Star InactiveStar InactiveStar InactiveStar InactiveStar Inactive
 
Normal 0 false false false EN-GB X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:10.0pt; font-family:"Zawgyi-One","sans-serif"; mso-fareast-language:EN-US;}

email

 

ဗျို့ကိုထိန်

            ဒီတစ်ခေါက် အဆက်အသွယ် ပြတ်သွားတာ နည်းနည်း ကြာသွားတယ်နော်။ အဲဒါ တခြားမဟုတ်ဘူးဗျို့။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခေတ်မှီ ဆက်သွယ်ရေးစနစ်တွေကို သုံးလိုက်မိလို့ဗျ။ နားရှုပ်သွားလားဗျို့၊ ဘယ့်နှယ် ခေတ်မှီ ဆက်သွယ်ရေးစနစ် သုံးပါတယ်ဆိုမှ အဆက်အသွယ်က ဘာကြောင့် ပြတ်သွားရတုန်းလို့ မေးချင်မှာပဲ မဟုတ်လား။

ဒီလိုဗျ ……. ။

ကိုထိန်တို့နဲ့ အဆက်အသွယ် ပိုကောင်းအောင်၊ နောက် ကျန်တဲ့သူတွေနဲ့ ဆက်သွယ်ရတာ ပိုချောအောင်၊ ပြီးတော့ လိုချင်တဲ့ အချက်အလက်တွေ ရှာရ ဖွေရ ပိုလွယ်အောင်လို့ စိတ်ကူးရပြီး ကျွန်တော့် ဖုန်းကို အင်တာနက် သွားတပ်မိတယ်ဗျ။

ကိုယ်ကလည်း ခပ်ထုံထုံဆိုတော့ လည်လည်ပတ်ပတ်ရှိတဲ့ ကျွန်တော့်မိတ်ဆွေ ကဗျာဆရာနဲ့ ရန်ကုန်က နာမည်ကြီး ဖုန်းဆိုင်က တဆင့် ၀န်ဆောင်ခ တစ်သောင်း ပေးပြီး အင်တာနက် လျှောက်ဖြစ်သွားတာပေါ့။ လျှောက်တုန်းကတော့ စိတ်ထဲ ပီတီဖြစ်နေတာပေါ့။

အင်တာနက်ရလာရင် ဘယ်လိုသုံးလိုက်မယ်၊ ဘယ်သူ့ဆီ မေးလ်ပို့လိုက်မယ်။ ဘယ်ဆိုက်တွေ ကြည့်မယ်ပေါ့။ စိတ်ကူး ဖဲရိုက်နေတာပေါ့။ အဲဒီအခိုက်လေးကတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် နေရတာ အရသာအတော်ရှိသဗျ။

ပြီးတော့မှ စိတ်ညစ်ရတာဗျို့။ ဖုန်းကတ် ပြန်ရတော့ ဖုန်းဆိုင်က ကျွန်တော့်ဟန်းဆက်ကို အင်တာနက် အသင့် သုံးလို့ရအောင် သူတို့ လုပ်ပေးနေကျအတိုင်း လုပ်ပေး၊ပြီးတော့ နောက်တစ်နေ့ မနက်ကျရင် လိုင်းတွေ အကုန်ပွင့်မယ်လို့ ပြောပြီး ပြန်လွှတ်လိုက်တာပေါ့။ ကျွန်တော်နဲ့ မိတ်ဆွေ ကဗျာဆရာလည်း တပြုံးပြုံးနဲ့ ပြန်လာခဲ့တာပေါ့။ စောင့်ရင် ပိုကြာတယ်တယ်ဆိုတဲ့ စကားက သိပ်မှန်တယ်ဗျို့၊ နောက်နေ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပွင့်မယ့်အချိန်ကို စောင့်ရတာ တော်တော် စိတ်ပင်ပန်းလိုက်တာဗျာ။

ဒီလိုနဲ့ စောင့်တာပေါ့။ မနက် ဆယ်နာရီ။ နောက် ဆယ့်နှစ်နာရီ။ နောက် ညနေ သုံးနာရီ။ ဖုန်းက တုပ်တုပ်တောင် မလှုပ်ဘူးဗျ။ ဒါနဲ့ သြော် ဆက်သွယ်ရေးက ၀န်ထမ်းတွေ အလုပ်များလို့၊ ဒါမှမဟုတ် အင်တာနက် လျှောက်တာများလို့ ငါ့အလှည့် မရောက်သေးတာ နေမှာလို့ စဉ်းစားမိပြီး နောက်တစ်နေ့ ထပ်စောင့်။

 ဖုန်းကတုပ်တုပ်မျှ မလှုပ်။ ဒါနဲ့ ၀န်ဆောင်ပေးတဲ့ ဖုန်းဆိုင်ကို တစ်ခေါက်ပြန်သွားပြီး အကျိုးအကြောင်းပြော၊ သူတို့ကလည်း ဆက်သွယ်ရေးကို ဆက်သွယ်ပြီး အကျိုး အကြောင်းပြော၊ နောက်တစ်နေ့ထပ်စောင့်၊ ဖုန်းကမပွင့်သေး။ ဒီကြားထဲ ကျွန်တော့်ကို ဖုန်းဆက်ကြတဲ့ မိတ်ဆွေတွေက ကျွန်တော့်ဖုန်းက ဒီလောက်ကြာကြာ ပိတ်နေတော့ ဒါ ပုံမှန် မဟုတ်ဘူး။ ဒီလူ အဖမ်းတွေဘာတွေများ ခံရသလားပေါ့။ ရပ်နီးရပ်ဝေးက မိတ်ဆွေတွေက လိုက်လာကြ၊ တစ်ဆင့်စုံစမ်းကြနဲ့ တော်တော့်ကို ရှုပ်ထွေးသွားတာဗျ။

ဖုန်းက ဒါတွေကို သိပုံမရပါဘူး။ တုပ်တုပ်တောင် မလှုပ်၊ အရမ်း အိနြေ္ဒရနေတာဗျ။ ဒီလိုနဲ့ နှစ်ပတ် သာကြာသွားတယ်၊ အင်တာနက်မပြောနဲ့ ဖုန်းလိုင်းတောင် ပြန်မပွင့်တော့ ရန်ကုန်က နာမည်ကြီး ဖုန်းဆိုင်ကလည်း သူတို့နာမည်ကို နှစ်ပေါင်းများစွာ ထိန်းထားခဲ့တာအခု ကျွန်တော်နဲ့ ပတ်သက်မိတော့မှ နာမည်ပျက်တော့တာပဲ။  ဖုန်းဆိုင်ကလည်း ကျွန်တော့်ကိုအားနာ၊ ကျွန်တော်ကလည်း သူတို့ အားနာနေတာကိုကြည့်ပြီး ပြန်အားနာ၊ ဒီကြားထဲ ကိုရွှေဖုန်းကလည်း တုပ်တုပ်တောင် မလှုပ်ဆိုတော့ ကိုထိန်ရာ ကျွန်တော်လည်း စိတ်အတော် ညစ်လာရတာဗျ။

ဒီလိုမျိုးတွေ ရှိနေလို့ တော်လှန်ရေးတွေ ဘာတွေ ဖြစ်တာနေမှာလို့လည်း ဆိုင်လား မဆိုင်လားတော့ မသိဘူး လျှောက် စဉ်းစားမိသေးသဗျ။ ကျွန်တော့်အဖြစ်ကို ကြားတဲ့ မိတ်ဆွေ အယ်ဒီတာတွေကလည်း သူတို့ဂျာနယ်တွေထဲ ဒီသတင်း ထည့်မယ်တကဲကဲ ဖြစ်နေလို့ ခဏလေး စောင့်ပါဦးလို့ တောင်းပန်ရတာလည်း အလုပ်တစ်ခုဗျ။

နောက်မိတ်ဆွေ တစ်ယောက်ကတော့ အခုတလော သမ္မတထံ အိတ်ဖွင့်ပေးစာတွေ ခေတ်စားနေတော့ ခင်ဗျားလည်း အိတ်ဖွင့်ပေးစာ ရေးပါလားလို့ အတည်လား ဘာလားတော့ မသိဘူး အကြံ လာပေးတာလည်း ကြုံရသဗျ။ ဒီလိုနဲ့ သုံးပတ်နီးပါး ကြာတော့မှ ဖုန်းဆိုင်က ဘယ်လို ၀င်ထွက်လိုက်သလဲတော့ မသိဘူး၊ ဖုန်းက မပွင့်ချင် ပွင့်ချင်နဲ့ ပြန်ပွင့်သွားတယ်ပေါ့။

အဲ အင်တာနက်ကလည်း ရသွားတယ် ဆိုပါတော့။ အခုထိတော့ အင်တာနက်က ရတနာပုံတ ယ်လီပို့ကလွဲရင် ကျန်တာတွေက သိပ် ကြည့်လို့ မရသေးဘူးပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ရသလောက်ပဲလို့ ပဲယောနိသော လိုက်ရတာပေါ့ဗျာ။

အဲဒီလို ကိုထိန်ရေ၊ ဒီသုံးပတ်လောက် အားလုံးနဲ့ အဆက်သွယ်ပြတ်သွားရတဲ့ အကြောင်းက။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆက်သွယ်ရေးစနစ်က အဲဒီလို ၀န်ဆောင်မှုကောင်းတာ။ တစ်ခုခုဖြစ်ရင် ဘယ်ကို အကြောင်းကြားရမယ်မှန်း မသိ၊ ဘယ်သူ့မှာ တာဝန်ရှိမှန်းလဲ မသိ။

စကားစပ်မိလို့ အင်တာနက်နဲ့ ပတ်သက်လို့ နောက်ကြုံရတာလေးလဲ သတိရသွားပြန်ပြီဗျ။ လွန်ခဲ့တဲ့ လေးလလောက်ကပေါ့။ တစ်ရက်ပန်းဆိုးတန်းက လက်ဘက်ရည်ဆိုင်မှာ ကိုသာချို (ဆရာကြီးဂျက်) နဲ့ ထိုင်ဖြစ်တယ်ဗျ၊ သူနဲ့ စကားစမြီ ပြောရင်း ဆရာကြီးဂျက်က အင်တာနက် သုံးရတာ ဘယ်လိုလဲလို့ မေးပါတယ်။ ကျွန်တော်ကလည်း အဲဒီတုန်းက ပူပူနွေးနွေး ကြုံထားရလို့ ပြောချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့။

ဒီမှာက အင်တာနက်နဲ့ ပတ်သက်လို့ ကိုယ်စီ ပြောစရာတွေ ရှိကြတော့ စကားဝိုင်းမှာ ကိုယ်က ပြောချင်လို့ အင်တာနက်က ဗျာလို့ စကားစလိုက်ရင် ကျန်တဲ့သူတွေက ဟုတ်ပ၊ ငါ့တုန်းက ဘယ်လို၊ သူ့တုန်းက ဘယ်လိုဆိုပြီး ကိုယ့်အတွေ့အကြုံ ကိုယ် လုပြောကြနဲ့ ဆိုတော့ စကားဝိုင်းသာ သိမ်းသွားတယ်၊ ကိုယ့်အလှည့် ပြန်မရောက်တော့ဘူးဗျ။

ဒါကြောင့် ကိုသာချိုက ကြုံကြုံကြိုက်ကြိုက် မေးတော့ ၀မ်းသာသွားပြီး ပြောဖြစ်သွားတာပေါ့။ ပြောရင်း ဂျက်အနေနဲ့ ရေးဖို့တောင် တိုက်တွန်းလိုက်ပါသေးတယ်။

ဒီလိုဗျ ….. ။

ကိုထိန် သိတဲ့အတိုင်းပဲ ကျွန်တော်က ဘေးပန်း ၀င်ငွေလေး ရအောင် ဂျာနယ်တချို့မှာ ဆောင်းပါးလေး၊ သတင်းဘာသာပြန်လေး ရေးတယ်လေ။ ဂျာနယ်ဆိုတော့ အချိန်လုပြီး ဆင်ဆာရုံးတင် အမှီ ကတိုက်ကရိုက် လုပ်ကြရတာပေါ့။ တနင်္လာနေ့ ရုံးတင်မယ်ဆိုရင် တနင်္လာနေ့မနက် (၁၁) နာရီလောက် အမှီ နောက်ဆုံးစာမူကို အပ်ကြရတာပေါ့။ ကျွန်တော်လည်း ကျွန်တော်ရေးနေတဲ့ ဂျာနယ်မှာ ပုံမှန်စာမျက်နှာ သုံးမျက်နှာ အတွက် သတင်းတွေ ဘာသာပြန်ပေးရတာပေါ့။

အဲဒါတစ်ပတ်ကျတော့ ကျွန်တော် သတိမေ့ပြီး အင်တာနက် ကေဘယ်ကြိုးပြတ်မယ့် အချိန်နဲ့ သွားတိုက်သဗျ။ ဒီစကားကြားတော့ ကိုထိန်တို့ဆီက အံ့သြကြမယ် ထင်တယ်ဗျ။ ဒီကောင် ဘာတွေပြောနေ တာလဲပေါ့၊ သတိမေ့ပြီး အင်တာနက် ကေဘယ်ကြိုးပြတ်တာ ဘယ်လို သွားတိုက်ရတာလဲပေါ့။

ဒီလိုဗျ ……. ။

ကျွန်တော်တို့ဆီက အွန်လိုင်းသမားတွေက တခြား နည်းပညာတွေသာ ထဲထဲဝင်ဝင် သိပ်မသိရင်သာနေမယ်၊ ဘယ်အချိန် အင်တာနက် ကေဘယ်ကြိုးတွေ ပြတ်မယ်ဆိုတာကိုတော့ ကြိုသိကြသဗျ။ ဥပမာ ရှစ်လေးလုံးနေ့တို့၊ ဒီပဲရင်း နှစ်ပတ်လည်နေ့တို့၊ ရွှေဝါရောင် တော်လှန်ရေး နှစ်လည်နေ့တို့၊ အဲဒီလို အထိမ်းအမှတ် နေ့တွေနဲ့ကြုံရင် အင်တာနက် ကေဘယ်ကြိုးတွေ အချိန်ကိုက် ပြတ်တော့မယ်ဆိုတာ အနည်းနဲ့အများ ကြိုသိထားကြတယ်ဗျ။

ကမ္ဘာ့ အင်တာနက် ပညာရှင်တွေတောင် အဲဒီလို လုပ်နိုင်မယ် မထင်ဘူးနော်။ ကျွန်တော်လည်း အဲဒီလို နေ့တွေ မတိုင်ခင် အင်တာနက် မရတော့ရင် ဂျာနယ်ရုံးတင် အဆင်မပြေမှာ စိုးလို့ ကြိုတင် ပြင်ဆင်ထားရတာပေါ့။ အဲ အခုတော့ အင်တာနက်ပြတ်မှာကို သတိမေ့သွားပြီး မပြင်ဆင်ထားလိုက်မိဘူးဗျ။ဒုက္ခရောက်တော့တာပေါ့ဗျာ။ဒါနဲ့ အင်တာနက်ထဲက သတင်းတွေကို တစ်နေကုန် ညအထိ စိတ်ရှည်ရှည်နဲ့ထုတ်၊ ရသလောက်ကို ညဘက်ရေး၊ ကျန်တာကို မနက် အင်တာနက်ဆိုင်သွား၊ တစ်ခါထဲဖတ်ပြီး ဆိုင်မှာတင် ဘာသာပြန်ပေါ့။

အကုန် ကသီ သွားတာပေါ့ဗျာ။ အဲဒါ ဂျာနယ်ကို သုံးမျက်နှာ ပြည့်အောင် တော်တော်ကို စိတ်ပင်ပန်းခံ ရေးလိုက်ရသဗျ။ ဂျာနယ်ကလည်း ကျွန်တော့် သုံးမျက်နှာကို ချန်ပြီး ကျန်တဲ့ စာမျက်နှာတွေကို လုပ်ထားနှင့်တာပေါ့။ အားလုံးရေးပြီးတော့ ဆယ့်တစ်နာရီ ထိုးတော့မယ်။ ဂျာနယ်က လူတွေကလည်း စိတ်ပူပြီး ဖုန်းတဂွမ်ဂွမ် ဆက်နေကြပြီ။

ဒါနဲ့ ကျွန်တော်က စိတ်မပူနဲ့ပေါ့။ အခုပဲ အွန်လိုင်းကနေ ဂျာနယ်ရဲ့ မေးလ်ထဲ ပို့လိုက်မယ်လို့ ဖုန်းပြန်ဆက်ပြီး ကျွန်တော့် မေးလ်ထဲက နေဂျာနယ်မေးလ်ထဲကို ပို့ပေးလိုက်တာပေါ့။ အင်တာနက် အဌကထာ ဖွင့်ကြသူတွေ ပြောတဲ့ အချိန်နဲ့ တပြေးညီတို့၊ ထိုင်ရာမထ အလုပ်တွေ အကုန် ပြီးမြောက်စေတယ်တို့ ဆိုတာ ဒါမျိုးပြောတာ နေမှာလို့လည်း တွေးမိသေးသဗျ။ ကိုယ့်အလုပ် ပြီးသွားပြီဆိုတော့ စိတ်ထဲရွှင်ပြီး လျှောက်စဉ်းစားမိနေတာလေ။ အလုပ်ပြီးပြီဆိုတော့ အိမ်ပြန်၊ တရေးလောက် အိပ်၊ပြီးမှ အလုပ်လုပ်တဲ့ မဂ္ဂဇင်းတိုက်ကို သွားမယ်ပေါ့၊ ဒါနဲ့ အင်တာနက်ဆိုင်ကနေ အိမ်ဘက် ပြန်လျှောက်လာခဲ့တာပေါ့။

 အိမ်ရောက်စရှိသေး ဂျာနယ်တိုက်က ဖုန်းဆက်ပြန်တယ်ဗျ။ ကျွန်တော်ပို့လိုက်တာတွေ မရောက်သေးဘူးတဲ့၊ ပြန်ပို့ပေးပါတဲ့၊ နောက် မေးလ်လိပ်စာ တစ်ခုပါ ထပ်ပေးပြီး တစ်ခုမရရင် နောက်တစ်ခုကို ပို့ပေးပါတဲ့။ ဒါနဲ့ အင်တာနက်ဆိုင်ကို ပြန်ပြေး၊ မေးလ်ကို ပြန်ဖွင့်၊ စာဖိုင်တွေကို ပြန်ပို့ရတာပေါ့၊ဖြည်းဖြည်းချင်းမရွေ့ချင်ရွေ့ချင်ရွေ့နေတဲ့အစိမ်းရောင်တုံးလေးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ပို့ရတာပေါ့။ ကိုယ်ပို့တာ ကြာနေလို့ နောက်ဆိုင်က ကလေးတွေကို အကျိုးအကြောင်းပြောပြီး သူတို့ကိုလည်း ၀ိုင်းပို့ပေးဖို့ အကူအညီ တောင်းရတယ်။ အရပ်ကူပါ လူဝိုင်းပါပေါ့ဗျာ။ ဆိုင်ကရှိသမျှ ပညာရှင် အကြီးအငယ်တွေ သာကုန်သွားတယ် ၀ိုင်းပို့ ကြတဲ့ စာဖိုင်က ဂျာနယ်တိုက်ကို မရောက်သေးဘူးဗျ။

ဂျာနယ်ကလည်း စိတ်ပူတဲ့ အဆင့်ကနေ နောက်တစ်ဆင့်ကို တဖြည်းဖြည်းကျော်လာပြီ၊ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကိုယ့်ဆီက သုံးမျက်နှာရမှ ဂျာနယ်က ရုံးတင်နိုင်မှာလေ။ နောက်ဆုံးတော့ အင်တာနက်ဆိုင်က ကလေးတွေကို မင်းတို့လည်း ဒီစာဖိုင်တွေကို ဆက်ပို့ပေး၊ ငါလည်း ကားငှားပြီး ဂျာနယ်တိုက်ကို ပြေးတော့ မယ်လို့ စီစဉ်လိုက်ရတော့တယ်။

ဂျာနယ်ကိုလည်း အွန်လိုင်းကလည်း ပို့နေသလို၊ လူကိုယ်တိုင်လည်း ကားငှားလာပြီလို့ အကြောင်းကြားလိုက်ရတော့တယ်။ အဲဒီလိုနဲ့ မြို့ထဲက ဂျာနယ်တိုက်ကို လူကိုယ်တိုင် သွားပို့လိုက်ရတယ်။

ပုံပြင်ထဲက ယုန်နဲ့လိပ် အပြေးပြိုင်သလို အခု လူနဲ့ အွန်လိုင်း အပြေးပြိုင်တာပေါ့လေ။ အမယ် ကိုထိန်ရေ၊ သကောင့်သား မေးလ်က အတော် အကြောမာသဗျ။ ကျွန်တော် ဂျာနယ်တိုက်ကို ရောက်တဲ့အထိ ကိုယ်တော်ချောမေးလ်က ဘယ်သဝေထိုးနေသလဲ မသိဘူး ၊မရောက်သေးဘူး၊ အွန်လိုင်းပေါ်မှာ ဝေ့နေတုန်းပဲဗျ။ လူက ပန်းဝင်သွားပြီး အွန်လိုင်းက ကျန်ခဲ့တာပေါ့ဗျာ။

အဲသလို ကျွန်တော့်အဖြစ်ကို ကြားတော့ ဆရာကြီးဂျက်က လူက အွန်လိုင်းထက် မြန်သွားတာပေါ့ဆိုပြီး အူနာသွားသဗျ။ ရယ်လိုက်တာဗျာ။ သူများကို အူနာအောင် ဟားနေတဲ့ ဆရာကြီးဂျက်ကို အူနာအောင် ပြန်လုပ်ခွင့် ရသွားတာပေါ့ဗျာ။

ဒါပေမယ့် ကိုထိန်ရေ သိပ်တောင် မကြာလိုက်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဆက်သွယ်ရေး စနစ်နဲ့ ပတ်သက်ပြီး နောက်ထပ် အူနာအောင် ရယ်ရတာက ထပ်ကြုံရ ကြားရ ပြန်သေးသဗျ။

အဲဒါကတော့ အားလုံး သိပြီးတဲ့အတိုင်းပဲ ကချင်ဒေသမှာ စစ်ပြုနေတာတွေကို ရပ်ဖို့ သမ္မတက ညွှန်ကြားလိုက်သဗျ။ ဒါပေမယ့် စစ်က မရပ်ဘူးလေ။ ဒါနဲ့ စူးစမ်းကြတာပေါ့ဗျာ။ သမ္မတက ညွှန်ကြားတာကို တစ်နိုင်ငံလုံးကို ဖြန့်တဲ့သတင်း စာတွေ၊ ရုပ်သံတွေမှာလည်း အတိအလင်းပါရဲ့နဲ့ ဘာကြောင့် မရပ်တာလဲပေါ့ဗျာ။ ဒီလို အမေးအမြန်း အပြောအဆိုတွေ များလာတော့ အစိုးရ၀န်မင်းနှစ်ပါးက ထွက်ရှင်းပြပါတယ်။ ဆက်သွယ်ရေး ခက်ခဲလို့ သမ္မတအမိန့်က မြောက်ပိုင်း အစွန်အဖျားက ရဲဘော်လေးတွေဆီ မရောက်သေးတာပေါ့ဗျာ။

သူတို့ပြောတော့လည်း ဟုတ်သလိုလိုပဲဗျ။ ကျွန်တော်တို့ ကြုံရတဲ့ ကွန်နက်ရှင် မကောင်းတဲ့ဒဏ်ကို သမ္မတကြီးလဲ ခံနေရပါလားဆိုပြီး တွေးမိ စာနာမိသေးသဗျ။ တစ်ကမ္ဘာလုံးက သိနေတဲ့ ဒီညွန်ကြားချက်ကို မြောက်ပိုင်း စစ်မြေပြင်က ရဲဘော်လေးတွေက ကွန်နက်ရှင်မကောင်းလို့ မသိသေးဘဲ အသက်နဲ့ရင်း ဆက်တိုက်နေရရှာတယ် ဆိုတော့ ငါတို့အဖြစ်က တော်သေး တာပေါ့လို့လည်း ဖြေလို့ရသွားသဗျ။

အခုတော့ အင်တာနက် ဆက်သွယ်ရေး မြန်ဆန်ရေး ၀ပ်ရှော့တွေ ဘာတွေ အစိုးရက တခမ်းတနား လုပ်နေပြီဆိုတော့ ကွန်နက်ရှင်တွေ ကောင်းလာဖို့ နီးလာတာပေါ့လေ။ အဲဒီအခါကျရင် ကျွန်တော်တို့လည်း အလုပ်လုပ်ရတာ မြန်ဆန်သွားပြီ ဆိုပြီး ၀မ်းသာရသလို သမ္မတကြီးလည်း သူ့ညွှန်ကြားချက် ရှေ့တန်းက ရဲဘော်လေးတွေဆီ ရောက်တော့မယ်ဆိုပြီး ၀မ်းသာ၊ ရှေ့တန်းက ရဲဘော်တွေကော စစ်ဒဏ်ခံ ပြည်သူတွေပါမကျန် အားလုံး ၀မ်းသာရတော့မှာ ပေါ့နော်။

အဲဒီလို ကိုထိန်ရေ ကျွန်တော်တို့ ဖြတ်နေရတဲ့ ခေတ်ကြီးက ဘာကို ဘာကြောင့် ရယ်ရ ဟားရမလဲဆိုတာ မသိဘဲ ရယ်နေ ဟားနေရတဲ့ ခေတ်ဗျ။

 

ကိုဘုန်း