Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 

 

 picture

 

"နယ်ချဲ့ အင်္ဂလိပ် ဖိနှိပ်မှုကြောင့် . . လူမွေး လူတောင် မပြောင်တယ် x x ဆင်းရဲတွင်းသာနက်ခဲ့ပါလို့ x x သူပုန်မီးကိုမွှေးခဲ့ရတယ် . . တိုက်မယ်x ခိုက်မယ်x နယ်ချဲ့အစိုးရပြုတ်အောင် ဒို့တိုက်မယ်"

 

ဖက်ဆစ်ဂျပန်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသော ဖ.ဆ.ပ.လ လယ်သမားခေါင်းဆောင်များသည်၊ ဤသီချင်းလေးကို ဆိုရင် ဗြိတိသျှ ဧကရီ ဘုရင်မင်းကြီးကို ပုန်ကန်မှုဖြင့် ကြိုးစင် တက်ခဲ့ကြရသည်။ တိုင်းပြည်လွတ်လပ်ရေး ရလုဆဲဆဲ အခါတွင်လည်း ဆရာစံနှင့် လယ်သမားသူပုန်များကို ကြိုးပေးခဲ့သည့် ဧကရီဘုရင်မကြီး၏ ဆာဘွဲ့ရသူကောင်းပြု တရားသူကြီး တစ်ဦးက ပထမဆုံး သမ္မတဖြစ်လာပြန်ပါသည်။

 

"လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့လိုတယ်" ဟူသော လက်ဝဲညီညွတ်ရေး မိန့်ခွန်းပြောပြီး မကြာမှီတွင်ပင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်။ သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခေါင်းဆောင်ကြီးများ မရှိတော့သည်နောက်တွင်ကာ အကွဲ အပြဲမှာထိန်းမရတော့ လက်ဝဲညီညွတ်ရေးအတွက် ဦးနု၏ နုမူ (၁၄) ချက်ထွက်လာသည်။ ပြည့်သူရဲဘော်ကလည်း တင်ပြသည်။ ဦးနု၏ အဆိုပြုချက်တွင် မတ်ဝါဒ လေ့လာရေးအစုများ ဖွဲ့ရန်ပါသဖြင့် လန်ဒန်သတင်းစာများက ဖ.ဆ.ပ.လ အစိုးရ "နီ" သွားပြီဟု ရေးသားကြသည်။ ထိုအချက်ကို ပြန်ဖြုတ်လိုက်ရသည်။ ရဲဘော်မူနှင့် နုမူကွဲပြီး ပြည်သူရဲဘော်သည်လည်း ကွန်မြူနစ်ပါတီ တောခိုသွားပြီးနောက် ရဲဘော်ဖြူ၊ ရဲဘော်ဝါ ကွဲကြပြီး၊ ရဲဘော်ဖြူများက ကွန်မြူနစ်ပါတီနောက် လိုက်သွားကြသည်။ ပြည်တွင်းစစ်မီးကြီးက ထွန်းသစ်စနိုင်ငံငယ်ကို ဝါးမျိုလိုက်ပြီ။

 

ငိုချင်းရှည် အလွမ်းပြဇာတ်ကြီးနဲ့တူသော ဗမာပြည်သမိုင်းက ကျနော်တို့၏ အသွေးအသားထဲဝယ် ကိန်းအောင်းနေသော တရားမျှတမှုနှင့် နိုင်ငံချစ်စိတ်တို့ကို လှုပ်နိုးလိုက်သည်။ သို့နှင့်ပင် ကျနော်တို့သည် ဗမာပြည်သမိုင်းနှင့် ဆက်နွယ်နေသော ကမ္ဘာ့သမိုင်းကို လေ့လာကြပြန်သည်။ ၁၉၁၄ - ၁၇ ပထမကမ္ဘာစစ်ကြီး အောက်တိုဘာ တော်လှန်ရေးကြီးနှင့် ဆိုဗီယက်ပြည်ထောင်စု ပေါ်ထွန်းလာခြင်း၊ ၁၉၃၀ စီးပွားပျက်ကပ်ကြီး ဟစ်တလာနှင့် နာဇီပါတီ အာဏာရလာခြင်း၊ ဒုတိယကမ္ဘာစစ်ကြီး ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းနှင့် ဝင်ရိုးတန်း ၃ နိုင်ငံ၊ ယော်လ်တာကွန်ဖရင့် ဝင်စတန်ချာချီ၊ ရုစ်ဗဲလ်တ်၊ စတာလင်သွာချီ သံမဏိ ကန့်လန့်ကာမိန့်ခွန်း စစ်အေးအမြောက်သံ အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံများ ပေါ်ထွန်းလာခြင်း၊ ၁၉၄၉ တရုတ်ပြည်သစ် မော်စီတုံး၊ ချူအင်လိုင်း၊ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ၊ ၁၉၅၅ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး၊ စတော့ဟုမ်း ကွန်ကရက်၊ ဂျူးလီယော့ ကျူရီ၏ ငြိမ်းချမ်းရေးသဝဏ်လွှာ၊ ဆိုဗီယက်ကွန်မြုနစ်ပါတီ ၁၈-၂၀ ကြိမ်မြောက် ကွန်ကရက်များ စစ်နှင့်ငြိမ်းချမ်းရေးပြဿနာ၊ စတာလင်ပုဂ္ဂိုလ်ကိုးကွယ်မှု "Personality Cult" ပြဿနာ၊ "အနုမြူဗုံးဟာ စက္ကူကျားဖြစ်တယ်"၊ မော်စီတုံး၏ ၁၉၇၀  မေ (၂၀) ကြေငြာချက်။

 

ကျနော်တို့၏ သမိုင်းလေ့လာမှု ပြီးဆုံးသည့်အခါတွင်ကား မူလ လူ၂၀ မျှ ပျော်ပျော်ပါးပါး လေ့လာခဲ့ကြရာမှ ထက်ဝက်ခန့်သာ ကျန်ပါတော့သည်။ ကျနော်တို့၏ လေ့လာရေးကိုလည်း မတ် - လီနင်ဝါဒ လေ့လာအစုအဖြစ် မြှင့်တင်လိုက်ကြသည်။ V.Afamadeyev ၏  Marxist philosophy  နှင့် O.yakhot ၏ Dialectical and Historical Materialism  စာအုပ်နှစ်အုပ်ကို အဓိကထားလေ့လာသည်။ မော်စီတုံး၏လက်ရွေးစင် ကျမ်း ၄ တွဲမှ အရေးကြီးသော ဆောင်းပါးများကို ညက်ညက်ကြေအောင် လေ့လာကြသည်။

 

On Practice, on contradiction on New Democracy, Coalition government, Selected Military writings, Marx-angle selected work, Vol-I & II လီနင်လက်ရွေးစင်ကျမ်း မြန်မာပြန် ၄ တွဲနှင့် စတာလင်၏ အရေးကြီးသော Foundation of Leninism, The Problems of Leninism, Marxism and National Questions စသည်တို့ကို လေ့လာကြသည်။ သခင်လေးမောင်၊ အောင်လင်း၊ ဘဝင်း၊ ဆရာမြသန်းတင့်တို့၏ မတ်ဝါဒဆိုင်ရာ မြန်မာပြန်စာအုပ်များကိုလည်း လေ့လာကြပါသည်။ ကျနော်တို့သည် မတ်ဘောဂဗေဒ ဘာသာရပ်တွင်မူ အတော်အခက်အခဲ တွေ့ကြရသည်။

 

မောင်စူးစမ်း၏ မတ်ဘောဂဗေဒ ၂ တွဲကို အားထားကြရသည်။ ကျနော်တို့၏ လေ့လာရေး ပြီးဆုံးသည့်အခါ မတ်ဝါဒီများ အပြစ်ပြဿနာ အရပ်ရပ်ကို သုံးသပ်ရှုမြင်ရန်နှင့် နိုင်ငံရေး စီးပွား ယဉ်ကျေးမှု အသစ်တို့ဖြင့် ဒီမိုကရေစီသစ် ဗမာပြည်ကို ကျနော်တို့ တည်ဆောက်ကြရမည်ဟု သဘောတူ ကောက်ချက်စွဲနိုင်သည့် အခါတွင်ကား ကိုကျော်ဝင်း၊ ကျနော် ၊ ကျနော့်ညီ ဖိုးချို နှင့် တင်မောင်သန်းတို့ ၄ ဦးသာလက်တွဲမဖြုတ်တမ်းကျန်ရစ်ခဲ့ကြပါသည်။

 

ဤလေ့လာရေး အစုအဝေးသည် ကျောင်းကလပ်စည်း ဖြစ်လာပြီး နောင်တွင် ကျနော်တို့အားလုံးသည် ကျောင်းသားတိုက်ပွဲ၊ လူထုတိုက်ပွဲများကို ဖြတ်သန်းကာ ကွန်မြူနစ်များ ဖြစ်လာခဲ့ကြပါသည်။ ဖိုးချို နှင့် ကိုကျော်ဝင်းတို့က လက်နက်ကိုင် တော်လှန်ရေးဆီသို့ ရောက်ရှိသွားကာ တင်မောင်သန်းက ကျောင်းထုတ်ခံခဲ့ရပါသည်။ သူလည်း ဆရာဝန်တစ်ယောက် ဖြစ်လာပြီင်္း ထင်ရှားသည့် စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပါသည်။ သင့်ဘဝအောင်မြင်ရေး မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပြီး ယခုအခါ USA တွင် ရောက်ရှိနေပါသည်။ RFA တွင် သတင်းဆောင်းပါးများ ရေးသားလျက်ရှိပါသည်။ ကျနော်ကတော့ လေးဘက်အုတ်နံရံနှင့် နရသိမ် စံအိမ်၏ ဧည့်သည်တော်။

 

"တိမ်ပြာသောနေ့တွင် x အသည်းများ ဘ၀င် . .xx သာယာလန်းဆန်းကြည်လင်" ကျနော်က ပန်းနုအပြာ ဖျော့ရောယှက်ကာ လှပသော ညနေ ဆည်းဆာ တိမ်ပန်းချီကားချပ်ကို ကြည့်ကာ "တိမ်ပြာသောနေ့" သီချင်းကို ညည်းနေသည်။ "ဟား ဟား ဟား ဟား" ကောင်လေးတော့ ထမင်းဆာတာနဲ့ စိတ်ဖေါက်သွားပြီနဲ့တူတယ် ကျောက်ကားပေါ် အတူပါလာသည့် အလုပ်သမားကြီးက ကျနော်ကိုစသည်။ လေက ဟူး ဟူး ရား ရား တိုက်ခတ်နေသည်။ ကျနော့်တို့စီးလာသည့် ကျောက်တင်ကားက မန္တလေးတောင်ကို ပါတ်ကွေ့ကာ အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ ဆောင်းနှောင်း ညနေသည် နောက်တွင် ကျန်နေရစ်ခဲ့ပြီ။ ကျနော်၏ ကျောက်ကားတင် အလုပ်သမားဘ၀။

 

၁၉၇၃ နှစ်ဦးပိုင်းတွင် မန္တလေးဆေးတက္ကသိုလ် တတိယအကြိမ်နှစ်လည် မဂ္ဂဇင်းကော်မတီ အစည်းအဝေးတွင် မျက်နှာဖုံး ဓါတ်ပုံနှင့်ပါတ်သက်၍ ဆရာများနှင့် ကျနော်တို့ အပြင်းအထန် ငြင်းခုန်ကြရသည်။ ယခုအကြိမ်တွင် ကိုလေးထွန်းက အယ်ဒီတာချုပ်။ ကျနော်၊ ကိုကျော်ဝင်းနှင့် ကိုကျော်သောင်းတို့က အယ်ဒီတာများ။ ကျနော်တို့ ရွေးထားသော အဖုံးမှာ ချေဂွေဗါးရားပုံပါသဖြင့် ကျောင်းအာဏါပိုင်အဖွဲ့ထဲမှ မ.ဆ.လ အလိုတော်ရှိ ဆရာ၊ဆရာမများက ပယ်ချသည်။ ထိုဆရာများက ကျနော်တို့အုပ်စုကို ကြည့်မရ။ လမ်းစဉ်လူငယ်လှုပ်ရှားမှုကို ဦးဆောင်သော ဆရာအချို့ကလည်း ကျနော့်တို့ကို မလိုလားအပ်သော ကျောင်းသားများဟု ယူဆနေသည်။ အထူးသဖြင့် ခန္ဓာဗေဒ (Anatomy) ပါမောက္ခနှင့် ဆရာများက ကျနော်တို့နှင့် မတည့်။

 

ဤသို့ဖြင့် ဒုတိယ အမ်ဘီဘီအက်စ် (အကြီးတန်း) စာမေးပွဲတွင် ခန္ဓာဗေဒ ဘာသာရပ် ကျရှုံးထားသော ကျနော်သည် ၁၉၇၃ ဇူလိုင်တွင် ကျင်းပသော စားမေးပွဲကြီးတွင် ခန္ဓာဗေဒဘာသာရပ် ရေးဖြေ ဘာသာရပ်များ အောင်မြင်ပါလျက် ၂ခါကျစံနစ်ဖြင့် ကျောင်းမှ ထုတ်ပယ်ခံရသည်။ ကျနော် လုပ်ကြံေ ကျာင်းထုတ်ခံရသည်ကို မကျေနပ်သော ကိုကျော်ဝင်းနှင့် ကျောင်းသားများက စာသင်ခန်းမကြီးတခုကို ၀င်ရောက်စီးနင်းကာ ကျနော်၏ ခန္ဓာဗေဒ အဖြေလွှာများကို စစ်ဆေး ကြည့်ရှုလိုကြောင်း တောင်းဆိုကြသည်။ ၁၉၇၃ ဇူလိုင် (၅) ရက်နေ့တွင်ဖြစ်သည်။ ကျောင်းအာဏါပိုင်များက အဖြေလွှာများကို စစ်ဆေးစရာ မလိုကြောင်း၊ ကျနော်သည် ခန္ဓာဗေဒဘာသာရပ်၏ ရေးဖြေ စာမေးပွဲများနှင့် လက်တွေ့ စာမေးပွဲကို အောင်မြင်ကြောင်း သို့ရာတွင် နှုတ်ဖြေစာမေးပွဲကို မအောင်မြင်ကြောင်း၊ နောက်နောင်တွင် နှုတ်ဖြေမအောင်လျင် ကျောင်းထုတ်သည့် စံနစ်ကို ပယ်ဖျက်ပေးရန် တင်ပြပေးမည် ဖြစ်ကြောင်း၊ ချွေးသိပ် ဖြေရှင်းပေးလိုက်ကြသည်။ သို့ဖြင့် ဖော်မလင်နံ့ ထုံမွှန်းသည့် ခွဲစိတ်ခန်းထဲက လူသေကောင်များကြားမှာထက်၊ လရောင်အောက်တွင် စံပါယ်နံ့ သင်းသင်းကို ရှုရှိုက်ရင်း အိုမါခယာမ်၏ ကဗျာများကို ရွတ်ဆိုနေချင်ပါသည်ဆိုသော ကျနော်သည် ဆေးတက္ကသိုလ် ပရ၀ုဏ်ကို ကျောခိုင်းခဲ့ရပါသည်။

 

ကျောင်းထုတ်ခံပြီးနောက် မကြာမီ အိမ်ထောင်ကျခဲ့သော ကျနော်သည် ဘ၀ စာမျက်နှာများကို ဖြတ်သန်းရင်း၊ နာကျည်းကြေကွဲဘွယ် အောက်ခြေ ပြည်သူများ၏ဘ၀ကို လက်တွေ့ကျကျ သိရှိလာရပါသည်။ ဤနှစ်ကာလများက ကျနော်၏လောက အပြင်ကို အခိုင်အမာထုဆစ်ခဲ့ပြီး အတွေးအခေါ်အရသာမက လက်တွေ့ဘ၀ကိုပါ ပြောင်းလဲစေခဲ့ပါသည်။

 

ကျနော်သည် မြူနီစီပါယ်ရုံးမှ ကားပေါ်တွင် နေ့စား အလုပ်ကြမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ တနေ့ သုံးကျပ်ရှစ်ဆယ့်ငါးပြားရသည်။ တဖက်တွင် ကျူရှင်တခုခု၌ စာပြခွင့်ရရန် ကြိုးစားရင်း၊ မန္တလေးတက္ကသိုလ် ရူပဗေဒဘာသာရပ်တွင် ဒုတိယနှစ် External ကျောင်းသားအဖြစ် စာရင်း တင်သွင်းထားပါသည်။ ကျနော့်တာဝန်မှာ တာဝန်ကျသည့် ကားဖြင့် အလုပ်ခွဲပေးသည့် work-Ticket အတိုင်း ကျောက်သယ်ခြင်း၊ မြေသယ်ခြင်းများ လုပ်ရာတွင် ခေါက်ရေနှင့်ပြီးစီးမှုကို လက်မှတ်ထိုးကြီးကြပ်ရသည်။ ကုလားမတောင် ကျောက်မိုင်းမှ ကျောက်များကိုသယ်ပြီး လမ်းခင်းရာသို့ပို့ရသည်။ ကုလားမတောင် ကျောက်မိုင်းမှာ မန္တလေး မိုးကုတ်ကားလမ်း နံဘေးတွင် တည်ရှိပြီး၊ ရာဇ၀င်လာ ဖောင်သမါးလေး မောင်ရင်မောင်နှင့် ယက္ကန်းသမလေး မရွှေဥတို့၏ မေတ္တာဇါတ်လမ်း “စ” ရာ ဒေသဖြစ်သည်။

 

မနက်လင်းသည်နှင့် တရွာလုံးကျောက်မိုင်းမှာ ရောက်နေပြီ။ ကျောင်တောင်မှ ကျောက်စိုင်ခဲကြီးများကို ပေါက်ချွန်းဖြင့် ဖဲ့ချသည်။ ယင်းကျောက်တုံးကြီးများကို ခြောက်ပေါင်တူဖြင့် ထုခွဲပြီး အရွယ်ရွယ် အစားစားဖြစ်အောင် ထုနှက်ကြရသည်။ ကျောက်ကြီး၊ ကျောက်လတ် (၂" x ၁') နှင့် chipping ခေါ်ကျောက်သေးများ အဖြစ်ရောက်အောင် တူအရွယ် အစားစားဖြင့် စိတ်ရှည်လက်ရှည် ဂဲထုကြရသည်။ ကျောက်မိုင်းအတွင်း ၀င်လိုက်လာလျင် တူထုသံ တဒက်ဒက်ကို အဆက်မပြတ်ကြားရမည်။ ဤကျောက်များကို သယ်ယူပြီးလမ်းခင်းကာ ကတ္တရာစေး လောင်းကြရသည်။

 

သူတို့၏ လက်များမှ လမ်းခင်းကျောက်များ အဆက်မပြတ် ထုခွဲနေကြရသောလည်း သူတို့ရွာကလေးမှာ လမ်းကောင်းကောင်းမရှိ။ သူတို့မှာ ကျောက်ခေါင်းဟုခေါ်သော အလုပ်သမားခေါင်းရှိသည်။ ခွဲပြီးသော ကျောက်များကို ကျောက်ခေါင်းမှတဆင့် ကန်ထရိုက်သို့သွင်းကြရသည်။ ကျောက်ကန်ထရိုက်တွင် G.M.C ကျောက်ကားများ ရှိသည်။ ယင်းကားများဖြင့် ကျောက်များကို သယ်ပြီး ပုဂ္ဂလိကနှင့် အစိုးရ အလုပ်ဌါနများသို့ ရောင်းချသည်။ သူတို့သည် ကျောက်ကန်ထရိုက်ထံမှ ဆန်၊ ဆီ၊ ဆား အ၀တ်အထည် အသုံးအဆောင်များကို ကြိုသုံးအဖြစ် ယူပြီး ကျောက်သွင်းကာ ပြန်ရှင်းကြရသည်။ အဟောင်းပေး အသစ်ယူ ကြိုထုတ်စံနစ်ဖြင့် ကြွေးသံသရာ လည်နေကြသည်။ ခလေးများမှာကျောင်းမနေကြရ။ ခလေးထိမ်း၊ ထမင်းချက်၊ ရေနွေးတည်၊ တောလည်မှစ၍ အလုပ်သင်ကာ အရွယ်ရောက်သည်နှင့် ကျောက်ထုကြရသည်။ နွေ၊ မိုး၊ ဆောင်း ကျောက်ထုရသည်။ ပိတ်ရက်မရှိ၊ တူ နှင့် ကျောက်ခဲများသည်သာ သူတို့ဘ၀။ သူတို့ မိုးကောင်းကင်။

 

ကျောက်ကားပိုင်ရှင် ငွေရှင်တွေသာ ကားတွေတစင်းပြီး တစင်း ၀ယ်နိုင်လာသည်။ သူတို့ခမျာမတော့ ထမင်းကြမ်း၊ ထန်းလျက်ခဲနှင့် တူရိုးသာလဲခဲ့သည်  သူတို့ဘ၀ကား အပြောင်းအလဲမရှိ။ ထမင်းစားချိန်ဆိုလျင် နီးစပ်ရာဝိုင်းဖွဲ့ စားသောက်ကြသည်။ ကျနော်က အိမ်က ပါလာသော ထမင်းထုပ်ဖြင့် သူတို့နှင့်ဝင်းစားသည်။ ဆန်ကြမ်းထမင်း ငပိဖုတ်နှင့် ငရုပ်သီးထောင်းမှာ ပင်တိုင်ဟင်း။ ရာသီပေါ်သီးနှံတွေကို ချက်ကြသည်။ ခရမ်း ချဉ်သီးပေါ်ချိန်ဆိုလျင် အားလုံး ခရမ်းချဉ်သီးဟင်း။ ခရမ်းသီးပေါ်ချိန်လျင် ခရမ်းသီးဟင်း။ တိုင်ပင်၍ ချက်ထားသည့်နှယ် အားလုံးဟင်းခွက်များမှာ အတူတူ။

 

ဘ၀ကဆင်းရဲသော်လည်း သူတို့၏ စေတနာမေတ္တာမှာ ကြီးမားသည်။ တခါတရံ ကျနော်က ထမင်းထုပ် အချိန်မမှီ၍ မပါခဲ့သဖြင့် ထမင်းစားချိန် တချောင်ချောင် ကပ်နေလျင် အတင်းဆွဲခေါ်ကာကြွေးကြသည်။ ကျောက်ကားပေါ်သို့ ကျောက်အတင်အချ တခေါက် ငါးကျပ်ရသည်။ တကားလျင် နှစ်ယောက်တင်ရသည်။ တရက်လျင် အနည်းဆုံး ကျောက်ကား (၄) စင်းတော့ အတင်အချလုပ်ရသည်။ ကား (၄) စီး အတင်အချလုပ်လျင် တဦး (၁၀ိ/) ရသည်။ ကျနော်ရသည်ကမှ တနေ့ ၃ိ/ ထမင်းအ၀စား (၂ိ/) ခေတ်တွင် ငွေ (၁၀ိ/) က နည်းသည့် ငွေမဟုတ်။ သို့ရာတွင် ကျနော်နှင့် ကျောက်ကား အတူ တင်ချရသူက မသက်သာ။ ကျနော်က ဟုတ်ဟုတ်ငြားငြား တင်နိုင်သည် မဟုတ်။ ကားတစင်းလုံး၏ လေးပုံတပုံခန့်သာ တင်နိုင်သည်။ သို့ရာတွင် သူတို့သည် ကျနော့်ကို မတွက်ကပ်ကြ။ ကျနော်နှင့် အတူတွဲ၍ ကျောက်တင်ရန် အလုအယက်ပင် ဖြစ်နေသေးသည်။

 

တခါတရံ နေ့လည်ထမင်းစားပြီး၊ မလှမ်းမကမ်းရှိ စမ်းပေါက်တွင် ခြေလက်ဆေးကာ ဝါးရုံပင်ရိပ်တွင် ခဏမှေးရင်း အိပ်ပျော်သွားလျင် သူတို့သည် ကျနော့်ကို မနှိုးရက်ကြ။ ကျနော့်အစား ကျောက်အတင်အချ ဝင်လုပ်ပြီး ညနေအလုပ်သိမ်းလျင် ကျနော့်အတွက်ပါ ကျသင့်ငွေကို ခွဲပေးကြသည်။ တခါတရံ ကျောက်တောင်ဖြိုရင်း ကျောက်ကမ်းပါး ပြိုကျသွား၍ လူပါသွားသည့်အခါ သွေးသံတရဲရဲ ဒဏ်ရာရကြသည်။ လူနာကို စောင်ပုခက်ဖြင့်ထမ်းပြီး ကားလမ်းရောက်အောင်သွားကာ အနီးဆုံး မတ္တရာဆေးရုံသို့ ကားကြုံဖြင့် ပို့ကြရသည်။ ကံဆိုးသဖြင့် အချိန်မှီ ကားမရလျင် သွေးလွန်သေဆုံးကြရသည်။ သူတို့အတွက် ဂုံနီအိပ်မှာ ချုံစောင်၊ ဖျားနာလျင် လျက်ဆားနှင့် ငန်းနီကျော်ဆေး၊ လင်းရိပ်ကျနေသော သူတို့ဘဝ ဖြတ်ပိုင်းပုံရိပ်များက တရားမျှတကင်းမဲ့သည့် လူမှုစံနစ်ကြီးကို မီးမောင်းထိုးပြနေသည်။

 

သို့နှင်ပင် ၁၉၇၃ ဇန္နဝါရီ (၃) ရက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ရောက်လာသည်။ မဲရုံပေါက်ကို ဖေါက်ထွင်း မြင်ရသော ခန်းဆီးဖြင့် ကာထားသည်။ ထောက်ခံမဲ အဖြူပုံးကို အပေါက်ဝတွင်ထားပြီး၊ ကန့်ကွက်မဲ အမဲပုံးကို အဝေးဆုံးနေရာတွင် ထားသည်။ ကောလဟာလ တီးတိုး ဝါဒဖြန့်နည်းများဖြင့် ကန့်ကွက်လျှင် ဘာလုပ်မည် ညာလုပ်မည်။ ဘယ်သူ အမဲပေးသည်ကို ထောက်လှမ်းမည် စသဖြင့် အကြောက်တရားဖြင့် ခြောက်လှန့်ကာ မဲရအောင်ယူသည်။ အချို့မဲရုံများက ဗြောင်ကျကျပင် အမဲပုံးထဲမှ မဲများကို အဖြူပုံးထဲ ပြောင်းထဲ့သည်။ ကန့်ကွက်ရဲသူမရှိ။ ၉၉.၉၉% ဖြင့်အတည်ပြုကာ ၁၉၇၄ တွင် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြောက်ကာ နိုင်ငံတော်ကောင်စီ၊ ပြည်သူလူထုလွှတ်တော်၊ အစိုးရအဖွဲ့ စသည်တို့ ပေါ်ပေါက်လာသည်။ ထိုစဉ်က ပြည်သူလူထုက ၉၉.၉၉% မဲ ဖြင့် ရွေးချယ်ခံရပါသည်ဆိုသော ဗိုလ်မှူးကြီးများ၊ ဗိုလ်ချုပ်များသည် ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်မူ လဖက်ရည်ဖျော်သူ၊ ကွမ်းယာသည် စသူတို့ကို မဲအပြတ်အသတ်ဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့ကြပါသည်။

မကြာမီ ပင် ၁၉၇၄ဇွန်လ အလုပ်သမားသပိတ်ကြီး ပေါ်ပေါက်လာသည်။

 

တာကောဒီ