Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

picture

သမိုင်းအဓိက နောက်ဆုံးနှစ်ကျောင်းသား "မိုးဝေစော" (တောင်ကြီး)က အဖွင့်မိန့်ခွန်းပြောသည်။ ကျောင်းသားများက တခဲနက်လက်ခုပ်သြဘာပေးကြသည်။ ထိုစဉ်ပါမောက္ခချုပ် ဦးကျော်မြင့်ရောက်လာသည်။ သူက ယောလုံချီ အနီကွက်တုံးပင်နီတိုက်ပုံဝတ်ထားပြီး လွယ်အိတ်လွယ်ထားသည်။ ဆရာက တင်းမာခက်ထန်စွာဖြင့်

"ဟေ့ . .  မင်းတို့ဘာလုပ်နေတာလဲ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး စာမေးပွဲနီးကျပြီ သွားစာပြန်ကျက်ကြ"  ဟု ဟိန်းဟောက်လိုက်ရာ ကျောင်းသားများ ငြိမ်ကျသွားသည်။ ကျနော်တို့အားလုံး ဘာလုပ်ရမှန်း မသိအောင်ဖြစ်နေစဉ်တွင် ကျောင်းသားတဦးက ရုတ်တရက်ထပြီး

" ဒါ ကျနော်တို့အလုပ် ကျနော်တို့လုပ်တာဘဲ။ ဆရာကြီးနဲ့မဆိုင်ပါဘူး" ဟု  တုံ့ပြန်လိုက်စဉ် အခြားကျောင်းသားတဦးက

"ဟေ့ ဒို့ညီအစ်ကို ညီအမ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ရွှေတိဂုံပေါ်မှာ စစ်တပ်ကဝိုင်းထားပြီ။ သွေးမြေကျတော့မယ်။ အဲဒါ သပိတ်မှောက်မလား။ စာပြန်ကျက်ကြမှာလား" ဟု အော်ဟစ်မေးလိုက်ရာ ကျောင်းသားထုကြီးက “သပိတ်မှောက်မယ်” ဟု တခဲနက်ပြန်ဖြေကြသည်။ ထိုစဉ်တွင်ပင် ကြိုတင်ရောက်ရှိနေသော ကျောင်းသား တစုထဲမှ တဦးက လှေကားထစ်တလျောက် အပြေးတက်လာပြီး ဆရာကြီးနံဘေးရပ်လျက် လက်သီးလက်မောင်းတန်းပြီး "သပိတ် . . သပိတ်" ဟု တိုင်ပေးလိုက်ရာ ကျောင်းသားထုကြီးက တခဲနက်ပင် "မှောက် မှောက်" ဟု သံပြိုင်အော်လိုက်ကြပါသည်။ ဆရာကြီးမှာ အခြေအနေ မလှကြောင်းသိသည်နှင့် ပင်မအဆောက်မဦးထဲသို့ ပြန်လှည့်ဝင်သွားသည်။

ထိုအချိန်မှာတော့ ပင်မဆောင်ရှေ့ မျက်နှာစာတွင် ထောင်နှင့်ချီင်္သော ကျောင်းသားများ ရောက်ရှိ စုရုံးနေကြပေပြီ။ ကြိုတင်စီစဉ်ထားသော လက်ကမ်းစာရွက်၊ ကြွေးကြော်သံများကို ကျောင်းသားအချို့က လိုက်၍ဝေနေသည်။ ကြွေးကြော်သံများမှာ .  . .

" ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး . . ဒို့အရေး

အဖမ်းခံကျောင်းသား သံဃာပြည်သူပြန်လွှတ်ရေး . . ဒို့အရေး

ကုန်ဈေးနှုံးကျဆင်းရေး . . ဒို့အရေး

အရေးတော်ပုံ . . အောင်ရမည်"  ဟူ၍ဖြစ်သည်။

ဤအချက်များမှာ ကျနော်တို့၏ ကြိုတင် ညှိနှိုင်းထားချက်များ ဖြစ်ပါသည်။ ကျောင်းသားများ ကြွေးကြော်သံတိုင်နေချိန်တွင် လှေကားတစ်များပေါ်၌ စုထားသည့် ကြိုတင်ညှိနှိုင်းထားသည့် ကျနော်တို့အုပ်စုချင်း ရှေ့အစီအစဉ် ဆွဲကြသည်။ ကျောင်းသားများ မြို့တွင်း ချီတက်ဆန္ဒပြမည့် အစီအစဉ်ကို တောင်ကြီးအုပ်စုမှ ကျောင်းသားကိုယ်စားလှယ် တဦးဖြစ်သည့် ကိုခင်မောင်စန်းက ကန့်ကွက်သည်။ သူသည် ကျောင်းသားဟုဆိုသော်လည်း အသက် (၃၈) နှစ်ခန့်ရှိပြီ။ အရပ် ထောင်ထောင်မောင်းမောင်း၊ ဗလတောင့်တောင့် နှုတ်ခမ်းမွေးကားကားကြီးနှင့် သမိုင်းနောက်ဆုံးနှစ် ကျောင်းသားဖြစ်သည်။ ကျနော်တို့အုပ်စုက သူ့ကို မယုံကြည်။ ဒေါက်တာမောင်တွင်၏ ရှင်းလင်းပွဲနေ့က အုံကြွဆူပူနေသော ကျောင်းသားများကို သူက စင်မြင့်ပေါ်တက် ထိမ်းသိမ်းကာ "ရဲဘော်တို့ ဘွဲ့ရပြီးမှ တော်လှန်ရေး ဆက်လုပ်ကြရအောင်" ဟုဆိုကာ လူစုခွဲခဲ့သည်။

သူ့အပြုအမူကို မသင်္ကာသဖြင့် သူ့ကို ခြေရာခံသည့်အခါ ပို၍ သံသယဖြစ်ဘွယ်များကို တွေ့ရသည်။ သူသည် တက္ကသိုလ် ကရဝုဏ်အတွင်းရှိ ရုံးတခုအတွင်း လျှို့ဝှက်ဖွင့်ထားသော နယ်မြေထောက်လှမ်းရေး ရုံးခန်းအတွင်းသို့ မကြာခဏသွားသည်။ မော်ကွန်းထိမ်းထံသို့လည်း အဝင်အထွက်များသည်။ သူ့ကိုကျနော်တို့ နောက်ယောင်ခံနေကြောင်း သူမသိ။ ယခုလည်း ဆန္ဒပြမည့် အစီအစဉ်ကို အန္တရာယ်များသည်ဟုဆိုကာ ကျောင်းဝင်းထဲတွင်သာ လှည့်လည်ရန် ကန့်ကွက်နေသည်။

သို့ဖြစ်၍ မတတ်သာတော့ဘဲ ကျနော်လည်း လှေကားထစ် အပေါ်ဆုံး စကားပြောစင်မြင့် လုပ်ထားရာ နေရာသို့တက်ကာ" ရဲဘော်တို့ ရွှေတိဂုံဘုရားပေါ်မှာ စစ်တပ်နဲ့ အဝိုင်းခံထားရတဲ့ ကျောင်းသားတွေနဲ့တကွ အဖမ်းခံထားရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးပြီး ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပါလို့ မဆလ စစ်အစိုးရကို ဒီနေရာကနေကျနော် တောင်းဆိုလိုက်ပါတယ်" ဟုပြောလိုက်ရာ လက်ခုတ်သြဘာသံများ တခဲနက်ထွက်ပေါ်လာသည်။

"ဒီတောင်းဆိုချက်ကို ပြည်သူတွေက ထောက်ခံပြီး ပူးပေါင်းပါဝင်လာဘို့လိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ တောင်းဆိုချက်ကို ပြည်သူတွေသိဘို့ ပြည်သူတွေ ရှိရာ မြို့ထဲကို ၅ ယောက်တတွဲစီ တန်းလှည့်လည်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတောင်းဆိုကြပါစို့" ဟု အဆုံးသတ်လိုက်စဉ်တွင်ပင် အသင့်ပြင်ထားသော လက်ကိုင်ပိုစတာများနှင့် မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (၁၉၆၂ - ၁၉၇၅) ဟူသည့် နဖူးစည်းစာတန်းကြီးကို  ကျန်ရဲဘော်မျာက ထောင်လိုက်ကြသည်။

ကျောင်းသားအုပ်စုကြီးကလည်း စည်းကမ်း သေဝပ်စွာပင် ၅ ယောက်တတွဲ တန်းစီနေကြသည်။ ပထမဆုံး ကျနော်တို့သည် တက္ကသိုလ် ပရဝုဏ်အတွင်း လှည့်လည်ကာ ကြွေးကြော်ဆန္ဒပြရင်း ကျန် အဆောင်ကျောင်းသူ ကျောင်းသားများကို လှည့်ခေါ်ကြသည်။

အောင်မင်္ဂလာ၊ ရွှေပြည်အေး စသော အမျိုးသားဆောင်များတွင် အဆောင်ရှိ လူကုန် ထွက်လိုက်လာကြ၏။ အမျိုးသမီးဆောင်များရှိရာသို့ ရောက်လာသောအခါ ခြံဝင်းအခိုင်အမာ မရှိသော မြတမာဆောင်မှ ကျောင်းသူများ အလွယ်တကူ ထွက်လိုက်လာနိုင်ကြသော်လည်း၊ အုတ်တံတိုင်း ဂိတ်တံခါးနှင့် စည်းရိုးအခိုင်အမာ ကာထားသော သစ္စာဆောင်နှင့် ရွှေမန်းဆောင်များတွင်မူ ကျောင်းသူများ ထွက်မလာနိုင်ကြ။ အဆောင်တွင်းမှ ထွက်ရန် ကြိုးစားသော ကျောင်းသူများကို ဆရာ၊ ဆရာမများက လက်ခြင်းတွဲချိတ်၍ တားဆီးထားသဖြင့် ကျောင်းသူများမှာ ရှေ့မတိုးနိုင် ဖြစ်နေကြသည်။ သူတို့နှင့် အဆောင်ပေါက်ဝမှာ မီတာ (၅၀) ခန့်ကွာဝေးသည်။ ထိုအချိန်တွင် အသက် (၃၀) ကျော်မျက်မှန်နှင့် ပိန်ပိန်ပါးပါး ကျောင်းသားကြီးတယောက်သည် ကျောင်းသားတချို့၏ အကူအညီဖြင့် အဆောင်တံခါးမကြီး အုတ်တံတိုင်းပေါ် ရောက်သွားသည်။

"သစ္စာဆောင်နဲ့ ရွှေမန်းက ညီမတွေရေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ၊ ရွှေတိဂုံဘုရားပေါ်မှာ စစ်တပ်နဲ့ ဝိုင်းခံထားရပြီး မကြာခင် သွေးမြေကျတော့မယ် အကိုဟာ ၁၉၆၂ ကျောင်းသားဟောင်း တယောက်ပါ။ အဲဒီတုံးက ဇူလိုင် (၇) ရက် အရေးတော်ပုံမှာ၊ ကျောင်းသားတွေကို ရိုက်နှက်ဖမ်းဆီးနေတဲ့ စစ်သားတွေကို သစ္စာနဲ့ရွှေမန်း ညီအမတွေက၊ သနပ်ခါးတုံးနဲ့အတူ ဆန္ဒပြခဲ့ကြတယ်။ ခုလဲ ညီမတို့က မောင်နှမစိတ်ဓါတ် ပြဖို့၊ အဆောင်ထဲကထွက်ပြီး အကိုတော် ကျောင်းသားတွေဆီ လာပေါင်းလှည့်ကြပါ" ဟူ တရားဟောသည်။ သစ္စာဆောင်ဂိတ်ဝတွင် စုရုံးနေသော ကျောင်းသားများက ကြွေးကြော်သံများ တခဲနက်တိုင်နေသည်။

ထိုအချိန်တွင် အဆောင်ပေါက်ဝတွင် တားဆီးခံထားရသော ကျောင်းသူများအနက်မှ ၃ ယောက်က ဆရာ ဆရာမများကို ထိုင်ကန်တော့သည်။ နောက် ရုတ်တရက်ပြန်ထပြီး ဆရာများကို အတင်းတွန်းဖယ်ကာ ရုန်းထွက်လာကြသည်။ ဆရာများမှာ အငိုက်မိပြီး အလန့်တကြား ရှောင်လိုက်ကြသဖြင့် လက်တွဲပြုတ်ကာ၊ လူကာတန်း ပြိုသွားသည်။ ထိုနေရာမှ ကျောင်းသူများက အလုံးအရင်းဖြင့် အတင်းတိုးထွက်လာကြရာ ဆရာများမှာ ဘာမှမတတ်နိုင်တော့။ ကျောင်းသူများက ဂိတ်တံခါးမကြီး ပိတ်ထားသဖြင့် ဘေးမလွယ်ပေါက်တံခါးကို ဆွဲဖွင့်ကာ ထွက်လာကြသည်။ ရှေ့ဆုံးမှ ဆရာများကို ထိုင်ကန်တော့ပြီး ဖေါက်ထွက်လာသည့် ကျောင်းသူ ၃ ဦးမှာ ယဉ်မမ၊ (တတိယနှစ် စိတ်ပညာ (မန္တလေး)၊ ရီရီမြ နောက်ဆုံးနှစ် ဓါတုဗေဒ-မိုးကုတ် နှင့် နန်းတင်တင်မြ တတိယနှစ် ရူပဗေဒ-တောင်ကြီး) တို့ဖြစ်ကြသည်။

သူတို့ ၃ ဦးသည် ဤသပိတ်ကြီး အပြီးတွင် အဖမ်းခံရကာ ထောင်ဒဏ် (၆)လစီ အပြစ်ပေးခံကြရသည်။ သူတို့ (၃) ဦးက ကျောင်းသူများကို ၅ ယောက်တတန်း စီတန်းစီစေသည်။ နဖူးစည်း စာတန်းကြီးနှင့် ကြယ် ၆ ပွင့် ပြည်ထောင်စုအလံကို လွှင့်ထူကာ ကျောင်းသူများကို ရှေ့ကထားလျက် ၇၀၀၀ ခန့်ရှိသော ကျောင်းသားထုကြီးသည်၊ မန္တလေးတက္ကသိုလ် ပရဝုဏ်အတွင်းမှ မြို့တွင်းသို့ စံနစ်တကျ ချီတက်လာသည်။ ကြိုတင်ညှိနှိုင်းထားသည့် အစုများမှ ကျောင်းသားများက လူတန်းကြီး၏ အပြင်ဘက်မှ လိုက်ပါကြီးကြပ်ကာ ကြွေးကြော်သံများ တိုင်ပေးသည်။ လမ်းတလျောက် ပြည်သူလူထုကြီးက သောင်းသောင်းဖြဖြ လက်ခုတ်သြဘာတီးကာ ကြိုဆိုကြသည်။

အလွန်ဇာတ်ကြီးသည်ဆိုသော ဗြဟ္မဏ ပုဏ္ဏားများသည်ပင် စင်္ကြာနွယ်စဉ်ရပ်သို့ ကျောင်းသားများ ရောက်ရှိလာသည့်အခါ သောက်ရေအိုးများ၊ ငှက်ပျောသီး နှင့် မုန့်များ ထွက်ဝေကြရှာသည်။ စံနစ်တကျ ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်လာသော ကျောင်းသားထုကြီးဘေးမှ ပြည်သူများက ဝန်းရံ လိုက်ပါလာကြသည်။ ဈေးချိုတော်ရှေ့ ရောက်သည့်အခါ ချီတက်မှုရပ်နားပြီး တရားဟောကြသည်။ ဈေးချိုသူ ဈေးချိုသားများက မုန့်အမျိုးမျိုး၊ ငှက်ပျောသီး၊ သစ်သီးသစ်နှံ၊ ချိုချဉ် သောက်ရေတို့ကို လိုက်လံဝေငှသည်။

ခေါင်းတုံလည်တုံနှင့် အသက်ကြီးကြီး အဘွားတယောက်က သူ့အနားမှ ကျောင်းသားတယောက် လက်ကို ဆွဲပြီး "င့ါသားတို့ရယ် မြန်မြန်ပြန်ကြပါ၊ တော်ကြာ ဟို လူယုတ်မာတွေက သားတို့ကို သေနတ်နဲ့ပစ်လိမ့်မယ်" ဟု မျက်ရည်လည်ရွှဲ တောင်းပန်နေရှာသည့် မြင်ကွင်းကို ဘေးမှမြင်ရသည့် ပရိသတ် ရင်နင့်ကြေကွဲစဖွယ်ပင်။

ဈေးချိုတော်မှ တက္ကသိုလ်သို့ ပြန်လည် ချီတက်လာစဉ်နေ့ (၁) နာရီတွင် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်များ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ကြေငြာချက် ထွက်လာသည်။

ကျောင်းသားများသည် မန္တလေးတက္ကသိုလ် အားကစားရုံကြီးတွင် ပြန်လည်စုဝေးပြီး အစီအစဉ် ဆွဲကြသည်။ အားကစားရုံ အခန်းငယ်ထဲတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းကြသည်။ ထိုအချိန်တွင် တင်မောင်သန်း နှင့် ဆေးတက္ကသိုလ်မှ သူငယ်ချင်းများ ရောက်လာသဖြင့် ဆေးတက္ကသိုလ်မှ ကိုယ်စားလှယ်များ ရောက်လာကြောင်း ကြေငြာသည့်အခါ ကျောင်းသားများက လက်ခုတ်တီး ကြိုဆိုကြသည်။ ဂျီတီအိုင်မှ ရဲဘော်များ ရောက်မလာသေးပေ။

သမဂ္ဂဖွဲ့သည့်အခါ ထောက်လှမ်းရေးသတင်းပေးဟု ကျနော်တို့ မသင်္ကာဖြစ်နေသည့် ခင်မောင်စန်းအား တောင်ကြီး ကျောင်းသားများက အတင်း ဥက္ကဌတင်ကြသည်။ ကျနော်နှင့် တင်မောင်သန်းက ပြန်ကြားရေးတွင် တာဝန်ယူကြသည်။ တင်မောင်သန်း နှင့် ကျနော်တို့ သူငယ်ချင်းတသိုက် ပြန်ကြားရေးရုံးခန်းအဖြစ် စားကူးစက်များ ထားရာအခန်းကို ယူကာ ကြေငြာချက်များ ရေးသားရိုက်နှိပ်ကြသည်။ သစ္စာ နှင့် ရွှေမန်း ဆောင်များမှ ကျနော်တို့အတွက် ညနေစာ ထမင်းများပို့ပေးသည်။ ကျနော်တို့က သပိတ်စခန်းအဖြစ် ပင်မအဆောင် အဆောက်အဦးကြီးကို သိမ်းပိုက်ထားပြီး၊ သမဂ္ဂမှုဆောင်များနှင့် လုံခြုံရေးများ အပါအဝင်လူ (၅၀) ကျော်ခန့်သည် အဆောက်အဦးကြီးကို သံတံခါးများ ပိတ်ထားပြီး အခိုင်အမာ တပ်စွဲထားသည်။ ခင်မောင်စန်းက မော်ကွန်းထိန်း ရုံးခန်းကို ယူပြီး။ ကျနော်တို့ကိုလည်း အခန်းအသီးသီးသော့လိုက်ဖွင့်ပေးသည်။ ဤအခန်းသော့များ သူဘယ်ကရသနည်း ။ ဤအချက်က သူ့အပေါ် ကျနော်တို့၏ သံသယကို ပိုမိုခိုင်မာစေသည်။

အဆောင်ကျောင်းသူ ကျောင်းသားများ ညနေ (၆) နာရီ နောက်ဆုံးထား၍ အဆောင်မှ ဖယ်ရှားပေးရန် ကြေငြာချက်ထွက်သည့် သတင်းရောက်လာသည်။ ပင်မဆောင် သံတံခါးမကြီးတွင် မိဘများရောက်လာပြီး သပိတ်စခန်းအတွင်းမှ သားသမီးများကို ပြန်လာခဲ့ရန် ငိုယိုခေါ်ယူကြသည်။ ဘယ်သူမှ ပြန်မလိုက်ကြ။ ကျနော်က ပြင်ပသတင်းများ စုံစမ်းပြီး ဂျီတီအိုင်မှ ချိန်းဆိုထားသည့် ကျောင်းသားရဲဘော်များကို စောင့်နေစဉ် ကျနော့် နံဘေးမှ မိန်းကလေး တဦးလာရပ်ပြီး "မေမေ၊ သမီး ပြန်မလိုက်နိုင်ဘူး။ ဒီ လက်ဝတ်လက်စားတွေဘဲ ပြန်ယူသွားပါ" ဟုပြောသံနှင့် အတူ အပြင်မှ ငိုသံကြားသဖြင့် လှည့်ကြည့်လိုက်မိ၏။ သစ္စာဆောင်ရှေ့တွင် ဆရာများကို ဖေါက်ထွက်ခဲ့သူ ကျောင်းသူ (၃) ဦးအနက်မှ တဦးဖြစ်သော စိတ်ပညာ တတိယနှစ်ကျောင်းသူ ယဉ်မမ ကိုတွေ့ရ၏။ သူမသည် ပိန်ပိန်ပါးပါး အသားဖြူဖြူဖြစ်ပြီး မန္တလေး တက္ကသိုလ်တခုလုံးတွင် scooter ဆိုင်ကယ်ဖြင့် ကျောင်းတက်သော တဦးတည်းသော ကျောင်းသူအဖြစ် ကျနော်မှတ်မိနေ၏။ သူမက လက်ဝတ်လက်စားများ အတင်းချွတ်ကာ သံတံခါးအပြင်ဘက်မှ သူ့မိခင်နှင့် အမ ဖြစ်ဟန်တူသော အမျိုးသမီးနှစ်ဦးသို့ ထိုးပေးနေသည်။

"ဒီက ကျောင်းသားတွေ သောက်ရအောင် လ္ဘက်ရည်ဖျော်ပြီး လာပို့ပေးဦးနော်"

"အေးပါ၊ သမီးရယ်။ သမီးကို အမေစိတ်မချဘူး" ဟု

ရှိုက်သံနှင့် မိခင်ဖြစ်သူက မှာနေသဖြင့် ကျနော်က ဝင်၍ ဖျောင်းဖျပေးရသည်။ ညနေ (၆) နာရီခန့်တွင် ဂျီတီအိုင်မှ ရဲဘော်များ ရောက်လာပြီး ၁၀.၆.၇၅ နေ့တွင် ၎င်းတို့ သပိတ်မှောက်မည်ဖြစ်ကြောင်းနှင့် ယခုည (၉) နာရီကျော်လျင် မီးများဖြတ်ကာ သပိတ်စခန်းကို ဝင်စီးလိမ့်မည်ဖြစ်ကြောင်း မန္တလေးတမြို့လုံးမှ ရပ်ကွက်ကောင်စီများကို ဗေါဓိကုန်းဘုရားတွင် စုရုံးထားကြောင်းတို့ကို သိရှိလာရပါသည်။

ဤသတင်းနှင့်ပတ်သက်၍ သမဂ္ဂအစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ အကြိတ်အနယ် ငြင်းခုန်ဆွေးနွေးနေစဉ် . . ည (၈) နာရီခွဲခန့်တွင် မီးများအားလုံး ငြိမ်းသွားသည်။ မှောင်ထဲမှ နေ၍

"သူငယ်ချင်းတို့ရေ . . မင်းတို့ကို ဖမ်းဘို့ စစ်ကားတွေ ရောက်လာနေပြီ ပြေးကြပါတော့" ဟု

ငိုသံပါကြီးနှင့် ကျောင်းသားတဦး ကလာအော်သည်။ ကျနော်တို့တသိုက်လည်း စက်ခန်းထဲမှ စာရွက်စာတမ်း လက်စလက်နများကို သိမ်းပြီး မြေညီထပ်သို့ လှေကားအတိုင်း ဆင်းလာကြစဉ် အောက်ထပ်တွင် အချီအချစကားများနေသည့် လူတစုကို တွေ့ကြရသည်။

တယောက်က ကျောက်ဖယောင်းတိုင်ကြီး ကိုင်မြှောက်ထားပြီး တယောက်က လက်ထဲတွင် သစ်သားတုတ်တချောင်း ကိုင်ထားသည်။ ထိုသူနှစ်ယောက်မှာ ဆံပင်ရှည်ကြီးများနှင့် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုယ်စားလှယ်များဖြစ်သည့် ကိုဝင်းမြင့်နှင့် ကိုမောင်မောင်တို့ ဖြစ်ကြသည်။ သူတို့သည် နောင်တွင် နိုင်ငံကျော် တေးရေးဆရာ ဝင်းမင်းထွေး နှင့် အဉ္ဖလီမောင်မောင်တို့ ဖြစ်လာကြသည်။

ကျနော်သည် ကိုမောင်မောင်နှင့် ဘဝတွင် နှစ်ကြိမ်ဆုံခဲ့ရာ ယခု တကြိမ်သည် ပထမဆုံးဖြစ်ပြီး နောင်ရှစ်လေးလုံး လူထုတိုက်ပွဲကြီး၏ ရန်ကုန်တက္ကသိုလ် (မန္တလေး) ကျောင်းသားများ သမဂ္ဂဖွဲ့စည်းရာတွင် တကြိမ် ပြန်ဆုံခဲ့ရပါသေးသည်။ [ယခုသူကွယ်လွန်သွားခဲ့ရှာပါပြီ] သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ခင်မောင်စန်းနှင့် ကျောင်းသူနှစ်ဦး ရပ်နေသည်။ ကျောင်းသူ နှစ်ဦးမှာ နန်းတင်တင်မြ နှင့် ရီရီမြ တို့ဖြစ်သည်။ ကိုဝင်းမြင့်နှင့် ကျနော်မှာ ကဗျာရေးသူများအဖြစ် မုန်းတိုင်းဂျာနယ် ထုတ်ဝေရာတွင် သိကျွမ်းခဲ့ပြီးဖြစ်ရာ "ဟေ့လူ ဘာဖြစ်တာလဲဗျ" ဟုကျနော်က လှမ်းမေးလိုက်၏ "ဗျာ၊ ဒီလူက သမဂ္ဂ List တွေကူးထားတာ အခု ပြန်ပေးဘို့ တောင်းတော့ ဒါသမိုင်းဘဲဆိုပြီး ပြန်မပေးဘူးလုပ်နေတာ" အစည်းအဝေးထဲမှာလဲ ဘဏ်ဖေါက်ဖို့ဆိုပြီး ပေါက်ကရတွေ အဆိုတင်သေးတယ်။ "ဒီလူ့ကို ကျုပ်တို့ မင်္သကာဘူး" ဟု ခင်မောင်စန်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။

ကျနော်လည်း ဒေါသထွက်သွားပြီး "ဟေ့ကောင် ခင်မောင်စန်း မင်းဘာကောင် ဆိုတာ ငါတို့အားလုံး သိပြီးသား။ မင်း နယ်မြေရုံးကနေအပြင် ဖုန်းဆက်တာလဲ ငါတို့သိတယ်။ ဘယ်မလဲ စာရင်း ပေးမလား မပေးဘူးလား ...မအေ xx" ဟုပြောပြောဆိုဆို အုတ်နီခဲတလုံး ပြေးကောက်ကာ သူ့ကိုဝိုင်းလိုက်ကြသည်။ ခင်မောင်စန်းမှာ ခါးကြားတွင် ဓါးမြှောင်တလက် ထိုးထားသည်။ ကျနော်တို့က တုတ်များ ခဲများ ကိုင်ဆောင်ထားပြီး လူရှစ်ယောက်ခန့်ရှိသည့်အတွက် သူတိုက်ပုံအင်္ကျီကြားမှ King Note စာအုပ်အပြာကို မပေးချင်ပေးချင် ထုတ်ပေးသည်။ ကိုဝင်းမြင့်က လှန်ဖတ်ကြည့်ကာ "ဟုတ်တယ်ဗျို့ ဒါဘဲ ကျနော် ဖျက်ဆီးလိုက်တော့မယ် အချိန်မရှိတော့ဘူး လစ်ကြစို့်"  ဟု ပြောပြောဆိုဆိုနှင့်ပင် လူစုခွဲလိုက်ကြသည်။

ကျနော်တို့ တသိုက် ပင်မဆောင်လှေကား မျက်နှာစာရောက်စဉ်ပင် ကျောင်းပရဝုဏ် ပြင်ပမှ ကားမီးရောင်များကို တွေ့ရပြီး  ပိတ်ဆို့ထားသော ဂိတ်တံခါး အနီးတွင် ရပ်သွား၏။

(ကျောင်းသားရဲဘော်များ ခင်ဗျား။ အေးအေးဆေးဆေး ဖမ်းခံပြီး ဥပဒေအရဖြေရှင်းကြပါ။)

တဗုန်းဗုန်း အပြေး ချီတက်လာသံများကို ကြားရသည်။ နောက်မှ ကားမီးရောင်တန်းများ တရွေ့ရွေ့ လိုက်ပါလာသည်။ ကျနော်တို့ တသိုက်လည်း ကမန်းကတမ်း နောက်ကြောင်းပြန်လှည့်ကာ တောင်ဘက် လှေကားမှ အပြေးဆင်းကြသည်။ ထိုအချိန်တွင် ဂျိုင်းထောက်သံ တဒေါက်ဒေါက်ဖြင့် ကျောင်းသားတယောက် လှေကားပေါ်တက်လာသည့် ခြေတဖက်သာရှိသည့် ပထဝီ အဓိက ကျောင်းသား ပျဉ်းမနား မှ ကိုမြင့်ဆွေသက် ဖြစ်သည်။

"အော် ခုတော့ ခင်ဗျားတို့ ပြေးကြမလို့ပေါ့လေ" သူကလှမ်းပြောသည်။

"ဟေ့လူ စစ်ကားတွေလာနေပြီ လယ်ကွင်းလက်ကို ဖြတ်ပြေးမှလွတ်မယ် လာကျုပ်တို့နဲ့လိုက်ခဲ့"

သို့ရာတွင် သူက ဘာမှပြန်မပြောဘဲ တည်ကြည်ငြိမ်သက်စွာပင် ပင်မဆောင် အဆောက်အဦးပေါ်သို့ တက်သွားသည်။ သိပ်မကြာမှီ သူ့ကို စစ်သားများက ဖမ်းသွားကြသည်ဟု သိရသည်။ သူနှင့် ကျနော် ၁၉၇၈ တွင် အင်းစိန်ထောင်ထဲ၌ ပြန်ဆုံကြသည်။ ထိုအချိန်တွင် ဗကပ ယူဂျီအဖြစ် သူ့ကို ပြန်တွေ့ရခြင်း ဖြစ်ပါသည်။

ကျနော်တို့သည် စပါးဝါနှင့် ရာကျော် အမျိုးသားဆောာင်များဘေးမှ ဖြတ်ကျော်ကာ လယ်ကွင်းများဘက်သို့ ဖြတ်ထွက်ကြသည်။ လယ်ကွင်းထဲတွင် သေတ္တာများ အိပ်ယာလိပ်များဖြင့် ကျောင်းသား အများအပြားကို တွေ့ရသည်။ သူတို့သည် ညနေ ၆ နာရီအဆောင်မှ ထွက်ပေးရပြီး နေစရာမရှိသဖြင့် လယ်ကွင်းထဲ အစုလိုက် ရောက်ရှိနေကြခြင်း ဖြစ်သည်။ ကျနော်တို့သည် ကျောင်းသား အုပ်စုထဲရောနှော ကိုယ်ရောင်ဖျောက်နေကြသည်။

တဖြေးဖြေးနှင့် အလင်းရောင်ပေါ်လာသည့်အခါ လေယာဉ်ကွင်းမှ ပတ်၍ မြို့ထဲသို့ ပြန်ကြသည်။ ယနေ့ ဇွန် (၁၀) ရက်နေ့တွင် G.T.I ကျောင်းသားများ သပိတ်မှောက်ကြမည်။ ကျောင်းသားများ လူစုခွဲကာ G.T.I ရောက်အောင် သွားကြသည်။ နံနက် (၁၀)နာရီခန့်တွင် ဂျီတီအိုင် မှ ခွပ်ဒေါင်းလံလွှင့်ကာ ကျောင်းသားများ ချီတက် ဆန္ဒပြကြသည်။ ဂျီတီအိုင် ကျောင်းအပြန်တွင် သပိတ်စခန်းမဖွင့်တော့ဘဲ လူစုခွဲကြသည်။ ညပိုင်းတွင် အဆောင်ရှိ ကျောင်းသားခေါင်းဆောင်များ အဖမ်းခံကြရသည်။

မန္တလေးတက္ကသိုလ် သပိတ်နှင့် ပါတ်သက်၍ ခင်မောင်စန်း မှတ်မိသမျှ ကျောင်းသားများ အဖမ်းခံကြရသည်။ ၁၉၇၅  သပိတ်ကြီးတွင် ပြောစမှတ် ဖြစ်ကျန်ရစ်ခဲ့သည့် ကိစ္စတစ်ခုရှိပါသည်။ လွတ်လပ်ရေး အကြိုကာလ နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုများတွင် အလွန်နာမည်ကြီးခဲ့သော ဗိုလ်အောင်ကျော် ဈာပနတွင် "ဟယ် .. ဘမော်အစိုးရ " ဟု စွဲချက်တင်ကာ ရဲရဲတောက်တောက် မိန့်ခွန်းပြောခဲ့သော ကျောင်းသားခေါင်းဆောင် "အာဏာရှင်ကိုလှရွှေ" ၏သား ဆေးတက္ကသိုလ် (၂) မှ ဆရာက စစ်အစိုးရဆန့်ကျင် ဆန္ဒပြသော ဆေး (၂) ကျောင်းသားများကို အစိုးရသက်သေအဖြစ် တရားခွင်တွင် လိုက်ပါ ထွက်ဆို ထောင်ချခြင်းပင်ဖြစ်ပါသည်။ ယခု သူသည် ဆေးတက္ကသိုလ် ပါ/ချုပ်ဖြစ်နေပါသည်။

စာမေးပွဲများကို သက်ဆိုင်ရာ မြို့နယ်များတွင် ဖြေရသည်။

ကျောင်းများ ပြန်ဖွင့်သည့်အခါ ၁၉၇၅ ကျောင်းသားသပိတ်၏ ကြွေးကြော်သံ "အောင်ပွဲဟာ တိုက်ရဲသူအတွက်ဖြစ်တယ်" ဆိုသည့် ဆောင်ပုဒ်မှာ ကျောင်းသားထု အတွင်းပျံ့နှံ့ ကျန်ရစ်သည်။ ဤဆောင်ပုဒ်မှာ ဗမာပြည်၊ ပြည်သူ့အသံ၏ ဆောင်ပုဒ်ဖြစ်သည်။ မဆလ အစိုးရက တက္ကသိုလ် စာပေးစာယူ သင်တန်း အစီအစဉ်ကို ထုတ်ပြန်ပြီး အဆောင်လခများကိုလည်း တို့မြှင့် သတ်မှတ်လိုက်သည်။ အဖမ်းခံ ကျောင်းသား လွှတ်ပေးရေးနှင့်အတူ အဆောင်လခ များလျော့ချပေးရန် တောင်းဆိုချက်တခု တိုးလာသည်။

ဒီတခါ တိုက်ပွဲရက်ကတော့ ၁၉၇၆ မတ်လ (၂၃) ရက်ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့်မွေးနေ့။

ကျောင်းများ ပြန်ဖွင့်သည့်အခါ အဓိကလှုပ်ရှားသူ ကျောင်းသား အုပ်စုများထဲမှ အနည်းငယ်သာ အဖမ်းခံရသည့်အတွက် ကျနော်တို့၏ တက္ကသိုလ်ပေါင်းစုံ ဆက်သွယ် လှုပ်ရှားမှုများမှာ အရှိန်လျော့မသွား။ မှိုင်းရာပြည့် အထိမ်းအမှတ် ဝါဒဖြန့်စာရွက် စာတမ်းများ ကြေငြာချက်များ ကဗျာစာအုပ်များ ပလူပျံအောင် ထွက်လာသည်။ ဆရာတင်မိုး၏ . . .

သမိုင်းမဟာ တကွေ့

မှိုင်းရာပြည့် ကိုလ

ကိုင်းလာဟေ့ သွားရအောင်

(၂၃.၃.၁၉၇၆)

ဟူသည့် ကဗျာတိုလေးပါ Post Card ကို အကြီးအကျယ်ဖြန့်ချီကြသည်။

၁၉၇၅ သပိတ်အတွေ့အကြုံအရ တက္ကသိုလ်ချင်း ဆက်သွယ်မှုမှာလည်း ပိုမိုလွယ်ကူ ချောမွေ့လာသည်။ မ.ဆ.လ က (၂၃) ရက်မတိုင်မှီ တက္ကသိုလ်ပေါင်းစုံ လူဖမ်းပွဲကြီး ကျင်းပသည်။ ရန်ကုန်တက္ကသိုလ် ကဗျာဆရာများ ကာတွန်းဆရာများ လက်ကမ်းစာစောင် ထုတ်ဝေသူများ ၇၄-၇၅ သပိတ်တွင် ပါဝင်ခဲ့သည်ဟု မသင်္ကာခံရသူများ ကြိုတင်အဖမ်းခံရသည်။

မတ် ၂၂ တွင် P.D.P သို့ တောခို ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုတင်မောင်ဦးနှင့် ရန်ကုန် စီးပွါးရေးတက္ကသိုလ်ကျောင်းသား ကိုမြင့်ဦး (ရေနံချောင်း) ခွပ်ဒေါင်းအလံများ လက်ကမ်းစာစောင်များ ပိုစတာများ နှင့် ဖမ်းမိကြောင်း သတင်းစာတွင် ဖော်ပြသည်။ မှိုင်းရာပြည့် ချီတက်ပွဲလမ်းကြောင်းနှင့် တိုက်ပွဲဝင်နှိးဆော်ချက် "ရင်ဖွင့်သံ နိဒါန်းစာစောင်ကိုလည်း" သတင်းစာတွင် ဖော်ပြသည်။

ကိုတင်မောင်ဦးမှာ  ၁၉၇၀ပြည့်နှစ်တွင် လက်ဝဲကျောင်းသား တဦးအဖြစ် ထိန်းသိမ်းခံခဲ့ရကာ ပြန်လည် လွတ်မြောက်လာသည့်အခါ ဝန်ကြီးချုပ် ဦးနု၏ ပြည်ချစ်ပါတီ P.D.P ရှိရာ ထိုင်းနိုင်ငံသို့ ထွက်ခွါသွားခဲ့သည်။ ၁၉၇၄ ဦးသန့်အရေးအခင်းနှင့် ၁၉၇၅ ဇွန် အလုပ်သမား ကျောင်းသားသပိတ်တွင် ပါဝင်ကာ ထိုင်းနိုင်ငံသို့ ပြန်၍ တိမ်းရှောင်သွားသူဖြစ်သည်။

 

ဆက်လက်ဖေါ်ပြပါမည်

တာကောဒီ