပိုင်းဖတ်ရသည့် သတင်းစာများအရ ထိုနေ့မှာ ဦးနေဝင်းနှင့် ခေါင်းဆောင်များကို လုပ်ကြံရန် ကြံစည်သော ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် အပေါင်းအပါများကို ဖမ်းဆီးမိသောနေ့ ဖြစ်နေလေသည်။